Than Win Hlaing – Articles

September 21, 2013

ကမ္ဘာ့စစ်အသုံးစရိတ်
သန်းဝင်းလှိုင်
စက်တင်ဘာ ၂၁၊ ၂၀၁၃

  

ပထမဆုံး အဏုမြူဗုံးကို ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စုက အောင်မြင်စွာ စမ်းသပ်ပေါက်ခွဲနိုင်သည်။ ထိုနှစ် သြဂုတ်လ ၆ ရက်နေ့တွင် ဂျပန်နိုင်ငံ ဟွန်ရူးကျွန်းကြီး၏ အရှေ့တောင်ဘက်ကမ်းခြေရှိ ဟီရိုရှီးမားမြို့ပေါ်သို့ အဏုမြူဗုံးတစ်လုံး ကြဲချပြီးနောက် သြဂုတ်လ ၉ ရက်နေ့တွင် တစ်ဖန် ကျူရူးကျွန်းကြီး၏ အနောက်ဘက် ကမ်းခြေရှိ နာဂါဆာကီ မြို့ပေါ်သို့ နောက်တစ်လုံး ကြဲချခဲ့ပြန်သည်။
အဆိုပါ အဏုမြူဗုံးသည် တီအင်တီယမ်းအား တန်ချိန် (၂ဝဝဝဝ) ပေါက်ကွဲသည်ထက်ပင် ပြင်းထန်သည်ဟု ဆိုသည်။ ဗုံးဒဏ်ကြောင့် ဟီရိုရှီးမားမြို့တွင် ထိခိုက်ဒဏ်ရာရသူ ၁၃၅ဝဝဝ (တစ်သိန်းသုံးသောင်းငါးထောင်) ရှိသည့်အနက် ၆၆ဝဝဝ ခန့်မှာ သေဆုံးခဲ့သည်။ နာဂါဆာကီမြို့တွင် လူဦးရေ ၁၉၅ဝဝဝ (တစ်သိန်းကိုးသောင်းငါးထောင်) ခန့်ရှိရာ ၆၄ဝဝဝ ဒဏ်ရာရရှိပြီး ၃၉ဝဝဝ သေဆုံးခဲ့သည်။ ဒဏ်ရာရသူများမှာလည်း ဂါမာရောင်ခြည်များ၏ အပူရှိန်ကြောင့် အပူလောင် အနာကြီးများ ဖြစ်ခဲ့ကြသည်။ ထိုစဉ်က ကြဲချခဲ့သော အဏုမြူဗုံးများ၏ အကျိုးဆက်ကြောင့် မျက်မှောက်ကာလအထိ နှစ်ပေါင်း ၆၈ ကျော် ကြာမြင့်သည့်တိုင်အောင်ပင် အသက်ပေါင်းများစွာ ဆက်လက်ဆုံးရှုံးလျက် ရှိသည်။ ဟီရိုရှီးမား တစ်မြို့တည်းမှာပင်  အဏုမြူဗုံး ကြဲချခဲ့စဉ်က မသေဘဲ ကျန်ရှိနေသူများအနက် ၁၁၃၂ဝဝ ကျော် ထပ်မံသေဆုံးခဲ့သည်ဟု ဆိုသည်။
ထိုအချိန်မှစ၍ အင်အားကြီးနိုင်ငံတို့သည် အဏုမြူလက်နက်ကို နည်းဗျူဟာမြောက် အဏုမြူစစ်တွင် အသုံးပြုရန်အတွက် အပြိုင်အဆိုင် တီထွင်ထုတ်လုပ်လာခဲ့ကြသည်။ ယခုအခါ အင်းအားကြီး နိုင်ငံများ၌ နျူကလီးယားဗုံး ၅ဝဝဝဝ ခန့် ပိုင်ဆိုင်ထားကြသည်။ အဆိုပါ အရေအတွက်သည် အမေရိကန်ပြည်ထောင်စုနှင့် ဆိုဗီယက်ပြည်ထောင်စုတို့ကို ချေမှုန်းရန်လိုအပ်သည်ထက် အဆပေါင်း ၂၅ဝ ကျော် ပိုမိုလျက်ရှိသည်။
ဤအခြေအနေ၌ပင် ကမ္ဘာ့နိုင်ငံများသည် စစ်ရေးတည်ဆောက်မှုကိုလည်း ဆက်လက်တိုးမြှင့် ဆောင်ရွက်လျက်ရှိရာ ကမ္ဘာ့စစ်ရေး တည်ဆောက်မှုသည် တဖြည်းဖြည်း ကြောက်ခမန်းလိလိ အခြေအနေသို့ ရောက်ရှိလာသည်ကို တွေ့ရသည်။
● တိုးတက်လာသော စစ်အသုံးစရိတ်များ
ကမ္ဘာ့စစ်အသုံးစရိတ်သည် ဒုတိယကမ္ဘာစစ် ၁၉၃၉ – ၁၉၄၅ ပြီးဆုံးချိန်မှစ၍ တဖြည်းဖြည်း တိုးမြှင့်လာခဲ့ရာ ၁၉၈ဝ ပြည့်နှစ်တွင် အမေရိကန် ဒေါ်လာဘီလီယံ – ၅ဝဝ၊ ၂ဝ၁၂ ခုနှစ်တွင် အမေရိကန်ဒေါ်လာဘီလီယံ – ၈ဝဝ ရှိခဲ့ရာမှ  ၂ဝ၁၃ ခုနှစ်တွင် အများဆုံး စံချိန်တင်ကာ ဒေါ်လာဘီလီယံ – ၁၇၃၈ အထိ ရှိလာခဲ့သည်။ ၂ဝ၂ဝ ပြည့်နှစ်တွင် ဒေါ်လာဘီလီယံ ၂ဝဝဝ ကျော်အထိ တိုးမြှင့်လာဖွယ် ရှိသည်ဟု အမေရိကန်အစိုးရ အရာရှိဟောင်း တစ်ဦးဖြစ်သူ “ရုသ်လီဂါဆီဗတ်” စုဆောင်းပြုစုသည့် နှစ်ချုပ်အစီရင်ခံစာ တစ်စောင်တွင် ဖေါ်ပြထားသည်။ (တစ်ဘီယီတွင် သန်းတစ်ထောင်ရှိသည်)
ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ ယခုအခါတွင် ကမ္ဘာ့စစ်အသုံးစရိတ်သည် တစ်နှစ်လျှင် ဒေါ်လာဘီလီယံ – ၁၇၃၈ ရှိလာသည်ဟု သိရသည်။ တနည်းအားဖြင့် ထိုအသုံးစရိတ်သည် တစ်ကမ္ဘာလုံးရှိ နိုင်ငံအားလုံး၏ တစ်နှစ်အတွက် အမျိုးသားထုတ်လုပ်မှု စုစုပေါင်း၏ ခြောက်ရာခိုင်နှုန်းနီးပါးရှိပြီး တစ်မိနစ်တိုင်းတွင် ဒေါ်လာလေးသန်းနီးပါး အသုံးပြုနေသည့် သဘောပင် ဖြစ်သည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းလုံးတွင် စစ်မှုထမ်းနေသော လူဦးရေမှာ ၆၉ သန်း ရှိပြီး စစ်ရေးနှင့် ဆက်နွယ်သော လုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နေသူပေါင်းမှာ သန်း ၁ဝဝ ကျော်ခန့် ရှိသည်။
အမေရိကန်ပြည်ထောင်စုသည် ၁၉၈ဝ ပြည့်နှစ်မှစ၍ စစ်အသုံးစရိတ်တိုးမြှင့် သုံးစွဲလာခဲ့ရာ ၁၉၈၅ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၂၉၉ ဘီလီယံ ရှိခဲ့ပြီး ၊ ၂ဝ၁၃ ခုနှစ်တွင် ၇၁၁ ဘီလီယံ ရှိခဲ့သည်။ စစ်ရေးသုတေသန အစီအစဉ်နှင့် အခြားသော လက်နက်အစီအစဉ်များအတွက် ၂ဝ၁၃ ခုနှစ် စစ်အသုံးစရိတ်ကို ၄.၇ ရာခိုင်နှုန်း တိုးမြှင့်သုံးစွဲခွင့် ပြုရန် ကွန်ဂရက်သို့ တင်ပြခဲ့သည်။ အမေရိကန် ပြည်ထောင်စုသည် ထရိုင်းဒင့်-၂ ရေငုပ်သင်္ဘောနှင့် ဒုံးပျံများ၊ ဘီ-၁ နှင့် စတဲ့ ဗုံးကြဲလေယာဉ်များ၊ အိပ်အိပ်စ်ဒုံးပျံများနှင့် မစ်ဂျက်မင်းဒုံးပျံများ၊မောင်းသူမဲ့လေယာဉ်သစ် တည်ဆောက်ရေးအတွက် စစ်အသုံးစရိတ်များ ပိုမို လိုအပ်လာသည်ဟု ဆိုသည်။  ထို့ပြင် “အက်စ်ဒီအိုင်” (S.D.I) ခေါ် “မဟာဗျူဟာ ကာကွယ်ရေး စီမံကိန်း” အစီအစဉ်အရ အာကာသလက်နက်များ စမ်းသပ်ရေး၊ ထုတ်လုပ်ရေး၊ ဒေသစစ်ပွဲ အကူအညီပေးရေးနှင့် ပင်လယ်ရပ်ခြားရှိ ကြည်း၊ရေ၊လေ တပ်ဖွဲ့များအတွက် ကုန်ကျစရိတ်မှာလည်း အမေရိကန်ပြည်ထောင်စု၏ စစ်အသုံးစရိတ်ကို ပိုမိုမြင့်မားသည်ဟု ဆိုသည်။
အမေရိကန်ပြည်ထောင်စုသည် အာကာသလက်နက်များ ထုတ်လုပ်ရေးအတွက် အမေရိကန် ဒေါ်လာ ၂ ဒသမ ၇၅ ဘီလီယံမှ ၄ ဒသမ ၈ ဘီလီယံ အထိ သုံးစွဲရန် ရည်မှန်းထားသည်။ အဆိုပါ အမေရိကန် ကာကွယ်ရေး အသုံးစရိတ်များကို ကွန်ဂရက်က လျှော့ချရန် စီစဉ်နေသည်ကို သမ္မတ အိုဘားမားက စိတ်ပျက်မိကြောင်း၊ ဤသို့ ကာကွယ်ရေး စရိတ်များကို ဖြတ်တောက်လျှော့ချပါက အမေရိကန် တပ်ဖွဲ့များ၏ တိုက်ခိုက်ရေးစွမ်းရည် ပြည့်ဝမှုကိုလည်းကောင်း၊ အမေရိကန်တပ် အရေအတွက် လျှော့ကျမှုကိုလည်းကောင်း မဖြစ်မနေ လုပ်ဆောင်ရမည့် အခြေအနေသို့ ရောက်ရှိလာနိုင်သည်ဟု ဆိုသည်။
မြောက်အတ္တလန္တိတ်စာချုပ် (နေတိုး) အဖွဲ့၏ လေ့လာချက်များအရ ရုရှားနိုင်ငံသည် စီးပွားရေးပြဿနာများ ရှိနေလင့်ကစား စစ်အသုံးစရိတ်ကို တိုးမြှင့်သုံးစွဲလျက် ရှိကြောင်း၊ ရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံသည် ၁၉၉ဝ ပြည့်နှစ်များမှစ၍ နှစ်စဉ် ၂ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖေါ်ပြထားသည်။ ရရှားနိုင်ငံ၏ စစ်အသုံးစရိတ်သည် ၂ဝ၁၂ ခုနှစ်တွင် အမျိုးသားထုတ်လုပ်မှုတန်ဖိုး စုစုပေါင်း၏ ၄.၄ရာခိုင်နှုန်းမှ ၅.၂ ရာခိုင်နှုန်းရှိပြီး ဒေါ်လာဘီလီယံ ၉ဝ.၇ ရှိသည်။၁၉၉ဝ ပြည့်နှစ်တွင် ၁၄ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း၊ ၂ဝဝဝ ပြည့်လွန်နှစ်များတွင် ၁၅ ရာခိုင်နှုန်းမှ ၁၇ ရာခိုင်နှုန်းအထိ စစ်အသုံးစရိတ် တိုးမြှင့်သုံးစွဲခဲ့သည်။ ဆက်လက်၍ ၂ဝ၁၃ ခုနှစ်အထိ နှစ်စဉ် စစ်အသုံးစရိတ် ၅ ရာခိုင်နှုန်း တိုးတက်လာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
