နေဦးဝေ – ကျောင်းသားတွေနဲ့ လေပေးဖြောင့်တဲ့ ရုရှားပြန်ခေါင်းဆောင်

January 3, 2019

နေဦးဝေ – ကျောင်းသားတွေနဲ့ လေပေးဖြောင့်တဲ့ ရုရှားပြန်ခေါင်းဆောင် 

(မိုးမခ) စာအုပ်ကောက်နုတ်ချက်၊ ဇန်န၀ါရီ ၃၊ ၂၀၁၉

(၃)

ပန်ဆန်းကိုရောက်ဘူးတဲ့ တောခိုဗမာကျောင်းသားတွေအပါအ၀င် ရဲဘော်အများအပြားဟာ ပန်ဆန်းမှာ နေရတာလောက် ပျော်စရာကောင်းပြီး လွတ်လပ်တာမျိုး မရှိသေးဘူးလို့ပြောလေ့ရှိတယ်။ စစ်အစိုးရထောက်လှမ်းရေးရဲ့နှိပ်စက်ညှဉ်းပန်းမှုတွေ ခံဘူးကြတဲ့ ထောက်လှမ်းရေးက လိုက်ဖမ်းတာခံရဘူးတဲ့ မြို့ပေါ်ကလာသူတွေအတွက် ဒီနေရာဟာ လွတ်လပ်တဲ့နေရာကြီးတစ်ခုဖြစ်
နေတယ်။ အနေအထိုင်ဆင်းရဲပေမဲ့ အဲဒီလွတ်လပ်မှုကြောင့်ဘဲ အားလုံးပျော်နေကြတယ်။

၁၉၇၉ ခုနှစ်တည်ဆောက်ရေးကာလဟာ မောသလောက်ပျော်စရာလဲကောင်းတယ်။ ဗဟိုကော်မတီ အစည်းအဝေးပြီးသွားပြီး ၁၉၇၉ ခု လမ်းစဉ်တစ်ခု ထွက်လာတာနဲ့အတူ ဗဟိုခွဲဗျူရိုတွေ၊ တပ်မသစ်တွေ ဖွဲ့စည်းပြီး ရဲဘော်အသီးသီး တာဝန်သစ်တွေထမ်းဆောင်ဖို့ ပြင်ဆင်နေကြတာကလဲ ပျော်စရာတစ်ခု လိုဖြစ်နေတယ်။ အဲသလို လှုပ်လှုပ်ရွရွကာလမှာ တာဝန်သစ်တွေနဲ့ ခရီးမထွက်မီ ပါတီ နှစ် ၄၀ မွေးနေ့အထိမ်းအမှတ်အဖြစ် “မိုးသောက်ကြယ်နီ”ဆိုတဲ့အော်ပရာဇာတ်ကြီးကို ရဲဘော် ၁၀၀ လောက် ပါဝင်ကပြမှာဖြစ်လို့ အကတိုက်သူကတိုက်သီချင်းတိုက်သူက တိုက် အခန်းအနားပြင်ဆင်သူကပြင်ဆင်လို့ လက်မလည်ဖြစ်နေတာတောင် မောရမှန်းမသိဖြစ်နေတဲ့ ကာလဖြစ်ပါတယ်။

ကျွန်တော်တို့ ဘာသာပြန်နဲ့ပုံနှိပ်ဌာနကတော့ ၁၉၇၉ ဗဟိုကော်မတီကဆုံးဖြတ်လိုက်တဲ့ လမ်းစဉ်ဆိုင်ရာ စာအုပ်ငယ်တွေ အမြန် ထွက်နိုင်အောင် အားသွန်လုံးပမ်းနေရတယ်။ ဒီကြားထဲကဘဲ မိုးသောက်ကြယ်နီအတွက်လဲ ဇာတ်တိုက်သွားဖြစ်အောင်သွားနေကြတယ်။ ပုံနှိပ်ဖို့ ခဲစာလုံးတွေစီတဲ့ အလုပ်ကို စခန်းမှာရှိတဲ့ဗမာရဲဘော်တွေသာမက ကချင်ရဲဘော်မလေးတွေနဲ့လုပ်နေကြပေမဲ့ စာအုပ် က အရေးကြီးလို့ဗဟိုဆေးကျောင်းက ကျောင်းသူလေး နှစ်ယောက်သုံးယောက်ကိုလဲ အကူခေါ်ရတယ်။ စာအုပ်တွေထွက်လာတော့ ကျွန်တော်တို့စခန်းက အတော်လေးမျက်နှာပွင့်တယ်။ ရဲဘော်တိုင်းလိုလိုက လမ်းစဉ်ဆိုင်ရာစာအုပ်တစ်စုံလုံးရချင်နေပြီး ဌာနတာဝန်ခံ ဆီ လာတောင်းနေကြလို့ဖြစ်ပါတယ်။ အထူးသဖြင့် အဝေးကိုခရီးထွက်ကြမဲ့ရဲဘော်တွေဟာ စာအုပ်ငယ် ၆ အုပ်လောက်ပါတဲ့ လမ်းစဉ် စာအုပ်တွေကို တွဲချုပ်ပြီးသယ်သွားချင်နေကြတယ်။ အလယ်ပိုင်းကိုဆင်းသွားတဲ့ရဲဘော်တွေဆိုရင် အဲဒီလမ်းစဉ်စာအုပ်တွေကို ကိုယ် နဲ့ အတူထားပြီး လုပ်ဆောင်သမျှအရာရာကို လမ်းစဉ်စိတ်ဓာတ်နဲ့ ကိုက်မကိုက် ငြင်းကြခုန်ကြ ဆွေးနွေးကြတဲ့သတင်းတွေလဲ ကြားကြ ရတယ်။

တခါတော့ ဌာနမှူး အရန်ဗဟိုကော်မတီဝင် ရဲဘော်လွင်ခေါ်ဦးသိန်းအောင်ကို “ဗဟိုကော်မတီ အစည်းအဝေးကြီးကလဲ ကြာလိုက် တာဗျာ။ တကယ့်မာရသွန်အစည်းအဝေးကြီး။ နှစ်ပေါက်အောင်လုပ်ကြတာကိုး”လို့ ကျွန်တော်ပြောဘူးတယ်။ ရဲဘော်လွင်ကတော့ အချိန်ရလို့ စိတ်ရှည်လက်ရှည်ဆွေးနွေးနေကြတာပါ။ အချိန်ဖြုန်းတာမဟုတ်ပါဘူးလို့ ပြန်ပြောပါတယ်။

“ခင်ဗျားစဉ်းစားကြည့်၊ ပါတီမှာ ကွန်ဂရက်မလုပ်နိုင်တာဘယ်လောက်ကြာပြီလဲ။ ၁၉၄၅ ကတွက်ရင် နှစ်ပေါင်း သုံးဆယ်ကျော်ပြီ။ ပါတီတွင်းဖြေရှင်းရမဲ့ပြဿနာတွေ ကလဲ ကြာလေများလာလေဖြစ်ပြီး စည်းလုံးညီညွတ်မှုကိုတောင် ထိခိုက်လာတာဗျ။ ကျွန်တော်တို့လဲ ဒီဆွေးနွေးပွဲမှာ လူငယ်လေး တွေပြန်ဖြစ်နေတယ်။ လူကြီးတွေဆီက ပါတီသမိုင်းဆိုင်ရာ မကြားဘူးတာတွေပြန်ကြားရသလို ယူစရာသင်ခန်းစာတွေကလဲ အများ ကြီးဘဲ။ တကယ့် သင်တန်းတက်နေရသလိုဘဲဗျာ”လို့ပြောပါတယ်။

ရဲဘော်လွင်ဟာ ကျွန်တော်တို့ ကျောင်းသားဟောင်းတွေနဲ့အတော်လေး အတွဲညီတယ်လို့ဆိုရမှာပါ။ သူကရုရှားမှာ ဂျာနယ်လစ်စာနယ်ဇင်းပညာ မဟာဘွဲ့တက်နေတဲ့ ရုရှားတက္ကသိုလ်ကျောင်းသားဟောင်း ဆိုတော့ ကျောင်းသားစိတ်မကုန်သူလို့တောင်ပြောလို့ ရပါတယ်။ ဂျပန်ခေတ် ဘီအိုင်အေခေတ်ကထဲက ပါတီထဲရောက်လာသူဖြစ်လို့ သူ့ဆီက တော်လှန်ရေးအတွေ့အကြုံတွေကိုလဲ မကြာခဏ ကြားကြရတယ်။ သူ့လက်ထဲမှာ နို့မှုန့်ဗူးလေး နို့ဆီဗူးလေးရလာရင် အနီးတ၀ိုက်က ကျောင်းသားရဲဘော်တွေကိုခေါ်ပြီး နို့ထမင်း လုပ်စားတတ်တယ်။ ငွေလေးဘာလေးရှိရင် ရဲဘော်တွေစုပြီး ဘူးသီးကြော် ကြော်စားကြတယ်။ သူ့ဆီမှာ ကွန်မြူနစ်ခေါင်းဆောင်ကြီး ကားလ်မာ့က်စ်ပုံ ရုပ်တုကလေးတစ်ခုရှိနေသလို ရုရှားပန်းချီကားတွေ ရုရှားစာအုပ်တွေလဲ ရှိတယ်။

ဘာသာပြန်အဖွဲ့ရဲ့အဓိကတာဝန်က ကွန်မြူနစ်ဝါဒ ကျမ်းရင်းတွေကို ဗမာဘာသာပြန်ဆိုဖို့ဖြစ်ပါတယ်။ ဒီလိုဘာသာပြန်ရာမှာ ရဲဘော်လွင်က ရုရှားဘာသာစာအုပ်ကို ဖတ်ပြီး အင်္ဂလိပ်ကနေပြန်တဲ့ ဗမာဘာသာပြန်ကို တိုက်ရတယ်။ ဦးတင်မြင့်ဆိုတဲ့ ခပ်ငယ်ငယ်ကထဲက တရုပ်ပြည်ကို ပါသွားတဲ့
ပခုက္ကူမြိုင်နယ်သား တရုပ်ပါရဂူကလဲ တရုပ်ဘာသာစာအုပ်နဲ့ တိုက်တယ်။ ကိုကျော်ဇောဦး၊ မခိုင်အေး၊ ကိုမြင့်ထွန်းနဲ့ ကျွန်တော်တို့ ကတော့ အင်္ဂလိပ်ဘာသာစာအုပ်ကို လက်စွဲပြုကြတာပါ။ အဓိပ္ပာယ် ကောက်ယူချက်ခြင်းမတူလို့ တရုတ်ပညာရှိနဲ့ အကြိမ်ကြိမ် ငြင်းခုန်ရတာကို အခုပြန်တွေးရင် ပျော်စရာတစ်ခုဖြစ်နေတုံးပါ။

သံလွင်အနောက်ဖက် မုံးကိုးကနေ ဗဟိုရှိရာပန်ဆန်းကိုပြောင်းလာပြီး နောက် တပ်မတွေဖွဲ့တော့ ဦးတင်မြင့် တပ်ထဲကိုပြန်သွားတယ်။ သူ့နေရာမှာ ပြည်သူ့အသံကမထွေးကြည်ကအချိန်ပိုင်းအဖြစ်လာ
ကူရတယ်။ နောက်ပိုင်းမှာ ဘာသာပြန်အဖွဲ့ဝင်တွေဟာ ဌာနမျိုးစုံကိုပြောင်းရွှေ့ကုန်ပြီး ပုံနှိပ်ဌာနဘဲကျန်ခဲ့တယ်။

ကျွန်တော် မုံးကိုးရောက်ပြီးမကြာခင်မှာဘဲ ဗဟိုကနေ ဘာသာပြန်နဲ့စာပုံနှိပ်ဌာနကိုဖွဲ့တယ်။ အဲဒီဌာနမှာ ရဲဘော်လွင်ကို တာဝန်ခံအဖြစ်ထားပြီး ဘာသာပြန်အဖွဲ့ဝင်တွေနဲ့ ပုံနှိပ်စက်အဖွဲ့ဝင်တွေနဲ့ စခန်းတစ်ခုအဖြစ် ထူထောင်တယ်။ ကျွန်တော် မုံးကိုးရောက်စ ၁၉၇၆ခု ထဲမှာ မုံးကိုးမှာရှိတဲ့ အရှေ့မြောက်စစ်ဒေသ နိုင်ငံရေးဌာနမှာ ရဲဘော်လွင်ကို ပထမဆုံး တွေ့ခဲ့ဘူးတာပါ။ မှတ်မှတ်ရရ တပ်မဟာ ၂ ကေဒါတွေ၊ ကွတ်ခိုင်ခရိုင်ကေဒါတွေ၊ ထောက်ပံ့ရေးဌာနကေဒါတွေနဲ့အတူ မြို့ကလာတဲ့ ဗမာရဲဘော်တွေကို ပါတီသမိုင်းဆိုင်ရာ ဟောပြောဆွေးနွေးပွဲမှာဖြစ်ပါတယ်။ အဲဒီအစည်းအဝေးမှာ နိုင်ငံရေးမှူး ဦးစိုးသိမ်းနဲ့အတူ ရဲဘော်လွင်လဲ ဟောပြောခဲ့တယ်။

ရဲဘော်လွင်အလှည့်မှာ “ပါတီစိတ်ဓာတ်ဆိုတာဘာလဲ”ဆိုတဲ့ခေါင်းစဉ်နဲ့ဟောပြောပါတယ်။ ဗကပတည်ထောင်ပြီးနောက်ပိုင်းမှာ ပါတီဝင်တွေ၊ ပါတီခေါင်းဆောင်တွေအကြား ပါတီစိတ်ဓာတ်နဲ့ ပတ်သက်ပြီး အမြင်မတူပုံအတော်များများကို ရှင်းပြခဲ့တာမှတ်မိသေးတယ်။ အဲဒီတုံးက “ပါတီစိတ်ဓာတ်ဆိုတာ ကွန်မြူနစ်ဝါဒရည်မှန်းချက်ကို ဆုပ်ကိုင်ပြီး ပါတီစည်းရုံးရေးစည်းကမ်းကို ဆန္ဒအလျောက် လိုက်နာတာဘဲ။ ကိုယ့်ဆန္ဒနဲ့ မကိုက်ညီတဲ့အခါတွေမှာ အများစုကိုနာခံတာ၊ အထက်အဆင့်ကို နာခံတာ၊ ကွန်ဂရက်ကိုနာခံတာ ဘယ်လောက်အထိ လုပ်နိုင်သလဲဆိုတဲ့ အချက်နဲ့ ပါတီစိတ်ဓာတ်ကို တိုင်းတာတယ်”လို့ သူပြောခဲ့တာ မှတ်မိနေသေးတယ်။

အဲဒီဆွေးနွေးပွဲမှာ သခင်စိုးတို့ သခင်အောင်ဆန်းတို့ သခင်သိန်းဖေတို့နဲ့ပတ်သက်ပြီး ပါတီစိတ်ဓာတ်ရှုထောင့်ကနေ ရှင်းပြတော့ နားလည်မှုအသစ်တွေ ရလာတယ်။ တချို့ကတော့ အဲဒီ ပါတီခေါင်းဆောင်တွေရဲ့အမှားဟာ စည်းရုံးရေးစည်းကမ်းချိုးဖောက်မှု သက်သက်မဟုတ်ဘူးလို့ ယူဆပြီး ပြန်လှန်မေးခွန်းထုတ်တာ ငြင်းခုန်တာတွေလဲ တွေ့ရတယ်။ အဲသလိုဆွေးနွေးသူတွေဟာ တပ်မဟာ ၂ က ကေဒါတွေသာမက တခြားဌာနတွေက တိုင်းရင်းသားကေဒါတွေဖြစ်နေတယ်။ ကျွန်တော်တို့ကတော့ ဒီလိုဆွေးနွေးပွဲမျိုးကို ပထမဆုံး တွေ့ကြုံရတာဖြစ်လို့ ပါတီတွင်းဆွေးနွေးပွဲဆိုတာ ဒီလိုပါလားလို့ ခံစားလိုက်ရတယ်။ အခုနောက်ပိုင်း စစ်ထောက်လှမ်းရေးက ရေးတဲ့ စာအုပ်တစ်အုပ်ထဲမှာတော့ အောက်ကလာတဲ့ ဗမာရဲဘော်တစ်စုဘဲ ပါတီထိပ်ပိုင်းကို ရဲရဲဆန့်ကျင်ခဲ့ကြတယ်လို့ ပုံဖော်ကြတာ တွေ့ ရတယ်။ နောက်ထပ်တောပြန်တစ်ယောက်ကလဲ ဗကပဟာ သခင်အောင်ဆန်းကို ပါတီသစ္စာဖောက်လို့ သတ်မှတ်တယ်ဆိုပြီးတောင် ရမ်းတုတ်ခဲ့တယ်။ ပါတီစိတ်ဓာတ်ရဲ့သဘောက ငြင်းစရာရှိရင် ပြင်းပြင်းထန်ထန်ငြင်းမယ်။ အချိန်တချိန်ကျရင် အလုပ်လုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချမယ်။ အဲသလိုဆုံးဖြတ်ပြီးရင် အများစုဆုံးဖြတ်တာကို နာခံဖို့ဖြစ်ပါတယ်။ အထက်ဆိုရာမှာလဲ ပါတီကွန်ဂရက်တွေမှာ အများစုက ရွေးကောက်တာဝန်ပေးလိုက်တဲ့ တာဝန်ခံအဆင့်ဆင့်ဖြစ်လို့ အထက်ရဲ့ဆုံးဖြတ်ချက်တို့ အထက်ရဲ့သဘောတူချက်တို့ကို တစ်ပါတီလုံးကနာခံတာဖြစ်ပါတယ်။ လွတ်လွတ်လပ်လပ်နေထိုင်လုပ်ကိုင်တာကို အကျင့်ဖြစ်နေတဲ့ကျွန်တော်တို့ မြို့ပေါ်ကလာသူ တွေအတွက် အခက်ခဲဆုံးပြဿနာဟာ အဲဒီပါတီစည်းကမ်းဘဲဖြစ်ပါတယ်။

ကျွန်တော်တို့ရောက်ခါစက ပါတီစိတ်ဓာတ်ကို အဲသလို နားလည်အောင်ပညာပေးခဲ့တဲ့ ရဲဘော်ဟောင်းကြီးဟာ ၁၉၈၉ ခု ၀တပ်တွေခွဲထွက်တော့ ကိုယ့်ပါတီခေါင်းဆောင်တွေနဲ့ မပူးပေါင်းတော့ဘဲ ၀အဖွဲ့နဲ့ ပူးပေါင်းသွားတာကလဲ အံ့အားသင့်စရာကောင်းသလို သံဝေဂ ယူစရာတစ်ခုလဲ ဖြစ်နေတယ်။ သူအပါအ၀င် ပန်ဆန်းမှာကျန်နေသူတွေကို တစ်ဖက်ကမ်း တရုတ်ပြည်နယ်စပ်ရောက်နေကြတဲ့ ပါတီခေါင်းဆောင်တွေက ၀ထဲမှာ မနေဘဲ ပါတီရှိရာလာခဲ့ကြဖို့ စာတွေရေးခေါ်ပေမဲ့ တရုတ်ပြည်ထဲမှာ ဘာမှ လုပ်စရာမရှိဘူး၊ ၀တွေထဲမှာဘဲ အလုပ်လုပ်တော့မယ်လို့ သူ အကြောင်းပြန်ခဲ့တယ်။ ၁၉၈၅ ဗဟိုကော်မတီထဲက ကချင်နဲ့ တရုတ် ဗဟိုကော်မတီ နှစ်ဦးလဲ ၀နဲ့ ပူးပေါင်းတယ်။ ရဲဘော်လွင်ကတော့ ၁၉၈၅ ကွန်ဂရက်မှာ အရန်ဗဟိုကော်မတီကနေ ဖယ်ပေးခဲ့ရပြီး စစ်ဒေသ နိုင်ငံရေး ဌာနမှူးလုပ် နေချိန်မှာ ၀တပ်ရဲ့အာဏာအသိမ်းခံရတာဖြစ်ပါတယ်။

အဲသလို ၀အဖွဲ့ထဲမှာနေခဲ့ရာက ၇ လ လောက်အကြာ ၁၉၈၉ နှစ်ကုန်မှာတော့ သူနဲ့ အရန်ဗဟိုကော်မတီဟောင်း ဦးသန်းလွင်ထွန်းအပါ ၀တပ်ဖွဲ့ထဲမှာ ၀နိုင်ငံရေးဌာနကြီးမှူးတို့ ၀ပါတီအတွင်းရေးမှူးတို့ စစ်ဦးစီးဌာနတို့မှာ လုပ်ခဲ့တဲ့ ဗမာကေဒါ ၃၀ ကျော်ဟာ အိမ်ထောင်သည်တွေနဲ့အတူ တရုပ်ပြည်ဖက်ကို ထွက်ပြေးလာရတယ်။ ဗကပ က စီစဉ်ပေးခဲ့လို့ ဗဟိုယာယီရောက်ရှိရာ ပြည်နယ်အရှေ့မြောက် ပန်ဝါဒေသကို သူတို့လာရောက်ပူးပေါင်း နိုင်ခဲ့ကြပါတယ်။

သူတို့ရောက်ပြီး သိပ်မကြာခင်မှာ ဗကပ ၁၀၁ စစ်ဒေသလဲ အစိုးရနဲ့ ငြိမ်းချမ်းရေးယူလိုက်တဲ့အတွက် ပါတီ ဖရိုဖရဲဖြစ်ပြီး ခေါင်းဆောင်အားလုံး တရုတ်ပြည်ထဲပြောင်းရွှေ့ကြရတယ်။ အဲဒီအချိန်မှာ နောက်မှ ပန်ဆန်းကရောက်လာသူတချို့နဲ့ ပန်ဝါမှာရှိနေသူတချို့ ပူးပေါင်းပြီး ပါတီ တစ်ခုထောင်လိုက်ကြတယ်။ ကံမကောင်းချင်တော့ သူတို့ပါတီကို အားပေးထောက်ခံမဲ့ ခေါင်းဆောင်က အိမ်နိမ့်စံဘ၀ရောက် သွားချိန်မှာ ပါတီထောင်မိရက်သား ဖြစ်နေတယ်။ ကချင်တွေက န၀တ အစိုးရနဲ့ဆက်သွယ်ပေးပေမဲ့ သူတို့ဒေသမှာတော့ နေခွင့် မပေးဘူး။ သူတို့ပါတီက မြစ်ကြီးနား NDA (K) ဆက်သွယ်ရေးရုံးကတဆင့် န၀တနဲ့ ဆွေးနွေးလိုကြောင်း ကြေးနန်းနဲ့ ကမ်းလှမ်း ပါ တယ်။ ဟိုဘက်က “သူတို့အစိုးရဟာ စစ်အစိုးရသာဖြစ်လို့ နိုင်ငံရေး မဆွေးနွေးနိုင်ပါ။ ပြန်လာချင်ရင် လုံခြုံမှုကို တာဝန်ယူုပါမယ်”လို့ အကြောင်းပြန်ခဲ့တယ်။ ဒီလိုနဲ့ ပန်ဝါမှာနေခွင့်မရတဲ့ သူတို့အုပ်စုဟာ တရုပ်ပြည်ထဲ ယာယီရောက်ရှိသွားပြီး ၂ လ လောက်အကြာမှာ ဗမာပြည်ထဲ ရောက်ရှိသွားခဲ့တယ်။ အဲဒီထဲမှာ ရဲဘော်လွင်ကလဲ သူတို့ ပါတီနာယကအဖြစ်ပါသွားခဲ့တယ်။

နောက်ဆုံး ရန်ကုန်ကို ရောက်သွားပြီး အမနဲ့ယောက်ဖဖြစ် သူ ဆရာမကြီး ဒေါ်ခင်မျိုးချစ်နဲ့ ဦးခင်မောင်လတ်တို့ဆီမှာ နေတယ်လို့ကြားရတယ်။ အဲဒီကနေ စာရေးဆရာကြီး စိန်ခင်မောင်ရီဆီကို ရောက်သွားပြီး အဲဒီအိမ်မှာဘဲ ကွယ်လွန်သွားခဲ့တယ်။ ရဲဘော်လွင်ဟာ သူ့ပန်းချီကား တွေနဲ့ ရုရှားပြန်အမှတ်တရပစ္စည်းတွေကို တလျှောက်လုံး တယုတယထားတတ်သူဖြစ်ပါတယ်။ ၀နယ်မှာ ကျန်ရစ်တုံးက သူ့ပန်းချီကားတချို့ အဖျက်ဆီးခံလိုက်ရသလို ပန်ဝါက ထွက်တော့လဲ သူ့ရဲ့ ကားလ်မတ်ရုပ်တုလေးနဲ့ စာရွက်စာတမ်းတွေ အဖျက်ဆီးခံလိုက်ရ တယ်။ ဘယ်လောက်များ ရင်ကျိုးရှာမလဲ ဆိုတာ တွေးကြည့်ရုံနဲ့ သိနိုင်ပါတယ်။

ရဲဘော်လွင်ကွယ်လွန်တာကိုကြားရတော့ အတော်ကလေး စိတ်မကောင်းဖြစ်မိတယ်။ သူဟာ တော်လှန်ရေးစိတ်ပြင်းထန်ပေမဲ့ ပေါ့ပေါ့ပါးပါး အေးအေးဆေးဆေးနေလိုသူဖြစ်နေတယ်။ စာတွေရေးပြီး ပန်းချီတွေဆွဲနေသင့်သူမျိုး ဖြစ်ပါတယ်။ သူ့ကျန်းမာရေးက သိပ်ကောင်းလှတာမဟုတ်ဘူး။ ကျွန်တော်တို့နဲ့အတူနေခဲ့တဲ့ကာလအတွင်း ညကြီးသန်းခေါင် ထပြီးအော်တာ ယောင်တာတွေ မကြာခဏ
လုပ်တတ်တယ်။ အဲသလိုအော်နေရင် အိပ်ပျော်ရာက နိုးအောင် ကျွန်တော်တို့ သူ့ကိုသွားနှိုးရတာ အကြိမ်ပေါင်းမနည်းတော့ဘူး။ သူ့အကြောင်းကို ရဲဘော်ဟောင်းကြီးတွေပြန်ပြောပြမှ ကျွန်တော်တို့လဲ ပိုသဘောပေါက်သွားတယ်။

ရဲဘော်လွင် ခေါ် ဦးသိန်းအောင်ဟာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ်တက်ဘူးသူဖြစ်ပြီး စစ်အတွင်းမှာ ဗကပ ဖြစ်လာတယ်။ လွတ်လပ်ရေးယူဖို့ BDA တပ်တွေကို ဖျက်သိမ်းပြီး ကန္ဒီစာချုပ်အရ ဗမာ့တပ်မတော်ကိုပြန်ဖွဲ့တော့ ဂျပန်တော်လှန်ရေးမှာပါခဲ့တဲ့ ရဲဘော်အများစုကြီးဟာ တပ်ကထွက်လိုက်
ရတယ်။ ဗိုလ်ချုပ်အောင်ဆန်းက ပြည်သူ့ရဲဘော်အဖြစ် ပြန်ဖွဲ့တဲ့အထဲ အဲဒီတပ်ထွက်အများစုပါသွားတယ်။ ဂျပန်တော်လှန်ရေးတုံးက ဗကပရဲ့ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့ဝင်အများစုလဲ ကွန်မြူနစ်ပါတီရဲ့ တပ်နီထဲရောက်လာတယ်။ ပဲခူးမှာ ဂျပန်တော်လှန်ရေးထဲပါခဲ့တဲ့ ရဲဘော်ဟောင်းတစ်ဦးကွယ်လွန်တော့ သူ့အလောင်းကို ပြည်သူ့ရဲဘော်တွေက လာတောင်းတယ်။ တပ်နီတွေကလဲ မပေးချင်ဘူး ။ အဲသလို ကိုယ့်လူသူ့လူအငြင်းပွားရာက လုတဲ့အဆင့်ကိုရောက်လာတော့ ရဲဘော်လွင်ဟာ အလောင်းကို မပေးဘဲ ဖက်ထားခဲ့တယ်။ အဲသလိုလုပ်တဲ့အတွက် သူ့ခေါင်းကို တုတ်နဲ့ ၀ိုင်းရိုက်တာ ခံလိုက်ရတယ်။ အဲဒီဒဏ်ရာဟာ သေရာပါဒဏ်ရာဖြစ်သွားခဲ့တယ်။ သူ့အခက်အခဲ သူ့ကျန်းမာရေး သူ့အကျင့်ဓလေ့မျိုးနဲ့ဆိုရင် သူ့ကိုနားလည်တဲ့ သူ့အနွံအတာကိုခံကြတဲ့ ရဲဘော်တွေအကြားမှာဘဲနေသင့်သူ တစ်ယောက် ဖြစ်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)