ကျော်ထင် ● ပင် မသန်ကြသူများအကြောင်း

February 6, 2019

● ပင် မသန်ကြသူများအကြောင်း
(မိုးမခ) ဖေဖော်ဝါရီ ၆၊  ၂၀၁၉

(တစ်)
မြတ်သင်းဆီကို ဖြိုးဝေ ရောက်လာတယ်။ မင်း-စာလိုက်သင်ပေးကွာတဲ့။ မြတ်သင်းက ထုံးစံအတိုင်း တွေတွေငေးငေးလေး လုပ်နေတယ်။ လုပ်မယ်၊ မလုပ်ဘူးဆိုတဲ့အဖြေကိုချက် မပေးဘူး။ မြတ်သင်းက သင်္ဘောတက်ဖို့လည်းလုပ်ထားပြီးသား ဖြစ်နေပြီ။ အခေါ် စောင့်နေတာ။ ခေါ်တာနဲ့ သင်္ဘော တန်းတက်တော့မှာ။ စာသင်မိရင် သင်္ဘောတက်တဲ့အခါကျတော့ ချည်ပြီး၊ တုပ်ပြီး ဖြစ်နေမှ ခက်မယ်။ ပြီးတော့ စာသင်တာကိုလည်း ဝါသနာမပါ လှပါဘူး။  ဖြိုးဝေနဲ့လည်း တွဲမလုပ်ချင်ဘူး။ ဖြိုးဝေက အလောင်းအစား ကဲတယ်။

ဒီ့ထက်ခက်တာက သူကိုယ်တိုင်လည်း ဘာမှတတ်လှတာမဟုတ်ဘူး။ ကိုယ်တိုင်တောင် ဆယ်တန်းစာမေးပွဲကို မြန်မာ စာကအစ ဘာသာစုံ ခိုးချပြီးအောင်လာရတာ။ ၈၈ အပြီး ကျောင်းတွေပြန်ဖွင့်စအလီဘာဘာနဲ့ခိုးသားလေးဆယ်ပညာခေတ်မှာ ဆယ်တန်းအောင်ခဲ့တာ။ တမြို့လုံး၊  တရပ်လုံး၊  တကျောင်းလုံး၊  တခန်းလုံး ခိုးချကြတဲ့ခေတ်တခေတ်၊  ပညာရေးစနစ်မှာ ဖြစ်ခဲ့ဖူးတယ်ဆိုရင် အဲ့ဒီ့ခေတ်မှာ မြတ်သင်း ဆယ်တန်းအောင်ခဲ့တာလေ။

ဘာသာစုံခိုးချဖို့အတွက် စီးပွားရေးသမားတွေက၊  လက်ဖဝါးသာသာလောက်ရှိတဲ့ မိုက်ခရိုစာအုပ်လေးတွေ ထုတ်ရောင်းကြ တယ်။ ဘာသာစုံပဲ။ လက်တဖဝါးစာ စာအုပ်ငယ်လေးတွေဟာ ငတက်ပြားတို့အတွက် တကယ့်ပညာရေးမှိုပွင့်ကြီးပဲ။ စာမေး ပွဲမဖြေခင် အဲ့ဒါတွေကို တင်ကြိုဝယ်ယူထားတယ်။ ဖြေတော့ စာဖြေခန်းထဲယူသွားပြီး ခိုးဖြေလိုက်တယ်။ ဒီလိုနဲ့ မြတ်သင်း ဆယ်တန်းအောင်လာတာ။ အမှတ်တွေကတော့ ဇီဝဗေဒဘာသာ တခုတည်း ၆၈ မှတ်ရခဲ့တာ။ ကျန်တာတွေကတော့ ခိုးချတာတောင် မှန်အောင် ခိုးမချနိုင်ခဲ့လို့ ၊  ၄၀၊  ၄၂ ရယ်။

(နှစ်)
မြတ်သင်း ဆယ်တန်းအောင်တာ ၁၉၉၄။ ၁၉၉၅ သီတင်းကျွတ်လထဲရောက်တော့မှ first year တက်ရတယ်။  စာပေစာယူကို အမည်ပြောင်းထားတဲ့အဝေးသင်ပါ။ ဘွဲ့တဘွဲ့ကို လွယ်လွယ်ရတဲ့တက္ကသိုလ်ပေါ့။ ၂၀၀၁ ရောက်မှ ဘွဲ့ရတယ်။ အုတ်အော် သောင်းနင်း အဝေးသင်ခေတ်တခေတ်နဲ့ ဘွဲ့ရလာတာပေါ့။ မြတ်သင်းတို့ ပညာခေတ်၊  အဝေးသင်ဆိုတာကလည်း စိတ်ပျက် စရာပါ။ မည်ကာမတ္တာ ပညာရေးပါ။ ၈၈ ကို အကြောင်းပြုပြီး အခြေခံကော၊  အဆင့်မြင့်ကော ကျောင်းတွေ အကုန်လုံးပိတ်ပစ်ထားတာမှာ၊ ၁၉၈၉၊ သြဂုတ်နဲ့၊ စက်တင်ဘာလလောက်ကျမှ အခြေခံကျောင်းတွေကို ပြန်ဖွင့်ပေးတယ်။ သြဂုတ်မှာ အလယ်တန်းအဆင့်တွေ ဖွင့်တယ်။ အထက်တန်းကတော့ စက်တင်ဘာပေါ့။ အခြေခံပညာကျောင်းတွေကို ပြန်ဖွင့်ပေးပေ မယ့် တက္ကသိုလ်တွေကို အခြေခံတွေနဲ့အပြိုင်ချက်ချင်း မဖွင့်သေးဘဲပိတ်ထားသေးတာဆိုတော့ အခြေခံပညာအထက်တန်း အောင်ပြီးတဲ့သူတွေက ဘယ်တက္က သိုလ်မှာမှ ပညာယူစရာမရှိဘဲ တန့်နေရတယ်။ တက္ကသိုလ်တွေ ပြန်ဖွင့်မယ့်အချိန်ကိုပဲ ထိုင်စောင့်နေရတယ်။

