မာန်သီဟထွန်း – ဆေပီယန်စ်၊ အလျှံပယ်ကြွယ်ဝသော မူလလူ့အဖွဲ့အစည်း

March 9, 2019

မာန်သီဟထွန်း – ဆေပီယန်စ်၊ အလျှံပယ်ကြွယ်ဝသော မူလလူ့အဖွဲ့အစည်း

Sapiens – A Brief History of Humankind by Yuval Noah Harari

(မိုးမခ) မတ် ၉၊ ၂၀၁၉ 

စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ဖြင့် ကူးယူဖော်ပြပါသည်။

ဆေပီယန်စ် – ၁၈ – အလျှံပယ်ကြွယ်ဝသော မူလလူ့အဖွဲ့အစည်း

ဘယ်လိုပဲဖြစ်စေ စိုက်ပျိုးရေးခေတ်မတိုင်မီ လူသားတွေရဲ့ဘဝနှင့်ပတ်သက်ပြီး ဘယ်လိုမျိုး ယေဘုံယျကောက်ချက်တွေ ကျွန်တော်တို့ ဆွဲနိုင်ပါသလဲ။ အလွန်တရာများပြားတဲ့ လူတွေဟာ အဖွဲ့ဝင် ဒါဇင်နဲ့ချီ ဒါမှမဟုတ် အဖွဲ့ဝင်ရာနဲ့ချီတဲ့ အုပ်စုငယ်တွေအဖြစ် နေထိုင်ခဲ့ကြတယ်လို့ သေချာပြောလို့ ရပါတယ်။ ပြီးတော့ အဖွဲ့ဝင်တစ်ဦးချင်းစီကလည်း လူတွေပဲဖြစ်တယ်။ ဒီနောက်ဆုံးအချက်ကို မှတ်ထားဖို့ အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒါဟာ ခုချိန်လုံးဝမသိသာတော့ပါဘူး။ စိုက်ပျိုးရေး လူ့အဖွဲ့အစည်း နှင့် စက်မှုထုတ်လုပ်ရေးလူ့အဖွဲ့အစည်းတွေမှာ အရေအတွက်အများဆုံး အဖွဲ့ဝင်တွေဟာ လူတို့မွေးမြူထားတဲ့ တိရိစ္ဆာန်တွေသာဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့အရှင်သခင်တွေဖြစ်တဲ့ လူသားတွေနဲ့ တန်းတူညီမရှိတာ မှန်ပေမယ့် သူတို့ဟာလည်း လူ့အဖွဲ့အစည်းရဲ့ အဖွဲ့ဝင်တွေပါပဲ။ ဒီနေ့မှာဆိုရင် နယူးဇီလန်လို့ခေါ်တဲ့ လူ့အဖွဲ့အစည်းမှာ ဆေပီယန်စ် အယောက် ၄.၅ သန်းရှိပြီး သိုးကောင်ရေ သန်း ၅၀ ရှိပါတယ်။

ဒီယေဘုံယျကောက်ချက်နဲ့ပတ်သက်ပြီး ချွင်းချက်တစ်ခုတော့ရှိတယ်။ အဲဒါကတော့ ခွေးတွေဖြစ်ပါတယ်။ ခွေးတွေဟာ ဟိုမိုဆေပီယန်စ်တွေ ပထမဆုံး ယဉ်းပါးအောင်လုပ်လိုက်တဲ့ တိရိစ္ဆာန်တွေဖြစ်တယ်။ အဲဒါကလည်း စိုက်ပျိုးရေးပြောင်းလဲမှုကြီး မတိုင်ခင်ကပါ။ ကျွမ်းကျင်သူတွေ အဲဒါဘယ်အချိန်တုန်းက တိတိကျကျ ဖြစ်သွားတာလဲဆိုတာနဲ့ ပတ်သက်ပြီး ကွဲလွဲကြတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅,၀၀၀ လောက်ကစပြီး ယဉ်ပါးအောင်မွေးမြူထားတဲ့ ခွေးတွေရှိနေပြီဆိုတာ လုံးဝခိုင်မာတဲ့အထောက်အထားတွေ ကျွန်တော်တို့မှာရှိပါတယ်။ လူသားတွေနဲ့ ခွေးတွေပူးပေါင်းသွားတာ နှစ်ထောင်ချီစောရင် စောနိုင်ပါသေးတယ်။ ခွေးတွေကို အမဲလိုက်တဲ့အခါ၊ ရန်သူနဲ့တိုက်ခိုက်တဲ့အခါ အသုံးပြုခဲ့ကြတယ်။ ပြီးတော့ ကျူးကျော်ဝင်ရောက်သူတွေ၊ တောရိုင်းတိရိစ္ဆာန်ကြီးတွေ လာတဲ့အခါလည်း အချက်ပေးစနစ်အဖြစ် သုံးခဲ့ကြပါတယ်။ လူသားမျိုးဆက်တွေ ကြာလာတာနဲ့အမျှ ဒီမျိုးစိတ် ၂ခုဟာ တစ်ဦးနဲ့တစ်ဦး ကောင်းကောင်းမွန် ဆက်သွယ်နိုင်အောင် အတူတူဆင့်ကဲပြောင်းလဲလာခဲ့ပါတယ်။

လူတွေရဲ့ စိတ်ခံစားချက်တွေ၊ လိုအပ်ချက်တွေကို အလိုက်သိဆုံးခွေးတွေဟာ ပိုဂရုစိုက်ခံရပြီး အစားပိုစားရတယ်။ ဒါကြောင့် အသက်ရှင်ဖို့အခွင့်အလမ်းလည်း ပိုများပါတယ်။ တချိန်တည်းမှာပဲ သူတို့လိုချင်တာတွေရအောင် ခွေးတွေကလည်း လူတွေကို အသုံးချတတ်လာခဲ့ပါတယ်။ လူတွေ နှင့် ခွေးတွေ အချင်း နှစ်ပေါင်း ၁၅,၀၀၀ ကျော် ရင်းနှီးလာကြတဲ့အတွက် တစ်ဦးနှင့်တစ်ဦး နက်နက်ရှိုင်းရှိုင်း နားလည်တွယ်တာလိုက်ကြတာဟာ တခြားဘယ်တိရိစ္ဆာန်နဲ့မှ လူသားတွေ ခုလိုနားလည်တွယ်တာမှုမျိုး မရှိတော့ပါဘူး။ တချို့အခြေအနေမှာဆို သေသွားတဲ့ ခွေးတွေကို လူတွေလိုပဲ တခမ်းတနား သင်္ဂြိုဟ်မြုပ်နှံကြပါတယ်။

ရှေးခေတ်လူအုပ်စုတစ်စုအတွင်းက အဖွဲ့ဝင်တွေဟာ တစ်ဦးကိုတစ်ဦး အတွင်းကျကျ ထဲထဲဝင်ဝင် သိကျွမ်းကြတယ်။ ဘဝတလျှောက်လုံး ဆွေမျိုးတွေ၊ သူငယ်ချင်းတွေနဲ့ပဲ ကုန်လွန်ကြတာပါ။ အဖော်မဲ့အထီးကျန်ခြင်း၊ သီးသန့်ကိုယ်ပိုင်ချိန် စတဲ့အရာတွေ အလွန်ရှားပါးခဲ့တယ်။ အိမ်နီးချင်း တခြားအုပ်စုတွေနဲ့ အစာရေစာအရင်းမြစ်တွေအတွက် ယှဉ်ပြိုင်တိုက်ခိုက် ရတာတွေလည်း ရှိတယ်။ ဒါပေမယ့် တရင်းတနှီးတွေဆုံကြတာတွေလည်း ရှိပါတယ်။ သူတို့ဟာ အဖွဲ့ဝင်တွေဖလှယ်တာ၊ အတူတကွအမဲလိုက်တာ၊ ရှားပါးသောဇိမ်ခံပစ္စည်းတွေ ဖလှယ်တာ၊ နိုင်ငံရေးမဟာမိတ်များ ခိုင်မာစေတာ နှင့် ဘာသာရေးပွဲတော်များကျင်းပတာတွေလည်း လုပ်ခဲ့တာပဲ။ အဲဒီလို အတူပူးပေါင်းလုပ်ဆောင်တာကိုက ဆေပီယန်စ်တို့ရဲ့ အရေးပါတဲ့အထိမ်းအမှတ်လက္ခဏာဖြစ်ပြီး အခြားလူသားမျိုးစိတ်တွေအပေါ် အဆမတန် အသာစီးရစေခဲ့တယ်။ တစ်ခါတစ်ရံ အိမ်နီးချင်းအုပ်စုတွေမှာ ရင်းနှီးခိုင်ခံ့တဲ့ ဆက်ဆံရေးတွေရှိတာကြောင့် လူမျိုးစုတစ်စုအဖြစ် အတူပူးပေါင်းတည်ထောင်ကြပြီး တူညီတဲ့ ဘာသာစကား၊ စိတ်ကူးယဉ်ဒဏ္ဍာရီ၊ လူမှုရေးသတ်မှတ်ချက်တွေနှင့် တူညီတဲ့လူမှုတန်ဖိုးတွေ ရှိလာကြပါတယ်။

သို့တိုင်အောင် အခုလို တခြားပြင်အုပ်စုတွေနဲ့ဆက်ဆံရေးရဲ့ အရးပါမှုကို ကျွန်တော်တို့ အလွန်အကျွံ အထင်မကြီးသင့်ပါဘူး။ ဒုက္ခအခက်အခဲရောက်တဲ့အချိန်မှာ အိမ်နီးချင်းအုပ်စု၂ စု ခင်မင်ရင်းနှီးလာပြီး တစ်ခါတစ်ရံ အတူတူ အမဲလိုက်တာ၊ စားသောက်ပွဲကျင်းပတာတွေ ပြုလုပ်ကြသည်တိုင်အောင် အုပ်စုနှစ်စုလုံးဟာ တစ်စုနဲ့တစ်စု အဆက်အသွယ်မရှိဘဲ သူတို့ရဲ့အချိန်တော်တော်များများကို ကိုယ့်အုပ်စုနဲ့ကိုယ် သီးသန့်လွတ်လပ်စွာ နေထိုင်ခဲ့ကြပါတယ်။ ကုန်သွယ်မှုပြုကြတယ်ဆိုတာကလည်း အထူးပစ္စည်းတွေဖြစ်တဲ့ ပင်လယ်ခရုခွံတွေ၊ ပယင်းကျောက်တွေ နှင့် ဆိုးဆေးမှုန့် တွေပဲဖြစ်တယ်။ အခြေခံအစားအစာတွေဖြစ်တဲ့ အသားတွေ၊ သစ်သီးတွေကို လူတွေ ကုန်သွယ်ခဲ့တာမျိုး၊ လူအုပ်စုတစ်ခုဟာ တခြားအုပ်စုတစ်ခုကနေ တင်သွင်းတဲ့ စားစရာတွေကိုပဲမှီခိုခဲ့တာမျိုး ဘာအထောက်အထားမှ မတွေ့ရပါဘူး။ သူတို့အချင်းချင်းရဲ့ လူမှုနိုင်ငံရေးဆိုင်ရာဆက်နွယ်မှုတွေဟာလည်း ပြတ်တောင်းပြတ်တောင်းပဲ ရှိခဲ့တယ်။ စုပေါင်းလူမျိုးစု တစ်စုဟာ မြဲမြံခိုင်မာတဲ့နိုင်ငံတော်ပုံကြမ်းတစ်ခု ဖြစ်မလာခဲ့သလို သူတို့တွေ ရာသီအလိုက် တွေ့ဆုံကြတဲ့နေရာတွေရှိပေမယ့် မြဲမြံတဲ့လူမှုအဖွဲ့အစည်းတွေ၊ ခိုင်မာတဲ့မြို့ပြတွေ ဖြစ်မလာခဲ့ပါဘူး။ အုပ်စုတစ်စုမှာနေတဲ့ သာမန်လူတစ်ယောက်ဟာ လပေါင်းများစွာကြာအောင် အခြားအုပ်စုကလူတစ်ယောက်ကို မမြင်ရ၊ မကြားရဘဲ နေထိုင်ခဲ့ရတာပါ။ ဘဝတစ်လျှောက်လုံးမှာလည်း ရာဂဏန်းထက်မပိုတဲ့ လူတစ်ချို့ကိုပဲ တွေ့ဆုံခဲ့ဖူးမှာပါ။ ဆေပီယန်စ်တို့ရဲ့ လူဦးရေစာ ကျယ်ပြောလှတဲ့ နယ်မြေထဲမှာ ပါးပါးလေးပဲ ပြန့်ကျဲနေခဲ့တယ်။ စိုက်ပျိုးရေးပြောင်းလဲမှုကြီးမတိုင်မီက တစ်ကမ္ဘာလုံးမှာရှိတဲ့ လူဦးရေဟာ ဒီနေ့ခေတ် ကိုင်ရိုမြို့လူဦးရေထက် နည်းပါးပါတယ်။

ဆေပီယန်စ်အုပ်စု အများစုဟာ တစ်နေရာကနေ တစ်နေရာကို အစားအစာရှာဖွေသွားလာရင်း အသက်ရှင်နေထိုင်ခဲ့ကြတယ်။ သူတိုရဲ့ ရွှေ့ပြောင်းမှုဟာလည်း ရာသီဥတုပြောင်းလဲမှု၊ တိရိစ္ဆာန်တွေရွေ့လျားအခြေချမှု၊ အပင်တွေရဲ့သီးနှံစက်ဝန်းတွေအပေါ် မူတည်ခဲ့တယ်။ ပြီးတော့လည်း စတုရန်းကီလိုမီတာ ဒါဇင်နဲ့ချီရာ ကနေ ရာနဲ့ချီသည်အထိ ကျယ်ဝန်းတဲ့ သူတို့ကျက်စားနေကြ ကိုယ်ပိုင်နယ်မြေအတွင်းမှာပဲ ရှေ့နောက်အပြန်အလှန်သွားလာ နေထိုင်ခဲ့ကြတယ်။

တစ်ခါတစ်ရံမှာတော့ လူအုပ်စုအချိ့ဟာ သူတို့ကျက်စားနေကြ နေရာကနေခွဲထွက်ပြီး နယ်မြေသစ်တွေ ရှာဖွေကြတယ်။ ဒါကလည်း သဘာဝဘေးအန္တရာယ်တွေ၊ အကြမ်းဖက်မှုပဋိပက္ခတွေ၊ လူဦးရေးထူထပ်မှု လွန်ကဲတာတွေ ဒါမှမဟုတ် တန်ခိုးသြဇာကြီးမားတဲ့ ခေါင်းဆောင်တစ်ဦးရဲ့ ဦးဆောင်ဦးရွက်ပြုမှု စတဲ့ တစ်ခုခုကြောင့် ဖြစ်တတ်ပါတယ်။ အဲဒီလို လှည့်လည်သွားလာခဲ့ခြင်းကပဲ လူသားတွေကမ္ဘာတဝှမ်းလုံးကို နယ်ပယ်ချဲ့ထွင်စေတဲ့ မောင်းနှင်အားပဲ ဖြစ်ပါတော့တယ်။ ရှာဖွေစားသောက်သူအုပ်စုတစ်စုဟာ အနှစ်လေးဆယ်ပြည့်တိုင်း တစ်ကြိမ်ခွဲထွက်ပြီး ခွဲထွက်သွားတဲ့အုပ်စုကလည်း ကီလိုမီတာတစ်ရာဝေးတဲ့ အရှေ့ဘက်အရပ်က နယ်မြေသစ်မှာ ရွှေ့ပြောင်းအခြေချတယ်ဆိုရင် နှစ်ပေါင်းတစ်သောင်းအတွင်း အရှေ့အာဖရိကဒေသ ကနေ တရုတ်အထိ လူသားတွေ ဖုံးလွှမ်းပျံ့နှံ့သွားမှာဖြစ်ပါတယ်။

အချို့သော ခြွင်းချက်အခြေအနေတွေမှာတော့ အစားအသောက်အရင်းမြစ်တွေ အလွန်ပေါကြွယ်ဝနေတယ်ဆိုရင် လူအုပ်စုတွေဟာ ရာသီအလိုက်နေထိုင်အခြေချရာကနေ တည်မြဲတဲ့စခန်းတွေတည်ဆောက်ပြီး အတည်တကျ အခြေချနေထိုင်တဲ့အထိ ဖြစ်လာခဲ့တယ်။ အစားအသောက်တွေကို အခြောက်လှန်းတာ၊ မီးကင်ကျပ်တိုက်တာ၊ အအေးခံတာ စတဲ့ နည်းပညာတွေကြောင့်လည်း နေရာတစ်ခုတည်းမှာ အချိန်ကြာမြင့်စွာ နေထိုင်လို့ရလာခဲ့တယ်။ အရေးပါဆုံးအနေနဲ့ ပင်လယ်စာတွေ၊ ရေသတ္တဝါတွေ ပေါများတဲ့ ပင်လယ်၊ မြစ်ကမ်းတွေတလျှောက်မှာ တံငါရွာတွေကို လူတွေ အတည်တကျအခြေစိုက် တည်ထောင်ခဲ့ကြတာပါပဲ။ ဒါဟာ စိုက်ပျိုးရေးပြောင်းလဲမှုကြီးမဖြစ်ခင်ထက် နှစ်ပေါင်းများစွာစောပြီး သမိုင်းမှာ ပထမဆုံးအကြိမ် လူသားတွေ အတည်အကျ အခြေချနေထိုင်တာပဲ ဖြစ်တယ်။ အင်ဒိုနီးရှားကျွန်းတွေရဲ့ ကမ်းရိုးတန်းတလျှောက်မှာ တံငါရွာတွေ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၅,၀၀၀ လောက်အထိစောပြီး ပေါ်ပေါက်ခဲ့နိုင်ပါတယ်။ ဒီအရာတွေဟာ ဆေပီယန်စ်တွေရဲ့ ပထမဆုံး ပင်လယ်ကူးစီမံကိန်းဖြစ်တဲ့ သြစတေးလျတိုက်ကို နယ်ပယ်ချဲ့ထွင်သွားရောက်ခြင်းရဲ့ အစတည်ရာ ဖြစ်ခဲ့နိုင်ပါတယ်။

ဆေပီယန်စ်တွေဟာ သူတို့နေထိုင်ရာ ဒေသတော်တော်များများမှာ အခွင့်သာရင်သာသလို အဆင်ပြေအောင် ရှာဖွေစားသောက်ခဲ့ကြတယ်။ သူတို့ဟာ ခြတွေကိုလုစားတယ်၊ ဘယ်ရီသီးတွေခူးတယ်၊ အမြစ်တွေတူးစားတယ်၊ ယုန်တွေကိုခြေရာခံလိုက်တယ်။ ဒါ့အပြင် အမေရိကန်ပြောင်တွေ နှင့် အမွှေးရှည်ဆင်ကြီးတွေကို ကိုအမဲလိုက်ခြင်း စတဲ့အရာတွေနှင့် ရှင်သန်ခဲ့ကြတယ်။ ဒါပေမယ့် လူတွေကြားမှာ ပေါ်ပြူလာဖြစ်တဲ့ အမဲလိုက်လူသား ပုံရိပ်မျိုးမဟုတ်ဘဲ ဆေပီယန်စ်တွေ အစားအစာရဖို့ အဓိကလုပ်ဆောင်ရတာက အစာရှာဖွေတာပဲ ဖြစ်ပါတယ်။ ပြီးတော့လည်း အစာရှာဖွေခြင်းကနေ ကယ်လိုရီ အများစုကို ရရှိပြီး တခြားကုန်ကြမ်းတွေဖြစ်တဲ့ မီးခတ်ကျောက်တွေ၊ သစ်သား နှင့် ဝါးတွေကိုလည်း ရပါတယ်။

ဘာသာပြန် – မာန်သီဟထွန်း

ပုံတွေကို အောက်ပါလင့်တွေကနေ ယူပါတယ်။

https://www.dailymail.co.uk/…/The-Wodaabe-wife-stealing-fes…
http://www.indiasnortheast.com/monpa-festival-arunachal-pra…
https://lifeasahuman.com/…/papua-new-guinea-part-1-groom-w…/
https://hiveminer.com/Tags/dogon%2Cfestival


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, အခန်းဆက်များ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)