ကျော်မောင် (တိုင်းတာရေး) ● မှန်စက္ကူ

February 3, 2019

● မှန်စက္ကူ
(မိုးမခ) ဖေဖော်ဝါရီ ၃၊ ၂ဝ၁၉

ဝန်ထမ်းအိမ်ယာတိုက်တန်းလျားတွေမှာနေထိုင်ရင်း သန်းခေါင်စာရင်းတွင် တယောက်တိုးလာသဖြင့် မိသားစုဦးရေက ငါး ယောက်ဖြစ်သွားသည်။ အိမ်ကနေ ခပ်မှန်မှန်လေးလမ်းလျှောက်လျှင် သူအလုပ်လုပ်သည့် စက်ရုံကို မိနစ်နှစ်ဆယ်လောက် အတွင်းမှာ ရောက်နိုင်သည့်အတွက် ဒီတိုက်ခန်းမှာ နေရတာအဆင်ပြေပါသည်ဟု ဆိုရမည်။ ဝန်ထမ်းအိမ်ယာကိုပြောင်း လာခါစက အလုပ်ကပေးသော မောင်ဗမာတံဆိပ် စက်ဘီးလေးစီးပြီး ရုံးတက်ဖြစ်သည်။ မိုးတွင်းမှာ မိုးကာဝတ် ရုံဖားဖား ကြီးဝတ်ပြီး စက်ဘီးနင်းရသည်ကိုးကျပ်သည့်အတွက် လမ်းလျှောက်ခြင်းသည်သာ ကျန်းမာရေးအတွက် သင့်တော်ပါ တယ်လေဟု သဘောထားပြီး အငယ်တန်းအင်ဂျင်နီယာတယောက်အား ပေးလိုက်သည်။ ကိုယ့်ထက်ပိုဝေးတဲ့ နေရာမှနေပြီး ရုံးတက်ရုံးဆင်းလုပ်နေရသည့် ထိုအင်ဂျင်နီယာအတွက် ခြေကျင်မလျှောက်ရဘဲ စက်ဘီးတစီးဖြင့် အဆင်ပြေသွားပုံရသည်။ မိုးသည်းသည့်အချိန်မျိုးတွင် သတိထားပြီး စက်ဘီးနင်းဖို့ပါ တပါတည်း မှာထားရသည်။

သားနှစ်ယောက်ကို နှစ်နှစ်လောက်ခြားပြီး မွေးလိုက်နိုင်သည့်အတွက် ညီအစ်ကိုနှစ်ယောက်က နှစ်နှစ်ကြီး နှစ်နှစ်ငယ်ဟု ပြောလို့ရသည်။ ကျောင်းတက်သည့်အရွယ်တွင် စာသင်နှစ်တနှစ်သာခြားပြီး တက်ကြရသည့်အတွက် အကြီး၏အသုံး အဆောင်များကို အငယ်က နောက်တနှစ်တွင် ဆက်သုံးနိုင်သည်။ သားနှစ်ယောက်ရပြီးသားဖြစ်သည့် သူတို့မိသားစုတွင် အိမ်ရှင်မက ကိုယ်ဝန်ထပ်ဆောင်သည့်အခါ ဒီတခါတော့ မိန်းကလေးမွေးပါစေဟု သူတို့နှစ်ဦးသား ဆုတောင်းကြသည်။ တိုက်ဆိုင်မှုဟု ယခုအခါ သဘောပေါက်ခဲ့သည်မှာ ဆုတောင်းသည့်အတိုင်း မိန်းကလေးမွေးလာခြင်းဖြစ်သည်။ လိုချင်တာ ရသည့်အတွက် သူတို့ပျော်ကြရသည်။ ထိုသို့ဖြင့် သန်းခေါင်စာရင်းတွင် အိမ်သားသစ်တယောက်တိုးလာသည်ဟု ဆိုခဲ့ရခြင်း ဖြစ်သည်။

