သာထက်အောင် ● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၅)

March 11, 2019

● လူရောင်စုံ၊ ဘဝရောင်စုံ၊ ဒုက္ခရောင်စုံ (၅)
(မိုးမခ) မတ်လ ၁၁၊ ၂ဝ၁၉


ရန်ကုန်  လွိုင်ကော်လေယာဉ်ခရီးက ၅၅ မိနစ်ပဲကြာပါတယ်။ ကားနဲ့သွားရင် ၁ဝ နာရီကြာစီးရမှာမို့ ခပ်လန့်လန့်နဲ့ပဲ လေ ယာဉ်စီးပြီး လွိုင်ကော်လေဆိပ်ရောက်မှ သက်ပြင်းချနိုင်ပါတော့တယ်။ ပြည်နယ်မြို့တော်လေဆိပ်က သေးသေးလေးပါ။ လေယာဉ်အတက်အဆင်းလည်း သိပ်ရှိဟန်မတူပါဘူး။ အားလုံး အေးအေးဆေးဆေးပါပဲ။ ကားနဲ့အသင့်ကြိုနေတဲ့ အေးသီရိ ဇော် ခေါ်ဆောင်ရာလမ်းတလျောက်မှာလည်း လူ ယာဉ် ရှုပ်ရှက်ခတ်မနေ။ အေးဆေးငြိမ်သက်။ ဆောင်းရနံ့လေးရတော့ အပူအဆူကလာတဲ့သူ၊ အေးချမ်းငြိမ်သက်ခြင်းရဲ့အရသာကို စတင်ထိတွေ့ခံစားရပြီ။ မြို့ထဲကတံတားတခုကိုဖြတ်တော့ အေးသီရိဇော်က  “အဲဒါဘီလူးချောင်းလေ ဦး” ..သြော်..။ မြို့လယ်ကိုဖြတ်ပြီး တသွင်သွင်စီးနေတဲ့ ဘီလူးချောင်းရေအလျဉ်နဲ့စိတ်ကူးတွေမျောပါသွားတဲ့ ကျွန်တော်။ နှုတ်ဖျားမှာသီချင်းစာသားတချို့ လာရောက်ကပ်ငြိကုန်ပါပကော။

“မောင်ကြားယောင်သေးသလား.. ..ဘီလူးချောင်းမှရေစီးသံတွေ……..မောင်နဲ့တွေ့စ.. ဒီစမ်းရေယာဉ်ရိပ်မလေ… ×××× ရေတံခွန်စေသွန်ဖြာ…. ××× စီးကျထွေထွေ…..ငွေတောင်ကယားတို့မြေ….××× တောင်ကွဲစေတီဦး…..မောင်နဲ့မေ မဖူးရ ကြာပြီလေ….”  ကျွန်တော်တို့ငယ်ငယ် စွဲခဲ့ရတဲ့ ချိုလွင်ကြည်မြပီသလှတဲ့ ချိုပြုံးရဲ့  “မေတ္တာစမ်းရေ” သီကြောင့် ဘီလူး ချောင်း၊ ငွေတောင်ဆည်၊ တောင်ကွဲစေတီတို့နဲ့ရင်းနှီးခဲ့ပြီး မကျွမ်းခင်ကတည်းက လွှမ်းချင်နေတဲ့မြို့ကလေး။

