ကျော်မောင် (တိုင်းတာရေး) – လက်ပတ်နာရီ

March 6, 2019
Art – Than Htay Maung

ကျော်မောင် (တိုင်းတာရေး) – လက်ပတ်နာရီ

(မိုးမခ) မတ် ၆၊ ၂၀၁၉

“ဆရာမ ဆရာမ”

နောက်နားဆီကနေ တိုးတိုးလေးခေါ်သံကြားတယ်။ သူမတ်တပ်ရပ်နေတဲ့ နေရာကနေ နောက်ဘက်ကို လှည့်ကြည့်လိုက်တော့ ညာဘက်နောက်ဆုံးခုံက တစ်ယောက်ကို တွေ့ရတယ်။ အဲဒီတယောက် လှမ်းခေါ်တာများလား။ ဘယ်ဘက်က ကလေးမလေးကတော့ ဦးခေါင်းငုံ့ပြီး ဖြေလွှာပေါ်မှာ မြန်မြန်သွက်သွက်ရေးနေတာ တွေ့လိုက်တယ်။

“ဆရာမ ဆရာမ”

ဟုတ်တယ်။ ညာဘက်ဆုံးက ကောင်လေးလှမ်းခေါ်တာ။ လှမ်းခေါ်တဲ့အခါ ဘယ်သူခေါ်တာမှန်းသိအောင် လက်ညှိုးလေးတော့ ထောင်ပြီး ခေါ်သင့်တာပေါ့။ အခန်းစောင့် ဆရာမနှစ်ယောက်ကလွဲပြီး တခန်းလုံး စာဖြေနေသူတွေချည်းဖြစ်လို့ စာမေးပွဲစည်းကမ်းကို လိုက်နာတဲ့အနေနဲ့ အသံကို အုပ်ပြီး ခေါ်တဲ့အသံ။ စာဖြေခန်းကလည်း သိပ်မကျယ်လှတဲ့အတွက် သူက အခန်းအလယ်လောက်မှာ မတ်တပ်ရပ်နေတာဖြစ်လို့ ခြေလှမ်းခြောက်လှမ်းလောက်လျှောက်လိုက်တာနဲ့ အနားကို ရောက်သွားတယ်။

“ဘယ်အချိန်ရှိပြီလဲ ဆရာမ။ ဆယ့်တစ်နာရီကျော်သွားပြီလား ခင်ဗျ”

“ခွဲလောက်ပြီ ထင်တယ်”

“ခင်ဗျာ။ သေချာအောင် ဆရာမမှာ ဟို ဟို လက်ပတ်နာရီ”

ဟုတ်ပါရဲ့၊ ဆရာမမှာ လက်ပတ်နာရီတဲ့။ သူ့မှာ လက်ပတ်နာရီလေးတစ်လုံး ရှိခဲ့ဖူးတယ်။ အင်း အခုထိ ရှိတုန်းပဲလို့ ပြောရင် ပိုမှန်မယ်။ သူ အလယ်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခါစက ကျောင်းစတက်မယ့်နေ့ မနက်မှာပဲ အမေက ခေါ်ပြီး အတင်းဝတ်ခိုင်းခဲ့တာ။ ကိုယ့်မှာရှိတဲ့ဆွဲကြိုးတွေ လက်ကောက်တွေ လက်စွပ်တွေ မ၀တ်ရင်နေပါအေ၊ ဒါလေးတော့ ကျောင်းဆရာမဆိုတာလေးနဲ့ လိုက်အောင် ၀တ်သွားလိုက်ပါ သမီးရယ်ဆိုလို့ အဲဒီတရက်ပဲ။ အိမ်ပြန်ရောက်တာနဲ့ အမေ့ကို မရမက တောင်းပန်ပြီး ပြန်သိမ်းထားခဲ့တာ။

အမှန်တကယ်က သူ့မှာ နာရီပတ်လေ့ပတ်ထမရှိ။ တက္ကသိုလ်တက်တုန်းကလည်း သူ့သူငယ်ချင်းအားလုံးက ချောင်ချောင်လည်လည်သမားတွေ မဟုတ်ကြပေမယ့် နာရီတလုံးလောက်တော့ ပတ်ထားကြ ၀တ်ထားကြသူများဖြစ်တာကို သူသတိပြုမိတာပဲ။ လက်ပတ်နာရီမပတ်တဲ့ သူ့ကို သူငယ်ချင်းတွေကလည်း အထူးအဆန်းလို သဘောမထား။ ဘာကြောင့်ဆို ချမ်းသာတဲ့ တချို့သူတွေလည်း တတ်နိုင်ရဲ့သားနဲ့ စတိုင်ထွင်တာလား ဘာကြောင့်မှန်းမသိဘဲ နာရီမ၀တ်ကြတာတွေ ရှိကြတယ်။ ဒါပေမယ့် သူဘာဖြစ်လို့ လက်ပတ်နာရီ မပတ်သလဲဆိုတာကိုတော့ ဘယ်သူမှ မမေးကြဘူး။