အဝေးသင်တွေဖွင့်တော့ အခြေခံပညာအောင်ထားတဲ့သူတွေက နှစ်တွေထပ်နေပြီ။ ကျောင်းသားတွေ အများကြီးပဲ။ ခိုးချ ဖြေတဲ့ ယဉ်ကျေးမှုရယ် အောင်ချက်ရာနှုန်းဘယ်လောက်ရှိရမယ်ဆိုတဲ့ ညွှန်ကြားချက်တွေရယ်ကြောင့်လည်းတက္ကသိုလ်ဝင်တန်းခေါ်တဲ့ ဆယ်တန်းတွေမှာ အအောင်များကြတယ်။ ဒါတွေကို ပထမနှစ်နဲ့ တတိယနှစ် တတွဲ။ ဒုတိယနှစ်နဲ့စတုတ္ထနှစ် တတွဲဆိုပြီး အသုတ်ခွဲခေါ် ဖြေရှင်းခဲ့တယ်။ အဝေးသင် ဖွင့်တဲ့လတွေဆို ဘူတာရုံမှာ ကျောင်းသူကျောင်းသားတွေအပြည့်။ ဘူတာပလက်ဖောင်းတွေပေါ်မှာ သူတို့ယူသွားမယ့် တလစာပစ္စည်း၊  ပစ္စယတွေက ဒင်းကြမ်း။ ရထားတွဲပေါ်လူသွား လမ်းမှာ ဆိုလည်း စက်ဘီးတွေ တင်ထားကြတာ လက်မှတ်စစ်တောင် သွားစရာလမ်းမရှိတော့ဘူး။ ရထားစီးတော့လည်းကျောင်းသားတွေထဲမှာလက်မှတ် မဝယ်ဘဲစီးကြတဲ့သူတွေက အများကြီး။ လက်မှတ်စစ်ကလာမေးရင် ဘာလဲ၊  ဘယ်လဲ၊  ကျောင်း သားတွေကွဆိုပြီး ဗြူးဗြဲထလုပ်တယ်။ လက်မှတ်စစ်က အော်–ဟုတ်ကဲ့ပါခင်ဗျ၊  ဟုတ်ကဲ့ပါခင်ဗျလို့ ပြောဆိုပြီး အလျှော့ပေး လိုက်လျောပြန်သွားရင်၊  ကျောင်းသားတွေက ဒါကို ဂုဏ်ယူကြတယ်။ တယောက်နဲ့တယောက် တွေ့လား။ ငါတို့ကွဆိုတဲ့ သဘောမျိုးပြုကြတယ်။ မြတ်သင်းကတော့ အဲ့ဒါတွေကိုစိတ်ကုန်လို့ ကားနဲ့ပဲသွားလိုက်တယ်။ အဲ့ဒီတုန်းကတော့ အကောင်း ဆုံးနဲ့ စမတ်အကျဆုံးကားပေါ့။ ကားလိုင်းက နန်းမြင့်တဲ့။
မြတ်သင်း အမြင်အရတော့ သူတက်ခဲ့တဲ့မန္တလေးအဝေး သင်ဆိုတာ ဘာပညာရေးရယ်လို့ မယ်မယ်ရရ အမည်တတ်ပြစရာ မရှိတဲ့ပညာရေးပါပဲ။ ကျောင်းသူကျောင်းသားတွေရဲ့ပညာရေးကိုလည်း မဖြည့်စွမ်းနိုင်၊  ကိုယ်ကျင့်တရားတွေလည်း ချွတ်ခြုံ ကျခဲ့ရတဲ့ပညာရေးလို့ပဲ ထင်တယ်။ မန္တလေးအဝေးသင်ကြီးမှာ တက်နေတဲ့ ကျောင်းသားတွေရဲ့ ကြိုးစားအားထုတ်မှုဆိုတာ ခိုးရေး၊ ကူးရေးနှစ်ခုတည်းပဲ မြင်မိတယ်။

မနက်ဖြန်မှာ ဖြေမယ့်ဘာသာကို ဒီနေ့လိုညမှာ ခုံပေါ်မှာကူးရေးထားလိုက်တယ်။ ကူးရေးလို့ကောင်းအောင် ကော်ပတ်တွေနဲ့ တောင် တိုက်စားချေးချွတ်ကြသေးလို့ ကော်ပတ်ပညာရေး (sandpaper education) လို့တောင် ဆိုရမယ်။ မနက် စာမေးပွဲ ဖြေတော့ အသင့်ခိုးချလိုက်ရုံပဲ။ မြတ်သင်းကတော့ အဲ့ဒါမျိုးတွေ လုပ်မရခဲ့ဘူး။ ဒါကလည်း မြတ်သင်း မိုးခါးရေ မသောက် တတ်လို့ မဟုတ်ဘူး။ တက္ကသိုလ်စာသင်ခန်းတွေ မလောက်လို့ state ကျောင်းတွေဆီ သွားဖြေရတဲ့အထဲ ပါသွားတာဆိုတော့ ကော်ပတ် မစားလိုက်ရဘူးပေါ့။

စာမေးပွဲ ဖြေတော့မှ အတန်းစောင့်ဆရာမတွေကို ခိုးကြေး၊ ကွယ်ကြေးပေး ဖြေဆိုတဲ့အထဲ ပါသွားတာ။ ဒါပေမယ့် ဒါလည်း မြတ်သင်း တပြားမှ မပေးခဲ့ဘူး။ လူလည်လိုလို၊  ပတ်ကားလိုလိုကျောင်းသားတယောက်က အတန်းတူတွေအားလုံးဆီ ခိုး ကြေး၊  ကွယ်ကြေးပေးဖို့ ပိုက်ဆံလိုက်ကောက်ရင် မြတ်သင်း ခပ်လှမ်းလှမ်းက မန်ကျည်းဖျော်ရည်ဆိုင် သွားထိုင်ပြီး၊  ဝေ့လည်လည် လုပ်နေလိုက်တယ်။ မပေးချင်ဘူး။ ဒီကောင့်ကို မယုံခဲ့ဘူး။  ကြား ထဲကနေ ဒီကောင်ဗုန်းမှာပဲ။ မဗုန်းရင်တောင် အနည်းဆုံးတော့ သူမပေးရအောင် ကြံမှာပဲ။ သူလည်တာ ဘယ်လောက်လဲ။ မြတ်သင်းကတော့ တပြားမှ မပေးဘဲဘာသာ ရပ်အကုန်လုံး ခိုးချဖြေခဲ့တယ်။ မင်းတို့ထက် ပိုတယ်ပေါ့။ အဲ့ဒါ လေးနှစ်စလုံး။

(သုံး)
အဲ့ဒီလိုနဲ့ ဘွဲ့ရလာတာဆိုတော့ လူရှေ့သူရှေ့ ထွက်ရပ်ပြီး စာသင်ရမယ့် ကျောင်းဆရာမျိုး မြတ်သင်းမလုပ်ချင်ဘူး။ ဒါကို ဖြိုးဝေက အတင်းကြီးကို ခေါ်နေတာ။ မင်းသင်္ဘောကခေါ်တော့လည်း သွားပေါ့ကွာ။ ရပါတယ်။ မခေါ်ခင်လေး သင်ပေးပေါ့။ ၉ တန်း ၁၀ တန်းကို မြန်မာစာ၊  အင်္ဂလိပ်စာ သင်ပေးရမှာ။ နှစ်တန်းပေါင်းတလ လေးထောင်ရမယ်။ မရဘူး၊  မင်းသင်ရမယ် ဆိုတာချည်း အတွင်တွင်ပြောနေတာ။ နောက်ဆုံးတော့ ဖြိုးဝေ အတင်းခေါ်တာရယ်၊  အားနေတာရယ်၊  ၄၀၀၀ ရယ်ကြောင့် ကျောင်းဆရာအလုပ်ကို မြတ်သင်းလက်ခံလိုက်တယ်။

