fbpx

ခွာညို ● ရဲသားကြီးနဲ့အိပ်… ပညာရေး ကျဆုံးပါစေ…

December 4, 2018

● ရဲသားကြီးနဲ့အိပ်… ပညာရေး ကျဆုံးပါစေ…
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၈


သယ် ဟက်-ဘစ် အစ်စ် ဝီ ဒူး ဆမ်းသင်း အဂန်း အန် အဂန်း
(The habit is something we do again and again.)

စာတလုံးနဲ့တလုံးကြား ဘစ်ကားတမှတ်တိုင်စာခြားပြီး လေးတိလေးတွဲ ဖတ်နေတဲ့ တူတော်မောင်ကို ကျမ သက်ပြင်းချပြီး မဆူမိအောင် နေရင်းက ဖျတ်ကနဲ မေးခွန်းတခု ကောက်မေးလိုက်ပါတယ်။

“Habit ဆိုတာ ဘာလဲ။”

သူကလည်း မဆိုင်းမတွ ပြန်ဖြေပါတယ်။ “ကျန်းမာရေး..” တဲ့။

လွန်ခဲ့တဲ့ တလကလည်း ကျမကို အသံမထွက်တတ်တဲ့ စာလုံးမေးချိန်မှာ သူဘာရေးထားသလဲ စာအုပ်ကို စစ်ကြည့်တော့ “is” ရေးရမယ့် နေရာတွေမှာ “in” တွေ ရေးထားတာကို တွေ့ရတယ်။

အထူးထုတ်စာအုပ်နဲ့ ဆရာမက သင်တယ်၊ စာကို အတန်းခေါင်းဆောင်က ကျောက်သင်ပုန်းမှာ ရေးပေးတယ်-တဲ့။

ကျမ ရန်ကုန်ကျောင်းကို စပြောင်းပြောင်း ကလေးတယောက်က မြင်းခွာတချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ်- ဆိုတဲ့စာမှာ မြင်းခါ ဖြစ်နေလို့ ကလေးကို ခေါ်ပြီး “သားရေးတဲ့စာမှာ ဘာကျန်ခဲ့သလဲ သေချာပြန်ကြည့်စမ်း။” လို့ စိတ်ရှည်လက်ရှည် အချိန်ပေးပြီး သူ့အမှားသူ ရှာခိုင်းတော့ သူက ရယ်ကျဲကျဲလေးနဲ့ သူ့အမှားကိုသူ မြင်ခဲ့ပြီး ကျမကို အခုလို အဖြေပေးပါတယ်။
“မေ့သွားလို့ဆရာမ၊ သုည ကျန်ခဲ့တယ်”

လေးတန်းရောက်တဲ့အထိ အဲဒီ ဝိုင်းဝိုင်းလေးဟာ သချာင်္မှာ သုညပေမယ့် မြန်မာစာမှာ အထက်မှာရှိရင် လုံးတင်၊ အောက်မှာနေရင် ဝဆွဲ၊ အလယ်မှာဆို ဝလုံး – ဆိုတာတွေကို သူမသိရှာဘူး။

တခန်းမှာ လူ ၇၀၊ အခန်း ၃ ခန်းက ကလေး ၂၀၀ ကျော်မှာ ဒီလိုကလေးမျိုး အယောက် ၅၀ ပဲ ရှိအုံး။ အောက်သက်မခြေ၊ အောက်ခြေမခိုင်ခဲ့တဲ့ ဒီလိုကလေးတွေကို လေးတန်းအဆင့် ပညာတတ်ဖို့ ဘယ်လို အချိန်ပေးရမလဲ။

