စိုးခိုင်ညိန်း ● တောင်ပေါ်မြစ်

January 7, 2019

● တောင်ပေါ်မြစ်
(မိုးမခ) ဇန်နဝါရီ ၇၊ ၂၀၁၈

ဒီနှစ်က မနှစ်ကလို ကားနဲ့ မဟုတ်တော့၊ လူက အရေအတွက် နည်းသွား၍ ခရီးက ကိုယ့်ဆိုင်ကယ်နဲ့ ကိုယ်ဖြစ်သွားသည်။ ကျွန်တော်တို့ အဖွဲ့က ဆိုယ်ကယ်သုံးစီး၊ ခြောက်ယောက်ဖြစ်သည်။ ကျန်တဲ့အဖွဲ့တွေကလည်း သူတို့အစီအစဉ်နဲ့ သူတို့ သွားကြပြီ ဖြစ်သည်။ ကျွန်တော်တို့ အဖွဲ့ ကန်ပက်လက်မြို့ကိုရောက်တော့ နေ့လည် ၂ နာရီခွဲပြီ ဖြစ်သည်။ နေ့လည်ဆိုပေမဲ့ နေရောင်ခြည်ကို မမြင်ရ၊ ကောင်းကင်တစ်ခုလုံး အုံ့ဆိုင်းလို့နေသည်။ ကျွန်တော်တို့ အရင်ရောက်နေကြသော အဖွဲ့က ကွင်း ပြင်လေးမှာ မီးဖိုလေးနဲ့ ၀ိုင်းထိုင်ကာ စကားပြောနေကြတာ တွေ့ရသည်။ အအေးဓါတ်က ဆောမြို့ကို ကျော်လာ ကတည်းက သိသိသာသာ ခံစားခဲ့ရတာ ဖြစ်သည်။

မြူနှင်းတွေကြားထဲမှ တောင်ပေါ်မြို့လေးသည် အအေးဓါတ်ဖြင့် မှုံမှိုင်းနေသော်လည်း တောင်ပေါ် တက်မည့် ခရီးသွားတို့ဖြင့် လှုပ်လှုပ်ရွရွ ဖြစ်နေတာ တွေ့ရသည်။ လမ်းဘေး တစ်ဖက်တစ်ချက်မှာ တွေ့ရတတ်သော ချယ်ရီတွေက ပင်လုံးကျွတ်အောင် ပွင့်နေသည်။ လေထဲမှာတော့ ထင်းရှူးနံ့က သင်းပြန့် နေသည်။

ကွင်းပြင်လေးရဲ့ အနောက်ဖက်ခြမ်းမှာတော့ မြို့ခံကဗျာဆရာ ကိုစတီဗင်က ထင်းရှူးပင်လေးတွေ စိုက်ထားပြီး ပူစီပေါင်း တွေနဲ့ အလှဆင်ထားတဲ့ မဏ္ဍပ်လေးတစ်ခု ကျကျနန လုပ်ထားတာတွေ့ရသည်။ မဏ္ဍပ်အောက်က ဆိုင်းဘုတ်ကို ဖတ်ကြည့် လိုက်တော့ လောက်နူးမြေ၊ ဒုတိယအကြိမ်၊ ကဗျာရွတ်ပွဲတဲ့ ဗီနိုင်းဖြင့် သေသေချာချာ လုပ်ထားသည်။ လောက်နူးဆိုသည်က ချင်းဘာသာလို ကန်ပက်လက်ဟု ဆိုသည်။

ဒုတိယအကြိမ်လို့ ဆိုပေမဲ့လည်း ပထမအကြိမ်လို့ ပြောမယ်ဆိုလည်း ပြောလို့ရသည်။ မနှစ်က ကျွန်တော်တို့ ကဗျာဆရာ ဆယ်လောက်အဖွဲ့က ခေါနူးစုမ်တောင်တက်ဖို့ လာကြရင်း ကဗျာဆရာကိုစတီဗင်ရဲ့ရိပ်သာမှာ ညအိပ်တည်းခဲ့တုန်းက ညမှာ မီးပုံပွဲလေး လုပ်ရင်း ကဗျာတွေ ရွတ်ကြဖတ်ကြ လုပ်ခဲ့ကြတာ ဖြစ်သည်။ အခုလို အစီအစဉ်နဲ့ ကျကျနနလုပ်ခဲ့ရတာ မဟုတ်ခဲ့။ အဲသည်လို လုပ်ခဲ့သည့် ကဗျာရွတ်ပွဲလေးကို ကိုစတီဗင်ကို သဘောကျပြီး ဒီနှစ်မှာ အခုလို အသေအချာစီစဉ်ပြီး လုပ်ခြင်း ဖြစ်သည်။ အခု ဒီလောက်နူးမြေ ကဗျာရွတ်ပွဲက အဲသည် မီးပုံပွဲလေးမှာ ကဗျာရွတ်ပွဲလေးက စတင်သန္ဓေတည်ခဲ့တာ ဖြစ်သည်။

