Po Htet – Leave your ego behind when meeting Suu Kyi

September 16, 2013

အိမ်မှာ ထားခဲ့ရမယ့် ကျွန်တော့် မျောက်

ဖိုးထက်၊ စက်တင်ဘာ ၁၆၊ ၂၀၁၃

            “လူ့အလိုကို နတ်မလိုက်နိုင်”၊ “လူ့စိတ်သည် မျောက်စိတ်” စတဲ့ မြန်မာ့စကားပုံတွေက လူတွေ၏ စိတ်များတတ်ပုံကို အတိုဆုံး၊ အရှင်းဆုံး ပြဆိုနိုင်သော စကားတွေ ဖြစ်မယ်။ ဒီစကားပုံတွေက လူဆိုတဲ့ သတ္တ၀ါတွေ အကုန်လုံးအတွက် အကြုံးဝင်ပေမယ့် လူတစ်ဦးချင်း တစ်ယောက်ချင်း စီကိုဘဲ ရည်ရွယ်တာပါ။ အခု အဘွားကြီး စင်္ကာပူကို လာမယ့်ကိစ္စအတွက် ကွဲသံတွေ၊ အလိုမကျသံတွေ၊ တောက်ခေါက်သံတွေနဲ့ ဒေါမနဿအသံတွေကြားရတော့ အဲဒီစကားပုံတွေကို သတိရလာတယ်လေ။

ကျွန်တော် စလုံးရောက်တာ မကြာသေးတော့ “အဖွားကြီး” ပွဲကို ဦးဆောင်ကျင်းပမယ့် အဖွဲ့အစည်းကြီးကို မသိပါဘူး။ ပြီးတော့ စလုံးမှာက ဘာအဖွဲ့၊ ညာအဖွဲ့၊ ဘာဖောင်ဒေးရှင်း၊ ညာဖောင်ဒေးရှင်း၊ ဘာမေတ္တာရှင်၊ ညာမေတ္တာရှင် စတဲ့ အဖွဲ့အစည်းတွေကလဲ များသားလား။ ထပ်ပြီးတော့ မွန်တိုင်းရင်းသားများ၊ ကချင်တိုင်းရင်းသားများ၊ မိုးကုတ်အဖွဲ့၊ UCSM အဖွဲ့ (မန္တလေးကွန်ပြူတာ တက္ကသိုလ်အဖွဲ့ဖြစ်မယ်) စတဲ့ အဖွဲ့အစည်းလေးတွေလဲ ရှိသေးတာ။ ကိုယ့်အဖွဲ့နဲ့ ကိုယ် လူမှုရေး၊ လှူရေးတန်းရေး၊ သာရေး၊ နာရေးတွေမှာ အစွမ်းရှိသလောက် လှုပ်ရှားနေကြတာ စိတ်ချမ်းသာစရာပါဘဲ။

နောက်..ကျွန်တော် ကိုယ်တိုင်က အသင်းအဖွဲ့တွေကို ကြောက်တယ်။ လူတောမတိုးဘူးပေါ့။ လှူစရာတန်းစရာရှိလို့ ဘော်ဒါ ဘော်ဂျွတ်တွေက လှူပါအုံးလို့ ဆိုရင် ကိုယ်လဲ အဆင်ပြေနေရင် လှူပေးလိုက်တာပါဘဲ။ သို့ပေသိ တစ်ချို့အသင်းအဖွဲ့တွေရဲ့ ခံယူချက်ကို ကျွန်တော် မကြိုက်တာလဲ အမှန်ဘဲ။ ဒေါ်စုပုံပါတဲ့ တီရှပ်ဝတ်သွားတာနဲ့ ငါတို့အဖွဲ့က နိုင်ငံရေး လုပ်မယ့် အဖွဲ့မဟုတ်ဘူးဆိုပြီး ၀တ်လာတဲ့ သူကို ၀ိုင်းပြောပြီး ဖယ်ကျဉ်ထားလိုက်ကြတာ ကြားရတာ စိတ်ထဲ သဘောမတွေ့ဘူး။

