မောင်သာနိုး – သတိပြုသင့်သည့် မြန်မာစာလုံးပေါင်းများ

February 20, 2019

photo – dated 23rd Oct 2004, Maung Thar Noe, Tin Moe and Maung Swan Yi @ USA

– သတိပြုသင့်သည့် မြန်မာစာလုံးပေါင်းများ

(မိုးမခပြန်လည်ဆန်းသစ်) ဖေဖော်ဝါရီ ၂၀၊ ၂၀၁၉

တစ်နေ့က တစ်ရက်တည်းမှာပဲ စာလုံးပေါင်းတစ်ခုတည်း မှားတာကိုနှစ်နေရာမှာတွေ့ခဲ့တယ်။ မှားတာကလည်း ‘စိတ်တိုင်းကြ’ ဆိုတဲ့ စကားလုံး။ ပထမတစ်နေရာကကုန်တိုက်။ ‘ပစ္စည်းများကိုစိတ်တိုင်းကြ ရောင်းချပေးနေပါသည်’ တဲ့။ ကောင်တာတိုင်းမှာ ဒီစာတန်းကိုတွေ့ရတယ်။ နောက်တစ်နေရာကကားရေဆေး ဆီထိုး အလုပ်ရုံ။ ရုံထိပ်မှာဧရာမ စာလုံးမည်းကြီးတွေနဲ့ ‘လုပ်ငန်းများကိုစိတ်တိုင်းကြ ဆောင်ရွက်ပေးနေပါသည်’ တဲ့။ အဲဒီကတည်းကဒီဆောင်းပါး ရေးဖို့တေးထားခဲ့တာပါ။

တကယ်ကတော့ကုန်တိုက်တို့၊ ကားရေဆေးဆီထိုးတို့ ဆိုတာက စာပေနဲ့တိုက်ရိုက်ဆက်စပ်ခြင်း မရှိကြဘူးလို့ ပြောနိုင်ပါတယ်။ ဝတ္ထုစာအုပ်တို့၊ မဂ္ဂဇင်းတို့ ဆိုတာတွေကမှ စာပေနဲ့ တိုက်ရိုက်ဆက်နွယ် စပ်ယှက်နေတဲ့ စာအုပ် စာတမ်းတွေမှာ စာလုံးပေါင်းမှားကြတယ်။ ဒါကမှအရုပ်ဆိုးတာပါ။ မဂ္ဂဇင်းတစ်စောင် ကောက်ကိုင်ကြည့်လိုက်လို့ မရှူမလှ စာလုံးပေါင်းမှားနေတာ တွေ့ရရင် မြန်မာစာပေ ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ အင်မတန် စိတ်ဆင်းရဲရတယ်။ တစ်ခါ အဲဒီ မဂ္ဂဇင်းမှာ ကိုယ်က အမှန်ရေးပေးလိုက်တာကြီးကို အမှားလုပ်ထားတာ တွေ့လိုက်ရတော့ သေချင်စော် နံရရော။ နောက်ပြီး ဒီမှားတာတွေ ကြည့်လိုက်တော့ ခဲရာခဲဆစ် မဟုတ်။ အခြေခံ စာလုံးပေါင်းကလေးတွေ၊ နေ့စဉ်သုံး စကားလေးတွေ။

‘စိတ်တိုင်းကြ’ ကိုပဲ ကြည့်လေ။ အမှန်က ‘စိတ်တိုင်းကျ’ ရယ်လို့ဖြစ်ရပါမယ်။ ‘စိတ်တိုင်းကျ’တယ်ဆိုတာ မိမိစိတ်က အလိုရှိတဲ့အတိုင်း အခြေအနေ ရောက်ရှိတယ်လို့ ပြောတာပါပဲ။ အလားတူ ‘ကျ’ ကိုသုံးပုံတွေက ‘အလိုကျတယ်’၊ ‘ဟန်ကျတယ်’၊ ‘နေရာကျတယ်’၊ ‘ဇိမ်ကျတယ်’ စသဖြင့်တွေ့ရပါတယ်။ အဓိပ္ပါယ် သိုးကာသီကာ လွဲတဲ့ ‘ကျ’ ကတော့ ‘မျက်စိကျနေတယ်’၊ ‘နောက်တန်းကျတယ်’၊ ‘အောက်တန်းကျတယ်’၊ ‘အထက်တန်းကျတယ်’၊ အံဝင်ခွင်ကျတယ်’ တို့ပါပဲ။

