သာထက်အောင် – လူရောင်စုံ၊ ဘ၀ရောင်စုံ၊ ဒုက္ခရောင်စုံ

February 13, 2019

သာထက်အောင် – လူရောင်စုံ၊ ဘ၀ရောင်စုံ၊ ဒုက္ခရောင်စုံ

(မိုးမခ) ဖေဖော်ဝါရီ ၁၃၊ ၂၀၁၉

အလုပ်ကနားပြီး ပင်စင်နာဘ၀ရောက်တော့ အချိန်အတော်များများ ပိုလာပါတယ်။ ငယ်စဉ် အလုပ်ရှိတုန်းကတော့ အလုပ်သွားလိုက် ပြန်လိုက် ၀ယ်လိုက် ခြမ်းလိုက် ၊ ချက်လိုက်ပြုတ်လိုက်နဲ့ တပတ် တပတ် ဘယ်လိုကုန်သွားမှန်းမသိပါဘူး။ ခုတော့ ပင်စင်နာတွေရဲ့ဘ၀ဟာ တဖြည်းဖြည်း အထီးကျန်ဆန်လာတယ် ဆိုတာ သဘောပေါက်စပြုလာပါပြီ။  ကျန်းမာရေးကလည်း အသက်ကြီးရင့်လာတာနဲ့အမျှ ပိုကောင်းလာတယ်ဆိုတာ ဘယ်ရှိမှာလဲ။ ဟိုကနာ သည်ကအောင့် ၊ ခု အကောင်း တော်ကြာ ခါးနာရတာနဲ့ သွားနာရတာနဲ့။ ဆရာကြီးသခင်ကိုယ်တော်မှိုင်းပြောသလို “မူးနောက် မူးနောက်နဲ့ ဒူးဒဂေါက်တွေကလည်း မကောင်းတဲ့အရွယ်ပေကိုး။” လို့ ဆိုရမယ်ထင်ပါရဲ့။

ကိုင်း … အရွယ်လေးကျန်နေတုန်း ၊ ကိုယ့်အရိုးကိုယ်သယ်နိုင်တုန်း မင်းဘာလုပ်မလဲ။ ဒီလိုပဲ ဖုန်းလေးပွတ်လိုက် တီဗီရှေ့မော့လိုက် ၊ စာလေးဖတ်လိုက် စိတ်ကူးရရင် စာလေးတပုဒ်စ နှစ်ပုဒ်စ ရေးလိုက်၊ ညနေကျ တခွက်တဖလားမော့လိုက် လုပ်နေရုံနဲ့ လူ့တာဝန် လောကတာဝန် ကျေပြွန်ပြီလို့ မင်းထင်နေသလား။ အချိန်လေးတွေ ပိုလာတော့ အတွေးတွေက အတိတ်ကိုလှည့်လိုက် ပစ္စုပ္ပန်ကို ရှုလိုက် ၊ အနာဂတ်ကို မျှော်လိုက်နဲ့ … အင်း … တယ်လည်း ၀ိစိကိစ္ဆာများ သကိုး။ တရားလေး ဘာလေး ထိုင်ရကောင်းမလားလို့ စဉ်းစားပြန်တော့ ပါရမီအရင့်အသန် နုံချာလှတဲ့ ဗာလာနံနဲ့ ကီးက မကိုက်ပြန်ဘူး။ ကုသိုလ်မရတောင် အကုသိုလ်မဖြစ်အောင် အလည်အပတ် အသောက်အစား အပြောအဆို အများကြီးဆင်ခြင်ရင်း ဆိတ်ဆိတ်ပဲ နေလာတာ ကြာပါပြီ။ ဒါတောင် ဖုန်းပွတ်ပြီး ဒေါသထွက်တဲ့အခါ ထွက် ၊ စာအုပ်ကြီးဘေးချပြီး ပြုံးတဲ့အခါပြုံး ခေါ်မကြားအော်မကြား နဲ့ ငေါင်တောင်တောင်ဖြစ်နေတဲ့ သူ့ယောကျာ်းကို “ဂေါက်” သွားမှာစိုးလို့ထင်ပါရဲ့ … ခရီးထွက်ပါလား၊ မြို့ထဲထွက်ပါလား ပြောပေမယ့် တခါတလေ တနေကုန်လို့မှ ကားစက်မနှိုးဖြစ်တဲ့ရက်တွေလည်း ရှိလာပါတယ်။