အမေရိကန်ပြည်ထောင်စုနှင့် ကာကွယ်ရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိသော ဂျပန်နိုင်ငံသည် စစ်အသုံးစရိတ်မှာ ၁၉၆ဝ ပြည့်နှစ်တွင် ဒေါ်လာ ၄၄၁ သန်း ရှိရာမှ ၂ဝ၁၂ ခုနှစ်တွင် စစ်အသုံးစရိတ် ဒေါ်လာ ၅၉ ဒသမ ၃ ဘီလီယံ ရှိလာခဲ့သည်။ ၂ဝ၁၂ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် စစ်အသုံးစရိတ်ကို ၁၉၉ဝ ပြည့်နှစ်ထက် ၈ ရာခိုင်နှုန်းကျော် တိုးမြှင့်ခဲ့သည်။ ထို့ပြင် ၂ဝ၁၃ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ တောင်းဆိုထားသည့်အတိုင်း စစ်ရေးတည်ဆောက်မှုအတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမျိုးသား ကုန်ထုတ်လုပ်မှုတန်ဖိုး၏ ငါးရာခိုင်နှုန်းအထိသုံးစွဲရန် ရည်ရွယ်ထားသည်ဟု ဆိုသည်။
ထို့ကြောင့် ဂျပန်နိုင်ငံသည် လာမည့်ငါးနှစ်အတွင်း နိုင်ငံတော်ကာကွယ်ရေးစရိတ်ကို သန်းပေါင်း ၁၈ ဒသမ ၄ ထရီလီယံ (တစ်ထရီလီယံသည် သန်းပေါင်း တစ်သန်းနှင့် ညီမျှသည်။) သုံးစွဲမည် ဖြစ်ကြောင်း သို့ရာတွင် ဂျပန်နိုင်ငံကို စစ်အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်ရန်အတွက် ပြုလုပ်မည် မဟုတ်ကြောင်း အာဏာရ လစ်ဘရယ်ဒီမိုဂရက်တစ်ပါတီက ကြေညာခဲ့သည်။၁၉၈ဝ က ဆိုဗီယက်ပြည်ထောင်စု ဦးဆောင်မှုဖြင့်  ဖွဲ့စည်းထားသော ဝါဆော စာချုပ်အဖွဲ့၏ စစ်သည်အင်အားမှာ ၆ ဒသမ ၃ သန်းနှင့် အရန်စစ်သည်အင်အား ၈ ဒသမ ၂ သန်းရှိသည်။ ဝါဘော စာချုပ်အဖွဲ့၏ စစ်အသုံးစရိတ်မှာလည်း ၁၉၇၅ ခုနှစ်မှ၁၉၈၂ခုနှစ်အတွင်းနှစ်စဉ်၃ဒသမ၆ရာခိုင်နှုန်းတိုးမြင့်ခဲ့သည်။ယခုအခါဝါဆောအဖွဲ့ မရှိတော့သော် လည်း ၀ါဆောစာချုပ် အဖွဲ့ဝင်ဟောင်းနိုင်ငံများအနက် ပိုလန်နိုင်ငံသည်နေတိုးအဖွဲ့ ဝင်ဖြစ်ပြီးနောကှ် ၂ဝဝဝပြည့်နှစ်အတွင်း စစ်အသုံးစရိတ် ၈.၉ဘီလီယံပိုမိုသုံးစွဲခဲ့သည်။
ထို့ပြင် အမေရိကန်ပြည်ထောင်စု ဦးဆောင်မှုဖြင့် ဖွဲ့စည်းထားသော မြောက်အတ္တလန္တိတ် စာချုပ်အဖွဲ့ (နေတိုး) တွင် စပိန်အင်အားမှအပ စစ်သည်အင်အား ၅ ဒသမ ၁ သန်း၊ အရန်စစ်သည်အင်အား ၇ ဒသမ ၃ သန်းရှိသည်။ မြောက်အတ္တလန္တိ စာချုပ်အဖွဲ့ဝင်နိုင်ငံများ၏ စစ်အသုံးစရိတ်မှာ အမေရိကန်ပြည်ထောင်စု အပါအဝင်၂ဝ၁၂ ခုနှစ်တွင် ၁ဝ၃ ဒသမ ၈၁ဘီလီယံ  ရှိသည်။ ထိုစာချုပ်အဖွဲ့ဝင် နိုင်ငံများအားလုံးနှင့် တစ်ကမ္ဘာလုံး၏ ၂ဝ၁၂ ခုနှစ် စစ်အသုံးစရိတ်မှာ ဒေါ်လာ ၁၇၃၈ ဘီလီယံရှိသည်။ ယင်းအနက် အမေရိကန်ပြည်ထောင်စု တစ်နိုင်ငံတည်းကပင် ၇၁၁ ဘီလီယံဒေါ်လာ ပါဝင်ခဲ့သည်။
