မောင်လူရေး – ဒါးထမ်း ဒုတ်ထမ်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ

January 11, 2019

 

 မောင်လူရေး – ဒါးထမ်း ဒုတ်ထမ်း ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းများ

(မိုးမခ) ဇန်န၀ါရီ ၁၁၊ ၂၀၁၉

ဇလုံတောင်တဲ့။ နေရောင်မှာ ရွှေတောင်ပေါက်တဲ့တောင်။

မိတ်ဆွေဆတော်တပါးက ဘုရားဖူးလိုက်မလားဆိုတော့ ကောက်လိုက်သွားလိုက်တာ။ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဘုရားဖူးသွားတယ်ဆိုပြီး မဆလခေတ်တုန်းက အသုံးအနှုံးကို သုံးလို့တော့ မဖြစ်ဘူးပေါ့။ ခုလို ဖေ့ဘွတ်မှာ ရေးရပြောရတာကိုကဘဲ လွတ်သလိုလို မလွတ်သလိုလိုခေတ်လေ။ ရောက်သွားတာကတော့ လွတ်လပ်ရေးနေ့ဘဲ။

ရွှေဘိုကနေ ည ၈:၃၀လောက်ထွက်သွားတာ မနက် ၆နာရီ ဗန်းမောက်ရောက်တယ်။ ဆတော့်မိတ်ဆွေအိမ် ခနနား၊ လက်ဖက်ရည်ဆိုင်သွား၊ ခေါက်ဆွဲစား၊ မုန်ညှင်းချဉ် သိပ်ကောင်းတယ်။ ကိုယ့်ဆီ စားရတာနဲ့ မတူဘူး။ ဒေသအစားအစာမို့ ထင်ရဲ့။ လက်ဖက်ရည်ဆိုင်နဲ့ မလှမ်းမကမ်းက ဒေသထွက် ပစ္စည်းရောင်းတဲ့ဆိုင်မှာ တမလန်းသစ်ကို ပွတ်ထိုးထားတဲ့ ပစ္စည်းလေးတွေ ကြည့်နေတုန်း တောင်ပေါ်သွားမယ့်ကားရောက်လာ။ သူတို့တောင်တက်ကားနဲ့မှ တက်လို့ရတာဆိုတော့ ကိုယ့်ကား ထားခဲ့ပြီး သူရို့ကားပေါ်တက်တာပလေ။ ကျိုက်ထီးရိုးဆန်ဆန်ဘဲ။ ကိုယ်ကတော့ လွတ်လွတ်လပ်လပ် ရှုခင်းကြည့်ချင်တာနဲ့ နောက်က ရပ်လိုက်တယ်။ အေးလိုက်တာတော့ မပြောနဲ့။

တော်တော်လေးမောင်းပြီးတော့ ဆိုင်ခန်းအဟောင်းတွေ တဲတန်းအဟောင်းတွေ တွေ့တော့ လိုက်ပို့တဲ့ဆတော်မိတ်ဆွေသား ကျောင်းသားက ဒါက ကားဝင်းအဟောင်းတဲ့၊ ခု ကားဝင်းအသစ်ထဲ သွားမှာ။ ပြသနာတက်နေကြတယ်တဲ့။ ဘယ်ကမှန်းမသိ ကုမ္ပဏီလာလုပ်နေတာ၊ မြို့ကလဲ မကျေနပ်ကြဘူးတဲ့ဆို ပြောပြတယ်။ မကြာခင် ကားဝင်းကျယ်ကြီးထဲ ရောက်သွားတယ်။ ကားဝင်းနဲ့ မြို့က တော်တော်လှမ်းသေးတာဘဲ။ ၁၄ ယောက်လောက် တစီးလွှတ်ထင်တာဘဲ။ ရှေ့ခေါင်း လေးထောင် ကျန်သုံးထောင်။ ခနဘဲ စောင့်ရပါတယ်။

တောင်တက်လမ်းကြီးတွေကလဲ တကယ့်အမြင့်ကြီးတွေ၊ အဆင်းလဲ အဲလို။ တောင်အထပ်ထပ်နဲ့ တောထူထူတွေ ကြည့်ကောင်းပ။ သစ်ပင်အမြင့်ကြီးတွေလဲ ဟီးလို့။ မနှစ်က မူဆယ်ကနေ တရုတ်ဘက်က ရေတံခွန်တခုသွားတဲ့ခရီးတောင်အမှတ်ရမိသေး။ အဲဒီမှာ သစ်ပင်ကြီးတွေ တပင်နဲ့ တပင် ကူးဖို့ ပိုက်တွေ ကြိုးတံတားတွေ စက်သီးတွေ ဆင်ထားတာမျိုး ဒီမှာလဲ လုပ်ထားရင် ကောင်းမယ်လို့။ ခြေလျင်တက်သူတွေ ကလေးတွေ နားရင်း၊ စွန့်စားရင်း ရင်ခုန်ရတာပ။ ဈေးဆိုင်လေးတွေ စည်းကမ်းတကျဖွင့်ထားဖို့တော့ လိုမယ်။ အဲဒီမှာက မဆူရ၊ ဆိုင်တွေ လိုသလောက်ဘဲ ဖွင့်ခွင့်ပေး၊ လူ လိုက် မဆွဲရ။ ဒါဆို အသွားခြေလျင်တက်၊ အပြန်ကားစီး။ အပြန်ခြေလျင်ဆင်း အသွား ကားစီး။ အသွား အပြန် ခြေလျင်။ အသွားအပြန် ကားစီး။ ကြိုက်သလို ဖြစ်လာမယ်။

ခနတည်းတဲ့အိမ်က လိုက်လာတဲ့ကျောင်းသားလေးက ပြောတယ်။ ဒီရက်မို့ တော်သေးတာတဲ့။ ဒီဇင်ဘာပိတ်ရက်ကများဆိုရင် ခရီးသည်တွေ များလိုက်ပုံများ၊ တည်းခိုဆောင်တွေအကုန်ပြည့်၊ ဘုန်းကြီးကျောင်းတွေလဲပြည့်၊ တချို့လဲ လမ်းဘေး ကားထိုးအိပ်ကြတဲ့။ စားစရာလဲ ပြတ်ထွက်သတဲ့။ ဒေသခံတွေအတွက် ဝမ်းသာစရာသတင်း။ အေး ဖေ့ဘွတ်မှာ ကျိုက်ထီးရိုး လူများတဲ့အကြောင်း လူသုံးသိန်းလောက်လာတဲ့အကြောင်းပြောကြတော့ တယောက်က ဒီလူတွေ ဘယ်လို အီးပါကြသလဲ၊ စဉ်းစားလို့ မရဘူးလို့ တင်ထားတာလေး ဖတ်ရတယ်။ မင်းတို့ဆီရော အဆင်ပြေလားဆိုတော့ သူ့ဘုန်းကြီးကျောင်းမှာလဲ အိမ်သာရေကို မနည်းနိုင်အောင် တင်နေရတဲ့အကြောင်းပြောပြတယ်။ ခရီးသွားလုပ်ငန်းပေါ်လာရင် အိမ်သာအလုံအလောက်ရှိဖို့ အရေးကြီးတာဘဲ၊ မင်း အိမ်သာငှားတဲ့လုပ်ငန်းလုပ်ပေါ့လို့ ပြောဖြစ်သေး။



