ရဲဘော်ငွေ ● မမစိန်တို့ ဇနီးမောင်နှံ

February 21, 2019

မမစိန်တို့ ဇနီးမောင်နှံ
(မိုးမခ) ဖေဖော်ဝါရီ ၂၁၊ ၂၀၁၉

(၁)
အခု ကျွန်မရေးနေတဲ့ မမစိန်ဆိုတာ ဗိုလ်ချုပ်ကတော် ဒေါ်သန်းစိန်ပါ။ ဒေါက်တာ လှကျော်ဇော၊ ဒေါ်စန်းကျော်ဇော၊ ကို အောင်ကျော်ဇော (ကိုမြမောင်) နဲ့ ကိုကျော်ဇောဦး (ကိုခိုင်အောင်) တို့ရဲ့မိခင်ဖြစ်ပါတယ်။ နယ်စပ် အရှေ့မြောက် လွတ် မြောက်ရေးဒေသ ပန်ဆန်းသို့ သူတို့မိသားစုဝင်များအနက် နောက်ဆုံး (၁၉၈၀ ခု) မှ ရောက်လာသူ ဖြစ်ပါတယ်။ ဗိုလ် ချုပ် ကတော်ဖြစ်ပေမယ့် နည်းနည်းမှ မောက်မာမှုမရှိဘဲ ယဉ်ကျေးသိမ်မွေ့၊ စကားပြော အလွန်ကောင်းသူ။ ဆက်ဆံရေး ကောင်း သူဖြစ်လို့ ကျွန်မအပါအဝင် ကျွန်မတို့ ရဲဘော်အားလုံးနဲ့ အချိန်တိုအတွင်းမှာ ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်။ ကျွန်မကတော့ ဒေါက်တာလှကျော်ဇောနဲ့ ဆေးလုပ်ငန်းကို အတူလုပ်ကိုင်သူဖြစ်တော့ အတူနေ၊ အတူစား၊ အတူအိပ်ဖြစ်လို့သာမက တော် လှန်ရေးထဲမှာ အသက်အရွယ်အားဖြင့် သိပ်မကွာလှသူ အမျိုးသမီးဖြစ်လို့ အထူးရင်းနှီးကျွမ်းဝင်လှပြီး ညီအစ်မ အရင်း လိုသဘောထားကာ ရှေးဟောင်းနှောင်းဖြစ်များရော၊ လက်ငင်းကိစ္စများပါ ပြောပြလေ့ရှိပါတယ်။ ပြောဆိုရာမှာလည်း ချက် ကျကျ ပြောဆိုတတ်သလို မှတ်လောက်သားလောက်ဖြစ်အောင်လည်း ပြောတတ်ပါတယ်။

ခုတော့ မမစိန်ရဲ့ခင်ပွန်း ရဲဘော်ဦးတင်လည်း ၂၀၁၂ အောက်တိုဘာ ၁၀ ရက်နေ့ နံနက် ၃ နာရီခွဲမှာ ကွယ်လွန် သွားခဲ့ရှာ ပါပြီ။ မမစိန်ကတော့ ၁၉၉၉ ခုနှစ်က ကွယ်လွန်သွားခဲ့တာပါ။ တဦးနဲ့တဦး သန့်ရှင်းဖြူစင်တဲ့ ချစ်ခြင်းမေတ္တာ ပိုင်ရှင် များဖြစ်ကြလို့ တမလွန်မှာ ပြန်လည်ဆုံဆည်းကြမှာပါလို့ ကျွန်မယုံကြည်နေမိတယ်။ အခုလို သူတို့ဇနီးခင်ပွန်း ၂ ယောက်လုံး ကွယ်လွန်သွားပေမယ့် မမစိန်ပြောပြခဲ့တဲ့ အဖြစ်အပျက်တွေဟာ ကျွန်မ အာရုံမှာ ပြန်လည်ထင်ဟပ်လာပြီး သူတို့နှစ်ဦးကို သတိရနေစေပါတယ်။ ပြန်လည် လွမ်းတနေမိပါတယ်။

(၂)
ပန်ဆန်းကာလများရဲ့ နေ့တနေ့ ကျွန်မဟာ မမစိန်ကို ဧည့်ခံထိုင်စကားပြောနေရင်း အိမ်ထောင်တခုအကြောင်း စကားစပ်မိ သွားရာက သတိရပြီး မမစိန်က သူတို့ အိမ်ထောင်အကြောင်းကို ခုလို ကျေနပ်အားရစွာ ပြောပြဖူးပါတယ်။

“ဇနီးခင်ပွန်းဆိုတာ လူ ၂ ဦး၊ စိတ် ၂ စိတ်၊ တမိသားစုဆီက ဆင်းသက်လာကြတာဆိုတော့ အကြိုက်ချင်းကလည်း မတူ နိုင်သလို ဓလေ့စရိုက်ချင်းကလည်း မတူနိုင်ဘူးပေါ့ ဆရာမကြီးရယ်။ ဒီမှာ အဓိကကျတာကတော့ တဦးမကြိုက်တာကို တဦးက မလုပ်မိဖို့ဘဲ၊ စိတ်အခန့်မသင့်လို့ ဖြစ်လာရင်လည်း တဦးက အလျော့ပေးလိုက်တာမျိုး လုပ်ရတယ်။ ဒီလိုနဲ့ အချိန် ကြာလာတဲ့အခါ တဦးသဘော တဦးသိလာပြီး ဇနီးခင်ပွန်းဆိုပေမယ့် မောင်နှမလေးလို ဖြစ်လာတယ်။ တဦးနဲ့တဦး ခင်မင် တွယ်တာမှုကလည်း ပိုလာပြီး သံယောဇဉ် ပိုကြီးလာတယ်” တဲ့။

“နှစ်ဦးလုံးဟာ ဘဝကြင်ဖော်အနေနဲ့ ဆိုးတူကောင်းဖက်သဘောထားပြီး ဘဝကိုရုန်းကန်ကြရတဲ့အခါ တဦးကိုတဦး ပိုမိုကြင် နာ ပိုမိုနားလည်လာတယ်။ အရာရာ ဆိုးတိုင်ပင် ကောင်းတိုင်ပင် ဖြစ်လာတယ်” တဲ့။

မမစိန်ဟာ သူတို့မိသားစုကြုံတွေ့ရင်ဆိုင်ခဲ့ရတဲ့ အတိတ်တွေကို ပြန်လည်သတိရမိဟန်တူပါတယ်။ သက်ပြင်းရှည်ကြီး တ ချက်ချလိုက်ပြီး …

“ကျွန်မကတော့ ကိုယ့်ဘဝကိုယ် ကျေနပ်ပါတယ် ဆရာမကြီးရယ်။ ကျွန်မခင်ပွန်းဟာ ပြည်သူ အပေါ်မှာလည်း သစ္စာရှိတယ်။ နိုင်ငံရေးဘက်တင်မကဘူး လူမှုရေးဘက်မှာရော အိမ်ထောင်အပေါ်မှာ အင်မတန်သစ္စာရှိပါတယ်။ ကောင်းမွန်ပါတယ်။ သားသမီးတွေအပေါ်မှာလည်း ဖခင်တယောက်အနေနဲ့ တာဝန်ကျေပါတယ်။ ကျွန်မဘဝတသက်တာမှာ သူဟာ အလွန် ကောင်းတဲ့ ခင်ပွန်းသည် သူတော်ကောင်းကြီးပါ။ ကျွန်မရဲ့ဘဝဟာ ခင်ပွန်းသည်က လိုလေသေးမရှိအောင် ယုယကြင်နာ တန်ဖိုးထား သစ္စာထား မြတ်နိုးခြင်းခံရသူတဦးဖြစ်လို့ နေရင်လည်း နေပျော်ပါတယ်။ သေရင်လည်း သေပျော်ပါတယ်လို့ ကြည်နူးမှုတွေနဲ့ပြောရင်း စကားကို အဆုံးသတ်လိုက်ပါတယ်။

အဲဒီလို မမစိန် ပြောပြနေတဲ့အချိန်မှာ မမစိန်ရဲ့ သွယ်လျလျ မျက်နှာလေးဟာ နုပျိုရွှင်လန်း၊ ကြည်လင်လို့နေပါတယ်။ မမစိန် ရဲ့မျက်လုံးလေးတွေကလည်း စိန်ပွင့်လေးတွေလို တဖျတ်ဖျတ် တောက်ပနေတယ်။ မမစိန်ပြောပြတာကို နားထောင်ရင်း “အိမ်ထောင်ရှင် အမျိုးသမီးတိုင်း မမစိန်လိုဘဝမျိုး ပိုင်ဆိုင်နိုင်ကြပါစေ” လို့ စိတ်ထဲက ကြိတ်ဆုတောင်းနေမိတယ်။

ကြိတ်ဆုတောင်းနေရင်း အခန်းတံခါးကနေ အပြင်ကို ကျွန်မလှမ်းကြည့်လိုက်တော့ လမ်းဘေးဝဲယာက နေကြာရိုင်းပွင့်တွေ ဟာ ဝင်းထိန်နေပြီး နောက်ခံ တောင်တန်းပြာကြီးတွေနဲ့ ပနံတင့်လှပါတယ်။

မမစိန်ကတော့ နှုတ်ဆက်ပြီး မရှုယဉ်တို့အိမ်ဘက်ထွက်သွားပါတော့တယ်။

ကျွန်မက မမစိန်ပြောနေတဲ့ စကားတွေထဲမှာ နစ်မြောနေရင်းက သူပြောပြဖူးတဲ့ သူတို့ နှစ်ဦးရဲ့ ရင်ခုန်ဖွယ် ချစ်ဇာတ်လမ်းဆီကို အတွေးရောက်သွားပါတယ်။

၁၉၄၂ ခုနှစ် အစောပိုင်း ….
ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်ပြီး ဖွဲ့စည်းထားတဲ့ ဗမာ့လွတ်လပ်ရေး တပ်မတော်ကြီးဟာ ပြည်တွင်းကို ခြေချဝင်ရောက် လာပါပြီ။ သတင်းတွေကလည်း လေရဲ့အဟုန်လို လျင်မြန်စွာ ရောက်လို့လာပါတယ်။

“ကျွန်မလည်း ရင်တွေခုန်နေပြီပေါ့ ဆရာမကြီးရယ်။ ပျိုတို့မောင်လည်း သူလည်းပါ ချေပြီဆိုသလိုပေါ့၊ သူက ရဲဘော်သုံး ကျိပ်ဝင်တယောက် ဖြစ်နေပြီလေ။ ကျွန်မတို့ မောင်နှမလည်း ဝမ်းသာမဆုံးဖြစ်နေတာပေါ့”

“အစ်ကိုဖြစ်သူ ကိုခန့်က သူ့တူ ကိုရွှေကိုချစ်သလို နှမဖြစ်သူ ကျွန်မကိုလည်း သိပ်ချစ်ခင်ရှာပါတယ်။ ကျွန်မတို့ရဲ့ ချစ်မေတ္တာ ကို မြန်မြန်အကောင်အထည်ပေါ်စေချင်လှပါပြီ။ ကာယကံရှင်နှစ်ဦးထက် အစ်ကိုက ပိုစိတ်လောနေတယ်လေ”

“သူက ရဲဘော်သုံးကျိပ်ဝင် တပ်မှူးတယောက်ဖြစ်နေတော့ ပင်ကိုယ်က ဥပဓိရုပ်ကောင်းသလောက် စိတ်နေသဘောထား ကောင်းသူ။ ရိုးသားဖြောင့်မတ် တည်ကြည်သူ။ အပျော်အပါး မူးယစ်သောက်စား လောင်းကစားကင်းသူဖြစ်တော့ ဂုဏ် သတင်းမွှေးသူ တယောက်ဖြစ်နေတာပေါ့”

“သမီးရှင်တွေကလည်း ဝိုင်းဝိုင်းလည်နေတာပေါ့၊ အချို့များဆိုရင် ဆရာမကြီးရယ် သမီးလေးနဲ့လက်ထပ်မယ်ဆိုရင် ရှိရှိ သမျှ စိန်ရွှေရတနာ အတွင်းပစ္စည်းများသာမက မိမိတို့ပိုင်ဆိုင်တဲ့လယ်ယာမြေကိုပါ လက်ဖွဲ့ပစ္စည်းအဖြစ် ထည့်ပေးမယ် ဆိုတဲ့သတင်းမျိုးတွေကလည်း ဟိုကတမျိုး ဒီကတဖုံ ထွက်နေပြီး။ တချို့လည်း လူလွှတ် နားဖောက်နေကြတာ”

“ဒီတော့ အစ်ကိုဖြစ်သူ ကိုခန့်က နှမဖြစ်သူ ကျွန်မအတွက် စိုးရိမ်သောက ဖြစ်ရှာတာပေါ့”