ဟိုတယ်မှာ အခန်းယူပြီး တအောင့်တဖြုတ်နား ရေမိုးချိုးပြီးတော့ အေးသီရိဇော်ကားနဲ့ တောင်ကွဲစေတီဖက် ထွက်ခဲ့ပါတယ်။ တောင်ကွဲစေတီပေါ်က တပြန့်တကြောကြီးမြင်နေရတဲ့ လွိုင်ကော်မြို့လေးကို အငေးသားကြည့်နေမိပါတယ်။ တိုင်း (၇)တိုင်း ပြည်နယ် (၇) ပြည်နယ်နဲ့ဖွဲ့စည်းထားတဲ့ ရွှေပြည်ကြီးမှာ လွိုင်ကော်ဟာ အသေးဆုံးပြည်နယ်လေးတခု။ ပင်လယ်ရေ မျက်နှာပြင် အထက်ပေ ၂၉ဝဝ ကျော်မြင့်ပြီးရေမြေတောတောင် စိမ့်စမ်းရေတံခွန်တွေနဲ့ သာယာလှပတဲ့ဒေသဖြစ်ခဲ့ပေမယ့် လမ်းပန်းဆက်သွယ်ရေးခက်ခဲတာရယ်၊ တချိန်က လက်နက်ကိုင်အဖွဲ့အစည်းတွေကြီးစိုးပြီး အမဲရောင်နယ်မြေဖြစ်ခဲ့တာ   ကြောင့်ဖွံဖြိုးမှု အားနည်းခဲ့ရတယ်။ ခုတော့ လွိုင်ကော်ကိုသွားဖို့ ဘာမှစိုးရိမ်ကြောင့်ကျစရာမလိုတော့။ တောင်ကြီးရောက်လို့ ခရီးဆက်ချင်သေးရင် (၃) နာရီကြာကားစီး၊ လွိုင်ကော်ကို ဒုတ်ဒုတ်ထိရောက်တယ်ဆိုတော့ စည်ကားနေတဲ့မြို့ဖြစ်နေပြီလို့ ဒေသခံတွေကပြောပါတယ်။ လွိုင်ကော်ဟာ မကြာခင် မြို့ပြအဆင်တန်ဆာတွေနဲ့ မြို့လားမြောက်တော့မယ့် အရိပ်အယောင် တွေမြင်နေရပြီ။

“ဦး…ခေါင်ရည်မြည်းကြည့်မလား” လို့ အေးသီရိဇော်ကပြောတော့ ဘယ်ငြင်းလိမ့်မလဲ။ ခေါင်ရည်ရောင်းတဲ့ဆိုင်ကသားသား နားနားမဟုတ်ပါဘူး။ ဒေသခံတွေအားပေးတဲ့ အရပ်ထဲကဆိုင်မျိုး။ ကျွန်တော်ကလည်း အဲလိုဆိုင်မျိုးသဘောကျတာ။ သူတို့ ဘာတွေစားသလဲ၊ ဘယ်လိုစားသလဲ။ ပြည်သူ့ကြားမှာ အမှန်ရှာဆိုတဲ့ဒဿနကို ကျွန်တော်ခုထိယုံကြည်တုန်း။ ဒါက ခေါင်ရည်အပူ၊ ဒါက ခေါင်ရည်ရိုးရိုး၊ ဒါကခေါင်ရည်အပြင်း .. ဟိုဟာ နည်းနည်းမြည်းလိုက်၊ ဒီဟာနည်းနည်းမြည်းလိုက်၊ က ယားဝက်အူချောင်းနဲ့ အလွန်လိုက်ဖက်နေတုန်း အရက်မသောက်တတ်တဲ့ ကျွန်တော့်အကိုကတော့ ခေါင်ရည်တခွက်နဲ့ မျက်နှာကြီးရဲပြီး မူးနေပါပြီ။