အခုဒီနှစ်မှာက ဒီကဗျာရွတ်ပွဲလေးကိုပဲ တကူးတက လာခဲ့ကြခြင်း ဖြစ်သည်။ အရင်နှစ်ကလို တောင်တက်ဖို့ လာရင်း ကြုံလို့ ကဗျာရွတ်ကြတာမျိုး မဟုတ်၊ ကိုစတီဗင်က ရန်ကုန်က ကဗျာဆရာတွေ၊ မန္တလေးက ကဗျာဆရာတွေ၊ နီးစပ်ရာ လိုက်ဖိတ်ပေမယ့်လည်းပဲ မန္တလေးက ဆရာမောင်သင်းပန် တစ်ယောက်ပဲ သက်ကြီးပိုင်းထဲက လာတာတွေ့ရသည်။ တချို့ ကဗျာဆရာတွေအနေဖြင့်  လာချင်စိတ်ရှိ ပေမယ့်လည်း ခရီးဝေးသည်က တစ်ကြောင်း ၊ အေးလွန်းသည့် အရပ်ဒေသမို့ တည်ရေးခိုရေး အဆင်ပြေမပြေ စသည့်အကြောင်းတွေကြောင့် မလာတာလည်း ဖြစ်နိုင်သည်။ သို့သော်လည်း ကိုစတီဗင်၏ မိဘမဲ့ပရဟိတဂေဟာလေးမှာက တည်းဖို့ခိုဖို့ အားနာစရာမရှိပေ၊ စောင်၊ ခေါင်းအုံးစသည် ပြည့်ပြည့်စုံစုံ ရှိသည်။ အရင်နှစ်က အခြေအနေမသိရ၍ ကျွန်တော်တို့အဖွဲ့က စောင်တွေယူလာခဲ့တာ အပိုလိုဖြစ်သွားခဲ့ သည်။ လူငါးဆယ်စာလောက်ကတော့ အေးအေးဆေးဆေး တည်းနိုင်သည်။

သည်နှစ်က ကဗျာရွတ်ပွဲက ဒုတိယအကြိမ်ဆိုပေမယ့်လည်း ကဗျာဆရာက ကျန်တဲ့ပွဲတွေလို မများလှ၊ အားလုံးပေါင်းမှ ဆယ့်ငါးယောက်လောက်ပဲ ရှိသည်။ ကန်ပက်လက်မြို့မှာကလည်း မြို့ခံကဗျာဆရာက ကိုစတီဗင်တစ်ယောက်သာ ရှိသည်။ တစ်ယောက်တည်းဆိုတော့ သူ့မှာ ဒီပွဲလေးဖြစ်ဖို့ အတော်ကြိုးစား လုပ်ရသည်။ ကျွန်တော်တို့ကို လောက်နူးမြေ၊ ဒုတိယအကြိမ်၊ ကဗျာရွတ်ပွဲ ဆိုပြီး တံဆိပ် ရိုက်ထားတဲ့ တီရှပ်တစ်ထည်ဆီပေးသည်။ သူတစ်ယောက်တည်းနဲ့ ဒီလိုပွဲမျိုး ဖြစ်အောင်လုပ်သည့် သူ၏ ကဗျာချစ်စိတ်ကို လေးစားမိသည်။

