Ni July – Bad Influence

September 20, 2013

ဆိုးမွေ
 နီဇူလိုင် ၊ စက်တင်ဘာ ၂၁၊ ၂၀၁၃
(သူ့ဖေ့စ်ဘွတ်က ယူပါတယ်)

“ဟေး… အမေကြီး သိန်း လာပြီ ဟေ့´´

ကျမတို့ ညီအမ တတွေ ၀မ်းသာ အားရ ထအော် ကြရင်း၊ အမေကြီးသိန်း လက်ထဲမှ ခြင်းတောင်း လေးကို ဆွဲသူ ဆွဲ။ အမေကြီးသိန်း ထမီစကို ဆွဲပြီး နံဘေးကနေ ခုံဆွ ခုံဆွ လိုက်သူက လိုက်နှင့် တပျော်တပါး ဆီးကြို ကြ စမြဲ။ အမေကြီးသိန်း ဆိုတာ ကျမတို့ ဘဘကြီးရဲ့ အမကြီးပါ။ ကျမတို့ မြို့လေးနဲ့ မလှမ်းမကမ်း ရွာ ကလေးမှာ နေ ပါတယ်။ တခါတခါ သူ့ မောင်လေး ရှိတဲ့ ကျမတို့ အိမ်ကို ခြံထွက် သီးနှံတွေ ပေးရင်း အလည် လာလေ့ ရှိ ပါတယ်။

ကျမတို့ ညီအမ တွေ သူလာရင် ပျော်ရ တာ က-ငါးရာ့ ငါးဆယ် နိပါတ် တော်လာ ပုံပြင် တွေက အစ ကြားရခဲတဲ့ ကျေးလက် ပုံပြင်တွေ အဆုံး .. ပုံပြင် မျိုးစုံကို ဟန်ပန် အသံနေ အသံထားနဲ့ ပြောတတ် လွန်းလို့ပါ။ အမေကြီး — ပုံပြောပြပါ—ဆိုပြီး သူ့အနား မှာ ကျမတို့ ၀ိုင်းနေရင် သဘောတွေ ကျပြီး တမျိုးပြီး တမျိုး ပြောလို့ မဆုံး။ ကလေးတွေ တရုံးရုံး နဲ့ ပျော်မဆုံး။

++ ++ ++

တနေ့
“အမေကြီးသိန်း ကို အချုပ်ထဲမှာ ဖမ်းချုပ် ထားတယ်´´ဆိုတဲ့ သတင်း တခုက ကျမတို့ ညီအမတွေ ကို အကြီးအကျယ် စိတ်ထိခိုက် တုန်လှုပ် စေ ခဲ့ ပါတယ်။
“ဟင်— အမေကြီးသိန်း ကို ဘာလို့ ဖမ်းချုပ် ကြ တာ လဲ´´
“အမေကြီးသိန်း က လူဆိုးမှ မဟုတ်တာ…´´
“အမေကြီးသိန်း က ဘယ်သူ့ကို ဒုက္ခ ပေးဖူး လို့လဲ… ´´
ကျမတို့ ကလေးတွေ ရဲ့  နုနယ် လှတဲ့ အသိဥာဏ်၊ နှလုံးသား လေးတွေ ထဲမှာ မခံရပ် နိုင်အောင် နာကျင် ရပါတယ်။

အပြစ် မရှိတဲ့ လူ တယောက်ကို ဘာလို့များ ဖမ်းချုပ် ထားရ တာပါလိမ့် လို့ တွေးရင်း အမေ ကြီးသိန်း အတွက် စိတ်မကောင်း ကြ။ အိမ်က လူကြီးတွေ ကတော့ အမေကြီးသိန်း အတွက် ထမင်းပို့ဖို့ စီစဉ်ကြ။ အမေကြီးသိန်း မြန်မြန် ပြန်လွတ် လာဖို့ ကြိုးစား ကြနဲ့ အလုပ်တွေ ရှုတ်လို့။
“အပြစ်မရှိတဲ့ လူတယောက် အတွက် ထောင် ဆိုတာ (၁) နာရီ မပြောနဲ့ (၁)စက္ကန့် တောင် နေ ဖို့ မသင့်တော် ဘူးလေ။´´

