Than Win Hlaing – Articles

September 24, 2013
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

မဟာဂီတ ဦးပြုံးချို (၁၈၇၈ – ၁၉၂၈)
သန်းဝင်းလှိုင်
စက်တင်ဘာ ၂၄၊ ၂၀၁၃


ဂီတလောကတွင်သာမက ဇာတ်သဘင်၊စာပေလောက၌ပင် ကျော်ကြားသော မဟာဂီတဦးပြုံးချိုကို ခရစ် ၁၈၇၈ ခုနှစ်တွင် ဧရာဝတီတိုင်း ကျိုက်လတ်မြို့၌ အဖ ဆရာစီ၊ အမိဒေါ်ထွေးတို့မှ ဖွားမြင်ခဲ့သည်။ ဆရာကြီး ဦးပြုံးချိုကို ကျိုက်လတ်တွင် ဖွားမြင်သော်လည်း ဖခင်မျိုးရိုးမှာ အညာဒေသ သူကောင်းမျိုးရိုး ဖြစ်သည်။
ဗန့်ကျီ၊ ဗန်းမော် စသော ဗန့်ကျီကိုးတိုက်ကို စားရသော ဗန့်ကျီဦးရွှေရုပ်သည် ဦးပြုံးချို၏ ဘေးတော်ဖြစ်သည်။ သာယာဝတီမင်း အရေးတော်ပုံကြောင့် ဆရာကြီး၏ ဘိုးဘေးများ ပြေးလွှားကြရရာတွင် ဧရာဝတီမြစ်ကြောင်းအတိုင်း လှေကြီးများဖြင့် စုန်ပြေးလာပြီး ယခု ပန်းတနော်မြို့ ရေရွာတွင် ရွာတည်၍ နေထိုင်ခဲ့လေသည်။
ဆရာကြီး ဦးပြုံးချိုသည် ဂီတပညာပါရမီ ရင့်သန်သူဖြစ်ရာ (၁၁) နှစ်သား ငယ်စဉ်ကပင် ၁၈၈၉ ခုနှစ်တွင် မေးရိုက်မေးဝဲ သီချင်းများ ခေတ်စားချိန်တွင် လူကြီးများ လက်ဖျားခါရလောက်အောင် ပြုစုစွမ်းနိုင်ခဲ့သည်။  (၁၆) နှစ်သားရောက်သောအခါ မင်းပွဲသဘင်သို့ဝင်၍ ကျော်ကြားသော ဂီတပညာရှင် ဖြစ်နေပေပြီ။ ကျိုက်လတ်၊ ဖျာပုံနယ်သို့ ရောက်လာသမျှ တေးရေးပညာရှင်များနှင့် ပြိုင်သမျှလည်း ဆရာကြီး ဦးပြုံးချိုက အနိုင်ရသည်သာ ဖြစ်သည်။
ဆရာကြီး ဦးပြုံးချိုသည်  ပါရမီရှင်ပီပီ ဂီတတွင်သာမဟုတ်၊ အသက်မွေးဝမ်းကျောင်းပညာ မှန်သမျှ စွယ်စုံတတ်မြောက် ကျွမ်းကျင်သည်မှာ အံ့သြဖွယ်ပင် ဖြစ်သည်။ (၁၃) နှစ်သား အရွယ်တွင် မိဘတို့နှင့် အတူမနေဘဲ ကိုယ့်ထူးကိုယ်ချွန် သဘောမျိုးဖြင့် ကွမ်းခြံကုန်းမြို့နှင့် အခြားမြို့များသို့ သွားရောက် နေထိုင်ကာ ထိုထိုပညာများကို မနေမနား ကြိုးစားရှာမှီးခဲ့ခြင်း ဖြစ်ပေသည်။ ဦးပြုံးချိုသည် ပန်းချီကိုလည်း ကောင်းစွာရေးတတ်၏။ သူကိုယ်တိုင် ဦးစီးတည်ဆောက်သော ဇာတ်ပွဲများတွင် နန်းတော်ကား၊ မြို့ရိုးကား၊ တောကား၊ တောင်ကားမှန်သမျှ သူကိုယ်တိုင်ပန်းချီဆရာလုပ်၍ ရေးဆွဲတပ်ဆင်သော ကားများဖြစ်သည်။
ပန်းချီပညာတွင်သာ မဟုတ်ဘူးသေး။ ပန်းပု၊ ပန်းပဲအတတ်ကိုလည်း တတ်ကျွမ်းပေသေး၏။ သံထည်များ ပန်းဖောက်သောလုပ်ငန်းခေါ် ဗိသုကာအတတ်ကိုလည်း တတ်ကျွမ်း ပေသေး၏။ ဤတွင် ဦးပြုံးချို အသက်အစိတ်ခန့်က နိုင်ငံခြားမှ ရောင်းချသော စလင်ဒါတစ်လုံးထိုး မီးသင်္ဘောကလေးများ သံပတ်သင်္ဘောကလေးများ မြန်မာပြည်တွင် မပေါ်သေးပေ။ သို့ရာတွင် ဤကဲ့သို့ နမူနာအဖြစ်ကြည့်ရန် ပစ္စည်းမရှိပါဘဲလျက် အလျား (၄) ပေ၊ (၅) ပေ ခန့်ရှိ မီးသင်္ဘောကလေးတစ်စင်းကို ဦးပြုံးချို တည်ဆောက်ရာ တစ်နေ့သောအခါတွင် ကျိုက်လတ်မြို့သို့ ရောက်ရှိလာသော အရေးပိုင် မေဂျာမက္ကဆွဲက ဦးပြုံးချိုအား အင်ဂျင်နီယာလက်မှတ် ရှိ မရှိ၊ ရ မရ မေးရာ ဦးပြုံးချိုက လက်မှတ် မရှိကြောင်း သို့ရာတွင် ဧရာဝတီမီးသင်္ဘောကို မောင်းသော သင်္ဘောသူကြီးမှာ သူနှင့် အလွန်ခင်မင်ရင်းနှီးသဖြင့် ဧရာဝတီမီးသင်္ဘောစက်ခန်းထဲသို့ ဝင်၍ ကြည့်ခွင့်ပြုသဖြင့် သုံးကြိမ်ခန့် ဝင်ရောက်ကြည့် ရှုခဲ့ရဖူးသောကြောင့်  ယခုကဲ့သို့ မီးသင်္ဘောကလေးကို လုပ်တတ်လာကြောင်း ဖြေကြားသည်။ အရေးပိုင်က နောက်နောင် မလုပ်ရန်အကြောင်း၊ အစိုးရဖမ်းနိုင်ကြောင်း ရယ်မောပြောဆိုကာ ဦးပြုံးချို၏ သင်္ဘောကို ငွေ (၅ဝ) ပေး၍ ၀ယ်ယူသွားဖူးသည်။
ဤမျှသာမကသေး၊ ပညာရှာပမာ သူဖုန်းစား ဟူသော သြ၀ါဒကို လက်ကိုင်ထားပေသော ဦးပြုံးချို သည် ကမ်းနားတွင် ငါးသလောက် ပိုက်ထိုးနေသော ခေါ်တောကုလားထံ ချဉ်းကပ်၍ ပိုက်ကွန် ထုံးတတ်အောင် သင်ယူသည်။ ယုတ်စွအဆုံး နိုင်ငံတော်အစိုးရက ခွင့်မပြုသည့် ငွေဒင်္ဂါးအတု သွန်းလုပ်နည်းကိုပင် လေ့လာတတ်မြောက် ကျွမ်းကျင်သည်။
ဘုန်းကြီးပျံပွဲသဘင်များတွင် မီးကျည်မီးပန်း၊ ဗြောက်အိုးမပါလျှင် မပြီးဖြစ်ရာ ဆရာကြီး ဦးပြုံးချိုသည် ဤအတတ်ကို တတ်မြောက်၍ ပေထုပ်တစ်ထုပ် (၅) ကျပ်နှုန်းဖြင့် လက်ခံလုပ်ကိုင်ပေးသည်။ ပထမကမ္ဘာစစ်ကြီးပြီးခါနီး ခရစ်နှစ် ၁၉၁၇ ခန့်တွင်  စပါးယိုရွာမှ ဦးဘရှင်ထောင်သော ဇာတ်အဖွဲ့တွင် ဦးပြုံးချိုသည် အုပ်ချုပ်ဇာတ်ဆရာကြီးအဖြစ် လိုက်ပါဦးစီးခဲ့ရသည်။ ဆရာကြီး ဦးပြုံးချိုသည် သမ္မာအာဇီဝ ဖြစ်ပါက မည်သည့်အလုပ်မဆို လုပ်နိုင်သူဖြစ်သည်။ စဉ်းလဲလိမ်လည်မှုကို ဆရာကြီးသည် အထူးမလိုလားပေ။ ထို့ကြောင့် လူဧလိမ်နည်း အမျိုးမျိုးစာအုပ်ကို  အများအကျိုး ရည်ရွယ်၍ ရေးသားခဲ့သည်။
ဆရာကြီးသည် စွယ်စုံပညာရှင်ပီပီ စာနယ်ဇင်းလောကသို့ရောက်ရှိပြီး စာတည်းဌာနတွင် ထင်ရှားသော စာရေးဆရာကြီး ဖြစ်သည်ဆိုလျှင် ပိုမိုအံ့သြကြပေလိမ့်မည်။ ထိုစဉ်က ပညာအလင်း သတင်းစာမှာ လွန်စွာထင်ရှားလျက်ရှိပြီး စာတည်းဌာနတွင် လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီးက အကြီးအမှူးပြု၍ ခေတ်ငါးခေတ်အတွင်း ဆရာပီမိုနင်း၊ ဆရာရွှေ၊ လန်ဒန်အတ်ရုပ်ရှင်ဒါရိုက်တာ ဦးပုကြီး၊ သူရိယဦးပုကလေး၊ အမ်ဖိုးချိန်တို့ တာဝန်ယူလျက်ရှိရာ လွန်စွာ အင်းအားတောင့်တင်း လှပေသည်။ သတင်းစာတိုက်ရှင် ဦးတင်၊ ဒေါ်ဌေးတို့မှာလည်း ထိုဆရာများ၏ ပညာ၊ သစ္စာ၊ သမာဓိတို့ကြောင့်လွန်စွာ စီးပွားတိုးတက်လျက် ရှိသည်။
တစ်နေ့သောအခါ အဘိဓမ္မာတရား ဆွေးနွေးရင်း အယ်ဒီတာတစ်ဦးက တေးဘုမ္မာချီ မောင်ပြန်ယိုးဒယား (ထိုင်း) တီးကွက် ဓမ္မဂီတချိုးကို ဆိုပြနေသည်။  ဤတွင် လယ်တီဆရာတော်ဘုရားက ဒီတေး မည်သူရေးသလဲမေးရာ ကျိုက်လတ်မြို့က ဦးပြုံးချိုပါ ဘုရား ဟု လျှောက်ထားသည်တွင် ဟဲ့ ဒီလူကို ရအောင်ခေါ်၊ မင်းတို့သတင်းစာတိုက်မှာ အသုံးပြုကြ၊ ဒီလိုစွယ်စုံတတ်တဲ့လူမျိုး တစ်သောင်းမှာ တစ်ယောက်မရှိဘူး ဟု မိန့်ကြားတော်မူသဖြင့်  ဆရာကြီး ဦးပြုံးချိုသည် စာနယ်ဇင်းလောကသို့  ရောက်ရှိရပါတော့သည်။
ဆရာဦးပြုံးချိုသည် ပညာအလင်းသတင်းစာတွင် စိန္တာသက္က ကလောင်အမည်ဖြင့်လည်း စာများ ရေးသည်။ ထို့နောက် မြန်မာ့အလင်းသတင်းစာတိုက်သို့ ရောက်ရှိပြီးနောက် ဖိုးမင်းကျော် ၊ အရူးဘော်နေဒွန်း စသော ကလောင်အမည်များဖြင့် ရေးသားခဲ့ရာ အထူး လူကြိုက်များခဲ့သည်။ ထိုစဉ်အတွင်း အောင်ဇေယျတု ဆေးတိုက်ပိုင်ရှင် ဦးဖိုးဘနှင့်အတူ ကျိုက်ထီးရိုးဘုရားသို့ ဘုရားဖူးသွားခိုက် အပြန်တွင် ကျိုက်ထီးရိုးနတ်လမ်းညွှန် စာအုပ်ငယ်ကို သိမှတ်စရာ အကြောင်းအရာများအပြင် သောလုံးသောကွက်များကိုပါ ဖြည့်စွက် ညှပ်သွင်းရေးသားရာ ဆရာဦးပြုံးချိုတွင် ပို၍ပင် စာဖတ်ပရိတ်သတ် တိုး၍ လာခဲ့သည်။ မြန်မာ့အလင်းမှ တစ်ဖန် သမ၀ါယမဝန်ထောက် ဦးငြိမ်း၏ “ မောရ၀တီသတင်းစာ’ တိုက်သို့ ရောက်ရှိလုပ်ကိုင်ပြန်လေသည်။ ထို့ပြင် အဆိုပါပုံနှိပ်တိုက်မှ ထုတ်ဝေသော “မြန်မာ့ရီဗျူးဂျာနယ်” ကိုလည်း အယ်ဒီတာတစ်ဦးအဖြစ် ရေးသာပေးသည်။
ထိုမှတစ်ဖန် “ဝါဏိဇ္ဇ” သတင်းစာတွင် အယ်ဒီတာအဖြစ် လုပ်ကိုင်ခဲ့ပြန်သည်။ ထို ဝါဏိဇ္ဇသတင်းစာတွင် လုပ်ကိုင်နေဆဲ ရန်ကုန်မြို့ အရှေ့ပိုင်း (၅၁)လမ်းတွင် ဖွင့်လှစ်ထားသော အမျိုသားပုံနှိပ်တိုက်ရှင် “နေရှင်နယ်ဦးမြင့်” ၏တိုက်တွန်းချက်အရ “မဟာဂီတပေါင်းချုပ်ကြီး” စာအုပ်ကို ပြုစုခဲ့ပြီး ယင်းပုံနှိပ်တိုက်မှပင် အုပ်ရေ(၃ဝဝဝ) ပုံနှိပ်ထုတ်ဝေသည်။ ထိုအချိန်မှစ၍ မဟာဂီတဦးပြုံးချို ဟု ထင်ရှားလာခဲ့သည်။
မြန်မာစာပေလောကကိုကြည့်လျှင် အသျှင်မဟာရဋ္ဌသာရ၏ “ ဝဏ္ဏပဘာအလှ” နဝဒေး၏ “ရှင်နှောင်းအလှ” ၊ နတ်သျှင်နောင်၏ “ဓာတုကလျာအလှ “ ထိုနည်းတူစွာ ဆရာကြီး ဦးပြုံးချို၏ “မိုးနတ်ဒေ၀ီ “သည် ၀ဏ္ဏပဘာကဲ့သို့ပင် လှသည်၊ ယဉ်ကျေးသည်ဖြစ်၍ နှောင်းလူတို့ လိုက်မမီနိုင်သော  အချစ်သီချင်းတို့မှာ ရုန့်ရင်းကြမ်းတမ်းလှသည်။ နားဝင်ပီယံမဖြစ်။ မောင်နှင့်နှမ ၊ သားနှင့်အမိ နားထောင်၍ မသင့်သော ဂါမ္မဒေါသသင့်သော စာမျိုး ဖြစ်သည်။
ကဗျာစွယ်စုံကျမ်းကြီးကို ပြုစုခဲ့သော ဓမ္မာစရိယ ဆရာကြီး ဦးထွန်းရွှေက ကဗျာဂီတ လင်္ကာဆိုသည်မှာ ခြောက်ပြစ်ကင်း၍ ကောင်းခြင်းငါးဖြာ လက္ခဏာ အကျင့်ဂုဏ်တို့နှင့် ပြည့်စုံသော ပင်ကိုချော ပင်ကိုလှပဝင်းဝါ ပျိုကညာကလေးနှင့် တူသည်။ ထိုခြောက်ပြစ်ကင်း၍ ကောင်းခြင်းငါးဖြာ ပျိုကညာတွင် အဝတ်အင်္ကျီ  ထဘီ၊ တဘက်၊ နားတောင်း၊ နားကပ်၊ လက်စွပ်၊ လက်ကောက် ၊ ဆွဲကြိုးဆင်ယင်ခြင်း၊ အထုံအမွေး နံ့သာလိမ်းခြင်းသည်ကား အလင်္ကာတွင် ကဗျာနည်း ဆန်းနည်းတို့ဖြင့် တန်ဆာဆင်ခြင်းပင် ဖြစ်သည်။ သို့မဟုတ်ပါက ထိုအလင်္ကာသည် ခြောက်ပြစ်ကင်း၍ လှပသော မိန်းကလေးဖြစ်စေကာ အဝတ်မဆင်၊ မဖြီးမလိမ်း၊ ကပျစ်ကညစ်နေသောကြောင့် အလှ၏ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည် မဟုတ်ဟု မှတ်ချက်ပြုခဲ့သည်။ သို့ပါ၍ ရှေးစာဆိုတော်တို့သည် ဆန်းနည်း၊ ကဗျာနည်း၊ ဒေါသထွက်ခြင်း၊ ဂုဏ်မြောက်ခြင်း တို့ကို စီရင်ခဲ့ခြင်း ဖြစ်လေသည်။ ဆရာကြီး ဦးပြုံးချို၏ မိုးနတ်ဒေဝီသည် ဤသို့ ဂုဏ်မြောက်လှသဖြင့် အလှတွင် အယဉ်ဆင့်သော သီချင်းဖြစ်၍ ကြားရသူ ဘဝင်ချမ်းမြေ့ရွှင်လန်းစေမည့် သီချင်းတစ်ပုဒ်ဖြစ်ပေသည်။
ဆရာကြီး ဦးပြုံးချိုသည် ရန်ကုန် ယူနီဗာစီတီကောလိပ်တွင် မြန်မာဆရာကြီး ဦးပွား၏ တိုက်တွန်းချက်အရ ဒေဝကုမ္ဘာန်ပြဇာတ်ကို သွားရောက်သင်ကြား ပို့ချပေးလေသည်။
ထို့နောက် သူရိယသတင်းစာတိုက်တွင် မြန်မာဘက်ဆိုင်ရာ ဆရာလွန်းခေါ် ဆရာကြီး သခင်ကိုယ်တော်မှိုင်း နုတ်ထွက်သွားသည့်အတွက်  ဦးပြုံးချိုသည် ဝင်ရောက်လုပ်ကိုင်ခဲ့ရခြင်း ဖြစ်သည်။
သူရိယသတင်းစာတိုက်တွင် လုပ်ကိုင်နေစဉ် ကစားနည်းအမျိုးမျိုးကျမ်းနှင့် နေဧလိမ်နည်း အမျိုးမျိုး တို့ကို ရေးသားပြီးစီးသည်။ ထို့နောက် “မဟာဂီတ္ထဒီပနီကျမ်း “ ကို ကြိုးပမ်းပြုစုနေခိုက် ၁၉၂၈ ခု၊ ဇန်န၀ါရီလ (၂၅) ရက် ၊ ဗုဒ္ဓဟူးနေ့ ညဥ့်အချိန်တွင် အမှတ်(၂၅) ၊ ၆၁ လမ်း ၊ဗိုလ်တထောင်မြို့နယ်၌ ကွယ်လွန်အနိစ္စ ရောက်ရရှာလေသည်။ ကွယ်လွန်စဉ် ဆရာကြီးသည် အသက်(၅ဝ) အရွယ်သာ ရှိသေးသည်။
ဆရာကြီး ဦးပြုံးချို ရေးသားခဲ့သော စာပေ လက်ရာများမှာ- 
(၁) တေးဘုမ္မာသီချင်း
(၂) နေဧလိမ်နည်း
(၃) မဟာဂီတပေါင်းချုပ်
(၄) ကျိုက်ထီးရိုးနတ်လမ်းညွန်
(၅) မဟာဂီတတ္ထဒီပနီ (မပြီးဆုံး)
(၆) ကစားနည်းအမျိုးမျိုးကျမ်းတို့ ဖြစ်သည်။
စာကိုး
၁။ (က) မလိခ၊ မြန်မာစာပေအဘိဓာန် ၊ အတွဲ(၄) ရန်ကုန် ၊ ဘ၀တက္ကသိုလ် စာပေတိုက် ပကြိမ် ၁၉၈၅ ၊ စာ ၁၈၈-၁၈၉။
(ခ) လှသမိန်၊ ဂန္တဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပတ္တိပေါင်းချုပ်၊ ရန်ကုန် ၊ ဟံသာဝတီ ပုံနှိပ်တိုက်၊ ပကြိမ်၊ ၁၉၆၁ ၊ စာ ၁၈၈-၁၈၉
(ဂ) မောင်သုတ (ဗိုလ်မှူးဘသောင်း) စာဆိုတော်များအတ္ထုပ္ပတ္တိ၊ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက် ၊ ပဉ္စမအကြိမ်၊ ၂ဝဝ၂ ၊ စာ ၃၂၄-၃၂၇

(ဃ) စန်းသမိန်၊ “မဟာဂီတဦးပြုံးချို၏စာပေနှင့်တေးကဗျာများ” (၁) (၂) (၃) (၄) လုပ်သားပြည်သူ့နေ့စဉ် သတင်းစာ (၂၄-၃-၉၁) ၊ (၃၀-၃-၉၁) (၇-၄-၉၁) ၊ (၁၄-၄-၉၁)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)