fbpx

ကိုဇော် (မလက်တို) ● ညို့မှိုင်းသော မိုးတိမ်နှင့် အနုပညာနှလုံးသား

December 4, 2018

● ညို့မှိုင်းသော မိုးတိမ်နှင့် အနုပညာနှလုံးသား
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၈  

အနောက်တောင်အရပ်ဆီမှ လေနုအေးတို့သည် လေပြေသွေး၍ အဖြူရောင် တိမ်စိုင်တိမ်ခဲတို့ကို သယ်ဆောင်ကာ မြောက် အရပ်ဆီသို့ ဦးတည်ရွေ့လျားနေသည်မှာ ရထားတစင်း ခုတ်မောင်းနေသည့်အလား ထင်မှတ်ရပေသည်။ မိုးဦးရာသီရောက်ပြီ ဆိုလျှင်ဖြင့် ထိုမြင်ကွင်းကို ကျွန်တော် မကြာခဏမြင်ဖူးခဲ့သည်။ အဘိုးအဘွားတွေကလည်း ကောင်းကင်ကို မော့ကြည့်ကာ  အထက်သို့ မိုးပို့သည်ဟု ဆိုကြပြန်၏။ ငှက်ခါးတောင်တမျှ ညို့မှိုင်းနေသည့် ရွာမယောင် ပြိုအံ့အံ့ မိုးလွတ်ရာ အိပ်တန်း ပြန်ငှက်တို့၏ လှုပ်ရှားမှုသဏ္ဌာန်က မြင်ရသူရင်ကို လွမ်းစိတ်တို့ပိုစေသည်။

သစ်ပင်တို့သည် ရွက်သစ်ရွက်နုတို့ဝေဆာလျှက် စိမ်းစိုအုံ့မှိုင်းပြီး လေပြေအသော့မှာ ယိမ်းနွဲ့လှုပ်ခတ်နေ၏။ စားကျက်တွင် လွတ်ကျောင်းထားသည့် နွားတို့သည်လည်း အသည်းမခိုင် ယိုင်နဲ့နဲ့မို့ မိုးလေးညိုလာလျှင် လွမ်းလွမ်းဆွေးဆွေး တွန်ကျူး ကြ၊ မြေနုနုမှာ ချိုသွေးကြနှင့် လယ်ကွင်းပြင်မှာ ကဆုန်ပေါက်၍ ပြေးလွှားကြပြီ။ တချို့နွားတွေဆို မွေးရပ်ခြေတိုင်ကို သုံး နှစ် သုံးမိုး မမေ့ ပြန်ပြေးတတ်သေး၏။ သည်ချိန် သည်ရာသီတွင် လယ်ကွင်းထဲမှ ရိတ်သိမ်းပြီးစ ရိုးပြတ်တောများ၊ တလင်း ပြင်ဘေး စုပုံထားသည့် ကောက်ရိုးပုံကြီးများက ကျေးလက်လယ်တော၏ မိုးကာလအမှတ်သားတခုဖြစ်သည်ဟု ကျွန် တော်ဆိုချင်ပါသည်။

အောက်ပြည်အောက်ရွာသို့ အစာရှာထွက်လာသည့် စာငှက်ကလေးတွေလည်း မိုးရိပ်တွေသန်းလာလျှင်ဖြင့် အထက်အရပ် သို့ ပြန်ကြလေပြီ။ ထိပ်ဝါစာငှက်များက မိုးလာတော့မည်ကို ကြိုသိနေဟန်။ ကျီကျီကျာကျာ အသံပြုလျှက် ချောင်းအစပ် ကျူ ပင်လေးများတွင် အလုအယက် အသိုက်ဆောက်နေတတ်သည်။ အမေကြီးတို့အိမ်ရှေ့ ချောင်းကလေး၏ တဖက်ကမ်း ဦးဘိုးတော်တို့ ခြံထိပ်ရှိ မကျည်းပင်ကြီးသည်လည်း ရွက်သစ်ရွက်နုတို့ စည်ဝေစ ပြုနေ၏။သရက်ပင်ပေါ် မော့ကြည့်လိုက်လျှင် မှည့်ဝင်းနေသည့် သရက်သီးတွေက မြင်ရသူရင်ကို ကလူကျီစယ်သမှုပြုလျှက်။နွေလက်ကျန် မရန်းသီးတို့က လေတိုက်တိုင်း ကြွေလုလုဖြစ်နေ၏။ မိုးနံ့ပါသည့်လေလေး ခပ်စိပ်စိပ်တိုက်လာပြီဆို သရက်ပင်အောက်မှာ လေကြွေသရက်သီးမှည့်တွေ လုယက်ကောက်စားမည့် ငှက်ကလေးများရဲ့အသံက ဆူညံ့ညံ့။