ကျောင်းက အလယ်တန်းအဆင့် အ-လ-က ရွာကျောင်းလေး။ ရွာကျောင်းက ရှစ်တန်းအောင်ရင် ခြောက်မိုင်လောက်ဝေးတဲ့ မြို့ကျောင်းဆီ သွားတက်ရတယ်။ လမ်းတွေက ဆိုးလွန်းတယ်။ မိုးဆို လမ်းတွေကဗွက်ပင်လယ်။ ဆောင်းဆို ဖုန်တွေ မွှန် တယ်။ အဲ့ဒါကို သွားလိုက်၊  ပြန်လိုက်လုပ်ရတော့ ကျောင်းသူ၊  ကျောင်းသားတွေအတွက် ပင်ပန်းလွန်းတယ်။ မြို့ပေါ်မှာ ထားထားဖို့ကျတော့လည်း စရိတ်စကက ကြီးလွန်းတယ်။ အများမတတ်နိုင်ဘူး။  တတ်နိုင်တဲ့သူကျတော့လည်း ကလေးတွေ ကို စိတ်မချပြန်ဘူး။

ဒါကို ဖြေရှင်းဖို့ ရပ်ရွာရယ်၊  ကျောင်းအုပ်ရယ် စည်းဝေးတိုင်ပင်ပြီး အထက်တန်းအဆင့်အထိ ရွာကျောင်းမှာပဲ နေလို့ရအောင် ဖွင့်ခဲ့ကြတာ။ ပုဂ္ဂလိက ကျူရှင်သဘောမျိုးပါပဲ။ ကျူရှင်တွေလောက်တော့ လစဉ်ကြေး မများဘူး။ ကျောင်းဝန်းကြီးရဲ့အနောက် တောင်ထောင့်မှာ အထက်တန်းဆောင်ကို ဝါးထရံကာ၊ သက်ကယ်မိုးနဲ့ ဆောက်လုပ်ပေးထားတယ်။ မြို့ပေါ်က ဆရာတွေ ခေါ်ပြီး သင်ကြားပေးထားတယ်။ ကျောင်းသားတွေ မြို့သွားတက်စရာ မလိုဘူး။ ဆရာတွေ တောခေါ်လိုက်တယ်။

သုံးနှစ် ရှိပြီ။ မြတ်သင်း အခုရောက်တာ လေးနှစ်မြောက်။ ဒါကလည်း ကျောင်းရောက်မှ သိရတာပါ။ ဖြိုးဝေ ပြောတဲ့အထဲမှာ အဲ့ဒါတွေ မပါပါဘူး။ သင်ပေးဖို့နဲ့၊ လစာလောက်ပဲ ပြောပြခဲ့တာ။ ကျောင်းရောက်မှသိရတာက ဖြိုးဝေနဲ့ အရင်နှစ်တွေက သင်ခဲ့တဲ့ဆရာတွေနဲ့က အပြိုင်တွေဖြစ်နေတာရယ်။ မနှစ်ကအထိ သုံးနှစ်စလုံးသင်ခဲ့တဲ့ဆရာတွေကို အကုန်ဖြုတ်ပြီး ဖြိုးဝေ နဲ့ဆရာများကို မြတ်သင်းအပါအဝင် ခန့်လိုက်တာရယ်၊  အကျိတ်အခဲလေးတွေ ဖြစ်သွားကြတာရယ်၊  လစာလေးထောင်ထဲက ကျောင်းအုပ်ကို တလ ၅၀၀ ပေးရမယ်ဆိုတာရယ်တွေ သိရတယ်။

ကျောင်းအုပ်ဆရာမကြီးက ဖြိုးဝေ ခါးပိုက်ထဲကလို့  မြတ်သင်းထင်မိတယ်။ ဒါကလည်း အကြောင်းရှိတယ်။  တကယ်တော့ ကျောင်းဆရာတွေကို ကျောင်းကော်မတီက လစာငွေအဖြစ် တလ ဘာသာရပ်တခုအတွက် ကိုးတန်း၊  ဆယ်တန်း နှစ်ခုပေါင်း ၂၀၀၀ ကျပ် ပေးတာ။ အဲ့ဒါကို ဖြိုးဝေက ကျောင်းအုပ်ဆရာမကြီးနဲ့ ဘယ်လိုညှိသလဲဆိုတော့ ဘာသာပြတယောက်ဆီက ၅၀၀ ကျပ်ကို ကျောင်းအုပ်ဆရာမကြီးက နှုတ်ယူ။  လစာကိုလည်း ကျောင်းကော်မတီဆီကနေ ဆရာမကြီးကပဲ လစဉ်ထုတ် ပေး။ အဲ့ဒါကို သဘောတူပြီး ဖြိုးဝေကို စာသင်ပေးဖို့ ခေါ်ခဲ့တာ။

သဘောတူညီချက်အရကျောင်းအုပ်အတွက် တပြားမှ မရတဲ့အရင်ဆရာတွေကို ဖြုတ်ပစ်ခဲ့တယ်။ ဒါပေမယ့် ဖြိုးဝေမှာက ဘာသာစုံပြဖို့ ဆရာအစုအစည်း မရှိတော့ ဘော်ဒါရင်းတွေဖြစ်တဲ့ မြတ်သင်းတို့ကို စုရတယ်။ သူက ဓာတု၊  ရူပနဲ့ သင်္ချာ၊  သုံးဘာသာ သင်တယ်။ မြတ်သင်းက မြန်မာ၊  အင်္ဂလိပ် နှစ်ဘာသာ။ ကိုလှတင့်က ပထဝီ၊ သမိုင်းနဲ့ ဘောဂ။ သီသီလှက ဇီဝ။ မြတ်သင်း တလ ၃၅၀၀ ရတယ်။

(လေး)
ဆယ်တန်းကျောင်းသူ၊ ကျောင်းသားက၄၀ ယောက်လောက်ပဲရှိပါတယ်။ ကိုးတန်းကတော့ များတယ်။ အယောက် ၈၀ ကျော်လောက်ရှိတယ်။ မြတ်သင်းသင်ရတာ နှစ်ဘာသာဆိုပေမယ့် ကိုးတန်း နှစ်ဘာသာ၊ ဆယ်တန်း နှစ်ဘာသာဆိုတော့ ၄ ဘာသာလို့ပဲပြောရမှာပါ။ ကျောင်းသားတွေကို မသင်ခင် မြတ်သင်းက အရင် မှတ်ရ၊  ဖတ်ရ၊  ကျက်ရတယ်။ ဒီအလုပ်တွေကို ညမှာလုပ်ရတယ်။ အနည်းဆုံး တညကိုဆယ်တန်း ကဗျာတပုဒ်၊  ကိုးတန်း ကဗျာတစ်ပုဒ်ကျက်။ ဆယ်တန်းအင်္ဂလိပ်စာ ဖတ်စာ တပုဒ်၊  ကိုးတန်း ဖတိစာ တပုဒ်ဖတ်။ သင်ပေးရမယ့် မြန်မာ သဒ္ဒါ ၊  အင်္ဂလိပ် grammar တွေ ကျင့်။ စာစီစာကုံးကျတော့ ဝယ်ကျက်ခိုင်းလိုက်တယ်။ မြတ်သင်းကိုယ်တိုင်က အခြေခံမရှိခဲ့တော့ တော်တော်လုပ်ယူရတယ်။

