မောင်စွမ်းရည် – နယူးယောက်လမ်းဘေးမှာဟင်းရွက်ခူးခြင်း

February 5, 2019

Self Pot by Maung Swan Yi

မောင်စွမ်းရည် – နယူးယောက်လမ်းဘေးမှာဟင်းရွက်ခူးခြင်း

(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၉

ဟင်းရွက်ခူးခြင်းအကြောင်းကို ကျွန်တော် နှစ်ခါမက ရေးခဲ့ပြီမှတ်ပါတယ်။ ပြန်ရှာမတွေ့လို့ ထပ်ရေးဖြစ်ပါတယ်။

နယူးယောက်မှာ လမ်းလျှောက်ထွက်လေ့ရှိပါတယ်။ လမ်းလျှောက်ထွက်ရင် လမ်းဘေးခြုံဖုတ်တွေကို သေချာကြည့်သွားလေ့ရှိလို့ ဘယ်နားမှာ ဘာပင်တွေရှိတယ်ဆိုတာ မှတ်မိနေပါတယ်။ လူတိုင်း လမ်းလျှောက်ရင် ဒီလိုပဲ လမ်ဘေးသစ်ပင်တွေကို ကြည့်သွားလေ့ရှိသလား မသိပါ။ ကျွန်တော်ကတော့ ကျွန်တော်ဟာ တောသားမို့များ ဒီလိုကြည့်လေ့ရှိသလားလို့ တွေးမိပါတယ်။

ကျွန်တော် ငယ်စဉ်က တောရွာမှာ အဒေါ်တွေ အမတွေနဲ့အတူ ယာခင်းတွေဘက်ကို လမ်းလျှောက်လိုက်လေ့ရှိပါတယ်။ သူတို့က အမျိုးသမီးတွေဆိုတော့ လမ်းသွားရင်း လမ်းဘေးခြုံတွေက ဟင်းရွက်တွေကို ခူးသွားလေ့ရှိပါတယ်။ အိမ်ပြန်ရောက်တော့ လတ်လတ်ဆတ်ဆတ်ဟင်းရွက်တွေကို ဟင်းချိုခပ်သောက်လေ့ရှိပါတယ်။ နယူးယောက်နဲ့ ဗမာပြည်အညာဒေသ ပေါက်ရောက်တဲ့အပင်တွေက မတူကြဘူး။ ရေမြေရာသီဥတုချင်းမတူတော့ ပေါက်ရောက်ပင်ခြင်းလည်း မတူကြဘူးပေါ့။

ဗမာပြည်အညာဒေသမှာ ယာခင်းတွေဘက် ရွာအပြင်ထွက်ရင် လမ်းဘေးခြုံတွေထဲမှာ ကင်မုံပင်တွေ အများဆုံးတွေ့ရပါတယ်။ နွယ်ပင်တွေပါ။ တချို့နေရာတွေမှ ဆူးပုတ်ပင်တွေ တွေ့ရပါတယ်။ နောက်ခံအပင် တွေကတော့ မိုးနဲပင်တွေဖြစ်ပါတယ်။ မိုးနဲရွက်နုနုလေးတွေက ချောပြောင်ပြီး စိမ်းဝါနုရွက်ဝိုင်းလေးတွေ ဖြစ်ပါတယ်။ မိုးနဲရွက်ကိုလည်း စားကောင်းတာပဲဆိုပြီး တချို့က ခူးထည့်ကြပါတယ်။ နွယ်ပင်တမျိုးလည်း ရှိတက်တာက နွားလျှာကြီးရွက်တဲ့။ အရွက်တွေ နွားလျှာတွေလို ရှည်မျောမျောတွေပါ။ နည်းနည်း အစေးထွက်ပါတယ်။ ခြုံအောက်ထဲမှာတော့ မိုးဦးကျမှာ မှိုဖြူတွေ အုံလိုက်ကျင်းလိုက် တွေ့ရတက်ပါတယ်။ ‘မှိုဖြူမြင်းတပြေး’ ဆိုတဲ့အတိုင်း တခါတရံ ကံကောင်းထောက်မရင် မှိုဖြူတွေနုတ်ယူလို့ မနိုင်အောင် တွေ့ရတက်ပေမယ့် မှိုထူထူတွေ့ရင် မြွေကြီးတွေလည်း တွေ့ရတက်လို့ သတိထားရပါတယ်။ ကံကောင်း ရင်တော့ မြေကြွက်ကြီးတွေနဲ့ ယုန်တို့၊ ပွေးတို့၊ ဖွတ်တို့၊ ပဒတ်တို့လည်း ရချင်ရတက်ပါတယ်။

ခြုံတွေမှာအများဆုံးတွေ့ရတက်တဲ့ တောပန်းကတော့ စာဆိုတွေဖွဲ့လေ့ရှိတဲ့ ‘ဆန်းပွေဘိ တောင်းရယ်နဲ့ ပန်းခွေမိကျောင်း’ ပါပဲ။ မိကျောင်းပန်းတွေဟာ စံပယ်ပန်းတွေလိုပဲ ဖွေးဖွေး လှုပ်နေအောင် ပွင့်လေ့ရှိပါတယ်။ မိကျောင်းပင်ကလည်း နွယ်ပင်တမျိုးပါပဲ။ ခြုံထဲက ထိုးထွက်မြင့်တက်လေ့ရှိတဲ့ အပင်ကြီး တွေကတော့ ရှားပင်နဲ့ ထနောင်းပင်ပါ။ ထနောင်းရွက်နုကလည်း သုတ်စားရင် အလွန်အရသာရှိပါတယ်။ ရှားပင်ကို ကြီးအောင်မွေးပြီး ထင်းခုတ်ပါတယ်။ ကြီးသထက်ကြီးရင်တော့ ရှားနှစ်က နီရဲမာကျောနေတာမို့ ထွန်သွားလုပ်လို့ ကောင်းပါတယ်။ ထွန်သွားတက်ရတဲ့ ထွန်တုံးလုပ်ရင်လည်း အလွန်ကောင်းပါတယ်။ အဲ့ဒီအပင်တွေက ရွာကအထွက် ယာပြင်၊ လယ်ပြင်ကို မရောက်ခင် တွေ့ရတာတွေပါ။

ခြုံတွေပါးသွားရင်တော့ ယာခင်းထဲမှာရော ယာခင်စပ်မှာရော ကြွက်နားတောင်းပင်တဲ့။ ကြွက်နားရွက်နဲ့တူပြီး ဟင်းချိုချက်စား ပြုတ်သုတ်လို့ရပါတယ်။ အရွက်သေးသေးကတော့ ‘ဝါးလုံးခေါင်းရွက်’တဲ့။ မြေပြင်က တံတောင် တမိုက်ထိုးထွက်နေတဲ့ အပင်တွေပါပဲ။ ဒီကြားထဲမှာ ဟင်းချိုရွက်ထဲ အကြုံးမဝင်တဲ့ ဆူးလေပင် ဆိုတာ သူ့ဆူးက သုံးခွဆူးငယ်လေးတွေ။ ဖိနပ်မပါတဲ့ တောသားတွေကို အလွန်ဒုက္ခပေးပါတယ်။ မိုးဦးကျမှာတော့ သူ့အရွက်ကိုလည်း ဟင်းချိုချက်ဖို့ ထည့်ခူးလိုက်တာပဲ။ ဆူးလေရွက်က မကျည်းရွက်လို ရွက်ပေါင်းရွက်စိတ်ပါ။ မန်ကျည်းပင်လို ပင်မြင့်ပင်ဆောက်တော့ မဟုတ်ပါဘူး။ ယာခင်းထဲရောက်ရင်တော့ ဝါရွက်နုနဲ့ ကုလားပဲအရွက်နုလည်း ခူးထည့်လိုက်တာပါပဲ။ အရွက်စုံသော ဟင်းချိုလေးပေါ့။

တပေါင်းတကူးလဆိုရင်တော့ ‘လက်ပံပွင့်ချိန် ခွေးရူးချိန်’တဲ့။ လက်ပံပင် ဆက်ရက်ကျပြီပေါ့.။ လက်ပံပွင့်တွေကို မောင်နှမတတွေ လုပြီးကောက်ရတာ အလွန်ပျော်စရာကြီးပါပဲ။ လက်ပံပင်ခေါင်းထဲတော့ ဝင်မဆော့လေနဲ့ ခူတွေရှိရင်ရှိမယ်။ တောက်တဲ့ရှိရင် ရှိမယ်။ နွားကျောင်းသားက တောက်တဲ့မြင်ရင် လေးခွနဲ့ပစ်ပြီး လက်တည့်စမ်းမှာပါပဲ။ စားလည်းမစားရဘဲနဲ့။

ကဲ … အဲဒါတွေကတော့ ဗမာပြည်မှာ လမ်းလျှောက်ရင်း ဟင်းရွက်ခူးတဲ့ ကဏ္ဍပေါ့။ နယူးယောက်မှာလည်း နွေရာသီမှာဆိုရင် လမ်းလျှောက်လို့ကောင်းဘိခြင်း။ ဆောင်းရာသီဆိုရင်တော့ နှင်းပွင့်တွေကျလို့ ခြေထောက်တွေ နှင်းထုထဲမှာရုန်းရတာက ရွှံ့ထဲရေထဲ ရုန်းရသလိုပါပဲ။ အပေါ်ကလည်းနှင်း၊ အောက်ကလည်းနှင်းဆိုရင် အဘိုးကြီး၊ အဘွားကြီးတွေ လမ်းမလျှောက်ရဲကြပါဘူး။ နွေရာသီမှာပဲ လျှောက်ကြပါတယ်။ နွေဦးတို့၊ ဆောင်းဦးတို့ နှင်းတွေမိုးတွေလွတ်ရင်တော့ လမ်းလျှောက်လို့ ကောင်းတာပေါ့။ လမ်းမှာ ဗမာပြည်ဆိုရင် ရှားပင်၊ ထနောင်းပင်၊ တမာပင်တွေ တွေ့ရသလို၊ နယူးယောက်မှာတော့ ပန်းသီးပင်နဲ့ ချယ်ရီပင်လေးတွေကို တမင်စိုက်ထားတာတွေ့ရပါတယ်။ ခြုံတွေမှာတော့ နွေဦးမှာ စံပယ်ရုံနဲ့ မြက်လေးရုံ လေးတွေ တဖွေးဖွေးနဲ့ တွေ့ရတက်ပါရဲ့။ တချို့မြေပြင်မှာ ကြံကြံဖန်ဖန် ဟင်းနုနွယ် ဆူးပေါက်ပင်နဲ့ ဟင်းနုနွယ်ပင်အငယ်စား ဝါးလုံးခေါင်းပင်လေးများကို ခူးချင်စရာတွေ့ရတက်ပါတယ်။ လူတွေ တံတွေးထွေး တာနဲ့ ခွေးသေးပန်းတာ မလွတ်ရင် မခူးရဲဘူးပေါ့။ မှိုတော့ လုံးဝမတွေ့ဖူးဘူး။

ခူးလို့ရတာက စပျစ်သီးပေါက်စလေးတွေကို ဗမာတွေက ခံသီလိုထောင်းစားဖို့ ခူးသဗျ။ အမှည့်တော့ ခူးလေ့မရှိပါဘူး။ သူတို့နိုင်ငံက သူများခြုံကို ဗမာတွေလိုမနှိုက်တက်ပါဘူး။ ကျူပ်တို့ကတော့ စပျစ်သီးအစိမ်း လေးတွေတွေ့ရင် ခူးတာပါပဲ။ ငရုတ်သီးစိမ်းနဲ့၊ ကြက်သွန်ဖြူနဲ့ ထောင်းစားရင်း ခံသီးထောင်းလို ကောင်းလိုက် သဗျ။ ခူးစရာအများဆုံးက မြူရွက်ပါပဲ။ တရပ်လောက်မြင့်တဲ့ မြူပင်ကြီးတွေက ခူးတာပါ။ နယူးယောက်မှာ မြူရွက်ခူးပြီးသုတ်စားရတာ အရသာပါ။ ကိုယ်သာမဟုတ် တချို့က ဘုန်းကြီးဆွမ်းခွက်တောင် ထည့်ကြသေး။ သာဓုပါကွယ်။

မောင်စွမ်းရည်။ ၂၀၁၈ ဒီဇင်ဘာ ၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)