“ဖီးအင် သာသျှူးလီး … … ဖီးအင် သာသျှူးလီး” ဟု အော်ကာ တကြော်ကြော် မိုးခေါ်နေတတ်သည့် ငှက်ကလေးရဲ့အသံက မှိုင်းပြပြတောတန်းလေးဆီမှ တခါ တခါ ထွက်ပေါ်လာတတ်၏။

“ရှေးလူကြီးတွေကတော့ အဖီးရေ မိုးလာပြီ။ အဖီးရေ မိုးလာပြီလို့ ပြောတာတဲ့”

ဖွားသိန်းမြရှိစဉ်က ပြောပြခဲ့ဖူးသည်။ သေချာတာတခုက ထိုငှက်ကလေး၏ အော်သံကို သင်္ကြလွန် မိုးနီးခါမှ ကြားရတတ် သည်။ သရက်သီးမှည့်များ ကြွေကျရာ သရက်ပင်ခြေရင်းမှာတော့ ယင်တွေအုံလာသည်။ နွားတွေမှာ မှဲ့ကျားတွေ ကိုက်လာ ၏။ မိုးခေါ်နေသည့် ဖားတွေရဲ့အသံက အဆက်မပြတ်။ သည်လက္ခဏာများကို မိုးဦးကာလ ရှေ့ပြေးပုံရိပ်များဟု မှတ်ယူလျှင် လည်း ရလောက်ပါ၏။ တနွေပူခဲ့သမျှ တမိုးကို မျှော်ကြရှာလေပြီ။

ကျေးလက်နေတောင်သူတို့လည်း မိုးရိပ်မြင်သည်နှင့် အိမ်အို အိမ်ဟောင်းတို့အား ပြုပြင်ကြ၏။ ဝါးဓနိအသစ်ဖြင့် အိုးသစ် အိမ် သစ်ဆောက်နိုင်သူတွေရှိသော်လည်း လက်လုပ်လက်စားလူတချို့က အိမ်တိုင်လဲလို့ ကျားကန်ကာ တမိုးခိုရပြန်သည်။

မိုးစက်မိုးပေါက်တို့သည် မုတ်သုန်လေနှင့်အတူ သွန်းဖြိုးလိုက်ချိန်။ ဖုံအလိမ့်လိမ့်ကပ်နေသည့် သစ်ပင်တို့သည် စိမ်းစို၍လာ ၏။ တနွေလုံး အပူဒဏ်ကို အလူးအလှဲခံခဲ့ရသည့် ကျွန်တော်တို့အိမ်ရှေ့ရှိ ရွက်လှပန်းများသည်လည်း အရောင်အသွေးစုံစွာ ကိုယ်ဟန်ကြွကာဖြင့် ယိမ်းနွဲ့လှုပ်ခတ်နေပြီ။ မိုးဦးရာသီနှင့်ပတ်သက်၍ ကျွန်တော့်မှာ အမှတ်တရများစွာရှိသည်။ မိုးရိပ် ကလေးမြင်သည်နှင့် ကာလကြာအလွမ်းတို့က အပြေးအလွှားပေါ်လာတတ်၏။

မိုးရွာပြီဆို ရွာချောင်းထဲမှာ ရေတွေဖွေးလာသည်။ တံငါသည် တချို့က မြုံးတွေထောင်၊ ပိုက်တွေချ ၊ငါးတွေခပ်ကြသည်။ ရွာထဲမှ ကလေးတစုလည်း ချောင်းထဲက ပြန်မတက်ကြ။ မိုးအေးအေးနှင့် ငါးဖမ်းနေတတ်သည်။ ပိုက်ထဲတွင် တိုးနေသည့် ငါးများအား အလုအယက်လိုက်ဖြုတ်ကြ၏။ မျိုးဥချိန်ရောက်ပြီမို့ ဥပါသည့် ငါးခုံးမတွေမှာ  ဗိုက်လေးတွေကားနေသည်။ ပု စွန်ဆိတ်နှင့် ငါးခုံးမလေးများကို ကင်ပွန်းရွက်အနုလေးနှင့် ပြုတ်သောက်ရခြင်းသည် မြို့ပေါ်က အဆီဝေ့နေသည့် ဟင်းများ ထက် ခံတွင်းပိုတွေ့သည်ဟုဆိုလျှင် ကျွန်တော့်အား အကဲပိုသည်ဟု ထင်ပါလိမ့်မည်။ ဒါတင်မကသေး မန်ကျည်းရွက် အနုလေးနှင့် ပြုတ်သောက်ကြသူတွေလည်းရှိပါ၏။ တခါတလေ ထမင်းစားချိန်နီးပြီဆို ဦးဘိုးတော်တို့ မကျည်းပင်ကြီးပေါ် ပြေးတက်။ မန်ကျည်းရွက်တွေ ခူး၊ မြေပဲလေးထောင်း၊ ကြက်သွန်စိမ်းလေးပါးပါးလှီးထည့်၊ ဆီစိမ်းလေးဆမ်းပြီး စားခဲ့ရသည် ကိုတော့ တွေးလေတိုင်း သရေကျမိပါ၏။ မိုးရွာပြီးစ ညနေပိုင်းတွင် ကောက်ရိုးမှိုနှုတ်ကြမည့် ကလေးတစု လယ်ကွင်းအစပ် ကောက်ရိုးပုံကြီးနား ရောက်သွားပုံကလည်း ကျွန်တော့် မျက်စိထဲက မထွက်သေး။

မိုး၊ လေမှန်လာပြီဆို တောင်သူတချို့ စပါးစိုက်ဖို့ ထွန်ရေးငင်ကြသည်။ ထယ်ကိုနက်နက်ထိုး၍ မြေပြင်ကြ၏။ အနိမ့်ပိုင်းလယ် ကွက်တွေမှာ ကွင်းရေတွေတက်လာသည်။သည်ချိန်ကာလ ရိုးချောင်းတွေ အင်းအိုင်တွေထဲမှ လက်ကျန်ငါးတို့ ငါးရစ်မြူး ချိန်။ ရေစပ်စပ်တက်နေသည့် ရိုးပြတ်တောတွေထဲမှာ အသိုက်လုပ်ခြင်းက ငါးတို့၏သဘာဝပင်။ တံငါသည်တွေလည်း လက်နှိပ်ဓာတ်မီးလေး မှိန်တုတ်တုတ်ဖြင့် ညအခါ ငါးလိုက်ထွက်ကြ၏။

မိုးဖြိုင်ဖြိုင်ရွာသွန်းသည့် မနက်ခင်းတခု။ ကလေးတစု ထွန်းရေငင်သည့် ထယ်အနောက် ဂဏန်းကောက်လိုက်ကြသည်။ မိုးရွာပြီဆို လယ်ကွက်တွေပေါ်မှာ ဂဏန်းကျင်းလေးတွေ တွေ့ရတတ်သည်။ တုတ်ကလေးရဲ့ထိပ်မှာ သံချိတ်ကောက်လေး တပ် ဂဏန်းနှိုက်ထွက်ကြပြီ။မိုးတွေ တဖွားဖွားရွာနေစဉ် ငါးရစ်ငါးတွေ ကောက်ခဲ့ရသည်ကိုတော့ မိုးရိပ်မြင်တိုင်း သတိရမိပါ ၏။ ရွာထဲမှ ဆွမ်းခံပြန် ကြေးစည်သံ ကြားလျှင်ဖြင့် ထွန်ရေးငင်သည့် လယ်သမားကြီးလည်း ထွန်းတုံးမှ နွားဖြုတ်ပြီ။ လယ် ထဲမှ ပြန်မတက်ခင် တအိုးတနပ်အတွက် ဟင်းစားရှာထွက်ရ၏။ ရေရှိရာမြက်ခင်းစပ်တွေမှာ ငါးဖယ်သိုက်၊ ငါးခူသိုက်တွေရှာ။ အသင့်ပါလာသည့် ငါးဖမ်းအုပ်စောင်းလေးဖြင့် ပလုံစီရာ အုပ်ကြ။ သည်လိုနှင့် လယ်သမားတို့ဘဝ တဝမ်းတခါးအတွက် အ သက်ဆက်ခဲ့ရသည်။ ကိုင်ခုတ်ပြီး၍ ခွေးတအုပ်နှင့် ကြွက်လိုက်ထွက်သူများကိုတော့ ကိုင်းတော ကျူတောတွေကြား တွေ့ရ တတ်သည်။ တခါတလေ ငါးဖမ်းကြွက်ရှာလို့ အချိန်လွန်သွားလျှင်ဖြင့် မနက်စာနှင့် ညစာ ပေါင်းစားရသည်လည်းပါ၏။

မိုးအေးလေအေးက ထမင်းစား၍ ပိုမြိန်သည်။ ကျွန်တော်တို့ဒေသ လယ်သမားမိသားစု ထမင်းဝိုင်းက ရိုးရှင်းလှပေ၏။ ဂဏန်းကိုပြုတ် အဆီထုတ်ပြီး ချဉ်ပေါင်ဟင်းဆီပြန်လေးချက်ကြသည်။ ငါးနုတ်၊ ငါးဖွဲ ငါးသေးသေးလေးတွေကို ငါးလေး အိုး ကပ် ချက်လိုက်သေး၏။ ငရုပ်ရည်ထောင်းနှင့် တို့စရာစုံလို့။ မိုနားတိုလေးလည်းပါတတ်၏။ ခရမ်းသီးအတို့လေးနှင့် သရက် သီးရေစိမ်က တောထမင်းဝိုင်းကို ပိုလို့မြိုင်သွားစေသည်။ ထမင်းစားပြီးသော် ဖွယ်ဖွယ်ရာရာ အချိုပွဲမရှိ။ ကော်ဖီထုပ်မရှိ။ ကြံသကာကိုမဆိုထားနှင့် ထန်းလျက်တောင် နပ်မမှန်ပေ။ ရာသီစာ သရက်သီးမှည့်နှင့် ငှက်ပျောသီးခြောက်လေးက ကျေး လက်တောင်သူတို့၏ ထမင်းစားပြီးစ အထင်ကရ အချိုပွဲပင်ဖြစ်၏။ လျှပ်ပန်းလျှပ်နွယ် ယှက်သန်း၍ ဂျိုးဂျိမ်းသံပေးနေသည့် ညချမ်းတွင် ကျေးလက်နေတောင်သူတို့ အိပ်စက်အနားယူကြလေပြီ။

မိုးစက်မိုးပေါက်တွေကျနေသည့်ကြား မိုးရေစိုစွတ်သည့် ညအခါတွင် မီးအုပ်ကလေး မှိန်တုတ်တုတ်ဖြင့် ဖားရိုက်ထွက်သူ တွေရှိသည်။ ဟင်းစားအတွက် ရှာကြသလို။ နောက်နေ့မနက် ဈေးဖိုးအတွက် ရှာဖွေသူတွေလည်းပါ၏။ မိုးရွာပြီးစ ညချမ်း တွင် အမေကြီးတို့အိမ်ခေါင်းရင်းထောင့် ခြံအစပ်ရေမြောင်းနားမှ “ဂုံ ဂွမ်… …ဂုံ ဂွမ်” အော်နေသည့်  ဖားဂုံညင်းတအုပ်၏ အသံကိုလည်း ညလုံးပေါက်ကြားရတတ်သည်။ ထိုအသံသည်ကာ ကျေးလက်ဒေသ၏ မိုးဦးကာလ အထူးဧည့်သည်သံ ပင်ဖြစ်၏။

“ဒီဖားတွေ အတော်ဆူသကိုး၊ တည တည အိပ်မရပါလား။ ကလေးတွေသာဆို တုတ်နဲ့ရိုက်ပြီးပြီ”

အိပ်မပျော်သည့် သက်ကြီးပိုင်းတွေက နားငြီးသံဟုထင်သော်လည်း ကျွန်တော်ကတော့ ထိုအသံကို သဘောကျနှစ်သက်မိ ပါသည်။ ယခုအချိန် “ဂုံဂွမ်”ဆိုသည့် ဖားအော်သံကပင် ကျွန်တော့်အတွက် အလွမ်းတခုပင် ဖြစ်ခဲ့လေပြီ။

လူနေထူထပ်သည့် မြို့ပြအရပ်သည်ကာ ဖားအော်သံ ပုရစ်အော်သံတို့ ကြားရဖို့ အလွန်ခဲရင်းပေသည်။ တကျွီကျွီ တကျီကျီ လုပ်တတ်သည့် ငှက်လေးများကို မြင်ရဖို့ပင် မလွယ်ကူလှ။ တကူးတက စာအိမ်လေးတွေလုပ်ရ။စပါးနှံတွေ ချိတ်ဆွဲရနှင့် အ တော်လေးပင် ပကာသနဆန်းလှသည်ဟု မြင်မိပါသည်။ ဆရာကြီးမြသန်းတင့်ကတော့ သူ၏ တမာနုချိန်စစ်တမ်းတွင် …

“အညာသားဖြစ်၍လားမသိ။ ကျွန်တော်သည် နွေဆန်လျှင် အညာကို လွမ်းတတ်လေသည်။ အညာကို အလွမ်းဆုံးအချိန်မှာ တပို့တွဲလဆန်းမှ တပို့တွဲလပြည့်ကျော်လောက်အထိ အချိန်ဖြစ်ပါသည်” ဟု ဆိုထားလေသည်။ ဆရာ၏စာကို ဖတ်လိုက် ရသည့်အခါ အချိန်နှင့်ရာသီကိုလိုက်၍ ဇာတိမြိုင်မြို့လေးကို လွမ်းတတ်သည့် စာပေအနုပညာသည်တဦး၏ ချစ်စရာကောင်း သော နှလုံးသားကို ကောင်းစွာတွေ့မြင်လိုက်ရသည်။

ကျွန်တော်ကတော့ မိုးရိပ်ကလေးညိုလာလျှင် ဖားလေးတွေအော်တတ်သည့် ရွာလေးကိုလွမ်းသည်။ လူတိုင်းတွင် အလွမ်း ခံလေးများ ရှိကြ၏။ လွမ်းပုံခြင်းတော့ တူချင်မှတူမည်။ လွမ်းသည့်ရာသီနှင့်လွမ်းစရာတွေလည်း ကွဲလွဲနိုင်ပေ၏။ ကျေးလက် ဒေသမှ အဝေးတနေရာသို့ ရောက်နေသူအဖို့ ရွာဦးကစေတီကို လွမ်းချင်လွမ်းမည်။ အနားသပ်မရှိသည့် မိုးကုတ်စက်ဝိုင်းအထိ ကျယ်ပြောလှသော လယ်ကွင်းပြင်တွေ၊ သစ်ပင်တန်းတွေနှင့်အိပ်တန်းပြန်ငှက်တွေကို လွမ်းချင်လွမ်းမည်။ ထိုအရာများသည် လွမ်းတတ်သူရင်ထဲ၌ အလွမ်းဇာတ်ကောင်များ ဖြစ်နေတတ်ပါ၏။ စီးပွားရေးလောကမှာ အဆင်ပြေနေသည့် ကျွန်တော့် မိတ်ဆွေတဦးကတော့ …

“တို့ဘဝတွေများ တနေ့တနေ့ အလုပ်တွေရှုပ်နေတာနဲ့ ကြံကြံဖန်ဖန် မလွမ်းနိုင်ပါကွာ။ လွမ်းဖို့လည်း အချိန်မရှိဘူးဟေ့။ လွမ်းမယ်ဆိုရင်တောင် ရက်ချိန်းတော့ တောင်းရလိမ့်မယ်”

ခနဲ့တည့်တည့် ရိသဲ့သဲ့ပြောတတ်သည့် မိတ်ဆွေ၏စကားကိုတော့ တခွန်းတပါဒမျှ မချေပခဲ့ပါ။ ကျွန်တော် နှုတ်ဆိတ်၍ နေ လိုက်သည်။ သူပြောသလိုဆို ကျွန်တော်ကပဲ အလုပ်မရှိ အလုပ်ရှာပြီး ကြံဖန်လွမ်းမိသလိုမျိုးဖြစ်နေ၏။ ကျွန်တော့်အဖို့တော့ လွမ်းများကို နိုးဆွတူးဖော်နိုင်သည့်အရာမှာ ညို့မှိုင်းအုံ့ဆိုင်းနေသော မိုးကောင်းကင်ရှိ မိုးသားတိမ်လိမ့်များသာ ဖြစ်သည်ဟု ဆိုရပေမည်။မိုးဦးလေဦးကာလ ကျွန်တော်၏ အလွမ်းများသည် ခမ်းနားထည်ဝါလှသည်တော့မဟုတ်။

သို့သော် နူးညံ့သော နှလုံးသားရှိသည့် လူသားများအဖို့ အကြောင်းတိုက်ဆိုင်တိုင်း လွမ်းတတ်ကြသည်မှာ သဘာဝပင် မ ဟုတ်ပါလာ။

ကိုဇော် (မလက်တို)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)