လွန်ခဲ့တဲ့ နှစ်လလောက်ကလည်း ကျမ အပေါ်ထပ်ကို တက်သွားချိန် ဆေးဗူးအဖုံးနဲ့ စက်ဝိုင်းဆွဲနေလေရဲ့။
ဒါနဲ့ သူ့စာအုပ်ယူကြည့်တော့ အဲလိုအဝိုင်းတွေကို ဆရာမက မှင်နီခြစ်ပြီး အမှတ်ပေးထားတာ တွေ့ရပြန်ပါတယ်။ ဒီကလေးကို စက်ဝိုင်းရဲ့ဗဟို၊ အချင်း၊ အချင်းဝက်တွေအကြောင်း ဆရာမ ဘယ်လိုသင်မလဲ၊ ဘယ်လိုသင်သလဲ ကျမ မစဉ်း စားတတ်။

သူ့ကွန်ပါဗူးတောင်းကြည့်တော့ စက်ဝိုင်းခြမ်းလည်းမရှိ၊

ကွန်ပါဒေါက်တွေလည်းမရှိ။ ဘောလ်ပင်လေးငါးချောင်းထည့်တဲ့ container တခုအဖြစ်သာ ရှိနေပါတယ်။

အဲဒီအကြောင်း ကျမတို့အိမ်နီးချင်း တယောက်ကို စကားစပ်မိလို့ ပြောပြတော့ သူက “ဟုတ်တယ်အမ၊ ကျနော့်သမီး ဆယ် တန်းကျောင်းသူမှာလည်း စက်ဝိုင်းခြမ်းတွေ ကွန်ပါဒေါက်တွေ သုံးတဲ့အကျင့်မရှိဘူး။ ကျနော်က အဲဒါတွေကို ဘယ်လို သုံးရ တယ်၊ ဘယ်နေရာမှာ သုံးရတယ်ဆိုတာကို ပြောပြနေရတယ်” တဲ့။

ခုနစ်တန်းကျောင်းသားတင် ဒီပြဿနာရှိသလားမှတ်တယ်။ ဆယ်တန်းကျောင်းသူမှာလည်း အလားတူပါပဲ-ဆိုတော့ ကျမ ဘာများပြောနိုင်ပါအုံးမလဲ။

လွန်ခဲ့တဲ့ နှစ်သုံးဆယ်ကျော် ကျမ ဆရာမပေါက်စဘဝကလည်း တကျောင်းတည်းအလုပ်အတူလုပ်တဲ့ ဆရာမ ဒေါ်ခင်ခင် လေးရဲ့တူမက p-a-g-o-d-a ပရိုးဂါး ဘုရား – ဆိုပြီးဖတ်တာကို ဆရာမ နှစ်ယောက်ပေါင်းပြီး အမှန်ပြင်ပေးပေမယ့် ဆရာ လေးက ဒီအတိုင်းပဲ ရေးပေးလို့ ဒီအတိုင်းပဲ ဖတ်ပါမယ်ဆို မျက်ရည်လည်ရွဲနဲ့ အမှန်ကို ပြင်ပေးလို့ မရခဲ့တဲ့အဖြစ်လည်း ရှိခဲ့ ဖူးလေရဲ့။

အဲဒီတူတော်မောင် ခုနစ်တန်းတက်စက ကျမက သူ့အမေ ကျမအမ၊ ဆရာမဟောင်းကို ကိုယ့်ဖာသာကိုယ်သင်၊ သူ့ကို ကျူ ရှင်ခပေးရမယ့်ငွေကို နင်ယူ-ဆိုပြီး ပြောခဲ့တုန်းက သူ့အမေ ကျမ အမက – အတန်းပိုင်ဆီမှာ ကျူရှင်မထားရင် သူ့သားကို အတန်းထဲမှာ ဂရုမစိုက်မှာတို့၊ စာမေးပွဲ ချမှာတို့ စိုးရိမ်တဲ့သဘောမျိုးတွေ ပြောခဲ့ပါတယ်။

