သန်းဝင်းလှိုင် – ဗြိတိသျှစစ်သေနာပတိ ဗိုလ်ချုပ်မှူးကြီး ဆာဝီလျံစလင်း

December 19, 2018

သန်းဝင်းလှိုင် – ဗြိတိသျှစစ်သေနာပတိ ဗိုလ်ချုပ်မှူးကြီး ဆာဝီလျံစလင်း

(မိုးမခ) ဒီဇင်ဘာ ၁၉၊ ၂၀၁၈

ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ်ရှိ အားကစားကွင်းကို တစ်ချိန်က ဗြိတိသျှစစ်သေနာပတိ ဆာဝီလျံ၊ ဂျေ၊ စလင်းကို ဂုဏ်ပြုသောအားဖြင့် ”စလင်းကွင်း”ဟု အမည်မှည့်ခေါ်ခဲ့ ကြသည်။ ဆာဝီလျံဂျိုးဇက်စလင်း (Sir William Joseph Slim KG, GCB, GCMG, GCVO, GBE, DSO, MC, K St.J) ၁၈၉၁ ခုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဖွားမြင်၍ ဘာမင်ဂမ်မြို့ ကင်းအက်ဒဝပ်ကျောင်းတွင် ပညာသင်ကြားခဲ့ သည်။ ကျောင်းမှထွက်သောအခါ အခြားအဆင့်ရိုးရိုးစစ်သည် အဖြစ် စစ်ထဲသို့ ဝင်ရောက်အမှုထမ်းခဲ့သည်။ သို့သော် မကြာ မီပင် ဗိုလ်သင်တန်းသို့ တက်ခွင့်ရပြီး ဝါစစ်ရှိုင်းယားတပ်ရင်း တွင် ဗိုလ်အဆင့်ရာထူး တိုးမြှင့်ခံရသည်။

ပထမကမ္ဘာစစ်ကြီးအတွင်း ဂလစ်ပိုလီ၊ ပြင်သစ်နှင့် မက် ဆိုပိုတေးမီးယား စစ်မြေပြင်များ၌ ရွပ်ရွပ်ရွံ့ရွံ့ သက်စွန့်ကြိုးပမ်း အမှုထမ်းရွက်ခဲ့သဖြင့် ဘွဲ့တံဆိပ်များ ချီးမြှင့်ခံရသည်။ ပထမကမ္ဘာစစ်ကြီး အပြီးတွင် အိန္ဒိယပြည်သို့ သွား ရောက်၍ ဂေါ်ရခါးသေနတ်ကိုင်တပ်ရင်း (General Rifles) အမှတ် (၇) တွင် ထမ်းရွက်ခဲ့ရသည်။ စစ်ကြီးနှစ်ခုကြားကာလ တွင် အိန္ဒိယနိုင်ငံ၌သာ စစ်မှုထမ်းရွက်ရသော်လည်း ၁၉၃၄ မှ ၁၉၃၆ ခုနှစ်အထိ ကမ်ဘာလေဗိုလ်သင်တန်းကျောင်း၌ နည်းပြဆရာအဖြစ် ထမ်းရွက်ခဲ့ရသးသည်။
ဒုတိယကမ္ဘာစစ်ကြီး ၁၉၃၉ စက်တင်ဘာလ ၃ ရက် တွင် ဖြစ်ပွားလာသောအခါ အာဖရိကတိုက်ရှိ ဆူဒန်နယ်တွင် ခြေလျင်တပ်မဟာ အမှတ် ၁၀ ကို အုပ်ချုပ်ကွပ်ကဲရပြီးလျှင် အီရစ်ထရီးယားတိုက်ပွဲတွင် ပါဝင်တိုက်ခိုက်ခဲ့ရသည်။

ထို့နောက် ဗိုလ်မှူး၊ ဗိုလ်မှူးကြီး၊ ဗိုလ်မှူးချုပ်၊ ဗိုလ်ချုပ် အဆင့်ဆင့် တိုးမြှင့်ခံရပြီးနောက် DSO (Distinguished Service of Order)) ခေါ် စစ်မှုထမ်းကောင်းတံဆိပ်ကို ရရှိခဲ့ သည်။ ယင်းနောက် အာရှအရှေ့တောင်ပိုင်း မြန်မာပြည် စစ် မျက်နှာသို့ ၁၉၄၂ ခုနှစ်တွင် စေလွှတ်ခံရပြီးနောက် ဆာဝီလျံ စလင်းသည် အမှတ် ၁၄ ဗြိတိသျှတပ်မဟာကို ကွပ်ကဲအုပ်ချုပ် ခဲ့ရသည်။

အမှတ်(၁၄) ဗြိတိသျှတပ်မတော် ဗိုလ်ချုပ်ကြီးဝီလျံစလင်း ၏ စစ်ဌာနချုပ်သည် မိတ္ထီလာမြို့တွင် တပ်စွဲနေစဉ် ဗိုလ်ချုပ် အောင်ဆန်းသည် ၁၉၄၅ ခု၊ မေလ ၁၆ ရက်နေ့တွင် စစ်ရေး ကိစ္စနှင့် ပတ်သက်၍ ဝီလျံစလင်းထံ သွားရောက်တွေ့ဆုံလေ သည်။ ထိုသို့ ဗိုလ်ချုပ်အောင်ဆန်း သွားရောက်ရာတွင် ဒုတိယ ဗိုလ်ချုပ်ကြီးစလင်းက ဗိုလ်ချုပ်အောင်ဆန်း၏ ပုံရိပ်ကို သူ ရေးသားခဲ့သော ”အရှုံးမှအနိုင်သို့” (Defeat into Victory)) စာအုပ်၌ အောက်ပါအတိုင်း ရေးသားဖော်ပြခဲ့လေသည်။

”ကျွန်ုပ်အတွက် ဖြေရှင်းရန် ပြဿနာများ ကျန်နေသေး သည်။ ပြဿနာတစ်ခုမှာ ဗမာပြည် မြို့ပြအုပ်ချုပ်ရေးဖြစ်၍၊ အခြားပြဿနာမှာ ဂျပန်တို့အား ပြန်လည်၍ တိုက်ခိုက်နေသော ဗမာ့အမျိုးသားတပ်မတော်အား မည်ကဲ့သို့ သဘောထား၍ မည်ကဲ့သို့ ဆက်ဆံရမည်ဆိုသော ပြဿနာပင် ဖြစ်၏။ ဤတပ်မတော်သည် ကျွန်ုပ်တို့၏ ရန်သူအား ဒုက္ခပေးနိုင် လိမ့်မည်ဟု ကျွန်ုပ်သည် ဗမာပြည်တိုက်ပွဲ အစကပင် ယုံကြည် နေခဲ့၏။ သို့သော် ဤတပ်မတော်၏ လှုပ်ရှားမှုမှန်သမျှကို ကျွန်ုပ်တို့၏ လှုပ်ရှားမှုနှင့် ပူးတွဲ၍ မထားခဲ့ပါမူ၊ ဤတပ်မတော် သည် ဂျပန်တို့အား ဒုက္ခပေးခဲ့သလိုပင် ကျွန်ုပ်တို့အားလည်း ပြန်၍ဒုက္ခပေးနိုင်သည်ကို ကျွန်ုပ် သိပြီး ဖြစ်သည်။ ထို့ကြောင့် ဤဗမာ့အမျိုးသားတပ်မတော်တွင် ပါဝင်သော စစ်သည်တော် တို့အား နှစ်ဦးနှစ်ဖက် နှစ်သက်ကျေနပ်စွာ ချုပ်ကိုင်ထားနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သူတို့၏ ဗိုလ်ချုပ်ဖြစ်သော အောင်ဆန်းအား ကျွန်ုပ်၏ အမိန့်များကို လိုက်နာအောင် ပြုလုပ် ရေးပင် ဖြစ်၏။