တခါတလေ တော်ကွာဆိုပြီး တပိုင်းတစနဲ့ဝင်အိပ်ပစ်လိုက်တယ်။ ဒီလိုအခါမျိုးမှာ အတန်းထဲ သင်ပြီလား၊  သင်ပြီဆို အလွဲလွဲ၊  အမေ့မေ့ပဲ။ မြန်မာကဗျာသင်ရင်လည်း သင်ရင်းနဲ့ ကဗျာမေ့နေလို့ ချောင်းဆိုးဟန်ပြုပြီး၊  ဝရန်တာထွက် ချောင်းဆိုး၊  သလိပ်ဟပ်ရင်း ကဗျာကို စဉ်းစားခဲ့ရတာလည်း အကြိမ်ကြိမ်။ အင်္ဂလိပ်ဖတ်စာ ဖတ်တော့လည်း အသံထွက်ကို မေ့နေလို့ ကဲ-မင်းတို့ဆိုတာ မကြိုက်ဖူးကွာ၊  ပြန်ဖတ်ဆိုပြီး၊  ကျောင်းသူ၊  ကျောင်းသားတွေကို ပြန်ဖတ်ခိုင်းရင်း အသံထွက် စဉ်းစားရ တာလည်း အခါခါပါ။ အသံထွက် မသိမချင်း ဖတ်ခိုင်းထားလိုက်တယ်။ ကျောင်းသူ၊  ကျောင်းသားတွေကတော့ သူတို့ အဖြတ် အတောက် မမှန်သေးလို့ ထင်ပြီး ဖတ်ကြတာ။ မြိုင်နေ၊  ညီနေတာပဲ။ အမှန်က မြတ်သင်း အသံ မထွက်တတ်သေးတာ။

အသံထွက်တွေ ပုံနှိပ်မှာ ရေးထားရအောင်ကလည်း အခက်။ ကျောင်းသားတွေ ယူကိုင်ကြည့်လိုက်မှ သောက်ရှက်ကွဲမယ်။ ဒါပေမယ့်လည်း ဟန်ကိုယ့်ဘို့ပေါ့။ ဒီလိုနဲ့ပဲ တနေ့တနေ့၊  တလတလနဲ့မီးစင်ကြည့်က နေလိုက်တယ်။  သင်္ဘောလိုင်းက လှမ်းခေါ်ရင် သွားမှာဆိုတော့ သင်ကြားရေးအပေါ် မြတ်သင်း ဂရုမထားဘူး။ အားမစိုက်ဘူး။ စေတနာ မပါဘူး။ လကုန်ရင် ရမယ့် လစာကိုပဲ မြတ်သင်း အလေးထားခဲ့တယ်။

(ငါး)
အင်္ဂလိပ်စာ ဝါကျဖွဲ့တာတွေ၊ ဝါကျပုံစံ အပြောင်းအလဲတွေလည်း မြတ်သင်းကိုယ်တိုင် ညဖတ်၊ နေ့သင် ဆိုတော့ မြေစမ်းခရမ်း ပျိုးလေ။ စမ်းတဝါးဝါး။ အဖြေမှန်ဆိုတာကိုတောင် ဖတ်ရုံနဲ့သိတာမဟုတ်ဘူး။ ဖြေပြီးသား အဖြေစာအုပ် တအုပ်အုပ်နဲ့ တိုက်ကြည့်ပြီးမှ မှန်၊ မမှန်ဆိုတာကို ဆုံးဖြတ်ပေးနိုင်တာ။ အဲ့ဒီ့အခြေအနေကနေ ပြန် ရှင်းပြတာဆိုတော့ ကျောင်းသားတွေဆီ မရောက်ဘူး။ အဲ့ဒါကို ဖြေရှင်းဖို့ အထူးထုတ်ပဲ ဝယ်ခိုင်းလိုက်တယ်။ အဲ့ဒီ့ မှာ အဖြေတွေပါတယ်။ မင်းတို့ တယောက်အဖြေ တယောက်က ယူစစ်ဆိုပြီး မြတ်သင်း ကိုယ်လွတ်ရုန်းခဲ့တယ်။   letter နဲ့ essay တွေဆိုရင်လည်း ဆရာစိုင်းအောင်ဝင်းရဲ့ မြန်မာလိုတွေး၊ အင်္ဂလိပ်လိုရေး စာအုပ်ထဲက ကိုးပုဒ်၊  ဆယ်ပုဒ်လောက် ရွေးပေးပြီး ကျက်ခိုင်းပစ်လိုက်တယ်။

မြန်မာစာပေရဲ့ ချဉ်းကပ်လမ်းတွေဖြစ်တဲ့ ရသ ၉ မျိုး၊  ဂုဏ် ၁၀ ပါးဆိုတာတွေလည်း မြတ်သင်း မပြောနိုင်ဘူး။  အနိမ့်ဆုံးအနေနဲ့ သရုပ်ဖော်ပြ၊  ဖြစ်စဉ်ပြ၊  ဖွင့်ဆိုရှင်းပြ၊  ကျိုးကြောင်းပြဆိုတာလောက်တောင် မြတ်သင်း ခွဲခြမ်း စိတ်ဖြာမပေးနိုင်ဘူး။ မြတ်သင်း မြန်မာစာ ရှင်းပြနေတယ်ဆိုတာလည်း အလွတ်ကျက်လာတဲ့စာကို ကျောင်းသူ၊  ကျောင်းသားတွေရှေ့ရပ်ပြီး ပြန်ဖတ်ပြရုံ လောက်ပါပဲ။ ကျောင်းသူ၊  ကျောင်းသားတွေ သိသင့်သိထိုက်တဲ့ ဗဟုသုတတွေ မြတ်သင်းဆီမှာ ဘာတခုမှမရှိပါဘူး။ အကြောင်းအရာတခုကိုအမှီထားပြီး ဦးနှောက်ဖွံ့ဖြိုးအောင်၊  နှလုံးသားလှအောင် ဘာမှမလုပ်ပေးတတ်ပါဘူး။ ဆိုဆုံးမဖို့ ဆိုတာကလည်း သူ့ကိုယ်သူတောင် မနည်းကြီး ဆုံးမနေ ရတုန်း ရှိသေးတာဆိုတော့ အဝေးကြီးရယ်။