“ကျွန်မက ဒါလောက်လည်း မစိုးရိမ်ပါနဲ့အစ်ကိုရယ်၊ သူက ဘာမဆို လေးလေးနက်နက်စဉ်းစားပြီးမှ အလုပ်တခု လုပ်တတ် သူပါ။ ဂျပန်ကိုသွားခါနီးမှာ အစိန့်ကိုဖွင့်ပြောပြီးမှ ဘုရားမှာ နှစ်ဦးသဘောတူ သစ္စာဆို၊ သစ္စာရည်သောက်ခဲ့တာ၊ အမှတ်တရ ပစ္စည်းအနေနဲ့ စိန့်ဆီက နေ့စဉ်သုံးနေကျ ဘီးဆံထုံးရှေ့မှာ အမြဲစိုက်လေ့ရှိတဲ့ ဘီးဖြူလေး (လခြမ်းပုံ ဘီးကုပ်လေး) ပေး လိုက်ရတာ၊ သူကတော့ သူဝတ်ထားတဲ့လက်စွပ်ကို ချွတ်ပြီး အစိန့်ကို ကိုယ်တိုင်ဝတ်ပေးခဲတာ၊ နှစ်ဦးနှစ်ဖက် အပြန်အလှန် စိတ်ချ ယုံကြည်ဖို့ပြောပြီးမှ လူချင်းခွဲခဲ့တာ၊ အစိန်က သူ့ကိုစိတ်ချတယ်လို့ အစ်ကိုခန့်ကို ရှင်းပြလိုက်ရတယ်လေ”

“အေးဟာ … အစ်ကိုကပဲ စိုးရိမ်စိတ်များနေလို့လား မသိဘူး။ သူက သိပ်ရိုးတာ။ ရိုးလွန်းတော့ အ တယ်ဆိုတာ ကြားဖူးတယ် မဟုတ်လား၊ တော်တော်ကြာ အလည်တွေနဲ့ တွေ့သွားမှာ ကြောက်တယ်။ ဒါတခုပဲ စိုးရိမ်တာပါ။ သမီးရှင်တွေကလည်းကွာ သဲလိုက် ကဲလိုက်ကြတာ။ ငါတော့ ကြားရတာ စိတ်မချမ်းသာပါဘူးကွာ။ ဒီလောက်တော့ မသဲသင့်ဘူးထင်တယ်လေ”

“သြော် … သဲတယ်လဲဘယ်ဟုတ်မလဲ အစ်ကိုခန့်ရယ်၊ မိဘဆိုတာက ကိုယ့်သားသမီးကို ဆင်စီးလို့ မြင်းရံစေချင်ကြတာ မျိုးချည်းပဲလေ”

“အစ်ကို တခြားမကြည့်နဲ့ စိန့်တို့သားအဖကိုပဲ ကြည့်ပါဦး။ ဖေဖေရယ်လေ အရင်ကတော့ အမျိုးထဲမှာ ကိုရွှေကို ချစ်လိုက်တာ တရွှေထဲ ရွှေနေတာ။ ဟော အခုတော့ အစိန်နဲ့ ချစ်ခင်စုံမက်နေကြပြီဆိုတော့ ‘သဘောမတူဘူး။ မပေးစားနိုင်ဘူးတဲ့။ ‘စစ် သားမို့လို့ ငါ့သမီးလေး ငယ်ငယ်လေးနဲ့ မုဆိုးမအဖြစ် မခံနိုင်ဘူးတဲ့၊ အစိန်ဖြင့် ဖေဖေက ဒီလိုပြောလိုက်တော့ ဝမ်းနည်း လိုက်တာ။ ဖေဖေကို့လည်း သနားတယ်။ ကိုရွှေကိုလည်း သနားတယ်”

“အေးလေ ဒါကလည်း ဒုက္ခတခုပဲ၊ ဒါပေမဲ့ တခုတော့ရှိတယ်။ လူငယ်ချင်း မေတ္တာခိုင်မြဲလို့ကတော့ ခွဲမရဘူးဆိုရင် မိဘ ဆိုတာ သဘောတူလိုက်ရတာပါပဲ”

အမှန်ပါပဲ။ မမစိန်တို့ နှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာဟာ ဘယ်သူမှ ခွဲလို့မရနိုင်တော့ဘဲ မမစိန်ကို အစ်ကိုဝမ်းကွဲလုပ်သူ အစ်ကိုခန့်က သူ့တူအတွက် မမစိန်ရဲ့မိဘများ အိမ်ကနေခိုးသွားပြီး သူ့တူလက်ထဲ အပ်လိုက်ပါသတဲ့။

ဒီလိုနဲ့ မမစိန်တို့ ၂ ယောက်ဟာ
၁၉၄၅ ဇန်နဝါရီ ၁၅ ရက်၊ ခေါင်းဆောင်ကြီး သခင်မြ နေအိမ်
သတို့သား ဗိုလ်ကျော်ဇောနဲ့ သတို့သမီး မသန်းစိန်တို့ရဲ့ လက်ထပ်ပွဲ ကျင်းပလိုက်ပါတယ်။

သတို့သားအရန်အဖြစ် ဗိုလ်ချုပ်အောင်ဆန်းက ဆောင်ရွက်ပေးပြီး သတို့သမီးအရန်အဖြစ် ဗိုလ်ချုပ်ကတော် မခင်ကြည်က ဆောင်ရွက်ပေးပါတယ်။ သတို့သမီး မသန်းစိန် (မမစိန်) ကို သတို့သမီးအရန် မခင်ကြည်ကတွဲပြီးထုတ်လာတော့ သတို့သား အရန်ဖြစ်တဲ့ ဗိုလ်ချုပ်က သူ့ဘေးက ဗိုလ်ကျော်ဇော ရင်ဘတ်ကို လက်နဲ့ဖိပေးပြီး “ကျော်ဇော-ကျော်ဇော သတိထား သတိ ထား” လို့ ပြောကာ နောက်လိုက်သတဲ့။ ဗိုလ်ကျော်ဇောက ရှက်တတ်တဲ့သူဆိုတော့ တမျက်နှာလုံး ချွေးပြန်လာတာနဲ့ အိတ်ထဲက လက်ကိုင်ပဝါထုတ်။ သုတ်လိုက်တော့ လက်ကိုင်ပဝါ အကြမ်းကြီးဖြစ်နေလို့ ရွှေပွဲလာပရိသတ်တွေ ပွဲကျသွား သတဲ့။

သတို့သား သတို့သမီးတို့ကို သခင်နု (ထိုစဉ်က နိုင်ငံခြားဝန်ကြီး) နဲ့ ဝန်ကြီးကတော် မမြရီတို့က လက်ထပ်ပေးခဲ့ပါသတဲ့။ မင်္ဂလာပွဲရဲ့ လက်ထပ်မင်္ဂလာသြဘာစာကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက ဖတ်ကြားဘိသိက်သွန်းပေးပြီး လက်ထပ် မင်္ဂလာပွဲကို အောင်မြင်စွာ အဆုံးသတ်ခဲ့တယ်လို့ပြောတာကို ပြန်လည်သတိရလာမိပါတယ်။ နိုင်ငံခေါင်းဆောင်တဦးရဲ့ လွမ်းမောဖွယ် မင်္ဂလာပွဲတခုပါကလား။

အတွေးထဲ လွမ်းမောနေတုန်း ရိက္ခာရုံက ထမင်းလာယူဖို့ သံချောင်းခေါက်လိုက်တော့ အတွေးစကို လက်စသတ်လိုက် ရပါတယ်။

