မောင်နောင်မွန် ● စေတနာ တစ်တန် ဥပေက္ခာတစ်စက်

January 10, 2019

● စေတနာ တစ်တန် ဥပေက္ခာတစ်စက်

(မိုးမခ) ဇန်နဝါရီ ၁၀၊ ၂၀၁၈


သူရိယနေမင်းကြီးက အနောက်ဂေါယာကျွန်းဆီတွင်မှေးတင်နေခဲ့လေသည်။ ပင်လယ်ကမ်းခြေအစပ်မှတိုက်ခတ်လာသောလေပြေအေးမှန်းမျက်နှာပေါ်ဆားပွင့်တွေလာတင်တော့သိလိုက်ရသည်။ မိုးကောင်းကင်ပေါ်တွင် တိမ်သားတိမ်လွှာတို့က ပုစွန်ဆီရောင်အထပ်လိုက်ပြန့်ကျဲနေသည်။ မကြာမှီနေဝင်တော့မည်ဖြစ်ကြောင်းသြကာသလောကကြီးက အသိပေး နေသည်။ အိပ်တန်းတက်မဲ့ငှက်ကလေးတွေအုပ်စုလိုက်ပျံသန်းနေပေသည်။ အလုပ်သိမ်းလို့ အိမ်ပြန်လာသူများလမ်းမထက်တွင် လိုင်းကား နှင့်သော်လည်းကောင်း၊ စက်ဘီးနှင့်သော်လည်းကောင်း၊ လမ်းလျှောက်၍သော်လည်းကောင်း အုပ်စုလိုက်ရော တယောက်ချင်းစီရောကို တွေ့ရသည်။

ဤအချိန်သည်အလုပ်သိမ်းချိန်ဖြစ်ကား အနားယူချိန်ဖြစ်သည်။ ထိုအချိန်တွင် လမ်းမထက်၌လူသွားလူလာများသည်။ မုန့်ဆိုင်တန်းတွင်လူတွေစည်လှသည်။ အရက်ဆိုင်ဘီယာဆိုင်တွင် လူတွေပြည့်ကျပ်နေသည်။ ကာလသားတို့က လှပျိုဖြူတို့ကို ပိုးပန်းဖို့ဟန်ပြင်နေချေသည်။

ထိုအချိန်တွင် ရပ်ကွက်ရှိဈေးတန်းထိပ်တွင်ရှိသောဆေးခန်းတွင် လူတွေ တယောက်စ နှစ်ယောက်စ တွေ့ရမည်ဖြစ်သည်။ ရပ်ကွက်ထဲတွင်ဆေးခန်းစစ်စစ်ဆို၍ ဤဆေးခန်းတခုသာရှိသည်။ ဆေးခန်းစစ်စစ်ဆိုသည်မှာ ဆရာဝန်ကိုယ်တိုင်ထိုင်၍ ဆေးခန်း လိုင်စင်အကျအနနဲ့ရှိခြင်းကို ဆိုလိုပေသည်။

ရပ်ကွက်ထဲတွင်အခြားဆေးခန်းနှစ်ခုရှိသေးသည်။ သို့သော် ထိုဆေးခန်းများသည် ဆရာဝန်ထိုင်သောဆေးခန်းမဟုတ်ချေ။ ကျောက်ထိုးဆရာနဲ့ သားဖွားဆရာမတယောက်တို့ဖွင့်ထားသည်။ ထို့အပြင် ဆေးကုသခွင့်လက်မှတ် (ဆမ) နဲ့ ဆေးခန်းလိုင်စင်မရှိချေ။

(က)

ဒေါက်တာ လင်းမောင်
လက်ထောက်ဆရာဝန်
—– ပြည်သူ့ဆေးရုံ
ညနေ ၅ နာရီမှ ၈ နာရီထိ

(ဆေးရုံဂျူတီရက်မှလွဲ၍ဖွင့်သည်) ဟူသော ဆိုင်းဘုတ်ကိုတွေ့ရပေမည်။  ညနေအလုပ်ဆင်းချိန်တွင်မှစဖွင့်သည်။ ညဘက် (၈) နာရီပိတ် သည်ဟုဆိုသော်လည်း ဒီရပ်ကွက်တွင်သာအိပ်သောကြောင့် ညရေးညတာများ အရေးကြီးလျှင်တခါတရံ လာနိုးတတ်သည်။ လာနိုးတိုင်းလဲ ထကြည့်ပေးသည်။ ဆေးကျောင်းတက်တုန်းက ဆရာကြီးများပြောပြခဲ့သော ကျင့်ဝတ်များအတိုင်း လူနာများကိုစေတနာထားကာ ပြုစုကုသ ပေးသည်။ သို့သော် ကျင့်ဝတ်အတိုင်းဖြစ်အောင်အမြဲလုပ်သည်။ စီနီယာဆရာဝန်ကြီးများ၊ လုပ်ဖော်ကိုင်ဖက်ဆေးပညာနယ်ထဲမှ သူများကို ညီအကိုသဖွယ် သဘောထားသည်။ ဆေးခန်တွင်လည်း “ဥပဒါနံ အနုကမ္မဒယာ” ဟူ သောဆောင်ပုဒ်ကိုကပ်ထားသည်။

ဆေးရုံမှာ ဂျူတီချိန်ပြီးချိန်တွင် ဆေးခန်းစဖွင့်သည်။ ဆေးခန်းဖွင့်တာ ခြောက်လခန့်ရှိပြီးဖြစ်သောကြောင့် လူနာမှာအတော်အသင့်ရနေပြီ ဖြစ်သည်။ အများစုမှာ ရာသီပေါ်ဖျားနာသာများသည်။ သွေးတိုး ဆီးချိုရောဂါသည်တယောက်စ နှစ်ယောက်စ ရှိသည်။ ဤသူတွေက ကျနော်ရဲ့ပုံမှန်ဖောက်သည်ဖြစ်သည်။

“ဆရာရှိလားခင်ဗျာ” ဟူသောအော်သံကြောင့် ကျနော်လည်း ထိုင်ငိုက်နေရာမှ နိုးသွားသည်။ ဆေးခန်းအနောက်ဘက်အခန်းထဲမှ ထွက်ကာ ဆေးခန်းထဲသို့ ဝင်ခဲ့သည်။

“ဦးကြီးဘာဖြစ်လို့လဲ” ဟု လှမ်းမေးလိုက်သည်။ “ဟုတ်ဆရာ အကြောဆေးလေးသွင်းချင်လို့ခင်ဗျ” ဟုဆိုသည်။ “အော် ဦးကြီးအရင်က သွင်းဖူးလား၊ဘာဖြစ်လို့သွင်းချင်တာလဲ” ဟုပြန်မေးမိသည်။ “မဟုတ်ပါဘူးဆရာ ဒီလိုပါပဲ၊ ကျနော်က တစ်လ တခါအကြောဆေးသွင်း နေကြလေ၊ အဲဒါကြောင့်ပါ” ဟုပြန်ဖြေလေသည်။

“ဟာ ဦးကြီးကလဲ ဘာမဖြစ်ဘဲဘာလို့သွင်းမှာလဲ၊ ဘယ်နှခါရှိပြီးလဲ အကြောဆေးသွင်းတာ” ဟုမေးမိသည်။  “သွင်းတာတော့ လေးခါ ငါးခါလောက်ရှိပြီးဗျ၊ တစ်လတခါထိုးနေတာ မထိုးရရင်နေရတာမရှင်းသလို မပျော်သလိုဖြစ်နေတာဆရာရေ” ဟု လူနာမှအားတက်သရော ရှင်းပြလေသည်။

“ဟုတ်ပါပြီ လတိုင်းသွင်းနေတာက ဘာဖြစ်လို့ထိုးရတယ်လို့ပြောတာလဲ၊ အရင်တုန်းကဘယ်သူနဲ့သွင်းနေတာတုန်း” ဟု ကျနော်မေးမိ သည်။

” ဒီလိုဆရာရေ ပထမဆုံးအကြိမ်သွင်းတုန်းက ကျနော်အလုပ်ပင်ပန်းတော့မောသလိုမူးသလိုဖြစ်တာ။ အဲဒါဟိုဘက်ရပ်ကွက်ထဲက ဆေးခန်း မှာသွားပြတာ။ အဲဒါသွေးပေါင်ချိန်တော့ သွေးပေါင်ကျနေတယ်ပြောတယ်၊ သွေးပေါင်ချိန် အဲတုန်းက အပေါ်သွေး ၁၀၀၊ အောက် သွေး ၇၀ ပြောတယ်။ အဲဒါနဲ့အကြောဆေးတစ်လုံးသွင်းပေးလိုက်တယ်။ ပြီးတော့လည်းလတိုင်းသွင်းရင်ပိုကောင်းတယ်တဲ့” ဟုပြောပြလေသည်။ ကျနော်လည်း ခေါင်းတွေတသွင်သွင်ခါမိသည်။

“ဒီလိုဦးကြီးရေ..အကြောဆေးဆိုတာက အားဆေးတမျိုးကိုသွင်းတာပေါ့။ ဒါပေမဲ့ အဲဒါကဦးကြီးတို့ထင်သလောက်လဲ ထိရောက်မှုမရှိပါဘူး။ ဦးကြီးတို့ ကြက်ဥလေးသောက် အားဆေးလေးသောက်ပြီးရင် အားရှိတာလေးစား အဲဒါဆိုရပြီးခင်ဗျ။ ဦးကြီးတို့ထင်သလို လတိုင်းလဲ သွင်း စရာမလိုပါဘူး။ ဦးကြီးတို့အလုပ်တွေပင်ပန်းတဲ့အခါ ခန္ဓာကိုယ်အားနည်းသွားတယ်။ အဲဒါဦးကြီးတို့အိပ်ရေးလေးဝဝအိပ်၊ အားရှိတာလေး စားရင် ရပါပြီး။ ခန္ဓာကိုယ်ရဲ့ဇီဝကမ္မကပြန်လည်ထိန်းသွားတာပဲ။ ခုက ဦးကြီးတို့က ဆေးစွဲသလိုဖြစ်နေတာ။ တလတစ်ခါဆေးမသွင်းရ ရင်ဘဲ ဦးကြီးတို့စိတ်မှာစွဲနေတာ။ အမှန်တော့ အဲဒါက ဦးကြီးတို့အကျင့်ဖြစ်နေတာ” ဟု စိတ်ရှည်လက်ရှည် ရှင်းပြမိသည်။

“အင်းပါ အဲဒါတော့ ဦးကြီးမသိဘူးဆရာရေ၊ ဒါဆိုခုက အကြောဆေးသွင်းပေးဦးမှာလား” မေးလေသည်။

“အင်းဒီလိုလုပ်ဦးကြီးရေ ဒီတခါတော့ မသွင်းပေးတော့ဘူး။ အားဆေးလေးသောက်ကြည့်လေ။ အားဆေးသောက်လို့မှမသက်သာရင် ကျနော်ဆီပြန်လာခဲ့ ကျနော်ဆေးသွင်းပေးမယ်” ဟုပြောလိုက်သည်။

ထိုအခါဦးကြီး၏မျက်ဝန်းသည် အလိုမကျဟန်တွေတွေ့ရသည်။ သို့သော် မသိချင်ယောင်ကာ အားဆေးတစ်ကဒ်ရောင်းပေးလိုက်သည်။

ဆေးခန်းမှ ဦးကြီးထွက်သွားသည်ကို ကျနော်ငေးကြည့်နေမိသည်။ သူ့ကျောပြင်ကိုတဆုံးငေးနေမိသည်။

ကျနော်တို့ဆရာဝန်တွေသည်လည်း ခေတ်ပျက်တွင်အသက်ရှင်နိုင်ရန် ရရာနည်းနဲ့ ရုန်းကန်နေရသည်။ ယခုလည်းအကြောဆေးသွင်းသည်။ ဘယ်သူတွေထွင်လိုက်သည်မသိချေ။ အရေးကြီးလို့တခါသွင်းပေးလိုက်လျှင် ရပြီဖြစ်သည်။ လစဉ်သွင်းရမည်ဟု မပြောသင့်ချေ။ ထိုသို့ပြော ခြင်းသည် လူနာ၏ကျန်းမာရေးအသိကို တလွဲပေးလိုက်ခြင်းဖြစ်သည်။ လူနာတို့၏စိတ်တွင် အားနည်းသလိုခံစားရလျှင် အကြောဆေးသွင်းရ မည်။ လစဉ်သွင်းရမည်ဟု စိတ်စွဲသွားမည်။ ထိုသို့ပြုလုပ်ခြင်းသည် စီးပွားရေးလုပ်သည်ဟုသာ ကျနော်မြင်မိသည်။

