ရဲရင့်​ဘုန်း ● ဆယ်လ်မွန်ငါးတို့အပြန်

February 5, 2019

ရဲရင့်​ဘုန်း ● ဆယ်လ်မွန်ငါးတို့အပြန်
(မိုးမခ) ဖေဖော်ဝါရီ ၅၊ ၂၀၁၉


သီချင်းများစွာကို ငယ်စဉ်ကတည်းက နားထောင်ခဲ့ပေမယ့် ခင်ဝမ်းသီ​တွေကို နားမထောင်ဖူးပါ။ အတိအကျပြောရရင် ၂၀၁၃ အထိ တစ်ပုဒ်မှ သေချာနားမထောင်ဖူးပါ။ တမင်ရှောင်ခဲ့တာ မဟုတ်ပေမယ့် အကြောင်းမတိုက်ဆိုင်ခဲ့လို့ပဲ ပြောပါရ စေ။ ကျနော်တို့ငယ်စဉ်ကလေးဘဝက တိတ်ခွေ ကက်ဆက်ရှားပါးပါတယ်။ များသောအားဖြင့် လက်ဘက်ရည်ဆိုင်မှာနားထောင်ရပါတယ်။ ကြေးအိုးတစ်ပွဲ ၅ ကျပ်ခေတ်မှာ Hitachi C 60 အခွေသွင်းပြီးသား ၁၅ ကျပ်ပေးရတယ်။ မတတ်နိုင်ပါ။ ဒါ့ ကြောင့် အများစုက သီချင်းကူးတဲ့အခါ ရွေးကူးကြပါတယ်။

နောက်တော့ အခွေငှားဆိုင်လေးတွေ ပေါ်လာတော့ ငှားခက တစ်ရက်ကို တစ်ကျပ်ပါ။ ​ခွေမဝယ်​နိုင်​တဲ့ ​တေးချစ်​သူတွေ အတွက်​အဆင်​​ပြေတယ်​လို့ ​ပြောလို့ ရနိုင်​ပါတယ်​။

သီချင်းတွေကို သူငယ်ချင်းတွေ အော်ဆိုတာ ရယ် လမ်းထဲကအကိုကြီးတွေ ဟော်​လိုဂစ်တာနဲ့ ဆိုတီးကြတာက စပြီး ကြား ရတာများပါတယ်။ တက္ကသိုလ်ထွန်းနောင်ရဲ့ မာမီရယ်ရှာပေးကွယ် ရည်းစားလိုချင်တယ်၊ သမန်းကျားကိုမြင့်ရဲ့ ပဲပြုတ်၊ ပထမဆုံးကြားဖူးတဲ့ စိုင်းထီးဆိုင်ရဲ့ မန္တလေးရောက်ရှမ်းတစ်ယောက် အားလုံးလိုလို ရပ်ကွက်ထဲမှာကလေးတွေ အော်ဆိုကြ တာကို ကြားဖူးတာပါ။

အိမ်ဘေးက အကိုကြီးတွေကတော့ မင်းမင်းလတ်ရဲ့ အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း၊ ယုဇနပင်​နဲ့ ဖဲကြိုးဝါလိုသီချင်း​လေး​တွေကို  ဆိုတီး​နေကြပြီ။ ကျွန်​​တော်​ထင်​ပါတယ်​။ အဲဒီအချိန်​ထဲက ဂီတဟာ ကျွန်​​တော့်​​အ​သွေးအသားထဲကို ဗိုင်းရပ်​စ်​တစ်​မျိုးလို စိမ့်​ဝင်​ပျံ့နှံ့​နေပါပြီ။