အခု အဖွားကြီးလာမယ့်ပွဲကို ဦးဆောင်မယ့် မြန်မာကလပ် (စင်္ကာပူ) ဆိုတာ ရှိတယ်ဆိုတာ အခုမှ သိရတာ။ သူ့ဘာသာ ဘယ်သူက ဦးဆောင် ဦးဆောင် အားလုံး အဆင်ပြေပြေ ငြိမ်းငြိမ်းချမ်းချမ်းပြီးသွားရင် ပြီးတာဘဲလို့ စိတ်ထဲမှာလဲ မှတ်ပါတယ်။

စလုံး အစိုးရဆိုတာ စစ်အစိုးရနဲ့ ပါတ်သက်ရင် ဘယ်လို သဘောထားတယ်ဆိုတာ အားလုံး သိကြပါတယ်။ ပွဲစားနိုင်ငံပီပီ ပွဲစားစိတ်ထားတာ မအံ့သြပေမယ့် စစ်အစိုးရငြိုငြင်မှာ စိုးပြီး ရည်ရွယ်ချက်ရှိရှိ လုပ်ပစ်ခဲ့တဲ့ ကိစ္စတွေလဲ အများကြီးရှိခဲ့ပါတယ်။ နောက်..စင်္ကာပူဆိုတာ စစ်အစိုးရ အသိုင်းအ၀ိုင်းအတွက် တံခါးမရှိ၊ ဓားမရှိ ၀င်ထွက်သွားလာ၊ စီပွားရေး လုပ်နေကြတဲ့ နေရာ။ သူတို့ အသိုင်း အ၀ိုင်းက ၀ယ်ထားတဲ့ ကွန်ဒိုတွေ၊ တိုက်ခန်းတွေဆိုတာလဲ အများကြီးမှ အများကြီး။ ဒီအရာတွေကို စလုံး အစိုးရက ဘယ်တော့မှ ထုတ်ပြောမှာ မဟုတ်ပါဘူး။ အခု လက်ရှိ အရမ်းကို ထင်ပေါ်နေတဲ့ ပြည်သူလူထုမသိအောင် အပ်ထားသလား၊ ခိုးထားသလား မသိရတဲ့ ငွေကိစ္စကြီးမှာ စင်္ကာပူအစိုးရရဲ့ ခြေရာ၊ လက်ရာတွေလဲ ထွက်လာတယ်လေ။

အမေရိက၊ ဥရောပနိုင်ငံတွေ နဲ့ စလုံးကို အဖွားကြီး လာမှာ ဘယ်ဒင်းက ပိုပြီး စိုးရိမ်ရမလဲ။ အမေရိကနဲ့ ဥရောပနိုင်ငံတွေမှာ ပြန့်ကျဲရောက်နေတဲ့ လူတွေက အစိုးရနဲ့ အဆင်မပြေလို့ ရောက်နေကြတဲ့ သူတွေများမယ်။ အစိုးရကို နည်းနည်းမှမယုံရဘူးလို့ သိထားကြတဲ့ သုမဏကျောမှာ ဒဏ်ရာတွေနဲ့ လူတွေ။ ပြီးတော့ စလုံးမှာလောက် မြန်မာပရိတ်သတ် မများနိုင်ဘူး။ အဖွဲ့အစည်းနဲ့ အလုပ်လုပ်ကြတဲ့ နေရာမှာ အသံဗလံတွေ ကြားရတာ မထူးဆန်းတာ ကျွန်တော်တို့မြန်မာလူမျိုးမှာ ဘာထူးဆန်းလဲဆိုတာ သိကြမှာပါ။ သီးခံစိတ်နည်းတယ်၊ ထင်ပေါ်ချင်တယ်၊ လူတတ်ကြီး လုပ်ချင်တယ်၊ ငါလုပ်တာမှ အမှန်၊ ငါတွေးတာမှ အကောင်း၊ ငါ(တို့)က အဓိကလူ၊ သူတို့က သာမညလူ။ စသည်ဖြင့် ဖြစ်နေကြတာ စိတ်ဆင်းရဲစရာကောင်းပေမယ့် မထူးဆန်းဘူးလို့ စိတ်ထဲ မှတ်လိုက်တာ စိတ်ချမ်းသာတယ်လေ။