အကြီးနှစ်ယောက်က ဒီနှစ်တွင် ခြောက်တန်းနှင့် ငါးတန်းသို့ အသီးသီးတက်ရောက်နေပြီဖြစ်သည်။ အိမ်လာလည်သည့် ဆွေမျိုးများ၊ ဧည့်သည်များက ဘယ်နှစ်တန်းရောက်နေပြီလဲဟု အငယ်ကိုမေးတိုင်း ငါးတန်းဟု သားငယ်က မဖြေ၊ ပဉ္စမတန်း တက်နေပြီဟုသာ ဖြေလေ့ရှိသည်။ ငါးတန်းရောက်နေပြီဟုဖြေမိလျှင် ဟင်းရွက်တန်းတို့ ကုန်စိမ်းတန်းတို့ ကုန်ခြောက်တန်း တို့ကိုရော မရောက်ဘူးလားဟု သူတို့ကျောင်းတွင် နောက်ကြကြောင်း၊ ပဉ္စမတန်းဟု ပီပီသသဖြေကြဖို့ ဆရာမက မှာထား ကြောင်း သူပြန်ပြောသည့်အခါ သဘောကျပြီး ရယ်မောကြရသည်မှာ မကြာခဏပင်။ သူက စကားပြောလျှင် အချက်ကျကျ ပြောတတ်သဖြင့် ကြီးလာလျှင် ရှေ့နေဖြစ်မည့်သူဟု အိမ်လာလည်သည့်ဧည့်သည်များက ရှေ့ဖြစ်ဟောသွားခြင်း ခံရသူဖြစ် သည်။

ခါတိုင်းသီတင်းကျွတ်ကျောင်းပိတ်ရက်များဆိုလျှင် သူတို့နှစ်ယောက်ကို အဖိုးအဖွားများရှိရာ မြစ်ဝကျွန်းပေါ်မြို့လေးသို့ သူတို့ဦးလေးများက လိုက်ပို့လေ့ရှိသည်။ သူနှင့် သူ့ဇနီးသည်က ရုံးပိတ်ရက်ရောက်မှ သမီးလေးကိုခေါ်သွားပြီး မိဘများဆီ သွားရောက်ကန်တော့ကြသည်။  ဒီနှစ်တော့ သားနှစ်ယောက်ကို ရန်ကုန်မှာသာ နေစေသည်။ နယ်သီတင်းကျွတ်မီးထွန်းပွဲ တော်များ၏ ပျော်ရွှင်စရာကောင်းပုံကို သူတို့ပြောပြကြသဖြင့် ရန်ကုန်သီတင်းကျွတ်မှာလည်း သူတို့အတွက် အမှတ်တရဖြစ်စေမည့်အစီအစဉ်တခုခုလုပ်ဖြစ်ဖို့ ကြံမိသည်။

“သားတို့ လာဦးကွ။ မင်းတို့ အားလား”

“ကျောင်းပိတ်ထားတယ်လေ အဖေ၊ ကျောင်းသွားဖို့ မလိုတော့ အားပါတယ်”

“ကျောင်းပိတ်ထားတာ အဖေသိပါတယ်။ အားလားဆိုတာ မင်းတို့က ကျောင်းပိတ်ရက်မှာ ဝတ္ထုတွေငှားဖတ်နေရင် ခိုင်းလို့မရတဲ့ စာကြီးပေကြီးပုဂ္ဂိုလ်တွေ”

အမှန်က ဒီလိုမျိုး အပြင်စာတွေ များများဖတ်အောင် သူပဲ သူ့သားတွေကို ပျိုးထောင်ပေးခဲ့ခြင်း ဖြစ်သည်။

“စာတွေလည်းဖတ် တကယ့်လောကထဲမှာလည်း နေကြ။ စာဖတ်နေတယ်ဆိုရင်လည်း ခဏချထားပြီး ဒါလေးတွေ လိုက် ဝေလိုက်စမ်းပါ။ ဆယ့်ငါးခန်းလုံးကို ဝေနော်”

အဖေပေးတာကို ကြည့်လိုက်တော့ ရောင်စုံမီးပုံးတွေမှာ သုံးလေ့ရှိသော မှန်စက္ကူတွေ ဖြစ်နေသည်။ အရောင်က အဝါ၊ အပြာ၊ အစိမ်း၊ အနီတို့ဖြစ်သည်။ မှန်စက္ကူချပ်လေးတွေကို လေးထောင့်ကျကျညှပ်ထားသည်။ ရှစ်လက်မပတ်လည်လောက် ရှိမည်ဟု မှန်းကြည့်မိသည်။ နှစ်တိုင်း အဖိုးအဖွားတွေဆီ သွားလည်ဖြစ်နေကြ ဒီလိုကာလမှာ မလည်ဖြစ်တဲ့အတူတူ ကျောင်းပိတ်ရက်အတွင်း သူတို့ညီအစ်ကိုနှစ်ယောက်အတွက် လုပ်စရာက တခြားမဟုတ်။ စာအုပ်အငှားဆိုင်သို့ ညတိုင်း သွားပြီး စာအုပ်ငှားကာ အိမ်မှာ ဇိမ်ကျကျဖြင့် သဲသဲမဲမဲဖတ်ကြခြင်း ဖြစ်သည်။ ထမင်းစားပြီးခါစအချိန်သည် စာအုပ်ဖတ်၍အကောင်းဆုံးအချိန်ဖြစ်သည်။ ထိုအချိန်ကို သူတို့က ထမင်းလုံးစီနေသည့်အချိန်ဟု လူကြီးတွေပြောသလိုပင် လိုက်ပြောကြ သည်။ ယခုလည်း ထမင်းလုံးစီချိန်ဖြစ်သောကြောင့် အဖေ မခိုင်းခင်ကလေးတွင် ဒီည ပြန်အပ်ရမည့်ဝတ္ထုတအုပ်ကို ဆက် ကိုင်ဖို့ ကြံနေတုန်းရှိနေသည့် အချိန်ဖြစ်သည်။ အဖေခိုင်းတာလုပ်ပြီးမှ ဖတ်ဖြစ်တော့မယ်ဟု ဝတ္ထုစာအုပ်ကို ကြည့်ကာ စိတ်ထဲကနေ တောင်းပန်မိသည်။

“အေး ဒီမှန်စက္ကူတွေကို အရောင်မတူတဲ့ နှစ်ခုဆီ တတွဲတွဲပြီး အိမ်ပေါက်စေ့ လိုက်ဝေလိုက်”

“ဒါတွေ ဝေတာ ဘာလုပ်ဖို့လဲလို့ မေးရင်ကော အဖေ”ဟု သူက စောဒကတက်လိုက်သည်။

“မမေးရင်တောင် ပေးကတည်းက ပြောပြီးပေးရမှာ။ ဒီလိုပြော၊ ဒီနေ့ညနဲ့ မနက်ဖြန်လပြည့်နေ့ညအတွက်လို့။  အိမ်ရှေ့လ သာခန်းမှာ မီးလုံးထွန်းတဲ့အခါ ဒါလေးတွေနဲ့ အုပ်ပြီး ထွန်းဖို့ပဲ။ နှစ်ခုပေးလိုက်တာက ကြိုက်တာထွန်းလို့ရအောင်။ လူမရှိတဲ့ အိမ်ဆိုရင် နောက်တခါသွားပြီး ထပ်ပေး။ ကဲ မင်းတို့ညီအစ်ကိုနှစ်ယောက် လိုက်ဝေကြတော့။ ညကျရင် ရာမယဏဇာတ်ကို ရုပ်မြင်သံကြားကနေ ပြလိမ့်မယ်။ ခေါင်းရင်းအိမ်ကို ရှစ်နာရီမထိုးခင်လောက် သွားကြတာပေါ့။ သတင်းလေး ဘာလေး ကြည့်ရအောင်”

မှန်စက္ကူချပ်လေးတွေကို တွန့်ကြေသွားခြင်းမရှိအောင် ခပ်ဖွဖွကိုင်းရင်း သူတို့နှစ်ယောက် အဖေခိုင်းသည့်အလုပ်ကို ပြီး မြောက်စေရန် အပေါ်တက် အောက်ဆင်းဖြင့် တိုက်ခန်းတံခါးများကို ခေါက်ကြလေသည်။ ဝန်ထမ်းအိမ်ယာတိုက်ခန်းများဖြစ်သဖြင့် ယခုလို စနေနေ့မျိုးတွင် လူရှိကြတာများသည်။ အရောင်မတူ မှန်စက္ကူချပ်နှစ်ချပ်ကိုပေးရင်း ဘာအတွက်ကြောင့် ဝေငှရသလဲဆိုသည်ကိုပါ ပြောရသည်။ “ကျေးဇူးတင်ပါတယ်” ဟူသော တုံ့ပြန်ပြောစကားများ၊ ခင်မင်ရင်းနှီးစွာပြုံးပြကြသော လှိုက်လှဲမှုများ၊ မသိမသာဆိုရုံလေး ညှိုးငယ်သွားသောမျက်နှာများ၊ အနည်းငယ်အံ့သြသည့် အမူအရာများကို သူတို့ကြားခဲ့ တွေ့ခဲ့ရသည်။ ညှိုးငယ်သွားသောမျက်နှာများကို တွေ့ရသည့်အခါ ဘယ်အကြောင်းကြောင့်ဆိုသည်ကို သူတို့ မစဉ်းစား တတ်ခဲ့။ အနည်းငယ်အံ့အားသင့်သည့် အမူအရာမှာလည်း ဘယ်အကြောင်းကြောင့်ဆိုသည်ကို သူတို့ သဘောမပေါက်ခဲ့။

တိုက်ခန်းတခန်းရှိ လူကြီးတစ်ယောက်က မေးသောအခါ သူတို့မှာ ဖြေဖို့စကားမရှိဖြစ်ရသည်။

“ဟေ့ မင်းတို့အဖေက မီးလုံးထွန်းဖို့ ဒီမှန်စက္ကူပဲပေးသလားကွ၊ မီးလုံးပါပေးရင် ပိုမကောင်းဘူးလား” ဟု နောက်ပြောင်သလို မေးလေသည်။ “အဖေက မှန်စက္ကူပဲပေးခိုင်းလိုက်တယ်ခင်ဗျ” ဟု မရဲတရဲဖြေသော် “ဒါဆိုလည်း ညမမှောင်ခင် မီးလုံးသွား ဝယ်ရမှာပေါ့ကွာ”ဟု စဉ်းစဉ်းစားစားပြောလေသည်။

ထိုသို့ဖြင့် အိမ်ပြန်ရောက်ပြီး အားလုံးဝေငှလိုက်နိုင်ကြောင်း  အဖေ့ကို အသိပေးကာ ညမမှောင်ခင် ရှိသမျှအလင်းရောင်လေးဖြင့် ဝတ္ထုစာအုပ်ကို တထိုင်တည်း ဖတ်နေလေတော့သည်။