ကျွန်တော်ကိုယ်တိုင် ခံလိုက်ရတဲ့ ‘ကျ’ ကတော့ ‘လုပ်နေကျအလုပ်’၊ ‘စားနေကျ အစာ’၊ ‘လာနေကျ ဧည့်သည်’ မှာပါတဲ့ ‘ကျ’ ဖြစ်ပါတယ်။ ကျွန်တော်က ဆောင်းပါးထဲမှာ ‘ကျွန်တော် သွားနေကျ ခရီး’ လို့ ရေးပေးလိုက်ပါတယ်။ မဂ္ဂဇင်း ထွက်လာတော့ ‘သွားနေကြ’ ဖြစ်သွားလို့ အတော်စိတ်ပျက်ရပါတယ်။ ‘နေကျ’ ကို မြန်မာအဘိဓာန်က ‘ဖြစ်တည်ဆောင်ရွက်လေ့ရှိသည်ကိုပြသော စကားလုံး’ လို့ရှင်းပြပြီး၊ ‘လုပ်နေကျအလုပ်’ ကိုနမူနာပေးထားပါတယ်။ ‘အလေ့အထရှိ’ တာပါပဲ။ ‘စားနေကျအစာ’ ဆိုတာ စားလေ့စားထရှိတဲ့ အစာလို့အဓိပ္ပာယ်ရပါတယ်။ တကယ်လို့ ‘နေကြ’ ရယ်လို့ရရစ်လိုက်ရင် အများသဘော၊ ဗဟုဝုစ် အဓိပ္ပာယ် ဖြစ်သွားလိမ့်မယ်။ ဥပမာ၊ ကလေးတွေ ဆော့ ‘နေကြ’ တယ်ဆိုတာမျိုး။

နောက်အမှားအများဆုံး စကားလုံးက ‘တ’ ပါပဲ။ ကျွန်တော်က ‘တ’လို့ စသတ်မပါဘဲ ရေးပေးလိုက်တာကို စသတ်ထည့်ပြီး ‘တစ်’ လုပ်ပေးနေကြလေ့ရှိတယ်။ ဥပမာ ‘တချို့’ ကို ‘တစ်ချို့’ လုပ်ပစ်ကြတာမျိုး၊ တဝမ်းပူစသတ် ‘တစ်’ က အရေအတွက် ‘တစ်’ ကိုပြောမှသုံးရပါတယ်။ လူတစ်ယောက်၊ စာအုပ်တစ်အုပ်၊ မြို့တစ်မြို့။ နောက်ပြီး သားငါးကို ‘တစ်’ တာ၊ လည်ချောင်းထဲ ‘တစ်’ ဆို့နေတာ၊ ကျားသတ္တဝါ ‘တစ်’ (အသံပြု)တာ၊ တစ်တီတူးငှက်၊ တစ်တစ်ခွခွ၊ တစ်တစ်ရစ်ရစ်၊ ကကတစ်(ငါး) စတာတွေမှာလည်း စသတ်သုံးပါတယ်။ ဒါပေမဲ့ အဲသလိုမဟုတ်ရင် စသတ်မပါပါဘူး။ တကယ်၊ တချို့၊ တခြား၊ တကတဲ၊ တကားကား၊ တကူးတက၊ တကွ၊ တခမ်းတနား၊ မိုးတစိမ့်စိမ့်၊ တတွတ်တွတ်၊ တရင်းတနှီး၊ တလွဲတချော် စသဖြင့်။ ဒါတွေကို မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာ ရှင်းပြထားပါတယ်။