(ခြောက်)
ဒီကြားထဲမှာ ဖြိုးဝေက ထဖောက်လာတယ်။ အောက်တိုဘာလလောက် ရောက်တော့ ဒီကောင် ကျောင်း မမှန်တော့ဘူး။ လာ တရက်၊ မလာရက် များများလုပ်လာတယ်။ ဖြိုးဝေကလောင်းကစားသမား။ ဘမျိုး ဘိုးတူတွေ။ သား အဖတွေအကုန်လုံး ဖဲနဲ့ဂျင်ကို တော်တော်လေး ခုံခုံမင်မင် ကစားကြတယ်။  ဒီအကြောင်းကို သိလို့ အစကတည်း က မြတ်သင်း မတွဲချင်တာ။ ငြင်းလိုက်ဖို့ကလည်း အဆီတဝင်းဝင်းဖြစ်နေတော့အလုပ်ကို လက်ခံလိုက်တာ။ ခုတော့ သဲတရှပ်ရှပ်က ပါးစပ်ထဲမှာ အနေရခက်ရပြီ။

ရွာက ကျောင်းသားတွေ မြတ်သင်းအိမ်မှာ အိပ်ဟယ်၊ စားဟယ် လုပ်နေကြပြီ။ မြတ်သင်းက စားဖို့ကော၊ အိပ်ဖို့ကော စီစဉ်ပေးရတယ်။ တကယ်က သူတို့ဖြိုးဝေ နောက်ကို လိုက်လာတာ။ ဖြိုးဝေကို လာရှာကြတာ။ ဖြိုးဝေက ရှောင်နေတော့ မြတ်သင်းဆီမှာ သောင်တင်တာပေါ့။ ဖြိုးဝေက သူတို့စက်ဘီးတွေကို ငှါးစီးသွားတာ၊  တရက်လည်း မလာ၊ တပတ်လည်း ပေါ်မလာလို့ လိုက်လာကြတာ။ ဖြိုးဝေက စက်ဘီးတွေကိုဖဲပေါင်ရိုက်ပစ်ပြီး၊ ရှောင်နေတာ။

ကျောင်းသားတွေခမျာ ဆရာဖြစ်နေတော့ အမှုလည်း မဖွင့်ရက်၊ အိမ်လည်း ပြောမထွက်၊ သူတို့ကြောင့် ပျောက်သွားပါတယ်လို့ ဝန်ခံလိုက်ကြဖို့ကလည်း အခက်ဆိုတော့ မျက်နှာငယ်လေးတွေနဲ့။ တွေတွေငေးငေးနဲ့။ ဒေါသမီး ထွက်မရတဲ့ သောကကြီးတွေနဲ့။ စက်ဘီး ဆုံးရှုံးရတော့မယ့်အရေးဖြစ်လို့ သောကတွေ ကြီးနေရပေ မယ့်၊ စက်ဘီး ယူသွားတဲ့သူက ဆရာဖြစ်နေတော့ ဒေါသ ထွက်မရတဲ့ ဝေဒနာတွေနဲ့ ဗလောင်တွေဆူနေကြ တာ။ မျက်ရည်တွေလည်း ဝဲတဲတဲပဲ။ ဖြိုးဝေ ရှာပုံတော်ကိစ္စကလည်း စန်ဝဠာကို ရှာရသလိုပါပဲ။ သတင်း ကြားတဲ့နေရာ မရှိဘူး။ မရှိတဲ့နေရာမှာ သတင်းကြားရတယ်။ ဖြိုးဝေကို မတွေတော့မြတ်သင်း အိမ်မှာ အပူသည်လေးတွေ လာစုဖြစ်နေကြတာ။ စက်ဘီး မပါတော့ အိမ် မပြန်ရဲကြဘူးလေ။ တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်ဆိုတော့။

ဒီနေရာမှာ မြတ်သင်းကလည်း ဆရာဆိုတော့ ဆရာစိတ် မွေးရတာပေါ့။ ငါနဲ့ မဆိုင်ဘူး ပြန်ကွာလို့မှ လုပ်ဖို့ မသင့်တာ။ လာသမျှတပည့်တွေ စားကြ၊ အိပ်ကြပေါ့။ မအိပ်ခင်လည်း သူတို့နဲ့ စကားတွေ ထိုင်ပြောပေးရ သေး တယ်။ ခေါင်းရင်း ဘုရားစင်လေးအောက်က ပြူတင်းပေါက်ကနေ လမ်းဘက်ကိုငေးရင်းပေါ့။ ဇော်ခင်က–

“စာမေးပွဲ ကလည်းနီးပြီ ဆရာရာ။ စာတွေကလည်း ဘာမှ မရသေးဘူး။ ဆရာဖြိုးဝေကလည်း ရှာလို့ကို မရသေး ဘူး။ ကျနော်တို့တော့ ဒုက္ခပါပဲဆရာရယ်” တဲ့။ ဇော်ခင်က ပြောပြသလို၊ ညည်းပြသလိုလို လုပ်ပြီးမှလမ်းဘက်ကို မျက်နှာလွှဲသွားတယ်။ ရှိုက်သံလိုလို၊ ရင်ဘတ်ကို လက်နဲ့ပွတ်လိုက်တာကနေ ထွက်လာတဲ့အသံလိုလို မြတ်သင်း ကြားလိုက်တယ်။ ဇော်ခင့်ကို မြတ်သင်း လှမ်းကြည့်လိုက်တော့ ဇော်ခင် ငိုနေတာ။ ဒါဆို စောစောကအသံဟာ ဇော်ခင့် ရှိုက်သံ။

မြတ်သင်း စိတ်ထဲ နင့်သွားတယ်။ သူတို့ရဲ့ ဒုက္ခကို ခံစားနားလည်လိုက်မိတယ်။ ဒီကအပြန်စက်ဘီးတွေ ပါ မ လာရင် သူတို့ရဲ့အိမ်တွေကို ဘယ်လို ပြောကြမလဲ။ သူတို့ကြောင့် ပျောက်သွားတယ်ပြောပြီး အဆူခံ၊ အရိုက်ခံကြမလား။ ဆရာဖြိုးဝေကြောင့်လို့ပဲ အမှန်အတိုင်းပြောပြလိုက်ကြမလား။

“ကျနော်က ကိုပုတို့ ရွာမှာနေနေတာဆိုတော့ စက်ဘီးကိစ္စကို အိမ်က မသိသေးဘူး။ စာမေးပွဲပြီးလို့ အိမ်ပြန်မှ သိမှာဆရာ။ ”မျက်ရည်လေး စမ်းတမ်းစမ်းတမ်းနဲ့ ဒီဘက်လှည့်လာပြီး ဇော်ခင်က ပြောပြန်တယ်။ မောင်ဦးနဲ့တင်ဇော်မိုးက ဆရာဖြိုးဝေ ခဏယူစီးသွားတယ်လို့ မနေ့ကပြန်တော့ သူတို့အိမ်ကို ပြောထားကြတာ။ တင်ဇော်မိုးက အဖေက စက်ဘီး ပါမလာရင် အိမ်ပြန် မလာနဲ့ တဲ့။

