ထက်လူအောင် ● လက်ထဲမှာဖမ်းဆုပ်မိခဲ့တဲ့ သူလိုငါလို နေ့ရက်တွေ

January 10, 2019

● လက်ထဲမှာဖမ်းဆုပ်မိခဲ့တဲ့ သူလိုငါလို နေ့ရက်တွေ
(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈


နေ့ရက်များက တတိတိဖြင့် ကုန်လွန်နေပါတယ်။ အဆင်ပြေခြင်းတွေ၊မပြေခြင်းတွေနဲ့ လုံးထွေးရစ်ပတ်ရင်းနဲ့သုံးဆယ့်ငါးနှစ်ဆိုတဲ့ကာလတခုဟာ ရောက်ရှိလာပါတယ်။ ကုန်ဆုံးသွားတဲ့နေ့ရက်တွေကိုပြန်စောင်းငဲ့ကြည့်မိတော့ အားလုံးဟာအမှတ်ရ စရာ ရှိနေခဲ့သလိုလို၊ အမှတ်ရစရာတွေ ရှိမနေခဲ့သလိုလိုနဲ့ ရေရေရာရာ ပြတ်ပြတ်သားသားရှိမနေပါဘူး။ ပြန်လည်တွေးတော နိုင်စွမ်းဟာလည်း ပျောက်ဆုံးနေသလိုပါပဲ။ လူသားတယောက်ဟာ ငိုသံနဲ့လူ့လောကကိုရောက်လာတာတဲ့။ ဟုတ်မှာပါ လေ။ ကျွန်တော်ငယ်ငယ်တုန်းက အငိုသန်တယ်လို့အမေက ပြန်ပြောပြခဲ့တယ်။ အခုလည်း ငိုစရာတွေရှိနေဆဲ၊ ငိုရလောက် တဲ့အကြောင်းတွေ ရှိနေဆဲမဟုတ်လား။ ဒုက္ခဆိုတာကလည်း ခြေဖျားကနေ ဦးခေါင်းထိ လွှမ်းခြုံပေးရတာကို ကြိုက်ပုံရတယ် တူပါရဲ့။ ဘယ်အချိန် ဘယ်အခါကြည့်ကြည့် အနားမှာအမြဲရှိနေခဲ့တယ်။ ဒါကိုပဲ ပျော်စရာလို့သတ်မှတ်ပြီး နေ့ရက်တွေကို တရက်ပြီး တရက် ဆုတ်ဖြဲခဲ့ရတာပါပဲ။ ကျော်ဖြတ်ခဲ့ရတာပါပဲ။

ကျွန်တော်လူ့လောကကိုစဝင်လာတဲ့နေက မိုးတွေအရမ်းရွာနေတယ်တဲ့။သူလိုငါလိုဖြစ်မယ့် လူတယောက်ကိုမိုးရေတွေက ကြို ဆိုခဲ့ပုံပါပဲ။ မြေကြီးပေါ်နင်းလျှောက်မယ့် ခြေထောက်သေးသေးတစုံတိုးလာတာမို့ ကမ္ဘာမြေဟာ ဝမ်းသာနေမလား၊ ဝမ်းနည်း နေလေမလား။ လူသားတယောက်တိုးလာတဲ့မနက်ခင်းဟာ အရင်အတိုင်း ပုံမှန်လည်ပတ်နေမှာပါ။ လူတွေက လည်း ကိုယ့်သောကနဲ့ကိုယ်၊ ကိုယ့်ပျော်ရွှင်မှုနဲ့ကိုယ် လှုပ်ရှားနေကြမှာပါပဲ။ ခေတ်ကြီးကို ကယ်တင်ဖို့လည်းမဟုတ်၊ ခေတ် ကြီးကို ဒုက္ခပေးမှာလည်းမဟုတ်တဲ့ လူတယောက်ဟာ ၁၉၈၀ ကျော် မဆလခေတ်ရဲ့ နိဂုံးနှစ်ကာလများမှာ ခေတ်ကြီးရဲ့ အမှောင်ဆုံးကာလကိုကြည့်ဖို့ ကလေးတယောက်ဖြစ်ဝင်လာခဲ့တာပေါ့။