ည ခုနှစ်နာရီလောက်မှာ ကဗျာရွတ်ပွဲ စသည်။ မဏ္ဍပ်ထဲမှာက မိဘမဲ့ ကလေးတွေက အပြည့်၊ အစီအစဉ်အရ ဆရာမောင်သင်းပန်က မုဒိတာအမှာစကားပြော၊ ကဗျာဆရာလွန်းအိမ်သစ်က အမှတ်တရ ပန်းချီကားကို ကိုစတီဗင်ကို ပေးအပ်၊ ကဗျာဆရာနွေငယ်က သူရေးဆွဲထားတဲ့ ကိုစတီဗင်ပုံပန်းချီကားကို ပေးအပ်ပြီးမှာ ကဗျာဆရာတွေက ကဗျာရွတ်လိုက်၊ ကလေးလေးတွေ၏ ဂစ်တာနဲ့ သီချင်းဆိုလိုက်၊ ကလိုက်နဲ့ တော်တော်လေးလေး မြိုင်မြိုင်ဆိုင်ဆိုင်နှင့် ကြည်နူးစရာကောင်းလှပါသည်။ ကလေးလေးတွေ ဆိုသည့် သီလေးတွေက အတော်နားထောင်လို့ ကောင်းသည်။ နောက်မှ သိရသည်မှာ ကလေးလေး တွေ ဆိုသည့် သီချင်းအားလုံးကို ကိုစတီဗင်၏ အမျိုးသမီးက ရေးပေးသည်ဟု ဆိုသည်။

ဒီကဗျာရွတ်ပွဲလေးနှင့် အတူ ကဗျာဆရာခြောက်ယောက် ရေးထားသည့် တောင်စဉ် ခြောက်သွယ်တန်း ကဗျာများ ဆိုသည့် ကဗျာစာအုပ်မိတ်ဆက်ပွဲလေးပါ တွဲထားသည်။ ကဗျာဆရာခြောက် ယောက်က တာန်၊ ရတုသွေး၊ စတီဗင် (ကန်ပက်လက်)၊ လူအောင် (၀မ်းတွင်း)၊ ဟာရှိန်း (မင်းတပ်)၊ မောင်သစ်ဦး (မြစ်ခြေ) တို့ ဖြစ်ကြသည်။ မြေပြန့် တောင်ပေါ်ကို တသွေးထဲ တသားထဲ ပေါင်းစည်းထားတာ ပဲဟု ခံစားလိုက်မိသည်။ တာန်၊ စတီဗင်၊ ဟာရှိန်း တို့က တောင်ပေါ်က ချင်းကဗျာဆရာတွေ၊ ကျန်တာက မြေပြန့်က ကဗျာဆရာတွေ ဖြစ်သည်။ ကဗျာတွေသည် မြေပြန့်မှာသာ မကတော့ တောင်ပေါ်တွေ အထိပါ ပြန့်နှံ့ စီးဆင်းနေခဲ့ပြီ ဖြစ်သည်။ သူတို့သည် တောင်ပေါ်မှာ စီးဆင်းနေသော မြစ်တွေ ဖြစ်သည်။ မြစ်ဆိုတာ မျိုးက တောတွေ၊ တောင်တွေ ဘယ်လိုပဲ ကာဆီးနေပါစေ အားလုံးစုစည်းရာ ပင်လယ်သို့ မရောက် ရောက် အောင် သွားမြဲဖြစ်သည်။

တောင်ပေါ်မြစ်

သမရိုးကျ စီးဆင်းခဲ့သူပါ
အဆန်ကိုလည်း ဆန်ခဲ့
အစုန်ဆိုလည်း ဆန်ခဲ့။

တိုက်စားခဲ့သမျှ တိမ်တွေ
ခိုနားခဲ့သမျှ တောင်အောက်ကြမ်းပြင်တွေ
ပင်လယ်မျှော်တေးသံတွေမှာ
မြစ်ကျိုးအင်းနောက်ခံတီးလုံးတွေသာ မြည်ဟီးလို့။

မြစ်ချင်း အတူတူ
ပန်းဝင်နောက်ကျခဲ့သူ။

ဟာရှိန်း (မင်းတပ်)


ဒါသည်ပင် တောင်ပေါ်မြစ်တစ်စင်း၏ ကဗျာမြစ်စီးဆင်းမှု တစ်ခုပဲ ဖြစ်သည်။ တောင်ပေါ်မြစ်ဆို တော့ မြေပြန့်မှာ စီးဆင်းရသော မြစ်တွေလို ဖြောင့်ဖြောင့်ဖြူးဖြူး မစီးဆင်းနိုင်တော့ ပင်လယ်မှာ ပန်းဝင် နောက်ကျပေလိမ့်မပေါ့။ တောင်ပေါ်မြစ်ဆိုတော့ တောအထပ်ထပ် ဖြတ်ရသည်။ တောင်အသွယ်သွယ်ကို ကျော်တက်ရသည်။ မြစ်ချင်းအတူတူ ဆိုဦးတော့ မြေပြန့်မှာထက် စီးဆင်းရသည့်ခရီးက ပိုပြီး ခက်ခဲ ကြမ်းထမ်းနိုင် သည်။