အများနားလည်နေကြပုံ ရပေမဲ့ တချို့နားလည်သေးပုံမရတဲ့ စကားနှစ်လုံးကတော့ ‘ဖူး’ နဲ့ ‘ဘူး’ ပဲဖြစ်တယ်။ ‘ဖူး’ က’ကြုံတွေ့သိမြင် ဖြစ်ပျက်ခဲ့ပြီးကြောင်း ထင်ရှားစေ’ တဲ့ အဓိပ္ပာယ် ဆောင်ပါတယ်။ ‘တွေ့ဖူးတယ်’၊ ‘ဖတ်ဖူးတယ်’ စသဖြင့်။ ‘ဘူး’ က ‘ငြင်းပယ်သော အနက်ဖြင့် ကြိယာကိုထောက်ကူ’ တာပါ။ ဥပမာ၊ ‘မသိဘူး’ ‘မစားဘူး’ စသဖြင့်။ ဒီနှစ်ခုရောလိုက်တဲ့အခါ မမှားဖို့ သတိထားရတယ်။ ‘မတွေ့ဖူးဘူး’၊ ‘မဖတ်ဖူးဘူး’၊ ‘ မစားဖူးသေးဘူး’ စသဖြင့်။ ‘ဖူး’ ကို ‘ဖူးပွင့်’၊ ‘ဖူးမြော်’၊ ‘ဖူးစာ’ တို့မှာလည်း သုံးသေးတယ်။ ‘ဘူး’ကိုတော့ ‘ဘူးသီးကြော်’၊ ‘သံဘူး’ တို့မှာတွေ့ရတယ်။

နောက်တစ်တွဲကတော့ ‘ပဲ’ နဲ့ ‘ဘဲ’ ပါပဲ။ ‘ပဲ’ ကို မြန်မာအဘိဓာန်က’ရည်ညွှန်းသော ပုဒ်ကိုလေးနက်စေသောစကားလုံး’ လို့ဖွင့်တယ်။ ကြိယာ ရဲ့ အနက်ကို ကန့်သတ်လိုရာမှာ သုံးတယ်လို့လည်း ဆိုတယ်။ အတူတူပါပဲ။ (ဒီ ‘အတူတူပါပဲ’ မှာသူ့အသုံးကိုမြင်ရမယ်။) ‘ဘဲ’ ကိုတော့ ‘ကြိယာ၏အနက်ကိုတားမြစ်လိုရာ၌သုံး’ တယ်လို့ပြတယ်။ ဥပမာ၊ မသွားဘဲ၊ မလာဘဲ။ ဒါကိုပဲ စာစောင်တချို့မှာ ‘ကုန်သည်ဘဲ’၊ ‘သားသမီးဘဲ’ သုံးသူကသုံး၊ ‘မသိပဲ’၊ ‘နားမလည်ပဲ’ ရေးသူကရေး၊ လုပ်နေကြတာများ တွေ့နေရသေးတယ်။ နည်းနည်း ပညာသားပါလာရင် သွားရော။ ‘မသိတာပဲ ကောင်းပါတယ်’ ဆိုရာမှာ ရည်ညွှန်းတဲ့စကားလုံး (မသိတာ) ကိုလေးနက်စေတာပါ။ ‘မသိဘဲ’ လို့ပြောတာမဟုတ်ဘူး။ ဒါကြောင့် ‘ပဲ’ ကိုသုံးရတယ်။ ‘ဘဲ’ မဟုတ်ဘူး။