နှစ်လည်လောက်ရောက်တော့ ဇနီးဖြစ်သူက လေယာဉ်လက်မှတ်ဝယ်ဖို့အသွား လမ်းမှာ “ရှင်လည်း မရောက်တာကြာပြီ၊ ဒီတခေါက် လိုက်ခဲ့ပါ့လား”ဆိုတော့ ကျွန်တော် စိတ်လှုပ်ရှားသွားတယ်။ အသက် ၉၀ ကျော်စပြုပြီဖြစ်တဲ့ အမေကို နှစ်တိုင်းပြန်ပြုစုနေတဲ့ဇနီးက ဒီနှစ်ခရစ္စမတ်ပိတ်ရက်မှာ သမီးနဲ့အတူ ပြန်ဦးမှာ။ သူတို့ပြန်ရင် အိမ်မှာ တယောက်တည်း ပိုငေါင်ဦးမယ်။ အေး… ငါလည်း လိုက်မယ်ဆိုတော့ ဇနီးက ပြုံးတယ်။

၂၀၁၈ နိဝင်ဘာ၂၉ရက်နေ့ မနက် ၉ နာရီခွဲ ထွက်တဲ့ စင်ကာပူအဲယားလိုင်းနဲ့ ရွှေပြည်ကြီးခရီး စခဲ့ပါတယ်။ ညနေ ၄ နာရီခွဲ ရန်ကုန်လေဆိပ်ရောက်တော့ လူကပြိုင်းနေပြီ။ ဆစ်ဒနီ ရန်ကုန် ခရီး ကီလိုမီတာ ၈၂၁၉ အကွာအဝေး၊  ၁၁နာရီလောက် လေယာဉ်ပေါ် ပုံစံထိုင်လိုက်ရတော့ အသက်ကြောင့်ထင်ပါရဲ့  ပင်ပန်းတယ်။ မတွေ့တာ ၃ နှစ် ရှိပြီဖြစ်တဲ့ ကျွန်တော့်အကိုနဲ့ သူငယ်ဇော်မင်းဦး လာကြိုပါတယ်။ သူတို့နဲ့ စပ်မိစပ်ရာပြောရင်း လမ်းဘေးဝဲယာကို ကျွန်တော် အကဲခပ်နေမိပါတယ်။ ၃ နှစ် အတွင်း ဘာတွေပြောင်းလဲသွားသလဲ၊ ဘယ်လောက် တိုးတက်သလဲ။ အပေါ်ယံကြောပဲ ပြောင်းသလား ၊ တကယ့်အနှစ်သာရကော ပြောင်းသလား။ ဒါတွေ သိချင်နေတယ်။

တည်းခိုမယ့် ကျွန်တော့်အကိုတိုက်ခန်းရှိရာ ရန်ကင်း မိုးကောင်းလမ်းဆိုတာ တကယ်တော့ ဘာမှ ဝေးလှတာ မဟုတ်ပါဘူး။ ဒါပေမယ့် ကားတွေကြပ်ပြီး ယာဉ်ကြောပိတ်ဆို့နေတာနဲ့ လမ်းပေါ်မှာပဲ အချိန်တွေ ကုန်နေပါတယ်။ ရုံးဆင်းချိန်မို့ ဒါလောက် ကြပ်တာလားလို့ မေးကြည့်တော့ ဇော်မင်းဦးက မဟုတ်ဘူး အကို၊ ဒါ ပုံမှန်ပဲ ၊ ရန်ကုန်မှာ ကားမောင်းရင် စိတ်ရှည်သည်းခံ အမြန်မလိုမှ ဖြစ်မယ် … တဲ့။
ကြည့်စမ်း … ကားတွေ ကားတွေ။ သူ့လမ်းကြောင်းနဲ့ သူ စည်းကမ်းရှိရှိ မောင်းနေကြတာ မဟုတ်ဘူး၊ သူ့ထက်ငါ အတင်းကြီး သူများလိုင်းထဲ တိုးဝင်သူက၀င်၊ ဟွန်း တတီတီ တီးသူကတီး၊ ကားကြိုကားကြားထဲက ပွတ်ကာသီကာ လမ်းဖြတ်ကူးသူက ကူး။ ယာဉ်မောင်းနဲ့ ဘေးချင်းယှဉ်စီးလာတဲ့ ကျွန်တော့်မှာ ရင်တွေ ပန်းတွေတုန်။ ပါးစပ်ကလည်း တဟဲ့ဟဲ့နဲ့။ စိတ်ချပါ မတိုက်ပါဘူး၊ ရန်ကုန်မှာတော့ ဒီလိုမှ မမောင်းရင် အိမ်ပြန်ရောက်ဖို့ မလွယ်ဘူးလို့ပြောရင်း ဖုန်းလက်ကမချတဲ့ ဇော်မင်းဦးကတော့ ဒါမျိုးရိုးနေပြီ ဆိုတဲ့ ပုံမျိုး။