နေလုံးကြီးမဝင်ခင် အဖေ့မှာ လသာခန်းတွင် အလုပ်များနေရှာသည်။ တခြားတိုက်ခန်းများကို ဝေခိုင်းသော မှန်စက္ကူနှစ်ချပ် အနက် ဘယ်အချပ်ကို စသုံးရမည်ကို အဖေတွေးနေပုံပေါ်သည်။ သိပ်မကြာလိုက်ဘဲ ဆုံးဖြတ်ပြီး ဖြစ်ဟန်တူသော တချပ်ကို ရွေးကာ မီးလုံးတွင် အုပ်လိုက်သည်။ မီးဖိုချောင်ထဲရှိ ခွေးခြေထိုင်ခုံရှည်ကို လျင်မြန်စွာသွားယူပြီး ပေးသည့်အခါ အဖေက ငါ့သားလေးက ကူညီဖော်ရသားပဲဟု ပြောသည်။ သူသဘောခွေ့သွားသည်။ အဖေက ခွေးခြေထိုင်ခုံရှည်ပေါ် မတ်တပ်ရပ်ကာ မီးလုံးတပ်သည်။ မီးခလုတ်ဖွင့်လိုက်ဟု ပြောသဖြင့် ဖွင့်လိုက်သည်တွင် မှန်စက္ကူအရောင်သည် လသာခန်းတွင် လင်းထိန် သွားသည်။ ပြန်ပိတ်ထားဦး၊ ညမှောင်မှ မီးထွန်းမယ်ဟု ပြောသဖြင့် မီးခလုတ်ကို ပြန်ပိတ်လိုက်သည်။

ဝတ္ထုဖတ်လက်စသည်လည်း မှောင်စပျိုးချိန်တွင် အဆုံးတိုင်သည်သို့ ရောက်လေသည်။ ညစာကို စောစောစားပြီး စာအုပ် အငှားဆိုင်သို့ စာအုပ်သွားအပ်ဖို့ကြံသည်။ သူ့ထက် စာဖတ်အားကောင်းသည့် အစ်ကိုက သူလည်း လိုက်မည်ဆို၍ သူတို့နှစ် ယောက်သား အပြင်ထွက်ဖို့ပြင်ကြသည်။ အိမ်တံခါးဖွင့်ပြီးအထွက် လသာခန်းသို့ ကြည့်လိုက်သည့်အခါ အမေနှင့် ညီမ လေးက လသာခန်းရှိလက်ရန်းပေါ်တွင် ဖယောင်းတိုင်များ အစီအရီထောင်ကာ ဖယောင်းတိုင်မီး ထွန်းညှိပူဇော်ဖို့အတွက် တတိုင် မီးညှိနေကြသည်ကို တွေ့ရသည်။

“သားတို့ အပြင်ထွက်မယ်ဆိုရင် အနွေးထည်လေး ဘာလေး ဝတ်သွားကြဦး၊ စာအုပ်ဆိုင်ဆိုပြီး ခြေရှည်ကြ လမ်းများကြ မယ့်ပုံပဲ။ ညဥ့်နက်ရင် ပိုအေးလာလိမ့်မယ်” ဟု အမေ၏ သတိပေးပြောဆိုသံကြောင့် ဖွင့်ထားသောတံခါးကို အသာပြန်စေ့ကာ ဖိနပ်ချွတ်၍ စာကြည့်စားပွဲရှေ့ရှိထိုင်ခုံနောက်မှီပေါ်တွင် လွှားထားသော ဂျာကင်အဟောင်းကို ယူဝတ်သည်။ ခြေရှည်သည်၊ လမ်းများသည်၊ လမ်းသလားသည်တို့သည် အမေသုံးလေ့ရှိသော စကားအသုံးအနှုန်းတို့ဖြစ်သည်။ အိမ်တံခါးပြန်မဖွင့်ခင် မှန်စက္ကူအုပ်ထားသော မီးလုံးကို ထွန်းဖို့ ခလုတ်သွားနှိပ်လိုက်သည်။ အဖေက ညမှောင်မှ မီးထွန်းမယ်ဟု ပြောခဲ့သည်။ အခု မှောင်နေပြီဖြစ်သည်။ တိုက်အောက်ရောက်လျှင် ကိုယ့်တိုက်ခန်း၏ လသာဆောင်ကို ပြန်ကြည့်ဖို့လည်း ရည်ရွယ်လိုက်တာ ဖြစ်သည်။