ကျွန်တော်စိတ်ပျက်ရတဲ့ အမှားတစ်ခုကတော့ မေးခွန်းစကားလုံး ‘လဲ’ ကို ‘လည်း’ လို့ရေးတာပါပဲ။ ‘လဲ’ ကို မြန်မာအဘိဓာန်က ‘အမေးသဘော သက်ရောက်သော ဝါကျအဆုံးသတ်’ လို့ ဖွင့်ဆိုတယ်။ ‘လည်း’ ကိုအတူတကွဖြစ်ကြောင်း၊ ပါဝင်ကြောင်းပြ’ တဲ့ စကားလုံးလို့ရှင်းပြပါတယ်။ ဒါကြောင့် ‘ဘယ်သူလည်း၊ ဘယ်သွားမလို့လည်း’ ဆိုတာမျိုးဟာ အလွန်အရုပ်ဆိုးတယ်။ ‘ဘယ်သူလဲ၊ ဘယ်သွားမလို့လဲ’ ဖြစ်ရမယ်။ ကျွန်တော့ဆောင်းပါးတစ်ပုဒ်မှာ ‘လဲကျသေဆုံး’ တာကိုရေးလိုက်တာ ‘လည်းကျသေဆုံး’ ဖြစ်နေတော့တာကိုလည်း ကြုံရဖူးရဲ့။

နောက်မှားတတ်တဲ့ စကားလုံးတစ်တွဲကတော့ ‘မှ’ နဲ့ ‘မှာ’ ဖြစ်ပါတယ်။ ‘တစ်ခါမှမလာဘူး’၊ ‘တစ်ယောက်မှမရှိဘူး’၊ ‘နားခါမှသိမယ်’ ရေးပေးလိုက်ရင် မဂ္ဂဇင်းထဲမှာ ‘တစ်ခါမှာ’၊ ‘တစ်ယောက်မှာ’၊ ‘နားခါမှာ’ ဖြစ်ကုန်တော့တာပဲ။ မြန်မာစကားမှာ ‘မှ’ ဆိုတဲ့ ကန့်သတ်ချက် အဓိပ္ပာယ်ဆောင်တဲ့ စကားလုံးရှိတယ်ဆိုတာကို သိကြဟန်တောင်မရှိဘူး။ အလားတူရှားပါး အဓိပ္ပာယ်ဆောင်တဲ့ ‘ခဲ’ ကိုလည်း ကြားဖူးကြဟန် မရှိဘူး။ အောက်မြစ်ထည့်ပြီး ‘ခဲ့’ လုပ်ပစ်ကြတယ်။ ‘ပညာရှိ သတိဖြစ်ခဲ’ ရေးပေးလိုက်ရင် ‘သတိဖြစ်ခဲ့’ လို့ အောက်မြစ်နဲ့ လုပ်ပစ်ကြပါလေရော။ အလားတူ ‘ပြောခဲတယ်’၊ ‘ကြုံရခဲတယ်’ စသည်ဖြင့် ရေးပေးလိုက်ရင် ‘ပြောခဲ့တယ်’၊ ‘ကြုံရခဲ့တယ်’ ဆိုပြီး ပြီးခဲ့ကြာင်း အဓိပ္ပာယ် ဖြစ်သွားရပါတော့တယ်။

နှိုင်းယှဉ်ရာမှာသုံးတဲ့ ‘ထက်’ ကိုလည်း ‘တဲ့’ လုပ်ပစ်တတ်ကြသေးတယ်။ ‘အတိုင်းတဲ့ အလွန်’၊ ‘လှသတဲ့လှမယ်ဆိုရင်၊ ‘ခက်သတဲ့ ခက်’ စသဖြင့်ရေးနေကြတာများ တွေ့ရတယ်။ အမှန်က ‘အတိုင်းထက်အလွန်’၊ “လှသည်ထက် လှမယ် ဆိုရင်’၊ ‘ခက်သည်ထက်ခက်’ စသဖြင့် ဖြစ်ရပါမယ်။

လက်ဖက်ရည်ဆိုင် ဆိုင်းဘုတ်မှာလည်း တွေ့၊ စာထဲမှာလည်း တွေ့ရတတ်တဲ့ အမှားကြီးတစ်ခုကတော့ ‘ဆုံဆည်းရာ’ ပါပဲ။ ‘ဆုံ’ တာကတွေ့တာ၊ ကြုံကြိုက်တာ၊ မျက်နှာချင်းဆိုင်မိတာပါ။ ‘ဆည်း’ က စုဆောင်းတာ၊ ချဉ်းကပ်ခစားတာပါ။ ဒီတော့ ‘ဆုံဆည်း’ ဆိုရင် တွေ့ကြုံဆည်းပူးတယ်လို့ အဓိပ္ပာယ်ထွက်သွားမယ်။ အမှန်က ဒါကိုပြောချင်တာ မဟုတ်ပါဘူး။ တွေ့ဆုံကြပြီး စည်းရုံးကြ၊ စည်းဝေးကြ၊ စည်းလုံးကြတာကို ပြောချင်တာပါ။ ‘ဆုံစည်း’ ပဲ ဖြစ်ပါတယ်။ ‘ဆုံစည်း’ ကို မြန်မာအဘိဓာန်က ‘တွေ့ဆုံကြုံကြိုက်သည်’ လို့ အဓိပ္ပာယ် ဖွင့်ထားပါတယ်။ မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းမှာလည်း ‘ဆုံစည်း’ ပဲ ပေးထားတယ်။ ‘ဆုံဆည်း’ ဆိုတာ မြန်မာစကားမှာ ရှိကို မရှိဘူး။ ဒီလိုအမှားမျိုးဟာ ‘စ’လုံးနဲ့ ‘ဆ’လိမ် ခွဲခြား အသံမထွက်တတ်တဲ့ နိုင်ငံခြားသားတွေ မပီကလာ ပီကလာနဲ့ မြန်မာစကား သုံးနှုန်းရာကစတင်ခဲ့တယ်လို့ ခန့်မှန်းရတယ်။

မဂ္ဂဇင်း တချို့က မှန်မှန်ကန်ကန် သုံးတတ်သွားကြပြီး တချို့က ခုထိမှားတုန်း စကားလုံးစုကတော့ ‘ကိုယ့်ကိုယ်ကိုယ်’ ဖြစ်တယ်။ သုံးခုစလုံး ယသတ်ရတယ်။ ‘ကိုယ့်ကိုယ်ကိုယ်’ ဆိုတာကို ‘ကိုယ်ရဲ့ ကိုယ်ကို ကိုယ်က” လို့အပြည့်အစုံရေးရမှာဖြစ်တယ်။ ‘ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတယ်’ ဆိုတာ ‘ကိုယ်ရဲ့ ကိုယ်ကို ကိုယ်က အထင်ကြီးတယ်’ လို့ ပြောတာဖြစ်တယ်။ ‘မိမိကိုယ်မိမိ’၊ ‘သူ့ကိုယ်သူ’၊ ‘မင်းကိုယ်မင်း’ တို့နဲ့ နှိုင်းယှဉ်ကြည့်သင့်ပါတယ်။ ‘မင်းကိုယ်မင်း ပြန်ကြည့်စမ်း’ ဆိုတာ ‘မင်းရဲ့ကိုယ်ကို မင်းပြန်ကြည့်စမ်း’ လို့ပြောတာပါပဲ။