++ ++ ++

“ဟေး— အမေကြီးသိန်း ပြန်လွတ် လာပြီ ဟေ့´´
(၁၄) ရက် အကြာမှာ အမေကြီးသိန်း ပြန်လွတ် လာပါတယ်။ သူ့ ထုံးစံ အတိုင်း မျက်နှာ ကလေးက ပြုံးချို နေပေမဲ့ ပိန်သွား လိုက်တာ။ ကျမတို့ ညီအမတွေ သူ့အနားမှာ ၀ိုင်းပြီး မေးခွန်းတွေ တသီကြီး မေး ကြတာပေါ့။

ခဏ နေတော့မှ သူ့“နရသိန်ပုံပြင်´´ကို ထုံးစံ အတိုင်း ပြောပြ ပါတယ်။မဲမှောင် နံစော် နေတဲ့ အမျိုးသမီး အချုပ်ခန်း လေးဟာ အလျား ၁၅ ပေ အနံ ၃ပေ လောက်ဘဲ ရှိတဲ့ အခန်းလေး တဲ့။ သစ်သား ပြားကြီး တွေနဲ့ ကာထားပြီး တဖက်မှာ အိမ်သာ ဇလားကြီး ရှိတဲ့ အချုပ်ခန်းကျယ် တခုရှိပြီး အမျိုး သား အချုပ်သားတွေကို ထားကြောင်း။ အိမ်သာတွေ ဘာတွေ တက်ချင်ရင် အဲဒီ ဇလားကြီး ပေါ်ဘဲ ယောက်ျား မိန်းမ ရောနှောပြီး သွားရကြောင်း ပြောရင်း သူ့ ထုံးစံအတိုင်း အရွှန်း ဖောက်ပါတယ်။ သူတို့ကို ထားတာ ရဲအချုပ်ရဲ့  အပေါ်ထပ် ဖြစ်လေတော့ အောက်ထပ်မှာ ရုံးခန်းတွေ ရှိပြီး ရဲအရာရှိ တွေ နေပါတယ်။
“အမေကြီးကို မတရား ဖမ်းထားတဲ့ ကောင်တွေ အပေါ် ရှုးတွေ အီးတွေ အားရှိ ပါးရှိ ပါပစ် ခဲ့တာပေါ့´´လို့ ဟာသ နှောတော့ ကျမတို့တွေ ရီရင်း မော ခဲ့ရ ပါသေး တယ်။

နောက်ရက်မှာ မြို့ကလေးရဲ့ အစွန်မှာ ရှိတဲ့ အကျဉ်းထောင်ကို ပို့လိုက်တော့ သူတို့ကို သစ်သား တထပ်ဆောင် လေးထဲမှာ တခြား ရာဇ၀တ်သား အမျိုးသမီး တွေနဲ့ အတူ ဂန်ဇီ သောက်ရင်း ထောင်ထမင်း နီနီတွေ စားရတဲ့ အကြောင်းတွေ ၊ကြားရတော့ ကျမတို့ အားလုံး ဘယ်လိုမှ လက်မခံ နိုင်ပါ။

အမေကြီးသိန်းလို လူကောင်း တယောက်ကို ဘယ်လို အတွေး အခေါ်မျိုးနဲ့ လူတွေက ဒီလို အချုပ်ထောင်ထဲ ပို့ထား နိုင်တာလဲ။ ၅နှစ်အရွယ် ညီမ အငယ်ဆုံးလေး က –
“တို့ အမေကြီးသိန်းကို လူဆိုးလဲ မဟုတ်ဘဲနဲ့ ဘာလို့ ဖမ်းကြတာလဲ´´ လို့ စိတ်ဆိုး မာန်ဆိုး ထအော် ငိုတော့၊ အမေကြီးသိန်းက ခပ်ငေးငေး မျက်နှာလေးနဲ့ –
“တာဝန်ကျေ စပါး မရောင်းလို့ တဲ့လေ´´
သူ့မှာ လယ် ရှိပေမဲ့သားသမီး မရှိတဲ့ မုဆိုးမကြီး ဆိုတော့ လယ်မလုပ်နိုင် ရှာတာနဲ့ တူတယောက် ကို လယ် လုပ်ခိုင်းပြီး အဲဒီက ရတဲ့ လယ်ထောက်ခလေးနဲ့ စား နေ ရတာပါ။ ကံဆိုးတဲ့ အဲဒီနှစ်မှာ မိုးခေါင်တော့ လယ်တွေ ပျက်ပြီး ရနေကျ လယ်ထောက်ခလေးတောင် မရရှာတုံး၊ တာဝန်ကျေ စပါး မရောင်းတဲ့ လယ်သမား တွေကို
မြို့ အာဏာပိုင် တွေက ဖမ်းချုပ်တော့ လယ်ပိုင်ရှင်နံမယ်ပေါက် တဲ့ သူ့ခမျာ အသက် ရ၀ကျော် အရွယ်ကျမှ အဖမ်းအချုပ် ခံရတော့ တာပါဘဲ။