တိုက်ခန်းလှေကားထဲမှာလည်း မည်သူထွန်းထားကြသည် မသိသော ဖယောင်းတိုင်လေးများက လေတချက်ဝေ့တိုင်း ဟိုယိမ်းဒီယိမ်းဖြင့် နွဲ့နေကြသည်။ စာအုပ်အငှားဆိုင်ရှိရာ တိုက်ခန်းသည် သူတို့တိုက်မှဆိုလျှင် အရှေ့စူးစူးအရပ်တွင် ရှိသဖြင့် မြေပေါ်ခြေချသည်နှင့် စာအုပ်ဆိုင်သို့အမြန်ရောက်ဖို့သာ စိတ်စောနေကြသောကြောင့် ကျောခိုင်းရာဆီသို့ ပြန် လှည့်မကြည့်မိ။ စာအုပ်အငှားဆိုင်မှ ပြန်ထွက်လာသောအခါ မျက်နှာမူရာ တည့်တည့်ဖြစ်နေသောကြောင့် ဆယ့်ခြောက် ခန်းရှိသောတိုက်အား ကြည့်မိသည်။ အခန်းတိုင်းရှိလသာဆောင်တွင် ထွန်းထားသော မီးလုံးများက ပင်လယ်ထဲတွင် ရောင် စုံမီးထွန်းထားသော ခရီးသည်တင်သင်္ဘောကြီးအလား လင်းလင်းထင်းထင်းကြီးဖြစ်နေသည်။

တိုက်ရှေ့ကွင်းပြင်တွင် မီရှူးမီးပန်းဖောက်ဖို့ပြင်ဆင်နေကြသော ကစားဖော်များကိုတွေ့သောကြောင့် လက်ပြနှုတ်ဆက် လိုက်ကြသည်။

“တို့တိုက်ပဲ မီးလုံးတွေထွန်းထားပြီး လှနေတာ၊ အရောင်မတူပေမယ့် တခန်းမကျန်ထွန်းတော့ ကြည့်ကောင်းတယ်”ဟု တယောက်က ဝမ်းသာအားရပြောသည်။

“ဟိုဖက်တိုက်တွေလည်း လိုက်ပြီးထွန်းနေပါပြီ၊ ဒါပေမဲ့ ဒီတခန်းက ထွန်းလိုက် ဟိုတခန်းက မထွန်းလိုက်နဲ့  တို့တိုက်လိုတော့ ကြည့်မကောင်းဘူး။ တို့တိုက်က ညီညီညွတ်ညွတ်မီးထွန်းကြတယ်” ဟု နောက်တယောက်က ဝင်ပြောသည်။

သူတို့ညီအစ်ကိုနှစ်ယောက် တိုက်ခန်းလှေကားနှစ်ဖက်ပါသည့် လေးထပ်တိုက်အတွင်း ခြေညောင်းအောင် အတက်အ ဆင်းပြုလုပ်ခဲ့ရကျိုး နပ်လေသည်။ မှန်စက္ကူနှစ်ရွက် ဘယ်သို့ ဘယ်ပုံ အသုံးဝင်ပုံသည် သူတို့အဖို့ ထိုနှစ်အတွက် အဖေမှ ပေးသော သီတင်းကျွတ်လက်ဆောင်ပင် ဖြစ်လေတော့သည်။ နောက်တနေ့ညတွင် သူတို့ဝန်ထမ်းအိမ်ယာရှိ တိုက်တန်း လျားအားလုံး မီးထွန်းပွဲကို မြိုင်မြိုင်ဆိုင်ဆိုင်ပါဝင်ဆင်နွှဲကြမည်မှာ ဧကန်မလွဲနိုင်သော မှန်းဆချက်ကြီးဖြစ်ပေသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)