မောင်စွမ်းရည် – ဆရာဝန်ကဗျာဆရာ မောင်စန်းသော်

January 8, 2019

မောင်စွမ်းရည် – ဆရာဝန်ကဗျာဆရာ

(မိုးမခ) ဇန်န၀ါရီ ၈၊ ၂၀၁၉

ကျွန်တော်က ပြည်ပမှာဆိုတော့ ကျွန်တော့်မှာ သူရဲ့ကဗျာစာအုပ်တွေ ကိုးကားဖို့မလွယ်ဘူး။ “လမင်းနှစ်ခု” ဆိုတဲ့ ကလေးကဗျာစာအုပ်ကလေးတော့ ရှိရဲ့။ သူ့သမီး ခင်သစ်နှင်းက ပို့ထားတာလေ။ သားအဖနှစ်ယောက်လုံး ဆရာဝန်ကဗျာဆရာတွေပေါ့။ မြန်မာစာပေလောကမှာ ကသာညွှန့်ဝေတို့၊ ကြည်အေးတို့ ခေတ်စမ်းနှောင်းကလမှာ ဆရာဝန်ကဗျာဆရာအဖြစ် ပေါ်ထွက်ခဲ့ဖူးတယ်။ ဒီခေတ်မှာတော့ မန္တလေးဆေးတက္ကသိုလ်က ဆရာဝန်စာဆိုနှစ်ဦးပေါ်ထွက်လာခဲ့တယ်။ သားအဖကဗျာဆရာနှစ်ဦးပါ။ သူတို့ရဲ့ ဇာတိကိုလိုက်ရရင်တော့ ကန်မြဲဇဂျမ်း ကတဲ့။ ကန်မြင့်နန်းမြင့်နွယ် အမည်ဟောင်းနဲ့ရေးခဲ့ဖူးတဲ့ လူကြီးကဗျာရော ကလေးကဗျာတွေပါ အမျိုးသားစာပေဆုရခဲ့သူ ကဗျာဆရာကြီးတင်မိုး တို့ရွာကပါ။
ကန်မြဲဇဂျမ်းမှာ “တင်မိုးစာကြည့်တိုက်” တဲ့။ အဲဒီစာကြည့်တိုက်မှာ တင်မိုးနဲ့ ကန်မြဲကိုအေးကျော် (ပန်းရည်ဘဏ်တိုက်) တို့ရဲ့ ရုပ်တုတွေ ထုလုပ်ပြထားသတဲ့။

ကဲ…ခုလည်းလာပြန်ပြီ။ ကဗျာစာဆိုသားအဖ နှစ်ဦး။ မောင်စန်းသော်က လူကြီးကဗျာရော ကလေးကဗျာရော ရေးသားထုတ်ဝေခဲ့ပါတယ်။ တင်မိုးတို့၊ မောင်စွမ်းရည်တို့နဲ့ တတွဲတွဲနေခဲ့တဲ့ ညီငယ်ကဗျာဆရာလေးပါ။ အသက်မရှည်ရှာဘူး။ သူ့သမီး ခင်သစ်နှင်းက သူအဖေရဲ့ ကဗျာစာအုပ်ကလေး ဒုတိယအကြိမ်ထုတ်လို့ ကျွန်တော့်ဆီကို အမှတ်တရပို့လိုက်တာနဲ့ မောင်စန်းသော် အကြောင်းကို အမှတ်တရရေးချင်စိတ်ပေါက်လာလို့ပါ။ မောင်စန်းသော်ရဲ့ရုပ်ပုံလွှာ တခါရေးပြီး သားလားမမှတ်မိတော့ဘူး။ ရေးချင်လာလို့ လွမ်းလွမ်းရှိတာနဲ့ ရေးလိုက်မိတာပါ။ ဖတ်ပြီးသားဆိုလည်း ဖတ်မနေနဲ့တော့။ အားနာပါတယ်။

