မောင်စွမ်းရည် – စာပေဝေဖန်ရေး

February 19, 2019

မောင်စွမ်းရည် – စာပေဝေဖန်ရေး

(မိုးမခ) ဖေဖော်ဝါရီ ၁၉၊ ၂၀၁၉

ကျနော် အခုအခါမှာ ပြေးရင်းလွှားရင်း အမေရိကားမှာပဲ သော`င်တင်နေပါတယ်။။ ၁၄-၅ နှစ် ကြာခဲ့ပါပြီ။ ၂၀၁၅-၁၆ တို့မှာ ဗမာပြည်ကို ခနပြန်တယ်။ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းတွေကို ကဗျာကရာ ရှာဖတ်ပါတယ်။ စာနယ်ဇင်းတွေမှာ စာပေဝေဖန်စာရယ်လို့ မတွေ့ခဲ့မိပါဘူး။ တွေ့သမျှ စာပေဆောင်းပါးများကလည်း အဆင့်အတန်းမရှိဘူးလို့ ထင်မိပါတယ်။ စိတ်မကောင်းစရာပဲ။

စာပေဝေဖန်တယ်ဆိုတာ စာတပုဒ်ကို ဖတ်ပြီး ကောင်းမကောင်းကို ကျိုးကြောင်းပြပြီး ရေးသားပြောဆိုခြင်းပါပဲ။ ဝေဖန်မှုမရှိဘဲနဲ့ စာပေလောကမှာ ဘာတွေဖြစ်နေတယ်ဆိုတာ အသေအချာမသိနိုင်ပါဘူး။ ဒီတော့ စာပေဟာ မတိုးတက်နိုင်ပါဘူး။ စာပေဝေဖန်မှုရှိမှသာ တိုးတက်နိုင်မှာပါ။ ကျနော်တို့ခေတ်သစ်စာပေလောကမှာ ခေတ်ဦးပိုင်းကဆိုရင် ရန်ကုန်တက္ကသိုလ်အသိုင်းအ၀ိုင်းက ဆရာကြီးဦးဖေမောင်တင်တို့ ဦးဆောင်ပြီး ခေတ်သစ်စာပေဝေဖန်ရေးတို့ကို လမ်းခင်းပေးခဲ့ပါတယ်။ ခေတ်သစ်ဝေဖန်ရေးလို့ ဆိုရတာက ရှေးဟောင်းနဲ့ မတူနိုင်လို့ပါပဲ။ ရှေးကတော့ ရှေးဟောင်းပါဠိဝေဖန်နည်းတွေ သုံးခဲ့တယ်။ ဂုဏ်၊ ရသ၊ အလင်္ကာ ဆိုတာတွေနဲ့ပေါ့။ ခေတ်သစ်ဝေဖန်ရေးကတော့ လောက၊ သဘာဝ၊ လူ့သဘာဝကို ဘယ်လောက် ထင်ဟပ်ဖော်ကျူးနိုင်သလဲ၊ ဘယ်လို ထင်ဟပ်ဖော်ကျူးသလဲ၊  ဆိုတာမျိုးကို အဓိကထားကြည့်တဲ့နည်းပေါ့။ အနောက်တိုင်းဝေဖန်နည်းလို့ အလွယ်ပြောရင်လည်း ရပါတယ်။

ဦးဖေမောင်တင်တို့က ဦးလတ်ရဲ့ စပယ်ပင်ဝတ္ထုတို့ ဂျိမ်းလှကျော်ရဲ့ မောင်ရင်မောင်၊ မမယ်မ ၀တ္ထုတို့ကို ဝေဖန်ခဲ့ပါတယ်။ တက္ကသိုလ်အသိုင်းအ၀ိုင်းထဲက ပါမောက္ခ ဂေါ်ဒွန်လုစ်တို့ ဂျေအက်စ်ဖာနီဗယ်တို့လို ပုဂ္ဂိုလ်များကလည်း မြန်မာစာပေတွေကို အင်္ဂလိပ်လို ရေးသားဝေဖန်ခဲ့ကြပါတယ်။ သုတေသနဂျာနယ်၊ ဂန္ထလောကမဂ္ဂဇင်း စတဲ့ စာစောင်တွေ ထုတ်ဝေပြီး ခေတ်မှစာပေသုတေသနနဲ့ စာပေဝေဖန်ရေး ဗဟုသုတတွေ ခင်းကျင်းဖော်ပြပေးခဲ့ကြပါတယ်။ သူတို့မွေးထုတ်ထားတဲ့ မြန်မာစာပေတပည့်များဖြစ်သူ သိပ္ပံမောင်ဝနဲ့ ဆရာဇော်ဂျီတို့ကလည်း စာပေသစ်များကို ပြုစုရင်း စာပေဝေဖန်ရေးတို့ကိုလည်း တတ်စွမ်းသမျှ ဆောင်ရွက်ခဲ့ကြပါတယ်။ ဒါက ကိုလိုနီခေတ်နောက်ဆုံးအပိုင်းနဲ့ လွတ်လပ်ရေးခေတ်ဦးပိုင်း အထိပါပဲ။