အမေစာသင်တဲ့မူလတန်းကျောင်းလေးမှာ ဝလုံးလေးကိုဝိုင်းအောင်ရေးနေတုန်း ကြွေးကြော်သံတွေကြားလိုက်မိပါတယ်။ လမ်းမကိုထွက်ကြည့်ဖို့ ကျောင်းပေါက်ဝကိုပြေးမိခဲ့ပေါ့။ အဲဒီလို ထွက်ကြည့်ရမလားဆိုပြီး အမေဆရာမကိုယ်တိုင်ရိုက်တဲ့ ကြိမ်လုံးအောက်မှာ တင်ပါးလေးနီရဲသွားခဲ့တယ်။ ကျောင်းတွေပိတ်လိုက်တော့ အဖေ့ပခုံးပေါ်ကနေ နဖူးစည်းအနီတွေကို ငေးကြည့်ခဲ့ရတာတွေ၊ ကျောင်းသားတွေသေကုန်ပြီဆိုတဲ့စကားသံတွေနဲ့ ငါးနှစ်ကျော်ကလေးတယာက်ဟာ ချောက်ထဲကျ မယ့်တိုင်းပြည်ကို မကယ်တင်လိုက်နိုင်ခဲ့ဘူး။ ကယ်တင်ရှင်တွေပေါ်လာတဲ့နေ့ကတော့ အဖေဟာ တောက်တခတ်ခတ်နဲ့ ဖြစ်နေတာကိုတော့ အမှတ်ရမိခဲ့။ တောက်ခတ်သံတွေ နေရာအနှံ့က ထွက်ပေါ်နေခဲ့တဲ့နေ့ရက်များ၊ နှစ်များဟာ ကျွန်တော့်တို့ကို တဖြည်းဖြည်းဝါးမြို သွားခဲ့ပေါ့။

၁၉၉၀ ကျော်နှစ်များရဲ့ သီတွေထဲက “စီးပွားရေးပိတ်ဆို့ကာ တို့မမှုပါ၊ သယံဇာတတွေပေါတဲ့မြေ” ဆိုတဲ့ သီချင်းသံဟာ လူတွေရဲ့ နားတွေကို ရက်စက်စွာထုရိုက်ပါတယ်။ ရုပ်မြင်သံကြားစက်ရှိတဲ့အိမ်မှာ တခုတည်းသော ရုပ်သံလိုင်းကိုကြည့်ရရင်း ကြားခဲ့ရတဲ့သီချင်းသံပေါ့။ သတင်းတွေထဲမှာပါတဲ့ ကြည့်ရှုစစ်ဆေး၊ လိုအပ်သည်များကိုမှာကြားဆိုတဲ့စကားသံတွေကို ကလေးတယောက်ဟာ သည်းခံနားထောင်ခဲ့ရတဲ့နှစ်တွေပေါ့။ ကျောင်းကိုလူကြီးတွေလာတဲ့အခါ လက်အုပ်ချီရတဲ့နှစ်များ။ကျွန်တော့်တို့ကိုစာသင်တဲ့ဆရာ ဆရာမတွေရော လက်အုပ်ချီရပါတယ်။ သူတို့ဟာ အစိမ်းရောင်ဘောင်းဘီကိုဝတ်လို့။ ပညာရေးကို ကျောင်းဆရာမဟုတ်တဲ့ သူတွေက ညွှန်ကြားခဲ့တဲ့ကာလများ။ ကယ်တင်မှုတွေဟာ ပိုပိုများများလာတဲ့အခါ ချောက်ဟာ ပိုပိုနက်လာခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကျောင်းတက်ရတာကိုသိပ်မပျော်တဲ့ ကလေးတယောက်ဟာ မူတန်းပညာ ရေးပြီးလို့ အလယ်တန်းကို ရောက်လာခဲ့ပါတယ်။ ပျော်စရာလို့ထင်ရတဲ့အရာတွေ၊ မိဘတွေရဲ့ သံမဏိစည်းကမ်းတွေကို စတင်ချိုးဖောက်တဲ့ နှစ်တွေပေါ့။

စာသင်ခန်းကနေ တီဗွီဂိမ်းရုံထဲ အပြေးသွားခဲ့ခြေထောက်တွေ။ BMX စက်ဘီးကို ရှေ့ဘီးထောင်ရင်း လမ်းတွေပေါ်မှာ အ တောင်ပံကို ခတ်ခဲ့တယ်။ အရည်ပြားဟာ အမေ့ကြိမ်လုံးရဲ့အောက်မှာ ပိုပိုမာကျောလာခဲ့တယ်။ အလယ်တန်းကျောင်းသား ဘဝဟာ စာသင်ခန်းနောက်ဆုံးခုံရဲ့ မျက်နှာပြင်တွေလိုပါပဲ။ ဘောပင်နဲ့ စိတ်ကူးပေါက်သလိုရေးခြစ်ခဲ့ပေါ့။ ကျောင်းဝတ်စုံကို ချွတ်ပြီးရင် တီရှပ်အင်္ကျီထဲကို ခန္ဓာကိုယ်ကို ထိုးသွင်းတယ်။ ညနေရောက်ရင်ဘောလုံးကွင်းထဲမှာ တိမ်တွေလိုရွေ့တယ်။ မင်းသိင်္ခဖတ်တယ်။ ရွှေဥဒေါင်းဖတ်တယ်။ ဒဂုန်ရွှေမျှားဖတ်တယ်။ စိတ်ကူးနဲ့ စွန့်စားကြည့်တယ်။ ကိုလိုနီခေတ်ကို ပြန်သွား ကြည့်တယ်။ ဒီလိုနဲ့မက်ရတဲ့ အိပ်မက်တွေ တဖြည်းဖြည်းနဲ့ များလာခဲ့ပါတယ်။