ခရစ္စမတ်အလုပ်ပိတ်မှ လိုက်လာမယ့်ဇနီးကတော့ အမှာလိုက်သား။ “ရှင် .. ရန်ကုန်မှာ ကားလမ်းကူးရင် ဂရုစိုက်၊ မျဉ်းကြားကကူးလည်း ရှင့်ကို ဘယ်သူကမှ ရပ်ပေးမှာမဟုတ်ဘူး။ ကားကြိုကားကြားထဲက ပွတ်ကာသီကာ ရန်ကုန်သားတွေလို မကူးနဲ့။ အာဂန္တုမသာ ဖြစ်သွားလိမ့်မယ်။ မီးပွိုင့်မှာ မီးနီလို့ ကားတွေအားလုံး ရပ်မှ ကူး။”

“ရန်ကုန်မှာ တက်စီမောင်းလာတဲ့ကောင်ပါကွာ ၊ ဒါလောက်လည်း မစိုးရိမ်ပါနဲ့” ဆိုတော့

“ရှင်တို့ ဘိုးတော်ဘုရားခေတ်နဲ့ တူတာ မဟုတ်ဘူး၊ ခုရန်ကုန်မှာ ကားတွေကများ လူတွေကများ ပလက်ဖေါင်းပေါ် ဈေးတက်ရောင်း၊ လူတွေက ကားလမ်းပေါ်က လျှောက်၊ ရှင့်လို လမ်းလျှောက်ရင်း တွေးချင်ရာတွေး၊  ငေးချင်ရာငေးတတ်တဲ့လူနဲ့တော့… ဟင်း..ဟင်း။”

သူပြောလည်း ပြောစရာပဲ။ ရောက်ပြီးနောက်နေ့ မြို့ထဲထွက်မယ် လုပ်တော့ တက်စီငှားတော့ ကားတွေက မလိုက်ကြဘူး။ ကျွန်တော်ရပ်ပြီးတားတဲနေရာက မြို့ထဲနဲ့ ဆန့်ကျင်ဘကြ ဖြစ်နေတာကိုး။ ဟိုဘက်ပလက်ဖေါင်းကူးပြီး ငှားမှ အဆင်ပြေမှာဆိုတော့ မိုးကောင်းလမ်းကို ဖြတ်ဖို့ ကြိုးစားတာ … ဘုရား … ဘုရား … အတော် မလွယ်ပါလား။ မီးပွိုင့်လည်းမရှိ၊ မျဉ်းကြားလည်းမရှိ၊ ကားတွေက တရစပ် မရပ်မနား လာနေ။ ကူးမယ်လုပ်လိုက် မကူးရဲတော့ နောက်ပြန်ဆုတ်လိုက်။ ကျွန်တော့်အဖြစ်ကို သတိပြုမိဟန်တူတဲ့ ကျွန်တော်တည်းတဲ့ကွန်ဒိုက လုံခြုံရေးဝန်ထမ်းတယောက်က အကိုကြီးလာလာ ဆိုပြီး ကျွန်တော့်လက်ဆွဲ၊ လာနေတဲ့ကားတွေ လက်ပြတားပြီး လိုက်ပို့မှ အဆင်ပြေသွားပါတယ်။ မောင်မင်းကြီးသား ကျေးဇူးကြီးလှပါတယ်။

မဆိုးပါဘူး။ မြို့ထဲဘက်ခေါင်းတည်လာတဲ့ ကားတွေဆိုတော့ ချက်ခြင်း ငှားလို့ ရပါတယ်။ ဆိုးတာက ယာဉ်မောင်း၊ ၃၃ လမ်း ဘယ်နားရှိမှန်း ကောင်းကောင်းမသိ။ လှိုင်သာယာက လမ်းတခုပြောလို့ မသိဘူးဆိုရင် ခွင့်လွှတ်နားလည်ပေးလို့ ရပါတယ်။ တက်စီမောင်းစားပြီး ၃၃ လမ်း တောင် ကောင်းကောင်းမသိ၊ ဒီအူကြောင်ကြားကို ကျွန်တော် စိတ်မရှည်ချင်တော့ပါဘူး။ ကဲ … ဒီမှာပဲ ရပ်တော့ ငါ ဆင်းလျှေက်သွားတာပဲ ကောင်းပါတယ်ဆိုပြီး ဆူးလေ ကျောက်တံတားရဲစခန်းရှေ့မှာ ဆင်း၊ အနော်ရထာလမ်း ဖြတ်မယ်လုပ်တော့ … မိန်းမစကား မြေ၀ယ်မကျ နားထောင်မှဖြစ်တော့မယ်။ မီးနီလို့ ကားတွေ လေးဘီးစလုံးရပ်ပြီဆိုမှ ဟိုဘက်ပလက်ဖေါင်းကို အောင်နိုင်တဲ့စစ်သူကြီးလို ရင်ကော့ ကူးခဲ့ပါတော့တယ်။

ရန်ကုန်ရောက်ခိုက် ဟိုဟိုဒီဒီ သွားတိုင်း တက်စီ ငှားစီးဖြစ်ပါတယ်။ သတိထားမိတာ တခုက တက်စီဒရိုင်ဘာအတော်များများ လမ်းမကျွမ်းကြဘူး။ ကျွန်တော်လည်း တချိန်တုန်းက ရန်ကုန်မှာ တက်စီ မောင်းခဲ့ဖူးလေတော့ သူတို့ကြည့်ရတာ အားမရဘူး။ သွားချင်တဲ့နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်အောင်ပို့နိုင်တဲ့ သူက ခပ်ရှားရှား။ အူကြောင်ကြောင် သိသလို မသိသလို ၊ တချို့ကျ ခင်ဗျား လမ်းပြဗျာ … တဲ့။ အဲဒီအကြောင်း တနေ့ စကားစပ်မိတော့ သူတို့အပြောအရ တချို့ဒရိုင်ဘာက လိုင်စင်တောင် မရှိဘူး ဆိုပဲ။ အဖမ်းခံရရင် လိုင်စင်ရှိလည်း ပိုက်ဆံပေးရ မရှိလည်းပေးရ ဆိုတော့ မထူးဘူး၊ လိုင်စင် မလုပ်တော့ဘူးတဲ့။

၂၀၀၈ နာဂစ်မုန်တိုင်းကြီး နှိပ်စက်လိုက်တော့ သေသူသေ ရှင် ကျန်ရစ်သူတွေလည်း ဘ၀တွေပျက်ပြီး ရန်ကုန်တက် အလုပ်ရှာကြတော့ မိန်းကလေးတွေက ကာရာအိုကေ အနှိပ်ခန်း လမ်းဘေးဈေးသည် အထည်ချူပ်စက်ရုံ ၊ ယောကျားေ်လးတွေက ကြုံရာကျပမ်း ဘတ်စကားစပယ်ယာ၊ တက်စီဒရိုင်ဘာ၊ စားသောက်ဆိုင်စားပွဲထိုး ဆောက်လုပ်ရေးတွေမှာ သဲသယ် ခဲသယ် ဆိုတဲ့ဘ၀မျိုးတွေမှာ ကျင်လည်ကြရတယ်။ ကျန်တဲ့ အသက်မွေးဝမ်းကြောင်းအလုပ်တွေက အဆင်မချောရင်သာ ရှိမယ်၊ စားသုံးသူရဲ့အသက်ကိုတော့ အပေါင် မထားရပါဘူး။ အဲ… ဘတ်စကားဒရိုင်ဘာတို့ တက်စီဒရိုင်ဘာတို့ ဆိုတာကတော့ ခရီးသည်တွေရဲ့အသက် သူ့လက်ထဲ ၀ ကွက် အပ်ထားရလေတော့ သူမကျွမ်းကျင်ရင် အားလုံး ဇီဝိန်ချုပ်သွားနိုင်တာမို့ ဒါကို ပေါ့သေးသေး သဘောထားပြီး အ ရည်အချင်း မပြည့်မှီသူတွေကို ငွေမျက်နှာတခုကြည့်ပြီး လိုင်စင်တွေ ထုတ်ပေးနေမယ် ဆိုရင်တော့…။

ဆိုင်မဆိုင်တော့ မသိဘူး၊ ကြားမိတာတခုက ၂၀၁၈ တနှစ် အတွင်းမှာပဲ ယာဉ်မတော်တဆမှုကြောင့် တနိုင်ငံလုံး လူအသေအပျောက် ၅ ထောင် လောက် ရှိဆိုပဲ။ စစ်ဖြစ်နေတဲ့ တိုင်းပြည်တွေတောင် တနှစ်အတွင်း အဲသလောက် မသေလောက်ဘူး ထင်တာပဲ။ နောက်ပြီး ကားတနေရာစာ ရပ်ဖို့ အတွက် ဒုတ်တပြက် ဓါးတပြက်ဖြစ်ကြတာလည်း ရန်ကုန်မှာ ကားရပ်ဖို့နေရာပြဿနာ အတော်ကြီးနေပြီဆိုတာ ထင်ရှားပါတယ်။

ယာဉ် မတော်တဆမှု ဖြစ်တယ်ဆိုတာ ယာဉ်၊ ယာဉ်မောင်းနဲ့ လမ်းတခုခု ချို့ယွင်းလို့။ ကားက ဘရိတ်ကောင်းကောင်း မမိဘူး၊ တာယာက ကတုံးဖြစ်နေပြီ စသဖြင့်  မော်တော်ယာဉ်ရဲ့ အားနည်းချက်။ အဲ…ယာဉ်မောင်းမှာ လိုင်စင်မရှိဘူး၊ ပိုက်ဆံပေးလုပ်ထားလို့ လိုင်စင်တော့ရှိပါရဲ့၊ ကားမောင်းက မကျွမ်းကျင်ဘူး၊ နေရာအလုံအလောက်ရှိပါလျက် ပါကင်ထိုးလို့ မရပဲ ချွေးပြန်နေတဲ့ ကိုကို မမ များလည်း တွေ့ခဲ့ရပါတယ်။

အညာဘက်ရောက်တော့ ကလေးသာသာလေးတွေက ဆိုင်ကယ်စီးလို့။ ဆိုင်ကယ်က ၀စ်သောက် ၊ ညကြီး မောင်းနေပေမယ့် ဆိုင်ကယ်နောက်မီး မပါဘူး။ ဆိုင်ကယ်စီးရင်း ဖုံးပြော မက်ဆေ့ပို့၊ုဖြစ်တော့မှ – အမယ်လေး… အဖြစ်ဆိုးလှချည့်… ဖြစ်ကုန်တာ။

သေမင်းတမန်လမ်းလို့ အမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ ရန်ကုန်မန္တလေး အမြန်လမ်းမကြီးကတော့ ပညာရှင်တွေ မပြောနဲ့ ၊ ကျွန်တော်လို နလပိန်းတောင် ရိပ်စားမိပါတယ်။ ဘုန်းကြီးပင့်ပြီး ပရိတ်ရွတ်ရုံနဲ့ အန္တရာယ်ကင်းရင် ပညာရှင်ဆိုတာ ဘယ် လိုတော့မှလဲ။

အမြန်လမ်းမကြီးပေါ် ညကြီးမောင်းတဲ့ ကားပေါ်လိုက်လာရင်း ၀ဲယာ မှောင် ပိန်းလို့။ လမ်းမီးတိုင် မရှိ။ ဆိုင်ကယ်မစီးရဘူးလို့ ကန့်သတ်ထားတယ် ကြားပေမယ့် အမြန်လမ်းမကြီးပေါ် ဆိုင်ကယ်တွေ တ၀ီးဝီး။ သက်ဆိုင်ရာပုဂ္ဂိုလ်တွေလည်း မြင်မှာပါ။ မင်းနေပြည်တော်နဲ့ ခဲတပစ်အကွာမှာပဲ ဥပဒေကို ပေါ်ပေါ်တင်တင်ကြီး ချိုးဖေါက်နေမှတော့…။ တိုင်းပြည်တပြည် ကြီးပွါး ချမ်းသာသွားတယ် ဆိုတာ တကယ့်လက်တွေ့အရှိတရားကို ရဲရဲကြည့် လက်တွေ့ကျကျ စဉ်းစားတွေးခေါ်မှ ဖြစ်တာပါ။ ဟန်ရေး ၀ါရေး ပြလိုက်၊ စိတ်ကူးလေးယဉ်လိုက် ၊ လေကြီးမိုးကြီး ပစ်လိုက်နဲ့တော့ ဘာမှဖြစ်လာမှာ မဟုတ်ဘူးဆိုတာလောက်တော့ ကျွန်တော်တို့ သိသင့်ပြီ။ ။

(ဆက်ရေးပါဦးမည် )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, သာထက်အောင်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)