လွတ်လပ်ရေးခေတ်ဦးပိုင်းမှာတော့ ဒဂုန်တာရာနဲ့ တာရာမဂ္ဂဇင်းပေါ်လာပြီး စာပေဝေဖန်ရေးတာဝန်ကို ယူပါတယ်။ ဒီကာလမှာတော့ စာပေဝေဖန်ရေးက နိုင်ငံရေးကဲပါတယ်။ လက်ဝဲဂိုဏ်းနဲ့ လက်ယာဂိုဏ်း စာပေတိုက်ပွဲ ပြင်းထန်ခဲ့သလို၊ လက်ဝဲဂိုဏ်းတွေကြားမှာလဲ လက်ဝဲ စာပေတိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။ ‘စာပေသည် ပြည်သူကို အကျိုးပြုရမည်’ ဆိုတဲ့ ကြွေးကြော်သံနဲ့အတူ ‘ပြည်သူ့စာပေအယူအဆ’ ရှေ့တန်းကို ရောက်လာခဲ့ပါတယ်။ တာရာမဂ္ဂဇင်းကလည်း ခနပဲခံပြီး ရပ်သွားတော့ စာပေဝေဖန်သံတွေလည်း စဲသွားခဲ့တယ်။ စစ်အစိုးရတက်လာပြီး စာရေးဆရာတွေ ထောင်ထဲနဲ့ ပင်လယ်ထဲက ကျွန်းပေါ်ကို ရောက်ကုန်ကြပါတယ်။ ဖိနှိပ်ချူပ်ချယ်မှုတွေများပြီး ဝေဖန်ရေး ဆွံ့ရှားသွားခဲ့ပါတယ်။

စစ်တပ်နောက်ခံ ‘မဆလ’ ဆိုရှယ်လစ်အစိုးရခေတ်မှာ ဆိုရှယ်လစ်သံ မြည်ဟည်းနေတဲ့ကြားထဲကို ‘ဆိုရှယ်လစ်သရုပ်မှန်’ ဆိုတဲ့ အသံပေးပြီး စာပေဝေဖန်ရေးတမျိုး တိုးဝင်လာခဲ့ပါတယ်။ ဆိုရှယ်လစ်အသံပါလို့လား မသိ – မဆလက မန္တလေး လူထုသတင်းစာမှာပါတဲ့ စာပေဝေဖန်ရေးကို ခွင့်ပြုထားခဲ့ပါတယ်။ တခါနှစ်ခါတော့ အဖြတ်ခံ၊ အဖြုတ်ခံရတာပေါ့။ မင်သုတ်ခံရတာလဲ ရှိတာပေါ့။ ဒီကြားကပဲ မောင်စွမ်းရည်ရဲ့ လူထုသတင်းစာ ဝေဖန်ရေးကဏ္ဍဟာ ၁၀နှစ်လောက် သက်တမ်းရှည်ခဲ့ပါတယ်။ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းရဲ့ စာဆိုတော်နေ့ စာတမ်းဖတ်ပွဲက ရှေးစာ – ခေတ်စာ ဝေဖန်စာတမ်းတွေဟာလည်း နှစ်စဉ်မြိုင်ဆိုင်ခဲ့ပြီး ဝေဖန်ရေးစာတမ်းစာအုပ်တွေ ထုတ်နိုင်ခဲ့ပါတယ်။ တကယ်တော့ မဆလ-ဆိုရှယ်လစ်နဲ့ မပတ်သက်တာတွေ။ ဗိုလ်နေ၀င်းက ဘာအဖွဲ့မှ မဖွဲ့ရ၊ ဘာစာတမ်းဖတ်ပွဲမှ မလုပ်ရ ဆိုပြီး ပိတ်ပင်လိုက်တော့မှ အထက်ဗမာနိုင်ငံစာရေးဆရာအသင်းလည်း ပိတ်၊ ဝေဖန်စာတမ်းတွေလည်း ပိတ်။ လူထုသတင်းစာမှာ ပါနေတဲ့ မောင်စွမ်းရည်ရဲ့ စာပေဝေဖန်ရေးကဏ္ဍလည်း ပိတ်သွားခဲ့ပါတယ်။

မန္တလေးမှာ လူထုသတင်းစာကို ပိတ်လိုက်ပြီး အစားထိုးတဲ့အနေနဲ့ ဟံသာဝတီသတင်းစာတိုက်က်မှာ ကြေးမုံဦးဝင်းတင်ကို အယ်ဒီတာချုပ်ခန့်ပြီး မန္တလေးကို ပို့လိုက်ပါတယ်။ လူထုအယ်ဒီတာ၊ လူထုစာရေးဆရာတွေနဲ့ မပတ်သက်ရ လို့ ဗိုလ်နေ၀င်းက မှာလိုက်ပေမယ့် ဦးဝင်းတင်က မောင်စွမ်းရည်ကို ဟံသာဝတီမှာ ရေးဖို့ ဖိတ်ခေါ်ပါတယ်။ မောင်စွမ်းရည်က စာပေဝေဖန်စာတွေ လုံးဝမရေးဘဲ ကျေးလက်လူထုတေး၊ ကောက်စိုက်သီချင်းတွေအကြောင်းကို အဓိကထားပြီး နာမည်ရင်းနဲ့ ရေးပေးခဲ့ပါတယ်။ ဒီတော့ မောင်ဝန်ဇင်း အမည်နဲ့ ဦးဝင်းတင်ပဲ စာပေဝေဖန်စာတချို့ ရေးပါတယ်။ စနေစာပေ၀ိုင်းကို တီထွင်ပြီးလုပ်တော့ မောင်စွမ်းရည်တို့က မသွားပါ။ မလွှဲသာလို့ လူထုဦးလှနဲ့ လူထုဒေါ်အမာတို့ပဲ သွားကြပါတယ်။ ဦးသိန်းဖေမြင့် ရန်ကုန်ကလာပြီး စာတမ်းဖတ်ပါတယ်။ ဒီသတင်းကိုလည်း ဗိုလ်နေ၀င်းသိတော့ ဟံသာဝတီသတင်းစာကိုလည်း ပိတ်၊ အယ်ဒီတာကိုလည်း ဖြုတ်လိုက်ပါတယ်။

အဲဒီကတည်းက ဖိနှိပ်မှုတွေ ပိုများလာပြီး စာပေဝေဖန်ရေးရော ဘာဝေဖန်ရေးမှ မရှိတော့ပါ။ ရှစ်လေးလုံးအရေးတော်ပုံတို့ ရွှေဝါရောင်အရေးတော်ပုံတို့ ဆက်တိုက်ပေါ်လာပြီး ပွဲကြမ်းကုန်တော့တာပါပဲ။ စာရွက်ပေါ်က ဝေဖန်ရေးမရှိတော့ပဲ လမ်းပေါ်လူထုဝေဖန်ရေးတွေပဲ ပေါ်ပေါက်ခေတ်စားလာခဲ့ပါတယ်။ ဒီလိုနဲ့ စာပေဝေဖန်ရေးမရှိတဲ့ တိုင်းပြည်ဆိုတာ ကမ္ဘာမှာ ဗမာကွ ဆိုပြီး ရပ်တည်လာခဲ့တာ ခုအထိ အရှိန်မပြေသေး။ လူငယ်တွေက ကမ္ဘာကြီးနဲ့ အဆက်ပြတ်ပြီး ကမ္ဘာစာပေလည်း မသိ၊ ဗမာ့စာပေလည်း နှံ့စပ်အောင် မသိကြတော့။ ဝေဖန်စာတွေ မရေးနိုင်ကြတော့ စာနယ်ဇင်းတွေလည်း မထွန်းကားကြတော့။ စာပေဝေဖန်ရေးသမား မရှိတဲ့ ဒီမိုကရေစီနိုင်ငံအဖြစ်နဲ့ ဗမာပြည်ဟာ ဘယ်လောက်ကြာကြာ ရပ်တည်နေမလဲ မသိ။ ဝေဖန်ရေးလုပ်မယ့် လူငယ်တွေဟာ ကမ္ဘာစာပေနဲ့လည်း ချိတ်မိပါစေ၊ မြန်မာ့နိုင်ငံရေး၊ ကမ္ဘာ့နိုင်ငံရေးကို စာပေနောက်ခံအဖြစ် လေ့လာနိုင်ပါစေ။ မြန်မာ့စာပေကိုလည်း ရှေးရော ခေတ်ပါ နှံ့စပ်ပါစေ။

မောင်စွမ်းရည်
၂၀၁၉ ဖေဖော်ဝါရီ ၇၊ နယူးယောက်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)