သက်ဝေ၊ ပန်ဒိုရာ – နှင်းမှုန်ကြားက တီးတိုးစကားပုံပြင်

January 4, 2019

  နှင်းမှုန်ကြားက တီးတိုးစကားပုံပြင်
သက်ဝေ၊ ပန်ဒိုရာ
(မိုးမခ) ဇန်နဝါရီ ၄၊ ၂၀၁၉

 နှင်းကိုမှ ခူးဆွတ်ပန်ဆင်ချင်သူက ဒီဇင်ဘာရောက်အောင် တစ်နှစ်လုံးစောင့်နေခဲ့သည်။ တကယ်တော့ အချိန်တွေက ကြာခဲ့ပြီ။ သိပ်တော့မထူးပါလေ။
အတိတ်ဆိုတာကလည်း ဝေဝေဝါးဝါး၊ နှင်းတွေကလည်း ဝေဝေဝါးဝါးမဟုတ်လား။ နှင်းကို နှင်းလို့မခေါ်ချင်ဘူး ဒီဇင်ဘာကို ဒီဇင်ဘာလို့ မခေါ်ချင်ဘူးဟုပြောတတ်သည့် နွဲ့ပျောင်းသောအသံကို ပြန်လည် ကြားယောင်လာရင်း ရယ်မောလိုက်သည်။

နှင်းပွင့်အဖတ်အဖတ်တို့ဖြင့် ပြည့်နှက်သိပ်သည်းသော နန်းတော်ဆီ မျှော်ကြည့်တော့ တိုးသဲ့သဲ့ တောင်ပံခတ်သံတွေက ကြိုစောင့်နှင့် နေပြီ။

ကြည်နူးရွှင်ပြသောစိတ်အစဉ်ဖြင့် အနားသို့တိုးသွားရန် ခြေလှမ်းပြင်ပြီးမှ အတောင်ပံခတ်သံများ၏ အလေးအဖော့ အတိုးအကျယ် နရီ စည်းချက်မှန်မမှန် နားစွင့်ရန် သတိရလေသည်။ လုပ်ချင်တာနှင့် လုပ်သင့်တာကို ခွဲခြားတတ်ဖို့ ဘဝကသင်ကြားပေးခဲ့ပြီးဖြစ်သည်။ ခက်ခဲသော်လည်း ကြိုးစားသင်ယူ တတ်မြောက်ခဲ့ရသည်။
ကြားနေရသော အတောင်ပံခတ်သံများက စိတ်စိတ်လာသည်။ ထိုအချိန်တွင် သတိရသွားသည်က ဖြူလွလွနှင်းပွင့်များ… သူတို့တွေကရော ဘယ်လိုနည်းနဲ့ ကြိုဆိုမှာပါလိမ့်။ ထုံးစံအတိုင်း အေးစက်စက်ပဲ ဖြစ်လိမ့်မည်။ ဘာပဲဖြစ်ဖြစ် နေပွင့်ချိန်ရောက်လျှင် သူ့အလိုလိုအရည်ပျော်သွားကြမှာပါလေဟု(မလိုတမာ) တွေးမိတော့ ကြောင့်ကြစိတ်တို့ အတန်ငယ် လျော့ပါးသွားခဲ့ပြန်သည်။

ပြန်တွေ့တဲ့အခါ ဘယ်ကစပြောရမှာပါလိမ့်။ သူမသိသေးသော ကြားကာလတွေအကြောင်း။

မဟုတ်သေးဘူး။ သူ မရှိချိန် ခိုက်ခိုက်တုန်အောင် ချမ်းအေးခဲ့သောရင်ခွင်ဟာ အေးခဲထုံကျင်မသွားအောင် အနွေးဓာတ်တွေ ဘယ်လို မွေးခဲ့ရတဲ့အကြောင်း…
ဒါတွေကို သူနားထောင်ချင်ပါ့မလား။

တကယ်တမ်း အခါများစွာမှာ ခပ်မဆိတ်နေတတ်သူက သူ၊ သို့သော် အတူဆုံချိန်များမှာ ဆိုဖွဲ့စရာစကား များစွာရှိနေခဲ့ပုံက မယုံနိုင်စရာ။ သူ့စကားများကို တိတ်ဆိတ်စွာ ငေးမောနားထောင်ခဲ့ရချိန်များကို သတိရပြန်တော့ ကိုယ့်နှလုံးခုန်သံက ကိုယ့်ကိုပြန်လည်ဒုက္ခပေးရင်း ကြား နေရသောအတောင်ပံခတ်သံများပင် အတန်ငယ် တိုးတိတ်သွားခဲ့ရသည်။

ကျောက်စရစ်ခဲရောင်စုံတွေကြား လျှောက်လှမ်းခဲ့ကြသည့် ခနော်နီခနော်နဲ့ ခြေထောက်နှစ်စုံအောက်မှာ တချိန်ကစီးဆင်းခဲ့သော စမ်းချောင်း ကလေးသည် ဟောဟိုက တောင်ပူစာလေးအောက်မှာ နစ်မြုပ်လို့။ အတူတူလှုံခဲ့ဖူးသောမီးလင်းဖိုလေးကတော့ အိမ်အိုလေးထဲမှာ ဖုန် အလူးလူးနဲ့ ရှိနေလိမ့်ဦးမည်။

ဖြတ်လျှောက်ခဲ့ဖူးသော မြက်ခင်းစိမ်းတို့က အရိပ်နှစ်ခုကို ငြိမ်သက်စွာမော့ကြည့်ရင်း နှင်းရည်ကလေးတွေ ခိုသီးကာ တိတ်ဆိတ်မြဲ တိတ် ဆိတ်ပေးနေလိမ့်ဦးမည်။ ဝါကျင့်ကျင့်လမ်းမီးတိုင်နောက်က ဝက်သစ်ချပင်အိုကြီးကတော့ မှောင်ရီရီ ညနေခင်းအိမ်ပြန်ချိန်ရောက်တိုင်း
သတိရနေဦးမည်လား။ ဒီဇင်ဘာရဲ့ မိုးရေစက်တွေကြား မိုးခိုခဲ့ရသောတစ်ညနေကိုတော့ဖြင့် မှတ်မှတ်သိသိ သတိရနေဦးမည်ထင်ပါသည်။

အတိတ်၏ အသက်ဓာတ်တို့သည် လှုပ်နှိုးခံရရန် တယောက်ယောက်ကို စောင့်နေခဲ့သလား။
မြောက်ပြန်လေသည် ရှေ့တိုးလိုသောအတောင်တို့ကိုဆန်ကာ တိုက်ခတ်လာတော့ အရှိန်ကိုပိုမြှင့်၊ အားကို ပိုယူလိုက်ရပြန်သည်။ အမှန်ဆိုလျှင် လက်ရှိအချိန်မှာ အတောင်ပံကိုယ်စီ လိုရာပျံသန်း ကြိုက်ရာပုံဖော်နိုင်သော ဘဝအသစ်မှာ မနာလိုမှု၊ ပူလောင်မှု၊ မျက်ရည်၊ သောကတို့ကင်းစင်ဖို့ပဲ ဖြစ်လာသင့်သည်ပဲ။

အနီးသို့ရောက်လာလေ နှင်းပွင့်နန်းတော်၏မျှော်လင့်မထားသောခမ်းနားမှုကို မျက်ဝါးထင်ထင် မြင်ရလေ။
အပြင်ကမြင်ရသမျှနှင့်ပင် ခမ်းနားလှပြီ အထဲမှာဆိုလျှင် ပြောဖွယ်ရာမရှိ။
ထိုအခါ မြေပြင်ပေါ်ပျက်ကျမတတ် အရှိန်သတ် တွန့်ဆုတ်မိပြန်သည်။
လွတ်လပ်ခြင်း၏အထိမ်းအမှတ်အဖြစ် ပျံသန်းခွင့်ကိုအပ်နှင်းချီးမြှင့်ခံရပြီးမှ စွန့်စားမှုကို ကြောက်နေရမည်လား။ အတိတ်မှလွတ်မြောက်လိုလျှင် အတိတ်၏အရိပ်ကို လိုအပ်ပါက ရဲရဲတင်းတင်း ပြန်ဖြတ်သန်းရမည်မဟုတ်လား။ ဖန်တီးလိုက်သောအသစ်သည် ချိုးဖျက်ခံရသော အဟောင်း၏ဝေဒနာကျိန်စာဆိုးများဖြင့် ပဲ့တင်နေဦးမည်ဆိုသည်မှာ မရှောင်လွှဲနိုင်သော အမှန်တခု။

လွတ်မြောက်ရာ လမ်းစကိုရှာဖွေကာ ထွက်ပြေးနိုင်သလောက်ပြေးခဲ့သော်လည်း သံသရာအစဉ်အဆက်က ပါလာခဲ့ဟန်တူသော နှောင် ကြိုးစတို့နှင့် ထွေးလုံးရစ်ပတ်ကာ အစဉ်ငြိတွယ် နေရပြန်သည်။ ပြေးလို့မလွတ်မှတော့ မပြေးကြတော့ဘဲ ကြုံလာသမျှ အပြုံးမပျက် ရင်ဆိုင်ရန်သာ ရှိတော့သည်ပေါ့။ ဘာပဲဖြစ်ဖြစ် အတောင်ပံခတ်သံတို့ဆီ မရောက် ရောက်အောင်သွားမည်ဟု ယတိပြတ်ဆုံးဖြတ်ချက် ချပြီး ခြေလှမ်းပြင်လိုက်သောအခါ စိတ်ရောလူပါ အနည်းငယ် နေလို့ကောင်းသွားခဲ့သည်။ ပြက္ခဒိန်ဟောင်း နေ့စွဲဟောင်းများကို ပြန်လည် သတိရရင်း ပြောင်းလဲမည်မဟုတ်ဟူသော ယုံကြည်ချက်နှင့် စိတ်ခွန်အားကို ဖြည့်စွက်ရသည်။

နှင်းပွင့်နန်းတော် တဲ့။ ကြားဖူးခဲ့သည်၊
လူတကာနှုတ်ဖျားမှာ။ ဖတ်ဖူးခဲ့သည်။ စာတွေထဲမှာ၊ ကဗျာတွေထဲမှာ။ တင်စားကြလွန်း၍ ရိုးအီနေသော အသုံးအနှုန်းတခု။ တကယ်မရှိဟုလည်း မကြုံဖူးသူတွေက ဆိုကြသည်။
ဒဏ္ဍာရီလေလား၊ ယုံတမ်းစကားလေလား။ အရင်က အတူမျှော်ကြည့်ခဲ့ရသော နန်းတော်၊ အတူလှမ်းရန်ရည်ရွယ်ခဲ့သော နန်းတော်… ။ အခုအချိန်မှာ တယောက်ကိုတယောက်က စောင့်ဆိုင်းနေသော နန်းတော်။ ဆက်သွားရမှာလား… ဆက်သွားဖို့ ဖြစ်နိုင်ပါ့မလား။

ရောက်ပြီဆိုဦးတော့လေ… နန်းတော်အထဲရောက်ဖို့ တံခါးဘယ်နှစ်ချပ်ကို တွန်းဖွင့်ရမှာပါလိမ့်။ သို့တည်းမဟုတ် အသင့်ဆီးကြိုဖွင့်ဟ ထားသော တံခါးချပ်များကို မြင်ရမည်လား။ အတွေးများထဲမှာပင် မောဟိုက်လာခဲ့သည်။ ပတ်ဝန်းကျင်မှာ နှင်းပွင့်များက မိုးရွာသကဲ့သို့
အဆက်မပြတ်ထူထပ်စွာ ကျဆင်းနေဆဲ။ နန်းတော်မြင်ကွင်းသည်လည်း နီးလာလိုက် ဝေးသွားလိုက်၊ အတိတ်တို့သည်လည်း လင်းတခါ မှုန်တလှည့်။
အတောင်ပံခတ်သံတို့သည်လည်း တိုးတခါ ကျယ်တလှည့်။

မျက်နှာကို စေ့စေ့ကြည့်ရင်း ရယ်မောဖြစ်သည့် တဒင်္ဂတို့သည် အားတင်းဖြေသိမ့်မှု၊ မထိမတွေ့ဖူးသောလက်နှစ်စုံကြားမှ အကွာအဝေးသည် ဘယ်လိုမှ မတတ်နိုင်သောထိခိုက်ဒဏ်ရာ၊ စကားပြောရုံသက်သက်ဖြင့် ကုန်ဆုံးသွားသောဆောင်းညတညသည် စိတ်၏အလိုကိုဆန့်ကျင်သော ဘဝ၏ ပြဋ္ဌာန်းချက်တို့သာ ဖြစ်ခဲ့သည်။ ထို့အပြင် မီးပွင့်များထိန်ထိန် ညီးနေသောနေရာဒေသများသည် လူတို့၏ငြီးငွေ့မှုကို မည်သို့မျှ မဖြေဖျောက် နိုင်၊ ငွေကြေးချမ်းသာကြွယ်ဝမှုနှင့် နေပျော်စရာဘဝသည်လည်း တိုက်ရိုက်အချိုးမကျ။

ဒီတခါတော့ နှင်းလို့ မခေါ်တော့ဘူး၊ ဒီဇင်ဘာလို့လည်း မခေါ်တော့ဘူး။ ပညတ်အသစ်တွေကို အတူစဉ်းစား ဆုံးဖြတ်ကြမည်။
အနာဂတ်ကိုသာဦးတည်ပြီး ကျိန်စာတွေကို ဖယ်ရှားကြမည်။ တွဲဖက်ကူခေါ်ခဲ့သည့် လက်၊ ငံလင့်နွမ်းလျခဲ့သည့်ခြေအစား တောင်ပံ ထိစပ်တူယှဉ် ပျံသန်းကြမည်။ အင်အား၊ ပါဝါ၊ အဆင့် အတန်း၊ လူမှုအမြင်၊ ဂုဏ်ဒြပ်သိက္ခာ၊ ကြီးကျယ်မြင့်မြတ်သောအရာများ၊ မည် သည်တို့မှ အကျုံးမဝင်တော့ပဲ ဝန်းကျင်မှာ မိုးကောင်းကင်နှင့်တိမ်တိုက်သာရှိမည်။ နေနှင့်လက တလှည့်စီအလင်းပေးရင်း ကောင်းကင်ကို တန်ဆာဆင် ပေးကြမည်။ လေပြည်ညင်းကိုလည်း အကျွမ်းတဝင် မိတ်ဆွေရင်းတောင် ဖြစ်လာဦးမည်။ လေနီကြမ်းအဖြစ် မုန်တိုင်းဆင် ရန်ပြုလာလျှင်လည်း လွတ်လပ်မှုအင်အားနှင့် အာခံတွန်းလှန်ကြမည်။

ထို့အပြင် နူးညံ့ပေါ့ပါးသော အတောင်ပံတစုံက လုံလောက်သော နွေးထွေးမှုနှင့် အကာအကွယ်ပေးလိမ့်မည်ဟုလည်း အားကိုးယုံကြည် နေချင်သေးသည်။

အတွေးမဆုံးခင်မှာပင် လှိုက်လှဲ ရင်ခုန်လာရပြန်သည်။ နှင်းရိုက်ထားသောကြောင့် အနည်းငယ်ကျိုးကြေနေသော ပန်းနုရောင် နှင်းဆီပွင့်များကို တချက် ငုံ့ကြည့်ဖြစ်သည်။ ထိုနှင်းဆီပွင့်များက တည်ဆောက်မှုတစုံတရာအတွက် နူးညွတ်ဖွယ် ကြိုဆိုမှုတခုအဖြစ် အမှတ်ရကျန်ရစ်စေမည်လေ။

ဟော… အတောင်ပံခတ်သံတွေ ကြားလာရပြန်ပြီ… နန်းတော်ဆီရောက်ရန် ခရီးမဝေးတော့ပြီပဲ…

စောင့်ဆိုင်းခဲ့ရသော အချိန်ကာလတို့မည်သည် သာမန်ထက် ပိုမိုရှည်ကြာတတ်စမြဲ။ နီးကပ်လာလေ ပိုမိုရှည်ကြာသည်ဟု ခံစားရလေ…
ရောက်လုပါပြီဟု ပြန်လည်အားတင်းရပြန်သည်။ ပျံသန်းရိုက်ခတ်မှုအားဖြင့် ခြေလှမ်းများကို ကြိုးစားခေါ်ငင်ရပြန်သည်။ နှင်းပွင့်များ အနည်းငယ် စဲသွားခဲ့သည်။ နန်းတော်မြင်ကွင်းသည် သဲကွဲလာ၏။

ဒါဟာ နှင်းပွင့်နန်းတော်ပေါ့။ နန်းတော်၏ လှပခမ်းနားခြင်းက နှလုံးသွေးများကို နွေးထွေးစေသည်။ ရေခဲထု၏အထိအတွေ့သည် အေးစက် စက်နိုင်ခြင်းထက် အေးမြမှုက ကဲနေသည်။ မာကျောမှုထက် ခိုင်မာမြဲမြံမှုကပိုနေသည်။ ပထမဆုံးတွေ့ရသော တံခါးချပ်သည် အတောင်ပံ တစ်ချက်အခတ်တွင် ပေါ့ပေါ့လေး ပွင့်ဟသွားခဲ့၏။
အလိုက်သင့်တိုးဝင်သွားချိန်တွင် ချိုသာသောလေတိုးသံ၊ မွှေးမြမြအငွေ့အသက်တို့နှင့်အတူ ကိုယ့်မျက်နှာပေါ် ကျရောက်လာသည်က
ပျော်ရွှင်မှု၏အလင်းတန်းတခု။

သက်ဝေ၊ ပန်ဒိုရာ
၁၄~၁၆.၁၂.၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, စာပဒေသာ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)