ကမ္ဘာ့စစ်အသုံးစရိတ်တွင် ဖွဲ့ဖြိုးဆဲနိုင်ငံများ ပါဝင်မှုအချိုးအစားသည်လည်း  တစ်နှစ်ထက် တစ်နှစ် တိုးတက်လာခဲ့ရာ တစ်နှစ်လျှင် ငါးရာခိုင်နှုန်း ကြီးထွားလျက် ရှိသည်။ စက်မှုဖွံ့ဖြိုးပြီး နိုင်ငံများ၏ စစ်အသုံးစရိတ် တိုးတက်မှုနှုန်းမှာ ၂ ဒသမ ၄ ရာခိုင်နှုန်းသာ ရှိသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ အချို့နိုင်ငံများသည်  နိုင်ငံ့ကုန်ထုတ်လုပ်ငန်းများတွင် ရင်းနှီးမြုပ်နှံထားသော ငွေပမာဏထက် ကျော်လွန်၍ စစ်ရေးအတွက် အသုံးပြုလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် ဖွံ့ဖြိုးဆဲနိုင်ငံများရှိ လူဦးရေ စုစုပေါင်းအနက် သန်းပေါင်း ၈ဝဝ ခန့်မှာ အလွန်အာဟာရ ချို့တဲ့လျက်ရှိပြီး သန်းပေါင်းများစွာမှာ မသေရုံမျှသာ စားသောက်နေကြရသည်။ လူတစ်ဦးချင်း၏ စားနပ်ရိက္ခာထုတ်လုပ်မှုမှာလည်း ကျဆင်းလျက်ရှိရာ ဒေသများစွာတွင် ငတ်မွတ်ခေါင်းပါးလျက်ရှိသည်ဟု ဆိုသည်။
အာရှနိုင်ငံများ၏ စစ်အသုံးစရိတ်သည်လည်း ဆက်လက်တိုးတက်လျက်ရှိရာ၂ဝ၁၁ မှ ၂ဝ၁၂ ခုနှစ်တွင် ရှစ်ဒသမသုံးရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။ ထိုနှစ်နိုင်ငံများ၏ စစ်အသုံးစရိတ်သည် ၂ဝ၁၂ ခုနှစ်တွင် အမေရိကန် ဒေါ်လာ ၂၈၇ ဒသမ ၄ ဘီလီယံမှ ၂ဝ၂၁ ခုနှစ်တွင်တရုတ်၊အိန္ဒိယ၊အင်ဒိုနီရှားအပါအဝင်အာရှတိုက်၏ စစ်အသုံးစရိတ်မှာ၅ဝ၁ ဒသမ ၇ ဘီလီယံသို့ တိုးတက်သုံးစွဲရန်ပြင်ဆင်ထားသည်။ ထိုစစ်သုံးစရိတ်တွင် ဗီယက်နမ်၊ ကမ္ဘောဒီးယားနှင့် လောနိုင်ငံတို့၏ စစ်အသုံးစရိတ်များ ပါဝင်ခြင်း မရှိဟု ဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စစ်ရေးတည်ဆောက်မှု အများဆုံးနိုင်ငံများမှာ အီရတ်၊ ဆော်ဒီအာရေးဗီးယား၊ အီရန်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ အင်ဒိုနီရှား၊အိုမန်၊ ယီမင်၊ ဆီးရီးယား၊ အစ္စရေးနှင့် အာဂျင်တီးနားနိုင်ငံတို့ ဖြစ်ကြသည်။
● စစ်လက်နက် ပစ္စည်းများ ရောင်းချမှု
စစ်လက်နက်များ ထုတ်လုပ်ရောင်းချမှုသည် နှစ်ဆယ်ရာစု စောစောပိုင်းကာလတွင် ပုဂ္ဂလိက ကုန်သည်များ လုပ်ကိုင်ခဲ့ကြသော်လည်း ဒုတိယကမ္ဘာစစ်ကာလမှ စ၍ လက်နက်ရောင်းချသော နိုင်ငံများ ပေါ်ပေါက်လာခဲ့သည်။ ဤသို့ဖြင့် စစ်လက်နက် ထုတ်လုပ်ရောင်းချမှု တဖြည်းဖြည်း ကြီးမားကျယ်ပြန့်လာရာ ကမ္ဘာပေါ်တွင် အကြီးမားဆုံး စီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာခဲ့သည်။ ကမ္ဘာ့စစ်လက်နက် ပစ္စည်းဈေးကွက်၌ ရောင်းချမှုတန်ဖိုးမှာ တစ်နှစ်လျှင် ဒေါ်လာ ၃၆ ဘီလီယံကျော် (တစ်ဘီလီယံတွင် သန်းတစ်ထောင် ရှိသည်) ဖွံ့ဖြိုးဆဲနိုင်ငံများ စစ်လက်နက်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းသည် သက်တမ်းနုနယ်သေးသော်လည်း ကမ္ဘာ့ဈေးကွက်၏ ၁၅ ရာခိုင်နှုန်းကို ရရှိထားပေသည်။
ကမ္ဘာပေါ်တွင် စစ်လက်နက်ပစ္စည်းများကို အများဆုံးတင်ပို့သည့် နိုင်ငံများမှာ အမေရိကန် ပြည်ထောင်စု၊ ရရှားဖက်ဒရေးရှင်း၊ ပြင်သစ်နှင့် ဗြိတိန်နိုင်ငံတို့ ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုသည် စစ်လက်နက်များကို နိုင်ငံပေါင်း ၁၃၆ နိုင်ငံသို့ ၂ဝဝ၁နှစ်တွင် ဒေါ်လာသန်းပေါင်း (၅၉၀၈) ဖိုးခန့် ရောင်းချလျက်ရှိပြီး၂ဝ၁၁တွင်သန်းပေါင်း ၉၉၈၄ ရှိသည်။ ရရှားနိုင်ငံသည် ကမ္ဘာ့စစ်လက်နက်ပစ္စည်းများ ရောင်းချသည်။ ရောင်းချသည့်နိုင်ငံများအနက် ဒုတိယလိုက်သည့် နိုင်ငံဖြစ်သည်။ ရုရှားနိုင်ငံသည် ၂ဝဝ၁ ခုနှစ်တွင်၅၈၉၆ ရှိပြီး ၂ဝ၁၁ ခုနှစ်တွင် ပြည်ပသို့ စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှု တန်ဖိုးသည် ဒေါ်လာသန်းပေါင်း (၇၆၇၆) ခန့် ရှိခဲ့သည်ဟု ဆိုသည်။အမေရိကန်သည်ရုရှားသို့ လည်းလက်နက်တင်ပို့ ရောင်းချနေရာ၂ဝ၁၁ ခုနှစ်က တန်ဖိုးဒေါ်လာ ၄.