မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၀) – ဘာသာစကားအစ

January 12, 2019

 

မာန်သီဟထွန်း – ဆေပီယန်စ်၊ အပိုင်း (၁၀) –  ဘာသာစကားအစ

– A Brief History of Humankind by Yuval Noah Harari

(မိုးမခ) ဇန်န၀ါရီ ၁၂၊ ၂၀၁၉

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဆေပီယန်စ် (၁၀)

အများက သဘောတူကြတဲ့ အဖြေကတော့ ကျွန်တော်တို့ရဲ့ဘာသာစကားဟာ လိုသလိုပြုပြင်လို့ရပြီး အံ့သြစရာကောင်းတဲ့ ပျော့ပျောင်းမှုရှိတာပါ။ အရေအတွက် အကန့်အသတ်ရှိတဲ့ အသံတွေ၊ သင်္ကေတတွေကို ဆက်စပ်အသုံးပြုပြီး အကန့်အသတ်မရှိ ဝါကျပေါင်းများစွာကို ကျွန်ုပ်တို့ ရေးသားနိုင်တယ်။ ဝါကျတစ်ခုချင်းစီကလည်း သူ့အထိုက်အလျောက် သူအဓိပ္ပါယ်ရှိတယ်။ အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ပတ်ဝန်းကျင် သဘာဝလောကကြီးအကြောင်းနဲ့ပတ်သက်ပြီး အံ့မခန်းများပြားလှတဲ့ အချက်အလက်တွေကို ကျွန်တော်တို့ လေ့လာမှတ်သား၊ သိုလှောင်ပြီး အချင်းပြောဆို ဆက်သွယ်နိုင်ကြတာပါ။

မျောက်စိမ်းတစ်ကောင်က သူ့အဖော်တွေကို “သတိထား.. ခြင်္သေ့တစ်ကောင် လာနေတယ်” လို့တော့ အော်ပြောနိုင်တယ်။ ဒါပေမယ့် ဒီနေ့ခေတ်လူသားတစ်ယောက်က သူ့အဖော်တွေကို ဒီနေ့မနက် မြစ်ကွေ့နားမှာ ခြင်္သေ့တစ်ကောင်က အမေရိကန်ပြောင်တစ်အုပ်ကို ချောင်းနေတာ သူမြင်ခဲ့တဲ့ကြောင်း ပြောပြနိုင်တယ်။ ဒီ့အပြင် အဲဒီနေရာအတိအကျနှင့်တကွ အဲဒီနေရာကိုသွားနိုင်တဲ့ လမ်းကြောင်းအမျိုးမျိုးကိုပါ ဆက်ပြောပြနိုင်တယ်။ အဲဒီသတင်းအချက်အလက်တွေပေါ်မှာ မူတည်ပြီး သူတို့လူအုပ်သည် မြစ်ကိုသွား၊ ခြင်္သေ့ကိုမောင်းထုတ်ပြီး ပြောင်အုပ်ကို အမဲလိုက်ရန် သင့်မသင့်ကို ခေါင်းချင်းဆိုင်ဆွေးနွေးနိုင်ကြပါတယ်။

ဒုတိယ သီအိုရီအရ.. ကျွန်တော်တို့ရဲ့ ဒီထူးခြားတဲ့ ဘာသာစကားဟာ ကမ္ဘာလောကကြီးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အချင်းချင်းဝေမျှရင်းနဲ့ ဆင့်ကဲပြောင်းလဲတိုးတက်လာတာပါ လို့ ဆိုပါတယ်။

