‘လမ်းခုလတ် ၂၀၁၃’ – Maung Yit

December 12, 2013

အယ်ဒီတာ့လက်ရေး – ၃၀

‘လမ်းခုလတ် ၂၀၁၃’
မောင်ရစ်၊ ဒီဇင်ဘာ ၁၃၊ ၂၀၁၃
‘ခရီးမတ်တပ် လမ်းခုလတ်တွင်
ကိုယ်လွတ် ရှောင်ခွာ ခွဲရပါ၍
အားနာခဲ့ကြောင်း ပြောပါလေ (မင်းသုဝဏ်၏ ကဗျာမှ)’
၂၀၁၃ ခုနှစ်ဆိုတာ ၈၈ အရေးတော်ပုံကြီးကနေ လူဖြစ်လာခဲ့သူတွေအတွက် ၂၅ နှစ်မြောက်တဲ့ ကာလပါပဲ။ အဲသည်အချိန်ကစလို့ မြန်မာပြည်ထဲမှာ မြန်မာပြည်ပြင်ပမှာ ထိခိုက် ဒဏ်ရာရသူတွေ၊ ကျဆုံး ပျေက်ကွယ်သွားကြသူတွေ၊ အဝေးရောက် လွင့်စင်သွားကြသူတွေ ပြီးတော့ အဲသည်ကာလကြီးထဲမှာ မဆုတ်မနစ်နဲ့ ကိုယ်ယုံကြည်ရာ၊ ကိုယ်မျော်လင့်ရာကို စွဲစွဲမြဲမြဲ ရင်ဆိုင်ဖြတ်သန်းကြတဲ့သူတွေ၊ အစုအဖွဲ့တွေလည်း အများကြီးပါပဲ။ တူရာ သန်ရာ လမ်းတွေမှာ လမ်းဖောက် လျောက်လမ်းကြသူတွေ ၊ အနီးမှာ အဝေးမှာ … အချိန်တွေ ကာလတွေဟာ ၂၅ နှစ်တာ တိုင်ခဲ့ပြီပေါ့။
၁၀ နှစ် ကျော်လောက် မြန်မာပြည်ရဲ့ အဝေးတနေရာမှာ စိတ်ကူးတူသူတွေ၊ ချစ်ခင်ညီညွတ်သူတွေနဲ့ မိုးမခမီဒီယာဆိုတဲ့ စင်ကလေး၊ တံတားလေး တစင်း ဆောက်ခဲ့ပြီးတော့ အဲသည် မခိုင့်တခိုင်တံတားလေးကနေ မြန်မာပြည်ရဲ့ ရန်ကုန်ဖက်ကမ်းကို ဖြတ်ကူးလို့ ရောက်ရှိလာခဲ့တယ်။ ကိုယ့်စိတ်ထဲမှာတော့ အထက်က ညွှန်းခဲ့တဲ့ ကဗျာလေးထဲကလို ‘အားနာခဲ့ကြောင်း’ ပြောရမှာလေလားလို့ပါ။ သို့သော်လည်း သည်မှာဖက်ကမ်းမှာ စိတ်ကူးတူသူတွေ၊ ချစ်ခင်ညီညွတ်သူတွေဟာ နှစ်ပေါင်းများစွာမှာ ဟိုးအရင်တုန်းကအတိုင်း ဘာမှ ပြောင်းလဲခြင်းမရှိဘဲ အချိန်ကာလတွေကို ကြံ့ကြံ့ခံလို့ ကူးခတ် ရုန်းကန်နေကြဆဲပဲ။ နုပျို သန်စွန်းလို့ ခေါင်းမော့ ရင်ကော့လို့ ပြုံးရွှင် ရယ်မောလို့ ပြီးတော့ လောကဓံရဲ့ ရိုက်ပုတ်ခြင်းကိုတွန်းလှန်ရင်း ရင့်ထော် မာကြော အသားမာတွေတက်နေပြီဖြစ်တဲ့ လက်တွေနဲ့ တင်းတင်းဆွဲကိုင် နှုတ်ဆက်ကြတယ်။ ဆုတ်လိုက်မိတဲ့ လက်တွေဟာ ပြန်လွှတ်ဖို့ မဟုတ်ဘူး။ လက်ချင်း မြဲမြဲတွဲပြီး ခရီးတွေ အတူဆက်သွားကြဖို့ …။
တကယ်တမ်းမှာ ပြောချင်စရာ ရင်ဖွင့်ချင်စရာတွေ အများကြီးပါ။ ကိုယ့် ရင်ဘတ်၊ သူ့ ရင်ဘတ်ထဲက မြိုသိပ် သိမ်းဆည်းထားတာတွေ မျှဝေချင်စရာတွေ အများကြီးပါ။ တကယ်တမ်းမှာတော့ အလွမ်းသယ်နေကြမယ့်အစား ခွန်အားတွေ မျှဝေ ဖြည့်ဆည်းကြရတာပါပဲ။ ဆက်လုပ်ကြဖို့ တိုင်ပင်စကားတွေ ဆိုကြရတာပါပဲ။
အဝေးရောက်နေတဲ့ အဝေးမှာပဲ ကွယ်လွန်ခဲ့ကြတဲ့ စာနယ်ဇင်းဆရာကြီးတွေ၊ အနုပညာသယ်တွေဆိုတာ ဟိုမှာဖက်ကမ်းမှာ သူတို့ အနုပညာတွေ၊ စာတွေ၊ ကဗျာတွေကို နေ့နေ့ညည ဖွဲ့ဆိုရေးသားပြီးတော့ သူတို့ကိုယ်သူတို့ အားပေး၊ သူတို့ချစ်ခင်တဲ့ ပရိသတ်ပြည်သူတွေကို အားပေးခဲ့တာ။ ဘယ်လိုအခြေအနေပဲ ရှိရှိ ကြေးမုံဦးသောင်းတို့၊ ဆရာကြီး ဦးတင်မိုးတို့ဟာ စာရေးတဲ့ သူတို့အလုပ်ကို နေ့တဓူဝ မပျက်မကွက်လုပ်ခဲ့ကြတယ်။ နောက်ဆုံးထွက်သက်အထိပေါ့။ အဲသည်စာတွေဟာ အင်အားဖြစ်ပြီးတော့ ကျနော်တို့ကို ခရီးဆက်ဖို့ ခြေလှမ်းတွေ ဖြစ်စေခဲ့တာပေါ့။ ခုထိ ကျန်းမာသက်ရှည်နေသေးတဲ့ ဆရာမောင်စွမ်းရည်၊ အန်တီမာမာအေး၊ ပန်းချီဦးဝင်းဖေ၊ ဆရာမောင်သာရတို့ဟာ မြန်မာပြည်ကြီးနဲ့အတူ အသက်ရှုနေကြသူတွေပေါ့။ သူတို့တတွေ အိုကြီးအိုမနဲ့တောင် လက်ရုန်းဆန့်တန်း ရေးသားပြောဆိုနေကြတဲ့ နောက်ပါးမှာ အဝေးကစာရေးဆရာ၊ ကဗျာဆရာ၊ အယ်ဒီတာ၊ စာနယ်ဇင်းသမားတွေဟာ ထပ်ချပ်လိုက်ပါလို့ လေဟူးဟူးတိုက်ခတ်နေတဲ့ နှင်းတောတွေ သဲကန္တာရတွေမှာ မြန်မာစာပေကို မီးရှူးတန်ဆောင်မဖြစ်တောင်မှ မီးတောက်မီးလျံအဖြစ် မငြိမ်းသက်သွားအောင် မွေးမြူနိုင်ခဲ့ကြပါတယ်။
အဝေးကိုရောက်လို့ လမ်းပျောက်မတတ်ဖြစ်နေတဲ့ စာပေမျိုးဆက်တွေဟာ အဲသည် မီးတောက် မီးရောင်အောက်မှာ စာတွေရေး၊ အနုပညာတွေ ဖန်တီး၊ စိတ်ဓာတ်တွေ ပြန်လည် မြှင့်တင်ခဲ့ကြရတယ် ဆိုတဲ့အကြောင်း ကိုယ်တွေ့အဖြစ်အပျက်တွေနဲ့ သည်မှာဖက် ရန်ကုန်ဆိပ်ကမ်းက မိတ်ဆွေတွေကို ပြောပြ ဖွင့်ဆိုမိပါသေးတယ်။
ဆရာမောင်မိုးသူကတော့ ငါတို့ခေတ် ငါတို့ခေတ်ပြိုင်တွေ (တင်မိုး၊ မောင်စွမ်းရည်၊ ကိုလေး၊ ကြည်အောင်၊ အစရှိသဖြင့် ..) ဟာ တဦးကို တဦး ဖြည့်ဆည်းပေးခဲ့ကြတာ။ တယောက်ကို တယောက် လက်တွဲပြီး အတူတူသွားခဲ့ကြတာ၊ အချင်းချင်းကို compliment လုပ်ပေးခဲ့ကြတာလို့ ကျနော်နဲ့ ပြန်လည်တွေ့ဆုံချိန်မှာ မှတ်မှတ်ရရ ပြန်ပြောပါတယ်။ ဟုတ်တာပေါ့။ ခုချိန်မှာလည်း ပြန်လည်ဆုံတွေ့ကြချိန်မှာ ဆရာဦးဝင်းတင်နဲ့အတူ ဆရာဦးမိုးသူက သူတတ်နိုင်တာတွေကို ဖြည့်ဆည်းပြီး ရပ်တည်နေကြတာပဲ။ သူတို့တွေရဲ့ ချစ်ခင်ညီညွတ်မှု မျှဝေမှုတွေဟာ လူငယ်တွေ မျိုးဆက်သစ်တွေအတွက် အားကျ ဂုဏ်ယူဖွယ် ခွန်အားတွေဆိုတာ အနီးကပ်တွေ့ရတော့ ပိုပြီး သိရှိခဲ့ရပါတယ်။
၂၀၁၃ လမ်းခုလပ်မှာ တွေ့ဆုံမိကြတဲ့မိတ်ဆွေတွေကို ‘လမ်းခုလပ် ၂၀၁၃’ မှာ သူတို့ လျောက်နေတဲ့လမ်းအသီးသီးတွေဆီမှာ ဘယ်ရောက်နေသလဲ။ ဘာတွေ ရင်ဆိုင်ရဦးမှာလဲလို့ မေးခွန်းတွေ မေးမိပါတယ်။ ဆရာဦးဝင်းတင်ကတော့ ‘မင်းတို့က သူများခင်းထားတဲ့လမ်းကို လာလျောက်တာလား’ လို့ ပွင့်ပွင့်လင်းလင်း မေးလိုက်ပါသေးတယ်။ သူများခင်းတဲ့လမ်း လျောက်လာတာ မဟုတ်ပါဘူးဆရာရယ် …။ ဆရာတို့တတွေ ကိုယ့်ယုံကြည်ချက်နဲ့ မမှိတ်မသုံ ခင်းတဲ့လမ်း၊ မဆုတ်မနစ် လျောက်တဲ့လမ်းကို ဆုံဖို့ အရောက်လာကြတာပါ။ ကိုယ်ကိုယ်တိုင်ကလည်း ဟိုးတဖက်ကမ်းကနေ ဒီတဖက်ကမ်းကို ချိတ်ဆက်မိဖို့ ကိုယ်ထူကိုယ်ထ ခင်းထား ဆောက်ထားတဲ့ မခိုင့်တခိုင်တံတားလေးကနေ လာကြရတာပါလို့ အဖြေပေးလိုက်မိပါရဲ့။
ရန်ကုန်ဖက်ကမ်းက လိပ်ပြာလုံသူတွေ၊ သီလစောင့်သူတွေရဲ့ အရိပ်အာဝါသဟာ တကယ်ကို အေးမြမှု လုံခြုံမှုကို ပေးပါတယ်။ သူတို့တတွေနဲ့ မိုးမခမီဒီယာကလေးကို ဇရပ်ကလေးတခု၊ ပုံနှိပ်စခန်းလေးတခု တည်ဆောက်ကြဖို့ တိုင်ပင်ဆွေးနွေး အကူအညီတောင်းခဲ့ပါသေးတယ်။ အားနာခဲ့ကြောင်းပြောချင်သူကို သူတို့တွေကလည်း အားနာပါးနာ ငြင်းဆန်နောက်ဆုတ်ကြလိမ့်မယ်လို့ ကြိုတင်ထင်မြင်ချက်တွေဟာ တက်တက်စင်အောင် မှားယွင်းနေတာကို တွေ့ရပါတယ်။ အဝေးက ခရီးသည်ကို မိသားစုထမင်းဝိုင်းမှာ အချိန်မဆိုင်းဘဲ တခါတည်း ၀င်စားဖို့ ဖိတ်ခေါ်လိုက်သလို ဆုပ်ကိုင်လိုက်တဲ့ အသားမာတွေထနေတဲ့ လက်ကြမ်းကြီးတွေက ပိုပြီးတော့တောင် တင်းကြပ်မြဲမြံသွားပါသေးရဲ့။