စလုံးမှာက မြန်မာလူမျိုး တစ်သိန်းလောက် ရှိတယ်လို့ ကြားဘူးတယ်။ အဲဒီတစ်သိန်းထဲမှာ စစ်အစိုးရရဲ့ အမျိုးအနွယ် ကျောင်းလာတက်နေသူတွေ၊ စီးပွားရေး လာလုပ်နေသူတွေရဲ့ ဦးရေကလဲ မနည်းဘူးဆိုတာ ကျွန်တော်တို့ သိကြတယ်။ ဒေါ်စုကို ဖက်ကိုက်ရ ကိုက်ရ အရမ်းကို မုန်းနေတဲ့ သူတွေလဲ ရှိတယ်။ ဒီလူတွေ လာမယ့်ပွဲမှာ ကဖျက်ကရက် မလုပ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ အထောက်အထားမရှိ၊ ဘာမရှိနဲ့ လာနားထောင်မယ့် ပရိတ်သတ်ထဲမှာ ပွဲကို ရုပ်ပျက်အောင် မလုပ်ဘူးလို့ ဘယ်သူပြောနိုင်မလဲ။ စိုးရိမ်ကြမယ်ဆိုရင်လဲ မရိုင်းပေဘူးပေါ့။

စလုံးအစိုးရက အဖွားကြီးရဲ့ပွဲကို တာဝန်မယူပါဘူး။ ၀န်ကြီးချုပ်ကိုယ်တိုင် လေယာဉ်ကွင်းမှာ လာကြိုမှာလို့ ဆိုပေမယ့် စိတ်ထဲပါလို့လား၊ နိုင်ငံတစ်ကာမှာ ခေါင်းဆောင်ကြီးတွေ ကိုယ်တိုင် ထွက်ပြီး တွေ့နေရတဲ့ အဖွားကြီးမို့ မကောင်းတတ်လို့လားဆိုတာလဲ မေးချင်စရာဘဲ။ အခု အဖွားကြီးပွဲလုပ်မယ့် ခန်းမကို ငှားတာမှာ စလုံးငွေ တစ်သိန်းပေးရတယ်လို့ သတင်းတွေ ထွက်လာတယ်။ မတန်တဆ ဈေးလို့ ပြောကြတယ်။ ငွေရေး ကြေးရေးကလဲ အရေးအရာထားရမယ့် ကိစ္စထဲမှာ ပါတယ်လို့ ကျွန်တော် ထင်တယ်။

အခု မြန်မာစင်္ကာပူကလပ်က လက်မှတ်ထုတ်ရောင်းတော့ ကျွန်တော်သွားဝယ်ဖြစ်တယ်။ သူတို့ သတ်မှတ်ထားတဲ့ လူဦးရေက ငါးထောင်တဲ့။ တစ်ထောင်က အခမ်းအနားကို ဦးဆောင်သူတွေ၊ လုပ်အားပေးတွေ အတွက်တဲ့။ ကျန်တဲ့ လေးထောင်ကို အပြင်ထုတ်ရောင်းမယ်။ သောကြာနေ့မှာ လက်မှတ် တစ်ထောင်ရောင်းတယ်။ စနေမှာ တစ်ထောင့်ငါးရာ။ တနင်္ဂနွေမှာ နောက် တစ်ထောင့်ငါးရာ။ လက်ရှိ လက်မှတ်အခြေအနေ ဘယ်လို ရှိ၊ မရှိ မသိပေမယ့် သောကြာနေ့မှာ ကျွန်တော် လက်မှတ်သွားတန်းတော့ နည်းတော့ လူအုပ်မှ မဟုတ်တာ။ ကံကောင်းလို့ လက်မှတ် တစ်ထောင် ကုန်ခါနီးမှာ ကျွန်တော် လက်မှတ်ရလိုက်တယ်။

လူတစ်ယောက်ကို လက်မှတ်နှစ်စောင် ရောင်းပေးတယ်။ အိုင်စီ နှစ်ခုပြရမယ်။ သောကြာနေ့ လက်မှတ်သွားဝယ်တော့ ဘော်ဒါကြီးတစ်ယောက်နဲ့ ကျွန်တော့်အတွက် သူ့အိုင်စီနဲ့ ကျွန်တော့် အိုင်စီပြပြီး ၀ယ်တာ အားလုံး အဆင်ပြေတယ်။ သူတို့ လက်မှတ်ထုတ်ရောင်းတာလေးလဲ အတော်ကြီး စနစ်ကျတယ်။ တန်းစီနေကတည်းက ဒီနေ့ထုတ်ရောင်းမယ့် လက်မှတ်အစောင်ရေ ဘယ်လောက်မှာ ကိုယ် ပါလား၊ မပါနိုင်ဘူးလား သိရပြီ။ ပြီးတော့ ကွန်ပြူတာ စနစ်နဲ့ ဆာဗာပေါ်မှာ တစ်ခါတည်း ဒေတာတွေ တင်တယ်။

နောက်ရက် ..စနေကျတော့ ညီလို ခင်ရတဲ့ ဘော်ဒါလေးကို မရ၊ အရ ခေါ်သွားချင်တာနဲ့ သူ့အိုင်စီကို တောင်းပြီး ကျွန်တော် လက်မှတ်သွားဝယ်ခဲ့တယ်။ နေ့လည် တစ်နာရီမှ စရောင်းမှာ။ ကျွန်တော် လက်မှတ်သွားတန်းစီတော့ ၁၀ နာရီ။ လူတန်းကြီးက တစ်မျှော်တစ်ခေါ်ရှိနေပြီ။ သူတို့က ဖြည့်ရမယ့် ပုံစံမှာ ဖြည့်ခိုင်းတော့ ကျွန်တော့်နံပါတ်က ၉၉။ စိတ်ရှည်လက်ရှည် စာဖတ်စောင့်ရင်း လက်မှတ်ရောင်းတဲ့ နေရာရောက်တော့ ပြဿနာ တက်ပါလေရော။ ကျွန်တော်ပေးလိုက်တဲ့ သူငယ်ချင်း အိုင်စီနဲ့ ကျွန်တော်က လူစား ၀ယ်လို့မရဘူးတဲ့။ “ဒီအိုင်စီက အစ်ကိုလား” ဆိုတော့ ကျွန်တော်က ရိုးရိုးသားသားဘဲ မဟုတ်ဘူးလို့ ဖြေလိုက်ရတယ်။ အဲဒီမှာ “ကျွန်မတို့က လူကိုယ်တိုင်ကိုဘဲ ရောင်းပေးပါတယ်” လို့ ပြောတော့တာ။

ကျွန်တော် စိတ်အညစ်ကြီး ညစ်သွားပါတယ်။ မနက်ကထဲက ဗိုက်ကို အပြည့်ဖြည့်၊ ရေအ၀သောက်၊ ကွမ်းလေး ဘာလေးတောင် ထွက်မစားနိုင်ဘဲ လူတန်းထဲမှာ တန်းစီထားတဲ့ ကျွန်တော့်ကို ကျွန်တော် အရမ်းအားနာသွားတယ်။ အရမ်းလဲ သနားသွားတယ်။ ပြီးတော့ ကျွန်တော်နားလည်ထားတာက လူတစ်ယောက် အိုင်စီ နှစ်ခုပြနိုင်ရင် ၀ယ်လို့ရမယ်လို့ သိထားတယ်။ လက်မှတ်ပေါ်မှာ အိုင်စီနံပါတ်တွေလဲ ချရေးထားသေးတာဆိုတာ့ လူစားလာဝယ်တဲ့ သူက မှောင်ခိုရောင်းဖို့ ဆိုတာလဲ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ ခန်းမအ၀င်မှာလဲ အိုင်စီနဲ့ လက်မှတ်နဲ့ တိုက်စစ်အုံးမှာဆိုတော့ လူစားဝယ်ခိုင်း၊ ပြီးမှ အခန့်သားသွားဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ သိထားတာ။ သူတို့ကတော့ လူစားဝယ်လို့ မရပါဘူးဆိုပြီး ကျွန်တော့်ကို Special Case ဆိုပြီး သူတို့အဖွဲ့က လူကြီးတစ်ယောက်နဲ့ ပေးတွေ့တယ်။

 ကျွန်တော် ရိုးရိုးသားသားဘဲ ရှင်းပြပါတယ်။  ယဉ်ယဉ်ကျေးကျေးဘဲ ရှင်းပြတယ်။ အဲဒီဦးလေးကြီးက “မောင်ရင် ရှင်းပြတာ အန်ကယ်လ်နားလည်ပါတယ်။ ဒါပေမယ့် မောင်ရင့်ကို ပေးလိုက်ရင် ကျန်တဲ့ သူတွေလဲ ပေးရတော့မှာပေါ့။” ဆိုတော့ မငြင်းသာဘူးပေါ့။ ကျွန်တော်ကလဲ အတော်အရေထူတဲ့ကောင်လား၊ ဗူးသီး နားမထွင်းကောင်လား မသိတတ်ပါဘူး။ ကျွန်တော့်အတွက်က လက်မှတ်ရပြီးသားဖြစ်ကြောင်းရှင်းပြပြီး သောကြာနေ့က ၀ယ်ထားတဲ့ လက်မှတ်ကို ထုတ်ပြရတာပေါ့။ အခုကတော့ ကျွန်တော့်ညီကို သွားစေချင်လွန်းလို့ ဆယ်နာရီကတည်းက စောင့်နေတာ ဖြစ်ကြောင်း။ ဘာညာဆိုပြီး ငိုပြတော့ အန်ကယ်လ်က သနားသွားတယ် ထင်ပါတယ်။

“အခု မောင်ရင်ဝယ်မယ့် လက်မှတ်က မောင်ရင့်ညီအတွက် သေချာပါတယ်နော်” ဆိုပြီး မေးတယ်။ နောက်ပြီး ..အခု FB ပေါ်မှာ လူတွေ ဘယ်လို ရေးနေကြကြောင်း။ သူတို့ အဖွဲ့ကို ဘယ်လို အမနာပ ပြောကြကြောင်း။ သူတို့ လုပ်အားပေးအဖွဲ့နဲ့ သူနဲ့ သူ့သားသမီးတွေတောင် လက်မှတ်မရသေးကြောင်း ရှည်ရှည်ဝေးဝေး ရှင်းပြပါတော့တယ်။

ကျွန်တော်ကလဲ “ဦးရယ် ကျွန်တော် မရိုးမသားလုပ်တာလဲ မဟုတ်ရပါဘူး။ အဲဒီပွဲနေ့မှာလဲ ကျွန်တော့်ညီလာမှာဘဲလေ။ သူ့လက်မှတ်က သူဘဲ ၀င်လို့ရမှာဘဲလေ။ ဖြစ်နိုင်ရင်တော့ စဉ်းစားပေးပါ” ဆိုပြီး ရှက်ကြောပျက်တဲ့ မျက်နှာနဲ့ ပေကတ်တောင်းပန်တော့ သနားသွားတာဘဲလား၊ နားဘဲ ညည်းသလား မသိ။ နောက်ဆုံးတော့ ၀ယ်ခွင့် ပြုလိုက်သည်လို့ လက်မှတ်ထိုးပေးရှာပါတယ်။