သက်ပြင်း ချလို့ မရနိုင်လောက်အောင်ကို မြတ်သင်းးကျပ်သွားတယ်။ ဖြိုးဝေအပေါ်လည်း တော်တော် ဒေါ သထွက်မိတယ်။ ကျောင်းတွေလည်း လနဲ့ချီပြီးပျက်နေတာ။ သူသင်တဲ့ဘာသာရပ်တွေလည်း ဘာတခုမှ မပြီးသေးဘူး။ ဖြိုးဝေ သင်တာကလည်း သုံးဘာသာတောင်ဆိုတော့ စောစောက ဇော်ခင် ညည်းမယ်ဆိုလည်း ညည်းချင်စရာပါပဲ။ အခုပဲ ဒီဇင်ဘာလက ကုန်တော့မယ်။ ဘယ်လို လုပ်ကြမလဲပဲ။ မြတ်သင်း မစဉ်းစားတတ်တော့ဘူး။

ဒါက စက်ဘီးပျောက်တဲ့ပြဿနာလို လူနည်းစု မဟုတ်ဘူး။ လူများစုပြဿနာ။ စက်ဘီးသုံးစင်းက မြတ်သင်း တို့၊ ကိုလှတင့်တို့ ဝိုင်းစိုက်ပြီး ပြန်ရွေးပေးမယ်ဆို ဖြစ်နိုင်သေးတယ်။ သူသင်တဲ့ သုံးဘာသာက ဘယ်လို လုပ်ရမတုံး။ တခြားဆရာ ခေါ်ဖို့ကလည်း အခက်။ ကျောင်းသား၊ ကျောင်းသူတွေကလည်း သင်ကြားရေးနဲ့ ပတ်သက်ရင် ဖြိုးဝေမှ ဖြိုးဝေဖြစ်နေတာ။ ဖြိုးဝေက ညဉ်သာ မကောင်းတာ၊ စာသင်တာက အလွန်ကောင်းတယ်ဆိုတော့ မြတ်သင်း မဖြေရှင်းတတ်တော့ဘူး။ အာခေါင်တွေပါ ပူလာတယ်။ မြတ်သင်းတို့ တဖွဲ့လုံးနဲ့ဆိုင်တဲ့ပြဿနာလို့ လည်း ခံစားမိလိုက်တော့ ခေါင်းကြီးတခုလုံး ထူသွား၊ ကြီးသွားတယ်။

ဒါပေမယ့်လည်း ခုလောလောဆယ်တော့ ဘာမှ အဖြေမပေါ်ဘူး။ ဘာမှလည်း မလုပ်တတ်တော့ဘူး။ ကျိတ်မှိတ် အိပ်ကြဖို့ပဲရှိတော့တယ်။ အဲ့ဒီအတွက် မြတ်သင်း ဆော်အောလိုက်တယ်။

“ကဲ-နောက်နေ့မှ ဆရာဦလှတင့်တို့နဲ့ပါ တိုင်ပင်ပြီး ဖြေရှင်းကြတာပေါ့ကွာ။ ခုတော့-အိပ်ကြတော့။ ”

ဇော်ခင်တို့ဆီက ဘာသံမှ ထွက်မလာပေမယ့် မြတ်သင်း ထွက်လာလိုက်တယ်။ ဖြိုးဝေကို တွေ့မှကို ဖြစ်တော့မယ်။

(ခုနစ်)
ရှိကို ရှိရမယ်။ အိမ်ရှေ့ကနေ ဖြိုးဝေရေ၊ ဖြိုးဝေလို့ အော်လိုက်ပေမယ့် မြတ်သင်းခြေလှမ်းတွေက အသံအဆုံးမှာ အိမ်နောက်ခန်းဆီ တည့်တည့်လျှောက်လိုက်တယ်။ မြတ်သင်း ရှေ့က ဝင်လာတယ်လို့ ထင်ပြီး အိမ်နောက်ကနေ ရှောင်သွားမယ့် ဖြိုးဝေကို အမိဖမ်းဖို့ မြတ်သင်း စဉ်းစားမိသလို လုပ်လိုက်တာ။

မြတ်သင်း တွေးတာမှန်တယ်။ မြတ်သင်းကို ရှောင်ဖို့ အိမ်နောက်ဆီထွက်လာတဲ့ ဖြိုးဝေ၊  မြတ်သင်းနဲ့ ပက်ပင်း ကြီးတိုးတော့တာပဲ။

“ဟေ့ကောင် မင်းကွာ၊ ဘယ်လို လုပ်နေတာလဲ။ ”

“ငါ အဆင် မပြေလို့ပါကွာတဲ့။ ”

“ဟ-အဆင်မပြေရင်လည်း မပြေသလို ရင်ဆိုင်လေကွာ၊ ညှိနှိုင်း ဖြေရှင်းလေကွာ။ ခုတော့ မင်းက ရှောင်၊ နေ၊ ပုန်းနေတော့ ငါတို့ကော၊ ကျောင်းသူ၊ ကျောင်းသားတွေကော အကုန်ဒုက္ခ ရောက်တာပေါ့။ ”

“ငါ ပိုက်ဆံလိုတယ်မြတ်သင်းရာ။ အဲ့ဒါ မင်းကူညီနိုင်မလားတဲ့။ ”

“ဘယ်လို ကူညီ ရမှာလဲ။ အများကြီးတော့ ငါလည်း မတတ်နိုင်ဘူးနော်။ ”

“မင်းဆီက ငွေမယူပါဘူး။ ကျောင်းအုပ်ဆရာမကြီးရယ်၊ ကော်မတီရယ်ကို၊  ငါ လစာတွေ တနှစ်စာအကုန် ထုတ်ချင်တယ်ကွာ။ အဲ့ဒါ ကျောင်းမှာ မင်း ညှိပေး။ ”

“စာသင်ဖို့ကျတော့ကော။ ”
“ငွေအဆင်ပြေသွားရင်တော့ အရင်လိုပဲ ပုံမှန် လာသင်တော့မှာပေါ့။ ”

“စာမေးပွဲတွေက နီးနေပြီကွာ၊ စာတွေလည်း ဘာမှ မပြီးသေးဘူးလို့ ပြောတယ်။ ”

“အေးပါ။ အဲ့ဒါတွေ ပြေလည်အောင် အချိန်ပိုတွေပါ ခေါ်သင်လိုက်မှာပါ။ အေးဆေးပေါ့။ မင်းသာ ရအောင် ညှိပေး။  အိုကေတဲ့နေ့ကစပြီး ကျောင်းမှာ အချိန်တိုင်း၊ ငါ့ကို တွေ့ရပြီသာမှတ်” တဲ့။

