သန်းဝင်းလှိုင် – ဆာဂျွန်ဆိုင်မွန်

December 12, 2018

သန်းဝင်းလှိုင် – ဆာဂျွန်ဆိုင်

(မိုးမခ) ဒီဇင်ဘာ ၁၂၊ ၂၀၁၈

ဗြိတိသျှအစိုးရက အိန္ဒိယနှင့် မြန်မာနိုင်ငံသို့ ဒိုင်အာခီအုပ်ချုပ်ရေး ပေးစဉ်က ဒိုင်အာခီအုပ်ချုပ်ရေး (၁၀)နှစ်ပြည့်လျှင် ၄င်းအုပ်ချုပ်ရေးစနစ်ကို ပြန်လည်စစ်ဆေးသုံးသပ်မည်ဆိုသော အချက်တစ်ချက်ပါသည်။ လက်တွေ့ တွင်လည်း ဒိုင်အာခီအုပ်ချုပ်ရေးကို အိန္ဒိယနှင့် မြန်မာပြည်သူလူထုအများစု က မကြိုက်၍ သပိတ်မှောက် ဆူပူနေကြသည်။

ထို့ပြင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ရန်လည်း ဗြိတိသျှ တို့တွင် အကြံရှိလာသည်။ ထို့ကြောင့် မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ရန် အကြံကို အထောင်အထည်ဖော်ရန် ရှေ့ပြေးဆောင်ရွက်ချက်အနေဖြင့် ဗြိတိသျှ ပါလီမန်က ဖွဲ့စည်းပေးသော ကော်မရှင်ဖြစ်သည်။ ကော်မရှင်အဖွဲ့တွင် အဖွဲ့ဝင် (၇)ဦး ပါရှိပြီး ဆာဂျွန်ဆိုင်မွန် (Sir  John Simon)က ခေါင်းဆောင်သောကြောင့် ဆိုင်မွန်ကော်မရှင် (Simon Commission) ဟု ခေါ်တွင်ကြလေသည်။ ယင်းကော်မရှင်ကို ၁၉၂၇ ခုနှစ်၊ နိုဝင်ဘာလ ၂၆ ရက်တွင် ဖွဲ့စည်းခဲ့သည်။ အဖွဲ့ပေးတာဝန်မှာ ဒိုင်အာခီအုပ်ချုပ်ရေးတွင် မည်သည့်ချို့ယွင်းချက်များရှိ၍ မည်သို့ပြုပြင်ပေးရမည်ကို အိန္ဒယနှင့် မြန်မာ နိုင်ငံများသို့ သွားရောက်စုံစမ်း စစ်ဆေးအစီရင်ခံရန် ဖြစ်သည်။

ထို့ကြောင့် ကော်မရှင်သည် ၁၉၂၉ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း မြန်မာနိုင်ငံ၌ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံ ဒိုင်အာခီ လွှတ်တော်မှလည်း အမတ်ခုနစ်ဦးပါသော တွဲဖက်စုံစမ်းရေးကော်မတီကို ဖွဲ့၍ ကော်မရှင်၏စုံစမ်းစစ်ဆေးရေးလုပ်ငန်းများကို ကူညီခဲ့သည်။ ဂျီစီဘီအေ အသင်းချုပ်ကြီးနှင့် ပြည်သူလူထုအများစုက ဆိုင်မွန်ကော်မရှင်ကို သပိတ်မှောက်ပြီး အစစ်ဆေးမခံကြပေ။ ထို့ကြောင့် ဗြိတိသျှအစိုးရကို လိုလားသော လူနည်းစုကို စစ်ဆေး၍ ပြန်သွားရလေသည်။
စာမျက်နှာ ၇၀ဝ ရှ်သော ကော်မရှင်ပေး အစီရင်ခံစာကို ၁၉၃၀ ပြည့်နှစ်၊ မေလအတွင်း ထွက်လာသည်။