ဒီလို မသန့်မရှင်းငွေတွေနဲ့ စလုံးမှာ လာပြီး လူတွင်ကျယ်လုပ်နေတဲ့ လူတစ်ချို့ရှိတဲ့ နိုင်ငံမှာ လက်မှတ်ရောင်းတဲ့ နေရာမှာ ဒီလို ကြပ်ကြပ်တည်းတည်း လုပ်ထားတာ ကျွန်တော် သဘောကျပါတယ်။ ဖြစ်လဲ ဖြစ်သင့်တဲ့ ကိစ္စဘဲ မဟုတ်လား။ စနစ်ဇယားလဲ အတော်ကျတဲ့ လက်မှတ်ရောင်းနည်းလို့ ထင်ပါတယ်။ ဒီလောက် လူဦးရေ အများကြီးနဲ့ ဒီလိုမှ စနစ်ဇယားမကျရင်လဲ အသံတွေ ဟိုက၊ ဒီက ထွက်လာမှာဘဲ မို့လား။ အားလုံးကို ခြုံပြီး ပြောရရင် ဟာကွက် မရှိသလောက်အောင်ကိုဘဲ လက်မှတ်ရောင်းနိုင်တယ်လို့ဘဲ ကျွန်တော်က တော့ ထင်တယ်။

လက်မှတ်ရတော့ ညီဖြစ်သူကို “မင်း အဲဒီနေ့ မဖြစ်မနေလာနော်။ ဘာအကြောင်းပြချင်မှ မကြားချင်ဘူး” လို့ ဒီမိုကရေစီ ခေါင်းဆောင်ကို တွေ့ရဖို့ အာဏာရှင်စနစ် သုံးလိုက်ရပါတယ်။ ပြီးတော့ အမောပြေ လက်ဘက်ရည်သောက်ရင်း လက်မှတ်ကို ဖင်ပြန်၊ ခေါင်းပြန်ကြည့်ရင်း စည်းကမ်းချက်လေးတွေ လိုက်ဖတ်နေမိတယ်။ အစားအသောက်တွေ မစားဖို့၊ ကင်မရာကြီးတွေ မယူလာကြဖို့ ပြောထားတာ သွားတွေ့တယ်။ ကျွန်တော် စလုံးက စာပေဟောပြောပွဲတိုင်း လိုလို သွားဘူးတယ်။ တစ်တောင်လောက်ရှိတဲ့ ကင်မရာကြီးတွေနဲ့ မှောက်ရိုက်၊ လှန်ရိုက်၊ ဘေးစောင်းရိုက် လုပ်နေကြတာ နားထောင်ရသူ ကျွန်တော့်အတွက် အာရုံပျက်တယ်လေ။ တစ်ချို့ဆိုရင် ကွမ်းတွေဝါးရင်း၊ ကွမ်းသွေးတွေကို ကြွပ်ကြွပ်အိတ်ထဲ ထွေးထည့်ရင်း အရသာခံကြသေးတာ။ အိမ်သာ လက်ဆေးဇလုံထဲမှာ ကွမ်းသွေးတွေ ထွေးထည့်သွားကြသေးတာ။ တစ်ချို့က တယ်လီဖုန်းကို အသံတိတ်လုပ်မထားဘဲ ဟောပြောနေသူ တွန့်သွားအောင်တောင် ဘွန်ဂျိုဗွီသီချင်းတွေ၊ မက်တစ်လစ်ကာ သီချင်းတွေ နဲ့ လုပ်ထားတဲ့ Phone Ringtone အသံတွေ ထွက်ထွက်လာတတ်သေးတာ။