(၃)
ပန်ဆန်းဆိုတာ တရုတ်ပြည်နဲ့ နမ့်ခါချောင်းလေး ခြားထားတဲ့နေရာလေး၊ မယ်စ လီပွင့်တွေ။ နေကြာရိုင်းပွင့်တွေနဲ့ သူ့အချိန် နဲ့သူ လှနေတတ်တဲ့နေရာ၊ ဘယ်နေရာကြည့် လိုက်ကြည့်လိုက် ပြာမှိုင်းမှိုင်းတောင်တန်းကြီးတွေက ဝန်းရံထားပြီး ကောင်း ဟုန်။ ကောင်းမူဆိုတဲ့ ရှမ်းရွာတွေရှိတဲ့ လျှိုမြောင် ချိုင့်ဝှမ်းဒေသလေး ဖြစ်တယ်။ လယ်စိုက်ချိန်ရောက်ရင် လယ်ကွက် တွေဟာ မြစိမ်းရောင်လှိုင်းထနေတတ်သလို စပါးနှံတွေထွက်လာပြန်ပြီဆိုတော့လည်း ပန်ဆန်းကွင်းတခုလုံး ရွှေရောင်လှိုင်း ထနေ တတ်ပါတယ်။ သူ့အချိန်နဲ့သူ လှနေတတ်တဲ့ ဒေသလေးလို့ဆိုရင် မမှားပေဘူးပေါ့။

ဒါပေမဲ့ ရာသီဥတုကျတာ့ အပြောင်းအလဲ မြန်တတ်ပါတယ်။ ပူနေလို့ဆိုပြီး အဝတ်ပါးပါးနဲ့ အခန်းထဲထိုင်နေမိလို့ကတော့ အအေးမိသွားပြီသာမှတ်ပေတော့။ ဒီလိုနဲ့ ကျွန်မတို့ ရဲဘော်တွေ အအေးမိတတ် ဖျားတတ်ပါတယ်။

ရဲဘော်ဦးတင် (ဗိုလ်ကျော်ဇော) ဟာ ကျန်းမာရေး အလွန်ဂရုစိုက်တတ်သူပါ။ ဒါပေမဲ့ မမစိန်ရောက်ပြီးတဲ့နောက် မကြာ သေးမီကာလတခုမှာ ဘယ်ကဘယ်လိုဖြစ်လာတယ် မသိလိုက်ပါဘူး။ ခေါင်းကိုက်လို့ဆိုပြီး တရက်မှာ သမီးဒေါက်တာ လှကျော်ဇောထံ ဆေးတောင်းသောက်ပါတယ်။ အမှတ်မထင် အေပီစီကို ပေးတိုက်လိုက်မိသတဲ့။ အဲဒီဆေး သောက်ပြီး နောက် ဦးတင်ဟာ အစာအိမ်နာလာတယ်။ အန်လည်း အန်တယ်။ ဝမ်းလည်း သွားတယ်။ အန်တဲ့အထဲရော ဝမ်းသွားတဲ့ အထဲမှာ သွေးပါလာခဲ့တယ်။ ဒါကြောင့် ကျွန်မတို့လည်း အလွန် စိုးရိမ်သွားမိတယ်။ တဖက်နိုင်ငံက ဆေးရုံကို ပို့ဖို့လုပ်ပါတယ်။ ဥက္ကဌ သခင်ဗသိန်းတင်ကလည်း သိပ်စိုးရိမ်နေပြီး စီစဉ်ဆောင်ရွက်ပေးသင့်တာတွေကို သူကိုယ်တိုင် စီစဉ်ဆောင်ရွက်ပေး ပါတယ်။ ဒီလိုနဲ့ လူနာတင်ကား အမြန်ရောက်လာပါတယ်။

ကျွန်မတို့လည်း လူနာကို ဆေးသွင်းရင်းတန်းလန်းဖြစ်နေပေမယ့် လူနာကို ဆေးပိုက်တန်းလန်းနဲ့ပဲ ဂရုစိုက်ပြီး လူနာကားပေါ် တင်လိုက်ပါတယ်။ မမစိန်ကို စိတ်ချပါရန် ဖျောင်းဖျပြောဆို ထားခဲ့ပြီး နီးရာဆေးရုံကို ပထမပို့လိုက်ပါတယ်။ အဲဒီကတဆင့် လိုအပ်မှုအရ လူနာကို ကူမင်းဆေးရုံထိ ပို့။ ကုသခဲ့ပါတယ်။ အချိန်တပိုင်း ကုသလို့ လူနာအခြေအနေ စိတ်ချရတော့ ဦးတင် ဆေးရုံက ဆင်းပြီး ပန်ဆန်းကို ပြန်ရောက်လာပါတယ်။

ဦးတင် ဆေးရုံဆင်းလာပြီးနောက် တရက်မှာ ကျွန်မ လူနာမေးဖို့ ဗဟိုရုံး (ဝ၇၈၉) ဌာနသို့ တက်လာခဲ့ပါတယ်။

မမစိန်ဟာ လူနာမေးရောက်လာတဲ့ ကျွန်မကို ဧည်ခံစကားပြောရင်း သူ့ခံစားချက် တွေကို ခုလို ပြောပြပါတယ်။

“ဆရာမကြီးရေ လူနာဟာ ပိန်သွားတာကလွဲပြီး အိပ်တာ၊ စားတာ၊ လှုပ်ရှားတာတွေ အားလုံးပုံမှန်ပါပဲ။ ကျွန်မက ဒါကြောင့် ဖေဖေရေ စားချင်တာရှိရင် ပြောပါ။ မေမေကို အားနာစရာ မလိုပါဘူး။ ဘာများစားချင်သလဲ။ မေမေ ကောင်းကောင်းလေး ချက်ကျွေးပါ့မယ်ပြောတော့ ဆရာမကြီးရယ်  သူ့ခမျာ ဘယ်တုန်းကမှ မပြောခဲ့ဖူးဘဲနဲ့ ‘မေမေရယ်  ဖေဖေကိုသနားရင် ဒီ တချက်တော့ တောင်းဆိုချင်တယ်။ မေမေ့ကိုလည်း အားနာပါတယ်။ ဒါပေမဲ့ ဆရာဝန်က သေသေချာချာမှာလိုက်တယ်။ အလုပ်တွေကို လုပ်ချင်တယ်ဆိုရင် နေ့တိုင်း အနည်းဆုံး ကြက်ဥတလုံးတော့ မဖြစ်ဖြစ်အောင်စားပါတဲ့။ ဒါမှ သွေးအား ပုံမှန် ပြန်ရောက်နိုင်မယ်တဲ့။ မေမေကိုတော့ သနားပါတယ်။ ဖေဖေ အလုပ်တွေ လုပ်စရာရှိနေလို့ပါ မေမေရယ်။ မေမေကိုလည်း တောင်းပန်ပါတယ်။ နေ့တိုင်း ကြက်ဥတလုံးတော့ ဖြစ်အောင်ကျွေးပါနော်တဲ့”