၈ဘီလီယံရှိ၍ ရာခိုင်နှုန်း ၁၂၇၅% တိုးလာသည်ဟုဆိုသည်။ရုရှားထံမှလည်းအမေရိကန်သည်လက်နက်တန်ဖိုး ၃၀% ဝယ်ယူခဲ့သည်။
အမေရိကန်နှင့် ရရှားနိုင်ငံတို့သည် ပြင်ပသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချရာတွင် လက်နက်ငယ်များ၊ တင့်ကားများ၊ အမြောက်များ၊ ဒုံးကျည်များ စစ်သင်္ဘောများ၊ ဂျက်တိုက်လေယာဉ်နှင့် အခြား စစ်ရေးအတွက် လိုအပ်သော လက်နက်ပစ္စည်းများ ပါဝင်သည်။ အနောက်နိုင်ငံများအနက် ပြင်သစ်၊ ဗြိတိန်၊ အီတလီ၊ ပြည်ထောင်စု သမ္မတ ဂျာမနီနိုင်ငံတို့သည် ပြည်ပသို့ စစ်လက်နက်ပစ္စည်း အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံများဖြစ်ကြသည်။ ထိုနိုင်ငံများအနက် ပြင်သစ်နိုင်ငံသည် အမေရိကန်နှင့် ဆိုဗီယက် ပြည်ထာင်စုတို့ပြီးလျှင် ပြည်ပသို့ စစ်လက်နက်ပစ္စည်းများ  တင်ပို့ရောင်းချရာတွင် တတိယလိုက်သည့် နိုင်ငံဖြစ်သည်။ ပြင်သစ်နိုင်ငံ၏ စန်းပွင့်နေသော စစ်လက်နက်ပစ္စည်း တင်ပို့ရောင်းချမှုသည် ၂ဝဝ၁ခုနှစ်က ဒေါ်လာ ၁ဒသမ ၂၉ ဘီလီယံဖိုးရှိပြီး၂ဝ၁၁ တွင်၂၄၃၇ဘီလီယံအထိ ရောက်ရှိခဲ့သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများသည် လွန်ခဲ့သော ၂၅ နှစ်ခန့်မှစ၍ စစ်လက်နက်များ ထုတ်လုပ်လာခဲ့ရာ မျက်မှောက်ကာလတွင် အင်အားကြီးနိုင်ငံများနှင့် ယှဉ်ပြိုင်ရောင်းချနိုင်ငံသော အနေအထားသို့ ရောက်ရှိလာပြီဖြစ်သည်။ ယခုအခါ ဖွံ့ဖြိုးဆဲနိုင်ငံများ၌ စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချသည့် နိုင်ငံပေါင်း ၂၆ နိုင်ငံရှိပြီး အဓိကနိုင်ငံများမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ အစ္စရေး၊ ဘရာဇီးလ်၊ အီဂျစ်၊ ပါကစ္စတန်၊ တောင်အာဖရိက၊ အိန္ဒိယနှင့် စင်္ကာပူနိုင်ငံများ ဖြစ်ကြ၏။ ဖွံ့ဖြိုးဆဲနိုင်ငံများအနက် အစ္စရေးနှင့် အိန္ဒိယနိုင်ငံတို့သည် စစ်လက်နက်ပစ္စည်း အကြီးအကျယ် ထုတ်လုပ်သော နိုင်ငံများဖြစ်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများအားလုံးမှ ထုတ်လုပ်သော စစ်လက်နက်များအနက် တစ်ဝက်ကျော်ကို ထိုနိုင်ငံများက ထုတ်လုပ်လျက်ရှိသည်။ ဘရာဇီးလ်၊ ထိုင်ဝမ်၊ အာဂျင်တီးနားနှင့် တောင်အာဖရိက နိုင်ငံတို့သည် ဒုတိယအများဆုံး ထုတ်လုပ်သော နိုင်ငံများ ဖြစ်သည်။တရုတ်သည်၂ဝဝ၁ တွင် ဒေါ်လာသန်းပေါင်း ၄၉၉ ရှိရာမှ၂ဝ၁၁ တွင်၁၈၃ဝ ရှိလာခဲ့သည်။
အစ္စရေးနိုင်ငံသည် ၂ဝဝ၁ ခုနှစ်မှ ၂ဝ၁၁ ခုနှစ်အတွင်း လက်နက်အများဆုံး ထုတ်လုပ်၍ရောင်းချခဲ့ရာ ဒေါ်လာ ၄ဒသမ ၂၃၁ ဘီလီယံ တန်ဖိုးရှိသည်။ အိန္တိယနိုင်ငံမှာ ဒေါ်လာ ၁ ဒသမ ၂၆၅ ဘီလီယံ၊ ထိုင်ဝမ်က ၅၆၂ သန်း ၊ အာဂျင်တီးနားက ၃၉၁ သန်း၊ တောင်အာဖရိက သန်း ၃၈ဝ နှင့် ကိုးရီးယား သမ္မတနိုင်ငံက ၃၄၆ သန်းဘိုး အသီးသီး ထုတ်လုပ်ရောင်းချခဲ့ကြသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများမှ ထုတ်လုပ်သော လက်နက်များသည် ချို့ယွင်းချက် အနည်းငယ်ရှိသည်မှအပ အများအားဖြင့် စိတ်ချရပြီး တာရှည်အသုံးခံသည်။ ထို့ပြင် ဈေးနှုန်းလည်း ချိုသာသည်ဟု ဆိုသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လက်နက် ထုတ်လုပ်မှုနှင့် ရောင်းချမှုသည် ၁၉၈၀ ပြည့်နှစ်က စတင်ခဲ့သော အီရန်- အီရတ် စစ်ပွဲ ဖြစ်ပွားသော ကာလမှစ၍ အကျယ်ပြန့်ဆုံး ဖြစ်လာခဲ့သည်။ အီဂျစ်နိုင်ငံသည် အီရန်နိုင်ငံသို့ အမေရိကန် ဒေါ်လာသန်း ၂ဝဝဝ ခန့် တန်ဖိုးရှိသော လက်နက်များ ရောင်းချခဲ့သလို တရုတ်ပြည်သူ့သမ္မတ နိုင်ငံကလည်း ဒေါ်လာသန်း ၁၈၃၀ ဖိုးနှင့် အချို့သော ဖွံ့ဖြိုးဆဲနိုင်ငံများက ဒေါ်လာသန်း ၇ဝဝ တန်ဖိုးရှိသော လက်နက်များကို ရောင်းချခဲ့ကြသည်။
ဘရာဇီးလ်နိုင်ငံသည် ကမ္ဘာပေါ်တွင် စစ်လက်နက်ထုတ်လုပ်ရောင်းချမှု၌ ပဉ္စမလိုက်သော နိုင်ငံဖြစ်သည်။ နှစ်စဉ်လက်နက်တင်ပို့မှုမှ ရရှိသော ဝင်ငွေမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ဘီလီယံ ကျော်ခန့် ရှိသည်။ ဘရာဇီးလ်နိုင်ငံမှ လက်နက်များကို အထူးသဖြင့် လစ်ဗျား၊ အီရန်၊ ဆော်ဒီအာရေးဘီးယား၊ ဗြိတိန်၊ အာဂျင်တီးနားနှင့် ထိုင်ဝမ်တို့က ဝယ်ယူကြသည်။
● ဇီဝလက်နက်များ
အင်အားကြီးနိုင်ငံတို့သည် စစ်လက်နက်အမျိုးမျိုးကို တီထွင်ထုတ်လုပ်လျက် ရှိသည်။ နျူးကလီးယား လက်နက်များနည်းတူ အလွန်ကြောက်မက်ဖွယ်ကောင်းသော ပိုးမွှားလက်နက်ခေါ် “ဇီဝလက်နက်များ” (Biological Weapons) များကို တီထွင်ထုတ်လုပ်လျက်ရှိသည်။ ဇီဝလက်နက်များမှာ လူ ၊ တိရစ္ဆာန်နှင့် အပင်များကို ရောဂါပိုးမွှားများဖြင့် ရောဂါဖြစ်ပွားအောင် ပြုလုပ်နိုင်သော လက်နက်များ ဖြစ်သည်။ ဇီဝလက်နက်များကြောင့် ဖြစ်ပွားနိုင်သော ရောဂါများမှာ သုံးမျိုးသုံးစား ရှိသည်။ ယင်းတို့မှာ ဘက်တီးရီးယားပိုးမွှားများကြောင့် ပလိပ်ရောဂါ တိုက်ဖပ်စ် အဖျားရောဂါနှင့် ဝမ်းကိုက်ရောဂါများ ဖြစ်ပွားစေသည်။ ဗိုင်းရပ်စ်ပိုးများကြောင့် ဖြစ်ပွားသော အသားဝါဖျားရောဂါ၊ ကျောက်ရောဂါ၊ ဦးနှောက်ရောင် ရောဂါများနှင့် အရိုးပျော့ နာတာရှည်ရောဂါကြောင့် တိုက်ဖပ်စ် အဖျားရောဂါများ ဖြစ်ပွားစေသည်။ ဇီဝလက်နက်အမျိုးအစားများမှာ ရောဂါဖြစ်ပွားစေသော ဇီဝလက်နက်နှင့် အဆိပ်သင့်စေသော ဇီဝလက်နက်ဟူ၍ နှစ်မျိုး နှစ်စား ရှိသည်။ အဆိပ်သင့်စေသော ဇီဝလက်နက်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဓါတုလက်နက်အဖြစ် သတ်မှတ်ထားသည်။