မောင်စန်းသော်နဲ့ တင်မိုးတို့တွဲတယ်ဆိုတာ တင်မိုးနဲ့ မောင်စွမ်းရည် တွဲသလောက်နီးပါးတွဲခဲ့ရတာပါ။ တင်မိုးနဲ့က အမေရိကားမှာပါ ဆက်သွယ်ဖို့ပါ။ ပြည်တွင်းမှာတော့ ကျွန်တော်တို့သုံးယောက် အိမ်ကလေးတလုံး မှာ အတူနေခဲ့ဖူးပါတယ်။ ဖန်မီးအိမ်ကဗျာစာအုပ်ထုတ်လုပ်စဉ်က နေခဲ့တဲ့အိမ်ကလေး။ အိမ်ကလေးရဲ့ရှေ့မှာ တမာပင်ကလေးရှိနေလို့ တမာရိပ်သာတဲ့။ မန္တလေးမီးရထားရပ်ကွက်ရဲ့ အရှေ့ဘက်။ မန္တလေးပြည်သူ့ဆေးရုံကြီးရဲ့တောင်ဘက်။ စိတြမဟီရပ်ကွက်လို့ထင်ပါရဲ့။ မျက်စောင်းထိုးမှာ ကဗျာဆရာ မျိုးမြင့်ဆွေရဲ့အိမ်ရှိတယ်။ ကျွန်တော်အိမ်ထောင်ကျတော့ မျိုးမြင့်ဆွေရဲ့အိမ်နားမှာပဲ အိမ်ငှားနေဖူးသေးတယ်။ မန္တလေးမှာ ဟံသာဝတီသတင်းစာလာဖွင့်တော့ ဦးဝင်းတင်က အစိုးရတိုက်ခန်းမှာ အိမ်မရခင် မျိုးမြင့်ဆွေရဲ့ အိမ်နဲ့ မျက်နှာခြင်းဆိုင်မှာပဲ အိမ်ငှားနေသွားခဲ့ဖူးပါသေးတယ်။ ကျွန်တော်ခေါ်ထားလိုက်တာ။ စိန်ဗေဒါကြီးရဲ့ သားတပည့် စောင်းဆရာစိန်လှမောင်ရဲ့ အဲဒီရပ်ကွက်မှာပဲနေတယ်။ မလှမ်းမကမ်းမှာ ဇာတ်ဆရာရွှေနန်းတင် လည်း နေသွားခဲ့သေးတော့ ဒီရပ်ကွက်လေးဟာ အနုပညာရပ်ကွက်လေး ဖြစ်သွားခဲ့ဖူးသေးတယ် ဆိုရမှာပေါ့။

တမာရိပ်သာဆိုတာက ဝါးထရံကာ၊ ဝါးကပ်မိုး နှစ်ခန်းပတ်လည် နှစ်ထပ်အိမ်ကလေးပါ။ ကျွန်တော်နဲ့ တင်မိုးက အပေါ်ထပ်မှာ ကြမ်းပြင်ပေါ်ဖျာကြမ်းခင်းပြီး အိပ်ကြပါတယ်။ ထမင်းစားတော့ မီးရထားရပ်ကွက်ထဲက ကျွန်တော့်အမအိမ်မှာ စားတယ်။ ကျွန်တော်က နေစရာ အမအိမ်ရှိလျှက်နဲ့ တင်မိုးခေါ်လို့ လာနေရတာ။ မောင်စန်းသော်ကတော့ အဲဒီအိမ်မှာမစားပါဘူး။ မောင်စန်းသော်နဲ့အတူ အခြားဆေးကျောင်းသားလေး နှစ်ယောက်လည်းရှိတယ်။ တမာရိပ်သာမှာ နေသမျှအားလုံးဟာ မြင်းခြံသားတွေချည်းပါပဲ။ မောင်စန်းသော် ကတော့ တင်မိုးတို့ရွာသား။ ကန်မြဲရွာသားပေါ့။ ဒါပေမဲ့ သူ့အဖေ ပွဲစားဦးဆက် ဆိုတာက မြင်းခြံမှာ ပွဲရုံနဲ့ နေတာ။ မြင်းခြံမှာ တောင်မြောက်ဒိုးရိုပေါက်လမ်းမကြီးက မိတ္ထိလာလမ်းတဲ့ မိတ္ထိလာဘက်ကို တလမ်း။ မြောက်ဘက်ထွက်တော့ အရှေ့မြောက်ဘက်ယွန်းယွန်းကို ဆက်သွားရင် မန္တလေးကိုရောက်တယ်။ မြင်းခြံ၊ မန္တလေး၊ မိတ္ထိလာဆိုတာ ‘မ’ သုံးလုံးဆိုင်တဲ့ ပြည်တွင်းစစ်ကာလမှာ နာမည်ကြီးခဲ့ဖူးတယ်။ အဆူအပွက်ဆုံး နေရာပေါ့။

တင်မိုးက ငယ်စဉ်ကာလမှာ ကိုယ်ရင်ဝတ်တော့ သူတို့ရွာဘုန်းကြီးကျောင်းမှာ ကိုရင်လေးကုန္ဒာ လောကလို့ ထင်ပါရဲ့။ သူဆွမ်းခံထွက်ရင် အတူလိုက်ရတဲ့ ဘုန်းကြီးကျောင်းသားလေးက ခင်မောင်ရီတဲ့ အဲဒါ မောင်စန်းသော် ပေါ့။ တင်မိုးက အဲဒီတုန်းကာလမှာ မောင်ဘဂျမ်းတဲ့။ ကိုယ်ရင်ဂျမ်းလို့တောင် ကလောင် နာမည်ယူခဲ့ဖူးသေးတာကလား။ ခင်မောင်ရီ ဆိုတာ နာမည်ကသာ မြို့နာမည်ဖြစ်နေပေမယ့် လူကတော့မြို့ရုပ်မဟုတ်ပါဘူး။ အညာသားပီပီ ညိုညိုမည်းမည်းပါပဲ။ ကိုရင်လေးကုန္ဒာလောက ကို သိပ်ပြီးခင်ရှာတယ်။ ကိုရင်လေးက ဝတ္ထုတွေဘာတွေဖတ်ပြီး ပြန်ပြောတတ်တာကိုး။  ကိုရင်လေးက ဘုန်းကြီးရဲ့ စာအုပ်ပုံထဲက မဂ္ဂဇင်းတွေကိုယူဖတ်ရင်း စာပေစွဲလာခဲ့တာတဲ့။ ဆွမ်းခံချိန်ကြရင် ဘုန်းကြီးကျောင်းသား ခင်မောင်ရီ ကိုရင်ဂျမ်းနောက်က လိုက်ရတယ်။ ခင်မောင်ရီက ငယ်ငယ်ကတည်းက လူမိုက်ကလေးလို့ ကိုရင်ဂျမ်းကပြောပြဖူးတယ်။

တခါတော့ ဆွမ်းခံအိမ်က ဟင်းပူပူတွေကို ဆွမ်းဟင်းခွက်၊ ဒန်ခွက်ကလေးထဲကို ထည့်ပေးလိုက်တယ်။ တင်မိုးက ပူလွန်းလို့ သူ့သပိတ်ပေါ်မတင်ဘဲ မင်းယူခဲ့လို့ သူ့လက်ထဲထည့်ပေး လိုက်တယ်။ လွတ်မကျစေနဲ့၊ မဖိတ်စေနဲ့လို့လည်းပြောပြီး ကိုရင်ကလေးက ရှေ့ကစိုက်စိုက်နဲ့ ထွက်သွားတယ်။ အတန်ကြာလို့ နောက်တအိမ်ရှေ့ရောက်မှ ကိုရင်က လှည့်ကြည့်လိုက်တော့ လက်ကိုရှေ့တန်းပြီး ဟင်းခွက်ပူပူကြီးကို ကိုင်လာတဲ့မောင်ကျောင်းသားကို တွေ့လိုက်ရတယ်။ ဟဲ့…မပူဘူးလားဆိုပြီး ဟင်းခွက်ကို ယူလိုက်တော့ လက်ထဲမှာ အပူဖုတွေပေါက်ပြီး အရည်တွေကွာကျ နီရဲနေပါလေရောတဲ့။ အဲဒါကို အံကြိတ်ပြီးကိုင်လာခဲ့တာ။ လွတ်မချဘူး။ ကိုရင်ကိုလည်း မပြောဘူးတဲ့။ အဲ့သလို တေတာပေတာ။