ဖြိုးဝေ အပြောကောင်းတာရယ်၊ မြတ်သင်းကိုယ်တိုင် ဆရာစိတ် ဝင်လာလို့လား မသိဘူး၊ ကျောင်းသားတွေ အတွက် ပူပန်တာရယ်ကြောင့် ကျောင်းရောက်ရောက်ချင်း ဖြိုးဝေကိစ္စကိုဆရာကိုလှတင့်နဲ့ အရင်တိုင်ပင်တယ်။  ပြီးတော့ ကျောင်းအုပ်ဆရာမကြီးဆီ သွားပြီး အကျိုးအကြောင်း ပြောပြကြတယ်။ ကျောင်းအုပ်ကြီးနဲ့ ကျောင်းကော်မတီလူကြီးတွေ နေ့ခင်းပိုင်းမှာ ခေါင်းချင်းဆိုင်လိုက်တော့ ညနေကျောင်းဆင်းချိန်မှာ အိုကေတဲ့။  သူတို့ လည်း ကလေးတွေ ရှေ့ရေးကို ဦးစားပေးစဉ်းစားမှာပေါ့။ ဆရာဖြိုးဝေကိုယ်တိုင် မနက်ဖြန်မှာ ကျောင်းလာ၊  စာသင်ရင်း ထုတ်ယူနိုင်ပါတယ်တဲ့။ ဆရာဖြိုးဝေ ငွေလာထုတ်ရင် ဆရာတို့လည်း လိုက်လာပေးပါဦးလို့လည်း ဆရာမကြီးက မေတ္တာရပ်ခံတယ်။

(ရှစ်)
ကျောင်းမှာ ဖြိုးဝေကို ပြန်တွေ့ရလို့ ကျောင်းသူ၊ ကျောင်းသားတွေ ပျော်မြူးတက်ကြွနေကြတာကို မြင်ရတော့ မြတ်သင်းတို့လည်း စိတ်ချမ်းသာရတယ်။ ဖြိုးဝေ စာသင်သံက မြိုင်တယ်၊ လှိုင်တယ်။ တက်ကြွတယ်။ ဝါးထရံကို ထိုးဖောက်ထွက်လာပြီး မြတ်သင်း နားနေတဲ့ ခုံတန်းလျားဆီထိအတိုင်းသားကြားနေရတယ်။ မြတ်သင်းသင်တာ နဲ့ တခြားဆီပါလားလို့ လည်း ခံစားမိစေတယ်။ စာမသင်တတ်ဘဲ ဆရာ လုပ်ခဲ့မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း မြတ်သင်း အပြစ်တင်မိတယ်။ စာသင်တယ်ဆိုတာ လွယ်သလား၊ ခက်သလား ရာမလို့ ဗိုလ်အောင်ဒင်ထဲကလိုမေးခွန်း ထုတ်လိုက်ချင်တယ်။

ကိုယ့်ဘဝကို အထိုက်အလျောက်ပြေလည်စေမယ့် လစာငွေလေးကို ကြည့်ပြီး အနာဂတ်ကို မကြည့်မိတဲ့ ကိုယ့်ကိုယ်ကိုယ်လည်း အတ္တဖုံးနေတဲ့ အကန်းတယောက်လို့ သုံးသပ်မိတယ်။ မလုပ်သင့်တာကို မြတ်သင်း လုပ်ခဲ့မိတာ။ အနာဂတ်တွေကို မြတ်သင်း သင်းသပ်ခဲ့မိတာ။ ဒီအတွက် ကိုယ့်ကိုယ်ကို ဘယ်လို အပြစ်ပေးရမလဲလို့ မြတ်သင်း စဉ်းစားကြည့်တယ်။ အဖြေက နောက်နှစ်ဆိုတာနဲ့အတူထွက်လာတယ်။ နောက်တနှစ်တော့ ပိုက်ဆံ ဘယ်လောက်ရရ မြတ်သင်း ညာမစားချင်တော့ဘူး။ စာ မသင်တော့ဘူး။ ဘာမှ မတတ်ဘဲနဲ့ ဆရာ လုပ်စားတာ ကို လိပ်ပြာ မသန့်ဘူး။

ဒါဟာ အာဒိန္နာဒါနကံပဲလေ။ ကျောင်းသားမိဘနဲ့ကျောင်းသားတွေဆီက မတတ်မှန်း မသိအောင် ကွယ်ကာ ဝှက်ကာ ခိုးစားနေတာမဟုတ်လား။ လိမ်လည် လှည့်စားနေတာပဲ။ မုသာဝါဒကံဆိုလည်း ဟုတ်နေတယ်။ ရှေ့နှစ်တော့ တော်ပါပြီ၊ မလုပ်တော့ပါဘူးလို့ မြတ်သင်း ဆုံးဖြတ်လိုက်တယ်။ ဒီနှစ်ကတော့ ထားတော့။ ဆုတ်ရင်လည်း ရူးရတော့မှာကိုး။ သူတို့ လိုအပ်တဲ့ စာမဟုတ်တဲ့ အခြားဗာဟီရတွေကိုပဲ ကိုယ့်အမှားအတွက် ပေးဆပ်တဲ့အနေနဲ့ တတ်စွမ်းသမျှဖြည့်ဆည်းပေးတော့မယ်။ ဒါကြောင့်လည်း ဖြိုးဝေ ပေါင်ပစ်တဲ့အထဲက တင်ဇော်မိုး စက်ဘီးကို မြတ်သင်း ရွေးပေးခဲ့တာပဲ။

ဒီလောက်နဲ့တင် လုံပြီလား၊ လိပ်ပြာသန့်ပြီလားဆိုတော့ မဟုတ်သေးပါဘူး။ ကလေးတွေကို စာသင်ဖို့ အတန်း ထဲဝင်တိုင်း အားနာနေမိတယ်။ သူတို့ရဲ့ အနာဂတ်ကိုလည်း တွေးပြီး ရင်လေးနေမိတယ်။ သူတို့ စာမေးပွဲတွေ ဖြေဖို့ ဘာမှ မလိုတော့ဘူးလေ။ ကြားထဲမှာ တလစွန်းစွန်းလေးပဲ လိုတော့တာ။

(ကိုး)
ကျောင်းတက်ပြီးလို့ နာရီဝက်ကျော်တဲ့ထိ ဖြိုးဝေ ပေါ်မလာဘူး။ သွားကြိုနေတဲ့ ကျောင်းသားလေးတွေတောင် အတန်းဆီ ပြန်လာနေကြပြီ။ ကျောင်းရဲ့ သစ်သားတံခါးကြီးကိုလည်း ကျောင်းစောင့်ကြီး ဦးအောင်သိန်းက ပိတ်နေပြီ။ မြတ်သင်းကောဆရာလှတင့်ကော စာသင် မဖြောင့်တော့ဘူး။ ကျောင်းဝင်ပေါက်ကို တကြည့်ကြည့်လုပ်နေကြတာ။ အရင်ဆို ကျောင်းမတက်ခင် ဆယ်မိနစ်၊ ဆယ်ငါးမိနစ်အလိုဆို ရောက်နေပြီ။ ဖြိုးဝေ ဗွေဖောက်ပြန်ပြီထင်တယ်လို့ မြတ်သင်း တွေးမိပြီး ရင်မောသွားတယ်။