ခေါင်ရည်နဲ့မိတ်ဆက်ခွင့်ရတာ ဒါဒုတိယအကြိမ်ပါ။ ပထမအကြိမ်ကတော့ ကြာလှပါပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅ဝ။ ၁၉၆၉ ခု၊ မန္တလေးတက္ကသိုလ်တက်စဉ်က ဂေဘရယ်ပျံဆိုတဲ့သူငယ်ချင်းတယောက်နဲ့ နန်းရှေ့ဆောင် ၁ အပေါ်ထပ်မှာ အတူ နေခဲ့ကြဖူးပါတယ်။ သူက ကယန်းပါ။ ဖီလော်မေဂျာနဲ့ မန်းတက္ကသိုလ်ရောက်လာတော့ တချို့အချိန်တွေမှာ ကျွန် တော်တို့စိတ်ပညာနဲ့ တခန်းထဲတက်ကြရပါတယ်။ သူမှအခန်းထဲဝင်လာပြီဆို လူတိုင်းသတိထားမိပါတယ်။ လူက ပုပျပ်ပျပ်၊ ဘောင်းဘီရှည်ရှည်ကြပ်ကြပ် အမြဲဝတ်ပြီး သူ့ရဲ့လည်ရှည်တောစီးဖိနပ်ထဲ ဘောင်းဘီခြေထောက်ကိုထည့်ထား၊ ကျောမှာ ပလိုင်းတလုံးလွယ်ထားပြီး သူ့ရဲ့မှတ်စုစာအုပ်တွေက ပလိုင်းထဲမှာ။ သူ့ရဲ့နဖူးပြောင်ပြောင်အပေါ်မှာ မြက်ဦးထုပ်အကြီးကြီး ဆောင်းလို့။ ဖိနပ်မှာ သံခွါတပ်ထားထင်ပါရဲ။ သူမှဝင်လာရင် ခွါသံတခွပ်ခွပ်နဲ့ဆိုတော့ ကျောင်းသူတွေက ပြုံးစိစိပေါ့။ အဲ… ကျောင်းတက်လို့မှ ဖင်မပူသေးဘူး။ ကျွန်းဆွယ်အရေးအခင်းကြီးဖြစ်ပြီး ကျောင်းတွေပိတ်လိုက်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြ ပေါ့။ အခြေအနေငြိမ်သက်သွားလို့ ကျောင်းတွေ့ပြန်ဖွင့်တော့ ဂေဘရယ်ပျံလည်းကျောင်းကိုပြန်ရောက်လာပါတယ်။ ရောက်ပြီးနောက်နေ့မှာပဲ “ဟေ့ကောင်တွေ ညနေခေါင်ရည်သောက်မယ်” ဆိုပြီး သူ့လက်ထဲကအင်ဖက်နဲ့သေသေချာချာထုပ်လာပုံပေါ်တဲ့အထုပ်ကြီးကို ဖြည်ပါလေရော။ ရေနွေးအိုးတည်ဆိုလို့တည်ရပါသေးတယ်။ ပြီးမှ ဘိုကလေးသား သန်းဇော် ရဲ့ ရေတခေါင်းကြီးယူပြီး သူ့ရဲ့ခေါင်ဖတ်တွေကိုရေနွေးနဲ့ဖေါက်၊ အအေးခံ၊ ညနေကျ ပိုက်ကလေးနဲ့ တယောက်တလှည့် တ စုပ်စီ စုပ်ကြရတာ။ အရက်မသောက်တတ်သေးတဲ့အရွယ်။ မူးတော့တာပေါ့။ ကြာခဲ့ပါပြီ…။ ကယန်းလက်နက်ကိုင်ခေါင်း ဆောင်ဗိုလ်ပျံရဲ့သား… ကျွန်တော်တို့သူငယ်ချင်း ဂေဘရယ်ပျံလည်း တောထဲမှာပဲကျဆုံးသွားတာကြာပြီလို့ ကြားရပါတယ်။ ခေါင်ရည်စုပ်ရင်း အတိတ်ထဲဝဲလည်နေတဲ့ကျွန်တော့်ကို “ကဲ..မနက်စာသွားစားကြမယ်” ဆိုမှ သတိပြန်ဝင်လာပါတယ်။