ကိုရင်ဂျမ်းက ၁၉၅၇ ခုနှစ်မှာ တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ တဦးတည်းသော မြန်မာစာ ဂုဏ်ထူးရှင် အဖြစ်နဲ့ ကိုရင်ဂျမ်းက အသက်ကြီးမှကျောင်းနေတော့ ခင်မောင်ရီနဲ့အသက်ချင်းကွာပေမယ့် တက္ကသိုလ်မှာ အတူတူဖြစ်လာတယ်။ တက္ကသိုလ်မှာ နာမည်ကျော်ပေါ့။ ပထမနှစ်နှစ်မှာ ပင်မတက္ကသိုလ်ကြီးမှာ ကျောင်းအတူတူနေရတယ် ဆိုနိုင်ပေမယ့် သိပံ္ပနဲ့ ဝိဇ္ဇာ…အခန်းမတူ၊ အတန်းမတူကြပါဘူး။ မောင်စွမ်းရည်က ဘူမိဗေဒ၊ တင်မိုးက စိတ်ကြိုက်မြန်မာစာ၊ မောင်စန်းသော်က ဇီဝဗေဒ။ ဘာသာတွဲတူရင်လည်း ကျောင်းတက်ကြတာမှမဟုတ်တာ။

ကျွန်တော်တို့က တမာရိပ်သာနေတော့ မြင်းခြံဆေးကျောင်းသားလေးတွေ ကလည်း ကျွန်တော်တို့နဲ့ လိုက်နေတယ်။ လူကြီးလူငယ်တော့ တွဲမနေကြပါဘူး။ သူတို့မိဘတွေကလည်း လူကြီးတွေရဲ့ အစောင့်အရှောက်ခံယူစေတဲ့သဘောပါ။ သူတို့ဖာသာ အောက်ထပ်မှာ ညလုံးပေါက် စာကျက်နေလေ့ရှိတဲ့ကလေးတွေပါ။ လူကြီးပိုင်းနဲ့တွဲမိရင်လည်း သူတို့ပါ ပျက်မှာ။ ကျောင်းပျက်မှာပါ။ လူကြီးတွေက ကျောင်းမတက်ကြဘဲ သတင်းစာတိုက်တို့၊ ပုံနှိပ်တိုက်တို့၊ စာအုပ်ဆိုင်တို့ပဲသွားကြတာ။ ကျောင်းမှာရှိပြန် ရင်လည်း ကျောင်းသားသမဂ္ဂရုံးခန်း ဝါးကပ်တဲထဲကမထွက်ကြဘူး။ ကလောင်းရှင်အသင်း ကိစ္စတွေလည်း သမဂ္ဂမှာပဲလုပ်ခဲ့ကြတာ။