မမေးဘဲ ပြောရရင် သူကိုယ်တိုင်ကိုယ်က နာရီဆို မပတ်ချင်တဲ့သူ။ စတိုင်ထွင်တာလည်း မဟုတ်ဘူး။ ငယ်ငယ်ကလေးကတည်းကကို နာရီပတ်ပေးရင် ပြန်ချွတ်ပစ်တဲ့သူတဲ့။ အမေက ဒီလိုမှတ်ချက်ချဖူးတယ်။ နာရီမ၀တ်ချင်လောက်အောင် အရင်ဘ၀တွေက ဘယ်လိုတွေများ စိတ်နာခဲ့လို့တုန်းမှ မသိတာတဲ့။ အဲဒီတော့ အဖေက ပြုံးပြီး ပြောတယ်။ သူ မပတ်တာ သူ့လွတ်လပ်ခွင့်ပဲကွာ၊ အချိန်သိချင်ရင် သူများမေးမှာပေါ့တဲ့။ လက်ပတ်နာရီမပတ်ပေမယ့် ဘယ်သူ့ကိုမှ အချိန်မေးမြန်းခြင်း သူ မပြုလုပ်ခဲ့။ အချိန်ကာလနှင့်ပတ်သက်ပြီး နောက်ကျတာတို့ မမီတာတို့ မဖြစ်ခဲ့။

လက်ကိုင်ဖုန်းတွေ ကိုင်ကြတဲ့ ကာလရောက်လာတော့ သူ့သူငယ်ချင်းတယောက် ပြောတာကို သူမှတ်ထားမိတယ်။ အဲဒီတယောက်က ပြောတာ ဖုန်းရှိနေမှတော့ အချိန်သိချင် ဖုန်းကောက်ကိုင်ကြည့်လိုက်တာပဲတဲ့။ အမှန်က အဲဒီတယောက်ကြတော့ တမျိုး။ သူက ထီးဆောင်လေ့မရှိတဲ့အတွက် တရက်မှာ မိုးမိသွားပြီး နာရီထဲရေ၀င်သွားတယ်။ အဲဒါကို ပြင်ဖို့မအားတဲ့အချိန်မှာ ဖုန်းနဲ့အစားထိုးသုံးနေရတာကို ဖုံးဖိလိုလို့ဖြစ်ပုံရတယ်။ ဒီလိုပဲ သူက ဖြည့်တွေးမိတယ်။

“ဆရာမ ဆရာမ”

အတွေးတွေကို ကပျာကယာဖယ်ထုတ်လိုက်ရတယ်။

“ဟိုဆရာမကို နာရီမေးပေးပါလား ခင်ဗျာ။ စာစီစာကုံးရေးဖို့ အချိန်လောက်မလောက် သိချင်လို့”

ဒါနဲ့ပဲ အခန်းရဲ့ တဖက်ထောင့်မှာ ရှိနေတဲ့ ဆရာမကို လက်ပြလိုက်တယ်။ ပြီးမှ ဘယ်ဘက်လက်ကောက်ဝတ်ကို ညာဘက်လက်ညှိုးနဲ့ နှစ်ချက်လောက် ထိပြလိုက်ပြီး အချိန်မေးလိုက်တယ်။ ဟိုတယောက်က သူရဲ့ အမူအရာကို လွယ်ကူစွာပဲ နားလည်ပြီး နာရီပတ်ထားတဲ့ လက်ရဲ့ တံတောင်ဆစ်ကွေးကို ဟန်ပါပါနဲ့ မြှောက်လိုက်တယ်။ ပြီးမှ ခေါင်းငုံ့ကြည့်လိုက်တာတွေ့တယ်။

“ကဲ အချိန်စေ့ဖို့ နာရီဝက်တိတိပဲ ကျန်တော့တယ်၊ မြန်မြန်လေးဖြေကြနော်”

ကျေးဇူးတင်တဲ့ အနေနဲ့ သူ လက်မထောင်ပြလိုက်တယ်။

ကျောင်းသားလေးလည်း နာရီဝက်ကျန်သေးတာကို သေချာစွာသိရတဲ့အတွက် စာစီစာကုံးကို စိတ်တိုင်းကျရေးတော့မယ့်ဟန် ပြင်နေတယ်။ သူ့တုန်းကရော။ သူ့တုန်းကလည်း ဖြေနေတုန်းမှာ အချိန်စေ့ ခေါင်းလောင်းတီးသံ ကြားရမှာကို စိုးရွံ့ခဲ့ဖူးလား။ အခုလို မြန်မာစာ စဖြေတဲ့ နေ့မှာ စာစီစာကုံးအတွက် အချိန်သိရဖို့ဆိုတာ စာဖြေသူတိုင်းအတွက် အရေးပါခဲ့တာ အမှန်ပဲ။ ကျန်ရှိနေသေးတဲ့ မိနစ်တွေ စက္ကန့်တွေကို ပိုင်းဖြတ်ပြီး နိဒါန်း စာကိုယ် နိဂုံး ဘယ်လိုရေးမယ်ဆိုတာ၊ စာမျက်နှာ ဘယ်လောက် ရေးရမယ်ဆိုတာတွေကို ချက်ချင်းဆုံးဖြတ်ရတာ။ ခေါင်းလောင်းတီးမှ ကမန်းကတန်း နိဂုံးချုပ်ကြရတာဆိုတဲ့ အလေ့အထကို သူမုန်းတယ်။

တက္ကသိုလ်ဝင်တန်း စတက်ကတည်းက စာတော်တဲ့ သူ့ကို ဆရာ ဆရာမတွေက ကူညီကြတာ။ နာရီတလုံး ပတ်ထားဖို့ သူ့ကို တိုက်တွန်းကြတာလည်း ဒီဆရာ ဆရာမတွေပါပဲ။ သမီးရယ် နာရီမ၀တ်ထားရင် စာဖြေတဲ့အခါ အချိန်ကို ဘယ်လိုစီမံခန့်ခွဲနိုင်ပါ့မလဲတဲ့။ စာဖြေတဲ့ နေ့တွေမှာတော့ ပတ်ထားပါနော်လို့ ၀ိုင်းဝန်းဖျောင်းဖျကြပေမယ့် သူကတော့ မပတ်ရေးမှ မပတ်ရေး၊ မ၀တ်ရေးမှ မ၀တ်ရေးဆိုတာကို ကျင့်သုံးနေခဲ့တာ။

နာရီပတ်ဖို့ ခေါင်းမာခဲ့လို့ စာမေးပွဲကြီးဖြေရာမှာ အချိန်စီမံခန့်ခွဲမှု ကမောက်ကမဖြစ်ပြီး အခုလို ကျောင်းဆရာမဖြစ်လာတာလို့ ဘယ်သူမှ မဆိုရဲဘူး။ ဘာကြောင့်ဆို တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဘာသာစုံဂုဏ်ထူးနဲ့ အောင်ခဲ့ပြီး သူဖြစ်ချင်တဲ့ သူဝါသနာပါတဲ့ ဆရာမအလုပ်ကို လုပ်နိုင်ဖို့ သူနှစ်သက်ရာတက္ကသိုလ်ကိုသာ လျှောက်ခဲ့ တက်ခဲ့တဲ့အကြောင်း အများသိကြတာ။ နာရီမပတ်ဘဲ အမှတ်ကောင်းကောင်းရခဲ့သူထဲတွင် တဦးအပါအ၀င်ဖြစ်သည်လို့ သူ့ကို မှတ်တမ်းတင်ကြတာတော့ မကြားမိခဲ့။ ဒါကို ပြန်တွေးမိပြီး ခုနက ကျောင်းသားလေးကို အနည်းငယ်စိတ်ဆိုးမိတယ်။ အမှန်ဆို နာရီမေးစရာမလိုအောင် သူ့လို လေ့ကျင့်ခဲ့ရမှာ။ အချိန်အမေးခံရတုန်းက ဆယ့်တစ်နာရီခွဲလောက်ရှိပြီဆိုတာကို မှန်းပေးနိုင်ခဲ့တာပဲ။