အထက်တန်းကျောင်းသားဘဝရဲ့ နေ့ရက်တွေကတော့ ကျောင်းအိမ်သာထဲကထွက်လာတဲ့ ဆေးလိပ်မီးခိုးတွေလို၊ အရာရာ ကို ဖက်တွယ်မထားလိုတဲ့စိတ်တွေနဲ့ ပေါ့ပါးလွတ်လပ်လွန်းခဲ့ပါတယ်။ ကျောင်းကနေ ကျုရှင်ကိုပြေး အိမ်ကနေကျောင်းကို သွားနဲ့ နေ့ရက်တွေဟာ အကုန်မြန်လွန်းခဲ့ပါတယ်။ ခေတ်ကြီးကလည်း နိုင်ငံရေးမုန်တိုင်းတွေနဲ့။ စာအုပ်အငှားဆိုင်ကို အချိန်မှန်မှန်သွားဖြစ်ခဲ့တယ်။ လူကြီးတွေနဲ့အတူ ရေဒီယိုနားထောင်တတ်လာတယ်။ စာအုပ်တွေ ပိုဖတ်လာဖြစ်လာတယ်။တက္ကသိုလ်ဘုန်းနိုင်ဝတ္ထုတွေထက် နိုင်ဝင်းဆွေကိုပိုကြိုက်လာတယ်။ ဆံပင်တွေ ရှည်လာတယ်။ နားတွေကို ဖောက်တယ်။ အရိုးခေါင်းပုံနားကပ်တွေ နားမှာရောက်လာတယ်။ အဖေ့လက်သီးက မျက်နှာကိုရောက်လာတယ်။ HipHop သီချင်းတွေကို ကြားလာရတယ်။ တီရှပ်အင်္ကျီတွေ ပိုပွလာတယ်။ ဂျင်းဘောင်းဘီပွပွကို လူတွေပိုဝတ်လာတယ်။ မူးယစ်ဆေးငြိသွားတဲ့ သူငယ်ချင်းတွေပိုများတယ်။ ချောက်ထဲကို ပြုတ်မကျဖို့၊ လမ်းဘေးကိုထိုးဆင်းမသွားဖို့  ကြိုးစားခဲ့ရတဲ့နှစ်များပါပဲ။

၂၀၀၀ ကျော်နှစ်များ။ ပညာရေးဝေးသည် မရှိ။ အဝေးသင်တက္ကသိုလ်နေ့ရက်များ။ ဘွဲ့တခုဟာ လွယ်လွယ်နဲ့ရနိုင်တယ်။ ပညာကို လွယ်လွယ်နဲ့မနိုင်ဘူးဆိုတာကို သိခဲ့တဲ့နှစ်များ။ အိမ်ကအဆင်မပြေတော့ အလုပ်အစုံလုပ်ခဲ့ရ။ နှစ်လုံးထီရောင်းခဲ့ တယ်။ အထည်ချုပ်စက်ရုံမှာဝင်လုပ်ခဲ့တယ်။ ကိုယ့်ပတ်ဝန်းကျင်မှာလည်း ကိုယ့်လိုလူတွေချည်းပဲ။ အလုပ်လုပ်ရင်းဘွဲ့ တခု ယူ။ ဘွဲ့ရတော့ အလုပ်လုပ်ဖို့ပိုအဆင်ပြေ။ အရင်းအနှီးမရှိတဲ့ ဘဝတွေဟာ ထမင်းနပ်မှန်ဖို့ အရာအရာမစဉ်းစားနိုင်တော့တဲ့ အခြေအနေတွေပေါ့။ ခပ်ပေါပေါခပ်လွယ်လွယ်ရတဲ့ဘွဲ့ တဘွဲ့ကိုယူ။ ဝန်ထမ်းအလုပ် လုပ်ရင်လုပ်။ မလုပ်ရင် ကုမ္ပဏီဝန် ထမ်းလုပ်။ အိမ်ရဲ့ထမင်းပွဲပုံမှန်ရှိနေစေဖို့ အလုပ်တခုကို မဖြစ်မနေလုပ်ခဲ့ရတာပါပဲ။ ဘဝဟာဘာလဲလို့ တွေးလိုက်မိတိုင်း စားဝတ်နေရေးဆိုတဲ့ ဖန်တရာတေနေတဲ့ စကားလုံးဟာ ဦးခေါင်းထဲကိုရောက်ရောက်လာခဲ့တယ်။ ဆေးလိပ်ဟာ မီးသေ သေသွားခဲ့တယ်။ လက်ဖက်ရည်ခွက်ဟာ အေးစက်သွားခဲ့တယ်။ နာကျင်စရာကောင်းပေမယ့် ကြိုက်လို့ထိုးခဲ့တဲ့ ဆေးမင် ကြောင်လိုပါပဲ။ စားဝတ်နေရေးဟာ ဘဝထဲမှာသေရာပါလို စွဲခဲ့ပါတယ်။

ပျင်းရိဖွယ်ကောင်းတဲ့နေ့ရက်တွေကြားမှာပဲ လမ်းတွေပေါ်က မေတ္တာပို့သံကိုကြားခဲ့ရပါတယ်။ သေနတ်သံတွေက မေတ္တာပို့ သံတွေကို ဖျောက်ဖျက်ပစ်ဖို့ကြိုးစားပါတော့တယ်။ လမ်းတွေပေါ်မှာ ပြေးလွှားသံတွေများလာပါတယ်။ လမ်းတွေပေါ်ကျန်ခဲ့တဲ့ ဖိနပ်တွေများလာပါတယ်။ ဆူးလေဘုရားနားက၊ ကြေသွန်းဘုရားနားက ငိုသံတွေကို ရင်ထဲမှာသိမ်းဆည်းမိခဲ့တယ်။ မေတ္တာ ပို့သံတွေကြားမှာ မေ့ဖျောက်လို့မရနိုင်တဲ့အမုန်းတွေကို ရင်ထဲအရောက်ပို့ခဲ့သူတွေက အခုတော့ ဘာသာ၊ သာသနာဆိုတဲ့ စကားတွေကို တတွတ်တွတ်ရွတ်ဆိုလို့နေပါတယ်။ ကျွန်တော်တို့ခေတ်ရဲ့လမ်းမတွေပေါ်က သူလိုငါလိုလူတွေရဲ့  သတ္တိ တွေ၊ စွန့်လွှတ်မှုကိုတွေ့ ခဲ့ရပါတယ်။ အမြဲသတိတရဖြစ်နေဖို့ ဖမ်းဆုပ်မိသွားတဲ့ နေ့ရက်တွေပါပဲ။

ဒီလိုနဲ့ လူ့သက်တမ်းသုံး ဆယ့်ငါးနှစ်ဆိုတဲ့ကာလကို ရောက်လာခဲ့ပါတယ်။ ခေါင်းစဉ်ပြောင်းလဲခြင်းမရှိတဲ့ခေတ်ကြီးထဲမှာ ရုန်းကန်ရှင်သန်ရခြင်းကို လက်ဆွဲနှုတ်ဆက်ထားရဆဲပါပဲ။ ရုန်းကန်ရှင်ရခြင်းဟာ ကျွန်တော်နဲ့ မခွဲမခွာရှိနေဆဲပါပဲ။ ကျွန် တော်တို့ခေတ်ကြီးရဲ့ သရုပ်လက္ခဏာတခုအဖြစ် ရှိနေဆဲပါပဲ။ သမီးလေးရဲ့ ရယ်သံတွေ၊ ကဗျာတွေ၊ သီချင်းတွေနဲ့ ဘဝနေ့ ရက်များရဲ့ ဒုက္ခတွေကို သပ်သပ်ချနေရတာပါပဲ။ ခံနိုင်ရည်အားကို မြှင့်တင်နေရဆဲပါပဲ။ သူလို ငါလို နေ့ရက်တွေထဲမှာ ကျ ဆုံးသွားလို့ မဖြစ်ပါဘူး။ သမီးလေးအတွက် အသက်ရှင်ခြင်းကို ဆွဲဆန့်ထားရဦးမှာပါပဲ။ သူလို ငါလို နေ့ရက်တွေကို လက်ထဲမှာကျစ်ကျစ်ဆုပ်လို့ လမ်းတွေမှာ လျှောက်လှမ်းနေရအုန်းမှာပါပဲ။

ထက်လူအောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)