ဟိုးလွန်ခဲ့တဲ့ အနှစ် ၂၀တုန်းက စာရေးတာ၊ ကာတွန်းဆွဲတာ၊ ကိုယ်ယုံကြည်တာတွေကို လုပ်နေခဲ့တာတွေကို စိတ်လျော့ပြီးတော့ စားဝတ်နေရေးအတွက် ကွန်ပျူတာစာသင်နေတဲ့အချိန်တုန်းက အဖြစ်အပျက်တခုကို အမှတ်ရမိတယ်။ ကလေးတွေ အဲသည်တုန်းက သိကြတဲ့ စိတ်ဝင်စားတဲ့ ‘ရွှေမိနဲ့ အင်္ဂလိပ်စာ’ ကာတွန်းကို မင်္ဂလာမောင်မယ်စာစောင်မှာ ထုံပိုင်းထုံပိုင်း ဆွဲနေသေးတယ်။ ကွန်ပျူတာစာသင်ခန်းက သင်ပုန်းမှာ ဘာရယ်လို့ ရည်ရွယ်ချက်မထားဘဲ ရွှေမိပုံ ကာတွန်းရုပ်ကလေး ဆွဲလိုက်မိတယ်။ ကလေးတွေက ‘ဒါ ရွှေမိပဲ’ လို့ သံပြိုင်ပြောကြတယ်။ ကွန်ပျူတာသင်နေတဲ့ ကာတွန်းဆရာက ‘ဒါ ဆရာဆွဲတာပေါ့’ လို့ အထွန့်တက်လိုက်မိတော့ ကလေးတွေက သံပြိုင်ပဲ ငြင်းချက်ထုတ်လိုက်ကြတယ်။ သူတို့ရှေ့က ကွန်ပျူတာသင်နေတဲ့လူဟာ သူတို့သိတဲ့ ‘ရွှေမိ’ ကာတွန်းဆွဲတဲ့သူ လုံးဝ မဖြစ်နိုင်ဘူးတဲ့လေ။ အဲသည်တုန်းက ရလိုက်တဲ့ ပရိသတ်ရဲ့ ငြင်းပယ်မှုဟာ အပြင်းထန်ဆုံးပဲ။ အဲသည်ကတည်းက ကာတွန်းမဆွဲတော့၊ စာမရေးတော့၊ ကိုယ်ယုံကြည်တာတွေကို မလုပ်တော့ဘူး။ ထမင်းစားဖို့ ကွန်ပျူတာအလုပ်ကိုပဲ လုပ်ခဲ့တော့တာ။ သည်လိုနဲ့ ၂၀၀၃ ခုနှစ်အထိ။
လွန်ခဲ့တဲ့ ၁၀ နှစ်ကမှာ မိုးမခမီဒီယာကို ရဲဘော်တွေ မိတ်ဆွေတွေနဲ့ ထူထောင်တယ်၊ စာပေလူကြီးတွေရဲ့ ဖေးမတွဲခေါ်မှုနဲ့ မတ်တပ်ပြန်ရပ်တယ်။ လမ်းလျောက်တယ်။ အဲသည်နောက်မှာမှ ကာတွန်းပြန်ရေးတယ်၊ စာပြန်ရေးတယ်၊ ကိုယ်ယုံကြည်တာတွေ ပြန်လုပ်တယ်။ အခု ၂၀၁၃ လမ်းခုလပ်မှာ အဲသည်ကလောင်ကို ပြန်လွှတ်ချဖို့ မဟုတ်ပါဘူး။ အဲသည် ကလောင်ကို လိပ်ပြာလုံလုံ၊ သီလလုံလုံနဲ့ ဆက်လက် ဆွဲကိုင်သွားဖို့ပါ။ မိုးမခမီဒီယာ စင်ကလေး၊ တံတားကလေးမှာ မောင်ရစ်ဆိုတဲ့ ဖြစ်တည်ခွင့်အတွက် ကျေးဇူးတွေ တင်နေမိတယ်။ အဲသည်အကောင်တကောင်ကို သည်မှာဖက် ရန်ကုန်ဆိပ်ကမ်းက လက်ကြမ်းကြီးတွေနဲ့ မြဲမြဲ ဆွဲကိုင် နှုတ်ဆက်မှုတွေအတွက် ကြည်နူး ၀မ်းသာမိတယ်။ အခု ‘ရွှေမိနဲ့ အင်္ဂလိပ်စာ’ ကာတွန်းပြန်ဆွဲတဲ့အခါ ကာတွန်းဆရာဟာ ကာတွန်းဆရာကိုယ်တိုင် ဖြစ်ပါတယ်။ အတုအယောင် ဟုတ်ယောင်ထင်မှု တခု မဟုတ်ပါဘူး။
ပြီးတော့ လမ်းခုလပ် ၂၀၁၃ မှာ အားနာခဲ့ကြောင်း ပြောရစ်ခဲ့ဖို့လည်း မဟုတ်ဘူး။    


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:2013 Transit, Maung Yit, Op-Ed

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်