ဓါတုလက်နက်များသည် အဏုမြူလက်နက်များကဲ့သို့ပင်  အဖျက်စွမ်းအားကြီးမားသော လက်နက်များ ဖြစ်သည်။ ဓါတုလက်နက်ဟူသည် တစ်နည်းအားဖြင့် အဆိပ်ဓါတ်ငွေ့ အမျိုးမျိုးပင် ဖြစ်သည်။ ဓါတုလက်နက်များကို လူ့ခန္ဓာကိုယ်၏ ထိခိုက်ခံစားရမှုအပေါ် မူတည်၍ အမျိုးအစား ခွဲခြားထားသည်။ ယင်းတို့မှာ မူးဝေစေတတ်သော ဓါတ်ငွေ့၊ အော့အန်စေတတ်သော ဓါတ်ငွေ့၊ မွန်းကြပ်စေတတ်သော ဓါတ်ငွေ့၊ အရေပြားကို မီးလောင်စုများကဲ့သို့ လောင်ကျွမ်းစေတတ်သော ဓါတ်ငွေ့၊ သွေးကို ထိခိုက်စေတတ်သော ဓါတ်ငွေ့နှင့် စိတ်ဂယက်ဂယက်ဖြစ်စေတတ်သော ဓါတ်ငွေ့တို့ ဖြစ်သည်။ အမေရိကန်ပြည်ထောင်စုတွင် အဏုမြူ ဇီဝဓါတုလက်နက်ကာကွယ်ရေး အထူးတပ်ဖွဲ့များ၏ အင်အားမှာ စစ်သည် ၄ဝဝဝ မှ ၅ဝဝဝ အထိ ရှိသည်။ ထိုတပ်ဖွဲ့တွင် “ဒီအက်စ်တူး” (DS – 2) ခေါ် ဓါတုပိုးမွှား ကင်းစင်ရေး ဓါတ်ပေါင်းကို အသုံးပြုထားသည် ။ ထိုဓါတ်ပေါင်း၏ အားသာချက်မှာ ဇီဝဓါတုလက်နက် အုပ်စုအားလုံး၏  အာနိသင်ကို ချေဖျက်နိုင်သော စွမ်းအားရှိသည်။ သို့ရာတွင် စနစ်တကျ လေ့ကျင့်ထားသော အဏုမြူဇီဝ ဓါတုလက်နက် ကာကွယ်ရေးတပ် အင်အားမှာ ဆိုဗီယက်ပြည်ထောင်စု ထက် လျော့နည်းလျက်ရှိသည်ဟု ဆိုသည်။ ထို့ကြောင့် အမေရိကန် ပြည်ထောင်စုသည် ၁၉၈၇ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း ဓါတုစစ် တားဆီးရေးနှင့် ဇီဝစစ် ကာကွယ်ရေး စီမံချက်အတွက် ဘတ်ဂျက် ခွင့်ပြုငွေ၏ ၇၉ ရာခိုင်နှုန်းကို အသုံးပြုမည်ဟု ဆိုသည်။
● အနာဂတ်အခြေအနေ
ကမ္ဘာစစ်ကြီးနှစ်ခုပြီးချိန်မှစ၍ မျက်မှောက်ကာလအထိ စစ်ရေးအရ တိုက်ခိုက်မှု အကြိမ်ပေါင်း ၁၇ဝ ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း သန်း ၃၅ ကျော် အသက်ဆုးံရှုံးခဲ့ရာ ဒုတိယကမ္ဘာစစ်ကြောင့် သေဆုံးခဲ့ရသော စစ်သားဦးရေ ၁၇ သန်း ထက်ပင် ပိုမိုများပြားနေသည်။ ထို့ပြင် ကမ္ဘာ့စစ်အသုံးစရိတ်သည် တစ်ဖြည်းဖြည်း ကြောက်ခမန်းလိလိ တိုးတက်နေစဉ်မှာပင် ကမ္ဘာ့လူဦးရေးသန်း ၇ဝဝဝ ကျော်ရှိအနက် သန်း၈ဝဝသည် အလွန်အမင်း အာဟာရချို့တဲ့မှုကို ကြုံတွေ့နေရသည်။ သက္ကရာဇ် ၂ဝ၁၂ ခုနှစ်တွင် အာဟာရချို့တဲ့သူ သန်းပေါင်း ၇ဝဝ မှ ၇၈ဝ အထိ တိုးတက်ဖွယ်ရှိသည်ဟု ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ခန့်မှန်းထားသည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် ဆောင်ရွက်လျက်ရှိသော ဆေးဝါးသုတေသန လုပ်ငန်းများအတွက် ကုန်ကျစရိတ်များမှာ စစ်ရေးသုတေသန လုပ်ငန်းများအတွက် ကုန်ကျငွေ၏ ငါးပုံတစ်ပုံခန့်မျှသာ ရှိသည်။ ကမ္ဘာ့တစ်ဝန်းလုံးတွင် ငှက်ဖျားရောဂါ တိုက်ဖျက်ရေးအတွက် ဒေါ်လာသန်းပေါင်း (၅၅ဝ) ခန့် ကုန်ကျမည်ဖြစ်ရာ လုံလောက်သော ရန်ပုံငွေမရှိသဖြင့်  ကမ္ဘာ့ကျန်းမာရေးအဖွဲ့ဖြင့် လုပ်ငန်းဆောင်ရွက်ရန် အခက်အခဲနှင့် တွေ့ကြုံနေရသည်။ ယင်းငွေကြေးပမာဏသည် တစ်နေ့တာအတွက် ကုန်ကျသော ကမ္ဘာ့ စစ်အသုံးစရိတ် ထက်ဝက်မျှသာ ရှိသည်။
ကုလသမဂ္ဂအဖွဲ့ မှ ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ ခေတ်မီ ဂျက်လေယာဉ်တစ်စီး တည်ဆောက်မှုအတွက် ကုန်ကျငွေ ဒေါ်လာ သန်း ၂၅ ဖြင့် ကျေးရွာဆေးပေးခန်းပေါင်း (၄ဝဝဝဝ) တည်ဆောက်ဖွင့်လှစ်နိုင်သည်။ ခေတ်မီစစ်သင်္ဘောတစ်စီး တည်ဆောက်မှုအတွက် ကုန်ကျငွေ ဒေါ်လာ သန်း ၁၅ဝ ဖြင့် ကမ္ဘာ့မြို့ကြီး ၁၃ မြို့ (သို့မဟုတ်) လူဦးရေ ကိုးသန်း နေထိုင်သော ကျေးလက်ဒေသများသို့ လျှပ်စစ်ဓါတ်အား ပေးနိုင်သည်။ နှစ်ရက်တာအတွက် ကုန်ကျသော ကမ္ဘာ့စစ်အသုံးစရိတ်သည် ကမ္ဘာ့ကုလသမ္မဂအဖွဲ့ကြီး၏ တစ်နှစ်တာ အသုံးစရိတ်နှင့် ညီမျှသည်ဟု ဆိုသည် ထို့ပြင် ဤကဲ့သို့ ကြောက်ခမန်းလိလိ စစ်စရိတ်များ တိုးမြှင့်သုံးစွဲနေသော်လည်း ကမ္ဘာ့ကုလသမ္မဂအဖွဲ့သို့ ပေးသွင်းရန် ရှိသော်လည်း ပေးသွင်းခြင်းမပြုသေးသည့် ရန်ပုံငွေ ဒေါ်လာသန်း (၁ဝဝဝ) နီးပါးခန့် ရရန်ရှိကြောင်းဖြင့် ကုလသမဂ္ဂ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ၂ဝ၁၂ ခုနှစ် ဇန်န၀ါရီလ (၃ဝ) ရက်နေ့က ပြောကြားသည်။
ယင်းက ဆက်လက်ပြောကြားရာတွင် ၂ဝ၁၂ ခုနှစ်တွင် ယခုအချိန်ထိ ကုလသမ္မဂအဖွဲ့ကြီးသို့ ထည့်ဝင်ငွေ ဒေါ်လာ ၁၈ဝ ဒသမ ၉ သန်းသာ ထည့်ဝင်သေးကြောင်းနှင့် ကျန်ရန်ပုံငွေ များကိုမူ တောင်းခံနေရဆဲ ရှိကြောင်းဖြင့် ပြောကြားသည်။ ၂ဝ၁၁ ခုနှစ် ဘတ်ဂျက်အတွက် ပေးသွင်းခြင်းမရှိသေးသည့် ရန်ပုံငွေများနှင့် ယခင်နှစ်များအတွက် ပေးသွင်းခြင်းမပြုသေးသော ရန်ပုံငွေ ဒေါ်လာ ၄၄ဝ ဒသမ ၉ သန်းနီးပါး အပါအဝင် ပေးသွင်းခြင်းမပြုသည့် ရန်ပုံငွေ စုစုပေါင်းသည် ဒေါ်လာသန်း (၁ဝဝဝ) နီးပါးရှိသည်ဟု ဆိုသည်။ ယခုအခါ ကုလသမ္မဂအဖွဲ့ဝင် (၁၉၃) နိုင်ငံ ရှိသည့်အနက် (၁ဝဝ) နိုင်ငံကသာ ၂ဝ၁၁ ခုနှစ်အတွက် ရန်ပုံငွေများသာ ပေးသွင်းထားပြီး ကျန်နိုင်ငံများက ယခုအချိန်ထိ မပေးသွင်းကြသေးကြောင်း သိရှိရသည်။
အမေရိကန်အစိုးရ အရာရှိဟောင်း တစ်ဦးဖြစ်သူ ရုသ်လီဂါဆီဗက် စုဆောင်းပြုစုသည့် နှစ်ချုပ် အစီရင်ခံစာတွင် ၂ဝ၁၁ ခုနှစ်အတွင်း စစ်အသုံးစရိတ်သည် ၂ဝဝဝ ပြည့်နှစ်ကထက် ဒေါ်လာသန်း ၂၅ဝ ပိုမိုများပြား လာခဲ့သော်လည်း ဤသို့ စစ်အသုံးစရိတ် တိုးတက်လာသည့် နှစ်တွင်ပင် အမေရိကန်နှင့် ရုရှားတို့သည် သမိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် မိုင် (၃ဝဝ) မှ မိုင် (၃ဝဝဝ) အကွာအထိ ပစ်ပွင်းနိုင်သော တာလတ်ပစ် နျူကလီးယားဒုံးပျံ အမျိုးအစား တစ်ခုလုံးကို ဖျက်သိမ်းပစ်ရန် သဘောတူခဲ့ကြကြောင်း၊ ၁၉၉ဝ ပြည့်လွန်နှစ်အတွင်း သမိုင်းတွင် တစ်ကြိမ်မျှ မကြုံဖူးလောက်အောင် စစ်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သို့ရာတွင် ငြိမ်းချမ်းရေးအတွက် တိုးတက်မှုများလည်း အများအပြားရှိခဲ့ကြောင်း၊သို့သော်အရှေ့အလယ်ပိုင်းအရေး၊အီရန်နျူလက်နက်စမ်းသပ်မှု၊ မြောက်ကိုရီး ယားဒုံးကျည်ပစ်လွှတ်စမ်းသပ်မှု၊အယ်ကေဒါအကြမ်းသမားများအန္တရာယ်၊အာဖဂန်နစ္စတန်ရှိ တာလီဘန် အရေး၊ဆီးရီးယားအရေးကိစ္စတို့ အရးသည်ပြေလည်မှု မရရှိသေးကြောင်း စသည်ဖြင့် ထောက်ပြထားသည်။

ပသို့ဆိုစေ မျက်မှောက်ကာလတွင် နှစ်စဉ် အသုံးစရိတ် များပြားစွာသုံးစွဲနေမည့်အစား ကမ္ဘာ့စစ်အသုံးစရိတ်၏ ငါးပုံနှစ်ပုံကိုမျှပင် ကမ္ဘာ့ပြည် သူများ၏ အကျိုးပြုလုပ်ငန်းများတွင် သုံးစွဲပါက သက္ကရာဇ် ၂ဝ၂ဝ ပြည့်နှစ်တွင် ကမ္ဘာပေါ်တွင် ကျရောက်လျက်ရှိသော ငတ်မွတ်ခေါင်းပါး မှုများရောဂါဘယ ဖြစ်ပွားမှုများ၊ စာမတတ်မှု၊ အလုပ်လက်မဲ့ ထူပြောမှု အစရှိသော လူမှုဒုက္ခအပေါင်းနှင့် စီးပွားချွတ်ချုံကျမှုများ ချုပ်ငြိမ်းပျောက်ကွယ်၍ ကမ္ဘာကြီး သာယာစိုပြည် ဝပြောလာမည်မှာ မလွဲဧကန်ပင်တည်း။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်