ဒီနေရာမှာ အသံထွက် အပြောင်းအလဲကိုလည်း သတိမူအပ်တယ်။ ‘ကိုယ့်ကိုယ်ကို’ လို့ရေးရင် အသံထွက်မှာ နောက်ဆုံး ကံပုဒ်နောက်ဆက် ‘ကို’ ဟာ ဃောသသံ ပြောင်းသွားပြီး ‘ကိုယ့်ကိုယ်ဂို’ လို့ထွက်လိမ့်မယ်။ အခု အဲသလိုမဟုတ်။ အဃောသသံနဲ့ ‘ကို’ (KO) လို့ အသံထွက်နေတာပါ။ ဒါကြောင့်လည်း ‘ကို’ မဟုတ်မှန်းထင်ရှားတယ်။ ‘ကိုယ်’ နေရာမှာ ‘ဘာသာ’ ထည့်သုံးလို့ရတယ်။ ‘ကိုယ့်ဘာသာကိုယ်’၊ ‘မိမိဘာသာမိမိ’၊ ‘သူ့ဘာသာသူ’ စသဖြင့် ရမယ်။ တခြားစကားလုံးများထည့်ပြီးလည်း ‘ကိုယ့်အကြောင်း ကိုယ်သိတယ်’၊ ‘ကိုယ့်ထမင်းကိုယ်စားတယ်’၊ ‘ကိုယ့်အိမ်ကိုယ်ပြန်တယ်’၊ ‘ကိုယ့်ကလေး ကိုယ်ရိုက်တယ်’ စသဖြင့် သုံးကြတာ ဆင်ခြင်လေ။ ‘ကိုယ့်အကြောင်းကိုသိတယ်’ မဟုတ်ဘူး။

မြန်မာစကားထဲ ဝင်ရောက်နေတဲ့ ပါဠိ စကားလုံးတချို့လည်း စာလုံးပေါင်း မှား၊ အသံထွက် မှားနေတာတွေ့ရသေးတယ်။ တစ်ဆယ်ကို ပါဠိလို ‘ဒသ’ လို့ခေါ်ပါတယ်။ ‘ဒဿ’ (သကြီးနဲ့) မဟုတ်ပါ။ မယ်သီတာကိုခိုးတဲ့ ဘီလူးဟာ ခေါင်းဆယ်လုံး ရှိတဲ့အတွက် ‘ဒသဂီရိ’ လို့ အမည်တွင်တယ်။ ‘ဒ – သ – ဂီ – ရိ’ လို့အသံထွက်ရတယ်။ ‘ဒဿဂီရိ’ မဟုတ်ဘူး။ အသံထွက်လည်း ‘ဒတ် – သ – ဂီ – ရိ’ မဟုတ်ဘူး။ အလားတူ ဆယ်လီစိတ်ကြောင်း ပြညွှန်းတဲ့ အစက်ကလေးကိုလည်း ‘ဒသမှတ်’။ ကာလရွေ့လျားတော့ ‘ဒသမတ်’ ခေါ်ကြတယ်။ အခု ‘ဒသမ’ ဖြစ်သွားပြီ။ မြန်မာအဘိဓာန်မှာ အဲဒီအတိုင်းပဲ ပြထားတယ်။ ‘ဒဿမ’ မဟုတ်ဘူး။ ‘ဒတ်သမ’ လို့အသံမထွက်ရဘူး။

အသုံးနည်းပေမဲ့ သုံးစရာကြုံရင် မှားတတ်သေးတဲ့ ပါဠိစကားတစ်လုံးကတော့ ခွေးကိုခေါ်တဲ့ ‘သုနခ’ ပါပဲ။ ‘သုနက္ခ’ မဟုတ်ဘူး။ သုနက္ခတ္တံ သုမင်္ဂလံ (နက္ခတ်ကောင်း၊ မင်္ဂလာကောင်း) ဆိုတာနဲ့ ရောသွားပုံရပါတယ်။ အလားတူပဲ ရေကူးကောင်းတဲ့ ဘုရားလောင်းမင်းသားဟာ ‘ဇနက’ ဖြစ်ပါတယ်။ ‘ဇနက္က’ မဟုတ်ပါဘူး။ မြန်မာစာပေလုပ်ငန်းနဲ့ ဆက်နွယ်နေတယ်ဆိုမှတော့ မြန်မာစာလောက်တော့တတ်ဖို့ ကောင်းပါကြောင်း။

မောင်သာနိုး

(မောင်သာနိုး၏စာမူကို ဖော်ပြနိုင်ရန် ဆရာစွမ်းထံက ခွင့်ပြုချက်တောင်းပြီး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)