ဟုတ်ရင်တော့ ကျောင်းကော်မတီတွေနဲ့ ရပ်ရွာလူကြီးတွေကို ဘယ်လို ရင်ဆိုင်ရပါ့မလဲ။ ကျောင်းအုပ်ဆရာ မကြီးကတော့ ကိုယ်ချင်းကိုယ်ချင်းတွေလို ဖြစ်နေပြီမို့ ထားဦး။ ရွာလူကြီး ကော်မတီဝင်တွေကို မြတ်သင်း မျက်နှာ မပြဝံ့ဘူး။ ကျောင်းဆရာကွလို့  ရွာထဲမှာ ရင်ကော့၊ ခေါင်းမော့ဖို့ မ၀ံ့တော့ဘူး။ ဒီအတိုင်းဆိုကျောင်းလာ၊ ကျောင်းပြန်တွေမှာတောင် ရွာထဲ ဖြတ်သွားဖြတ်လာ လုပ်ဖို့ မြတ်သင်း ဝန်လေးမိတယ်။ မဟုတ်ပါစေနဲ့လို့ပဲ ကျိတ်ဆုတောင်းလိုက်တယ်။

“ဆရာမြတ်ရေ—-”

ဆရာလှတင့်က အာလုပ်ပြုတ်လာတော့။ စိတ်ညစ်ရတဲ့အထဲ စိတ်ပျက်မိပြန်တယ်။

“ဆရာလှတင့်ရာ၊ ကျနော့်ကို ဆရာမြတ်၊ ဆရာမြတ်နဲ့ မခေါ်စမ်းပါနဲ့။ ကျော မလုံလို့ပါ။ ”

ဆရာလှက မချိပြုံးလေး နည်းနည်းပြုံးပြီး၊  “ဆရာ့လူ ဟုတ်ပါ့မလားဗျ။ မနေ့ကလည်း ညနေပိုင်း တချိန်တည်း သင်ပြီး အစောပြန်သွားတာ”တဲ့။ အဲ့ဒါကို မြတ်သင်း မသိလိုက်ဘူး။ ရပ်ရွာက တွဲကျောင်း ရအောင် ဆောင်ရွက်ကြမယ့်ကိစ္စ ဆရာတဦးအနေနဲ့ တက်ရောက်ဖို့ဖိတ်တာနဲ့ အစည်းအဝေးထဲ ရောက်နေတာ။ ဖြိုးဝေ စောပြန်သွား တာကို မသိလိုက်ဘူး။ ဆရာလှတင့်ကို ပြန်ဖြေဇို့ထက် ရင်ထဲထိတ်နေတာက ပိုနေတယ်။ ဟုတ်နေပြီဆိုတဲ့ အသိ က ရုပ်ကော၊ စိတ်ကောကို လေးလံသွားစေတယ်။

ဒီစိတ်ကို ထိန်းဖို့ ရှေ့က စားပွဲခုံကို တဒေါက်ဒေါက်ခေါက်နေမိလိုက်တယ်။ တဒေါက်ဒေါက်သံကို နားစွင့်မိနေတာလား၊ သူ့အလိုလို ကြားနေတာလား ခွဲခြား မသိနိုင်ခြင်းနဲ့အတူ ကျောင်းခန်းအနောက်ဘက်ဆီ ငေးမိငေးရာ ကြည့်နေမိလိုက်တယ်။ ခုံခေါက်သံ တဒေါက်ဒေါက်ကြားက ဆရာဆိုတဲ့အသံ ပေါ်လာတယ်။ ဒီအသံကိုပဲ ကိုလှတင့်အသံအမှတ်နဲ့ လှည့်မကြည့်ဘဲ ဆက်ခေါက်နေလိုက်ပြန်တယ်။

ဗျို့ဆရာ– ခေါ်တယ်လို့ ဆရာလှတင့် ဗျို့ဟစ်လိုက်မှ လှည့်ကြည့်မိတော့တယ်။  ကျောင်းစောင့်ကြီး ဦးသိန်းအောင်။ စာရွက်ခေါက်လေး တခုကိုကိုင်လို့ ။  “လူတယောက် လာပေးသွားတာ။ ဆရာမြတ်သင်းကို ပေးပေးပါ တဲ့။ ” မြတ်သင်း ဦးသိန်းအောင် လက်ထဲက စာရွက်ခေါက်လေးကို လှမ်းယူလိုက်တယ်။

“ရပြီးနော် ဦးလေးသိန်း။ ကျေးဇူးတင်တယ်။ ” ဦးသိန်းအောင် ထွက်သွားပြီးမှ စာရွက်ခေါက်လေးကို မြတ်သင်း ဖွင့် ဖတ်လိုက်တယ်။ ဟာ-သွားပြီးဆိုတဲ့ အာမေဋိတ်သံလေး တခွန်းထွက်ပြီး မြတ်သင်း ငိုင်ကျသွားတယ်။  ဆရာ ဦးလှတင့်က ဘာလဲ ဆရာ။ ဘာတွေလဲတဲ့။ မြတ်သင်း ပြန်ဖြေနိုင်စွမ်း ကင်းမဲ့သွားပြန်တယ်။ စာရွက်ပြန့် လေးကို ဆရာဦးလှတင့် လက်ထဲ လှမ်းပေးလိုက်ပြီး၊ ကျောင်းထောင့်က မန်ကျည်းပင်ရိပ်ဆီ တဖြည်းဖြည်းခြင်း လှမ်းလျှောက်ထွက်လာလိုက်တယ်။ ဆရာ ဦးလှတင့်တော့ ခုလောက်ဆို ဖြိုးဝေရဲ့စာကို ဖတ်ပြီးလောက်ပြီပေါ့။  ဖြိုးဝေ ရဲ့စာက ရှည်မှ၊ မရှည်ပဲ။

သို့/ မြတ်သင်း၊
ငါ-ဖားကန့်  ထွက်သွားပြီ။ သင်ကြားရေးကိစ္စကို မင်းနဲ့ ဦးလှတင့်ပဲ သင့်သလို စီစဉ်လိုက်ပါ ဆိုတာလောက်ပဲပါတာ။ အဲ့ဒါကို ဖတ်ပြီး ဆရာလှတင့် ဘယ်လိုတွေးမိနေမလဲ။ ဘယ်လို စဉ်းစားနေမလဲ။

နွေထနောင်း၊ ဆောင်းမန်ကျည်းတဲ့။ ဒါပေမယ့် မြတ်သင်းအတွက်တော့ မန်ကျည်းပင်ကြီးအောက် ရောက်လို့  တော်တော်လေးကြာတာတောင် ရင်ထဲမှာ အေးမသွားဘူး။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)