“အို ကျွန်မဖြင့် သူ့ကိုကြည့်ပြီးသနားလိုက်တာ၊ ဟုတ်တယ်။ အစားအသောက်ကို သူဒီလိုတောင်းဆိုတာ တခါမှမရှိခဲ့ဖူးပါဘူး။ ဒါ သူ့ရဲ့ တသက်လုံး စိတ်ဓာတ်ပဲ”

“ဖေဖေရယ် စိတ်ချပါ။ မေမေကျွေးနိုင်ပါတယ်။ မေမေမှာ တနေ့ ကြက်ဥ ၃ လုံးရတယ်။ တလုံးက ဖေဖေကိုကျွေးပြီး ကျန်တဲ့ နှစ်လုံးက ဟင်းဖိုးအတွက် စုမှာပေါ့၊ စိတ်ချ။ စိတ်ချ မေမေကျွေးမှာပေါ့လို့ ကျွန်မ အာမခံလိုက်ပါတယ် ဆရာမကြီးရယ်၊ ကျွန်မ ဒီလောက်တော့ဖြစ်အောင်လုပ်နိုင်ပါတယ်” လို့ ကျွန်မကို ပြောပြခဲ့ပါတယ်။

ဒီလိုနဲ့ မမစိန်ဟာ သူကိုယ်တိုင် မစားရက်မသောက်ရက်ပဲ ဦးတင်ရဲ့ကျန်းမာရေးကို ပြန်လည်ကောင်းမွန်လာအောင် တည် ဆောက်ပေးခဲ့လို့ ဦးတင်ဟာ ခုနောက်ဆုံး အသက် ၉၀ ကျော်အထိ အသက်ရှည်ရှည်နေနိုင်သွားခဲ့တာပါလားဆိုတာကို ပြန်လည်တွေးမိလို့ မိမိခင်ပွန်းသည်အပေါ် မေတ္တာစေတနာကြီးမားလှတဲ့ ကရုဏာရှင်မကြီး မမစိန်ရဲ့ သျှောင် နောက်ဆံထုံး ပါဘဝကို တွေးမိပြီး အိမ်ထောင်ရှင်မကောင်းပီသလှတဲ့ မမစိန်ကို ကောင်းချီး ထောမနာ ပြုနေမိတော့တယ်။

ဒီနေရာမှာ အလျဉ်းသင့်လို့ မမစိန်တို့ ဇနီးခင်ပွန်းအကြောင်း ပြောပြလိုပါသေးတယ်။ မမစိန်တို့ ဇနီးမောင်နှံဟာ ငယ်ရွယ်စဉ် တုန်းကတော့ တဦးနဲ့တဦး ခေတ်အလိုက် ခေါ်ဝေါ်ခဲ့တာတွေ ရှိခဲ့ပေမယ့် သားသမီးတွေ အရွယ်လေးတွေရလာကတည်းက တဦးကို တဦး မေမေရေ၊ ဖေဖေရေလို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ကြတယ်လို့လည်း ပြောပြဖူးပါတယ်။ သူတို့နှစ်ယောက် ဒီလိုပဲ အပြန်အလှန်ခေါ်ဝေါ်ပြောဆိုနေတာ တောက်လျှောက်ကြားခဲ့ရပါတယ်။

(၄)
ပန်ဆန်းဟာ ငါးရက်တဈေး မြို့လေးပါ။ ဈေးနေ့တွေမှာ ပတ်ဝန်းကျင် အနီးအဝေးမကျန် ဝ၊ လားဟူ၊ တရုတ်၊ ၊ ဂျင်းဖောစတဲ့ တိုင်းရင်းသား လူမျိုးစုံတွေ ဈေးလာဝယ်ကြ။ ရောင်းကြနဲ့ စည်စည်ကားကား ရှိလှတယ်လို့ ပြောလို့ရပါတယ်။ ရောင်စုံပန်းတွေ ပွင့်နေ သလိုပါပဲ၊ အဲဒီလို ဈေးနေ့တိုင်းလောက်မှာ မမစိန်ဟာ ဈေးဝယ်ရင်း သားသမီးများရှိရာ ပန်ဆန်းထဲကို ဗဟိုရုံးကနေ ဆင်းလာတတ်ပါတယ်။ တရက် အဲဒီလို ဈေးနေ့ ဈေးဝယ်အပြီး ကိုမြမောင်အိမ်ဘက်ကနေ ကျွန်မဆီကို ရောက် လာပါတယ်။ ကျွန်မတို့ ပန်ဆန်းဘဝဆိုတာ အိမ်ကို မိတ်ဆွေ ရဲဘော်တွေ ရောက်လာလို့လည်း ချကျွေးစရာ ဘာမှ မရှိတတ်တာက များတတ်ပါတယ်။ စကားဝိုင်းဖွဲ့ ဧည့်ခံတာပဲ လုပ်လေ့ရှိပါတယ်။ အဲဒီလို ဧည့်ခံပြောဆိုနေခဲ့ကြတဲ့အထဲက တချီမှာ မမစိန်က ခုလိုအစချီပြီး ….

“ဗဟိုရုံးက ရဲဘော်ကြီးတွေက ကျွန်မကို ‘ဒေါ်သန်းစိန်တို့ ကြည့်ရတာ ဒေါ်သန်းစိန်နဲ့ ဦးတင်တို့ အကြင်လင်မယားဖြစ်လာတာ ဦးတင်အစွမ်းအစကြောင့်တော့မဟုတ်ဘူးထင်တယ်လို့ပြောကြတော့ ကျွန်မလည်း မခံနိုင်ဘဲ သြော် … ရှင်တို့က ရှင်တို့ လူကြီးကို အအ ကြီးလို့ ထင်နေသလား၊ လူကြည့်တော့ နှုတ်ခမ်းထူကြီးနဲ့ အအကြီးလိုနေတာ၊ သူပြောချင်တာကျတော့ ပါး လိုက်တာ လှစ်နေတာဘဲ” လို့ မမစိန်က ခုလိုရင်ဖွင့်ဖူးပါတယ်။

“ဆရာမကြီးနှယ် ပြောရဦးမယ်၊ ပဲခူးစံပြတပ်မှာ သူနေတုန်းက စနေ။ တနင်္ဂနွေဆိုရင် ကျွန်မမှာ မျှော်လိုက်ရတာ အမောပဲ သိလား၊ အိမ်ရှေ့လည်း မထွက်ရဲဘူး၊ အိမ်ရှေ့မှာ လည်ပင်းကိုးတောင်ဖြစ်နေတာက ဖေဖေလေ။ ပါးစပ်ကလည်း တရွှေထဲ ရွှေနေတာ၊ သူ့သားမက်ကို ချစ်လိုက်တာကလည်း အလွန်ပဲ၊ မနက်မိုးလင်းလို့ မျက်စိနှစ်လုံးပွင့်ကတည်းက မျှော်နေတာ၊ ကျွန်မကလည်း ဖေဖေနဲ့ဆိုတော့ အတူသွားပြီး မမျှော်ရဲဘူးသိလား၊ ကျွန်မတို့က မိရိုးဖလာ ဗုဒ္ဓဘာသာဝင်တွေဆိုတော့ မေမေနဲ့ဆိုရင်တော့ တော်သေးတယ်လေ။ အခုဟာက ဖေဖေဆိုတော့ ကျွန်မမှာ စိတ်မောလူမောသာ ဖြစ်နေတယ်။ အခန်း ထဲကထွက်ပြီး အရောင်လေးတောင်မပြရဲဘူး။ အဲဒါကို သူရောက်လာတော့ ဘာပြောသလဲသိလား။ သူ့ကို ထွက်မကြိုလို့ တဲ့လေ …”

“ကိုယ့်ဖြင့် အိမ်များမှားဝင်မိသလားလို့တောင် ထင်မိတယ်” တဲ့၊

“ကြည့်လေ ပြောပုံက၊ ကျွန်မကို စကားနာထိုးနေတာ”

“စိန်လည်း မျှော်နေတာပဲ၊ ဒါပေမဲ့ အိမ်ရှေ့တော့ထွက်ပြီး မမျှော်ရဲဘူးလေ၊ အိမ်ရှေ့မှာက အဖေကြီးတယောက်လုံး ရှိနေ သေးတာတော့လို့ ပြောလိုက်ရတယ်” တဲ့၊

မမစိန်ကတော့ သူပြောချင်တာ ပြောလိုက်ရလို့ စိတ်ထဲပေါ့သွားပုံရပါတယ်။ ကျွန်မကတော့ ဗမာအမျိုးသမီးတွေရဲ့ ကာအိ နြေ္ဒကြီးမှုအတွက် ဂုဏ်ယူမဆုံးဖြစ်နေမိပါတယ်။

(၅)
ပန်ဆန်းဈေးနေ့တနေ့မှာ ကျွန်မဟာ ဗဟိုရုံးကို မနက်စာ ထမင်းစားပြီး စောစောတက်လာခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်မရဲ့ ခြေလှမ်းတွေက သွက်နေတယ်လေ၊ သွက်တယ်လေ။ ဒီနေ့တော့ နေ့လည်စာစားရအောင် ကျွန်မ အကြော်စုံဝယ်လာတယ်။ ရောက်တိုင်း မမစိန်ကပဲ အမျိုးစုံလုပ်ကျွေးနေတာမို့ ဒီနေ့တော့ ကိုယ်တတ်နိုင်သလောက် ဝယ်ပြီးလာခဲ့တယ်။ ကျွန်မက ဗဟိုရုံး ရောက်တော့ မမစိန်ကို သူ့အိမ်ရှေ့ကနေ “မမစိန် မမစိန် ဘာတွေလုပ်နေတာလဲ” လို့ ခေါ်ပြီး နှုတ်ဆက်လိုက်တော့-

“ဟော ဆရာမကြီးလာပြီ၊ လ္ဖာလ္ဖာ ဆရာမကြီးရွှေအလုပ်က ရှုပ်တာတော့ မပြောပါနဲ့၊ ကျွန်မလေ တမနက်ခင်းလုံး တလှုပ် လှုပ်နဲ့ ချက်လိုက် ပြုတ်လိုက်လုပ် နေရတာဆိုတော့ ထမင်းစားပြီး တရေးလောက်တော့ မှေးလိုက်ဦးမယ်ဆိုပြီး ခုတင်ပေါ် တက်အိပ် လိုက်တာ။ ဖေဖေရယ်လေ ဘာစိတ်ကူးပေါက်တယ် မသိပါဘူး၊ ပြတင်းပေါက်က လူတွေ မြင်ရတယ်။ ရှက်စရာ ဘာညာနဲ့ဆိုပြီး ကျမအိပ်တာကို သဘောမတူဘူးတဲ့၊ အမယ် ပါ ပါ ချေသေးတော့တယ်။ သူ့ဘက်ကိုလည်း လှည့်ပြီး မအိပ် ရဘူးတဲ့၊ သူကပဲ ပြောရတယ်ရှိသေးတယ်။ ပြောခြင်းပြောရင် ကျွန်မကပြောရမှာ သူက ပြောနေတယ်။ နေစမ်းပါဦး၊ လူတွေ မြင်တော့ ဘာဖြစ်တုန်း၊ ကျွန်မက ဘာလုပ်နေလို့တုန်း … ဟင်။ ပြောစမ်းပါဦး။ ဖေဖေက လူပျိုမို့လား၊ ကလေးတွေတောင် ဒါလောက်ကြီးလာလို့ အလုပ်တွေလုပ်။ အိမ်ထောင်ရက်သားကျပြီး။ သားတွေ သမီးတွေနဲ့ ဖြစ်နေပြီ။ အဲဒါ ကိုယ်တို့နှစ်ယောက် လူကြီးတွေပဲ လူမြင်တော့ဘာဖြစ်သလဲ၊ ပြောစမ်းပါဦး”

မမစိန်က ပေါက်ကွဲမဆုံးဖြစ်နေပါတယ်။ ကျွန်မက မမစိန်ပေါက်ကွဲနေတာကိုကြည့်ရင်း အနားမှာ ဘာမှမပြောဘဲ တိတ်တိတ် လေး ထိုင်နေတဲ့ ဦးတင်ကို လှမ်းကြည့်လိုက်ပါတယ်။

“မဟုတ်ပါဘူး မေမေရယ်။ ကိုယ့်ဘက်လှည့်အိပ်တော့ မေမေက မှုတ်ထုတ်လိုက်တဲ့လေတွေဟာ ဖေဖေဆီကို မျက်နှာလာပြီး ထိတော့ ဖေဖေက အိပ်လို့မရတော့ဘူး၊ ဒါကြောင့် ပြောတာပါ” လို့ လေအေးလေးနဲ့ပြောပြီး မျက်နှာကြီးတခုလုံး နီရဲကာ ခေါင်းငုံ့ထိုင်နေပါတယ်။

“အမယ် အခုမှ လေအေးလေးနဲ့လုပ်နေပြန်တယ်။ စောစောကတော့ ရှက်လို့ဆိုပြီး။ ရှက်ရင်ရှက်တယ်ပေါ့။ ဘာဖြစ်လဲ မေ မေလည်း ရှက်တတ်ပါတယ်”