အောင်ဆန်းအကြောင်းကို ကျွန်ုပ်သိထားသမျှနှင့် ဗမာ့ မျိုးချစ်များ အကြောင်းကို ကျွန်ုပ်နားလည်ထားသမျှ အကြောင်း အချက်များအရ အောင်ဆန်းအား ကျွန်ုပ်၏အမိန့်ကို နာခံရန် ပြုလုပ်ရေးမှာ လွယ်ကူမည်မဟုတ်ကြောင်း ကျွန်ုပ်သဘော ပေါက်ထားသည်။ သို့သော် တတ်နိုင်သမျှ ကြိုးစားကြည့်မည် ဟု ဆုံးဖြတ်ထားသည်။

အောင်ဆန်းသည် ဖြစ်ပေါ်လာသော အခြေအနေကို လက်တွေ့သုံးသပ်၍ လုပ်ဆောင်တတ်သူဖြစ်သည်။ ၁၉၃၀ ပြည့်နှစ်က ရန်ကုန် တက္ကသိုလ်တွင် ကျောင်းသားများနည်းတူ နိုင်ငံရေးတွင် တက်တက်ြွကြွက ပါဝင်ခဲ့သည်။ အခါပေါင်း များစွာပင် ပြင်းထန်သော နိုင်ငံရေးလုပ်ငန်းများ၌ ပါဝင်ခဲ့သည်။ ၁၉၃၉ ခုနှစ်သို့ ရောက်သောအခါ သူသည် အယူသည်း နိုင်ငံရေးအဖွဲ့အစည်းတစ်ခု (ဗမာ့ထွက်ရပ်ဂိုဏ်း)တွင် အတွင်း ရေးမှူး ဖြစ်လာပြီးနောက် သူ၏ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ထောင် ၁၅ ရက်ခန့် ကျခံခဲ့ရသည်။
ဤအချိန်လောက်တွင်ပင် စိတ်ဓာတ်တက်ြွကသလောက် ထွန်းထွန်းပေါက်ပေါက် လုပ်နိုင်သော လူငယ်နိုင်ငံရေး မျိုးချစ် ဖြစ်သူ အောင်ဆန်းအား ဂျပန်ကိုယ်စားလှယ်များက သူတို့ လုပ်ငန်းတွင် လက်ကိုင်တုတ်အဖြစ် တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်မည်ဟု ယူဆကာ အောင်ဆန်းနှင့် ဆက်သွယ်မှု ယူတော့သည်။

၁၉၄၀ ပြည့်နှစ်တွင် အောင်ဆန်း ပါဝင်သော အစည်း အရုံးမှာ မတရားသင်းအဖြစ် ကြေညာခြင်းခံရပြီး အောင်ဆန်း နှင့်တကွ နောင်တွင် ရဲဘော်သုံးကျိပ်ဝင်ဖြစ်မည့်သူတို့သည် ပုလိပ်များကို လှည့်စားကာ ဂျပန်သို့အရောက် ကိုယ်ရောင် ဖျောက်နိုင်ခဲ့ကြ၏။ ဂျပန်တွင် အောင်ဆန်းနှင့် သူ၏ရဲဘော်များ ကို စစ်သင်တန်းတက်စေပြီးနောက် ဂျပန်သည် မကြာမီပင် ဗမာ့မြေကြီးပေါ်မှ အင်္ဂလိပ်များကို အယုံသွင်းလိုက်တော့သည်။

ဂျပန်က ဗမာပြည်ကို တိုက်ခိုက်သောအခါ အောင်ဆန်း နှင့် သူ့ ရဲဘော်များလည်း တစ်ပါးတည်း ပါလာကြသည်။ သူတို့အဖွဲ့သည် တိုက်ပွဲဖြစ်ပွားရာ ဒေသတစ်လျှောက်၌ ဗမာ ပြောက်ကျားတပ်များ ဖွဲ့ရန်နှင့် ပဉ္စမံတပ်များ ဖွဲ့ရန်အတွက် အမြုတေအဖွဲ့ ဖြစ်လာတော့၏။ ဤပြောက်ကျား တပ်နှင့် ပဉ္စမံတပ်ဖွဲ့များမှာ သူတို့၏ အရှင်သခင်များဖြစ်သော ဂျပန်များ အတွက် များစွာအထောက်အပံ့ဖြစ်သည်ကို ယုံမှားဖွယ် မရှိ။ ၁၉၄၂ ခုနှစ် ကျွန်ုပ်တို့ မြန်မာပြည်မှ ဆုတ်ခွာရစဉ်က ဤ လက်နက်ကိုင်အဖွဲ့သည် ကျွန်ုပ်တို့အား တစ်ခါနှစ်ခါမျှ ရဲဝံ့စွာ လာရောက်တိုက်ခိုက်သည်ကို တွေ့ရသည်။

ဉာဏ်စွမ်းနှင့် ရဲစွမ်းကြောင့် ရှေ့တန်းခေါင်းဆောင် ဖြစ် လာသော အောင်ဆန်းသည် ဗမာ့အစိုးရဖွဲ့ရန် များစွာ လိုလား လျက် ရှိသော်လည်း အောင်ဆန်းမှာ သူတို့ကြိုးဆွဲသည့်အတိုင်း ‘က’မည့် ရုပ်သေး မဟုတ်ကြောင်းကို အနံ့ခံမိလာသော ဂျပန် အာဏာပိုင်တို့က အောင်ဆန်းအား ဗမာအစိုးရအဖွဲ့ခေါင်းဆောင် အဖြစ် မတင်မြှောက်လိုဘဲ ရှိနေကြသည်။
ဂျပန်အာဏာပိုင်တို့သည် သူတို့ကြိုးဆွဲရာ ‘က’ မည့် ‘ဒေါက်တာဘမော်’အား နိုင်ငံတော်အဓိပတိအဖြစ် တင်မြှောက် လိုက်ပြီးနောက် အောင်ဆန်းအား ‘ဗမာ့ကာကွယ်ရေးတပ် မတော်’ (BDA) ဟု အမည်ပြောင်းလိုက်သော ဗမာ့အမျိုး သား တပ်မတော်၏ သေနာပတိအဖြစ်သာ ခန့်ထားလိုက်တော့ သည်။

သို့သော် အောင်ဆန်းအဖို့ ဂျပန်ကပေးသော လွတ်လပ် ရေး ဆိုသည်မှာ မည်ကဲ့သို့သော အဓိပ္ပာယ်ဆောင်သည် ဆိုသည်ကိုသိရန် အချိန်များစွာ မလိုပါချေ။ ကျားကြောက်၍ ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက် ဆိုးသည်ကို အောင်ဆန်း သိလာတော့သည်။ အောင်ဆန်း၏ ထင်ရှားသော နောက်လိုက် တစ်ဦးက ကျွန်ုပ်အား တစ်ခါကပြောဖူးသော စကားမှာ ”အင်္ဂလိပ်တွေက ကျွန်တော်တို့သွေးကို စုပ်တယ်ဆိုရင် ဂျပန်တွေက ကျွန်တော်တို့ချဉ်ဆီ တွေကိုပါ စုပ်တယ်” ဟူ၍ ဖြစ်ပါသည်။

အောင်ဆန်းသည် ဂျပန်တို့နှင့် ပို၍ပို၍ အပေါက် အလမ်းမတည့် ဖြစ်လာသည်။ ၁၉၄၃ ခု စောစောပိုင်းတွင်ပင် အောင်ဆန်းက ဂျပန်အပေါ်တွင် ထားရှိသော သဘောထား များမှာ ပြောင်းလဲနေကြောင်းဖြင့် တောင်ပေါ် ကရင်အမျိုးသား များအကြားတွင် စွန့်စား၍ ကျန်ရစ်ခဲ့သော ‘ဆီးဂရင်းမ်’ ထံမှ သိရှိရသည်။

၁၉၄၄ ခု၊ သြဂုတ်လ ၁ ရက်နေ့တွင် ကျင်းပသော လူထုအစည်း အဝေးပွဲတစ်ခု၌ အောင်ဆန်းသည် ဂျပန်တို့က ပေးသော လွတ်လပ်ရေး ဆိုသည်မှာ အတုအယောင်မျှသာ ဆိုသည်ကိုပင် ပြောင်ပြောင်တင်းတင်း ပြောဆိုလာတော့၏။ ဤအချက်ဖြင့်ပင် ကျွန်ုပ်တို့အတွက် အသုံးဝင်မည့် လူတစ် ယောက် ဖြစ်လာတော့မည်မှာ သေချာလှသည်။

ကျွန်ုပ်တို့၏ အမှတ် ၁၃၆ ထောက်လှမ်းစုံစမ်းရေး အဖွဲ့သည် အထောက်အထားများမှတစ်ဆင့် အဆက်အသွယ် ရှိခဲ့ပြီးဖြစ်ရာ ဗမာ့အမျိုးသား တပ်မတော်က ဂျပန်အား ထ၍ တော်လှန် ပုန်ကန်လိုက်သောအခါ အောင်ဆန်းသည် ပြောသည့် အတိုင်းပင် ပြတ်ပြတ်သားသား လုပ်လာပြီကို တွေ့ရှိရသည့် အတိုင်း သူနှင့် တိုက်ရိုက် ဆက်သွယ်ရန်အချိန်သို့ ရောက် လာခဲ့တော့သည်။
ထို့ကြောင့် အာရှအရှေ့တောင်ပိုင်းဆိုင်ရာ စစ်ဌာနချုပ်၏ သေနာပတိကြီးဖြစ်သူ ရေကြောင်းဗိုလ်ချုပ်ကြီး လော့ဒ်လူဝီ မောင့်ဘက်တန် (Admiral Lord Louis Mountbatten) ၏ သဘောတူခွင့်ပြုချက်အရ အမှတ် ၁၃၆ တပ်ဖွဲ့က အောင်ဆန်း အား ကျွန်ုပ်ထံသို့ ၁၉၄၅ ခု၊ ဧပြီလ ၂၁ ရက်နေ့တွင် လာ ရောက်တွေ့ဆုံ ဆွေးနွေးရန် စီစဉ်ပေးသည်။

အောင်ဆန်းနှင့် ကျွန်ုပ်တို့ တွေ့ဆုံဆွေးနွေးရာ၌ နှစ်ဦး နှစ်ဖက် သဘောတူညီမှု ရသည်ဖြစ်စေ၊ မရသည်ဖြစ်စေ ကျွန်ုပ် က အောင်ဆန်းအား ဘေးမသီ ရန်မခစေဘဲ သူ့လူများထံ ပြန်၍ လွှတ်ပေးပါမည်ဟု ကတိပေးခဲ့ရသည်။

အောင်ဆန်းသည် မေလ ၁၄ ရက်နေ့အထိ ကျွန်ုပ်နှင့် လာရောက် တွေ့ဆုံခြင်း မရှိဘဲ မေလ ၁၅ ရက်နေ့သို့ ရောက်သောအခါမှ သူနှင့် သူ၏အမှုဆောင် အရာရှိတစ်ဦးသည် ဧရာဝတီမြစ်ကို အာလံ (အောင်လံ) မှနေ၍ ဖြတ်ကူးလာပြီး ကျွန်ုပ်နှင့် တွေ့ဆုံခွင့်ပေးပါဟု တောင်းဆိုလာကြောင်းဆိုင်ရာမှ သတင်းပို့လာသည်။ ကျွန်ုပ်သည် ကျွန်ုပ်၏ ဌာနချုပ် ရှိရာ မိတ္ထီလာမှ လေယာဉ်တစ်စင်း စေလွှတ်၍ အောင်ဆန်းနှင့် သူ၏ အမှုဆောင်အရာရှိအား နောက်တစ်နေ့ (မေလ ၁၆ ရက်နေ့) တွင် အခေါ် လွှတ်လိုက်၏။

ဂျပန်ဗိုလ်ချုပ်နှင့် ကောင်းကောင်းကြီးတူသော မေဂျာဂျင် နရယ် (ဗိုလ်ချုပ်ကလေး) စစ်ဝတ်စုံကို ဝတ်ကာ၊ ခါးတွင် ဆာမူရိုင်းဓားရှည် ချိတ်ထားသော အောင်ဆန်းကို ရုတ်တရက် တွေ့လိုက်ကြရသော ကျွန်ုပ်၏ ဌာနချုပ်မှ အဖွဲ့သားတစ်ဦး နှစ်ဦးမှာ ပထမတွင် အတော်ပင် ထိတ်လန့် တုန်လှုပ်သွား ကြ၏။ မည်သို့ပင်ဖြစ်စေ အောင်ဆန်းသည် အယဉ်ကျေးဆုံး ပြုမူဆက်ဆံ ပြောဆိုသည်။ ကျွန်ုပ်ကလည်း သူ့လိုပင် ယဉ်ကျေးစွာ ဆက်ဆံသည်။

လူလတ်ပိုင်း အရွယ်လောက်ရှိသော အောင်ဆန်းသည် ကိုယ်ခန္ဓာ တောင့်တောင့်တင်းတင်းနှင့် စစ်သားဥပဓိရုပ်ကို ဆောင်ထားသူဖြစ်သည်။ မျက်နှာအသွင်အပြင်မှာ ရိုးရိုးဗမာ တစ်ယောက်၏ အသွင်အပြင်ပင် ဖြစ်သော်လည်း အေးဆေး တည်ငြိမ်သည့် အမူအရာ (သို့မဟုတ်) ဟာသဉာဏ်နှင့် ဇဝန ဉာဏ်တို့ ရှင်သန်ပေါင်းစပ်ထားသည့် အမူအရာရှိသည်ဟု ဆို နိုင်သည်။ သူသည် အင်္ဂလိပ်စကားကို ကောင်းစွာပြောနိုင် ကြောင်း တွေ့ရ၏။ သူဝတ်စားထားပုံမှာ သေသပ်သည်။ သူသည် အကင်းပါးသူဖြစ်ပြီး မြန်မာတို့ ဓလေ့အတိုင်း ရယ် စရာ၊ မောစရာ ထည့်၍ စကားပြောတတ်သည်။ သူနှင့် အတူပါလာသော အမှုဆောင်အရာရှိမှာလည်း အင်္ဂလိပ်စကား ကို ရေလည်စွာ ပြောနိုင်သည်။ ဤအမှုဆောင် အရာရှိဖြစ်သူ၏ ဖခင်မှာ ဗြိတိသျှအမျိုးသား အထက်တန်း အရာရှိကြီးတစ်ဦး ဖြစ်ပြီး၊ ဗမာအမျိုး သမီးတစ်ဦးနှင့် လက်ထပ်ခဲ့သည်ဟု ကျွန်ုပ် ကြားသိရသည်။ ဟုတ်မဟုတ်ကား မပြောတတ်ပေ။

အောင်ဆန်းနှင့် ကျွန်ုပ် ပထမအကြိမ် တွေ့ဆုံပွဲတွင် အောင်ဆန်းက သူသည် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ် လပ်ရေး အဖွဲ့ချုပ်ကြီးမှတစ်ဆင့် ဗမာပြည်သူလူထုက ဖွဲ့စည်း ထားသော ဗမာပြည်ယာယီအစိုးရအဖွဲ့၏ ကိုယ်စားလှယ်တော် ဖြစ်ကြောင်း၊ သူနှင့်တကွ သူ၏ ဗမာ့အမျိုး သားတပ်မတော် သည် ဤအစိုးရအဖွဲ့၏ အမိန့်ကို နာခံဆောင်ရွက်ရကြောင်း၊ သူသည် မဟာမိတ် စစ်သေနာပတိတစ်ဦး ဖြစ်သည့်အလျောက် ကျွန်ုပ် နှင့် ပူးတွဲဆောင်ရွက်လိုသော ဆန္ဒရှိကြောင်း ကျွန်ုပ်၏ လက်အောက်ခံ စစ်ဗိုလ်ချုပ်အဖြစ် ဆောင်ရွက်နိုင်မည် မဟုတ် ကြောင်း တင်ပြပြောဆိုသည်။

ကျွန်ုပ်က သူပြောပြသော ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ် ရေး အဖွဲ့ချုပ်ဆိုသည်ကို နားမလည်ကြောင်း၊ ထို့ကြောင့် ထိုအဖွဲ့ချုပ်၏ ကိုယ်စားလှယ်ဆိုသည်ကိုလည်း သဘောမပေါက်ကြောင်း၊ ကျွန်ုပ်နှင့်တကွ တစ်ကမ္ဘာလုံးက နားလည်သိရှိနေသည်မှာ ဗမာပြည်အစိုးရဟု ဆိုသည်နှင့် တစ်ပြိုင်နက် ဘုရင့်အစိုးရကိုသာ ဆိုလိုသည်ကို နားလည် ကြောင်း၊ ယခု အချိန်၌ ဘုရင့်အစိုးရသည် အာရှအရှေ့ တောင်ပိုင်းဆိုင်ရာ စစ်သေနာပတိချုပ်မှတစ်ဆင့် ဗမာပြည် ဆိုင်ရာ ကိစ္စအရပ်ရပ်ကို ဆောင်ရွက်နေကြောင်း၊ ထို့ကြောင့် ဗမာပြည် ယာယီအစိုးရ၏ ကိုယ်စားလှယ်ဆိုသည်မှာ မရှိတော့ ကြောင်း အောင်ဆန်းအား ပြောပြပါသည်။

သူသည် ကျွန်ုပ်ထံမှ ကြားရသော စကားကြောင့် စိတ် ပျက်သွား ပုံရသော်လည်း သူ့အား မဟာမိတ် စစ်ဗိုလ်ချုပ် တစ်ဦးအဖြစ် ဆက်ဆံရန် ထပ်မံ၍ တင်ပြတောင်းဆိုပြန်သည်။ ကျွန်ုပ်သည် အောင်ဆန်း၏ ရဲဝံ့ပုံကို စိတ်ထဲမှ အံ့သြ လိုက်မိပြီး နှုတ်မှလည်း ဤအတိုင်း ပြောပြလိုက်ပြီး ”ဗြိတိသျှ အစိုးရရဲ့ လက်အောက်ခံ တိုင်းရင်းသားဖြစ်တဲ့ ခင်ဗျားဟာ ဗြိတိသျှအစိုးရကို ပြန်ပြီး ပုန်ကန်တိုက်ခိုက်တဲ့ကိစ္စကို ဘေးဖယ် ထားလိုက်ဦး။ ခင်ဗျားကို လူသတ်မှုနဲ့ အရေးယူဖို့ ပြောနေတဲ့ လူတွေ ကျုပ် ဌာနချုပ်ထဲမှာ ရှိနေတယ်။ သက်သေတွေရော၊ သက်သေခံပစ္စည်းတွေရော အားလုံးအသင့်ပဲ။ ခင်ဗျားတို့ကို ကျုပ် ဌာနချုပ်က ပြန်လွှတ်ဖို့ဆိုတာ ကြားလူတစ်ယောက်က ပြောခဲ့တဲ့စကားပဲ ဖြစ်တယ်။ ခင်ဗျားဆီမှာ ဘာမှ စာနဲ့ ပေနဲ့ ဝန်ခံထားတာ မရှိဘူးမဟုတ်လား။ ဒီတော့ ဒီကိုလာပြီး ဒီလိုတောင်းဆိုချက်တွေ လုပ်နေတာဟာ ခင်ဗျား အန္တရာယ်ကို ခင်ဗျား ရှာနေတာနဲ့ တူမနေဘူးလား” ဟု မေးလိုက်၏။
”မတူပါဘူး”
အောင်ဆန်းက တိုတိုတုတ်တုတ်ပင် အဖြေပေးလေသည်။
”ဘာဖြစ်လို့လဲ”
”ဘာဖြစ်လို့လဲဆိုတော့ ခင်ဗျားဟာ ဗြိတိသျှစစ်ဗိုလ်ချုပ် တစ်ယောက် ဖြစ်နေလို့ပါပဲ” (ဗြိတိသျှတို့သည် ကတိတည် သည်ဟူသော အဓိပ္ပာယ်ပင် ဖြစ်သည်)

အောင်ဆန်းသည် ဤစကားတစ်ခွန်းဖြင့် ကျွန်ုပ်အပေါ် တွင် အနိုင်ကြီး နိုင်သွားတော့သည်။
ကျွန်ုပ်သည် အောင်ဆန်း ပြန်၍ ဖြေလိုက်ပုံကို သဘော ကျကာ ဟက်ဟက်ပက်ပက် ရယ်လိုက်မိပြီး-
”ဗြိတိသျှတွေကို ဒါလောက်အထင်ကြီးနေရင်လည်း ဘာဖြစ်လို့ ဗြိတိသျှတွေကို မောင်းထုတ်ဖို့ ဒါလောက်ကြိုးပမ်း နေရတာလဲ”
ဟု မေးလိုက်၏။
အောင်ဆန်းက သူသည် ဗြိတိသျှများကို မုန်း၍ ဤကဲ့သို့ တိုက်ထုတ်ရန် ကြိုးစားနေခြင်း မဟုတ်ကြောင်း၊ သူ့တိုင်းပြည် ကို ဗြိတိသျှသော်လည်းကောင်း၊ ဂျပန်သော်လည်းကောင်း အခြား မည်သည့်နိုင်ငံမဆိုသော်လည်းကောင်း လာ၍ အုပ်စိုး နေခြင်းကို မလိုလား၍သာဖြစ်ကြောင်း ပြောပြသည်။

ကျွန်ုပ်က သူ့သဘောထားကို နားလည်သော်လည်း ကျွန်ုပ်မှာ စစ်သားတစ်ယောက်သာဖြစ်၍ ဗမာပြည်၏ အနာဂတ်အစိုးရအကြောင်းကို ဆွေးနွေးပိုင်ခွင့် မရှိကြောင်း၊ ဗြိတိသျှအစိုးရသည် ဗမာပြည်အား ဗြိတိသျှဓနသဟာယ အတွင်းတွင် ကိုယ်ပိုင်ပြဋ္ဌာန်းနိုင်ခွင့်ရှိသောနိုင်ငံအဖြစ် ထူ ထောင်ပေးရန် ဆန္ဒရှိကြောင်းကို ထုတ်ဖော်ပြောဆိုထားပြီး ဖြစ်ရာ ကျွန်ုပ်တို့အတွက် ဆွေးနွေးစရာအချက်မှာ ဗမာပြည် အတွင်းရှိ ဂျပန်များအား မည်သည့်နည်းဖြင့် မောင်းထုတ်ခြင်း သည် အကောင်းဆုံးဆိုသည်ကို ဆွေးနွေးရန်ပင် ဖြစ်ကြောင်းဖြင့် ပြောဆိုသည်။

ကျွန်ုပ်နှင့်အောင်ဆန်းသည် စိတ်ထားနှလုံးထားကောင်း ကောင်းဖြင့် ဆက်၍ ဆွေးနွေးကြသည်။
ကျွန်ုပ်က သူ ဦးစီးသော ဗမာ့အမျိုးသား တပ်မတော်၏ လူအင်အားနှင့် ယခုအချိန်တွင် သူ၏တပ်ဖွဲ့များ စခန်းချထား သော ဌာနများ၏ စာရင်း ကိုပေးရန် တောင်းဆိုသည်။ သူသည် ဤစာရင်းကို မပေးလိုဟူ၍လည်း ကောင်း၊ မပေးနိုင်ဟူ၍ လည်းကောင်း ကျွန်ုပ် ယူဆထားသည့်အနက် အကြောင်းနှစ်ရပ် စလုံးပင် အနည်းငယ်စီ အကျုံးဝင်လိမ့်မည်ဟု ထင်ရ၏။ ကျွန်ုပ်တို့သည် ဤစာရင်းကို ရရှိရန်အတွက် အတော်ပင် ဖိ၍ပြော သည်။ သို့သော် အောင်ဆန်းထံမှ အဖြေဟူ၍ တိတိကျကျ မရ။ သူသည် သူ့တပ်မတော်၏ အင်အား ယခု အချိန်၌ မည်မျှရှိသည်ကိုလည်းကောင်း၊ တပ်မတော်မှ တပ်ဖွဲ့ များ မည်သည့်ဒေသသို့ ရောက်ရှိနေသည်ကိုလည်း ကောင်း၊ သို့မဟုတ် အချို့သောတပ်ဖွဲ့များ မည်သို့ပြုလုပ်နေသည်ကို လည်းကောင်း၊ ဂဃနဏ သိရှိထားခြင်းမရှိဟု ကျွန်ုပ်က ထင်မြင်ယူဆမိလေ သည်။

ကျွန်ုပ်က သူ၏ ဗမာ့အမျိုးသား တပ်မတော်ဟူသော အမည်ကို ခံယူလျက်၊ လက်နက်စွဲကိုင်ကာ ဗမာ ဗမာ လုယက်တိုက်ခိုက်နေသောအဖွဲ့များ ရှိနေသည်ကို သတင်း ရကြောင်း၊ ထိုအဖွဲ့များသည် ဓားပြများထက် မသာကြောင်းကို ပြောပြလိုက်သောအခါ အောင်ဆန်းက သူနှင့် ကျွန်ုပ်တို့သည် ထိုကဲ့သို့သော အဖွဲ့များကို ပြင်းပြင်းထန်ထန် နှိပ်ကွပ် ရမည်ဖြစ်ကြောင်းဖြင့် ချက်ချင်းပင် ဝန်ခံလိုက်သည့်အတွက် ထိုသို့အလွယ်တကူ ဝန်ခံပုံကို ကျွန်ုပ် အံ့သြရပြန်တော့သည်။

သူသည် လက်နက်ကိုင် အဖွဲ့အစည်းများအကြောင်းနှင့် ဆက်နွယ်ရင်း ဂျပန်က တကယ့်လွတ်လပ်ရေး အစစ်အမှန်ကို ပေးမည်ဟု မျှော်လင့်ခဲ့ကြောင်း၊ သို့သော် ဂျပန်က တကယ့် အစစ်အမှန် လွတ်လပ်ရေးကို ပေးမည့်အစား ပိုမိုနှိပ်ကွပ်လာ သည်ကို တွေ့လာရသောအခါ ကျွန်ုပ်တို့ ဗြိတိသျှတို့က ပေး သော ကတိကို ယုံကြည်၍ ကျွန်ုပ်တို့နှင့် ပူးပေါင်းရန် ဆန္ဒရှိ လာကြောင်းဖြင့် ပြောပြနေသည်။
ကျွန်ုပ်တို့က သူ့စကားကိုဖြတ်ကာ-
”ဒါဖြင့် ခင်ဗျားက ကျွန်ုပ်တို့ အနိုင်ရနေတာ တွေ့နေ တော့မှ ကျုပ်တို့ဆီ လာတာပေါ့ ဟုတ်လား”
ဟု မေးလိုက်ပါသည်။
ဤတွင် အောင်ဆန်းက-
”ခင်ဗျားတို့ ရှုံးနေတုန်း၊ ခင်ဗျားတို့ဆီ ကျုပ်တို့လာလို့ ဘယ်လိုလုပ်ပြီး အကျိုးရှိမှာလဲခင်ဗျာ” ဟု ရိုးရိုးပင် အဖြေပေး လိုက်ပါသည်။

သူ ပေးလိုက်သောအဖြေမှာ သွေးထွက်အောင် မှန်နေပြန် သည်။ သည် တစ်ချီတွင်လည်း အောင်ဆန်းသည် ကျွန်ုပ်အပေါ် တွင် အနိုင်ရသွားခဲ့ပြန် လေပြီ။ ကျွန်ုပ်သည် သူ၏ရိုးသားမှုကို သဘောကျနေမိသည်။ အမှန်တော့ ကျွန်ုပ်သည် အောင်ဆန်းကို အလွန်ပင် သဘောကျနေမိပြီ ဖြစ်သည်။

ကျွန်ုပ်က စစ်ကြီးပြီးသည့်အချိန်တွင် ယခင်က ရှိနေခဲ့ သော ဗြိတိသျှ အရာရှိများ ဦးစီးသည့် တပ်မတော်ကို ယခုရှိ နေဆဲ လက်နက်ကိုင်တပ်ရင်းများ ဖွဲ့စည်းသည့်မူအတိုင်း ပြန်လည်ဖွဲ့စည်းသင့်ကြောင်း၊ ထိုအချိန်တွင် အောင်ဆန်း၏ ဗမာ့အမျိုးသား တပ်မတော်အတွက် နေရာရှိလိမ့်မည် မဟုတ် တော့ကြောင်း ရှင်းလင်းပြလိုက်သောအခါ အောင်ဆန်းက သူ၏ တပ်များကို အသစ်ဖွဲ့စည်းသော တပ်မတော်တွင် အဖွဲ့လိုက် ထည့်သွင်းပေးရမည်ဟု ချက်ချင်းပင် တောင်းဆိုလာတော့၏။

ဤတောင်းဆိုချက်မှာ ဗိုလ်ချုပ်တစ်ယောက်က မိမိ၏ ရဲဘော်ရဲဘက်များ အလုပ်လက်မဲ့ မဖြစ်စေရန် တောင်းဆိုမှုများ မဟုတ်ဘဲ၊ နိုင်ငံရေး တောင်းဆိုချက် ဖြစ်သည်မှာ ထင်ရှားလှ ပါသည်။
မြန်မာ့အမျိုးသား တပ်မတော်မှ တပ်သားများအား ဗမာ ပြည်အစိုးရက အဖွဲ့လိုက်လက်ခံမည် မဟုတ်သည်မှာ သေချာ လှကြောင်း၊ တစ်ယောက်ချင်းအနေဖြင့် ရှေးက ကိုယ်ရေးကိုယ် တာ ရာဇဝင်များကို စစ်ဆေး၍ လက်ခံစရာရှိကြောင်းကို ဖြေကြားလိုက်သောအခါ အောင်ဆန်းက သူ့တပ်များကို အဖွဲ့လိုက် လက်ခံရန်သာ ထပ်၍ တောင်းဆိုနေပါသည်။

သို့သော် သူ့တောင်းဆိုချက်မှာ မည်သည့်နည်းနှင့်မျှ ဖြစ်လာနိုင်စရာ မရှိသည်ကို ကျွန်ုပ်သိပြီး ဖြစ်ပါသည်။
ထို့နောက် အောင်ဆန်းက စစ်မြေပြင်တွင် ဂျပန်များအား တိုက်ခိုက် လျက်ရှိသော တပ်ဖွဲ့များကို ရိက္ခာထောက်ပံ့ပါ မည်လား၊ လစာပေးပါမည်လားဟု မေးမြန်းသည်။ ကျွန်ုပ်က အောင်ဆန်းနှင့်တကွ အောင်ဆန်း၏ တပ်ဖွဲ့ဝင်များ ကျွန်ုပ် လက်အောက်သို့ လာရောက် အမှုမထမ်းမချင်း၊ လစာနှင့်ရိက္ခာ ထောက်ပံ့ရေးပြဿနာကို စဉ်းစားနိုင်မည် မဟုတ်ဟု ဖြေပေး လိုက်သည်။ အောင်ဆန်းနှင့် ကျွန်ုပ်တို့၏ ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးပွဲ နောက်ပိုင်းတွင် အောင်ဆန်းသည် သူ့ တပ်မတော်၊ သူ့အဖွဲ့ချုပ်၏ တကယ့် အခြေအနေမှန်ကို ပို၍ မြင်လာဟန်တူသည်။ သို့သော် သူသည် သူ့ ‘အစိုးရ အဖွဲ့’ နှင့် တိုင်ပင်ပါဦးမည်။ တစ်ပတ်အတွင်း ကျွန်ုပ်နှင့် ထပ်၍တွေ့ ဆုံ ပါဦးမည်ဟု မယုတ်မလွန်ပြောသဖြင့် သူနှင့် သူ့အမှုဆောင် အရာရှိများအား ၄င်းတို့စီးလာသော လေယာဉ်ဖြင့်ပင် ပြန်လည် ပို့ပေးလိုက်ပါသည်။

ကျွန်ုပ်သည် အောင်ဆန်းအား တစ်ဖက်စောင်းနင်း တောင်းဆိုတတ်သော စေ့စပ်ညှိနှိုင်း၍ မရနိုင်သော ပြောက် ကျားခေါင်းဆောင်တစ်ဦးသာ ဖြစ်လိမ့်မည်ဟု အစက မျှော်လင့် ထားခဲ့ရာ သူနှင့် ပထမအကြိမ် တွေ့ဆုံရသည်နှင့် သူသည် ကျွန်ုပ်မျှော်လင့်ထားသော ခေါင်းဆောင်မျိုးမဟုတ်ဘဲ နှိုင်းနှိုင်း ချိန်ချိန် ဆောင်ရွက်တတ်သူဖြစ်ကြောင်း တွေ့လာရပြီး အောင် ဆန်း အပေါ်တွင် များစွာ အထင်ကြီး၍ သွားမိပါတော့၏။ သူသည် အမျိုးကို အချစ်ကြီးချစ်သူ ဖြစ်သော်လည်း မိမိ၏ ဗမာလူမျိုးသာ ကောင်းသည်ဟု ထင်နေသော ဗမာစစ်ဝါဒီ သမား မဟုတ်။ လူမျိုးပေါင်းစုံကို ရိုသေလေးစားသော လူမျိုး ပေါင်းစုံဝါဒကို လက်ခံထားရှိသူသာ ဖြစ်သည်။ ထို့ကြောင့် လည်း သူ၏ လက်တွေ့ဆောင်ရွက်ချက်များသည် တစ်ဖက် စောင်းနင်း မဟုတ်ဘဲ တရားမျှတမှု ရှိခဲ့သည်။ အောင်ဆန်း၏ ‘စရိုက်’မျိုးကား ရှားပါဘိတောင်း။

အောင်ဆန်းအပေါ်တွင် ကျွန်ုပ် အထင်ကြီးမိသော အဓိက အချက်မှာ သူ၏ ရိုးသားပွင့်လင်းမှုပင် ဖြစ်၏။ သူသည် ကျွန်ုပ်နှင့် ပထမအကြိမ် တွေ့ဆုံခဲ့စဉ်က ကျွန်ုပ်တို့နှင့် ပူးပေါင်း ဆောင်ရွက်ရေးကို အလွယ်တကူ လက်ခံခဲ့ခြင်း မရှိသော်လည်း သူသည် ကတိတစ်လုံး ပေးပြီးနောက် ထိုကတိဖျက်မည့် လူစား မျိုးကား မဟုတ်ပါချေ။ ကျွန်ုပ်သည် အောင်ဆန်းနှင့်တွဲ၍ အလုပ်လုပ်နိုင်ပေတော့မည်။

ဤအချိန်၌ ကျွန်ုပ်တို့သည် နေရာအနှံ့အပြားတွင် ဂျပန်နှင့် တိုက်ပွဲ ဖြစ်လျက်ရှိသည်။ ကျွန်ုပ်၏ တပ်များနှင့် အောင်ဆန်း၏တပ်များ ပဋိပက္ခ မဖြစ်ပွားမီ အောင်ဆန်းတပ်များ ၏ ‘အခန်း’ ကို ပြတ်ပြတ်သားသား ဖြစ်ထားဖို့လိုသည်။

ကျွန်ုပ်သည် အောင်ဆန်းနှင့် ဆွေးနွေးပွဲအကြောင်းကို လည်းကောင်း၊ အောင်ဆန်းအပေါ်တွင် ကျွန်ုပ်က ယုံကြည် စိတ်ချသည့်အကြောင်းကိုလည်းကောင်း၊ သက်ဆိုင်ရာ အထက် အရာရှိထံသို့ အစီရင်ခံလိုက်ပြီးနောက် အောင်ဆန်းအလာကို မစောင့်တော့ဘဲ တိကျပြတ်သားသော အဆိုပြုချက်များပါ သည့် စာတစ်စောင်ကို သူ့ထံသို့ ပေးပို့လိုက်၏။

ကျွန်ုပ်၏ အဆိုပြုချက်တွင် ဂျပန်ကို ယခုတိုက်ခိုက် လျက်ရှိသော ဗမာ့အမျိုးသားတပ်မတော်မှ တပ်ဖွဲ့တိုင်းသို့ လစာနှင့်ရိက္ခာများ ထုတ်ပေးမည်။ တပ်ဖွဲ့တိုင်းသည် နီးစပ်ရာ  ဗြိတိသျှတပ်မှူးများထံသို့သွား၍ သတင်းပို့ပြီးနောက် ထိုဗြိတိ သျှ တပ်မှူးများ၏ အမိန့်ကို နာခံ၍ မိမိတို့ တာဝန်ဝတ္တရား များကို ဆက်လက်ဆောင်ရွက်ရမည်။ ဗမာ့အမျိုးသားတပ်မတော်မှ သင့်လျော်သော ပုဂ္ဂိုလ်များ အား နောင်ဖွဲ့စည်းမည့် ဗမာ့ကာကွယ်ရေးတပ်ဖွဲ့များတွင် ပါဝင်နိုင်အောင် ကျွန်ုပ်က ထောက်ခံပေးမည်။ ကျွန်ုပ်၏ အဆိုပြုချက်များကို အောင်ဆန်းက များစွာ ဈေးဆစ်မနေဘဲ လွယ်လွယ်ကူကူပင် လက်ခံသည်။ အမြဲတမ်း တပ်မတော်ဖွဲ့စည်းရာ၌ ဗမာ့အမျိုးသားတပ်မတော်မှ ပုဂ္ဂိုလ် များကို လက်ခံရာတွင် အရေးကြီးသော ကိစ္စများ၌ သူ့ကို တိုင်ပင်ပြီးမှ ဆုံးဖြတ်ပါဟု တောင်းဆိုသည်။

မေလ ၃၀ ရက်နေ့တွင် ကျွန်ုပ်၏ မြို့ပြရေးရာ လက် ထောက်အရာရှိကြီးက ကျွန်ုပ်နှင့် အောင်ဆန်းတို့၏ သဘော တူညီချက်ကို စစ်သေနာပတိချုပ်ထံ တင်ပြထားကြောင်း၊ ထို သဘောတူညီချက်ကို အကောင်အထည်လည်း ဖော်နေကြောင်း အောင်ဆန်းအား ပြောပြလိုက်သည်။

ရက်အနည်းငယ်အတွင်းတွင်ပင် ကျွန်ုပ်တို့၏ တပ်မှူးများ သည် ဂျပန်ယူနီဖောင်း ဝတ်ဆင်ထားသော ဗမာအမျိုးသား တပ်မတော်မှ တပ်ဖွဲ့ များသည် တာဝန်အတွက် လာရောက် သတင်းပို့သည်ကို အံ့သြစွာ တွေ့နေကြတော့၏။ သူတို့သည် အောင်ဆန်းကတိပေးထားသည့်အတိုင်း ဗြိတိသျှ အရာရှိများ၏ အမိန့်ကို ကောင်းစွာ လိုက်နာသည်ကို တွေ့ရ၏။

ဗမာ့အမျိုးသားတပ်မတော်မှ တပ်ဖွဲ့များသည် ရန်သူ သတင်းကို ထောက်လှမ်းရာ၌လည်းကောင်း၊ ရန်သူအုပ်စု ကလေးများကို ချေမှုန်းရာ၌ လည်းကောင်း များစွာ ‘လက်သံ ပြောင်’ လှပေသည်။
ကျွန်ုပ် အင်္ဂလန်သို့ ခွင့်နှင့်ပြန်နေစဉ် ဗမာ့မျိုးချစ် တပ်မတော်မှ လူ ၄၀ဝ ခန့်စီ အင်အားရှိသော တပ်ရင်း ၅ ရင်းသည် ကျွန်ုပ်တို့၏ အမှတ် ၄ တပ်မကြီးနှင့် လက်တွဲလျက် ပဲခူးရိုးမ ဖြတ်ကျော်ဆုတ်ပြေးမည့် ရန်သူဂျပန်များကို တိုက်ခိုက် နေလေသည်။


”အောင်ဆန်းကား ပေးခဲ့သောကတိ တည်ခဲ့လေသည် တကား” ဟူ၍ သူ၏ ”အရှုံးမှ အနိုင်သို့”(Defeat into Victory) စာအုပ် စာ မျက်နှာ ၄၃၂ တွင် ရေးသားခဲ့လေသည်။

ဤသည်မှာ ဗိုလ်ချုပ်အောင်ဆန်းအပေါ် ဗြိတိသျှစစ်ဗိုလ် ချုပ်ကြီးတစ်ဦး၏အမြင် ဖြစ်သည်။
ဝီလျံစလင်းသည် မြန်မာပြည်ကို ဂျပန်များလက်မှ ပြန်လည်သိမ်းပိုက်ပြီးနောက် ဒုတိယကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် တွင် အရှေ့တောင်အာရှမဟာမိတ်ကြေးတပ်များ၏ သေနာပတိ အဖြစ်ခန့်ထားခြင်းခံရသည်။ ဒုတိယကမ္ဘာအတွင်းမှာပင် ၁၉၄၄ ခုနှစ် ”ဆာ” (SIR) ဘွဲ့ဖြင့် သူကောင်းပြုခံရသည်။ ဒုတိယ ကမ္ဘာစစ်ကြီး ပြီးဆုံးသွားသောအခါ ဗြိတိသျှစစ်ဘက်ဆိုင်ရာ အမြင့်ဆုံးရာထူးဖြစ်သော ဖီးလ်မာရှယ် (Field Marshal) ခေါ် စစ်သူကြီးရာထူး တိုးမြှင့်ပေးအပ်ခြင်းခံရသည့်အဖြစ် CIGS ခေါ် ဗြိတိသျှအင်ပါယာလုံးဆိုင်ရာ ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ခန့်ထားတာဝန်ပေးခြင်းခံရသည်။ သူသည် ၁၉၄၆ တွင် အင်္ဂလန်ပြည် ဘုရင့်စကောလိပ်ကျောင်း၌ ကျောင်းအုပ်အဖြစ် တစ်နှစ်ခန့် အမှုထမ်းခဲ့ရသေးသည်။
ထို့နောက် ၁၉၄၇ ခုနှစ်တွင် ဆဋ္ဌမမြောက်ဂျော့ဘုရင်၏ ကိုယ်ရံတော်ဗိုလ်အဖြစ် ထမ်းရွက်ခဲ့ရသည်။ ထိုနှစ်မှာပင် ပြည်သူပိုင်ပြုလုပ်ထားပြီးဖြစ်သော မီးရထားသယ်ယူပို့ဆောင် ရေးလုပ်ငန်း၏ အုပ်ချုပ်ရေးအဖွဲ့ဝင် ဆောင်ရွက်ရန် စစ်တပ်မှ အနား ယူလိုက်သည်။ သို့သော် ၁၉၄၈ ခုနှစ် အောက်တိုဘာလ တွင် ဗြိတိသျှစစ်တပ်မှ ပြန်လည်ခေါ်ယူ၍ စစ်သူကြီး မောင်ဂိုမာရီ၏နေရာတွင် ဗြိတိသျှတပ်မတော်စစ်ဦးစီးချုပ်အဖြစ် ဆက်ခံထမ်း ရွက်ခဲ့ရသည်။

ယင်းတာဝန်များ ဆောင်ရွက်နေစဉ်အတွင်း အပြည်ပြည် ဆိုင်ရာ ဆွေးနွေးပွဲများ၊ အစည်းအဝေးများသို့ တက်ရောက်ခဲ့ရ သည်။ ၁၉၅၀ တွင် အက်တလီနှင့်တစ်ကြိမ်၊ ၁၉၅၂ တွင် ချာချီနှင့်တစ်ကြိမ် ဝါရှင်တန်ဆွေးနွေးပွဲသို့ လိုက်ပါခဲ့ရသည်။ ၁၉၅၃ ခုနှစ်၊ နှစ်ဦးပိုင်းတွင် စလင်းသည် ဆာဝီလျံမက်ကဲ (Sir William McKell) ၏နေရာကို ဆက်ခံ၍ သြစတြီး ယားနိုင်ငံ၏ ဘုရင်ခံချုပ်အဖြစ် ဆောင်ရွက်ခဲ့ရလေသည်။
သူသည် ၁၉၁၄ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ စစ်မှုထမ်း ခဲ့ပြီးနောက် အငြိမ်းစားယူကာ အသက် ၇၉ နှစ်အရွယ် ၁၉၇၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၄ ရက်တွင် အင်္ဂလန်ပြည် လန်ဒန်မြို့၌ ကွယ်လွန် ခဲ့လေသည်။

ဇနီးဖြစ်သူမှာ အိုင်လင်းရောဘတ်ဆန် ((Aileen Robertson) ဖြစ်ပြီး သမီး Mary Slim (နောင် ဒုတိယမြောက် ဗိုင်းကောင့်စလင်း) ထွန်းကားခဲ့သည်။
ဆာဝီလျံစလင်းသည် အမေရိကန်ပြည်ထောင်စုမှ ချီးမြှင့် သော Chief Commander of the Legion of Merit  ဘွဲ့တံဆိပ်ကိုလည်း ရရှိခဲ့သည်။

စာကိုး
(1)    Richard Mead, Churchill’s Lions: A biographical guid to World War II. Stroud (US): Spellnont. 2007.
(2)    Gerlard Weinberg, A World in Arm A Global History of World War II. Cambridge University Press. 2005.
(3) Field Marchal Sir William Slim, Defeat into Victory, Cassell and Company, 1956.
(၄) သန်းဝင်းလှိုင်၊ သူတို့မြင်သော ဗိုလ်ချုပ်အောင်ဆန်း ရန်ကုန်၊ မိုးကျော်စာပေ၊ ၂၀၁၀။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)