ဒီအတွေ့အကြုံတွေ ရှိထားလို့ သူတို့ရဲ့ စည်းကမ်းချက်တွေထဲမှာ အစားအသောက်မစားရ၊ ဓာတ်ပုံကင်မရာ ယူမလာရလို့ ထည့်ထားကြ ထင်ပါရဲ့။ မြန်မာလူမျိုးဟာ စည်းကမ်းနည်းတယ်လို့ဆိုကြတယ်။ ပြောတဲ့သူကို စိတ်ဆိုးချင်ပေမယ့် လုံးလုံးကြီးလဲ မငြင်းရဲတာတော့ အမှန်ဘဲ။ ခန်းမကြီးထဲမှာ အမှိုက်တွေပွစိထ၊ ကွမ်းသွေးအိတ်တွေ တစ်ထောကြီး ကျန်နေခဲ့မှာ သူတို့ စိုးရိမ်သလို ကျွန်တော် စိုးရိမ်ပါတယ်။

ဦးဆောင်သူတွေက အဆင်ပြေအောင် လုပ်ခဲ့ကြပြီးမှ “မြန်မာလူမျိုးတွေကို ခန်းမကြီးငှားလိုက်တာလေ၊ သူတို့ ခေါင်းဆောင်ပွဲမှာလေ ခန်းမထဲမှာ ကွမ်းသွေးအိတ်တွေ၊ အမှိုက်တွေ ပွစိထကျန်ခဲ့တာဘ” လို့ တော်ကီပဲကောင်းတဲ့ စလုံးတွေက တော်ကီပွားမှာ ကျွန်တော် စိုးရိမ်တယ်။ ဒီမိုကရေစီဆိုတာ အများဆန္ဒလေးစားခြင်း လို့ ပညာရှင်များက ဆိုကြတယ်။ အများဆိုတာ အနည်းမဟုတ်လို့ပေါ့။ အများထဲ သွားရင် အများလက်ခံထားတဲ့ စည်းကမ်းတွေကို လိုက်နာရမှာဘဲပေါ့။

ကျွန်တော့် ဆောင်းပါး အစမှာ “လူ့အလို နတ်မလိုက်နိုင်” လို့ ပြောခဲ့တယ်လေ။ အခုပွဲမှာလဲ ဘယ်လူမှ နတ်မဟုတ်တဲ့ အတွက် ကိုယ့်စိတ်တိုင်းကျကြီးတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူးပေါ့။ အဖုအထစ်လေးတွေတော့ သေချာပေါက်ရှိမှာပါဘဲ။ မာန်မာနလေးတွေကို ဟိုး..အောက်ဆုံးမှာ လျှော့ချထားတာ အကောင်းဆုံးနေမှာပါ။

သြော်..ကျွန်တော်က ကွမ်းကြိုက်တယ်ဗျ။ လာမယ့် အဖွားကြီးပွဲလုပ်မယ့်နေ့မှာ မနက်အစောကြီးထမယ်ဗျာ။ ကွမ်းသုံးယာလောက် တစ်ဝကြီး ထိုင်စားအုံးမယ်။ ပြီးမှ အဖွားကြီးရဲ့ ခြေလှမ်းတိုင်းကို  မြင်ရဖို့ အစောကြီးသွားမယ်။ တယ်လီဖုန်းကို ပိတ်ထားမယ်။ ကမ္ဘာကြီး မီးလောင်ချင် လောင်ပါ့စေ။ ကျွန်တော့်ကို ဘယ်အကြောင်းကိစ္စနဲ့မှ ဖုန်းမဆက်ကြဖို့ အမျိုးအရင်းကြီးတွေကို မှာထားရအုံးမယ်။ လူ့စိတ်က မျောက်စိတ် တဲ့။ ကျွန်တော့် မျောက်စိတ်ကို အိမ်မှာ ကြိုးချည်ထားခဲ့ပြီးမှ အားရ ပါးရ အဖွားကြီး ပွားမှာကို သွားနားထောင်လိုက်အုံးမဗျာ။

ဖိုးထက်

(Photo – Singapore, 2010, Burmese activists marking Suu’s birthday under house arrest)

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Op-Ed

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments