မိုးကျော်ဇင် ● ဆေးရောင်စုံ နေ့ရက်ဟောင်းများ

January 5, 2019

မိုးကျော်ဇင် ● ဆေးရောင်စုံ နေ့ရက်ဟောင်းများ

(မိုးမခ) ဇန်နဝါရီ ၅၊ ၂၀၁၈

“ဓာတ်ပုံဆရာ လာပြီ” ဟု အသံကြားလျှင် အကြီးအကျယ် စိတ်လှုပ်ရှားခဲ့ရ သော ဘဝတစ်ခုကို ကျွန်တော် ပိုင်ဆိုင်ခဲ့ဖူးသည်။ ထိုစဉ်က ကျွန်တော်သည် ကလေးဘဝ ၏ ကာလနယ်နိမိတ်ထဲမှ မလွတ်မြောက်နိုင်သေးသော အရွယ်လည်း ဖြစ်သည်။ အိမ်ရှေ့ မြေကွက်လပ်မှာ (သို့မဟုတ်) ရွာလယ် လှည်းလမ်းကြောင်းမှာ (သို့မဟုတ်) ခြံနောက်ဖေး တလင်းပြင်ထဲမှာ (သို့ မဟုတ်) သောကမရှိသော နေရာတစ်ခုခုမှာ ပျော်ရွှင်မှုဟူသမျှနောက် ခုန်ပေါက်ပြေးလွှား လိုက်နေခဲ့သည့် အရွယ်လည်း ဖြစ်သည်။

“ဓာတ်ပုံဆရာ လာပြီ” ဟု အသံကြားလိုက်သည်နှင့် ကျွန်တော်တို့သည် ကစားလက်စ ကစားဝိုင်းထဲမှ တဟုန်ထိုး ပြေး ထွက်ခဲ့ကြမြဲ ဖြစ်သည်။ စားလက်စ မုန့်ပဲသရေစာတွေကို ကျောခိုင်းပစ်ခဲ့ကြမြဲ ဖြစ်သည်။ ထိုအချိန်တွင် ကျွန်တော်တို့ မောင်နှမတစ်တွေ သည် တိုင်ပင်မထားရပါဘဲ အိမ်ရှေ့ရှိ အုတ်စီရေတွင်းကလေးမှာ ရေအပြေးအလွှား ခပ်ယူ၍ ကိုယ်လက် ဆေးကြော သန့်ရှင်းလိုက်ကြ၏။ ထို့နောက် သနပ်ခါးကျောက်ပြင်ရှိရာဆီ သူ့ထက်ငါ နေရာဦးအောင် ပြေးလာကြ၍ မေမေ အသုံးပြုတတ်သည့် အလှပြင်ပစ္စည်းများကို ဖွင့်ထုတ်လိုက်ကြတော့သည်။ မေမေ့အလှပြင်ပစ္စည်းများမှာ အထွေထွေ အထူးထူးသော အမျိုးအစားများ မဟုတ်ပါ။ အာချီ (သို့မဟုတ်) ပလိုမီနာ မိတ်ကပ်ဗူး၊ နှုတ်ခမ်းနီတောင့်နှင့် ကျွန်တော်တို့ က “တို့ဖက်ဗူး” ဟု ခေါ်ကြသော အာချီတံဆိပ် မိတ်ကပ်အခြောက်ဗူးပြားလေး တစ်ဗူးတို့ပင် ဖြစ်သည်။ တစ်ခါတရံတော့ မျက်လုံး ပတ်ဝန်းကျင်ကို ပိုမိုထင်ရှားသွား စေသည့် လိုင်နာဆိုးဆေးတောင့်လေးလည်း ရှိတတ်သည်။

ကျွန်တော်တို့သည် ယောက်ျားလေး၊ မိန်းခလေးဟူ၍ ဘာမျှ ခွဲခြားမနေဘဲ သည် လိုအလှပြင်ပစ္စည်းများဖြင့် လိမ်းခြယ် လိုက်လျှင် လှ , သွားမည်ဟု ယုံကြည်ထားကြသူများ ပီပီ မိတ်ကပ်အစို၊ မိတ်ကပ်အခြောက်၊ နှုတ်ခမ်းနီ၊ လိုင်နာ စသည်တို့ကို သနပ်ခါးအစက် အပြောက်များ ပြည့်နေသည့် ကြည့်မှန်ကို ထောင်၍ ကိုယ့်ဘာသာ လိမ်းခြယ်အလှပြင်ကြ သည်။ တကယ်လည်း ပိုလှသွားသည်ဟု ယုံကြည်ခဲ့ကြသည်။ ဆံပင်ကို အုန်းဆီရွှဲနေ အောင်လူး၍ ဘီးဖြင့် ပြားကပ်ပိရိနေအောင် ဖီးသင်လိုက်သေး၏။ နောက်တစ်ဖန် သစ်သား ဗီရိုကြီးကို မမီမကန်းဖွင့်၍ ကျွန်တော်တို့အနေဖြင့် အသစ်လွင်ဆုံး၊ အလှပ ဆုံးအဖြစ် သတ်မှတ်ထားသော အဝတ်အစားတွေကို ရွေးထုတ်ဝတ်ဆင်လိုက်ပြီးသည့်နောက်မှာတော့ အဘတို့အိမ်ရှေ့ မြေကွက်လပ်သို့ ပြေးဆင်းလာခဲ့ကြလေသည်။

ဓာတ်ပုံဆရာ လာပြီဆိုလျှင် အဘတို့အိမ်သို့သာ စက်ဘီးဦးတိုက် ရောက်လာ တတ်မြဲဖြစ်သည်။ အကြောင်းမှာ ကျွန်တော့် အဒေါ်များနှင့် ဓာတ်ပုံဆရာတို့ ရင်းနှီးကြသော ကြောင့် ဖြစ်သည်။ (တစ်ခါတရံ ဓာတ်ပုံရိုက်စရာ အကြောင်းမရှိသော်လည်း အလည်သက် သက် လာတတ်ကြသေး၏။) ထို့အပြင် အဘတို့အိမ်သည် အိမ်အိုနိမ့်ကလေးဖြစ်သော်လည်း ခြံဝန်းကျယ်ပြန့် ကာ၊ ကျွန်တော့်အဒေါ်များ ပြုစုပျိုးထောင်ထားသည့် ပန်းခြံအသေးစား လေးလည်း ရှိသောကြောင့် ဓာတ်ပုံရိုက်ရန် နေရာ ထိုင်ခင်း ရှုခင်းရှုကွက် ပိုအဆင်ပြေပုံ ရသည်။ ပန်းခြံဆိုသော်လည်း တန်ဖိုးကြီး သစ်ခွများ၊ နှင်းဆီပန်းများ ဝေနေသည့် ပန်းခြံမျိုး မဟုတ်ပါ။ ဇော်စိမ်း၊ ရွက်လှ၊ အုန်းပန်း၊ ဂမုန်း စသည့် ပတ်ဝန်းကျင်တွင် ရတတ်သမျှတို့ကို စိုက်ပျိုးထားကာ ခါး စောင်းခန့် အမြင့်ရှိသော ဝါးကတ်လေးများဖြင့် ကာရံထားသည့် နေရာလေး ဖြစ်ပါသည်။ သို့သော် ခြံအဝင် တံခါးနားမှာမူ ရာသီမရွေး အရောင်အသွေး တောက် ပြောင်နေတတ်သည့် စက္ကူပန်းချုံကြီး ရှိသကဲ့သို့ အဝါရောင် ခေါင်းလောင်းပန်းများလည်း ပွင့် နေတတ်ကြသည်။ ထိုနေရာလေးများသည် ဓာတ်ပုံဆရာနှင့် ဓာတ်ပုံချစ်သူများ ရွေးချယ်တတ်လေ့ရှိသည့် သဘာဝ ဆက်တင်တစ်မျိုးလည်း ဖြစ်နေသည်။