အစီအစဉ်အားလုံးပြီးတော့ မီးပုံပွဲလေး ဆက်ကျင်းပကြသည်။ မီးပုံပွဲလေးမှာလည်း စကားပြော လိုက်ကြ၊ သောက်လိုက်စားလိုက်ကြနဲ့ ကဗျာတွေ ထပ်ရွတ်ကြပြန်သည်။ အခြေအနေအကြောင်းကြောင့် မလာရောက်နိုင်သည့် ချင်းကဗျာဆရာ ဟာရှိန်း (မင်းတပ်)က ဖုန်းခေါ်ပြီး စပီကာဖွင့်ကာ မိုက်နဲ့ပင် ကဗျာတစ်ပုဒ်ရွတ်လိုက်သေးသည်။ ကဗျာကို ထိုမျှအထိ ချစ်ကြသည့် ချင်းကဗျာဆရာ တစ်ယောက်ဖြစ်သည်။ သိပ်မကြာသေးခင်ကပင် သူတို့ချင်းကဗျာဆရာတွေစုပြီး တောင်ဇလပ်မြေကဗျာဆု တစ်ဆုကိုပင် ပထမဆုံးအကြိမ် ပေးထားတာကို တွေ့လိုက်ရပြီး ဖြစ်သည်။

မနက်မှာတော့ ငါးနာရီလောက်မှာ ထကြပြီး ခေါနူးစုမ်တောင်ပေါ်ကို တက်ကြသည်။ တချို့က ည ၂ နာရီလောက်ကတည်းက ထတက်ကြသည်ဟု ဆိုသည်။ တောင်ထိပ်ကို နေမထွက်ခင် ရောက်အောင်သွားကာ နေအထွက်ကို ကြည့်ကြတာ ဖြစ်သည်။ အအေးဓါတ်က မနှစ်ကထက် အများကြီး ပိုအေးသည်။ အတက်လမ်းဘေးမှာ တွေ့ရသော ရေအိုင်လေးတွေမှာ ရေခဲကာ ရေခဲပြင်လို ဖြစ်နေသည်။ ခဲနှင့် ထုကြည့်တာတောင်မှ ရေခဲပြင်က မကွဲပေ။ အနယ်နယ်အရပ်ရပ်က တောင်ပေါ်ကို လာတက်ကြသည့် လူတွေကလည်း မနှစ်ကထက် ပိုများသည် ထင်သည်။ ကားရပ်သည့် တောင်ခြေစခမ်းမှာလည်း ကားတွေ အများကြီးတွေ့ရသည်။ တောင်ထိပ်ပေါ်မှာလည်း လူတွေကအများကြီးပဲ ဖြစ်သည်။ အများစုက ကားရပ်စခမ်းကနေ ခြေလျှင်တက်ကြတာ တွေ့ရသည်။ တောင်၏ ဘယ်နေရာကပဲ ကြည့်ကြည့် တိမ်တွေကတော့ ကိုယ့်အောက်ဆီမှာပဲ အပြန့်လိုက်ကြီး တွေ့ရတတ်သည်။ တောင်ဇလပ်ပန်းတွေကတော့ လှိုင်လှိုင်မပွင့်သေးပေ။ အတက်လမ်း တလျှောက်ဘေး မှာရော တောင်ထိပ်မှာပါ အမှိုက်ပုံးကြီးတွေ ချထားတာ တွေ့ရသည်။ မနှစ်က အခုလိုမျိုး မရှိသေး၊ တောင်ထိပ်က ဇရပ်က လေးကို ပြန်ပြင်ထားတာ တွေ့ရသည်။ ဒါသည်ပင် ပြောင်းလဲမှု တစ်ခုပဲ ဖြစ်သည်။

ကျွန်တော်တို့ကတော့ ရောက်ဖူးပြီးသားမို့ အတက်ရော၊ အဆင်းရော စကားလေးတပြောပြောနှင့် တောင်အောက်ရှုခင်းကို ငေးလိုက် ရေညှိတွေတက်နေတဲ့ သစ်ပင်ကြီးတွေကို မော့ကြည့်လိုက်နှင့် အေးအေးဆေးဆေးပဲ ဖြစ်သည်။ တစ်ချို့နေရာ မှာတော့ တောင်ခါးပန်းနံရံတွေမှာ အိမ်လေးတွေ ဆောက်ပြီး နေကြသည့် ရွာကလေးတွေကိုလည်း တွေ့ရတတ် သည်။ ဒီရွာကလေးက လူတွေ ဘယ်လိုများ လုပ်ကိုင် စားသောက်ကြသလဲ မသိဘူးဟု ကျွန်တော်က တွေးကြည့်နေမိသည်။ သူတို့မှာ စိုက်ပျိုးစရာ မြေပြန့်ရယ်လို့ မရှိ၊ တစ်နေရာနှင့် တစ်နေရာ ကူးသန်းသွားလာဖို့ပင် မလွယ်ကူ၊ ကားလမ်းမပြောနှင့် ဆိုင်ကယ်စီးလို့ရ သည့် လမ်းမျိုးပင် မရှိတာ တွေ့ရသည်။ သူတို့သည် တောင်ဇလပ်နီနီ၊ ချယ်ရီ၊ ထင်းရှူးတွေနဲ့ မွေးဖွား ကြီးပြင်းခဲ့ရတော့ ဒီတော ဒီတောင်များသည်ပင် သူတို့ဘ၀ပဲဟု ခံယူထားပုံ ရပါသည်။

လမ်းဘေး အိမ်တစ်အိမ်က ပြတင်းပေါက်လေးဖွင့်ကာ ကျွန်တော်တို့လို တောင်းဆင်းတောင်တက် ခရီးသွားတွေကို ငေးကြည့်နေသော ကောင်မလေးတစ်ယောက်ကို တွေ့လိုက်ရသည်။ အခုလို ခရီးသွားရာ သီလေးမှာ တောင်ဆင်းတောင်တက်ခရီးသွားတွေနဲ့ စည်းကားနေတာလေးကို ငေးကြည့်နေရတာသည် သူမအဖို့တော့ ပျော်ရွှင်စရာတစ်ခုပဲ ဖြစ်ပေလိမ့်မည်။ တောင်တက်ပြီး ပျော်နေကြသော ခရီးသွားတွေကို ငေးနေရသော အပျော်ငေးသူ တစ်ယောက်ဖြစ်ပေလိမ့်မည်။

ပွဲတော်ငေးသူ

စိတ်ညစ်သီးတွေကို
အရည်ဖျော်သောက်ပစ်ရတာဆို ပျော်စရာပေါ့
ပွဲတော်ထဲ
မပျော်သူ တစ်ယောက်ယောက်ဟာ
တစ်နေရာရာမှာ အမြဲရှိနေ။

(တာန်)  


အခုမြင်ရတဲ့ ရွာလေးတွေထက် အခြေနေဆိုးသည့် ဒီထက်ခေါင်သည့် နေရာမှာ ရှိသည့် ရွာကလေး တွေ အများကြီး ရှိသေးသည်ဟု သိရသည်။ အဲသည်ရွာကလေးတွေက အိမ်ခြေ ဆယ်အိမ်၊ ဆယ့်ငါးအိမ် လောက်နဲ့ပဲ ရွာလုပ်နေရသည့် ရွာလေးတွေဟု ဆိုသည်။ မြို့နှင့်အလှမ်းဝေး၊ ကားလမ်း မရှိ၊ ဆိုင်ကယ်လမ်းပင် ကောင်းကောင်းမရှိသည့် ရွာတွေ တောင်တွေပေါ်မှာ အများကြီး ရှိသည်တဲ့။ စာသင်ကျောင်းမရှိ၊ ဆေးခန်း မရှိသည့် ရွာတွေဟု ဆိုသည်။ ဒါသည်ပင် ခက်ခက်ခဲခဲ စီးဆင်းနေသော တောင်ပေါ်မြစ်တွေပဲဟု ဆိုရမည် ဖြစ်သည်။ အဓိကကတော့ စီးဆင်းမှုကို ရပ်မပစ်လိုက်ဖို့ပဲ ဖြစ်သည်။ စီးဆင်းနေသမျှတော့ တနေ့နေ့ တချိန်ချိန်မှာ အားလုံး၏ တပြေးညီ ပင်လယ်ပြင်မှာ ပန်းဝင်ရမှာပဲ ဖြစ်သည်။ စီးဆင်းမှု မြန်တာနှေးတာသည် အရေးမကြီး အမြဲတမ်း စီးဆင်းနေဖို့ပဲ ဖြစ်သည်။။

စိုးခိုင်ညိန်း
၂၅၊ ၁၂၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)