ကားကို ယိမ်းထိုး လွှဲခါ သဲထိပ်ရင်ဖိုစီးပြီးတဲ့နောက်မှာ ကျောက်မဏ္ဍပ်ရောက်တယ်။ ဒါ့ပုံ သိပ်ရိုက်လို့ကောင်းပ။ ဇလုံတောင်ကိုလဲ လှမ်းမြင်နေရတယ်။ အဲဒါပြီးမှ ပေါ်ရောက်တယ်။ တောင်ပေါ်မှာ ဘုန်းကြီးကျောင်းက လာသမျှဧည့်တွေကို ရေနွေးကြမ်းနဲ့ မုန့်နဲ့ကျွေးတယ်။ နားရင်း စားပေါ့။ ဗန်းမောက်နဲ့ ၁၂ မိုင်ဝေးသတဲ့။ ခလောက်ဆန်ထားပြီးပြီဆိုတော့၊ ဆာပြီလေ။ တောင်ပေါ်မှာ အမှိုက်တွေ ပြီးစလွယ်ပစ်ထားတာကို တွေ့ရတယ်။ ဆိုင်တွေကရော ကျောင်းကရော ခရီးသွားတွေပေါ့လေ။ ကျုပ်တို့အကျင့်က အမှိုက်ကို လက်ထဲကလွတ် ဗြွတ် ပစ်တတ်ကြတာမျိုးကလား။ ကွမ်းသွေး တံတွေး တွေ့ကရထွေး။ နှပ်ညှစ် တွေ့ရာခါပြစ်၊ နီးရာဆွဲသုတ်ဆိုတဲ့အမျိုးလေ။ အဲဒါလေးတွေ လုပ်နိုင်ရင် သိပ်လှမှာပ။



ဘုရားပေါ်ရောက်တော့ ရှေ့ခေါင်းထဲ စီးတဲ့ဆတော်က ကားသမားက ဒီကားတွေအကြောင်း၊ ခု သူတို့ ကားဝင်းအသစ်နဲ့ ပြဿနာဖြစ်နေတဲ့အကြောင်းတွေ၊ အစိုးရ လုပ်ပုံ မကြိုက်တာတွေ တလမ်းလုံးပြောသတဲ့။ တင်းပါး တပည့်တော်ကိုလဲ ဆတော့်မိတ်ဆွေသားက ကားပေါ်မှာ ပြောတယ်ဘုရား၊ သေချာမေးကြည့်ရင်တော့ ကောင်းမှာပ။ ဖြစ်ချင်တော့ အပြန် အဲဒီကားဘဲ ပြန်ကြုံတယ်။ ကားဆရာကို အဲဒီအကြောင်းတွေ ထပ်မေးတော့ သူက လမ်း ခနနားတဲ့နေရာမှာ အသင်းလူကြီးတွေရှိတယ်။ သူတို့ကို မေးရင် ပိုပြည့်စုံတယ်လို့ဆိုပြီး နားတဲ့နေရာရောက်တော့ မိတ်ဆက်ပေးတာနဲ့ အင်တာဗျူးဖြစ်တယ်။ သူတို့နဲ့ ဗျူးထားတာတွေ ဖောက်သည်ချပါတယ်။ ဘယ်လိုတွေ ဖြစ်နေတယ်ဆိုတာတော့ တိတိကျကျမသိပါဘူး။ သူတို့ပြောတာတွေပေါ့။ သက်ဆိုင်ရာများကြားပြီး တစုံတရာ ကောင်းမွန်တဲ့အခြေအနေဖြစ်အောင်လုပ်နိုင်လို လုပ်နိုင်ငြားပလေ။

ဘုန်းဘုန်း။။ဇလုံတောင် ခုလို နာမည်ကြီးလာတဲ့ စဖြစ်လာတဲ့အခြေအနေလေး ပြောပြပါလား။

စိုင်းခန်းရွှေ(ဆယ်စီး တစီးခေါင်းဆောင်၊ ဇလုံတောင်တက်ကားအသင်း)။။ဒီလမ်းကိုက ဗန်းမောက် နယ်သူနယ်သားတွေက ကိုယ်ထူ ကိုယ်ထပြင်ခဲ့တာ။ ပြင်လိုက် မောင်းလိုက်နဲ့ပေါ့။ နာမည်ကြီးတာက ၃ နှစ်၊ ၅နှစ်လောက်ဘဲရှိသေးတာ။ ကိုယ့်ဟာနဲ့ကိုယ် ဖောက်ပြီးတော့ ပြေးဆွဲတာပေါ့ဘုရား။ ကားတွေစည်လာတဲ့အခါမှာ အခု သူတို့က တိုင်းကက်ဘက်နက်ဆိုပြီး ဒီဝင်းကြီးကို တည်ဆောက်ပြီးတော့ တပည့်တော်တို့ကို ဒီဝင်းကြီးထဲမှာ ပြေးဆွဲရမယ်ပေါ့။ ၆၀၀၀ ကောက်မယ်ပေါ့။ တပည့်တော်တို့က ၂၀၀၀ နဲ့ ပြေးနေတာက ၁၀၀၀ ကကျတော့ တပည့်တော်တို့ ဝန်ထမ်းတွေအတွက် လစာ။ တစ်လကို သိန်း အစိတ် သုံးဆယ် လောက်ကုန်တယ်။ ၁၀၀၀ ကကျတော့ လမ်းအတွက်နဲ့ အိမ်သာအတွက်ပေါ့။ အပေါ်မှာ အရှင်ဘုရားတို့ တွေ့ခဲ့မှာပါ။ အာ့ဒါတွေအတွက် ပိုက်ဆံ မယူဘူး။ ပြီးတော့ ဗန်းမောက်ဒေသအတွင်းမှာရှိတဲ့ ရွာတွေကို လှူတယ်။ တပည့်တော်တို့၂၀၀၀ ကောက်တာကတော့ ဗန်းမောက်နယ်အတွက်ပါ။ အခု သူတို့ ပြေးတာကကျတော့ ၃၀၀၀ က တိုင်းဒေသကြီးအတွက်။ တပည့်တော်တို့ဒေသအတွက်က ၂ ရာခိုင်နှုန်းဘဲ ပါတယ်။

ဘုန်းဘုန်း။။တိုင်းဒေသကြီးက ဘာသုံးမယ်လို့ ပြောလဲ။

စိုင်းခန်းရွှေ။။ဘာသုံးမယ်လို့လဲ မပြောဘူး။ ဖွံ့ဖြိုးရေးအတွက်လို့ ပြောတယ်။ တပည့်တော်တို့အတွက်က ၂ ရာခိုင်နှုန်းဘဲဘုရား။

ဘုန်းဘုန်း။။ဒီလမ်းတွေက တိုင်းဒေသကြီးက ထိုးပေးတာလား။

စိုင်းခန်းရွှေ။။မထိုးပေးဘူးဘုရား။ ကိုယ့်ဘာကိုယ် ထိုးရတာ။ ဒီနှစ်လည်း ဘက်ဖိုးနဲ့ ပြင်ထားတာ။ သိန်း ၁၀၀ ကျော်တယ်။ အခုကောက်မယ်ဆိုတာက ၃၀၀၀ က ကုမ္ပဏီက ယူမယ်။ တာရင်း ကုမ္ပဏီက ယူမယ်။ သူက ဘယ်ကမှန်းမသိဘူး။ လေလံပြိုင်တာတွေလည်း လုပ်မပေးဘူး။ ဘာကုမ္ပဏီ ဘာလို့လည်း ပြောတာတွေ မရှိဘူး။ ပွင့်လင်းမြင်သာမှုကို မရှိဘူး။ သူ့ဘာနဲ့သူ လာထောင်တယ်။ တပည့်တော်တို့က အခု ၆၀၀၀ ပေးမလား။ မပေးဘူးလားဘဲ မေးတယ်။ မပေးနိုင်ရင် တပည့်တော်တို့ ကားအသင်းကို ဖယ်မယ်။ ဘာမှလည်း လာမဆွေးနွေးဘူး။ ၆၀၀၀ ပေးနိုင်လားဘဲ မေးတယ်။

ဘုန်းဘုန်း။။အာ့ကျတော့ ဒီမြို့နယ်ခံတွေက ဘာပြောလဲ။

စိုင်းခန်းရွှေ။။တပည့်တော်တို့က ၆၀၀၀ မပေးဘူးလို့ ငြင်းတော့ တပည့်တော်တို့ကားအသင်းကို ဖယ်ပြီး သူတို့ကားတွေ လာမှာ။ တပည့်တော်တို့ကားအသင်းကလဲ တိုင်းကက်ဘိနက် ခွင့်ပြုချက် ကျထားတယ်။

ရာစိုး(စာရင်းစစ်)။။တကယ်တမ်းတော့ ပေးတဲ့သူက အထဲကို ပြေးလိုက်။ မပေးတဲ့သူက အပြင်ကို ပြေးလိုက်တဲ့။ နှစ်ခြမ်းခွဲတာ။ အသင်းကို ဖရိုဖရဲဖြစ်အောင်လုပ်တာ။ ပျက်စီးရာ ပျက်စီးကြောင်းလုပ်ပြီးတော့တပည့်တော်တို့က မပေးလို့ရင် အကြောင်းတစ်ခုခုနဲ့ ငြိစွန်းပြီးတော့ ဖျက်စီးတော့မှာ။

ဘုန်းဘုန်း။။အခု မပေးတဲ့သူတွေ ရှိလား။

ရာစိုး။။မရှိဘူး။ အခုက မကောက်သေးဘူးဘုရား။ သူတို့က ဘာအတွက်ကောက်လဲဆိုတာ သေချာ ရှင်းမပြသေးဘူးဘုရား။ အဓိပ္ပာယ်မရှိဘူးလေ။

ဘုန်းဘုန်း။။အခု လည်ပတ်တာက ခင်ဗျားတို့ဘာသာ လည်ပတ်တာလား။

ဥက္ကဋ္ဌဦးဝင်းနိုင်။။တပည့်တော်တို့ဘာသာ တပည့်တော်တို့ လည်ပတ်တာ ဘုရား။ ခုလက်ရှိကတော့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လည်ပတ်နေတာ။

စိုင်းခန်းရွှေ။ ။ အခု အောက်က ထွန်စက်တွေနဲ့ ချောနေတာလည်း ကိုယ့်ဘာသာလုပ်တာဘဲ။ နဂိုက ဒီလမ်းတွေကို ချောမလို့။ သူတို့လုပ်တာနဲ့ တပည့်တော်တို့ ချောရမလား။ မချောရမလားဖြစ်နေဘီ။

ဘုန်းဘုန်း။။သူတို့က ဒီကလည်း မဟုတ်ဘူး။ ဒီကလူတွေကိုလည်း မသိဘူးဆိုရင် ဒီလုပ်ပိုင်ခွင့်ကို ခင်ဗျားတို့က ဘာလို့ ပေးတာလဲ။

စိုင်းခန်းရွှေ။။တပည့်တော်တို့က မပေးဘူးဘုရား။ သူတို့ဟာနဲ့ သူတို့ ဝန်ကြီးတွေနဲ့ပေါင်းပြီး ချလာတာ။ တိုင်းကက်ဘက်နက်ဆိုပြီးတော့ လာတာ ဘုရား။ ဒေသခံတွေ သဘောထား တစ်ချက်မှ မပါဘူး ဘုရား။

ရာစိုး။။ သူ့ဟာနဲ့ သူ အပန်းဖြေစခန်းဖွင့်တယ်ဘဲ ထင်နေတာ။ တပည့်တော်တို့ကို အာ့ထဲဝင်ရမယ် ပြောနေလို့ တပည့်တော်တို့ရွှေ့လိုက်တာ ၇ ရက်ဘဲ ရှိသေးတာ။ တပည့်တော်တို့ရဲ့ နဂိုဝင်းကို သူတို့က ဘောင်မဝင်ဘူးဆိုပြီး မသုံးခိုင်းတာ။

ဘုန်းဘုန်း။။ဘောင်မဝင်ဘူးလို့ ပြောတာ ကုမ္ပဏီကပြောတာလား။ အာဏာပိုင်အဖွဲ့အစည်းပါသလား။

စိုင်းခန်းရွှေ။။အာဏာပိုင် အဖွဲ့အစည်းကနေပြောတာလေ။ မယက က ပြောတာ။ မယကရော လွှတ်တော် ကိုယ်စားလှယ်တွေကရော ပြောတာ။

ဘုန်းဘုန်း။။လွှတ်တော် ကိုယ်စားလှယ်တွေက ညှိနှိုင်းပေးဘူးလား။

ရာစိုး။။ ညှိလည်း မညှိနှိုင်းပေးဘူး။ အတင်းသွေးခွဲမယ်။ သူတို့နဲ့ ပေါင်းတဲ့အဖွဲ့က ဒီအထဲ ဝင်ပြေးသွား။ ၆၀၀၀ ပေးရင် ဝင်ပြေး။ မပေါင်းတဲ့အဖွဲ့က ဒီဘက်ကပြေး။ မပေးတဲ့အဖွဲ့ကို နောက်ပိုင်းကျ စာရင်းမှတ်ပြီးမှ cancel လုပ်မှာပေါ့။ ပေးတဲ့ကောင်တွေက ဒီအထဲဝင်ပြေးပေါ့။ မပေးတဲ့ ကောင်တွေက ဘေးထွက်နေပေါ့။ ပြီးတော့ ဒီကားတွေက အကုန် လိုင်စင်ကားတွေ။ တပည့်တော်တို့က တိုင်း ပို့ဆောင်ဆက်သွယ်ရေးဆိုတော့ အနီတွေ ဖြစ်သွားတာ။ တပည့်တော်တို့က အသင်းလည်း ကျပြီးသား။ အသင်းအဖွဲ့မှတ်ပုံတင်ကျပြီးသား။ ပထမကားတွေက အကုန် ပထမblack တွေ။ အကုန်လုံးဖြုတ်ပစ်လိုက်ပြီးတော့ အခုဟာက အကုန်လုံးလိုင်စင်ရှိတယ်။

ရာစိုး။။ အာဏာပိုင်အဖွဲ့နဲ့ ဆွေးနွေးခွင့်လည်း မပေးဘူး။ ကျနော်တို့ မဖြစ်နိုင်ပါဘူးလို့ ပြောတာကို မဖြစ်ဘူး၊ ပေးကို ပေးရမှာဆိုပြီးပြောတာဘုရား။ စည်ပင်ဝန်ကြီး ကိုယ်တိုင်ကရော ဝန်ကြီးချုပ်ကရော ပြောတယ်။ ဖွင့်ပွဲလာတော့ ပြောတာ။ တပည့်တော်တို့ကားတွေကသာ ကားဖွင့်ပွဲသာ ဝိုင်းလုပ်ပေးလိုက်ရတယ်။ ထမင်းလည်း မစားရဘူး။ ရေလည်း မတိုက်ဘူး။ ပြီးတော့ လာတဲ့ ဒေသခံတွေကိုလည်း ဘာမှ မကျွေးဘူး။ ကျနော်တို့ လူကြီးတွေတောင် သူတို့ကို တွေ့ဖို့အတွက် သစ်ပင်အောက်မှာ ထိုင်စောင့်ပြီးတော့ ကြိုးစားတာ။ သူတို့က အတွေ့မခံဘူး။ သူတို့ အမှား ရှိတာကြောင့် အတွေ့မခံတာလေ။ ဒါအရှင်းကြီးလေ။