နာရီအကြောင်းတွေ တွေးမိနေရင်း ငယ်သူငယ်ချင်းတယောက်ပြောပြဖူးတာကို အမှတ်ရမိတယ်။ တခါမှာတဲ့ စာမေးပွဲတခုဖြေတော့ ခုံရှည်တခုံတည်းမှာထိုင်ပြီး သူ့ဘေးနားမှာ ဟိုဘက်ဒီဘက် ဖြေနေတဲ့ အတန်းဖော်က အချိန် ခဏခဏမေးသတဲ့။ သူကလည်း အစမှာ ရိုးရိုးမေးတယ်လို့ ထင်တာ။ လက်ပတ်နာရီကြည့်ပြီး ဘယ်အချိန်ရှိပြီလဲဆိုတာ တိုးတိုးတိတ်တိတ်ပြောပြရင်း စာလည်း ဖြေနေရင်းပေါ့။ သုံးလေးငါးခါထက်ပိုလာတဲ့အခါမှာတော့ စာဖြေနေတာ စိတ်ပျက်သလိုတောင် ဖြစ်မိသွားတယ် ဆိုပဲ။ အဲဒီနေ့ ဖြေရတဲ့ ဘာသာကလည်း မေးခွန်းခက်တော့ မရမက ညှစ်ထုတ်ဖြေနေရတဲ့အထဲ ဘယ်နှစ်နာရီရှိပြီလဲလို့ မကြာမကြာ အမေးခံရတော့ ကြာလာတဲ့အခါ ဟိုတယောက်မေးတာကို မကြားယောင်ဆောင်နေရတော့သတဲ့။

နောက်တရက်ဖြေတော့ အချိန်မေးတဲ့ အဲဒီတယောက်က စားပွဲတင်နာရီတလုံးယူလာပြီး စာဖြေခုံမှာ ချထားတာတွေ့တယ်။ ဒါလေးကို ပြန်ပြောပြချိန် တခြားသူတွေ ရယ်မောကြပေမယ့် ကျောင်းဆရာမဖြစ်ဖို့ ကြိုးစားနေတဲ့ သူကတော့ ဒီလိုပြန်မေးမိခဲ့တယ်။

“ဟဲ့ နင့်ဟာကလည်း၊ အဲဒီ စားပွဲတင်နာရီကို သူက ဘယ်လိုလုပ် စာမေးပွဲအခန်းထဲ ရအောင် ယူလာတာတုန်း”

အဲဒီအခါမှ ရယ်နေကြတဲ့သူတွေလည်း အရယ်ရပ်ပြီး သူမေးတဲ့ မေးခွန်းကိုပဲ ၀ိုင်းမေးကြတယ်။

“ဟာ အဲဒါ ငါလည်း မသိဘူးဟ၊ မှန်းကြည့်ရတာ အဲဒီတယောက်ကလည်း နင့်လိုပဲ နာရီမပတ်ဘူး။ အဲဒီတော့ အခန်းစောင့်တာဝန်ကျ ဆရာ ဆရာမတွေကို အကျိုးအကြောင်းပြောပြပြီး နာရီယူခွင့်ရတာ ဖြစ်မှာပေါ့။ နင်လည်း နာရီမပတ်တော့ စာမေးပွဲဖြေရင် သူ့လိုပဲ စားပွဲတင်နာရီတလုံးလောက် ယူသွားပေါ့။ နင်မ၀ယ်ချင်ရင်လည်း တို့တတွေ အားလုံး တယောက် နည်းနည်းချင်းစီ ပေါင်းလိုက်ရင် နာရီကောင်းကောင်းတလုံးလောက်တော့ရနိုင်ပါတယ်လေ”

ဒီလိုမျိုး သူအပြောခံခဲ့ရ အနောက်ခံခဲ့ရသော်လည်း သူ့သူငယ်ချင်းပြောသလို စားပွဲတင်နာရီတလုံး စာမေးပွဲခန်းအတွင်းကို ဘယ်သောအခါမှ မယူခဲ့။

“ဆရာမ အပိုစာရွက်” “အေး အေး လာပြီ” စာရွက်အပိုတောင်းသော ကျောင်းသူကို စာရွက်အပိုပေး၊ ခုံနံပါတ်တပ်ဖို့နေရာကို လက်ညှိုးနဲ့ထောက်ပြလိုက်ပြီး သူ့အတွေးကို ဆက်ပြန်တယ်။