ဒါပေမယ့် လူသားအချင်းချင်းကြားမှာ အသိပေးဝေမျှဖို့လိုအပ်တဲ့ အရေးကြီးဆုံး သတင်းအချက်အလက်ဟာ လူသားတွေနှင့်ပတ်သက်တဲ့ အကြောင်းအရာပဲဖြစ်တယ်။ ခြင်္သေ့တွေ၊ အမေရိကန်ပြောင်တွေရဲ့အကြောင်း မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ ဘာသာစကားဟာ အချင်းချင်းအကြား အတင်းပြောကြခြင်းပုံစံမျိုးနဲ့ ဆင့်ကဲပြောင်းလဲလာခဲ့တယ်။ ဒီသီအိုရီအရ ဟိုမို ဆေပီယန်စ်တွေဟာ ပင်ကိုအားဖြင့်ပင် လူမှုရေးသတ္တဝါတွေဖြစ်ကြပါတယ်။ လူမှုရေးအရ အတူစုပေါင်းလုပ်ဆောင်ကြတာတွေဟာ အသက်ရှင်ကျန်ဖို့ နှင့် မျိုးပွားဖို့အတွက် သော့ချက်တွေဖြစ်တယ်။ အမျိုးသား၊ အမျိုးသမီးတစ်ဦးချင်းစီက ခြင်္သေ့များနှင့်အမေရိကန်ပြောင်တွေရဲ့ တည်နေရာကို သိတာနဲ့ မလုံလောက်ပါဘူး။ သူတို့အုပ်စုထဲမှာ ဘယ်သူက ဘယ်သူ့ကိုမုန်းတယ်။ ဘယ်သူနဲ့ဘယ်သူ အတူအိပ်ကြတယ်။ ဘယ်သူက ရိုးသားပြီး ဘယ်သူက လိမ်တတ်သူ ဖြစ်တယ်စတာတွေကို သူတို့သိထားဖို့က အများကြီး ပိုအရေးကြီးပါတယ်။


ပုံ. ၄ ဂျာမနီနိုင်ငံ စတေတယ်ဂူတွင်ရှိသော လွန်ခဲ့သော နှစ်ပေါင်း ၃၂,၀၀၀ခန့်က ခြင်္သေ့လူသား (သို့မဟုတ် ခြင်္သေ့အမျိုးသမီး) ဆင်စွယ်ရုပ်တု။ ကိုယ်ထည်ပိုင်းသည် လူနဲ့တူသော်လည်း ခေါင်းပိုင်းသည် ခြင်္သေ့နဲ့တူသည်။ ဤအရာသည် ပထမဆုံးသော လူသားတို့၏ အနုပညာလက်ရာ ဥပမာတစ်ခုအဖြစ် လုံးဝလက်ခံရမည့် အရာတစ်ခုဖြစ်သည်။ ဤရုပ်တုသည် ဘာသာတရားနှင့်ဆက်နွယ်နေသောအရာ ဖြစ်နိုင်သော်လည်း ပြင်ပတွင် တကယ်မရှိသောအရာကို စိတ်ကူးယဉ်ပုံဖော်နိုင်သည့် လူသားတို့၏ စိတ်အစွမ်းကို ဖော်ပြနေပေသည်။

အဖွဲ့ဝင်ဦးရေ ၆၀၊ ၇၀ ရှိတဲ့လူအုပ်စုတစ်ခုမှာ သူတို့အချင်းချင်းကြားက ပြောဆိုရင်းနှီးမှုတွေဟာ အမြဲတမ်းပြောင်းလဲနေတတ်ပါတယ်။ အဲဒီပြောဆိုရင်းနှီးမှု သတင်းအချက်အလက်တွေအားလုံးကို လူတစ်ယောက်တည်းက အမြဲသိနေ၊ မှတ်မိနေဖို့ဆိုတာ နည်းနည်းနောနော ပမာဏ မဟုတ်ပါဘူး။ (အယောက် ၅၀ ရှိသောလူအုပ်စုတစ်ခုမှာ.. တစ်ဦးချင်း ပြောဆိုရင်းနှီးမှုပေါင်း ၁၂၂၅ ခုရှိပြီး မရေတွက်နိုင်လောက်အောင် များပြားပြီး နက်နဲတဲ့ လူမှုဆက်ဆံရေးအရောအနှော တွေလည်း ရှိပါသေးတယ်)။