ကျွန်တော်တို့စာပေအတွဲထဲမှာ ခင်မောင်ဝင်းဆိုသူပါတယ်။ “ခေါင်းလောင်းသံကဗျာများ” ဆိုတဲ့စာအုပ် တအုပ်ထုတ်ဖူးတယ်။ ကလောင်နာမည်က “ကသာဝင်းကြွယ်” တဲ့။ သူဆယ်တန်းအောင်တာက ကသာကတဲ့။ နောက်တော့ သူအဖေ သမဝါယမ အရာရှိက မြင်းခြံကိုပြောင်းလို့ ကျွန်တော်တို့မြင်းခြံကို သူလည်းရောက် လာတယ်။ သူကလည်း မန်းတက္ကသိုလ်ကလောင်ရှင်အသင်းမှာ တင်မိုးတို့၊ မောင်သိန်းနိုင်တို့ နောက်တသုတ်ဝင်လုပ်တယ်။ သူက ဥက္ကဋ္ဌ၊ မောင်စွမ်းရည်က အတွင်းရေးမှူး။

တနေ့တော့ သူ့ယောက်ဖ သူ့အမရဲ့ ခင်ပွန်းက မြင်းခြံမှာအလွတ်ပညာသင်ကျောင်းထောင်တယ်။ ခင်မောင်ဝင်းက သွားကူတယ်။ တင်မိုး လည်း သွားကူတော့ နှစ်ယောက်လုံးကျောင်းပျက်ကြတာပေါ့။ ကျွန်တော်က စာသင်တာ အလွန်ညံတယ်။ ကျွန်တော်ကို မခေါ်ဘူး။ တင်မိုးနဲ့ မောင်စန်းသော်ကလည်း အပေါင်းအသင်းနှင့်နေရရင် ငရဲပြည်ခေါ်လည်း လိုက်မယ်ဆိုတဲ့ လူစားတွေ။ အဲ့ဒီကျောင်းမှာ မေင်စွမ်းရည်ရဲ့ရည်းစားတောင် ပါလိုက်သေး။ သူနဲ့ မောင်စန်းသော် က အခြားအလွတ်ကျောင်းတကျောင်းမှာ အတူစာပြခဲ့သေးတာ။ အဲ့ဒီကျောင်းမှာ မောင်စွမ်းရည်ရဲ့ သူငယ် ဆရာမမှာ တပည့်မတွေလည်း ပါလာခဲ့ကြတယ်။ အဲဒီထဲက “သိုက်သိုက်” ဆိုတဲ့ တပည့်မနဲ့ မောင်စန်းသော်နဲ့ အဲ့ဒီကတည်းက ချိတ်မိကြတာပါပဲ။

တကယ်တော့ တင်မိုးက မြန်မာစာဂုဏ်ထူးတန်းကျောင်းသား။ စတိုင်ပင်၊ စကောလားရှစ်တွေပါ ယူထား၊ ရထားတာထင်တယ်။ (အဲ့ဒါတော့ မောင်သိန်းနိုင်မှာမှ အသေချာသိတယ်) ဂုဏ်ထူးတန်းက လစ်ပြီး စီးပွားဖြစ်တာလည်းမဟုတ်ဘဲနဲ့ အပျော်သွားပြီး လုပ်ကြသလိုဖြစ်နေတယ်။ ငွေလည်းအဖတ်မတင်ဘူး။ ဒါကြောင့် ကျွန်တော်က “မင့်ဆရာတွေခေါ်ခိုင်းလို့” ဆိုပြီး လိုက်ခေါ်လို့ပြန်ပါလာတယ်။ ဒီတော့မှ လူစုကွဲပြီး မြင်းခြံကကျောင်းလည်း ပျက်တယ်။ ဝင်းကြွယ်လည်း ကျောင်းပြန်တက်တယ်။

မောင်စွမ်းရည်ရဲ့သူငယ်ချင်း လည်း မန္တလေးလိုက်လာပြီး အလွတ်ကျောင်းမှာပဲ စာပြတယ်။ ဒီလိုနဲ့ မောင်စန်းသော်လည်း ပါလာခဲ့ပြီး ကျောင်းပြန်တက်လိုက်လို့ ဆရာဝန်ဖြစ်လာခဲ့တာပါပဲ။ ဆရာဝန်မဖြစ်ရင် ကျောင်းဆရာပဲဖြစ်မှာပါ။ ဆရာဝန်ဖြစ် တော့လည်း မြင်းခြံကတပည့်မနဲ့ပဲ အိမ်ထောင်ပြုခဲ့ပါတယ်။ ကဗျာတွေဘာတွေကတော့ ငွေတာရီမဂ္ဂဇင်းမှာ အရေးများခဲ့ပါတယ်။ သူဆရာဝန်ဖြစ်တော့ ကျွန်တော်တို့နဲ့ ဝေးသွားတယ်။

ဆရာဝန်ဘဝမှာ ခွဲစိတ်ပညာကိုလည်း ဆက်သင်တယ်ကြားတယ်။ ခွဲစိတ်ဆရာဝန်အဖြစ်နဲ့ ဆေးတက္ကသိုလ်မှာလည်း စာပြသေးတယ်။ ကျူရှင်ဆရာဘဝကလာတာဆိုတော့ စာပြရာမှာလည်း နာမည်ကြီး သတဲ့။ သူဆေးရုံဘက်ရောက်နေတော့ ကျွန်တော်တို့ကလည်း အလွတ်ကျောင်းတွေ ပြည်သူပိုင်သိမ်းခံရပြီး လွင့်စဉ်ကုန်ကြတယ်။ ကသာဝင်းကြွယ်က စစ်ထဲလိုက်သွားတယ်။ တပ်ဦးဥက္ကဋ္ဌက စစ်ထဲလိုက်သွားတော့ အများကအံ့သြကြတာပေါ့။ မောင်စွမ်းရည်က ပြည်ရွှေဘိုမြို့တော်မြောက်ဆီက ချောင်းပေါက်ရင်မကူးနိုင်တဲ့ ရေဦးမြို့မြောက်ဘက်၊ မဟာမြိုင်တောအစပ်က တန့်ဆည်မြို့ကို အစိုးရကျောင်းဆရာအဖြစ် ရောက်သွားလေရဲ့ တင်မိုးက ရန်ကုန်မှာ ဆရာကြီးမင်းသုဝဏ်ခြေတော်ရင်းကို ရောက်သွားတော့ ကံထူးသူဆိုရမှာပေါ့။

မောင်သာနိုး၊ မောင်သိန်းနိုင်၊ မောင်မိုးသူ၊ ပန်းချီဝင်းဖေ၊ စန္ဒရားသိန်းမောင် စတဲ့စတဲ့ မန္တလေးစာပေအနုပညာ လူငယ်တအုပ်လုံး အောက်ပြည် အကုန်စုန်သွားတော့တာပါပဲ။ မောင်စန်းသော် ပဲ ဆေးကျောင်းနဲ့ဆေးရုံမှာ ကျန်ခဲ့လေရဲ့။ မောင်စန်းသော်ဟာ လက်တဖက်ကခွဲစိတ်ဓား၊ လက်တဖက်က ကလောင်ကိုင်ရင်း သူ့ဘဝကို အောင်မြင်စွာ ဖြတ်သန်းခဲ့တယ်။ ကဗျာရေးသူအဖြစ်ကတော့ ကဗျာစာအုပ်တွေမထုတ်ခင်ကပဲ ငွေတာရီ ကဗျာဆရာအဖြစ်နဲ့ လူသိများပြီးသားပါ။ ကဗျာဆရာ၊ ဆရာဝန်ကြီးအဖြစ်နဲ့ မုံရွာကိုပြောင်းရတော့လည်း ဟန်ကျတယ်။ မုံရွာဆိုတာ စာပေမြို့ပဲ။ ကဗျာဆရာကြီး ဦးအံ့မောင်နဲ့ တွဲမိသွားကြလေရဲ့။ မုံရွာကပြန်လာတော့ မန္တလေးပဲပြန်လာတယ်။ မန္တလေးမှာဆေးခန်းဖွင့်ထားသတဲ့။ ကျွန်တော်တို့နဲ့ အဆက်အသွယ်ပျက်နေတာ တော့ကြာပြီ။

ဆေးကျောင်းမှာ ဆရာဝန်ဖြစ်နေတဲ့ သူ့သမီးလေးက “သိုက်သိုက်ရဲ့သမီး သစ်သစ်” တဲ့။ သစ်သစ်က ကလောင်အမည် ခင်သစ်နှင်းနဲ့ ကလောင်သွေးနေပြီ။ အဖေဆရာဝန်က ချစ်ရှာတာပေါ့။ ဒီလိုနေခိုက်မှာ သူ့တပည့်မ ဆရာဝန်မလေးတဦးက သူ့သမီးလေးရဲ့အောင်မြင်မှုတွေကို မလာလိုဖြစ်ရှာဟန် တူပါရဲ့။ မျက်နှာကို အက်ဆစ် (ငရဲမီး) နဲ့ ပက်လိုက်တာ သမီးလေးမှာ အလှလည်းပျက်ရုံမက မျက်စိနှစ် ဖက်ပါစုံလုံးကန်းဘဝကို ရောက်သွားရှာခဲ့ပါတယ်။ ဒီမှာတင် အဖေကြီးလည်း ရူးမတတ်ခံစားရပြီး သူ့ဘဝမှာ အကြီးဆုံးထိုးနှက်ချက်ခံလိုက်ရသလို ဖြစ်သွားလို့ အရက်တွေဘာတွေနဲ့ စိတ်ဖြေတယ်လို့ထင်ပါရဲ့။

တနေ့တော့ တင်မိုးနဲ့မောင်စွမ်းရည်တို့ ကဗျာညီနောင်နှစ်ဦး မန္တလေးကိုစာပေဟောပြောပွဲရောက် သွားတယ်။ ဘူတာကိုဆင်းပြီးမှ အချိန်ပိုတွေအများကြီးရနေလို့တဲ့ တင်မိုးက သူ့ညီလေး မောင်စန်းသော်တို့ကို သွားနှုတ်ဆက်ချင်တယ်။ မောင်စွမ်းရည်က ပစ္စည်းတွေနဲ့ ဘူတာမှာပဲ နေရစ်တယ်။ ရထားပေါ်မှာ ပစ္စည်းတွေတင်ပြီးစောင့်တယ်။ မကြာခင် တင်မိုးတယောက် ရှူးရှူးရှားရှားနဲ့ပြန်လာပြီး မဆဲဆိုစဖူး နှုတ်ကြမ်းမာန်ဆိုးနဲ့ ဆဲဆိုမြည်တမ်းနေတယ်။ “အလကားကောင်။ အရက်သမား။ သောက်ရူးတဲ့။” ဘာဖြစ်လာတာလဲဆိုတော့ “ကျုပ်က တကူးတကန့်သွားနှုတ်ဆက်တာ။ သူက လူနာဆေးကုရင်း မူးရူးနေတယ်။ ဆေးကုရင်း နေခင်းကြီးမှာ သောက်ထားပြီး ကျုပ်ကို ဘယ်သူလဲ၊ မအားဘူး၊ ဘာညာနဲ့ ပြောလွတ်တယ်။” ဆိုပြီး ဆေးလိပ်ကမီး ထတောက်မတတ် ဒေါသထွက်နေလေရဲ့။ ဒီမှာတင်ပဲ မောင်စန်းသော်က အပြေးအလွှားရောက်လာတယ်။ “အကို…အကို စလိုက်တာပါ။” ဆိုပြီး ငိုယိုတောင်းပန်၊ ကန်တော့ တောင်းပန်တယ်။ မီးရထားက သံဇကာခြားထားလို့ မထင်ရဘူး။ ကိုတင်မိုးက သွားသွား ငါ့လာနှုတ်မဆက်နဲ့ ဆိုပြီး ငေါက်လွှတ်တယ်။ မောင်စန်းသော်က လက်အုပ်ချီရင်း၊ ငိုယိုရင်း ကျန်ခဲ့လေရဲ့။ ရထားထွက်တော့ တင်မိုးလည်းမျက်ရည်လည်ရွှဲနဲ့ပါပဲ။ သူတို့မှာ ညီအကိုအရင်း မညီကြလို့ တရပ်တည်းသားချင်း တမြို့တရွာမှာ ဒီနှစ်ယောက်ပဲရှိတာမဟုတ်လား။ ကဗျာညီနောင်လေး တော်စပ်သေးတာ မဟုတ်လား။