အစီရင်ခံစာတွင် မြန်မာအရေး အိန္ဒိယပါ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မတန်သေးဟု ဆိုထားသည်။ ထို့ပြင် အင်္ဂလိပ်တို့တွင် မူလကပင် အကြံရှိခဲ့သည့်အတိုင်း မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်၍ ဒိုင်အာခီထက်တဆင့်သာသော အုပ်ချုပ်ရေးမျိုးကို တီထွင်ပေး သင့်ကြောင်းလည်း ထောက်ခံတင်ပြထားသည်။ ထိုသို့ ဆိုင်မွန်ကော်မရှင် က မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်သင့်ကြောင်း ထောက်ခံလိုက်သဖြင့် မြန်မာနိုင်ငံသည် အိန္ဒိယနှင့် ခွဲလိုက်ရမည်လော၊ တွဲနေရမည်လောဟူသော ပြသနာပေါ်လာတော့သည်။ ဆိုင်မွန်ကော်မရှင်က မြန်မာနိုင်ငံအတွက် ခွဲရေး၊ တွဲရေး ပြသနာကို မွေးပေးလိုက်သောကြောင့် ဒိုင်အာခီခေတ်ကုန်ခါနီး၌ မြန်မာ့နိုင်ငံရေးလောကတွင် အဆူပွက်ဆုံးပြသနာမှာ ခွဲရေး-တွဲရေးပင် ဖြစ်လာတော့သည်။

ဤသို့ ဆိုင်မွန်ကော်မရှင်၏ အစီရင်ခံစာထွက်လာပြီးနောက် ၁၉၃၀ ပြည့်နှစ်၊ သြဂုတ်လ (၁၁) ရက်တွင် ကျင်းပသော မြန်မာနိုင်ငံ ဒိုင်အာခီ ဥပဒေပြုကောင်စီ အစည်းအဝေးက မြန်မာနိုင်ငံကို အိန္ဒယမှ ခွဲထုတ်ရန် ဆုံးဖြတ်လိုက်ကြသည်။ ခွဲရေး-တွဲရေး ပြသနာ ပေါ်ချိန်မှစ၍ ခွဲရေးကို ကြိုက်သူရှိသကဲသို့ တွဲရေးကို လိုလားသူများလည်း ရှိသည်။ ဦးဆောင် ခေါင်းဆောင်သော ပြည်သူပြည်သားပါတီ ခေါ် ၂၁ ဦးပါတီ၊ ဆာဂျေအေ မောင်ကြီး၏ အင်ဒီပင်းဒင့် တသီးပုဂ္ဂလအဖွဲ့၊ အယ်အေ ဦးမောင်ကြီး၏ မြန်မာနိုင်ငံတော် လွတ်လပ်ရေးအသင်းချုပ်၊ ဦးထွန်းအောင်ကျော်၊ ဦးဘလှိုင် (လွယ်အိတ်ကြီး)၊ သာယာဝတီ ဦးပု၊ သာယာဝတီ ဦးမောင်မောင်နှင့် ဗြိတိသျှကုန်သည်ကြီးများက ခွဲရေးဘက်ကို နှစ်သက်သူများ ဖြစ်သည်။ မြန်မာ့အလင်းသတင်းစာ၊ ရဲသတင်းစာနှင့် သူရိယသတင်းစာတို့ကလည်း ခွဲရေးဘက်မှ ထောက်ခံရေးသားခဲ့ကြသည်။

ခွဲရေးသမားတို့၏ အယူအဆမှာ မြန်မာနှင့်ကုလားများ သဘာဝချင်း မတူ၍ တွဲထားသည်မှာ မတရားဟု ယူဆကြလေသည်။ မြန်မာနှင့် ကုလားတို့မှာ ဘာသာရေး၊ စီးပွားရေးနှင့် ဓလေ့ထုံးစံမှာအပ ယဉ်ကျေးမှု လည်းမတူ၍ တွဲထားသည်မှာ သဘာဝမကျဟုလည်း ဆိုကြသည်။ မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံသားများလည်း ရုတ်ခြည်းရပ်တန့်သွားမည်ဟု လည်း ယုံကြည်ကြသည်။ မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်လိုက်ပြီးမှ ကိုယ်ပိုင်အုပ်ချုပ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင်ရန် ရည်ရွယ်ရင်း ဖြစ်သည်။ အိန္ဒိယအရင်းရှင်ကို ပထမဦးဏွာ တိုက်ခိုက်သော အယူအဆ ဖြစ်သည်။ မြန်မာနိုင်ငံ၌ လာရောက်လွှမ်းမိုးနေသော အိန္ဒိယအရင်းရှင်နှင့် ပညာအတတ်များကို ဦးစွာတိုက်ထုတ်ပြီးမှ အင်္ဂလိပ်နယ်ချဲ့ကို ဆက်တိုက်လို သူများ ဖြစ်သည်။