“မေမေကလည်း တော်ပါတော့၊ ပြီးတာ ပြီးပြီပေါ့၊ စခန်းကော်မတီက ချက်ချင်းပဲ ခုတင်တလုံး လာခင်းပေးပြီးပြီပဲ၊ တော်ပါ တော့” လို့ သမီးဖြစ်သူကလည်း ဝင်တောင်းပန်ပါတယ်။

“ဆရာမကြီးရေ အခုမှ ကျွန်မတို့ သားအမိနှစ်ယောက်လည်း ကျယ်ကျယ်ဝန်းဝန်း နေစရာရတော့တယ်။ ဆရာမကြီးလည်း နေ့လည် မောရင် ဒီမှာလာနားပါ။ ရပါတယ်”

“ဟုတ်ကဲ့ပါ မမစိန်။ ကျေးဇူးတင်ပါတယ်” လို့ ကျွန်မလည်း ပြန်ပြောလိုက်ပါတယ်။

နေလည်စာ စားတဲ့အချိန်ကျတော့ ဦးတင်မရှိတော့ပါ။ အစည်းအဝေးသွား တက်နေပါတယ်။ မမစိန်က …

“သမီးရေ ဖေဖေဖို့ အကြော်မုန့်ချန်ထားရင် ကောက်ညှင်းကြော်လေး များများချန်ပါကွယ်၊ ဘူးသီးကြော်နဲ့တွဲချန်ပါ” လို့ မီးဖို ထဲရှိနေတဲ့ ကျွန်မနဲ့ မရှုယဉ်ထံ လှမ်းအော်ပြောနေပါတယ်။

သြော် .. မမစိန်တယောက် စောစောတုန်းကတော့ ပေါက်ကွဲနေလိုက်တာ ခုတော့လည်း သူမဟုတ်သလိုပဲ။ သြော် … ကရု ဏာ ဒေါသောဆိုတာ ဒါပဲထင်ပါရဲ့။ မုန်းလို့ဟုတ်ဘူး… မုန်းလို့ဟုတ်ဘူး။

(၆)
ကျွန်မတို့ ပန်ဆန်းဘဝရဲ့ နောက်ပိုင်းနှစ်တွေမှာ အိမ်ထောင်သည်ရဲဘော်တွေ ကြက်မွေးခွင့်ရလာခဲ့ပါတယ်။ ဒါကြောင့် အိမ် ထောင်သည်တွေမှာ ကြက်ဥလေးတွေ ရှိတော့ ကိုယ့်အချင်းချင်း ဖျားနာရင် ကြက်ဥလေးနဲ့ ဒါမှမဟုတ် ကြက်ဥလေးရောင်းချပြီး စားစရာ တခုခုဝယ်သွားပြီး လူနာကို သွားရောက်မေးမြန်းနိုင်ခဲ့ကြပါတယ်။

အဲဒီလိုနဲ့ မွေးလူနာ မီးဖွားရဲဘော်မတယောက်ကို သွားမေးမြန်းရင်း အဲဒီမှာ ကျွန်မ မမစိန်နဲ့ ဆုံမိပါတယ်။ ဒါနဲ့ လူနာမေးပြီး ခရီးလမ်းကြုံတာနဲ့ သူ့သမီးဆီသွားဖို့ စကားတပြောပြောနဲ့ ကျွန်မနဲ့အတူလိုက်လာပါတယ်။ အဲဒီတုန်းက မရှုယဉ်နဲ့ ကျွန်မက တဝိုင်းတည်းမှာ နေနေတဲ့ကာလပါ။ (နောက်ပိုင်းမှာ ကျွန်မ စစ်ဒေသဌာနချုပ်ဘက်ကို လုပ်ငန်းလိုအပ်မှုအရ ပြောင်းခဲ့ရပါ တယ်။)

“ဆရာမကြီးရယ် ဗမာစကားမှာ ယောကျာ်းဖောင်စီး။ မိန်းမမီးနေလို့ဆိုတယ် မဟုတ်လား၊ အမျိုးသမီးတွေ ကလေး မီးဖွားရ တယ်ဆိုတာ တကယ်သက်စွန့်ဆံဖျားဘဝပါပဲ၊ အဲဒီလိုအချိန်မျိုးမှာ မိမိခင်ပွန်းသည် အနားရှိနေရင်တော့ တအားပဲပေါ့၊ အချိန်တန်လို့ ခင်ပွန်းသည် မျက်နှာမတွေ့ရရင် သိပ်အားငယ်။ သိပ်ဒေါသ ဖြစ်တယ်။ ဒါကြောင့် ကျွန်မ ဟိုတုန်းက တပ်ထဲမှာ ‘မိခင်နဲ့ကလေး စောင့်ရှောက်ရေးအဖွဲ့တွေ ဖွဲ့ခဲ့တာပေါ့”

“ဒါနဲ့ ဆရာမကြီးကိုပြောရဦးမယ်၊ ကျွန်မ သူ့ကိုရန်တွေ့ဖူးတဲ့ကိစ္စတခု၊ ကျွန်မ သားအငယ်ဆုံးလေး တွတ်တွတ်ကို မင်္ဂလာဒုံ ဆေးရုံမှာ မွေးတယ်။ မနက်အစောကြီးမွေးတာ၊ အဲဒီနေ့က ကျွန်မက သူ့ကိုတနေ့လုံးမျှော်တာ မလာဘူး။ နောက်နေ့လည်း လာမကြည့်ဘူး။ ကျွန်မစိတ်လည်းဆိုး စိတ်လည်းကောက်ပေါ့။ မွေးပြီး ၂ ရက်ကြာမှလာတွေ့တယ်။

သူက ရုံးလုပ်ငန်းတွေလုပ်ရင်း ဆေးရုံက လူနာကြည့်ချိန်ကျော်သွားလို့တဲ့လေ။ အဲဒီကာလကလည်း အင်းစိန်တိုက်ပွဲတွေ ဘာတွေ ပြီးကာစ အလုပ်အလွန်များတာတော့ မှန်ပါတယ်။ ဒါပေမဲ့ ဆရာမကြီးရေ ‘သူ့နှမ ကလေးမျက်နှာမြင်တော့ ဦးထွန်း တင် (ဦးတင်နဲ့  ငြိမ်းချမ်းရေးအဖွဲ့မှာပါဝင်တဲ့လွှတ်တော်ရှေ့နေကြီး ဦးထွန်းတင်) ကိုခေါ်ပြီး သူ့နှမဆေးရုံမီးဖွားတဲ့ ဒပ်ဖရင် ဆေးရုံဆီကို လိုက်ပို့ခိုင်းတယ်လေ။ ဘာရမလဲ ကျွန်မသူ့ကို စကားနာထိုးခဲ့တာပေါ့”