ကျင့်ဝတ်နဲ့လည်းမညီဟုထင်မိသည်။ ယခုလည်း ထိုဦးကြီး၏မျက်ဝန်းထဲတွင် ကျနော့်ကိုဆေးမထိုးဘူးလားဟူသောအထင်သေးသော အကြည့်များ မြင်မိသည်။ သို့သော် ကျနော်စိတ်ထဲတွင် ကောင်းတာလုပ်သည်ဟုသာ ခံယူထားသည်။ ယခုလည်း ဦးကြီးသည် ကျနော့် ဆေးခန်းမှအပြန် ဘယ်ဆေးခန်းတွင် အကြောဆေးသွားသွင်းနေမည်မသိချေ။

ကျနော်၏ဆေးခန်းတွင် ဆေးကုရာတွင် ဆေးကုသည်ထက် ယခုကဲ့သို့ အသိပညာပေးရသည်က များသည်။ ကျနော်ထံတွင် လာပြသော လူနာများ၏အသိပညာကို တစွန်းတစကျနော်ပြုပြင်နိုင်လျှင် မြတ်သည်ဟုခံယူထားသည်။ ကာကွယ်ရေးသည် ကုသရေးထက် ပို၍ထိရောက် သည်ဟုခံယူထားသည်။ ထို့အတွက်ကြောင့် တတ်နိုင်သည့်ဘက်ကအသိပညာပေးကာ ကာကွယ်နိုင်သည်ရောဂါများကို ကာကွယ်နိုင်အောင် တတ်နိုင်သလောက်ပညာပေးနေသည်။ ထို့အတွက်ကြောင့် ကျနော့်ဆေးခန်း၏ဝင်ငွေသည် သူများတွေထက် လျော့နည်းသည်။ သို့သော် ကျနော် လိပ်ပြာလုံသည်။ ကျင့်ဝတ်နှင့်အညီပြုလုပ်သည်ဟု ခံယူထားသည်။

ယနေ့အတွက်ကျနော်သည် ဖျားနာတဲ့လူနာတစ်ယောက်နဲ့ ဆီးချိုလူနာတစ်ယောက် နောက်ထပ်နှစ်ယောက်သာထပ်ပြီး ကုသရသည်။ ယနေ့အတွက်ကျနော်၏အလုပ်သည် ပြီးပြီဖြစ်သည်။ ကျနော်ဆေးခန်းနားက လက်ဖက်ရည်ဆိုင်တွင် အင်္ဂလန်ပရီမီယာလိဂ်ဘောလုံးပွဲတွေ ပြနေသည်။
ကျနော် ဆေးခန်းကိုပိတ်လိုက်သည်။ ဆေးခန်းတံခါးတွင်ကျနော်ဖုန်းနံပါတ်ကိုချိတ်ထားသည်။ လူနာလာလျှင်ခေါ်လိမ့်မည်။ ကျနော်ဘောလုံးပွဲကြည့်ရန်နဲ့ ညစာစားရန် ထိုဆိုင်လေးသို့ထွက်လာသည်။

(ခ)

“ကလင် ကလင်” ဖုန်းမြည်သံနဲ့အတူလန့်နိုးမိသည်။ ခေါင်းအုံးနားကဖုန်းကိုကောက်ကိုင်မိသည်။ ဖုန်းမှနာရီကိုကြည့်မိတော့ မနက် ၂ နာရီ ရှိနေပြီးဖြစ်ကြောင်းသိရသည်။ မနေ့ညဆေးခန်းပိတ်ကာ ဘောလုံးပွဲကြည့်ပြီးညစာစားသည်။ ထို့နောက် အိမ်နဲ့ဖုန်းပြောကာ စာအုပ်ဖတ်ရင်း အိပ်ပျော်သွားသည်။

ယခုဖုန်းသံကြောင့်သာ လန့်နိုးမိသည်။ ဖုန်းနံပါတ်ကြည့်မိတော့ နံပါတ်အစိမ်းဖြစ်နေသည်။

“ဟဲလို အမိန့်ရှိပါခင်ဗျာ” ဟုထူးလိုက်မိသည်။

ဖုန်းထဲမှတဖက်လူမှ ” ဟဲလိုဆရာလေးလားမသိဘူးခင်ဗျာ ကျနော်ဖိုးအောင်ပါ။ ဆရာ့လူနာပါခင်ဗျာ” ဟုပြန်ပြောလေသည်။

“အော်အေး အေး ပြောဘာဖြစ်လို့လဲ” ဟုကျနော်မေးလိုက်သည်။ ” ဟုတ်ဆရာ အိမ်ခဏပင့်လိုရမလားမသိဘူး အဘိုးအရမ်း မော နေလို့ပါခင်ဗျာ” ဟုပြန်ပြောသည်။

“ဟာ ခင်ဗျားအဘိုးဟိုတနေ့ကတည်းက ဆေးရုံတက်ခိုင်းထားတယ်လေ၊ နှလုံးအမောဖောက်နေတယ် ပြောထားတယ်မဟုတ်လား” ဟု မေးလိုက်သည်။

“ဟုတ်ဆရာရေ …အဲဒီကေ့ဆရာဆေးထိုးပြီးတော့နည်းနည်းသက်သာသွားတာနဲ့မသွားဖြစ်ဘူး အိမ်မှာပဲနေလိုက်တာ ခုမှ အမောဖောက် တတ်လို့” ဟု ဆိုလေသည်။

“အေး အေး၊ ဒါဆိုလဲ ဆေးခန်းရှေ့လူတယောက်လွှတ်လိုက်ကွာ အဖော်ရအောင်လို့” ဟု ကျနော်ပြောလိုက်သည်။ “ဟုတ်ကဲ့ဆရာရေ” ဟုဆိုသောအသံကြားရသည်။ ကျနော်လည်းဖုန်းချကာ လိုအပ်သည်ဟုထင်သည်များကို ဆေးအိတ်ထဲ ကောက်ထည့်လိုက်သည်။

ထိုလူနာသည် လွန်ခဲ့သောနှစ်ရက်က အမောဖောက်ကာ ကျနော်ဆီလာပြသည်။ လူနာသည်အသက်ရှစ်ဆယ်ကျော်ကာ ယခုအချိန်ထိ ဆေးလိပ်သောက်နေဆဲဖြစ်သည်။ ကျနော်စမ်းသပ်ပြီးနောက် နှလုံးမကောင်း သွေးကြောကျဉ်းတာအရမ်းများလို့ နှလုံးအမောဖောက်တာ ဟုယူဆကာ ဆေးတစ်လုံးထိုးပေးကာ ဆေးရုံသို့ သွားခိုင်းသည်။ ကျနော်ရှင်များလည်းဟုတ်ကဲ့သွားပါမည်ဟုဆိုကာ အာမဘန္တေခံသွား သည်။ ယခုတော့ မသွားဖြစ်။ အမောအရမ်းဆိုးလာမှ ညကြီးအချိန်မတော် အိမ်ပင့်ချေပြီး။

“ကိုဖိုးအောင်ဗျာ ဟိုနေ့ကတည်းက ဆေးရုံတင်သွားပါလို့ပြောနေတာ မတင်ဘူးဗျာ တော်သေးတာပေါ့၊ ဒီညကျနော်ဂျူတီမရှိလို့ ကျနော်ဂျူတီကျတဲ့ညဆို ဘယ်လိုလုပ်မလဲ” ဟုဂရုဏာဒေါသောမြည်တွန်မိသည်။ ထိုအခါ ကိုဖိုးအောင်မှ မျက်နှာငယ်လေးဖြင့် … “ဟုတ်ကဲ့ဆရာရေ ကျနော်တင်ဖို့ပဲ အဘိုးက သက်သာတယ်မသွားဘူးပြောနေတာနဲ့ ကျနော်တို့လည်း မသွားဖြစ်တာ ” ဟုပြန် ရှင်းပြသည်။

ကျနော်လည်း သူနဲ့စကားပြိုင်လုနေလျှင်ပြီးမှာ မဟုတ်မှန်းသိသဖြင့် လူနာကိုသာစမ်းသပ်တော့သည်။ ထို့နောက် “အခြေအနေကတော့ စိုးရိမ်ရတယ် ဆေးတစ်လုံးထိုးပေးလိုက်မယ် ခုချက်ဆေးရုံတင်မှရမယ်” ဟု ပွင့်ပွင့်လင်းလင်းပြောလိုက်သည်။ ထိုအခါ ကိုဖိုးအောင်တို့ လည်း ပြာပြာသလဲဖြစ်ကာ သူ့အမျိုးသမီးအား ဆေးရုံတင်ရန်ပြင်ဆင်ခိုင်းသည်။

ကျနော်လည်း ဆေးတစ်လုံးထိုးပေးလိုက်သည်။ ထိုအခါ ကိုဖိုးအောင်သည် ကျနော်နောက်တွင်မျက်နှာငယ်လေးနဲ့ ရပ်နေသည်။ ကျနော် လည်း သူတခုခုပြောစရာစကားများရှိသည်ထင်မိသည်။ ထို့ကြောင့် ကျနော်ကပဲ “ကိုဖိုးအောင်ဆေးရုံတော့ ခုချက်ချင်းတင်ဖြစ်အောင် တင် နော်။ မဟုတ်ရင် လူနာအသက်အန္တရာယ်စိုးရိမ်ရတယ်” ဟုစကားစလိုက်သည်။ ထိုအခါ ကိုဖိုးအောင်ပြောသောစကားသည် ကျနော် ကိုယ့် နဖူးကိုယ်ပြန်ရိုက်မိသည်။

“ဟုတ်၊ တင်တော့တင်မယ်ဆရာ၊ ဒါပေမဲ့ ခုက ညနှစ်နာရီကျော်လောက်ဆိုတော့ ကျနော်တို့မနက်ငါးနာရီလောက်မှတင်လို့မရဘူးလား၊ ကျနော် ဟိုဘက်အိမ်က ကားသမားကို နိုးရတာအားနာလို့” ဟုဆိုသည်။ “အော် ခင်ဗျားက ကားသမားနိုးရမှာ အားနာတယ်ပေါ့၊ ကျနော့် ကိုနှိုးရတာတော့ အားမနာဘူးပေါ့ အဲဒီလိုလား” ဟု စိတ်ထဲတွင်ပြောမိသည်။

သို့သော် အပြင်တွင်တော့ “ဟာမရဘူးလေ ခုချက်ချင်းတင်ပါ၊ ခင်ဗျာအဘိုးအသက်အရမ်းအရေးကြီးတယ်နော်” ဟုပြောကာ ကျနော် အိမ်ပေါ်မှဆင်းလာခဲ့သည်။

(ဂ)

ကျနော်လည်းဆေးခန်းပြန်ရောက်သည်အထိစိတ်ထဲမကြည်နိုင် ဖြစ်နေသည်။ ကားသမားတော့နိုးရအားနာသတဲ့။ ကျနော်တို့တော့ အားမနာချေ။ အရင်တနေ့ကပြောသောစကားကိုနားမထောင်ချေ။ စေတနာနဲ့မထိုက်တန်ဟု တခါတလေ ခံစားရသည်။

ကျနော်လည်းမျက်စိကြောင်၍ တော်ရုံနဲ့အိပ်မပျော်နိုင်ဖြစ်နေသည်။ ထို့ကြောင့် ဖုန်းကိုဖွင့်ကာ အင်တာနက်သုံးလေသည်။ သို့သော် facebook ဖေ့ဘုတ်ပေါ်တွင် တက်လာသောပိုစ့်များမှာ “စောင်ဗမာဆရာဝန်တွေ ဘာဖြစ်တယ် ညာဖြစ်တယ်” ဆိုသော ဆရာဝန်များကို ဆဲသောပိုစ့်များသာဖြစ်သည်။

ကျနော်လည်းအင်တာနက်ပိတ်ကာ မပျော် ပျော်အောင် ပြန်အိပ်လိုက်တော့တည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)