ဘုန်းဘုန်း။။အာ့ဒါနဲ့ ပက်သက်ပြီးတော့ ဘာဆက်လုပ်ဖို့ စဉ်းစားထားတာရှိလဲ။

စိုင်းခန်းရွှေ။။တပည့်တော်က ပထမက ဆန္ဒဖော်ထုတ်မယ်ပေါ့လေ။ အာ့လိုမျိုး စီစဉ်တော့ မလုပ်ပါနဲ့ဆိုပြီး လွှတ်တော်ကတွေရော ကျန်တဲ့လူတွေကရောပေါ့။ တောင်းပန်တာပေါ့။ တပည့်တော်တို့က စဉ်းစားတယ်လေ။ ညှိမလို့ လုပ်တာကိုး။ သူတို့က ညှိဖို့လုပ်တာမဟုတ်ဘူး ပေးမလား။ မပေးဘူးလားဘဲ မေးတာတဲ့။ ၆၀၀၀ ပေးမလား မပေးဘူးလား။ ဒီဝင်းထဲကနေ ပြေးမလားမပြေးဘူးလားဘဲ မေးတာတဲ့။ အဲဒါ ဝန်ကြီးတွေက မေးတာ။ ဝန်ကြီးတွေက ထွေအုပ်ကို ခိုင်းတာ။ လွှတ်တော်ကိုယ်စားလှယ်တွေက မေးတာ။

ဘုန်းဘုန်း။။လွှတ်တော်ကိုယ်စားလှယ်နာမည်က ဘယ်သူလဲ။

စိုင်းခန်းရွှေ။။ပြည်သူ့ လွှတ်တော်က ဦးကျော်စိုး။ တိုင်းဒေသကြီး လွှတ်တော်က ဦးဝင်ရွှေ။ တိုင်းဒေသကြီးက ၁၊ ၂ ရှိတာ။၂ ကကျတော့ ဦးညီညီ သူတို့ သုံးယောက်စလုံးမေးတာ။

ရာစိုး။ ။ကက်ဘိနက်အဆုံးအဖြတ်ကို ငြင်းပယ်လို့ မရဘူးတဲ့။ သူတို့က ညှိနှိုင်းအစည်းအဝေးလို့ခေါ်တယ်။ ပြီးတော့ ညှိနှိုင်းအစည်းအဝေးမဟုတ်ဘူး။ ဒါမှ ဒါကြီးဘဲ ပြောနေတယ်။ တပည့်တော်တို့ဆီမှာ အသံဖိုင်တွေလည်း အကုန်ရှိတယ်။ ၂၅ရက်နေ့က။

ဘုန်းဘုန်း။။ခေါင်းစဉ်းတပ်ထားတာတွေ့တယ်လေ။ CBT ။ အဲဒါ ဒေသခံကို အခြေပြုတဲ့ ခရီးသွားလုပ်ငန်းလေ။ ဇလုံတောင်ဒေသလူထု အခြေပြု ခရီးသွားလုပ်ငန်းလို့ မုခ်လုပ်ထားတာဘဲ။ အဲလို ကုမ္ပဏီတွေ ဘာတွေ အဝေးကလူတွေ ဝင်လာရင် ဒေသခံပြည်သူတွေ မဟုတ်ဘူးပေါ့။ ခင်များတို့က အဲဒီခေါင်းစည်းနဲ့ ပြန်ဆွေးနွေးလို့ မရဘူးလား။

ရာစိုး။။တပည့်တော်တို့က ကြိုးစားတယ်။ ဒါပေမယ့် ပေးပြီးသွားဘီ။ အဲဒီ CBT ကို သိန်း၅၀ ထောက်ပံ့ပြီးတော့ သူတို့ ဝင်းထဲ ထည့်တယ်။

ဘုန်းဘုန်း။။ ခင်များတို့ ဆန္ဒဖော်ထုတ်မှာကရော ဆက်လုပ်ဖို့ ရှိလား။

ရာစိုး။။ဆန္ဒဖော်ထုတ်တာက ရည်ရွယ်ချက်တော့ ရှိတယ်။ မဖော်ထုတ်လို့လည်း မဖြစ်ဘူး အရှင်ဘုရား။ ဒါကြီးက နှစ် ၃၀ ပေးထားတာ။

ဘုန်ဘုန်း။ ။ ၆၀၀၀ တောင်းမယ့်ဟာမှာ ၃၀၀၀ က တိုင်းဒေသကြီးအတွက်ဆို၊ ကျန်တဲ့ ၃၀၀၀က ဘာလုပ်မှာလဲ။

ရာစိုး။။သူတို့ ကုမ္ပဏီအတွက်တဲ့။

ဘုန်းဘုန်း။။ကုမ္ပဏီက ဒီအတွက် ဘာစိုက်ထုတ်ထားလဲ။

ရာစိုး။။ဘာမှ စိုက်မထုတ်ထားဘူး။ အာ့ဒါကြောင့် ပြောတာပေါ့။ လမ်းလည်း သူတို့ လုပ်ပေးမထားဘူး။ BOT စနစ်ကအပန်းဖြေစခန်းကို ပေးတာ။ ကားဝင်းကို ပေးတာလဲ မဟုတ်ဘူး။ လမ်းပိုင်းကို ပေးတာလဲ မဟုတ်ဘူး။

ရာစိုး။။BOT လည်း မဟုတ်ဘူး။ သူတို့ လုပ်ထားတာက။ အဲဒါလည်း မသက်ဆိုင်သေးဘူး

စိုင်းခန်းရွှေ။။သူတို့က အပန်းဖြေချင်လို့ ဝင်လို့ တပည့်တော်တို့ ဝင်မကြိုရင်တော့ တစ်မျိုးပေါ့။ တပည့်တော်တို့ ဝင်ကြိုပေးတယ်။ အရှင်ဘုရားတို့က ဗန်းမောက်မြို့ပေါ်က ဘုန်းကြီးကျောင်းမှာ တည်းတယ်ဆိုရင် လာကြိုပေးတယ်။ တပည့်တော်တို့ ကားအသင်းက အကုန်လုပ်ပေးတယ်။ အခုဟာက အပန်းဖြေစခန်းဆိုပြီး သူတို့ ဝင်းထဲကို ထိုးရပါမယ်ဆိုလို့ သွားထိုးရတာ အရှင်ဘုရား။

ဘုန်းဘုန်း။။ခင်များတို့ ကားခတွေကို သတ်မှတ်ပေးသလား။

ရာစိုး။။မသတ်မှတ်သေးဘူး။ တပည့်တော်တို့က၃၀၀၀ ဘဲလေ။ ရိုးရိုးရှင်ရှင်းပြောရမယ်ဆိုရင် သူတို့က ဂိတ်ကို အပိုင်စီးချင်တဲ့သဘောမျိုး။

ဘုန်းဘုန်း။။ဂိတ်မှာ ဒေသခံတွေ ပါလား။ သူတို့ ဘယ်ကဆိုတာရော သိလား။

စိုင်းခန်းရွှေ။။ဒေသခံတွေ မပါဘူး။ သူတို့ဘယ်က မှန်းလဲဆိုတာကို မသိဘူး။

ဘုန်းဘုန်း။။ခများတို့ အနေနဲ့ တိုင်းဒေသကြီး အစိုးရတို့ နိုင်ငံတော်အစိုးရတို့ကို ဘာပြောချင်သေးလဲ။

စိုင်းခန်းရွှေ။။ဒီဟာနဲ့ ပက်သက်လို့ တပည့်တော်တို့က သူတို့တိုင်းကက်ဘိနက်ဆုံးဖြတ်ချက်နဲ့ လာပါတယ်ဆိုပြီးတော့ လုပ်တာလေ။ တပည့်တော်တို့ အနေအထားကတော့ ဒေသခံသဘောထားတွေနဲ့ ညှိနှိုင်းမှု မရှိလို့ မကျေနပ်ဘူးပေါ့။ ဒီပုံစံကြီးက။ တောင်ပေါ်က ဘုန်းဘုန်းနဲ့လည်း အရှင်ဘုရားတို့ တွေ့ဦးမှာပါ။ ဘုန်းဘုန်းကလည်း သဘောမတူဘူး။ ဘုန်းဘုန်းက ဆွမ်းကို မဘုဉ်းခဲ့တာ။(ဖွင့်ပွဲနေ့က)

ဘုန်းဘုန်း။။ဥက္ကဋ္ဌကြီးကရော ဘာပြောချင်လဲ။

ဥက္ကဋ္ဌ။။တပည့်တော်ကတော့ ဒေသခံတွေနဲ့ တိုင်ပင်ပြီးပေါ့နော့။ တပည့်တော်တိုက ၁၅၈ စီးကတော့ ဒီ ၆၀၀၀ ပေးကားကို သဘောမတူဘူး။ ခုတော့ ၁၆၀ လောက်ရှိတယ်။ တပည့်တော်တို့ ဒီဘက် ပြောင်းလာတာကလည်း တအားကြီး ဖိအားပေးလို့ ဘုရား။ အာ့ ၂၆ ရက်နေ့ အစည်းအဝေးမှာ လွှတ်တော်ရော စည်းကမ်း ဥက္ကဋ္ဌရော ဌာနဆိုင်ရာ စီမံကိန်းတို့ လဝကတို့ ရဲမှူးတို့ ပါမယ်။ သူတို့က ဘယ်လိုလုပ်လဲဆိုတော့ ကိုစိုင်းခမ်းရွှေက ပေးနိုင်ရင် သူတို့ဝင်းထဲ လာခဲ့။ သူတို့က ကောက်မှာ။ တပည့်တော်က မပေးနိုင်ရင် ရတယ်၊ မပေးနဲ့ သွား။ မကြာမှီ အချိန်အတောအတွင်းမှာ ဒီဟာကို အကောင်အထည်ကို ဖော်မယ်လို့ ပြောတယ်ဘုရား။ ၁၆၀ မှာ ပေးနိုင်တဲ့သူက ၅၀ ရှိချင်ရှိမယ်။ မပေးနိုင်တဲ့ ၁၀၀ ရှိချင်ရှိမယ်။ သွေးခွဲပစ်လိုက်မှာပေါ့ ဘုရား။ တပည့်တော်က ပြောတယ်။ အာ့ဆိုရင် လွှတ်တော်ကိုလည်း ပြောတယ်။ သွေးကွဲတော့မှာ တပည့်တော်တို့ အသင်းက။ အချို့ စီးပွားရေးသမားတွေက ပေးချင်ကြတာ။ တပည့်တော်လည်း ပေးနိုင်တယ်။ ဒါပေမယ့် သဘာဝမကျဘူး။ ဘောင်နဲ့ မညီညွှတ်လို့။ သူတို့က ဘယ်လိုပြောလဲဆိုတော့ ၂၇ ရက်နေ့က စကောက်မယ်တဲ့။ တပည့်တော်တို့ကလည်း မထူးဘူး။ ပေးရမယ်ဆိုတော့ သူတို့ကားဝင်းကို ပြောင်းမယ်ဆိုပြီးတော့ ၂၇ ရက်နေ့ မနက် ၅ နာရီထိုးကို ပြောင်းလိုက်တာ။ အာ့နေ့ မနက်က MRTV က ကြေငြာတဲ့အခါကျတော့ ဒါ လုံးဝမကောက်ဘူး။ ပြန်ဖြစ်သွားပြန်တယ်။ မကောက်ဘူးဆိုတဲ့ အတိုင်းအတာမှာ ၂၆ ရက်နေ့ ကောက်မယ်ဆိုပြီး လုပ်တဲ့ အစည်းအဝေးက အလကားဖြစ်သွားတယ်ဘုရား။ သူတို့ ဘောင်မဝင်ဘူးလို့ တပည့်တော်တို့က ယုံကြည်တယ်ဘုရား။

ဂိတ်မှူး။။တပည့်တော်ကတော့ ကုမ္ပဏီနဲ့ တိုင်းဒေသကြီးက ပွင့်လင်းမြင်သာမှုရှိပါ။ ဒေသခံတွေနဲ့ ဆွေးနွေးညှိနှိုင်းမယ်ဆိုရင်တော့ တပည့်တော်တို့လည်း တမျိုးတမည်တော့ ဖြစ်နိုင်ပါတယ်။

ဘုန်းဘုန်း။။ခင်များတို့ ဒေသကလည်း ထောင် နိုင်တယ်မို့လား။

အားလုံး။။(ရယ်ကြပြီး)ထောင်နိုင်တယ်ဘုရား။ ကိုယ့်ဘာသာကိုလည်ပတ်နေကြတာဘဲ။

ဘုန်းဘုန်း။ ။စာရင်းစစ်ကြီးကရော

ရာစိုး။။ တိုင်းဒေသကြီး အစိုးရကတော့ တရားမျှတမှု မရှိဘူး အရှင်ဘုရား။ အထင်သားကြီးလေ။ ပွင့်ပွင့်လင်းလင်းမရှိဘူး။ ကျနော်တို့ အပေါ်မှာ တရားမျှတမှုမရှိဘူးလို့ထင်တယ်အရှင်ဘုရား။ ပျက်စီးရာပျက်စီးကြောင်းလုပ်နေတယ်လို့မြင်တယ်။

ဘုန်းဘုန်း။ ။ခများတို့နဲ့ တိုက်ရိုက်နားထောင် စကားပြောဆွေးနွေးရမှာကတော့ လွှတ်တော်ကိုယ်စားလှယ်တွေဘဲလေ။ သူတို့က ခများတို့အသံကို သယ်ဆောင်ရမယ့်သူတွေ။ သူတို့ကိုရော ကိုရာစိုး ဘာပြောချင်လဲ။

ရာစိုး။ ။ကိုယ်စားလှယ်တွေကလည်း ပွင့်လင်းမှုမရှိဘူး။ သူတို့ အထက်က အထက်က ဆိုတဲ့ စကားလုံးနဲ့ လာလာပြီးတော့ ပြောတယ်။ သူတို့ ကိုယ်တိုင် ဆုံးဖြတ်ထားတာ ဘာမှ မရှိဘူး။ ကျွန်တော်တို့ရဲ့ ခံစားချက်ကို မကြည့်ပေးဘူး။ တကယ်တမ်းတော့ အစိုးရဆိုတာက ကျနော်တို့ လိုအပ်ချက်ကို သူတို့ ဖြည့်ဆည်းပေးရမှာလေ။ ညှိနှိုင်းပေးရမှာလေ။ ခုဟာက တစ်ဘက်သတ်ကြီးလုပ်နေတာ။ ဒါက တရားမျှတမှုမရှိဘူး။

အဲဒါ သူတို့ ပြောပြတာတွေဘဲ။ ဇလုံတောင်သမိုင်းစာအုပ်ဖတ်ကြည့်တော့ ဗိုလ်ချုပ်သာအေးလက်ထက်က ဒေသခံတွေနဲ့ ပူးပေါင်းပြီး လမ်းကြောင်းဖော်တဲ့အကြောင်း ဖတ်ရတယ်။ ဒါ အစိုးရ ပါဝင်ပတ်သက်မှုပေါ့။ သူတို့ပြတဲ့စာရွက်တွေကြည့်တော့၂၀၁၆မှာ လက်ရှိအစိုးရလက်ထက်မှာလဲ ကားအသင်းပြေးဆွဲခွင့် ပေးထားတာတွေ့ရတယ်။

ဒါနဲ့ဘဲ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်းအကြောင်း ပိုသိချင်လို့ ဂူဂဲမှာရှာတော့ CBT ကို အဓိပ္ပါယ် ဖွင့်ထားတာလေးတွေ့လို့ မိတ်ဆွေတယောက်ကို ဘာသာပြန်ခိုင်းရတယ်။ သူ့ဘာသာပြန်ချက်ကတော့-
 

ဆိုတာဘာလဲ။

community ရပ်ရွာလူ့အဖွဲ့အစည်းဆိုတာ အဓိပ္ပာယ်ဖွင့်ဆိုချက်အရ စုပေါင်းတာဝန်တမျိုးရှိနေတဲ့ပုဂ္ဂိုလ်တွေ၊ ကိုယ်စားပြုအဖွဲ့တွေကတဆင့် ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်စွမ်းရှိသူတွေဖြစ်တယ်လို့ ညွှန်းဆိုပါတယ်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းဆိုတာ ဒေသခံနေထိုင်သူတွေ ( ယေဘုယျအားဖြင့် ကျေးလက်တောနေ၊ ဆင်းရဲပြီး စီးပွားရေးအရ ပထုတ်ခံထားရသူတွေ) က သူတို့ရဲ့ရပ်ရွာတွေဆီအလည်လာဖို့ ခရီးသွားတွေကို ညအိပ်တည်းခိုနိုင်ဖို့ စီစဉ်ပေးထားပြီး ဖိတ်ခေါ်တယ်။

ဒေသခံနေထိုင်သူတွေက Land Manager တွေ အဖြစ်၊ စွန့်ဦးလုပ်ငန်းရှင်တွေ၊ ဝန်ဆောင်မှုနဲ့အစားအသောက် ဖြည့်ဆည်းစီစဉ်ပေးသူတွေ၊ အလုပ်သမားတွေအဖြစ်နဲ့ ဝင်ငွေရရှိကြတယ်။ အနည်းဆုံးတော့ ခရီးသွားလုပ်ငန်းကရတဲ့ငွေ တစိတ်တပိုင်းကို ရပ်ရွာအဖွဲ့အစည်းတခုလုံးကို အကျိုးပြုမယ့် ပရော့ဂျက်တွေ အတွက် သီးသန့်ဖယ်ထားတယ်။

ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကြောင့် ခရီးသွားတွေက ဒေသခံတို့နေထိုင်ရာနဲ့ တောရိုင်းသဘာဝတွေကို တွေ့ရှိရမယ်။ ပြီးတော့ ရိုးရာယဉ်ကျေးမှုတွေ၊ ထုံးတမ်းဓလေ့တွေ၊ ရိုးရာတွေးခေါ်မြော်မြင်မှုတွေကို တန်ဖိုးထား လေးစားနိုင်မယ်။ ခရီးသွားလုပ်ငန်းကတဆင့် သူတို့ရဲ့သဘာဝအမွေအနှစ်၊ ယဉ်ကျေးမှုအမွေအနှစ်တွေပေါ်မှာ ရှိနေတဲ့ စီးပွားရေးအရတန်ဖိုး၊ လူမှုရေးရာအရတန်ဖိုးတွေကို ရပ်ရွာအဖွဲ့အစည်းက သတိပြုမိလာမယ်။ ဒီအခြေအနေကြောင့် ဒီအရင်းအမြစ်တွေကို ရပ်ရွာအခြေပြုထိန်းသိမ်းစောင့်ရှောက်မှု ပိုအားကောင်းလာမယ်တဲ့။

ကဲ … ဒီလိုဆိုရင်တော့ ဇလုံတောင်တက် ကားအသင်းကလူတွေ ပြောတာနဲ့ ကိုက်နေတာဘဲ။ ပြီးတော့ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရင် သစ်ထုတ်တာတောင် လျော့သွားနိုင်တာဘဲ။ ဒီကလူတွေက သစ်ထုတ်တာ ရွှေတူးတာများတာကိုး။ သူတို့ဒေသကလူတွေ ဒေသအခြေပြုခရီးသွားလုပ်ငန်းနဲ့ အသက်မွေးဝမ်းကျောင်းပြုလာနိုင်မှ သူတို့ သဘာဝပတ်ဝန်းကျင်ကိုလဲ ရေရှည်ထိမ်းနိုင်မှာမဟုတ်ပါလား။

အသိတယောက် CBT သုတေသနလုပ်ဖူးတာကို သတိရပြီး လှမ်းမေးတော့ သူတို့စာအုပ်ကို ညွှန်းပါတယ်။ သူတို့ရဲ့ ” မြိုင်နှင့် သံတောင်ကြီးဒေသ လူထုအခြေပြု ခရီးသွားလုပ်ငန်းများ- လူထု၏ ပူးပေါင်းပါဝင်မှုနှင့် ဒေသခံများအပေါ် အကျိုးသက်ရောက်မှုများအား လေ့လာသုံးသပ်ခြင်း” စာအုပ်မှာ CBT ကို အဓိပ္ပါယ်ဖွင့်တာတွေအပြင်အစိုးရနဲ့ ဒေသခံတို့ အချိပ်အဆက် တာဝန်အပိုင်းအခြားတွေပါ သိရတယ်။

လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုင်ရာအယူအဆ၊ အဓိပ္ပါယ်သတ်မှတ်ချက်များနှင့် အခြေခံသဘောတရားများ
လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့်အတွေးအခေါ်အယူအဆများကို စာပေအမြောက်အများတွင်တွေ့ ရှိနိုင်ပါသည်။ Goodwin နှင့်Santilliတို့ ၏အဆိုအရ ထက်အောက် အာဏာရှင်ဆန်သောနည်းလမ်းများ ကျဆုံးမှုနှင့်အတူ အောက်ခြေမှစ၍ဖွံ့ ဖြိုးစေသည့် နည်းလမ်းများ(သို့ )အများပူးပေါင်းပါဝင်သောနည်းလမ်းများ စတင်ပေါ်ပေါက်ခဲ့ပါသည်။ လူထုအခြေပြုခရီးသွားလုပ်ငန်းသည် ခရီးသွားကဏ္ဍအတွက် အောက်ခြေမှစ၍ ဖွံ့ ဖြိုးစေသည့်နည်းလမ်းတစ်ခုဖြစ်ပြီး၊ လူထုအခြေပြု ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့်အယူအဆများမှာ အစိုးရမဟုတ်သောအဖွဲ့ အစည်းများ၏ အများပူးပေါင်းပါဝင်မှု၊ တိုးတက်ရေးကြိုးပမ်းမှုများမှ ဆင်းသက်လာသည်ဟုဆိုနိုင်သည်။ အခြေခံလူတန်းစားဖွံ့ ဖြိုးတိုးတက်ရေး၏ အနှစ်သာရများဖြစ်သော ဒေသခံများပူးပေါင်းပါဝင်ရေး၊ တန်းတူညီမျှရှိမှုနှင့်အခွင့်အာဏာအပ်နှင်းခြင်းတို့ ကို လူထုအခြေပြုခရီးသွားလုပ်ငန်းတွင်လည်း များစွာတွေ့ ရှိရပါသည်။ အခြားတစ်ဘက်တွင်မူ လူအမျိုးမျိုး၊ စိတ်အထွေထွေရှိသကဲ့သို့ လူထုအခြေပြုခရီးသွားလုပ်ငန်းအား အမြင်အမျိုးမျိုးဖြင့်အဓိပ္ပါယ်ဖွင့်ဆိုသည်များကိုလည်း တွေ့ ရှိနိုင်ပါသည်။

လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့်ပတ်သက်၍ ထိုင်းနိုင်ငံလူထုအခြေပြု ခရီးသွားလုပ်ငန်းအင်စတီကျူမှ အဓိပ္ပါယ်ဖွင့်ဆိုရာတွင်-

“ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်းဆိုသည်မှာ ဒေသဖွံ့ ဖြိုးရေးအတွက်ပတ်ဝန်းကျင်ရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ရေရှည်တည်တံ့ရေးတို့ ကို ထည့်သွင်းစဉ်းစားသည့်၊ ခရီးသွားဧည့်သည်များအား ဒေသခံပြည်သူများ၏ လူနေမှုဓလေ့စရိုက်များနှင့် ပိုမိုရင်းနှီးကျွမ်းဝင်စေရန်ရည်ရွယ်၍ လုပ်ဆောင်ထားသော၊ ဒေသခံများကိုယ်တိုင် စီမံခန့် ခွဲနိုင်သော ဒေသခံများပိုင်ဆိုင်သည့် ခရီးသွားလုပ်ငန်းဖြစ်သည်။

အရှေ့ တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ စံသတ်မှတ်ချက်များအရ လူထုအခြေပြုခရီးသွားလုပ်ငန်း ဆိုသည်မှာ-

“စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ရေရှည်တည်တံ့ မှုကို အာမခံသည့် စဉ်ဆက်မပြတ်ဖွံ့ ဖြိုးတိုးတက်ရေး အပါအဝင် ဒေသခံပြည်သူများ၏ဘဝသာယာဝပြောရေးနှင့်ပတ်သက်သည့် မျှော်လင့်ချက်ရှင်သန်စေရေး၊ ခရီးသွားလုပ်ငန်း အခြေခံဖွံ့ ဖြိုးတိုးတက်ရေးအတွက် ဒေသခံများကိုယ်တိုင်စီမံခန့် ခွဲနိုင်သော၊ ဒေသခံပြည်သူများအား အခွင့်အာဏာအပ်နှင်းထားသည့် ခရီးသွားလုပ်ငန်းဖြစ်သည်။

အဖွဲ့ အစည်း တစ်ခုနှင့်တစ်ခုအကြား လူထုအခြေပြုခရီးသွားလုပ်ငန်း၏ သဘောသဘာဝနှင့်ပတ်သက်၍ မတူညီသောအယူအဆများရှိသော်လည်း လုပ်ငန်းအောင်မြင်ရေးဆောင်ရွက်ရာတွင် ဒေသခံများ၏ ပူးပေါင်းပါဝင်မှုမှာ အဓိကကျသည်ကို မူဘောင်အဖြစ် တွေ့ ရှိခဲ့ရပါသည်။ အလားတူ လုပ်ငန်း၏အကျိုးသက်ရောက်မှုကို လေ့လာရာတွင်လည်း လူမှုရေး၊ ပတ်ဝန်းကျင်ရေး၊ ယဉ်ကျေးမှုအမွေအနှစ်များအား အစဉ်အလာမပျက် ထိန်းသိမ်းနိုင်ရေးကိစ္စရပ်များကို ထည့်သွင်းသုံးသပ်ခြင်းများ ပါဝင်သည်ကို တွေ့ ရှိခဲ့ရပါသည်။

တစ်ဆက်တည်းတွင်WWFအဖွဲ့ မှလူထုအခြေပြုခရီးသွားလုပ်ငန်းမှအကျိုးအမြတ်အများစုကို ၎င်းလုပ်ငန်းအခြေပြုသည့် ကျေးရွာအတွင်းတွင် တည်ရှိသုံးစွဲသင့်ကြောင်း အကြံပြုတင်ပြခဲ့ ပါသည်။ သို့ မှသာ အဆိုပါကျေးရွာနေဒေသခံများအနေဖြင့် လူထုအခြေပြုလုပ်ငန်း၏ အဓိကအကျိုးအမြတ်ကို ရရှိခံစားရသူများ ဖြစ်လာနိုင်မည်ဖြစ်သည်။ လူထုအခြေပြုခရီးသွားလုပ်ငန်းတွင် စွန့် ဦးတီထွင်သူ အမြောက်အများရှိသော်လည်း ၎င်းနှင့်ပတ်သက်၍ တိကျသည့် အဓိပ္ပါယ်သတ်မှတ်ချက်ကိုမူ မတွေ့ ရှိရသေးပေ။ အာဆီယံမှ သဘောတူသတ်မှတ်ထားသည့် အဓိပ္ပါယ်သတ်မှတ်ချက်အရ-

“လူထုအခြေပြုခရီးသွားလုပ်ငန်းဆိုသည်မှာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ ရေရှည်တည်တံ့ ရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း အစဉ်အလာ တန်ဘိုး၊ အမွေအနှစ်နှင့် သဘာဝအရင်းအမြစ်များအား အကာအကွယ်ပေးခြင်းစသည်တို့ ကို ကူညီဆောင်ရွက်ပေးခြင်းဖြင့် ဒေသခံများ၏ လူနေမှုဘဝသာယာဝပြောရေးကို အကျိုးပြုနိုင်ပြီး ရပ်ရွာအဆင့်တွင် တည်ထောင်ထားရှိသော ဒေသခံများပိုင်ဆိုင်သော ကိုယ်တိုင်လည်ပတ်၊ စီမံ၊ ဆွေးနွေး ပါဝင်နိုင်သည့် ခရီးသွားလုပ်ငန်းကို ဆိုလိုခြင်းဖြစ်ပါသည်။

စာပေများတွင်တွေ့ ရှိရသည့်လူထုအခြေပြုခရီးသွားလုပ်ငန်းနှင့်ပတ်သက်သည့် အခြေခံမူဝါဒအများစုမှာ အာဆီယံအဖွဲ့ ဝင်နိုင်ငံများမှ သဘောတူလက်ခံထားသည့် အခြေခံမူများနှင့် တူညီမှုရှိသည်ကို တွေ့ ရှိရပြီး ၎င်းတို့ မှာအောက်ပါအတိုင်းဖြစ်ပါသည်။

၁။ ဒေသခံများအား ပိုင်ဆိုင်မှုနှင့် ပွင့်လင်းမြင်သာစွာစီမံအုပ်ချုပ်မှုကို သေချာစေရန် အခွင့်အာဏာအပ်နှင်းကာ ပါဝင်စေခြင်း။

၂။ ပါဝင်ပတ်သက်သင့်သူများနှင့် ပူးပေါင်းလုပ်ကိုင်မှုကို တည်ဆောက်ခြင်း။

၃။ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်တည်ချက် သဘောထားများကို သိရှိသဘောတူခြင်း။

၎။ လူမှုဘဝ သာယာဝပြောမှုကို တိုးတက်စေခြင်းနှင့် ဒေသခံများ၏ ဂုဏ်သိက္ခာအဆင့်အတန်းကို ထိန်းသိမ်းစေခြင်း။

၅။ မျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် အကျိုးအမြတ်ခွဲဝေမှုစနစ် ထားရှိခြင်း။

၆။ ကျေးလက်စီးပွားရေးအခြေအနေနှင့် ဒေသတွင်းစီးပွားရေး ချိတ်ဆက်စပ်မှုများကို အားပေးခြင်း။

၇။ ယဉ်ကျေးမှုဓလေ့ထုံးတမ်းများအား အလေးထာခြင်း။

၈။ သဘာဝသယံဇာတ ထိန်းသိမ်းရေးလုပ်ငန်းများအား အထောက်အကူပြုခြင်း။

၉။ ကောင်းမွန်သည့် အိမ်ရှင်အိမ်ငှား အပြန်အလှန်ဆက်ဆံရေး တည်ဆောက်ခြင်းဖြင့် ပိုမိုပြည့်စုံသည့် ခရီးသွားခြင်း အတွေ့ အကြုံရရှိစေခြင်း။

၁၀။ ကုံလုံသည့်ငွေကြေးပမာဏရှိစေရန် အထာက်အပံ့ ပြုခြင်း။

ခရီးသွားလုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်သည့် အစိုးရ၏မူဘောင်များ
ခရီးသွားလုပ်ငန်းကဏ္ဍကို နိုင်ငံ၏စီးပွားရေးဖွံ့ ဖြိုးတိုးတက်မှုအတွက် ဦးစားပေးကဏ္ဍအဖြစ် သတ်မှတ်ခဲ့သည့် အားလျော်စွာ ခရီးသွားလုပ်ငန်းကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေးအတွက် မူဝါဒများစွာ ချမှတ်ခဲ့ ပါသည်။ တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒကို ၂၀၁၂ ခုနှစ်တွင် လည်းကောင်း၊ ခရီးသွားကဏ္ဍတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရေး မူဝါဒကို ၂၀၁၃ ခုနှစ်တွင်လည်းကောင်း၊ ပြဌာန်းနိုင်ခဲ့ သည့်အပြင်၊ ဟော်တယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့ခရီးသွားကဏ္ဍ ပင်မလုပ်ငန်းစီမံကိန်း (၂၀၁၃မှ၂၀၂၀) ကိုလည်း ကမ္ဘ္ဘ္ဘာလုံးဆိုင်ရာ ခရီးသွားကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ ဖြိုးတိုးတက်ရေးကောင်စီ၏ သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ပြုစုရေးဆွဲနိုင်ခဲ့ပါသည်။

၂၀၁၂ခုနှစ်တွင်ချမှတ်ခဲ့ သည့် “တာဝန်သိခရီးသွားလုပ်ငန်းမူဝါဒ” အရ ခရီးသွားကဏ္ဍဖွံ့ ဖြိုးရေးအတွက် ပြည်သူများ၏ ပူးပေါင်းပါဝင်နိုင်ခွင့်ကို အားပေးထားပြီး ခရီးသွားလုပ်ငန်း၏ ပတ်ဝန်းကျင်၊ ယဉ်ကျေးမှု၊ ရပ်ရွာစီးပွားရေးများအပေါ် သက်ရောက်မှုများနှင့် ပတ်သက်၍ ဒေသခံများ ပိုမိုသိရှိ နားလည်သဘောပေါက်စေရန် အားပေးမှုများကို တွေ့ ရှိရသည်။ ထို့ ပြင် ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးတွင် အမျိုးသမီးများ၏ အရေးပါမှုကို ထည့်သွင်း စဉ်းစားထားသည့်အပြင် အရပ်ဖက်အဖွဲ့ စည်းများအား ခရီးသွားလုပ်ငန်း ဖွံ့ ဖြိုးတိုးတက်ရေးနှင့် အကောင်အထည်ဖော်ခြင်းဆိုင်ရာ စီမံကိန်းများ ဖော်ဆောင်ရာတွင် အကူအညီပေးရေးများကိုလည်း ထည့်သွင်းဖော်ပြထားသည်ကိုတွေ့ ရှိရပါသည်။

“ခရီးသွားကဏ္ဍတွင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ရေးမူဝါဒ” အရ ခရီးသွားလုပ်ငန်းဖွံ့ ဖြိုး တိုးတက်ရေးဆောင်ရွက်ရာတွင် ဒေသခံများ၏ သင့်တင့်သောပူးပေါင်းပါဝင်မှုကို ရှိစေရန်နည်းလမ်းများကို ဖော်ပြထားသည်။ ဆိုလိုသည်မှာ-

“ဒေသခံများ၏အသက်မွေးကျောင်းလုပ်ငန်းများကို တိုက်ရိုက်အကျိုးသက်ရောက်နိုင်သည့် ခရီးသွားလုပ်ငန်းဆိုင်ရာ အစီအစဉ်များရေးဆွဲခြင်း၊ စီမံခန့် ခွဲခြင်းများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များချမှတ်ရာတွင် ဒေသခံများနှင့်ဆွေးနွေးခြင်း၊ ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပါဝင်ခွင့်ပြုခြင်းတို့ ကို မဖြစ်မနေ ပြုလုပ်ရန် ဆိုလိုခြင်းဖြစ်သည်။ သို့ သော် အပြီးသတ်ဆုံးဖြတ်ချက်များကို သီးခြား ချမှတ်နိုင်ရန် မဟုတ်ပဲ ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အုပ်ချုပ်ရေးတာဝန်ရှိသူများနှင့် ညှိနှိုင်းချမှတ်ရမည်ဟု ဆိုလိုခြင်းဖြစ်သည်။

ထို့ ပြင် ၎င်းမူဝါဒအရ ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်သည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန်အတွက် သော်လည်းကောင်း၊ ပုဂ္ဂလိက (သို့ ) အများပိုင်လုပ်ငန်းရှင်များနှင့် အစုစပ်လုပ်ငန်းများ လုပ်ကိုင်ရာတွင် ရင်းနှီးမြုပ်နှံ ပါဝင်နိုင်ရန် အတွက်လည်းကောင်း တိုက်တွန်းအားပေးမှုများ ပြုလုပ်ထားသည်ကို တွေ့ ရှိရပါသည် … တဲ့။

မြန်မာပြည်မှာ ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းကို အာဏာပိုင်အဖွဲ့အစည်းနဲ့ပေါင်းပြီး ဒေသခံမဟုတ်တဲ့သူတွေ ဝင်ရောက်လွှမ်းမိုးလာတဲ့သတင်းတွေ ခပ်စိပ်စိပ်တွေ့လာနေရပါတယ်။ ဒါဟာ ပဋိပက္ခအသစ်ကို ဖိတ်ခေါ်တာပါဘဲလေ။
မောင်လူရေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး, မောင်လူရေး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)