++ ++ ++ ++

၂၀၀၇ အောက်တိုဘာ (၁၆)ရက် ည သန်းခေါင်ကျော် မှာတော့–
ကျမ ကိုယ်တိုင် လွန်ခဲ့တဲ့ နှစ် (၃၀) လောက်က အမေကြီးသိန်း ရောက်ခဲ့တဲ့ နေရာလေး ကို မမျှော်လင့်ဘဲ ရောက်ခဲ့ရ ပြန်ပါတယ်။ သံဃာတော် တွေရဲ့.. မေတ္တာပို့..ဆန္ဒပြ ပွဲ ဂယက်လှိုင်း တွေ ကြားထဲမှာ..ဆန္ဒတွေပြည့်လျှံ ကြ ရင်း.. မဲမှောင် ကျဉ်းမြောင်း ညစ်ပတ် နံစော် နေတဲ့ အခန်းကျဉ်း လေးထဲမှာ တညလုံး ငုတ်တုတ် ထိုင်ပြီး.. အမေကြီးသိန်း ကို သတိရ နေမိတယ်..။ ကပ်ရက် အခန်းက ခင်ပွန်း ဖြစ်သူကို-

“ဟေ့— တို့တွေ တိရစ္ဆာန်ရုံ ထဲက ကျားကြီးတွေ နဲ့ တူနေပြီ” — လို့ လှမ်း နောက်ရင်း အိမ်မှာ ကျန် ခဲ့တဲ့ သားနဲ့ ဖေဖေ့ကို မေ့ ချင်ယောင်ဆောင် ထားပါတယ်။

မနက်လင်းတော့ ကျမတို ခြေရင်းမှာ အိပ်နေတဲ့ တာဝန်ကျ ရဲလေးတွေ နိုး လာကြပြီ။ ဒီအထဲမှာ ကျမ တပည့်လေး တယောက် ပါနေ တာကိုး။ မေတ္တာသုတ် ရွတ်နေတဲ့ ကျမ အသံ ကြားတော့ လာ ကြည့်ပြီး

“ဟင်– ဆရာမ— ဘာလို့ ဒီအထဲ ရောက် နေတာ လဲ´´ တဲ့။

သူ တကယ်ဘဲ မသိ တာလား။
ကျမ ပြုံးရင်း လက်ပြပြီး “ကိုယ် လုပ်စရာ ရှိတာ ဆက်လုပ်ပါ´´ လို့ ဘဲ ပြောလိုက်မိပါတယ်။ မျက်ရည်ဝဲ နေတဲ့ သူ့ မျက်လုံး တွေကို သစ်သားတိုင် ကြီး တွေ ကြားက ကျမ မြင် မိအောင် မြင် လိုက်ရတော့… အင်း— တို့ ငယ်ငယ် တုံးက အမေကြီး အတွက် ခံစား ရသလို နေမှာလို့ … တွေး မိပါတယ်။

နောက်တနေ့ နေ့လည် ၂နာရီ လောက် မှာတော့ တရားရုံး က နေ ကျမ တို့ကို ပုဒ်မ (၅၀၅-ခ) ရယ်၊ (၁၅၃) ရယ် နဲ့ တရား စွဲဆိုပြီး ရမာန်ကြီး ၁ပါတ် ထပ်ချိန်းပြီး မြို့စွန်မှာ ရှိတဲ့ ထောင်ထဲကို ပို့ လိုက် ပါတယ်။

ထောင်ဗူးဝ ကနေ ခေါင်းငုံ့ ၀င် ရပေမဲ့ ကျမတို့ စိတ်တွေ ကတော့ ငုံ့လျှိုး မနေခဲ့ပါ။ ကျမကို အမျိုးသမီး ထောင်ဆီ ခေါ်သွားစဉ်မှာ- ကျမ ခင်ပွန်းကို တိုက်ထဲ ပို့ ဆိုတဲ့ အသံကို ကြား လိုက် ရပြီး ဂျိုင်း-ကနဲ တံခါး ပိတ်သံကြီးကို ကြား လိုက်ရ ပါတယ်။ ပိတ်ချင် သလောက် ပိတ် ..အလုံ ပိတ်ထားတဲ့ ထောင်နံရံ တွေ ပေါ်မှာ
လွတ်လပ်တဲ့ ကောင်းကင်ပြာ ရှိတယ်။ ။

++ +++ ++++ ++

အမျိုးသမီးထောင် သစ်သား တထပ်ဆောင် မဲမဲ လေးထဲမှာ အကျဉ်းကျ အမျိုးသမီး (၂ဂ) ယောက်ဟာ ပုံသဏ္ဍန် အမျိုးမျိုးနဲ့ ကျမကို ၀ိုင်း ကြည့်နေ ပါတယ်။ ဆရာမ အကျင့် ပါနေတဲ့ ကျမက “မင်္ဂလာပါ´´လို့ နှုတ်ဆက် လိုက်ပြီးမှ “တွေ့ရတဲ့ နေရာ ကတော့ သိပ် မင်္ဂလာ မရှိ ဘူးနော်´´ဆိုတော့ သူတို့က ရီကြ ပါတယ်။ သူတို့နဲ့ မိတ်ဖွဲ့ မေး ကြည့်တော့ ချဲမှု၊ လိမ်လည်မှု၊ ခိုးမှု၊ မှောင်ရိပ်ခိုမှု စုံလို့ ပါဘဲ။ ကျမနဲ့ ရှေးဆင့် နောက်ဆင့် ရောက် လာတဲ့`စပယ်´ ဆိုတဲ့ ၁၅ နှစ် အရွယ် ကလေးမ လေးကတော့ မှောင် ရိပ်ခိုမှု နဲ့ မကြာ မကြာ ရောက်လာ တတ်တဲ့ `ညငှက်မလေး´ ဆိုဘဲ။ သူက တခါလာ ရင် နံမည် တမျိုးတဲ့။ တခါ တလေ
`ထက်ထက်´ ဖြစ်လိုက်။ တခါတလေ `နှင်းဆီ´ ဖြစ် လိုက် ဆိုဘဲ။

သူတို့ အားလုံးက ကျမကို ၀ိုင်း မေးကြတယ်။

`ဘာမှု နဲ့ ကျတာ လဲ´တဲ့။

နိုင်ငံရေး မူ လို့ပဲ..အလွယ်တကူ ပြုံးပြီး အဖြေ ပေးလိုက်ရင်း.. ကွယ်လွန် သွားပြီ ဖြစ်တဲ့ အမေကြီးသိန်း ကို ဖျတ်ကနဲ မြင်ယောင် မိ ပါတယ်။ အခုတော့.. ကျမ လည်း.. အမေကြီး သိန်းလို.. ဘယ်သူ့ ကိုမှ.. နစ်နာ အောင် မလုပ်မိ ပဲနဲ့.. မသမာ ခြင်း လည်း အစွန်း မထင် ခဲ့ပါပဲ.. နိုင်ငံတော် မကြိုက်တာ လုပ်မိတဲ့.. အကျဉ်းသား ဖြစ်ခဲ့ ပေါ့။

တကယ်တော့ ကျမတို့ မြေးအဖွား ဟာ စနစ်ရဲ့  သားကောင်တွေ အဖြစ်နဲ့ ဒီ ထောင်ထဲ ကို ရောက် လာ ကြသူ တွေ ပါလား။
စနစ်ဆိုးရဲ့  ဆိုးမွေတွေ ကို မတန် တဆ ခံစား နေရသူတွေ ကျမတို့ နိုင်ငံထဲမှာ အများကြီး ပါလား။ ဘယ်တော့များ ဒီ ဆိုးမွေတွေ ကို ဖယ်ရှား နိုင်ပါ့ မလဲ နော်။ ။

(Photo – MoeMaKa, Monks Protest in Rangoon, 25th September, 2007)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Ni July, ခေတ်ပြိုင်အတွေ့အကြုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်