၉ တန်းနှစ်လောက်​ရောက်​တော့ သူငယ်ချင်းတွေက  ဂစ်တာစတီးကြပြီ။ ရေကူးကန်လမ်းထဲက သူငယ်ချင်း ညီသောင်း အိမ်ရောက်တော့   သူက ကျွန်​​တော့်​ကိုဂုဏ်ယူဝံ့ကြွားစွာနဲ့ သီချင်းတစ်ပုဒ် ဆိုတီးပြတယ်။ 🎼 နှုတ်ဆက်ခဲ့ပါတယ်…..ကျွန် တော်သွားတော့မယ်….လမ်းရဲ့ခေါ်ဆောင်ရာ ဟိုး အဝေးကို 🎶 ဘယ်သူလဲဆိုတော့ ခင်ဝမ်းကွဆိုပြီး ဆက်တီးပြပါတယ်။ နားထဲမဝင်ပါ။ သူပဲကျွန်​​တော့်​ကို ဝေးလွင့်ခြင်းရဲ့နောက်ဆုံးခြေရာ ဆိုပြတာ။ အဲဒီခေတ်က လူငယ်ဂစ်တာသမားတွေဟာ ထီးဆိုင်၊ ခင်ဝမ်း၊ သွှအောင်၊ ဂျွန်သင်ဇမ်း၊ ခင်မောင်တိုးတို့ရဲ့သီချင်း​တွေကို ဂုဏ်ယူစွာနဲ့ ဂစ်တာတီးသင်ရင်း တီးကြပါတယ်။ ကော်ပီ တီးတာသိပ်​မ​တွေ့ရပါ။ သူငယ်ချင်းလည်း အပါအဝင်ပေါ့။ ကျွန်​​တော်​က ၁၆ နှစ်။ အချစ်ဆိုတာ လွမ်းမောတမ်းတစရာ နူးညံ့တဲ့ခံစားမှုတစ်​မျိုး​ပေါ့။ ဝတ္ထုတွေကို တအားဖတ်ပြီး ဝတ္ထုထဲက စကားလုံးအလှအပ​တွေကို စီး​မျောခံစား​နေတဲ့အရွယ် ဆိုတော့ သူတို့ရဲ့ လူကြီးဒဿနတွေဟာ ကျွန်​​တော့်​အတွက်​ ​လေးလံ​ကြမ်းရှနေတယ်​။ ကျွန်​​တော့်​ကို မတိုးနိုင်ဘူးဖြစ်နေပါ တယ်။

Pop culture လည်းဖြစ်၊ လူငယ်​​တွေအတွက်​ စိမ်းရိုင်းလတ်​ဆတ်​တဲ့ ယဉ်​​ကျေးမှုအသစ်​တမျိုးလည်းဖြစ်တဲ့ ပလေးဘွိုင် အဖွဲ့ရဲ့ သီချင်းတွေကို​တော့ ကျွန်​​တော်​ သွားငြိပါတယ်​။ ပိုပြီး​တော့လည်း နားဝင်ပါတယ်။

ကိုယ်ပိုင်သံစဉ်အနေနဲ့ ကျွန်​​တော့်​ကိုပထမဆုံး ရင်နဲ့အမျှစွဲလမ်းစေခဲ့တာကတော့ “အိမ်ပြန်ခင် နွေရောက်ပြီလေ” နဲ့ စဖွင့် ခဲ့တဲ့ လင်္ကာဒီပချစ်သူထဲက ကောင်မလေးပုံအဖုံးနဲ့ အခွေလေးပါပဲ။ ခင်ဝမ်းဖက်ပြန်လှည့်ရရင် အကြောင်းကြောင့် သူ့အခွေ သူ့သီချင်းတွေ နားမထောင်ဖြစ်ခဲ့ပါဘူး။ ၇၀၊ ၈၀၊ ၉၀ အဖွဲ့ထဲရောက်ပြီး ညီလေးတစ်ယောက်ပေးသွားတဲ့ ခင်ဝမ်း အကောင်း ဆုံးလက်ရွေးစင်တေးများ စီဒီလေးကို အဖွဲ့မှာတင်ပေးဖို့ ရစ်နေရင်းနဲ့ နားထောင်မိပါတယ်။ ပထမဆုံးအပုဒ်က ဆယ်လ် မွန်ငါးတို့အပြန်။ နာမည်ကြီးသီချင်းမှန်းတော့ သိပါတယ်။ နားမထောင်ဖူးပါ။ မထင်မှတ်ပဲ သူ့အသံ သူသံစဉ်မှာ ကျွန်​​တော်​လွင့်မျောသွားပါတယ်။ သူ့ အရင်သီချင်းများနဲ့ ပုံစံမတူပါ။ ကျွန်​​တော်​က ဆယ်လ်မွန်ငါးတွေအကြောင်း ကောင်းကောင်း သိပါတယ်။ စိတ်ဝင်စားစရာကောင်းလို့ တီဗီထဲမှာလည်းကြည့်ဖူးပါတယ်။ ဒီသီချင်းစာသားတွေဟာ ကျွန်​​တော်​တို့လို နိုင်ငံ မရှိ ရေကြည်ရာ မြက်နုရာ လှည့်​လည်​သွားလာနေတဲ့ခရီးသည်​​တွေနဲ့ဆိုရင်​ အတော်ကိုက်ညီနေပါတယ်။ သီချင်းဆုံးသွား တော့ အတော်ခံစားရလို့ ​နောက်​တစ်​ကြိမ်​ ပြန်နားထောင်မိပြန်ပါတယ်။ ဒါနဲ့ပဲ အ​ခေါက်​​ခေါက်​ အခါခါနားထောင်ရင်း ထူးခြား တဲ့ ဆယ်မွန်ငါးတွေအကြောင်းဆီ အတွေးက ရောက်သွားခဲ့ပါတယ်။