လူဝံတွေဟာ အခုလိုမျိုး တစ်ဦးနဲ့တစ်ဦးကြားက လူမှုရေးသတင်းအချက်အလက်တွေကို စိတ်ဝင်စားမှု ထက်သန်ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့အချင်းချင်းအကြား ဖြစ်ဖြစ်မြောက်မြောက် အတင်းအဖျင်း မပြောဆိုနိုင်ကြဘူး။ နီယန်ဒါသာလ်တွေနဲ့ အစောပိုင်း ဟိုမိုဆေပီယန်စ်တွေလည်း တစ်ဦးနှင့်တစ်ဦးကွယ်ရာတွင် အတင်းပြောဖို့ အခက်အခဲ တွေ့ခဲ့ကြမှာပါ။ အတင်းပြောတယ်ဆိုတာ လူအများ အပုတ်ချတဲ့အရာဖြစ်ပေမယ့် ကျွန်တော်တို့လူသားတွေ အရေအတွက်များများနဲ့ စုပေါင်းလုပ်ဆောင်ကြတဲ့နေရာမှာ တကယ်အရေးပါတဲ့အရာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ခုနစ်သောင်းကျော်က ခေတ်သစ် ဆေပီယန်စ်တွေ ရရှိခဲ့တဲ့ ဒီ ဘာသာစကားစွမ်းရည် အသစ်ကြောင့် သူတို့ဟာ နာရီပေါင်းများစွာ အတင်းပြောနိုင်ခဲ့ကြတယ်။ ဘယ်သူကတော့ ယုံကြည်စိတ်ချရတယ် ဆိုတဲ့ ခိုင်မာတဲ့သတင်းအချက်အလက်မျိုးကြောင့် အုပ်စုသေးသေးလေးကနေ ပိုမိုကြီးမားတဲ့အုပ်စု ဖြစ်လာနိုင်ခဲ့တယ်။ ဒီလိုနဲ့ပဲ ဆေပီယန်စ်တို့ဟာ ပိုစုစည်းလာပြီး ပိုရှုပ်ထွေးနက်နဲတဲ့ စုပေါင်းခြင်းတွေ လုပ်ဆောင်လာနိုင်တဲ့အထိ တိုးတက်လာခဲ့ပါတယ်။


အတင်းပြောကြတယ်ဆိုတဲ့ သီအိုရီဟာ လူရယ်စရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့်လည်း လေ့လာချက်တော်တော်များများက အဲဒါကို ထောက်ခံကြပါတယ်။ ဒီနေ့ခေတ် လူသားတွေရဲ့ အလွန်ကျယ်ပြန့်တဲ့ဆက်ဆံရေးဟာ.. အီးမေးလ်ပုံစံ၊ ဖုန်းပြောတဲ့ပုံစံ၊ သတင်းစာ ခေါင်းကြီး ပုံစံ ဖြစ်နေပေမယ့်.. အဲဒါတွေအားလုံးဟာ အတင်းအဖျင်းတွေပါ။

အတင်းပြောဖို့ဆို ကျွန်တော်တို့အားလုံးက ကိုယ့်သဘာဝတစ်ခုအဖြစ် အလွယ်တကူလုပ်ကြတယ်။ ကျွန်တော်တို့ရဲ့ ဘာသာစကားဟာလည်း အဲဒီအတင်းပြောဖို့အအတွက်ပဲ ဆင့်ကဲပြောင်းလဲလာခဲ့တာနဲ့ တူပါတယ်။

သမိုင်းပါမောက္ခတွေ နေ့လယ်ထမင်းစားချိန်ဆုံကြရင် ပထမကမ္ဘာစစ်ဖြစ်ရခြင်း အကြောင်းအရင်းကို ပြောကြတယ် ထင်ပါသလား သို့မဟုတ် သိပ္ပံညီလာခံတစ်ခုက ကော်ဖီသောက်နားချိန်မှာ နယူးကလီးယား ရူပဗေဒပညာရှင်တွေဟာ quarks အဏုမြူအမှုန်အကြောင်း ပြောကြတယ် ထင်ပါသလား။ တစ်ခါတစ်လေတော့ ပြောကြမှာပါ။ ဒါပေမယ့် အများအားဖြင့် သူတို့ဆုံကြတဲ့အခါ ဘယ်ပါမောက္ခကတော့ သူ့ယောကျာ်းဖောက်ပြန်နေတာကို မိသွားတဲ့အကြောင်း၊ တက္ကသိုလ်ဌာနခွဲမှုး နဲ့ မဟာဌာနမှုးတို့ စကားများရန်ဖြစ် ကြတဲ့အကြောင်း၊ ဘယ်လုပ်ဖော်ကိုင်ဖက်တစ်ယောက်ကတော့ သုတေသနထောက်ပံ့ကြေးကို Lexus ကားဝယ်ဖို့သုံးလိုက်တာ စတဲ့ ကောလာဟလ တွေကိုသာ အချင်းချင်းကြား အတင်းပြောကြတာပါ။ အတင်းအဖျင်းဆိုတာ အပြစ်အနာအဆာကိုပဲ အာရုံစိုက်ပြောတယ်။ အတင်းအဖျင်း ဖြန့်ဝေသူတွေဟာ ကနဦးစတုတ္ထမဏ္ဍိုင် လူသားတွေပါ။ အဲဒီကနေတဆင့် လိမ်ညာတတ်တဲ့ကပ်ပါးရပ်ပါးများရန်တွေကနေ ကာကွယ်ပေးပြီး လူ့အသိုင်းအဝိုင်းကို အသိပေးတဲ့ ဂျာနယ်လစ်တွေ ဖြစ်လာကြတာပါ။

ဖြစ်နိုင်ချေအများဆုံးကတော့ အတင်းပြောခြင်း သီအိုရီ နှင့် မြစ်နားမှာ ခြင်္သေ့တစ်ကောင် ရှိနေတယ်ဆိုတဲ့ (အံ့သြစရာကောင်းအောင်ပျော့ပျောင်းတဲ့ ကျွန်တော်တို့ရဲ့ဘာသာစကား) သီအိုရီ နှစ်ခုလုံးဟာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဘာသာစကားရဲ့ အမှန်တကယ် ထူးခြားကွဲပြားတဲ့ ဝိသေသလက္ခဏာဟာ လူတွေ၊ ခြင်္သေ့တွေရဲ့ သတင်းအကြောင်းအရာတွေကို အချင်းချင်း မျှဝေပြောဆိုနိုင်တာ မဟုတ်ပါဘူး။

အမှန်မှာတော့ အပြင်မှာတကယ်မရှိတဲ့ အကြောင်းအရာတွေကို အချင်းချင်းဖြန့်ဝေပြောဆိုနိုင်ကြတာပါ။ ကျွန်တော်တို့ လေ့လာထားရသလောက်ဆိုရင် ကိုယ်တိုင် မမြင်ဘူး၊ မကိုင်ဘူး၊ အနံ့ပင်မခံဘူးတဲ့ အရာဝတ္ထုတွေကို ဖော်ပြပြောဆိုနိုင်တာဆိုလို့ ဆေပီယန်စ်တွေသာ ရှိပါတယ်။

ရှေးစိတ်ကူးယဉ်ပုံပြင်တွေ၊ ဒဏ္ဍာရီတွေ၊ နတ်ဘုရားတွေ နှင့် ကိုးကွယ်တဲ့ဘာသာတေဟာ စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီးနဲ့အတူ ကမ္ဘာပေါ်မှာ ပထမဆုံးအကြိမ် ပေါ်ထွက်လာခဲ့ကြတယ်။

အခြားလူသတ္တဝါမျိုးစိတ်များတွေလိုပဲ တိရိစ္ဆာန်တွေလည်း ရှေးအရင်က “သတိထား၊ ခြင်္သေ့တစ်ကောင် လာနေတယ်” လို့ ပြောဆို နိုင်ခဲ့မှာပါ။ စဉ်းစားသိမြင်ခြင်းပြောင်းလဲမှုကြီးရဲ့ ကျေးဇူးကြောင့် “ခြင်္သေ့သည် ကျွန်ုပ်တို့ မျိုးနွယ်စုကိုစောင့်ရှောက်သည့် ဝိဉာဉ်ဖြစ်သည်” လို့ ပြောဆိုနိုင်စွမ်းကို ဟိုမိုဆေပီယန်စ်တွေသာ ရရှိခဲ့ပါတယ်။ စိတ်ကူးယဉ်ဖန်တီးထားသော အရာတွေကို ပြောဆိုနိုင်စွမ်းဟာ ဆေပီယန်စ်တို့ရဲ့ ဘာသာစကားမှာ အထူးခြားဆုံးသော ဝိသေသလက္ခဏာ တစ်ရပ်ဖြစ်ပါတယ်။

ဘာသာပြန် – မာန်သီဟထွန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)