အကယ်၍များ စာမေးပွဲခန်းအတွင်းမှာ တိုင်ကပ်နာရီတလုံးလောက်ရှိမယ်ဆိုရင်။ ဟုတ်တယ်။ စာမေးပွဲခန်းတွေမှာ တိုင်ကပ်နာရီတလုံးလောက်ရှိဖို့လိုတာပဲ။ စာသင်ခန်းတွေမှာလည်း တိုင်ကပ်နာရီတွေ ရှိသင့်တာပဲ။ ဒါပေမယ့် သူတက်ခဲ့တဲ့ ကျောင်းတိုင်းရဲ့ စာသင်ခန်းတွေမှာ တိုင်ကပ်နာရီဆိုတာ ရှိခဲ့ဖူးသလား ဆိုတာ ပြန်တွေးကြည့်လိုက်တယ်။ ကျောင်းဆရာမဘ၀နဲ့ တကျောင်းပြီး တကျောင်းပြောင်းခဲ့ရတဲ့ ကျောင်းတွေမှာ စာသင်ခဲ့တုန်းကရော။ သောက်ရေအိုးတွေနေရာမှာ ရေသန့်ဗူးကြီးတွေသာ အစားထိုးလာတယ်။ ဘယ်တုန်းကမှ မရှိခဲ့ဖူးတဲ့ တိုင်ကပ်နာရီဆိုတာ ကျောင်းစာသင်ခန်းနံရံတွေနဲ့ ရန်ဖြစ်ထားတာ အခုထက်ထိ မကျေသေးလို့ထင်ပ။ ကျောင်းအုပ်ဆရာကြီးတို့ ကျောင်းအုပ်ဆရာမကြီးတို့ ရုံးခန်းအတွင်းမှာပဲ တိုင်ကပ်နာရီရှိတာ သူမြင်ခဲ့ဖူးတာ။

စာမေးပွဲခန်းတွေမှာ တိုင်ကပ်နာရီတလုံးလောက်ဖြစ်ဖြစ်၊ စားပွဲတင်နာရီတလုံးလောက်ဖြစ်ဖြစ် ထားနိုင်ဖို့ဆိုတာ ဘယ်လိုလုပ်ရင်ကောင်းမလဲ။ စာမေးပွဲကာလမှာ နာရီငှားတဲ့ဝန်ဆောင်မှုလုပ်ငန်းတွေ ရှိကြရင် သိပ်ကောင်းမှာပဲ။ ကျောင်းတွေကို ခဏငှားထား၊ စာမေးပွဲတွေပြီးတဲ့အခါ ပြန်လာသိမ်းသွားကြ။ ဒါဆို ငှားတဲ့သူတွေလည်း အလုပ်ဖြစ်၊ စာဖြေသူတွေအတွက်လဲ အလုပ်ဖြစ်နဲ့ အတော်ကို အဆင်ပြေသွားလိမ့်မယ်။ ငှားထားတဲ့ နာရီတွေကလည်း အချိန်မှန်ဖို့တော့ လိုမှာပေါ့။

“အချိန်စေ့ဖို့ ငါးမိနစ်ပဲ လိုတော့တယ်။ သားတို့ သမီးတို့ ကိုယ့်ဖြေလွှာလေးတွေကို ကိုယ်ပြန်စစ်ကြတော့။ ငါးမိနစ်ပဲနော်” အခန်းစောင့်တာဝန် တွဲဖက်ကျသည့် ဆရာမက သူ့ရဲ့ရွှေရောင်နာရီလှလှလေးကို ကြည့်ရင်း သတိပေးပြောဆိုသံကို ကြားလိုက်ရတယ်။ တခန်းလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားကြတယ်။

နာရီမပတ်ချင်သည့် သူ့ဘ၀ကို ဒီတခါမှာ အပြစ်တင်မိသွားတယ်။ သူသာ နာရီပတ်ခဲ့ရင် ငါးမိနစ်မဟုတ် ဆယ့်ငါးမိနစ်အလိုကတည်းက ဆယ့်ငါးမိနစ်ပဲ လိုတော့ကြောင်းကို အသိပေးမိမှာ။ မနက်ဖြန်မှာတော့ အမေပတ်ခိုင်းတဲ့ နာရီလေးကို ပြန်ဝတ်ဖြစ်မယ် ထင်တာပါပဲ။ တရက်ပဲပတ်ခဲ့တဲ့ နာရီလေးကတော့ ဒီအချိန်ဆို အရောင်နည်းနည်းတောင် လွင့်နေလောက်မှာပေါ့လေ။

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags