လှကျော်ဇော – ဂလိုဘယ်လိုက်ဇေးရှင်း ဖိုးပွိုင့်အို အကြောင်း သိကောင်းစရာများ

March 6, 2019

လှကျော်ဇော – ဂလိုဘယ်လိုက်ဇေးရှင်း ဖိုးပွိုင့်အို အကြောင်း သိကောင်းစရာများ 

(မိုးမခ) မတ် ၆၊ ၂၀၁၉
၂၀၁၉ ဇန္နဝါရီလ ၂၂ -၂၅ ၊ ဆွစ်ဇာလန်နိုင်ငံ၊ ဒါးဗိုစ့် မှာကျင်းပခဲ့တဲ့ (နှစ်စဉ်ကျင်းပမြဲ) ကမ္ဘာစီးပွားရေးဖိုရိမ် WEF ရဲ့ ခေါင်းစီးကတော့ ဂလိုဘယ်လိုင်ဇေးရှင်း ၄.၀ (ဖိုးပွိုင့်အို) ။ “စတုတ္ထစက်မှုတော်လှန်ရေး ခေတ်သစ်အတွင်း ကမ္ဘာ့အဆောက်အအုံကို ပုံသွင်းခြင်း” … တဲ့။

ဒါဖြင့် ဂလိုဘယ်လိုင်ဇေးရှင်း ၄.၀ ဆိုတာဘာလဲ။
စတုတ္ထစက်မှုတော်လှန်ရေး ဆိုတာဘာလဲ။
ခေတ်သစ်ထဲ စဝင်ပြီလား၊ ကြည့်ရအောင်ပါ။

တကယ်တော့ ဂလိုဘယ်လိုင်ဇေးရှင်း ဆိုတာ ကမ္ဘာပေါ်ရှိလူသား အားလုံးရဲ့ အတွေးအခေါ် အမြော်အမြင် ယူဆချက်တွေ၊ ထွက်ရှိလာတဲ့ကုန် စည်နဲ့ဝန်ဆောင်မှု အမျိုးမျိုးတွေ၊ ဘဏ္ဍာအရင်းပေါင်းစုံတွေ အကန့်အသတ် အဟန့်အတားမရှိ (နယ်စည်းမခြားပဲ) လူပုဂ္ဂိုလ်များပါ အပါ တကမ္ဘာလုံး ဖြန့်ကြက် ပြန့်နှံ့ စီးမြော ရောယှက်သွားတဲ့ ဖြစ်စဉ်ပါပဲ။

ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်ဟာ တဆင့်ပြီးတဆင့် တိုးတက်ဖြစ်ပေါ် နေပါတယ် ။

စက်မှုတော်လှန်ရေး ကတော့ ၁၈ရာစုအစောပိုင်း အင်္ဂလန်မှာ ပေါ်ထွက်လာတဲ့ စက်မှုလုပ်ငန်းများအတွင်း နည်းပညာ တည်ထွင် ဖန်တီးမှုများကတဆင့် လူသားများရဲ့ဘ၀ကို ဘက်စုံက ပြုပြင်ပြောင်းလဲပေးတဲ့ အလွန်ရှုပ်ထွေး များပြားကျယ်ပြောလှတဲ့ ဖြစ်စဉ်တွဲကြီးဖြစ်ပါတယ်။ ဒီမှာလည်း အဆင့်ဆင့် ဖြစ်ပေါ်တိုးတက်နေတာပါ။

ဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်များကို စက်မှုတော်လှန်ရေး အဆင့်များက တွန်းဆော်ထောက်ကူ ပေးခဲ့ပါတယ်။ ဒီဖြစ်စဉ် (၂) ရပ်ဟာ အပြန်အလှန်အားပေး အပြန်အလှန်တွန်းတင်ကာ အလွန်တွဲဘက်ညီစွာနဲ့ ကမ္ဘာ့လူသားသမိုင်း ဖွံ့ဖြိုးတိုးတက်မှုကြီးကို အကျိုးပြုခဲ့ပြီး အကျိုးပြုဆဲလည်း ဖြစ်ပါတယ်။

ပထမစက်မှုတော်လှန်ရေးနဲ့အတူ ဂလိုဘယ်လိုက်ဇေးရှင်း ဖြစ်စဉ်ကို သိပ္ပံနည်းကျ စတင်ရှင်းပြသူမှာ မာ့က်စ်ဖြစ်ကြောင်း ယခုအခါ အငြင်းမပွား ကြတော့ပါဘူး။ မာ့က်စ်ရဲ့ အလွန်ထင်ရှားတဲ့ ကွန်မြူနစ်ပါတီ ကြေညာစာတမ်း (၁၈၄၈ ဖေဖော်ဝါရီ) မှာ စတင်ပြီး အတော်လေးပြည့်ပြည့်စုံစုံ ရှင်းပြခဲ့ပါတယ်။ အရင်းကျမ်းကတော့ ရေပက်မဝင်အောင် ပြည့်စုံတဲ့ သုံးသပ်ချက် ဖြစ်ပါတယ်။

“ရေနွေးငွေ့နှင့် စက်ကိရိယာတို့က စက်မှုထုတ်လုပ်ရေးကို တော်လှန်ပြောင်းလဲ စေလိုက်သည်။ ခေတ်မီ စက်မှုလုပ်ငန်းကြီးက ကမ္ဘာ့ဈေးကွက်ကို တည်ထောင်လိုက်သည်။ ဓနရှင်တို့၏ အရင်းအနှီးလည်း တိုးပွားလာကာ အလယ်ခေတ်က ကြွင်းကျန်နေသည့် လူတန်းစားမှန်သမျှကို နောက်ကွယ်သို့ ဖယ်ထုတ်လိုက်သည်”

“ထုတ်လုပ်ရေး အမြဲမပြတ်ပြောင်းလဲခြင်း၊ လူမှုဆက်ဆံရေးအားလုံး အဆက်မပြတ် မငြိမ်မသက်ဖြစ်ခြင်း၊ ထာဝစဉ်မရေရာခြင်းနှင့် လှုပ်ရှားခြင်းတို့သည် အခြားခေတ်ကာလအားလုံးနှင့် မတူသည့်အချက်ပင်တည်း”။

“အသစ်ပေါ် ထွက်သမျှ အားလုံးသည် အမြစ်မတွယ်မီမှာပင် ခေတ်ကုန်သွားတော့၏”။

“ဓနရှင်လူတန်းစားသည် ကမ္ဘာ့ဈေးကွက်ကို ဖွင့်လှစ်လိုက်ခြင်းဖြင့် တိုင်းပြည်တိုင်းရှိ ထုတ်လုပ်ရေးနှင့် သုံးစွဲရေးကို ကမ္ဘာ့လက္ခဏာဆောင်စေသည်”။

“ဟောင်းနွမ်းနေပြီဖြစ်သော ဒေသချင်းကင်းကွာနေမှု အမျိုးသားချင်းကင်းကွာနေမှု မိမိဘာသာဖူလုံမှု တို့၏နေရာတွင် အမျိုးသားများ တဦးနှင့်တဦး အဘက်ဘက်မှ ဆက်သွယ်နေရမှု အပြန်အလှန် မှီခိုနေရမှုဖြင့် အစားထိုးလိုက်သည်”။

“ရုပ်ဝတ္ထုထုတ်လုပ်ရေး ၌သာမက အသိပညာ ထုတ်လုပ်ရေးတွင်လည်း ဤအတိုင်းပင်ဖြစ်သည်”။

“တခွန်းတည်းပြောရလျှင် ဓနရှင်ပုံစံအတိုင်း ကမ္ဘာတခုကို ဖန်တီးလိုက်ခြင်းဖြစ်သည်”။ (ကွန်မြူနစ်ပါတီ ကြေညာစာတမ်း မှ)

လွတ်လပ်စွာပြိုင်ဆိုင်တဲ့ အရင်းရှင်စနစ်မှ (၁၈၇၀ စုနှစ်များအထိ) လက်ဝါးကြီးအုပ် အရင်းရှင်စနစ်သို့ (၁၈၇၀ စုနှစ် စတင်၊ ၂၀ ရာစုအစမှာ ပြည့်စုံ) ဖြစ်ပေါ်တိုးပွား လာတာနဲ့အမျှ ဆင်းရဲချမ်းသာ ကွာဟမှု၊ စီးပွားရေးကပ်၊ စစ်နဲ့တော်လှန်ရေးတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ် (ဒါးဗိုစ့်ဖိုရမ်) ကို ကမကထပြု စတင်တည်ထောင်သူလည်းဖြစ် အမှုဆောင်ဥက္ကဋ္ဌလည်းဖြစ်သူ ကလောဇ်ဆရာပ် Klaus Schwab အပါအ၀င် အခုခေတ်ပညာရှင်များ ရှင်းလင်းတင်ပြနေတဲ့ (ဂလိုဘယ်လိုင်ဇေးရှင်း ၄.၀) ကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။

၁။ အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာမှု။
(က) ဂလိုဘယ်လိုင်ဇေးရှင်း ၁.၀ ကတော့ ၁၅ ရာစုအတွင်းကပေါ်ပေါက်ခဲ့တဲ့ အမေရိကကမ်းခြေကို ဥရောပသားများ ခြေချခြင်းက စတင်ခဲ့တဲ့ ခရစ္စတိုဗာ ကိုလံဘတ်စ်ရဲ့ နယ်မြေသစ်များရှာဖွေခြင်း၊ ကိုလိုနီများဖြစ်ပေါ်လာခြင်း စတဲ့ ပထမကမ္ဘာစစ်မတိုင်ခင် (၁၈ရာစုအထိ) ပေါ်ပေါက်ခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်ရေး များ စတင်ပေါ်ပေါက်ခဲ့တဲ့  ခေတ်ကိုခေါ်ပါတယ်။ ဒီအတွင်း စက်မှု တော်လှန်ရေး ၁.၀ ကာလမှာ ပေါ်ပေါက်လာတဲ့ ရေနွေးငွေ့နဲ့ မောင်းနှင်တဲ့ သင်္ဘောတွေ မီးရထားတွေ စက်ရုံတွေက ဒီဂလိုဘယ်လာဇေးရှင်း ၁.၀ ကို ထောက်ကူပေးခဲ့ပါတယ်။

ဒီအချိန်ကစပြီး ထုတ်လုပ်ရေးများကို တနိုင်တပိုင် လုပ်ဆောင်တဲ့စနစ်ကနေ စက်ယန္တာရားများ တီထွင်ဖန်တီးပြီး ကုန်ပစ္စည်းများကို အများအပြား ထုတ်လုပ်လာနိုင်ပြီး ကမ္ဘာကုန်သွယ်ရေးစနစ်လည်း ပေါ်ပေါက်လာခဲ့ပါတယ်။

(ဒါပေမယ့် ဒီစက်မှုတော်လှန်ရေးကြောင့် အလုပ်သမားလူတန်းစားများရဲ့ ဆိုးဝါးနိမ့်ကျလှတဲ့ ဘ၀တွေကို ဖရက်ဒရစ်အိန်ဂျယ်က ၁၈၄၄ မန်ချက်စတာ စက်ရုံများအတွင်းက အလုပ်သမားလူတန်းစားများရဲ့ အခြေအနေဆိုတဲ့ စာအုပ်ကို ရေးသားခဲ့ပါတယ်။ အရင်းရှင်များရဲ့ ရက်ရက်စက်စက် သွေးစုပ်မှု အခြေအနေတွေ ပါရှိပါတယ်။

အဲဒါတွေကိုအခြေခံပြီး မာ့က်စ်နဲ့အိန်ဂယ်တို့ ပူးတွဲပြီး ကွန်မြူနစ်ပါတီကြေငြာစာတမ်းကို ရေးသားပြီး အရင်းရှင်စနစ်ကို ဝေဖန်တိုက်ခိုက်ခဲ့တာပါ။ ဒီနောက်မှာတော့ အလုပ်သမားလူတန်းစား (တနည်း၊ သွေးစုပ်ခံလူတန်းစား အဖိနှိပ်ခံလူတန်းစား) ရဲ့ အခွင့်အရေး တောင်းဆိုတိုက်ပွဲဝင်မှုများ (သဏ္ဍာန် မျိုးစုံနဲ့ တော်လှန်ရေးများ ) အဆက်မပြတ် ပေါ်ပေါက်လာပါတော့တယ်။

၁၈၄၄မှာ ရေးခဲ့တဲ့ အိန်ဂျယ်ရဲ့ အင်္ဂလိပ်အလုပ်သမား လူတန်းစားများရဲ့ ဘ၀စာအုပ် (မူရင်း ဂျာမန်ဘာသာ)ကို ၁၈၉၂ အင်္ဂလိပ်ဘာသာပြန်ဆို ထုတ် ဝေရာမှာ အိန်၈ျယ်က အမှာစာမှာ ယခုလိုရေးထားပါတယ်။

အဲဒီအချိန်က သူဟာ အသက်(၂၄)နှစ် အရွယ် လူငယ်တဦးသာ ဖြစ်ပါတယ်။ အခုအချိန်မှာ အခြေခံတရားတွေ သိပ်အပြောင်းအလဲ မရှိပေမယ့် အသေးအမွှား အပြောင်းအလဲများတော့ တွေ့ရပါတယ်။

ဥပမာ – အလုပ်သမားများအကြား ကူးစက်ရောဂါများ(ကာလ၀မ်းရောဂါ၊ အူရောင်ငန်းဖျားစသဖြင့်) မကြာခန ကျရောက်နေတဲ့အတွက် အင်္ဂလိပ် အရင်းရှင်လူတန်းစားများအတွက် မိမိတို့မိသားစုများ ဒီအန္တရာယ်များက ကာကွယ်နိုင်ဖို့အတွက် မိမိနေထိုင်ရာ ရပ်ကွက်မြို့ရွာများအတွင်း ကျန်းမာရေး အခြေခံစနစ်များ (မိလ္လာစနစ်၊ရေပေးဝေရေးစနစ်) တို့ကို တည်ဆောက်ပေးလာ ရပါတယ်လို့ ရေးထားပါတယ်။ ဒီလိုနည်းတွေနဲ့ အလုပ်သမား အခွင့်အရေးများ တစတစ တိုး တိုး ရလာပါတယ်။ … တဲ့။

ဒါတွေကတော့ အိန်ဂျယ်ရဲ့အမြင်များဖြစ်ပါတယ်။

(ခ) ဂလိုဘယ်လိုင်ဇေးရှင်း ၂.၀ ကတော့ ၁၉ရာစုမှာ ပေါ်လာတဲ့ လွတ်လပ်တဲ့နိုင်ငံတွေ စစ်ပွဲတွေ စတာတွေအပြင် နိုင်ငံခွကျော် ကုမ္ပဏီများပေါ် ပေါက်လာတဲ့ဖြစ်စဉ်ပါ။ စက်မှုတော်လှန်ရေး၂.၀ မှာ ပေါ်ပေါက်လာတဲ့ ကျောက်မီးသွေး အချောကိုင်လုပ်ငန်းများ သံ သံမဏိ လုပ်ငန်း ရေနံလုပ်ငန်း လျှပ်စစ်လုပ်ငန်းများကြောင့် သယ်ယူပို့ဆောင်ရေး အတွက် လိုအပ်တဲ့ ကုန်ကားကြီးများ ကုန်တင်ရထားတွဲများ ပင်လယ်ကူး သင်္ဘောကြီးများ အကူအညီနဲ့ ဒီ ဂလိုဘယ်လိုင်ဇေးရှင်း၂.၀ ဟာ အလွန် လျင်မြန်သွက်လက်စွာ တိုးတက်ခဲ့ပါတယ်။ ဒီကာလမှာပဲ ရေအားလျှပ်စစ် တီထွင်လာနိုင်တာကြောင့် တိုးတက်မှုဟာ ပိုအရှိန်မြင့်လာပါတယ်။ အလုပ်သမား လူတန်းစားများရဲ့ နေထိုင်မှုဘဝများ (အထူးသဖြင့် စက်မှု တိုးတက်တဲ့နိုင်ငံများက) အတော်တိုးတက်လာတာ တွေ့ရပါတယ်။

ဒါပေမယ့် ကမ္ဘာ့ကုန်သွယ်ရေးစနစ်ဟာ မညီမမျှဖြစ်လာပြီး အဲဒီ ပဋိပက္ခများကတဆင့် စစ်ပွဲကြီးတွေ ဖြစ်လာပါတော့တယ်။

(ဂ) ဂလိုဘယ်လိုင်ဇေးရှင်း ၃.၀ ကတော့ ဒုတိယကမ္ဘာစစ်ကြီးအပြီး နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့၊ ကမ္ဘာဘဏ်၊ ကမ္ဘာကုန်သွယ်ရေးအဖွဲ့၊ စတာတွေ ပေါ်ပေါက်လာပြီး ကမ္ဘာ့အုပ်ချုပ်မှုစနစ် အဆောက်အအုံများနဲ့ ကမ္ဘာ့ကုန်သွယ်ရေးကိုပါ ဂယက်ရိုက်လာတဲ့ အချိန်အခါဖြစ်လာပါတယ်။

ဒီဂလိုဘယ်လိုင်ဇေးရှင်း ဖြစ်စဉ်တွေနဲ့ စက်မှုတော်လှန်ရေးတွေက ကမ္ဘာလူသားတွေအတွက် အလွန်များပြားကြီးမားတဲ့ ငွေကြေးပမာဏ ရုပ်ဝတ္ထုတွေကို ဖန်တီးပေးခဲ့ပေမယ့် ရရှိလာတဲ့ အကျိုးအမြတ်တွေကို မျှဝေရာမှာတော့ မညီမျှပါဘူး။ ဒါတွေကို တတ်နိုင်သမျှ တရားမျှတမှုရှိအောင် ဒီနိုင်ငံတကာ့ အဖွဲ့အစည်းများက တရားဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲပြီး နိုင်ငံအားလုံးကို ဒီဘောင်တွေအတွင်း ဆွဲသွင်းခဲ့တာပါ။

တတိယစက်မှုတော်လှန်ရေးက ပေါ်ထွက်လာခဲ့တဲ့ သတင်းဆက်သွယ်ရေး နည်းပညာများက ကမ္ဘာကြီးကိုချုံ့ပေးခဲ့ပြီး ကမ္ဘာရွာဆိုတဲ့ အသုံးအနှုံး စပေါ်လာပါတယ်။ ဒီလိုနဲ့ ဂလိုဘယ်လိုင်ဇေးရှင်းကို တဆင့်မြှင့်ပေးခဲ့ပါတယ်။ တကမ္ဘာလုံးအနှံ့(မတူတဲ့အဆင့်တွေနဲ့) အင်တာနက်ခေတ်ကြီး ပီပီပြင်ပြင် ပေါ်ထွက်လာပါတယ်။

ဒါ့အပြင် နောက်ထပ်ထွက်ပေါ်လာတဲ့ ပြန်ပြည့်မြဲစွမ်းအင် (Renewable Energy) နေရောင်ခြည် လေ ရေ စသည်များကို အကျယ်အပြန့် အသုံးပြုလာနိုင်မှုများကလည်း လူသားတွေကို ပိုမိုချမ်းသာကြွယ်ဝ ချောင်ချိလာစေခဲ့ပါတယ်။

ဒါပေမယ့် ဒီကာလမှာပဲ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ စိန်ခေါ်မှုတွေဟာ ပိုမို ပြင်းထန် သည်းသန်လာပြီး မဖြေရှင်းရင် မဖြစ်တော့တဲ့ အချိန်အခါ ရောက်လာပါတယ်။ ဒီအချိန်မှာပဲ  …

(ဃ) ဂလိုဘယ်လိုင်ဇေးရှင်း ၁.၀ ၊ ၂.၀ နဲ့ ၃.၀ တွေအပေါ် အခြေခံပြီး ဂလိုဘယ်လိုင်ဇေးရှင်း ၄.၀ ဆိုတဲ့ ခေတ်သစ်တရပ် ပေါ်ထွက်လာတာပါ။

ဒီအဆင့်တွေဟာ တဆင့်နဲ့တဆင့်အကြား သတ်သတ်မှတ်မှတ် ခွဲခြားထားမှုမရှိပဲ တချို့အဆင့်တွေဆို ထပ်နေတာတောင်ရှိပါတယ်။ ပထမအဆင့် ၃ ဆင့်စလုံးဟာ ကုန်သွယ်ရေးစနစ်များနဲ့သာ သက်ဆိုင်ပေမယ့် ဒီအဆင့် ၄.၀ မှာတော့ ထူးခြားမှုတွေ ရှိလာပါတယ်။ အထူးသဖြင့် ဥာဏ်ရည်တု(Artificial Intelligence .A.I.) စတဲ့ အတတ်ပညာ နည်းပညာသစ်များ တီထွင် တိုးတက်မှုများက အလွန်လျင်မြန်လွန်းတာကြောင့် ဒါတွေကို ကြီးကြပ်ချုပ်ထိန်းတဲ့ အုပ်ချုပ်မှုစနစ်များက လိုက်မမှီ ဖြစ်နေ ပါတယ်။ (နဂိုရှိရင်းစွဲ ပြဿနာများကို ထပ်လောင်းပေးလိုက်တာပါ)။

ဥပမာ၊ စက်ရုံလုပ်ငန်းများမှာ စက်ရုပ်များက အစားထိုးဝင်ရောက် လာတဲ့အခါ အလုပ်သမားများ အလုပ်လက်မဲ့ ဖြစ်ကုန်တာကို ဘယ်လိုဖြေရှင်းမလဲ ဆိုတဲ့ပြသာနာမျိုး။

ဆိုတော့ ဒါတွေစုပေါင်းဖြေရှင်းဖို့ ဦးနှောက်မုန်တိုင်းဆင်ဖို့ အတွက် အခုလို ကမ္ဘာ့ကုန်သွယ်ရေးဖိုရမ်လို ဆွေးနွေးပွဲတွေ အမျိုးမျိုး စုပေါင်းလုပ် ဆောင် နေရပြီး အတွေးအခေါ် အမြင်အမျိုးမျိုးကို နှီးနှောဖလယ် နေကြရတာဖြစ်ပါတယ်။ ဒီပြသာနာတွေကို တနိုင်ငံချင်းစီ သီးခြားစီဖြေရှင်းလို့ မဖြစ်နိုင်တော့ပါဘူး။

၂။ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ စိန်ခေါ်မှုများကို ကြည့်ရအောင်ပါ။
က။ အကြီးဆုံးစိန်ခေါ်မှုက ဆင်းရဲချမ်းသာကွာခြားမှု။ နိုင်ငံများအချင်း အကြားမှာရော တနိုင်ငံချင်းမှာရော ကြာလေကြီးလေ ဖြစ်လာမှုပါ။ တကယ်တော့ ငွေရင်းငွေနှီးရှိသူများ နည်းပညာအသစ် ကိုင်ထားနိုင်သူ (လက်ဝါးကြီးအုပ်ထားနိုင်သူ) များက အပေါ်စီးရနေပြီး ဒါတွေကို မျှဝေမပေးနိုင်တဲ့အတွက် တိုင်းပြည်တပြည်ထဲ တွင်းမှာပဲဖြစ်စေ၊ နိုင်ငံအချင်း ကြားမှာပဲဖြစ်စေ တင်းမာမှုတွေ ဖြစ်ပေါ်လာပါတယ်။ ရေကြည်ရာမြက်နုရာ ရွှေ့ပြောင်းနေထိုင်မှုများ ပိုများပြားလာမှု တွေကနေတဆင့် ပေါ်ထွက်လာတဲ့ လူမှုရေးတင်းမာမှုများ၊ ဒီကနေတဆင့် (အရင်းရှင်စနစ်ရဲ့ အဆောက်အအုံ အားနည်းချက်များကို မပြုပြင် မပြောင်းလဲနိုင်တဲ့ ရေပေါ်ဆီ) နိုင်ငံရေးသမားအချို့ရဲ့ လူပြိန်းကြိုက် ၀ါဒများဖြစ်တဲ့ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒတို့ ကုန်သွယ်ရေးစစ်ပွဲတို့ စတာတွေ ပေါ်ထွက်လာတာပါ။

ဥပမာ၊ စက်ရုံလုပ်ငန်းများမှာ အလိုအလျှောက် လုပ်ငန်းဆောင်ရွက် မှုများ(automation)နဲ့ စက်ရုပ်များ ပေါ်ပေါက်လာမှုများကြောင့် အလုပ် အကိုင်များ ရှားပါးလာမှုကို တချို့နိုင်ငံရေးသမားများက တခြားနိုင်ငံက ၀င်ရောက်လာသူများအပေါ် အပြစ်ပုံချပြီး နိုင်ငံနယ်စပ်များမှာ တံတိုင်းများ တည်ဆောက်ဖို့ စီစဉ်တဲ့ပြသာနာမျိုး။

ဒါတွေက ဂလိုဘယ်လိုင်ဇေးရှင်းကနေ နောက်ဆုတ်ဖို့ အတွေးအခေါ် တွေကို ဖြစ်ပေါ်စေပါတယ်။

ခ။ ဒါ့အပြင် ဒုတိယကမ္ဘာစစ်အပြီး ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတကာအဖွဲ့အစည်းများရဲ့ စည်းမျဉ်းဘောင်များဟာ လက်ရှိအချိန်ကာလနဲ့ သိပ်အံဝင်ဂွင်ကျမှု မရှိတော့တာ၊ တနည်းပြောရရင် စီးပွားရေး တစုံတရာ ကျဆင်းလာနေပြီဖြစ်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံများနဲ့ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေတဲ့  ဖွံ့ဖြိုးဆဲနိုင်ငံများ အကြား ကုန်သွယ်ရေးတင်းမာမှုများ ပေါ်ပေါက်လာနေတာ။

ဥပမာ၊ အမေရိကန်နဲ့ တရုတ်ကြားက ကုန်သွယ်ရေးစစ်ပွဲ။

ဂ။ နည်းပညာသစ်များ တီထွင်ဖန်တီးမှုသစ်များရဲ့ ပိုင်ဆိုင်မှုဆိုင်ရာ မူပိုင်ခွင့် အငြင်းပွားမှုများ။ ယခုနောက်ဆုံးပေါ် 5G (ပဉ္စမမျိုးဆက်) နည်းပညာနဲ့ပတ်သက်ပြီး ပေါ်ပေါက်နေတဲ့ တရုတ်အမေရိကန် စကားစစ် ထိုးပွဲများကိုကြည့်ပါ။

ဃ။ သဘာဝက ပေးအပ်ထားတဲ့ အရင်းအမြစ်များကို စည်းမဲ့ကမ်းမဲ့ ထုတ်ယူ သုံးစွဲမှုများက သဘာဝဘေးအန္တရာယ် အမျိုးမျိုး ရာသီဥတု ဖောက်ပြန်ပြောင်း လဲမှုများ စတဲ့ သဘာဝမိခင်ရဲ့ ဒဏ်ခတ်ခြင်းများနဲ့ ကြုံတွေ့ရမှုများ။ သဘာဝ ဘေးများမှ ထွက်ပြေးကြရတဲ့ ဒုက္ခသည်များများပြားလာမှု။

င။ သတင်းဆက်သွယ်ရေးဆိုင်ရာ နည်းပညာတိုးတက်မှုများက ရာဇ၀တ်မှုခင်းပြဿနာများကို ပိုကျယ်ပြန့် ပိုရှုတ်ထွေး လာစေပါတယ်။ လူကုန်ကူးမှုများ၊ အကြမ်းဖက်ဝါဒ၊ အစွမ်းရောက်ဝါဒဆိုင်ရာ လှုပ်ရှားမှုများဟာ ပိုဖြေရှင်းရ ခက်လာခြင်းများ စသည်ဖြင့်ဖြစ်ပါတယ်။

ဒါတွေဟာ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ အားနည်းချက်များလို့ ဆိုနိုင်ပါတယ်။ ကိစ္စရပ်တိုင်းမှာ ဘက်နှစ်ဘက်ရှိပါတယ်။

ဒါဖြင့် အားကောင်းချက်များကရော—

၃။ ဂလိုဘယ်လိုင်ဇေးရှင်းရဲ့ အားကောင်းချက်များ။
က။ သတင်းဆက်သွယ်ရေးဆိုင်ရာ နည်းပညာ တိုးတက်လာမှုများက ပိုမိုပွင့် လင်း မြင်သာမှုရှိတဲ့ တာဝန်ခံမှုရှိတဲ့ ပိုမိုတရားမျှတတဲ့ စနစ်သစ်များကို ဖော် ဆောင် ပေးလာနေပါတယ်။(ဥပမာ၊ လာဘ်ပေးလာဘ်ယူ ပြဿနာများကို ဖြေရှင်းလာနိုင်တာ၊ ငွေရှင်ကြေးရှင်ကြီးများရဲ့ အခွန်ရှောင်ကိစ္စများ (tax Haven)ကို ဖြေရှင်းဖို့ကြိုးစားလာတာ၊ နိုင်ငံအချင်းချင်းအကြား သတင်း ဖလှယ်ရေးစနစ်များ ပေါ်ထွက်လာလို့ နိုင်ငံတကာ အမှုအခင်းကြီးများကို ဖြေရှင်းလာနိုင်တာ စသဖြင့်)

ခ။ ကုန်ပစ္စည်းများ ထုတ်လုပ်ရာမှာ ကွင်းဆက်များနဲ့(chain system) လုပ်ဆောင်တဲ့စနစ် ပေါ်ထွန်းလာမှုက နိုင်ငံအချင်းချင်းအကြား ဆက်ဆံရေးများကို ပိုမိုချောမော ပြေပြစ်လာပါတယ်။ တကြောင်းမထောက် တကြောင်းထောက်ရပြီး အချင်းချင်း အပြန်အလှန် အပေးအယူမျှအောင် လုပ်ဆောင်လာကြရပါတယ်။

ဒါဟာပိုမိုရင့်ကျက်တဲ့ အားလုံးတန်းတူညီမျှတဲ့ စနစ်တရပ် ကမ္ဘာ့အုပ်ချုပ်ရေး စနစ်သစ် (New Global Governance) ပေါ်ထွက်ရေးအတွက် အကျိုးပြုပါတယ်။

ဂ။ ဒုတိယကမ္ဘာစစ်အပြီး ပေါ်ထွက်ခဲ့တဲ့ နိုင်ငံတကာအဖွဲ့စည်းများကြောင့် နိုင်ငံကြီးငယ်မဟူ တန်းတူညီမျှ ပြောရေးဆိုခွင့်ရှိတဲ့စနစ် (Multilateral-ism) ဟာ အဲဒီအချိန်မှာ အတော်ကောင်းမှုပြုခဲ့ပြီး ကမ္ဘာကြီးပေါ်က လူသားတွေကို အများကြီး အထောက်အကူ ပြုခဲ့ပါတယ်။ ဆင်းရဲငတ်ပြတ်မှု၊ ရောဂါဘယ ထူပြောမှု၊ ကူးစက်ရောဂါပျံ့နှုံ့မှု စတဲ့စတဲ့ အကြောင်းအရာတွေမှာ အလွန် သိသာထင်ရှားတဲ့ တိုးတက်မှုများကို တွေ့လာရပါတယ်။

ကုလသမဂွအနေနဲ့ ဒီစနစ်ကို ပိုပြည့်စုံသထက်ပြည့်စုံအောင် လုပ်ဆောင် လာရာမှာ အခုနောက်ဆုံး စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆိုင်ရာ ရည်မှန်းချက်(၁၇) ချက် ဆိုတာကို ချမှတ်နိုင်ပြီး နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်လာရေး လုပ်ဆောင် ပေးနေတာတွေ့လာရပါတယ်။

ဒါတွေက ဗိုလ်ကျစိုးမိုးရေးစနစ် အင်အားကြီးနိုင်ငံများ အခွင့်အာဏာတွေ ပိုရနေတဲ့စနစ် ဆိုတာတွေကို အားနည်းလာစေ နိုင်ပါတယ်။ တနည်းပြောရရင် – ပိုတရားမျှတ တဲ့ နိုင်ငံတကာစနစ်တရပ် ပေါ်လာစေနိုင်ပါတယ်။ (Fair and Equitable International Order.)

ဃ။ ပြန်ပြည့်မြဲစွမ်းအင်များကို အနှံအပြား အသုံးပြုလာနိုင်မှုများက (သဘာဝထွက် စွမ်းအင် ရေနံ၊ ကျောက်မီးသွေး စတာတွေကို အစားထိုးနိုင်လို့) သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် အများကြီးအကျိုးရှိစေပါတယ်။

ဒါ့ကြောင့် ဒီပြဿနာတွေဖြေရှင်းဖို့ (အားကောင်းချက်များကို ပိုမိုဖွံ့ဖြိုးစေပြီး အားနည်းချက်များကို သက်သာစေဖို့) ကမ္ဘာအရပ်ရပ် နယ်ပယ်စုံက ခေါင်းဆောင်များ ပညာရှင်များ Elite အီးလိများ ၀ိုင်းဝန်းဆွေးနွေး တတ်ရောက်တဲ့ ဆွေးနွေးပွဲများမှ စဉ်းစားစရာ အစအနသဲလွန်စ စကားလုံးများ ထွက်လာပါတယ်။

၎။ ဖြေရှင်းနိုင်မယ့် နည်းလမ်းများရှာရာမှာ အများဆုံးကြားရတဲ့ စကားလုံးများ။
က။ ပူးပေါင်းဆောင်ရွက်ရေး Cooperation

ဒီစိန်ခေါ်မှုအားလုံးဟာ တခုနဲ့တခု ချိတ်ဆက် ပေါ်ပေါက်နေတာဖြစ်လို့ ဖြေရှင်းနိုင်တဲ့ နည်းလမ်းများကို ရှာရာမှာလည်း နိုင်ငံအားလုံး စုပေါင်းဆွေးနွေး အဖြေရှာရပါမယ်။ အခုဖြစ်ပေါ်လာမယ့် စနစ်မှာ နိုင်ငံများအနေနဲ့ ပါဝင်ရမှာသာမက စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ လူမှုရေးဆိုင်ရာ အဖွဲ့အစည်းတွေ၊ ပညာရှင်သုတေသီတွေ အားလုံး ပါဝင်လာရမှာဖြစ်ပြီး ပြဿနာတွေကို စနစ်တကျ ဘက်စုံက ခွဲခြမ်းစိတ်ဖြာပြီး ဗျူဟာတွေ ပေါ်လစီတွေ စုပေါင်းရေးဆွဲကြပြီး ချမှတ်ကျင့်သုံး အကောင်အထည် ဖော်ကြရမှာဖြစ်ပါတယ်။

နိုင်ငံအားလုံးက ဒီအသစ်ပေါ်ထွက်လာတဲ့ နည်းပညာများကို စုပေါင်းထိမ်းချုပ် အသုံးပြုနိုင်တဲ့ အဆောက်အအုံသစ်(Architecture) ရရေးကို ကြိုးစားကြဖို့ တိုက်တွန်းမှုတွေ များပြားလာပါတယ်။

ခ။ အားလုံး အကျုံးဝင်လာရေး Inclusive

စတုတ္ထစက်မှုတော်လှန်ရေးဟာ ဒစ်ဂျစ်တယ်စီးဆင်းမှု (digital flow) များကြောင့် ၂၀၂၅ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၃.၇ ထရီလျှံ ရှိလာပါလိမ့်မယ်။ အရင့်အရင်က ပေါ်ပေါက်ခဲ့တဲ့ ကုန်သွယ်မှုများထက် အလွန်လျင်မြန် သွက်လက်သွားမှုကြောင့်ပါ။ ဒီတော့ တချို့အနေနဲ့ နောက်ကျကျန်ရစ်ခဲ့ နိုင်တာကြောင့် (ဂလိုဘယ်လိုင် ဇေးရှင်းအဆင့်ဆင့်မှာ ကြုံခဲ့ရသလိုပဲ) အစာမကြေမှုများ ရှိလာနိုင်ပါတယ်။ မညီမမျှဖြစ်မှုများ ပိုကြီးလာနိုင်ပါတယ်။

ဒါကိုဖြေရှင်းနိုင်တဲ့ နည်းလမ်းကတော့ နိုင်ငံတော်က ပါဝင်ပတ်သက်လာပြီး လူမှုတော်လှန်ရေးများအတွက် လမ်းခင်းပေးတာပါ။ ရရှိလာတဲ့ အကျိုးအမြတ် များကို ခွဲဝေရာမှာ တတ်နိုင်သမျှ တရားမျှတအောင် လူအားလုံး အကျိုးအမြတ်တွေ ခွဲဝေခံစားရရှိနိုင်တဲ့ စနစ်တွေ ပေါ်ပေါက်လာအောင် လုပ်ရမှာပါ။

နိုင်ငံတွေမှာ လူမှုဖူလုံရေးလုပ်ငန်းများကို (အခမဲ့ပညာသင်ကြားရေးစနစ်၊ အခမဲ့ဆေးကုသရရှိခွင့်၊ သက်ကြီးပင်စင် စသဖြင့်) နိုင်ငံတော်အစိုးရများက ၀င်ရောက်ဆောင်ရွက်ပေးရမှာပါ။

(ကုလရဲ့စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးဆိုတာ နည်းလမ်းတရပ်ပါ။)

ဂ။ ဥာဏ်ရည်တု Artificial Intelligence A.I.

ဒီနည်းလမ်းကြောင့် ၂၀၂၀မှာ ၀င်ငွေ ၁ ထရီလျှံ(ဒေါ်လာ) ရရှိမှာဖြစ်ပြီး ကမ္ဘာကြီးရဲ့ ကုန်သွယ်မှုစနစ်ကို မကြုံစဖူးထူးခြားစွာ ပြောင်းလဲလျှင်မြန် စေပါလိမ့်မယ်။ သို့သော် ဒီနည်းပညာဟာ လက်တဆုပ်စာ အခွင့်ထူးခံများရဲ့ Elite လက်ထဲမှာပဲ မရှိစေဘဲ လူသားအားလုံးအတွက် ဖြစ်စေနိုင်အောင် ကြိုးစားကြရပါလိမ့်မယ်။

ဃ။ အနာဂတ်လုပ်ငန်းများအတွက် ကျွမ်းကျင်မှုပိုင်း ပြန်လည်လေ့ကျင့် သင်ကြားပေးခြင်း Re-skilling.

စက်မှုတော်လှန်ရေးများကြောင့် အလုပ်လက်မဲ့ဖြစ်မယ့် အလုပ်သမား များကို ကျွမ်းကျင်မှု အတတ်ပညာများကို အဆက်မပြတ် လေ့ကျင့်သင်ကြား ပေးတာ အပြင်၊ နောင်အနာဂတ် လုပ်ငန်းများအတွက် ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ ပညာရေးစနစ်တွေကိုပါ ပြုပြင်တာလုပ်ရပါလိမ့်မယ်။ ကုမ္ပဏီများအနေနဲ့လည်း မိမိတို့ရဲ့ လုပ်သားများရဲ့ ပညာရေးနဲ့ ကျွမ်းကျင်မှုအတတ်ပညာများကို အဆက်မပြတ် မြှင့်တင်ပေးရပါလိမ့်မယ်။

ထို့အတူ လူသားများအားလုံးဟာလည်း ကမ္ဘာကြီးနဲ့အတူ ရင်ဘောင်တန်း နိုင်ဖို့အတွက် လေ့လာရေး လုပ်ငန်းများကို သက်ဆုံးတိုင် လုပ်ရပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ လူသားများသာလျှင် အဖိုးအတန်ဆုံး အရေးကြီးဆုံးဖြစ်လို့ပါပဲ။ ဘယ်လောက်အဆင့်မြင့်တဲ့ စက်ရုပ်ပဲဖြစ်ဖြစ် ဒါကိုလူသားတွေကသာ တီထွင်ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဂလိုဘယ်လိုင်ဇေးရှင်း ၄.၀ နဲ့ စတုတ္ထစက်မှု တော်လှန်ရေးအကြောင်း အနည်းဆုံး တီးမိခေါက်မိဖို့ လိုအပ်လှပါတယ်။

သေချာတာကတော့ကမ္ဘာကြီးဟာ နှစ်၁၀၀ အတွင်း မကြုံစဖူး အပြောင်းအလဲကြီးများနဲ့ ကြုံတွေ့နေရတယ်။ ဘဏ္ဍာရေးကပ်၊ ဆင်းရဲချမ်းသာ ကွာဟမှု၊ လူမှုမတည်ငြိမ်မှု၊ ဗိုလ်ကျစိုးမိုးရေးနဲ့ ခေတ်သစ်ကိုလိုနီဝါဒ၊ နည်းပညာတော်လှန်ရေး၊ ကမ္ဘာ့စည်းစနစ်အပြောင်းအလဲ တို့နဲ့ ရင်ဆိုင်နေရတယ်။ အန္ထရာယ် စိန်ခေါ်မှု အမျိုးမျိုးနဲ့ ရင်ဆိုင်နေရသလို ဖွံ့ဖြိုးတိုးတက်ရေးအတွက် မဟာဗျူဟာအရ အရေးကြီးတဲ့ ကာလလည်းဖြစ်တယ်။

ဒီဆောင်းပါးကို ကမ္ဘာစီးပွားရေးဖိုရမ်မှာ (ဒီဖိုရမ်တည်ထောင်သူ) ကလောဇ့်ဆရာပ်ရဲ့ နိဂုံးချုပ်မိန့်ခွန်းက တချို့စကားလုံးများနဲ့ပဲ နိဂုံးချုပ်လိုက်ပါတယ်။

“ကျွန်တော်တို့ ဂလိုဘယ်လိုင်ဇေးရှင်း ၄.၀ ကို ကြိုက်သည်ဖြစ်စေ မကြိုက် သည်ဖြစ်စေ၊ ရင်ဆိုင်ဖို့ အဆင်သင့် ဖြစ်သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ၊ ဒီဖြစ်စဉ်ကြီးကတော့ ကျွန်တော်တို့ရှေ့မှောက် ရောက်ရှိနေပါပြီ … ” တဲ့။

ဂလိုဘယ်လိုင်ဇေးရှင်းနဲ့ ပတ်သက်ပြီးအမြင်အမျိုးမျိုးရှိပြီးရေးသားပြောဆို တင်ပြချက်များလည်း စုံပါတယ်။ ဂလိုဘယ်လိုင်ဇေးရှင်း ၄.၀ ဆိုတာကို တစုံတရာ တီးမိ ခေါက်မိ ရှိနိုင်ဖို့အတွက်သာ ဖြစ်ပါတယ်။

လှကျော်ဇော
၁၈ ဖေဖော်ဝါရီ ၂၀၁၉

ကိုးကား –

www.cgtn.com မှဆောင်းပါးများ။
Are we ready for globalization 4.0 by Wang Huiyao.22.1.2019
The future of globalization 4.0 requires countries to work togather China Plus Article 23-1-2019.
Is the globalization in retreat.T.V show The Heat 29.1.2019.
Four key words from 2019 WEF Davos Meeting CGTN 26.1.2019.
2. Industrial Revolution. Wikipedia..


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လှကျော်ဇော, သတင်းဆောင်းပါး, သူတို့အာဘော်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)