ဘဝပေးအခြေအနေအရ လမ်းဘေးစားသောက်ဆိုင်အစ၊ နံနံစော်စော် ဘုံဆိုင်အလယ်၊ ဖိုက်စတားဟိုတယ်အဆုံး ဆိုင်အ တော်များများစားဖူးပါတယ်။ ခု အေးသိရိဇော်ခေါ်လာတဲ့ ဒီမောဆိုးက မာကိုပိုလိုဆိုင်မျိုးတော့ တခါမှမစားဖူးပါဘူး။ အစား အသောက် ထူးခြားလှလို့မဟုတ်ပါဘူး။ ဆိုင်တည်နေရာက ကွင်းပြင်ကြီးထဲမှာ။ ဆိုင်နီးချင်း အိမ်နီးချင်းမရှိ၊ ဟိုး..အဝေးမှာ သစ်ပင်စိမ်းစိမ်း တောင်ကုန်းညို့ညို့၊ ခပ်လှမ်းလှမ်းမှာနေကြာပန်းတွေက ယိမ်းနွဲ့လို့။ တကယ်တော့ လွိုင်ကော်နဲ့ ဒီမော ဆိုးဆိုတာ ရန်ကုန်နဲ့ အင်းစိန်ပါပဲ။ ခုလိုမြို့က မိနစ်အနည်းငယ်မောင်းလိုက်ရုံနဲ့ တောရိပ် တောင်ရိပ် သဘာဝအလှခံစားရင်း နေ့လည်စာစားရမှာကို ကြိုတင်မျှော်လင့်မထားတော့ သဘောကျလို့နေပါပြီ။

မြို့တမြို့ရဲ့ လူနေမှုဘဝ၊ စီးပွါးရေးအခြေအနေ၊ ဝတ်စားဆင်ယင်ပုံ၊ ဒေသရဲ့ထူးခြားချက်တွေကို စိတ်ဝင်စားတယ်ဆိုရင် ဈေး ကိုသွားလေ့လာသင့်တယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်။ ဒါကြောင့် ၅ ရက်တပတ်ဈေးဖြစ်တဲ့ နောင်ယားဈေးကို အေးသိရိဇော်တို့သားအမိနဲ့အတူ သွားကြတယ်။ ယာယီဈေးဆိုတော့ လမ်းဘေးဝဲယာမှာပဲ အခင်းလေးခင်းပြီး ဒေသထွက် အသီးအနှံတွေ၊ စားသောက်ကုန်တွေအပြင် အသားငါးကအစ အတော်စုံစုံလင်လင်ရောင်းဝယ်ဖေါက်ကားနေကြတာပါ။ ဈေးနှုန်းက လွိုင်ကော်ဈေးကြီးထက် အများကြီးသက်သာပြီး ပိုပြီးတော့လည်း လတ်ဆတ်တယ်လို့ ဒေါ်ခင်ဝင်းလွင်ကပြော ပါတယ်။ တနေရာမှာတော့ ဖါးလေးတွေတံစို့နဲ့သီပြီး အခြောက်ခံကျပ်တင်ထားတဲ့ဖါးခြောက်၊ ကြွက်အကောင်အတော်ကြီးကြီး ကို ရင်ခွဲ ဝါးခြမ်းပြား ကြက်ခြေခတ်ပြီး အခြောက်ခံထားတဲ့ကြွက်။ ရန်ကုန်ကမြေကြွက်ကြီးတွေမြင်ပြီးကတည်းက ကြွက်ဆို ဘာကြွက်ပဲဖြစ်ဖြစ်၊ ဘယ်လောက်အရသာရှိရှိ မတို့ရဲပေါင်မောင်ရာ။

နောင်ယားဈေးကအပြန် လွိုင်ကော်ဈေးကြီးထဲကိုလည်းဝင်ကြည့်ခဲ့ပါသေးတယ်။ ဟိုမော့သည်မော့နဲ့တနေရာရောက်တော့ အေးသီရိဇော်က “ဦး…ခေါင်ရည်သောက်မလား၊ အဲဒါလွိုင်ကော်ဈေးရဲ့ခေါင်ရည်တန်းပဲ။”  ကြည့်လိုက်တော့ ခုံတန်းရှည်ကြီးမှာသူ့အုပ်စုနဲ့သူ ခေါင်ရည်မှီဝဲနေတဲ့ လူငယ်တွေ။းမတိမ်းမှီမှာပဲ ခုလို “တွယ်” နေမှတော့ ညနေစောင်းရင်တော့.. ဒယိမ်းဒယိုင်တွေဖြစ်ကုန်ကြပေမပေါ့။ အင်း…အနာဂတ်ရဲ့ကြယ်ပွင့်တွေ။ ခေါင်ရည်အိုးထဲ ခေါင်းထိုးမနေစေချင်ဘူး။ ဒါပေမယ့်.. ကယန်းတွေခေါင်ရည်ကြိုက်တာ နာဂတွေတော့မီမယ်မထင်ဘူး။ ရန်ကုန်ရောက်တုန်းက ကိုညီပုလေးပေးလိုက်တဲ့ နာဂနတ် ဒေါက်တာသိန်းလှိုင်အကြောင်းရေးထားတဲ့ သူ့ရဲ့စာအုပ်ထဲမှာ နာဂတွေက ခေါင်ရည်ကို နို့စို့ အရွယ်ကတည်းက စသောက် လာတာဆိုတော့ ကယန်းခေါင်ရည်ကြိုက်တယ်ဆိုတာ နာဂက ပျင်းတောင်ပျင်းသေးတယ်။ ဈေးထဲလျောက်ပတ်ကြည့်ရင်း ကယားပြည်နယ်ထွက်ကုန်ထဲမှာ နာမည်ကြီး မီးဖြတ်အရက်အကြောင်း ခေါင်းထဲဖြတ်ခနဲဝင်လာလို့ မေးကြည့်တော့ ရှိတယ် ရှိတယ်..ဦး..ကျမပြမယ်ဆိုပြီး အေးသီရိဇော်ခေါ်ရာနောက်လိုက်ခဲ့ပါတယ်။ ခြင်းတောင်းလေးထဲမှ ပုလင်း ၄ – ၅ လုံး။ တလုံးကိုယူပြီးမြည်းကြည့်မယ်နော်ဆိုတော့ ခေါင်းမှာပဝါပေါင်းထားပြီး အင်္ကျီအမဲဝတ်ထားတဲ့ ဒေသခံအမျိုးသမီးကြီးက ပြုံပြီး ခေါင်း ငြိမ့်တယ်။ ပုလင်းဖုံးလေးနဲ့ တဖုံးငှဲ့ပြီးမြည်းကြည့်လိုက်တော့… အားပါးပါး… လည်ချောင်းထဲ မီးစထိုးထည့်လိုက် သလိုပါပဲကလား။ မီးဖြတ်သည်က ကျွန်တော့်ကြည့်ပြီး တခွီးခွီးရီပါလေရော။ အင်း……ဒါမျိုး နေ့တိုင်းတွယ်နေလို့ကတော့ လူ့ပြည်ကြာကြာနေရဖို့အကြောင်းမမြင်ဘူး။

နောက်နေ့မနက်  ဟိုတယ်ကကျွေးတဲ့ဘရိတ်ဖတ်စားပြီး ဖယ်ခုံကိုထွက်ခဲ့ကြပါတယ်။ လမ်းကြုံလိုက်ပါရစေဆိုလို့ ပြင်သစ် နိုင်ငံသားတယောက်လည်း ကျွန်တော်တို့ကားနဲ့ပါလာပါတယ်။ ဖယ်ခုံအင်းလှေဆိပ်ရောက်တော့ ပြင်သစ်နိုင်ငံသားက စက်လှေနဲ့ ညောင်ရွှေကိုဆက်လက်ချီတက်သွားပါတယ်။ လှေဝမ်းထဲခြေဆင်းပြီး အမိုးအကာမပါပဲ ၇ နာရီကျော်ကျော် စက် လှေစီးရမယ့်ခရီးက တော်တော့်လူ မလွယ်ပါဘူး။ ကျွန်တော်တို့အဖွဲ့က ၃ ယောက် လွိုင်ကော်ကကောင်မလေး ၄ ယောက်နဲ့ စက်လှေတစီးနဲ့ ဖယ်ခုံလှေဆိပ်ကထွက်ခွာလာပါတယ်။ အေးသီရိဇော်က ဘယ်သွားမယ်လို့လည်းကြိုပြောမထားတော့ ကျွန်တော့်စိတ်အထင် အင်းထဲအပျော်လှေစီးတယ်ပဲ ထင်နေတာ။ ထပ်ချပ်မကွာ လှေနားဝဲလှည့်နေတဲ့ ဇင်ယော်အုပ်ကို အစာကျွေးရင်း မျက်ဆန့်တဆုံးမြင်နေရတဲ့အင်းရေပြင်ကြီးဟာ ကြည်လင်ရှင်းသန့်နေပြီး လေကောင်းလေသန့် တဝရှူရတာ နဲ့တင် ဒီခရီးကိုကျေနပ်နေပါပြီ။

စက်လှေဆရာက သူ့စက်ကိုရပ်ပြီး ကမ်းကိုကပ်မှ ကျွန်းကြီးတကျွန်း ဖယ်ခုံအင်းထဲရှိမှန်း သိရပါတော့တယ်။ လွယ်ပန်းစုံ လူထုအခြေပြု ခရီးသွားလုပ်ငန်း (Lwal Pann  Sone  Community  Based  Toွurism) ကျွန်းပေါ်ခြေချမိတော့ ဆိုင်းဘုတ် ကြီးက ခရီးဦးကြိုဆိုနေပါတယ်။ လွယ်ပန်းစုံ….နာမည်လေးကလှလိုက်တာ။ ပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဖယ်ခုံ အင်းရေပြင်ပေါ်မှာ ဧက ၆ဝဝ ကျော်ကျယ်တဲ့ကျွန်းကြီး။ ကျွန်းပေါ်အပန်းဖြေအနားယူဖို့ ရိုးရာပုံစံ လုံးချင်းအိမ်လေးတွေ၊ ကယန်း၊ အင်းသား၊ စတဲ့ ရိုးရာအစားအသောက်များရနိုင်တဲ့ စားသောက်ဆိုင်လေးတဆိုင်လည်းရှိပါတယ်။ ဒါ့အပြင် Trekking လျှောက်ခြင်း၊ တောင်ပေါ်စက်ဘီးစီးခြင်း၊ ငါးမျှားခြင်း၊ Kayak လှေလှော်နိုင်ခြင်း၊ စက်လှေနဲ့ ကျွန်းပတ်ကြည့်ခြင်း…စတဲ့ဝန်ဆောင်မှုတွေရနိုင်တဲ့အတွက် မကြာမတင်သောကာလတခုမှာ တိုးရစ်တွေမျက်စိကျမယ့်နေရာတခုဖြစ်လာလိမ့် မယ်လို့မျှော်လင့်ရပါတယ်။ ဖယ်ခုံအင်းဟာ ညောင်ရွှေအင်းလောက် လူသွားလူလာမများသေးတော့ အပျိုရည်မပျက်သေးတဲ့ မိန်းမပျိုလေးလို ပင်ကိုယ်အလှနဲ့တင့်တယ်နေပါတယ်။ ကျွန်တော်တို့ရောက်တော့ ဖွင့်တာ ၁၁ ရက်ပဲရှိသေးတယ်ဆိုတော့ အထိုင်မကျသေးပါဘူး။ သွားရေးလာရေး ဒီထက်အဆင်ပြေမယ်ဆိုရင် လက်ထပ်ပြီးစ ချစ်သူဇနီးမောင်နှံတွေ ဟန်းနီးမွန်း ထွက်ဖို့ အကောင်းဆုံးနေရာတ ခုဖြစ်လာနိုင်ပါတယ်။ မျက်ဆန့်တဆုံး ဖွေးဖွေးလှုပ်နေတဲ့ ဖယ်ခုံအင်းရေပြင်ကိုငေးရင်း သဘာဝကလက်ဆောင်ပေးထားတဲ့ ရေမြေတောတောင်စိမ့်စမ်းတွေကို လူေ တွအပန်းဖြေစရာ ၊ နိုင်ငံခြားဝင်ငွေရှာစရာအဖြစ် ခေတ်အဆက်ဆက် မင်းဆိုးရာဇာများမစဉ်းစားခဲ့၊ ဉာဏ်လည်းမှီပုံမပေါ်၊ နဂါးပွက်တောင်လို့ခေါ်တဲ့ မင်းဘူးနားက တပွက် ပွက်ပွက်နေတဲ့ ချော်ရည်မီးသေတောင်အသေးလေးကို ဘယ်လိုက ဘယ်လို ဘာသာရေးနဲ့ဆွဲနွယ်လိုက်သလဲမသိဘူး၊ နိုင် ငံအကြီးအကဲဆိုသူတွေ ကုန်းကန်တော့နေတဲ့ပုံတွေ့မိတော့…. အင်း… ဒီလိုအတွေးအခေါ်မျိုးနဲ့တော့ တိုင်းပြည်ကြီးပွားဖို့ ဝေးပါသေးတယ်။ တလောကလည်း ရူးပေါပေါပုဂ္ဂိုလ်တယောက်က မော်တင်စွန်းဖက်မှာ နဂါးအစာကျွေးဆိုလား..။ ပိုက်ဆံ တို့ အာဏာတို့ဆိုတာ အခြေအနေအချိန်အခါသင့်ရင် မတော်မတရား ရကောင်းရနိုင်ပေမယ့် ပညာတို့၊ အတွေးအခေါ်တို့ ၊ အရည်အချင်းတို့ဆိုတာ ကံကောင်းလို့ရတတ်တာမျိုးမဟုတ်ပါဘူး။ ထားပါတော့။

လွိုင်ကော်ရောက်လို့မှ ငွေတောင်ဆည်၊ လောပိတ မရောက်ခဲ့ဘူးဆိုရင် မပြည့်စုံသေးပါဘူး။ ပြီးတော့ ကမ္ဘာကျော် ပဒေါင်လို့ လူသိများတဲ့ ကယန်းအမျိုးသမီးကြီးတွေရဲ့ လည်ပင်းကြေးကွင်းစွပ် ယဉ်ကျေးမှုကိုလည်း လေ့လာသင့်တယ်ထင်တယ်။ ဒီနေရာမှာ အိမ်ရှင်ဒေသခံ အေးသီရိဇော်၊ ဒေါ်ခင်ဝင်းလွင်တို့သားအမိရဲ့စေတနာနဲ့ ဧည့်ဝတ်ကျေပြွန်မှုကို အသိအမှတ်ပြုရ ပါလိမ့်မယ်။ ဆိုင်တဖက် အလုပ်တဖက်နဲ့ မအားတဲ့ကြားကပဲ ရောက်သင့်ရောက်ထိုက်တဲ့နေရာတွေကို မမောမပမ်းပို့ ဆောင်ပေးလို့ ကြေးကွင်းစွပ်ကယန်းအဖွားအိုနဲ့လည်း ဓါတ်ပုံရိုက်ခွင့်ရခဲ့ပါတယ်။ လောပိတဓါတ်အားပေး စက်ရုံ (၂) ရုံကို လည်း အတွင်းဝင်ရောက်လေ့လာခွင့်ရခဲ့ပါတယ်။ ငွေတောင်ဆည်ရဲ့အလှကိုခံစားရရုံမက ဆည်တာဘောင်ရိုးပေါ်မှာ ဆင်စီး ခဲ့ရတာလည်း တကယ့်ကို အမှတ်တရပါ။ မဝသေးပါဘူး။ မတင်းတိမ်နိုင်သေးပါဘူး။ အခါအခွင့်သင့်လို့ အကြောင်းတိုက်ဆိုင် ဦးမယ်ဆိုရင်ဖြင့်  တောင်ကွဲစေတီကိုထပ်ဖူးချင်ပါသေးတယ်။ ဘီလူးချောင်း အစုန်အဆန်စက်လှေစီးရင်း ဘီလူးချောင်းရဲ့ ရေစီးသံကို ကြားချင်ပါသေးတယ်။ လွယ်ပန်းစုံကျွန်းပေါ်က ဖယ်ခုံအင်းရဲ့နေဝင်ဆည်းဆာအလှကို ခေါင်ရည်စုပ်ရင်း ငေး ချင်ပါသေးတယ်။

(ဆက်ရေးပါဦးမည်)
မတ်လ ၉၊ ၂၀၁၉

သာထက်အောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး, ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)