တွဲရေးကြိုက်သူများမှာ ဦးချစ်လှိုင်၊ ဦးမြတ်သာထွန်းနှင့် ဆာပေါ်ထွန်း (နောင် နန်းရင်းဝန်)တို့၏ လှိုင်မြတ်ပေါ် ပါတီ၊ ဒေါက်တာ ဘမော်၊ ဦးကျော်မြင့်နှင့် ရမ်းဗြဲ ဦးမောင်မောင်တို့၏ မောင်မြင့်ဗြဲ ပါတီ၊ ဝတ်လုံ ဦးကျော်ဒင်၊ မန္တလေးမှ ဦးဘရွှေနှင့် ၈ဦးအဖွဲ့နှင့် ကုလားသူဋ္ဌေးများ ဖြစ်ကြသည်။ ဒီးဒုတ်ဦးဘချို၏ ဒီးဒုတ်ဂျာနယ်၊ ဗန္ဓုလ ဦးစိန်၏ ဗန္ဓုလ ဂျာနယ်၊ မြန်မာ့ဇေယျာ နေ့စဉ်သတင်းစာတို့က တွဲရေးကို အားပေးထောက်ခံ ရေးသားကြသည်။

တွဲရေးသမားတို့က အိန္ဒိယနှင့် မြန်မာတို့မှာ အိန္ဒိယလက်အောက်ခံ များဖြစ်၍ တွဲ၍ပေါင်းပြီး အင်္ဂလိပ်ကိုတိုက်မှ လွတ်လပ်ရေးရမည်ဟု ယူဆ ကြသည်။ ခွဲလိုက်လျှင် ကွဲသွားပြီး အင်အားနည်းသွားမည်။ အိန္ဒိယ မြန်မာ လွတ်လပ်ရေးအင်အားစုများ မကွဲရေးဝါဒသမားများ ဖြစ်သည်။ အိန္ဒိယနှင့် ကွဲသွားလျှင် မြန်မာကို အင်္ဂလိပ်တို့က ပို၍ဖိနှိပ်ချုပ်ချယ်မည်ဟု ယူဆသူ လည်း ရှိသည်။ မကြာမီ၌ အိန္ဒိယကို ဒိုမီနီယံအုပ်ချုပ်ရေးအဆင့် ပေးတော့ မည်ဖြစ်၍ ထိုအချိန်အထိ အိန္ဒိယနှင့် တွဲနေသင့်သည်ဟု ဆိုကြသည်။ အိန္ဒိယနှင့် အတွဲဖျက်လျှင် အိန္ဒိယလွတ်လပ်ရေးရသည့်အခါ မြန်မာနိုင်ငံ သည် ကျန်နေမည်ကိုလည်း စိုးရိမ်သူများ ရှိသည်။

သို့သော် အင်္ဂလိပ်အစိုးရက မြန်မာကို အိန္ဒိယမှ ခွဲထုတ်ချင်သည်။ အင်္ဂလိပ်ခွဲထုတ်ချင်သည်မှာ အင်္ဂလိပ်အကျိုးစီးပွားအတွက်သာ ဖြစ်သည်။ အင်္ဂလိပ်တို့တွင် အကျိုးရှိမည်ဟုဆိုလျှင် မြန်မာတို့အဖို့ လိုက်နာဖို့သာ ရှိသည်။ ဤသို့ဆိုလျှင် အင်္ဂလိပ်အလိုကို ဆန့်ကျင်မှသာလျှင် မြန်မာနိုင်ငံ အဖို့ အကျိုးရှိမည်ဟု ယူဆကာ အင်္ဂလိပ်ကို ဆန့်ကျင်ပြီး အိန္ဒိယနှင့် တွဲထားမည်ဟု တွက်ဆသူလည်း ရှိသည်။

ထိုသို့ ခွဲရေး-တွဲရေး ပြသနာပေါ်လာသောကြောင့် ၁၉၃၁ ခုနှစ် တွင် လန်ဒန်မြို့၌ မြန်မာနိုင်ငံအတွက် သီးသန့်မျက်နှာစုံညီ ဆွေးနွေးပွဲ ကျင်းပသည်။ အဆိုပါ ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံမှ ကိုယ်စားလှယ် ၂၄ဦး တက်ရောက်ခဲ့ကြသည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲထုတ် ရေးနှင့် အနာဂတ်အုပ်ချုပ်ရေးအတွက် စဉ်းစားကြသည်။ နောက်ဆုံး ခွဲရေး တွဲရေးနှင့် ပတ်သက်၍ မြန်မာနိုင်ငံသားတို့ သဘောထားကို မဲပေး အဆုံးအဖြတ်ယူရန် သဘောတူလိုက်ကြသည်။ ထိုသဘောတူညီချက်အရ ၁၉၃၂ ခုနှစ်၊ နိုဝင်ဘာလတွင် ခွဲရေး-တွဲရေး ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပ ခဲ့သည်။ ဆန္ဒခံယူပွဲတွင် တွဲရေးဘက်မှ မဲပေါင်း ၅၀ ကျော်နှင့် အနိုင်ရ၍ ၄၂ ဦး၊ ခွဲရေးဘက်မှ ၂၉ ဦးနှင့် တသီးပုဂ္ဂလကြားနေ အမတ် ၉ဦးတို့ အရွေးခံကြရသည်။ ရွေးကောက်ပွဲပြီးသောအခါ ခွဲရေး-တွဲရေး အမတ်များ ၏ လွှတ်တော်ခေါ်ယူကြသည်။ သို့သော် လွှတ်တ်ာတွင် ခွဲရေး-တွဲရေး ပြသနာကို အတိအကျ ဆုံးဖြတ်ချက်မချနိုင်ပေ။ ယင်းနောက် ခွဲရေး-တွဲရေး ပြသနာဖြေရှင်းရန် အင်္ဂလန်ရှိ ဗြိတိသျှအစိုးရထံသို့ တာဝန်ပြန်ပေး ခဲ့သည်။

ဗြိတိသျှအစိုးရက မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ရန် မူလကပင် အကြံရှိသည့်အတိုင်း အိန္ဒိယမှ ခွဲထုတ်ရန် စီစဉ်လိုက်လေသည်။ ထိုဆုံးဖြတ်ချက်အရ ၁၉၃၅ ခုနှစ်တွင် မြန်မာနိုင်ငံ စီရင်အုပ်ချုပ်မှုဥပဒေ ပေါ်ပေါက်လာပြီး မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်ကာ ၉၁ ဌာန အုပ်ချုပ်ရေး သဘောပေးခဲ့သည်။ သို့ဖြစ်၍ ခွဲရေး-တွဲရေး ပြသနာ၏ နောက်ဆုံးပေးခဲ့သော အမွေမှာ ၉၁ ဌာန အုပ်ချုပ်ရေးပင် ဖြစ်သည်။
၉၁ ဌာန အုပ်ချုပ်ရေးသည် ၁၉၃၇ ဧပြီလ ၁ရက်မှ ၁၉၄၂ ဒီဇင်ဘာလ ၁၀ရက်နေ့အထိ ကြာမြင့်ခဲ့သည်။

ယင်းအုပ်ချုပ်ရေးစနစ်တွင် အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့မှ ဟန်ပြသဘောလောက်သာ ဖြစ်ပြီး တကယ့်နိုင်ငံ့အချုပ်အခြာအာဏာသည် ဘုရင်ခံ၌သာ တည်လေ သည်။ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တို့မှာ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ရင်းနှီးခွင့်ရပြီး အုပ်ချုပ်ရေးဆိုင်ရာ အတွေ့အကြုံ အလေ့ အကျင့် ရရုံမှတပါး အချုပ်အခြာအာဏာ မပိုင်သောကြောင့် မြန်မာနိုင်ငံ ပြည်သူတို့အဖို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးခွင့်မရသည့် အုပ်ချုပ်ရေးမျိုး သာ ဖြစ်သည်။

ဤကဲ့သို့ အိန္ဒိယမှ မြန်မာနိုင်ငံကို ခွဲထုတ်ရေး ၉၁ ဌာန အုပ်ချုပ်ရေး စနစ် ပေါ်ပေါက်လာစေရန် အကြံပြုအစီရင်ခံခဲ့သည့် လက်သည်တရားခံ မှာ ဆိုင်မွန်ကော်မရှင်၏ အစီရင်ခံစာသာ ဖြစ်သည်။
ဆိုင်မွန်ကော်မရှင်၏ အဖွဲ့ခေါင်းဆောင် ဆာဂျွန်ဆိုင်မွန် (Sir John Simon)ကို ၁၈၇၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်တွင် အင်္ဂလန်ပြည်၊ မန်ချက်စတာမြို့၌ ဖွားမြင်ခဲ့သည်။ သူ၏နာမည်အပြည့်အစုံမှာ ဂျွန်အောစဗရွတ်ဆိုင်မွန် (John Allsebrook Simon) ဖြစ်သည်။
ငယ်စဉ်က အောက်စဖို့ဒ်တက္ကသိုလ်၌ ပညာသင်ယူပြီနောက်၊ ၁၈၉၉ ခုနှစ်မှစ၍ ဝတ်လုံတော်ရအဖြစ် အသက်မွေးသည်။ နောင်သောအခါ လစ်ဘရက်ပါတီဝင် အဖြစ်ဖြင့် နိုင်ငံရေးကို လိုက်စားခဲ့ရာ၊ ၁၉၀၆ ခုနှစ်တွင် ဗြိတိသျှပါလီမန်၏ အောက်လွှတ်တော်အမတ် ဖြစ်လာသည်။ ပါအလီမန်သို့ အကြိမ်ကြိမ်အဖန်ဖန် အရွေးခံခဲ့ရသည်။ ၁၉၁၀ ပြည့်နှစ်၌ ပါလီမန်အဖွဲ့ဝင် ဥပဒေအရာရှိချုပ်အဖြစ် ဆောင်ရွက်စဉ် ‘ဆာ’ (Sir) ဘွဲ့ဖြင့် သူကောင်းပြု ခြင်း ခံရသည်။ ၁၉၁၃ ခုနှစ်၌ နိုင်ငံတော်ရှေ့နေအုပ် ဖြစ်လာသည်။ ၁၉၁၅-၁၆ ခုနှစ်အတွင်းတွင် ပြည်ထဲရေးဌာန ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့ ရာမှ အရွယ်ရောက်သူယောကျာ်းတိုင်း စစ်မှုထမ်းရမည်ဟူသောစနစ်ကို မထောက်ခံနိုင်သောကြောင့် ရာထူးမှ နုတ်ထွက်ခဲ့သည်။

ထို့နောက် ၁၉၁၈ တွင် ပါလီမန်ရွေးကောက်ပွဲ၌ ရှုံးနိမ့်ပြီးလျှင် ၁၉၂၂ ခုနှစ်သို့ ရောက်သောအခါမှ ပြန်လည်အရွေးခံရသည်။ ထိုအချိန်မှ စ၍ ပါလီမန်အမတ်အဖြစ်ဖြင့် အစဉ်တစိုက် ဆောင်ရွက်လာခဲ့ရာ၊ ၁၉၂၇-၃၀ ပြည့်နှစ်အတွင်း၌ အိန္ဒိယပြည်အား ကိုယ်ပိုင်အုပ်ချုပ်ရေးပေးရန် ကိစ္စ နှင့် စပ်လျဉ်း၍ ပါလီမန်မှ ပြဋ္ဌာန်းဖွဲ့စည်းလိုက်သော စုံစမ်းရေးကော်မရှင် အဖွဲ့တွင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုအစီရင်ခံစာကို ဆိုင်မွန် ကော်မရှင်အစီရင်ခံစာဟု အမည်တွင်ခဲ့သည်။ ယင်းအစီရင်ခံစာ၌ မြန်မာရော အိန္ဒိယပါ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မတန်သေးပါဟု ဆိုထားသည်။ ထို့ပြင် အင်္ဂလိပ်တို့ မူလရည်ရွယ်ချက်အတိုင်း မြန်မာနိုင်ငံကို အိန္ဒိယမှ ခွဲထုတ်၍ ဒိုင်အာခီအဆင့်ထက် အနည်းငယ်သာသော အုပ်ချုပ်ရေးမျိုးကိုသာ ပေးသင့် သည်ဟု အကြံပြုထားသည်။

စုံစမ်းရေးကော်မရှင်ဥက္ကဋ္ဌအဖြစ်ဖြင့် အိန္ဒိယ၌ရှိစဉ် ဝတ်လုံလိုက်ခြင်း ဆက်လက်မပြုတော့ဟု ကြေညာခဲ့သည်။ ဝတ်လုံလိုက်စဉ်က ဝင်ငွေ တစ်နှစ်လျှင် စတာလင်ပေါင်ပေါင်း ၅သောင်းမျှ ရရှိသည်။
ဆာဂျွန်ဆိုင်မွန်သည် ၁၉၃၁ တွင် ဗြိတိသျှအစိုးရ၏ နိုင်ငံခြားရေးရာ ဌာနဝန်ကြီး ဖြစ်လာလေသည်။ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၉၃၅ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည်။ ၁၉၃၅-၃၇တွင်မူ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး အဖြစ် ဆောင်ရွက်သည်။ ၁၉၃၇-၄၀ တွင် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ဆောင်ရွက်သည်။ ၁၉၄၀ ပြည့်နှစ်တွင် ချိန်ဗာလိန်နှင့်အတူ ဝန်ကြီးရာထူးမှ နုတ်ထွက်ရလေသည်။ ၁၉၃၁ ခုနှစ်မှစ၍ သူသည် လစ်ဒရယ်နေရှင်နယ် ပါတီ၏ ခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ရသည်။

၁၉၄၀ ပြည့်နှစ်တွင် ဗိုင်းကောင့် (Viscount) ခေါ် မှူးမတ်ငယ် အဖြစ် သူကောင်းပြုခြင်းခံခဲ့ရသည်။ ဗြိတိသျှအထက်လွှတ်တော် ပါဝင်ကာ ယင်းလွှတ်တော်၏ သဘာပတိ (လော့ဒ်ချန်စယ်လာ) အဖြစ် ၁၉၄၅ ခုနှစ် အထိ ဆောင်ရွက်ခဲ့သည်။ ဗြိတိသျှအထက်လွှတ်တော်သည် ဗြိတိန်နိုင်ငံ၏ အမြင့်ဆုံး အယူခံတရားရုံးလည်း ဖြစ်သည်။ အထက်လွှတ်တော် သဘာပတိ မှာ နိုင်ငံတော်တရားရေးဝန်ကြီးချုပ်လည်း ဖြစ်သည်။ ၁၉၄၅ ခုနှစ်တွင် ညွန့်ပေါင်းအစိုးရ ပြုတ်ကျသောအခါ အထက်လွှတ်တော်အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ခဲ့သည်။ ဗိုင်းကောင့်ဂျွန်ဆိုင်မွန်သည် မြန်မာ့သမိုင်းတကွာ ၌ ထင်ရှားသော နိုင်ငံရေးသမားတစ်ဦးဖြစ်သော်လည်း မြန်မာတို့ကို အထင်အမြင်သေး၍ ကိုယ်ပိုင်အုပ်ချုပ်ရေးမပေးလိုသော ဗြိတိသျှဘက်တော် သား တစ်ဦးဖြစ်သည်။ ဗိုင်းကောင့်ဂျွန်ဆိုင်မွန်သည် ၁၉၅၄ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် လန်ဒန်မြို့၌ ကွယ်လွန်ခဲ့သည်။

စာကိုး

၁။ မြန်မာ့စွယ်စုံကျမ်း အတွဲ-၄၊ ရန်ကုန် စာပေဗိမာန်၊ စကြိမ် ၁၉၇၅။
၂။ မြဟန်၊ ကိုလိုနီခေတ် မြန်မာ့သမိုင်းအဘိဓါန်၊ ရန်ကုန်အားမာန်သစ် စာပေ၊ စကြိမ် ၂၀၁၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

One Response to သန်းဝင်းလှိုင် – ဆာဂျွန်ဆိုင်မွန်

  1. Dr. Maung Maung Gyi on December 13, 2018 at 8:46 pm

    (1) The Report of the Joint Select Committee on the Government of India Bill 1919, III, Clause 41: where it was written: “after hearing evidence the Committee have not advised that Burma should be included within the scheme. They do not doubt but that the Burmese have deserved and should receive a Constitution analogous to that provided in this Bill for their Indian fellow-subjects. But Burma is only by accident part of the responsibility of the Governor General of India. The Burmese are as distinct from the Indians in race and language as they are from the British”.

    (2) The Report of the Indian Statutory Commission vol. II London, 1930, vol. II § 224: In 1927, The Indian Statutory Commission, popularly known as the “Simon Commission”, was appointed under the chairmanship of Sir John Simon. This Commission gave its opinion: “We hold that the first step towards the attainment of full responsible government in Burma is the separation of Burma from the rest of British India….We would add that Burma’s political connection with India is wholly arbitrary and unnatural. It was established by the British rulers of India by force of arms and being maintained for the sake of administrative convenience. It is not an association of two peoples having natural affinities tending towards union … there is nothing common between the two peoples”.

    (3) The Cambridge History of the British Empire, Cambridge, 1932, p. 761: where it is written “it is not improbable that Burma would be better administered and would enjoy improved opportunities for progress, if it were detached from India”.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)