ဆယ်​လ်မွန်ငါးတွေဟာ ရေချို ရေငန် နှစ်​မျိုးစလုံးမှာ ရှင်​သန်​နိုင်တဲ့ငါးတွေပါ။ အေးချမ်းသာယာတဲ့ တောင်ပေါ်မြစ်ဖျား ရေကြည် တဲ့ စမ်းချောင်းလေးတွေမှာ ပေါက်ဖွားပါတယ်။ အရွယ်ရောက်စပြုတဲ့အခါ သူတို့မွေးဖွားရာဒေသကို အုပ်စုလိုက်စွန့် ခွာပြီး တောင်ပေါ်စမ်းချောင်းကနေ မြစ်ငယ်၊ မြစ်ကြီးကနေ နောက်ဆုံး သမုဒ္ဒရာထဲအထိ ဆင်းသွားကြပါတယ်။ ပင်လယ်ထဲ မှာ အရွယ်ရောက် ကျမ္မာသန်စွမ်း အဖေါ်မွန်ရကြပြီး သားမွေးမယ့်အချိန်ရောက်ရင် မွေးရပ်မြေကိုပြန်ကြပါတယ်။ ပင်လယ်ထဲ မှာမမွေးပါဘူး။ ကြိုးကြာငှက်တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဆယ်​လ်မွန်ငါးတစ်မျိုးဆို ကိုယ်လာခဲ့တဲ့ ချောင်းဖျားလေးကို​တောင်​ အတိအကျမှတ်မိပါတယ်တဲ့။

သူတို့လာရာလမ်းတောက်လျှောက်က အနံ့ကိုမှတ်မိနေတယ်လို့ဆိုပါတယ်။ ဆယ်မွန်ငါးအထီးတွေကလည်း အရမ်းသစ္စာရှိပါ တယ်။ ကြမ်းတမ်းးခက်ခဲတဲ့ ရေဆန်ခရီးမှာချစ်သူဇနီးအတွက် အဖော်လိုက်ပေးရတာပါ။ သူတို့အနေနဲ့တကယ်ကလိုက်ဖို့မလိုပါဘူး။ပြန်ချိန်ရောက်တော့ သူတို့တွေ ပင်လယ်သမုဒ္ဒရာထဲ ကူးခတ်ကြီးပြင်းရင်း သူတို့တစ်တွေသန်စွမ်းနေပါပြီ။ လာရာ လမ်းအတိုင်း မြစ်ကြီး မြစ်ငယ်၊ ချောင်းသွယ်ကနေ နောက်ဆုံး တောင်ပေါ်စမ်းချောင်းအဖျားအထိ သားဖွားဖို့ပြန်ကြပါတယ်။

ရေစုန်အဆင်းကလွယ်ပေမယ့် အိမ်အပြန် ရေဆန်ခရီးက မသက်သာလှပါ။ ချောင်းငယ်လေးတွေကိုရောက်တဲ့အခါ ရေက အချို့နေရာမှာ ခြေကျင်းဝတ်လောက်ပဲရှိလို့ ငါးတွေရေပေါ်ပေါ်နေပါတယ်။ သူတို့ပြန်လာမှာကိုသိတဲ့ ဆယ်​လ်​​မုဆိုးတွေ၊ တံငါ​တွေ၊ ဝက်ဝံတွေကလည်း သူတို့လာရာ လမ်းခရီးမှာ အဆင်သင့်စောင့်နေကြပါတယ်။ ဝက်ဝံတွေ မြေခွေးတွေ ရေတိမ် တော့ ရေထဲအထိဆင်းဖမ်းကြပါတယ်။ ရေတံခွန်အသေးလေးတွေ​ရောက်​တော့ ဆန်တက်ဖို့ အတော်ခက်တဲ့အတွက် ကျောက်တုံးတွေကြားက တောင်ကျစမ်းကို ခုန်ခုန်ပြီးတက်ကြရပါတယ်။ နောက်ဆုံးတော့မိုင် ရာထောင်ရှည်တဲ့ခရီးကို သီချင်းထဲကအတိုင်း မောင်မယ်တူစုံပြန်ခဲ့ပေမယ့် ခက်ခဲကြမ်းတမ်းတဲ့ လမ်းခရီးမှာ အများစုဟာ အသက်ပေးခဲ့ရပြီး အနည်း စုပဲ မွေးရပ်မြေကိုပြန်ရောက်ပါတယ်။ ဥများချ အကောင်လေးတွေပေါက်ပြီး အရွယ်ရောက်လာပြန်တော့ မိုင်ရာထောင်ရှည်တဲ့ ရေစုန်ခရီးကိုနှင်ပြီး သမုဒ္ဒရာကြီးဆီကို ဦးတည်ကြပြန်ပါတယ်။ ဆယ်​လ်မွန်ငါးတွေရဲ့ မွေးရပ်မြေကိုချစ်တဲ့စိတ်၊ ကိုယ့်ကြင် ဖော်နဲ့ မိသားစုကိုသစ္စာရှိပြီးချစ်တဲ့စိတ်က တကယ်ကိုစာဖွဲ့လောက်ပါတယ်။

အတွေးထဲဝင်လာတာက တိုင်းပြည်ကိုချစ်တဲ့ မြေခြားမှာအလုပ်လုပ်နေတဲ့ မြန်မာပြည်သူပြည်သားတွေပါပဲ။ ၁၉၇၈-၈၈ ကာလဆို သင်္ဘောသားအများစုပေါ့။ နောက်မှ ရှိုးဂျော့ (Shore Job) ဆိုပြီး ကုန်းပေါ်အလုပ်တွေပေါ်လာတာ။ ကျွန်​​တော်​တို့ ရွှေမြန်မာနိုင်ငံကူးလက်မှတ် Passport က အရမ်းမျက်နှာငယ်ပါတယ်။ ချမ်းသာတဲ့ အိမ်နီးချင်းနိုင်ငံတွေရဲ့ လဝကတွေရဲ့ နှိမ်ချတဲ့အကြည့်တွေကို အတော်အားတင်းပြီးခံရပါတယ်။ အဲဒီလို နှိမ်​ကြည့်​ကြည့်​​နေတဲ့အထဲမှာ ထိုင်းတွေရဲ့  ခနဲ့တဲ့တဲ့ အကြည့်ဟာ အခံရအခက်ဆုံးပါပဲ။ မဆလခေတ်မှာ သင်္ဘောသားတွေ ခေတ်စားလိုက်ပါသေးတယ်။ မင်္ဂလာဒုံ​လေယာဉ်​ကွင်းမှာ မိသားစုတွေကို ကျော့ကျော့လေးနှုတ်ဆက်ပြီးထွက်သွားပေမယ့် လေယာဉ်​ပေါ်ကဆင်းမှ ဇာတ်လမ်းကစတာပါ။

ပြောမယ်​ဆိုရင်​ သ​င်္ဘောသား​တော်​​တော်​များများဟာ လိုင်းကြီးတွေကလွဲလို့ ပွဲစားနဲ့ပဲ ရရာသင်္ဘောမှာ တက်ကြရတာပါ။ အဲဒီ့အချိန်က စလုံးမြို့လယ်မှာ Mr. Shea  (မစ္စတာရှီးရား) ဆိုတဲ့ သင်္ဘောသားပွဲစားရှိပါတယ်။ မြန်မာတွေနဲ့ လုပ်တာများပါ တယ်။ သူ့ကို စလုံးဒေါ်လာ ၄၀၀ လောက်ပေးရင် ခန့်စာအတုပို့ပေးတယ်။ စာအုပ်လျှောက်ပြီးရောက်လာရင် သူပဲ ၂-၃ လခ ပွဲခနဲ့ သင်္ဘောတင်ပေးတယ်။ နောက်ပိုင်းတော့ လူများလာတော့ သူလည်းမနိုင်တော့ပါဘူး။ သင်္ဘောသားတွေက အလုပ်မရှိ အားနေတော့ သူ့ရုံးအောက်က တရုတ်လက်ဘက်ရည်ဆိုင်လေးမှာလာထိုင် တနေကုန် အာရိုက်၊ ပိုက်ဆံချေး၊ ရန်ကုန်ဖုန်း ဆက် ဆုံကြပါတယ်။ ဘယ်လောက်များလည်းဆို လက်ဘက်ရည်ဆိုင်က စားပွဲထိုးတရုတ်လေးတောင် မြန်မာစကားတတ် တဲ့အထိပါပဲ။ စလုံးလဝကကလည်း ညစ်ပြီး နေခွင့်ကို တစ်ပတ်နှစ်ပတ်ပဲ ပေးတတ်ပါတယ်။ ဒါဆို မလေးရှားကို ထွက်ရပြန်ပါ တယ်။ မလေးနယ်စပ်မြို့ ဂျဟိုးဗာရူး (Jahor Bahru) ကို ကားစီးပြီးထွက်ရင် မလေးလဝကကထပ်ရစ်နဲ့ အတော်ဒုက္ခရောက်ပါ တယ်။ ကိုယ့်မြန်မာအစိုးရကလည်း အသေရစ်ပါတယ်။ သင်္ဘောသားရုံးက ကိုယ့်လခတဝက်ကိုဖြတ်ပြီး တဒေါ်လာကို မြန်​မာ​ငွေ  ၆ ကျပ်ခွဲနဲ့ပြန်လဲပေးပါတယ်။ ကိုယ့်တိုင်းပြည်ပြန်လာရင်လည်း လဝကနဲ့ အကောက်ခွန်က သင်္ဘောသားဆိုလေ ဆိပ် ကနေ နောက်ဆုံးမှလွှတ်ပါတယ်။ နည်းမျိုးစုံနဲ့ ဓါးပြတိုက်ပါတယ်။ ပင်လယ်ထဲမှာအသက်နဲ့ရင်းပြီးရှာခဲ့ရတဲ့ ပိုက်ဆံတွေ ကို သူတို့ မညှာမတာ ဝိုင်းရိတ်တော့တာပါပဲ။

ကျွန်​​တော့်​အစ်​ကိုဝမ်းကွဲ သင်္ဘောလိုက်နေတုန်း သူ့အမေ ပုသိမ်မြို့မှာဆုံးသွားပါတယ်။ ထုံးစံအတိုင်း ပင်လယ်ထဲမှာမို့ သူ့ ကိုမပြောဘူး။ သူပျော်ရွှင်ပြီး ပထမဆုံးအကြိမ်ပြန်လာတယ်။ အမေနဲ့ ညီ၊ ညီမတွေအတွက်လက်ဆောင်တွေအများကြီးဝယ်လာတယ်။ လေဆိပ်က အိမ်ကိုခေါ်လာပြီးမှ ကျွန်​​တော့်​အဒေါ်ကဖွင့်ပြောရတယ်။ သူရုတ်တရက်တော့  အံ့သြပြီးငြိမ်သွား တယ်။ ပြီးမှာချုံးပွဲချငိုပြီး နံရံကိုပြေးထိုးလို့ ကျွန်​​တော်​တို့အားလုံးပြေးဆွဲရတယ်။ ခရီးထွက်နေတုန်း အိမ်ကပေးစားလိုက်လို့ ကွဲသွားကြတဲ့ ချစ်သူတွေလည်း မနည်းပါဘူး။ မနှစ်က ပြည်ပကမြန်မာတွေ မြန်မာပြည်ကိုမဲပေးဖို့ပြန်ကြတော့ ဒီသီချင်း လေးကို အရင်ဆုံးသတိရမိပြန်ပါတယ်။ ဘယ်လိုအခက်အခဲတွေနဲ့ကြုံအချိန်တန်တော့လည်း ကိုယ်ချစ်တဲ့ မွေးရပ်မြေကို ပြန်ကြရတာပါပဲ။

ဒါနဲ့ပဲ ပထမဦးဆုံး နားထောင်ဖြစ်​ခဲ့တဲ့ ခင်ဝမ်းရဲ့ ဆယ်လ်မွန်ငါးတို့အပြန် သီချင်းလေးဟာ ကျွန်​​တော့်​အတွက် ခင်ဝမ်းသီချင်း တွေထဲမှာ အကြိုက်ဆုံးသီချင်းလေးဖြစ်ခဲ့ပါတယ်။ ဒါကိုပဲ ကိုတိုးလည်းပြန်ဆိုတယ်ကြားလို့ ရှာပြီးနားထောင်ခဲ့တယ်။ ခင် ဝမ်းလောက်ကို နားမစွဲပါ။ ကိုတိုးအသံက နူးညံ့ပြီး သိပ်ကောင်းနေပါတယ်။ ကြမ်းတမ်းခက်ခဲတဲ့ ဆယ်မွန်ငါးတွေရဲ့အိမ်အပြန် လမ်းနဲ့သိပ်​ပြီး လိုက်​ဖက်​မှုမရှိဘူးသလို ခံစားရပါတယ်​။

ခင်ဝမ်းရဲ့ နားဝင်ပီယံသိပ်မဖြစ်လှတဲ့ ခပ်ကြမ်းကြမ်းအသံနဲ့​တော့ အရမ်းကိုလိုက်ဖက်နေပါတယ်။ ကျွန်​​တော်​ သိပ်မသိခဲ့တဲ့ သူ့ရဲ့အနုပညာစွမ်းအားကို ဒီသီချင်း​လေးကိုနား​ထောင်​ပြီး ​လေးစားမိသွားပါတယ်။ သူ့ရဲ့အနုပညာကို ပန်းချီနဲ့ ဥပမာတင် စားရရင် ဗင်းဆင့်ဗန်ဂိုးလို အနုပညာပါ။ လူတွေက နူးညံ့လှပချောမွေ့တဲ့ မိုနာလီဇာလိုပန်းချီကားကို ခံစားနေတဲ့အချိန်မှာ လီယိုနာဒိုတို့လို တော်ဝင်ဂန္ထဝင်ပန်းချီဆရာမဟုတ်တဲ့ ဟော်လန်နိုင်ငံက ဗန်ဂိုးရဲ့ စုတ်ချက်ကြမ်းကြမ်း အရောင်တောက် တောက်နဲ့ စည်းမျဉ်းမညီတဲ့ ပန်းချီကားတွေကို အစပိုင်းမှာ လူအများစုလက်မခံနိုင်ခဲ့ပါဘူး။ သူသေတဲ့အထိ သူ့ပန်ချီကား တစ်ကားမှမရောင်းခဲ့ရရှာပါဘူး။ ဗန်ဂိုးရဲ့ ကြယ်တွေစုံတဲ့ည Starry Night 🌌 ပန်းချီကားလေးဟာဖြင့် ကျွန်​​တော့်​ရဲ့အကြိုက်နှစ်သက်ဆုံးပန်ချီကားလေးဖြစ်ခဲ့ပါတယ်။ ဒါနဲ့ပဲ ခင်ဝမ်းရဲ့ နောက်ထပ်သီချင်းနှစ်ပုဒ် ဆက်နားထောင်ဖြစ်တယ်။ ၇၈၉ မိတ်ဆွေများဖြစ်တဲ့ ဆြာမြိုင်နဲ့ ညီလေးမျိုးသော်တို့က ခင်ဝမ်းခရေဇီတွေခင်ဗျ။ သူတို့တွေဆုံပြီး ဂစ်တာတီး၊ ဆိုကြရင် ခင် ဝမ်းသီချင်းတွေဆိုလေ့ရှိပါတယ်။ တစ်ရက်သူတို့ဆိုထားတဲ့ ပြည်မှာဆောင်းနဲ့ နှုတ်ဆက်ခဲ့ပါတယ် ဗီဒီယိုလေးတွေ တက်လာ တယ်။ ပြောရင်လည်းခံရမှာပဲ။ “ပြည်မှာဆောင်း” ကို တခါမှမကြားဖူးပါဘူး။ ဆြာမြိုင်ဆိုတာကလည်း မုဒ်ကအပြည့်။ ကြုံ တုန်းပြောချင်တာက ဟော်​လိုဂစ်တာကို ဂစ်တာ ၃ လုံးလောက်တီးသလိုမြိုင်နေအောင် အသံအရမ်းလွင်အောင် တီးနိုင်တာ
နှစ်ယောက်ပဲတွေ့ဖူးပါတယ်။ ဆြာမြိုင်နဲ့ ကိုခိုင်ထူးပါပဲ။ ကိုခိုင်ထူးရဲ့ ဟော်​လိုခတ်သံဟာ အဆောင်တွေရှေ့မှာနာမည်ကြီးပါ။ အပြင်မှာကြည့်ခွင့်ရရင် နားထောင်ကြည့်ပါ။

ဆြာမြိုင်ဆိုတာကောင်းလွန်းလို့ ခင်ဝမ်းရဲ့ ပြည်မှာဆောင်း မူရင်းကိုရှာနားထောင်မိပြန်ပါတယ်။ ခင်ဝမ်းရဲ့ကိုယ်ပိုင်ဟန် အတိုင်း အတီးနဲ့ အသံထက် စာသားအဓိပ္ပါယ်နဲ့ မုဒ်ကို ဦးစားပေးထားပါတယ်။ သီချင်းကောင်းလေးပါ။ ကျွန်​​တော်​ ခံစားလို့
ရပါတယ်​။ အခုချိန်​ထိ  ခင်​ဝမ်းကို ဒီ ၃ ပုဒ်ပဲ နားထောင်ဖူးပြီး အရမ်းကို နှစ်သက်မိပါတယ်။ သူ့ရဲ့အနုပညာဖန်တီးနိုင်တဲ့စွမ်းအားကိုလည်း အထူးပဲလေးစားရပါတယ်။ ဧရာဝတီတို့ ပန်းခရမ်းပြာတို့ ဒီပြင့်သူ့ရဲ့သီချင်းတွေရှိတာသိပေမယ့် သူ့အခွေတွေ အားလုံးကို လိုက်နားမထောင်တော့ပါဘူး။ ဆယ်လ်မွန်းငါးတို့အပြန် တစ်ပုဒ်နဲ့တင် သူ့ကို ကျွန်​​တော်​ လေးစားနှစ်သက်နေပါပြီ။ စလုံးမှာ ကိုကြည်၊ ဇွဲ၊ ကိုဒေး၊ ဖိုးသား၊ နှင်းသူဇာတို့နဲ့တွေ့တော့ ကျွန်​​တော်​ ခင်ဝမ်းသိပ်နားမထောင်ဖူးဘူး။ ၃ ပုဒ်ပဲကြိုက်တယ် ဆိုတော့ စူးရှ အံ့သြ တုန်လှုပ်တဲ့အကြည့်တွေနဲ့ အကြည့်ခံခဲ့ရပါတယ်။ ရှင်းပြဖို့ အချိန်မရခဲ့ပါဘူး။ အနောက်နိုင်ငံတွေမှာ ပြောနေကြစကားလေးတစ်ခွန်း ရှိပါတယ်။ Better late than never တဲ့။ နောက်ကျတာဟာ ရောက်မလာဘဲ ဝမ်းနည်းစိတ်မကောင်းဖြစ်ရတာထက်တော့ ကောင်းပါသေးတယ်တဲ့။

ခင်ဝမ်းရဲ့ ကြီးမားတဲ့အနုပညာစွမ်းအားကို နှစ် ၃၀ ကျော်နောက်ကျခဲ့ပေမယ့် သိပ်နောက်မကျခင် ခံစားခွင့်ရလို့ အတိုင်းထက် အလွန် ဝမ်းမြောက်မိပါတယ်။

မိုးဦးရေဆန် (မိုးဦးရေဆန်)
ဆယ်လ်မွန်ငါးတို့အပြန် … …

ရဲရင့်​ဘုန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)