ကျမက သူ့ကို အခုလို ပြန်ပြောခဲ့တယ်။

“ဆရာမတယောက်ဟာ အောင်နေတဲ့ကလေးကို ချလို့မရဘူး။ ကျောင်းတွေရဲ့ စည်းမျဉ်းစည်းကမ်းတွေမှာ ကလေးတွေရဲ့ အဖြေ လွှာတွေကို သုံးနှစ်ထားရတယ်။ သုံးနှစ်အတွင်း ကလေးမိဘတွေဆီက မကျေနပ်လို့ တိုင်ရင် ကျောင်းအုပ်က အဲဒီအဖြေလွှာကို စစ်ကြည့်ပြီး အမှန်အမှားကို လက်တွေ့ အသိပေးရတယ်။ နောက်ပြီး အခု CAPTS လို့ခေါ်တဲ့ စနစ်မှာ စာမေးပွဲမရှိတော့ဘဲ ကလေးတွေအရည်အချင်းကို ကြည့်ပြီး အမှတ်ပေးစနစ်နဲ့ သွားတာဖြစ်လို့ ကလေးတွေမတတ်ရင် ဆရာမတွေက ကုစားတယ်ဆိုပြီး ကျောင်းပိတ်ရက်တွေမှာ မတတ်တဲ့ ဘာသာ၊ ကျသွားတဲ့ဘာသာကို ပြန်သင်ပေးကြရမှာမို့လို့ သူတို့ အချိန်ကုန် အလုပ်ရှုပ်မခံရအောင် တတ်တတ်၊ မတတ်တတ်၊ လက်ဆောင်ပေးပေး မပေးပေး၊ သူ့ဆီမှာ ကျူရှင်ယူယူ၊ မယူယူ အအောင်ပေးမှာပဲ၊ မအောင်မှာ မပူနဲ့၊ မတတ်မှာကိုပဲပူ။ ဆယ်တန်း ကျမှသာ အတုန်းအရုံး တဗုန်းဗုန်းကျမှာ။ ကိုးတန်းအထိကတော့ အောင် နေမှာပဲ။”

ကလေးအမေက သိပ်မကျေနပ်ပေမယ့် ကျမကို မလွန်ဆန်သာလို့ စိုးရိမ်စိတ်တဝက်နဲ့ သူ့ကလေးသူ စာသင်ပါတယ်။ နှစ်လလောက်ရှိတော့ ကျောင်းက ဆရာမက ခေါ်တယ်ဆိုတော့ လက်ဆောင်ပေးရကောင်းနိုး၊ သူ့ကျူရှင်မတက်လို့ပဲ ရစ်တော့သလိုလို ပြောနေလို့ ကျမက အရင် သွားကြည့်လိုက်ပါအုံး- လို့ ပြောရပါသေးတယ်။
ကလေး လက်ရေးတွေက ဘယ်လိုမှ ဖတ်မရလို့ ခေါ်ပြ သတိပေးတာ-တဲ့။

အဲဒါက ဆရာမက တန်စိုးလက်ဆောင် လိုချင်တာနဲ့ ဘယ်လိုမှ မဆိုင်။ ငယ်ငယ်ကတည်းက မိဘဘက်က လက်ရေးလက် သားကို စနစ်တကျ လေ့ကျင့်ပေးရမယ့်အပိုင်း။ ကိုယ့်သားသမီးလက်ရေး ကိုယ့်ဖာသာမှ ပြုပြင်မပေးတာ ဆရာမက ခုနစ် တန်းကျမှ ခေါ်သတိပေးရတယ်ဆိုတာ အလွန့်ကို နောက်ကျနေတာလေ။ အဲဒါက မိဘ အုပ်ထိန်းသူဘက်က ပျက်ကွက်မှု။

ပထမသုံးလပတ်စစ်တော့ နှစ်ဘာသာကျပါလေရော။

နောက်တပတ်ကျ ကျတဲ့ဘာသာရပ်ဆရာမနှစ်ယောက်က အမေးနဲ့အဖြေ အစုံလိုက်လာချပေးပြီး အဖြေလွှာမှာ ဒါတွေ ကူး ရေးလိုက်-ဆိုပြီးပြောတော့ အဲဒီနှစ်ဘာသာ ပြန်အောင်သွားပါတယ်။ (ကုစားနည်း-ဆိုတာ အဲဒါ-လို့ ကျမ ကြိုတင်ပြော ခဲ့ပြီးသားလေ။)

၁၉၉၇ ခုနှစ်က ကျမ အစိုးရကျောင်းဆရာမအလုပ်က ရပ်နားခဲ့ပေးမယ့် ကျမ ဘာလို့ တပ်အပ် ပြောနိုင်သလဲဆိုတော့ ရန် ကုန်မှာ ကျမ တာဝန်ကျတဲ့ကျောင်းက UNICEF က ဆောက်ပေးတဲ့ကျောင်းဖြစ်ပြီး အဲဒီနှစ်မှာ စဉ်ဆက်မပြတ်အကဲဖြတ်၍ အတန်းတင်ပေးရေးစနစ် – CAPTS ဆိုတဲ့ စနစ်ကို စမ်းသပ်တဲ့ဆယ်ကျောင်းထဲမှာ တကျောင်းအပါအဝင်မို့ ကျမက ဒီ အကြောင်းကို အဲဒီကတည်းက နားလည်ပြီးသားလေ။

ကျမက လေးတန်းမှာ သမိုင်းနဲ့ပထဝီသင်ရတယ်။ အခန်းက လူတရပ် လွတ်ရုံ သစ်သားခန်းဆီးတွေသာခြားထားတယ်။ အခန်းတခန်းမှာ ကျောင်းသား ၇၀ နဲ့ ၈၀ ကြားမှာရှိတယ်။ ကျမက အလယ်ခန်းမှာ ဝင်ပြီး ပထဝီရှင်းပြမယ်လုပ်တုန်း သင်္ချာ ဆရာမက သူ အမှတ်ခြစ်နေတုန်း ကလေးတွေ ငြိမ်အောင် အလီတွေ အော်ခိုင်းထားတယ်။ မြန်မာစာ ဆရာမက ငါးယောက် တတန်းမြန်မာစာ ဖတ်စာကို တပုဒ်စီ အော်ခိုင်းထားပြီး စာစစ်နေတယ်။ ကျမက ဟိုဘက်ဒီဘက် ကလေးတွေရဲ့ ဆူညံပွက် လောရိုက်နေတဲ့ အလီအော်သံ၊ စာအံသံ၊ ဆရာမ ခေါင်းငုံ့ ထားတဲ့အခြေအနေကို အခွင့်ကောင်းယူပြီး တွန်းထိုးရန်ဖြစ်၊ ရယ်မော စနောက်နေသံတွေကြားမှာ စာဘယ်လိုမှ မရှင်းနိုင်။ ပထမ မိနစ်ငါးဆယ်မှာတင် ကျမ ရင်ဘတ်ရော၊ လည် ချောင်းတွေပါ နာနေပြီးပြီ။ တရက်မှာ ငါးနာရီ။ တပတ်ငါးရက် ဆရာမတွေ ရင်ဆိုင်ရတဲ့ ကျောင်းတွင်းအခြေအနေက အခုထိ ဒီအတိုင်း။
*********

တလောက MyMee ရွှေ့လျားပညာရေးစနစ်ကို ကြိုးစားဆောင်ရွက်နေတဲ့ ကိုတင်မောင်အေးနဲ့ သူ့အဖေရဲ့ ဈာပနမှာ ပညာရေးအကြောင်း စကားပြောဖြစ်ခဲ့ကြတယ်။ သူက ကလေးတွေကို Critical thinking ရှိလာစေဖို့၊ Brain storm လုပ်နည်းစနစ်တွေ၊ child center ပညာရေးတွေအတွက် ဘယ်လို ကြိုးစားနေတဲ့အကြောင်း၊ သင်ရိုးညွှန်းတန်းတွေကို ဘယ်လို ဘယ်အတန်းက စတင်ပြုပြင်နေပြီ ဆိုတဲ့အကြောင်းတွေ အားတက်သရော ပြောပါတယ်။ ကျမအိမ်နားမှာ တီတီစီကို သူငယ်တန်းပို့ထားတဲ့ကလေးလေးတွေ ရှိပါတယ်။ critical thinking အတွက် တကယ် စိတ်ပါလက်ပါ သင်ပေးနေတဲ့ ကျောင်း တချို့လည်း ပေါ်လာနေတာတော့ အမှန်ပါ။ ဒါပေမယ့် ပညာရေးဝန်ကြီးနဲ့ ပူးပေါင်းဆောင်ရွက်နေတဲ့ ကိုတင်မောင်အေးကို ကျမ တခုပဲ ပြောလိုက်တယ်။

ကလေးနဲ့ဆရာ လူဦးရေမမျှသရွေ့ ဘယ်လို သင်ကြားနည်းစနစ်နဲ့မှ မြန်မာ့ပညာရေး မအောင်မြင်နိုင်တဲ့အကြောင်း။

****
ကျမတို့ ခေတ်တုန်းက ငါးတန်းကျမှ အင်္ဂလိပ်စာသင်ခဲ့ရတယ်။ ကျမတို့ ရှစ်တန်းနှစ်လောက်ကျတော့ သူငယ်တန်းကစပြီး အင်္ဂလိပ်စာကို သင်ပေးလာတယ်။ အဲဒီတုန်းက အင်္ဂလိပ်ကဗျာလေးတွေကိုလည်း ရွတ်ခိုင်းကြတယ်။

မမ ဝဝ
ထထက။
အကပထမ။
ကပါ ကပါ
မမရာ
ညည လသာသာ။
ညအခါ ငါစာရ။
မမ ဝဝ ထထက။

ဆိုတဲ့ မြန်မာကဗျာလေးက ဗျည်းနဲ့ ဗျည်းတွဲတွေကို ကာရံလေးနဲ့ဆိုတာမို့ ကလေးတွေအတွက် အလွန်အဆင်ပြေပေမယ့် မြန်မာစကားကိုတောင် တချို့ သိပ်မပီသေးတဲ့ကလေးလေးတွေ၊ မြန်မာစာလုံးတွေကိုတောင် ဝေါဟာရပြည့်စုံအောင် မကြွယ်သေးတဲ့ ကလေးတွေကို အင်္ဂလိပ် ကဗျာတွေ ရွတ်ခိုင်းတော့ ဘာဖြစ်ကြတယ် ထင်ပါလဲ။

စောစောက ပြောသလို အတန်းတတန်းမှာက ကလေး အယောက် ၇၀၊ ၈၀။ ဆရာမက တယောက်တည်း။ အတန်းတွေက အကာအရံမလုံမခြုံ။ ဟိုဘက်အတန်းကအသံက ဒီဘက်အတန်းကို တိုးလျိုပေါက်။
ရှေ့က ဆရာမက

“Gathering the egg” လို့ ရှေ့ဆုံးက တိုင်ပေးပေမယ့် gathering – egg တွေကို ဘာမှန်းမှမသိတဲ့ကလေးတွေက အသံတူ အကြောင်းကွဲ သူတို့သိတဲ့ မြန်မာစကားနဲ့အစားထိုးပြီး လိုက်အော်ကြပါတယ်။

“ရဲသားကြီးနဲ့ အိပ်” ….

ဟိုဘက်အတန်းက ဆရာမကတော့ Black eye susan သင်တော့ နောက်ဆုံးအပိုဒ်
“How are you! How are you?”…

လို့ တိုင်ပေးနေပေမယ့် ကလေးတွေက သူတို့ကြားတဲ့ကာရန်ထဲမှာ သူတို့သိတဲ့စကားတလုံးချင်းစီ အစာသွတ်လိုက်ကြတော့

“အောက်ဟာယူ၊ အောက်ဟာယူ..”

ဟိုဘက်အတန်းက ကလေးတွေက အော်နေတာက “ရဲသားကြီးနဲ့အိပ်”
ဒီဘက်အတန်းက ကလေးတွေက “အောက်ဟာယူ၊ အောက်ဟာယူ”…

ဒါက အဖေ့ကျောင်းက ဆရာမ ဒေါ်ရှယ်လီခင်က အမေ့ကို ညည်းညည်းငြူငြူ လာပြောပြနေတဲ့ ကျမအဖေအုပ်ချုပ်တဲ့ ကျောင်းက သူငယ်တန်းက တကယ့် အဖြစ်အပျက်။
**************

ပညာရေးဟာ တိုက်တလုံးဆောက်သလိုပါပဲ။ တိုက်တလုံးကို အထပ်မြင့်မြင့်တင်ဖို့ footing မှာ သံတိုင်တွေများများသုံး၊ ကွန်ကရစ်ကို နက်နက်လောင်းရပါတယ်။ အောက်ခြေခိုင်အောင်မထည့်ထားဘဲ အထပ်မြင့်မြင့်တင်ရင် မရနိုင်သလို

အခြေခံမပိုင်လာတဲ့ ကလေးတွေဟာ ဘယ်လိုမှ ပညာတတ်မဖြစ်လာနိုင်ပါဘူး။ အခု ပညာတတ်ဖြစ်လာနေတဲ့ လူငယ်လေး တွေရဲ့နောက်မှာ တတ်နိုင်တဲ့မိဘတွေရဲ့ အပြင်ပန်းပံ့ပိုးမှုတွေကသာ ပိုပြီး အဓိကအခန်းက ပါဝင်နေတာပါ။

အစိုးရကျောင်းကနေ ဆင်းရဲတဲ့ကလေးတွေ ထူးချွန်သွားတာလေးတွေ လည်း ကြုံတောင့်ကြုံခဲ ရှိတာ ရှိပါတယ်။ ဒါက တသောင်းမှာ တယောက်လောက် အင်မတန်ကို ဉာဏ်ရည်ထက်မြက်တဲ့ကလေးတွေနဲ့ ကာယကံရှင်ရဲ့ ပညာလိုလားမှုက ဦးဆောင်သွားလို့သာ ဖြစ်ပါတယ်။ အဲလိုမှ မဟုတ်လို့ကတော့ မြန်မာ့ပညာရေးဟာ ခွေးမြီးကောက် ကျည်တောက်စွပ်ပဲ ဖြစ်နေအုံးမှာပါပဲ။ စနစ်ကတခြား အဖြစ်ကတခြားနဲ့ပဲ စခန်းသွားနေအုံးမှာပါပဲ။
.
လွန်ခဲ့တဲ့ အနှစ်လေးဆယ်က အဲဒီ ရဲသားကြီးနဲ့အိပ်- အောက်ဟာယူ…ဆိုတဲ့ သင်ကြားနည်းစနစ်။

လွန်ခဲ့တဲ့အနှစ်သုံးဆယ်က ပရိုးဂါး -ဘုရား-ဆိုတဲ့စနစ်။

အခု စက်ဝိုင်းကို ဆေးဗူးအဖုံးနဲ့ဆွဲနေတဲ့စနစ်။ …
ဆရာခမ်းလိတ်ရဲ့ အညာကို ပြန်ချင်တယ် သီချင်းထဲကလိုပါပဲ…
“တို့မြို့တော် ရှုခင်းက ရှည်ကြာနှစ်များ ဘာမှမပြောင်းလဲဘူး”…..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)