“သူက အဲဒီတော့ ဘာပြန်ပြောသလဲ သိလားဆရာမကြီး။  ‘အဲဒီတုန်းက မင်းက ဗိုလ်ချုပ်ကတော်ဆိုတော့ မင့်အနားမှာ ဝိုင်း ဝိုင်းလည်နေတာ၊ ကိုယ့်နှမကျတော့ အားငယ်နေမှာစိုးလို့။ သနားလို့ သွားကြည့်ရတာတဲ့၊ သူက သူ့ဥမှ သူ့ဥလေ။ ပြီးတော့ သူက မင်းအခုထိ စိတ်မကောင်းဖြစ်နေတယ်ဆိုရင်လည်း ကိုယ်တောင်းပန်ပါတယ်တဲ့လေ”

“အဲဒီညီမလေးဆိုတာ တခြားလူမဟုတ်ပါဘူး၊ ဖေဖေရဲ့ တဦးတည်းသော နှမလေးဖြစ်တဲ့ ကျင်ကျင် (ဒေါ်ကျင်မြ) ကို ပြော တာပါ။ အစ်ကိုတွေ အိမ်ထောင်ကျသွားလည်း မခွဲဘူး။ အပျိုကြီးဘဝနဲ့ ကျွန်မတို့နဲ့ တအိမ်တည်းလိုက်နေတာပါ။ သူ့အစ်ကို ကိုလည်း အင်မတန်ချစ်ရှာပါတယ်။ ရုပ်ရည် ချောမော လိမ်မာရေးခြားရှိသူလေးပါ။ ဖေဖေဟာ သူ့နှမလေးကို ချစ်ရှာလွန်းလို့ သူ့ စိတ်ကြိုက်အိမ်ထောင်ဖက်ရှာပြီး သူ့နှမလေးကို ဖွင့်ပြောကာ သူ့စိတ်ကြိုက်စီစဉ်လက်ထပ်ပေးခဲ့တာပါ” လို့ ပြောရင်း စကားကို အဆုံးသတ်လိုက်ပါတယ်။

နေဝင်ရိုးရီမို့ ပန်ဆန်းတခွင်လုံးလည်း အုံ့မှိုင်းနေပါပြီ။ လမ်းဘေးမယ်စလီတန်းက မယ်စလီပင်တွေလည်း အိပ်မောကျစ ပြုနေပါပြီ။ လမ်းဘေးဝဲယာ သစ်ပင်တွေပေါ်က ပုစင်းရင်ကွဲတွေကတော့ စီညံနေဆဲပါပဲ။ ပတ်ဝန်းကျင်တောင်တန်းတွေပေါ်က မီးစောင်းတန်းတွေလည်း လင်းလက်နေပါပြီ။

(၇)
ဒါတွေဟာ မတူတဲ့ အိမ်ထောင် ၂ ခုက ဆင်းသက်လာတဲ့ လူသား ၂ ဦး။ အမျိုးသားနဲ့ အမျိုးသမီး ၂ ဦးတို့ ထူထောင်ထားတဲ့ အိမ်ထောင်လေးတခုအတွင်းက ဘယ်လိုမှ အပြစ်မြင်လို့ မရနိုင်တဲ့ လူသားဆန်တဲ့ လူ့ဘဝအကျင့်စရိုက် အပြုအမူလေးတွေပါ။

ဒီလိုနဲ့ မိမိတို့ ၂ ဦး ထူထောင်လိုက်တဲ့ လူမှုဘဝဆိုတဲ့သစ်ပင်ကြီးကို မြေသြဇာလောင်း ပေါင်းသင်းရင်း ရှင်သန်စည်ပင် ဖွံ့ဖြိုး တိုးတက်အောင် ပြုစုပေးရင်းနဲ့ လူ့အဖွဲ့အစည်းတရပ် ရှင်သန်ရေးကို လုပ်ဆောင်ခဲ့ကြရတာချည်းပါပဲ။

အခုတော့ မမစိန်တို့ ဇနီးခင်ပွန်း ၂ ဦးလုံး ရှောင်ကွင်းလို့မရနိုင်တဲ့ သဘာဝတရားရဲ့ ခေါ်ဆောင်ရာကိုပါသွားပြီး ကျွန်မတို့ တတွေနဲ့ ထာဝရ ခွဲခွာသွားခဲ့ကြပါပြီ၊

မမစိန်ကလည်း သူ့ဘဝကို “သေရင်လည်း သေပျော်ပါတယ်။ နေရင်လည်း နေပျော်ပါတယ်” လို့ သူ့ရဲ အိမ်ထောင်သည်ဘဝနဲ့ ပတ်သက်လို့ ကျေနပ်နှစ်သိမ့်မှုတွေကို အထက်တနေရာမှာ ဖော်ကျူးသွားခဲ့ပါတယ်။ သူ့ခင်ပွန်း ကျွန်မတို့ခေါင်းဆောင် ရဲ ဘော်ဦးတင်ကလည်း ဇနီးဖြစ်သူ ဒေါ်သန်းစိန် (မမစိန်) ကွယ်လွန်တဲ့အခါ များစွာဝမ်းနည်းမှုဖြစ်ပြီး ပြည်ပအသံလွှင့် ဌာန နဲ့ဖြေကြားရာတွင် “ကျွန်တော့်အနေဖြင့် စိတ်မကောင်းဆုံးမှာ နှစ်ပေါင်းများစွာ ဆိုးတူကောင်းဖက် လောကဓံကို မိမိနဲ့အတူ ကြံ့ကြံ့ခံခဲ့တဲ့ ဇနီးမယားဖြစ်သူအား မကွယ်လွန်မီ သူ့အပေါ် တာဝန်ကျေခဲ့တဲ့အတွက် ကျေးဇူးတင်ကြောင်း မပြောလိုက်ရတာ ကို များစွာယူကျုံးမရဖြစ်ရတယ်” လို့ ဆိုခဲ့ဖူးပါတယ်။ သမီးလှကျော်ဇောကလည်း “အလွမ်းစာပန်းခြင်း” လေးထဲမှာ “မေမေ တာဝန်ကျေပါတယ်။ အားလုံးအပေါ် တာဝန်ကျေပါတယ်။ ကျေးဇူးတင်ပါတယ် မေမေ” လို့ ရေးသား ကမ္ဗည်းထိုးခဲ့ပါတယ်။

မမစိန်ဟာ ကျွန်မတို့ တော်လှန်ရေးတပ်ဖွဲ့အတွင်းက တာဝန်ကျေပွန်လှတဲ့ အိမ်ထောင်ရှင်မ ဇနီးကောင်းနဲ့ မိခင်ကောင်း တဦးအဖြစ် ကျွန်မရင်ထဲ ကမ္ဗည်းထိုး ထာဝစဉ် လေးစားသွားမှာပါ။

မမစိန်တို့ ဇနီးမောင်နှံ အေးချမ်းစွာထာဝရ အနားယူနိုင်ပါစေ။

 

ရဲဘော်ငွေ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)