အဲဒါ သူတို့ ကန်မြဲဇဂျမ်း ကဗျာညီနောင်ရဲ့နောက်ဆုံးမြင်ကွင်းပါပဲ။ နာမည်ကျော်ဆရာဝန်ကြီး၊ နာမည်ကျော်ကဗျာဆရာကြီး ရှိုက်ကြီးတငင်ငိုကြွေးပြီး ဘူတာရုံလူအုပ်ကြားမှာ ကျန်ခဲ့တဲ့ရှုခင်းကို ဒီနေ့ထိ လည်း မျက်စိထဲကမထွက်ပါ။

ကျွန်တော်တို့ အတူနေခဲ့ကြတဲ့ ညီလေးပေါ့။ အလွန်ဥာဏ်ကောင်းပြီး စိတ်ကောင်းလည်း ရှိသူပါ။ သူများကိုလည်း ကူညီတတ်သူပါ။ ကဗျာဆရာကြီးဦးအံ့မောင်နဲ့ ဆုံကြတော့လည်း သူ့အကြောင်းကို တဖွဖွပြောလို့ နှမြောလို့မပြီးပါဘူး။

ကျွန်တော် ၂၀၁၇ ခုနှစ်ထဲမှာ မန္တလေးကိုရောက်တယ်။ တသက်တာ စာပေ ဆုရှင်မောင်သာနိုးနဲ့ ဝတ္ထုဆုရှင်လူထုညီပုလေး၊ ကဗျာဆရာ သစ်ရာကောက် မောင်တင်စိုး ဆုရှင်များဂုဏ်ပြု ပွဲမှာ ကျွန်တော်နဲ့ကိုလေး (အင်းဝဂုဏ်ရည်) ကိုပါ ကဗျာဆုရှင်ဟောင်းများအဖြစ် ဂုဏ်ပြုကြလို့ ရောက်ခဲ့ကြတယ်။

ဂုဏ်ပြုပွဲအပြီး ဟော်တယ်ပြန်ရောက်တော့ ညနေစာစားချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် မျက်မမြင်ဒုက္ခိတနှစ်ဦးက ရောက်လာနှုတ်ဆက်ကြသတဲ့။ နဂါးကိုထွန်းဦးနဲ့ မောင်စန်းသော်ရဲ့သမီး ကဗျာဆရာမလေးခင်သစ်နှင်း။ လူကြီးတန်မယ့် မျက်ရည် မနည်းထိန်းလိုက်ရပါတယ်။ မောင်စန်းသော်ရော် သူ့အကိုကြီး တင်မိုးတို့ကိုပါ သတိရလိုက်မိလိုပါ။

သြော်…လူ့ဘဝဆိုတာဒီလိုပါပဲ။ တွေ့ကြုံဆုံကွဲသံသရာကြီး ထဲမှာ တဝဲလည်လည်ပါပဲလားလို့ ဗုဒ္ဓဘာသာသံဝေကတရားပဲ ပွားများလိုက်ရပါတယ်။

သဗ္ဗေသတ္တာ ကမ္မသကာ
မောင်စွမ်းရည်
၂၀၁၈ နိုဝင်ဘာ ၂၈
နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)