ဓာတ်ပုံဆရာမှာ အရပ်ပျပ်ပျပ်၊ ကိုယ်ဟန်ပါးပါး၊ မျက်နှာချိုချိုနှင့် ဖြစ်သည်။ ထိုခေတ်ကာလ လူငယ်များထားလေ့ရှိသည့် နဖူးထိပ်တွင် အမောက်ကလေး ထောင်ထား တတ်သည့် ဆံပင်ပုံစံကြောင့် သူ့မျက်နှာထက် သူဆံပင်အုံက ပိုကြီးနေသည်ဟု ထင်ရ တတ်သည်။ သူလာလျှင် ဘယ်တော့မှ တစ်ဦးတစ်ယောက်တည်း မလာ။ သူငယ် နှစ်ယောက်သုံးယောက် ပါလာ လေ့ရှိ၏။ သူတို့အားလုံးသည် ကျွန်တော့်အဒေါ်များနှင့် ရင်းနှီး ခင်မင်ကြသူများ ဖြစ်ကြပြီး သဘောထား ကောင်းမွန်သူများ ဖြစ်ကြသည်။ ဓာတ်ပုံဆရာမှာ သူတို့အထဲတွင် မင်းသားတစ်ယောက်ကဲ့သို့ ထင်ပေါ်သူဖြစ်သည်။ ရောက်လာလျှင် ကင် မရာအိတ်ထဲမှ ကင်မရာကို ထုတ်ပုံ၊ ဓာတ်ခဲလေးများ ထုတ်စစ်ကြည့်ပုံ၊ ကင်မရာ၏ အနီးအဝေးချိန်ညှိသည့် Zoom ကို စမ်းလှည့်ကြည့်ပုံ၊ ကင်မရာတွင် ဖလက်ရှ်ဂန်းတပ်ဆင်ကာ ဖျတ်ခနဲ မီးဖွင့်ရိုက်ကြည့်ပုံ စသည်စသည်တို့မှာ ကျွန်တော်တို့ အတွက် မရိုးနိုင်သော ထူးဆန်းမှုများ ဖြစ်ကြလေသည်။ ကျွန်တော်တို့ နေထိုင်သည့် ရွာလိုလို၊ ရပ်ကွက်လိုလို နေရာ လေး၏ မြေသားလမ်းလေးပေါ် ကင်မရာလွယ်ထားသည့် ဓာတ်ပုံဆရာတစ်ယောက် ရောက်လာခြင်းသည် တစ်ခါတရံမှသာ ကြုံ တွေ့နိုင်သော အခွင့်အရေးဖြစ်သောကြောင့်ပင်။

ဓာတ်ပုံဆရာ လာပြီဆိုလျှင် ကျွန်တော့်အဒေါ်များ ခြံစည်းရိုးကျော် အော်ဟစ်သံများကြောင့်လည်းကောင်း၊ ကျွန်တော်တို့ ကလေးများကို ဆတ်သားစေလွှတ်ခြင်းကြောင့် လည်းကောင်း အိမ်နီးနားချင်းမှ အပျိုအရွယ် မိန်းခလေးများလည်း ဖီးလိမ်း ပြင်ဆင်ကာ စုဝေးရောက်လာတတ်ကြသည်။ ပြီးလျှင် အဘတို့ ခြံဝရှိ စက္ကူပန်းချုံကြီးကို နောက်ခံထား၍ တစ် ယောက်ပြီး တစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့၊ ကိုယ်တစ်ပိုင်းပုံ၊ ကိုယ်လုံးပြည့်ပုံ၊ မိသားစုပုံ၊ ထိုင်နေပုံ၊ မတ်တတ်ရပ်နေပုံ၊ ဘေးတစောင်းပုံ၊ ဒူးထောက်နေသောပုံ၊ မုဆိုး ဒူးလေးချိန်၍ ထိုင်နေသကဲ့သို့သော ထိုင်နေပုံ စသည့် ရုပ်ရှင်ထဲ၊ ပြက္ခဒိန်များထဲတွင် မင်းသား မင်းသမီး များ ရိုက်လေ့ရှိသော ကိုယ်နေဟန်ထားအမျိုးမျိုးတို့ဖြင့် ဓာတ်ပုံ အရိုက်ခံကြလေသည်။

တစ်ခါတလေများ၌ ခြံဝန်းထဲရှိ ဆက်တင်များနှင့်ပင် မတင်းတိမ်နိုင်ကြဘဲ ခြံနောက်ဖေးရှိ လယ်ကွင်းပြင်များအထိ ခြေဆန့် ကာ location အသစ် ရှာဖွေကြတတ်သည်များလည်း ရှိတတ်သေး၏။ လယ်ကွင်းပြင်ထဲတွင်မူ အိမ်ခြံဝင်းထဲနှင့် မတူညီသော ရှုမျှော်ခင်း များ၊ အလှအပများ ရှိကြသည်။ ကျယ်ပြန့်သော ရိုးပြတ်ကွင်းပြင်၊ ပဲခင်းစိမ်းစိမ်း၊ ကောက်နှံ ပင်ဝါဝါ၊ ရှိုက်ဖိုကြီးငယ် ကိုယ်လုံးအလှကို ဖော်ချွတ်လဲလျောင်းနေသည့် ရိုးမတောင်တန်း၊ ကောင်းကင်ပြာပြာထဲမှ တိမ်သိုးအုပ်များ၊ အိမ်ပြန်ငှက်များ နှင့် ညနေဆည်းဆာရောင်စုံတို့သည် ဓာတ်ပုံဆရာရော၊ ဓာတ်ပုံအရိုက်ခံသူများပါ တရှိုက်မတ်မတ် နှစ်သက်ကြသည့် နောက်ခံ သဘာဝအလှများ ဖြစ်ကြ၏။

သည်လို လယ်ကွင်းပြင်မှာလည်း ကန်သင်းရိုးပေါ်၊ ပဲပင်စိမ်းစိမ်းတွေကြား၊ ကောက် ရိုးပုံဘေး၊ ကောက်နှံပင်လေးများကို ထိကိုင်၊ ကောင်းကင်ဆီ မော့ငေး စသည့် မြင်ဖူးသမျှ၊  ဓာတ်ပုံဆရာ အကြံပေးသမျှ ကိုယ်နေဟန်ထားတို့ဖြင့် တစ်ယောက်ပြီး တစ်ယောက်၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့ ဓာတ်ပုံအရိုက်ခံကြပြန်သည်။ ကိုယ်နေဟန်ထား အမျိုးမျိုး၊ နောက်ခံရှုမျှော်ခင်း အမျိုးမျိုး တို့ဖြင့် ဓာတ်ပုံအရိုက်ခံကြသော်လည်း ဥပဒေတစ်ရပ်ကို လိုက်နာသလိုမျိုး တစ်ညီ တညွတ်တည်း လိုက်နာကြသည့် အချက်မှာ ဓာတ်ပုံအရိုက်ခံနေစဉ် ပြုံးရယ်ပြနေသည့် အ ချက် ဖြစ်သည်။ “အပြုံး” သည် လူတစ်ယောက် လှပတင့်တယ်ရန် အကောင်းဆုံး မိတ်ကပ်ဖြစ်ကြောင်း လှည်းလမ်းကြောင်းနှင့် လယ်ကွင်းပြင်ကြားမှာ နေထိုင်သည့် လုလင်ပျို၊ လုံမပျိုတို့ အားလုံး နားလည်လက်ခံထားကြပုံ ရသည်။

ဓာတ်ပုံဆရာ ပြန်သွားလျှင် ကျွန်တော်တို့သည် စိတ်ကူးယဉ်မှုများဖြင့် မောပန်း နွမ်းလျ ကျန်နေရစ်ခဲ့ကြသည်။ ကျွန်တော်တို့ ကလေးများကမူ အင်္ကျီအသစ်များကို ချက်ချင်း မချွတ်လဲသေးဘဲ မိဘတွေ အမေ့ကောက်၍ နေရသမျှ ဆက်နေလိုက်ကြ သေး၏။ အဒေါ်များကမူ အင်္ကျီအဝတ်အစားများ ပြန်လည် လဲလှယ်ဝတ်ဆင်ပြီးသော်လည်း ဓာတ်ပုံ ရိုက်စဉ်က မိတ်ကပ်များ ကို မဖျက်သေးဘဲ အလင်းရောင် ရှိနေသေးသမျှ မျက်နှာပြန်မသစ် ကြသေးပေ။ ပြီးလျှင် ဓာတ်ပုံအဖြစ် ထွက်လာလျှင် မိမိတို့ ရုပ်သဏ္ဌာန်ကို မည်သို့မည်ပုံ မြင်တွေ့ရလေမလဲဟူသော အတွေးဖြင့် မချင့်မရဲ ဖြစ်နေကြလေသည်။

ဓာတ်ပုံရိုက်ခဲ့သည့်နေ့ကို ကျွန်တော်တို့အားလုံး မေ့လျော့သွားသည့်အချိန်တွင်”ဓာတ်ပုံဆရာ လာပြီ”ဟူသော အသံကို ကြားရပြန်သည်။ သည်အခါမှာတော့ ရိုက်ခဲ့သောဓာတ်ပုံများကို ကူးဆေး၍ ပြန်လာပေးခြင်း ဖြစ်လေသည်။ သည်အခါမှာ လည်း ဓာတ်ပုံဆရာ ရှိနေသော အဘတို့အိမ်ဆီ လူတွေ ဝိုင်းလာကြပြန်၏။ သို့သော် ယခင်တစ်ခါလို ဖီးလိမ်းပြင် ဆင်ပြီး ရောက်လာကြခြင်း မဟုတ်။ မီးဖိုချောင်ထဲမှ၊ အဝတ်လျှော်နေရာမှ၊ မြေပဲဆွတ်နေကြရာမှ ချွေးတလုံးလုံး၊ ရေတစိုစို၊ အိုးမည်း တပေပေဖြင့် အပြေးအလွှား ရောက်လာကြခြင်း ဖြစ်သည်။ ပြီးလျှင် ကိုယ့်ဓာတ်ပုံကိုယ် အငမ်းမရ ရွေးယူကာ ကြည့်ကြသည်။ အချို့ဓာတ် ပုံတွေမှာ အဆင်ပြေကြသော်လည်း အချို့ဓာတ်ပုံတွေမှာမူ မျက်လုံးမှိတ်လျက်သားကြီးတွေ ဖြစ်နေကြလေသည်။ မည်သို့ပင်ဖြစ်စေ ကျသင့်ငွေကို ပေးချေ၍ ရွေးယူထားလိုက်ကြမြဲပင်။ အိမ်ရောက်လျှင် အကောင်းဆုံးပုံလေးတွေ ရွေးကာ၊ အိမ်ထရံမှာ တုတ်ချောင်းနှင့် ထိုးညှပ် ထားကြ၍ တတ်နိုင်လျှင် ဓာတ်ပုံဆရာကို အကြိုက်ဆုံးပုံ ရွေးပေးလိုက်ပြီး ပုံကြီးချဲ့၊ မှန်ပေါင်သွင်းပေးရန် ထပ်မံအပ်နှံလိုက်ကြပြန်သည်။ ဓာတ်ပုံတိုင်း၏ အောက်ခြေထောင့်တစ်နေရာတွင်မူ ဓာတ်ပုံဆရာ အမည်နှင့် “ဆေးရောင်စုံ ဓာတ်ပုံ” ဟူသော စာတန်းကို ရိုက်နှိပ်ထားလေသည်။
*******************************

ကျွန်တော်သည် ကလေးဘဝ နယ်နိမိတ်ထဲမှ လွန်မြောက်၍ လူလတ်ပိုင်းနယ် နိမိတ်ထဲ၌ ခြေနှစ်ဖက်လုံး စုံချရပ်မိနေပြီ။ သွားအချို့ ကျိုး၍ ဆံပင်အချို့ ဖြူကာ၊ အမြင်အာရုံ လည်း အဝေးမှုန်ချင်သလိုလို ဖြစ်နေပြီ။ “ဓာတ်ပုံဆရာ လာပြီ” ဟူသော အသံကို မကြားရ တော့သည်မှာလည်း ဆယ်စုနှစ်အချို့ ကြာမြင့်ခဲ့လေပြီ။ အကယ်၍ “ဓာတ်ပုံဆရာ လာပြီ” ဟူသော အသံကို ကြားရလျှင်လည်း စိတ်လှုပ်ရှားသော ဘဝကို ပြန်လည်ရရှိတော့မည် မဟုတ်ပေ။

နည်းပညာ အသစ်သစ်တို့သည် လူသားတို့အတွက် တစ်နည်းတစ်ဖုံ အကျိုးပြုကြသော်လည်း၊ လူသားတို့၏ ပျော်ရွှင်ဖွယ် အချို့ကိုပါ လုယက် ခိုးယူသွားတတ်သည့်အကြောင်း ကျွန်တော် ကြေကြေကွဲကွဲ တွေးနေမိပါသည်။

မိုးကျော်ဇင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)