Phoe Htet – Essay

September 11, 2013

ကျိန်ဆဲမလား ကုလားကား ကြည့်မလား
ဖိုးထက်
စက်တင်ဘာ ၁၁၊ ၂၀၁၃


ကျွန်တော်တို့ရဲ့ လက်ရှိ မြန်မာ့ရုပ်ရှင်ကို ဘယ်သူမှ စိတ်တိုင်းကျမယ် မထင်ဘူး။ ခါးအောက်ပိုင်း ပျက်လုံးတွေ ဖောဖောသီသီနဲ့ ကလိကြားထိုးပြီး ရီခိုင်းတဲ့ ဇာတ်လမ်းတွေ များနေသာဘဲ။ တည်တည်ကြည်ကြည် ဇာတ်လမ်းလေး တစ်ကားတစ်လေ ထွက်လာတော့လဲ ကောင်းတော့ ကောင်းပါရဲ့။ ကူးချထားတယ်လို့ အငြင်းပွားကြရတယ်။ တကယ်လဲ ကူးချထားတာကြီးဘဲကိုး။
“မြန်မာ့ မြန်မာ့ ရုပ်ရှင်..ရင်မောတယ်ရှင်” လို့ လူရွှင်တော်တွေ ပျက်လုံးထုတ်သလို တကယ်လဲ ရင်မောရပါတယ်ဗျာ။ မြန်မာ့ရုပ်ရှင်သမိုင်းကို ပညာရှင် အမြင်နဲ့ မကြည့်ဘဲ (ကြည့်လဲ မကြည့်တတ်ပါဘူး) ပွဲကြည့်သူ သက်သက် မျက်လုံးနဲ့ ကျွန်တော် ပြန်ကြည့်မိတယ်။ အခု ကမ္ဘာမှာ အောင်မြင်လှပါရဲ့ဆိုတဲ့ Fast and Furious၊ Mission Impossible စတဲ့ ဟောလီးဝုဒ် ဇာတ်လမ်းတွေက စိတ်အပန်းဖြေဖို့ သက်သက်ဘဲ ကောင်းတဲ့ ဇာတ်လမ်းတွေပါ။ အထူးပြုလုပ်ချက်တွေ၊ လူလွန်မသားတွေနဲ့ အနည်းဆုံးတော့ နှစ်နာရီနီးပါးလောက် စိတ်အပန်းပြေစေတာဘဲ မို့လား။ အဲဒီလို ဇာတ်လမ်းတွေ မြန်မာ့ရုပ်ရှင်မှာ ရှိခဲ့တယ်လို့ ကျွန်တော် (ကျွန်တော်) ထင်တယ်။ ဗိုလ်အောင်ဒင်၊ သမင်ဆယ်လှမ်း ကျားတစ်လှမ်း စတဲ့ ဇာတ်လမ်းတွေက ရုပ်ရှင်ကြည့် ပရိတ်သတ်ကို အပန်းပြေစေရုံတင် မကပါဘူး။ အခုထက်ထိ “ဒီမှာ..လွယ်သလား..ခက်သလား ရာမ..ဟင်..လွယ်သလား..ခက်သလား..ဒီမှာ ဗိုလ်လုပ်ချင်တဲ့ကောင်ဆိုတာ…ဗိုလ်သင်တန်းတက်ရတယ်ကွ” ဆိုတဲ့ ဟာသတွေတောင် ရှိဆဲလေ။
နောက်ပြီး ဘဘဦးသုခကြီး ရိုက်တဲ့ “ဘ၀သံသရာ” နဲ့ “ရဟန်းတို့ စားရသော ဆွမ်းတစ်နပ်” ဆိုတဲ့ ဇာတ်လမ်းတွေမှာ ဘာအထူးပြု လုပ်ချက်မှလဲ မပါ ပါဘူး။ ရိုးရိုး ရှင်းရှင်းနဲ့ အခုကြည့် အခုစွဲ၊ သေတဲ့ အထိ စိတ်ထဲ စွဲနေမယ့် ဇာတ်လမ်းတွေပါ။ နောက်ပြီး ဦးစိန်မြင့် နဲ့ အောင်ထွန်းလေးတို့ သရုပ်ဆောင်တဲ့ “အဖေတစ်ခုသားတစ်ခု” ဆိုရင် ဘာမှ မထူးဆန်းဘဲ ရင်ကို ကိုင် ကိုင်လှုပ်ဆွဲတဲ့ ဇာတ်လမ်း။
နောက် စွယ်စုံရ အနုပညာရှင် ဦးဝင်းဦး ရိုက်ကူးတဲ့ “အတွယ်အတာ” ဆိုရင် ဘယ်လောက်ကောင်း သလဲ။ လက်ရှိ ရုပ်ရှင်နယ်ပါယ်က ဟိုအကြောင်းပြ၊ ဒီအကြောင်းပြလူတွေကို ရော့..အင့်..ကြည့်…ငိုရင် နားရင်းအုပ်မယ်ဆိုပြီး ရုပ်ရှင်ကို ကျောပေး။ သူတို့ မျက်လုံး လိုက်ကြည့်ပြီး ပြလိုက်ချင်ရဲ့။ ဦးဝင်းဦးက သူ့ “အတွယ်အတာ” ကို လူထုဦးလှရဲ့ ၀တ္ထုတစ်ပုဒ်ကို အတုခိုးပြီး ဖန်တီးတယ်လို့ လူထုဦးလှအတွက် အမှတ်တရ စာမူရေးတော့ ၀န်ခံတယ်။ သူပြောလို့သာ သိရတာ။ ကော်ပီပွားချတယ် ဆိုပေမယ့် “ဒါမှ အနုပညာဟဲ့” လို့ တရုတ်လို သင်ပြီး ပူပူနွေးနွေး အကယ်ဒမီရထားတဲ့ လူတွေရှေ့ သွားအော်ချင်တယ်။
တစ်မြန်မနေ့က အားအား ယားယား ရှိတာနဲ့ (အမြဲလဲ အားယားနေတာဘဲလို့ ထင်ချင်လဲ ထင်ပေါ့။ တတ်နိုင်ဘူး။) အိန္ဒိယ ရုပ်ရှင်ကားလေး တစ်ကားကြည့်မိတယ်။ ပြောမနာ ဆိုမနာ ညီတစ်ကောင်က Bro Enjoy It ဆိုပြီး Youtube က လင့်ခ်ကို လှမ်းပေးလို့ ကြည့်လိုက်မိတာ။ ဘယ်မှာ Enjoy နိုင်လို့လဲ။ ဇာတ်လမ်းနာမည်က Taare Zameen Par, Like Stars on Earth။
အမှတ်တကယ်ဆို ကျွန်တော်က ကုလားကားတွေ ကြည့်ရမှာ အလွန်ပျင်းတယ်။ ရည်းစားစကားပြောလဲ သီချင်းဆိုပြီး က။ တစ်ယောက် ၁၅ ကျပ်ပေးပြီး ငှားလာသလား အောက်မေ့ရအောင် လူတွေကလဲ အများကြီးနဲ့ ကကြ၊ ခုန်ကြ။ ပြီးတော့ ကိုယ့်မိသားစုကို ရက်ရက်စက်စက် လုပ်ထားတဲ့ လူကို သတ်ခါနီးမှာလဲ စကားတွေ အရှည်ကြီး ပြောပြီး ဓားထမ်း က ချင် ကနေတတ်သေးတာ။ အို…ပျော်က… ငိုက…စိတ်ဆိုးက…၀မ်းနည်းက..ဗိုက်ဆာက နဲ့ဆိုတော့ ကုလားကားဆိုရင် ကြည့်ရမှာ တွန့်တယ်။ အခုလဲ ဒင်းလေးက ကျွန်တော် ကြည့်တာ လေးခါမကတော့ဘူးဆိုတော့မှ ငါ့တော့ ဒင်း မိတ်ပျက်အောင် မလုပ်တန်ကောင်းပါဘူးလေလို့ တွေးမိပြီး နှစ်နာရီခွဲ ကျော်ကျော်ကြာတဲ့ ဇာတ်လမ်းကို ကြည့်မိတော့တယ်။
ဇာတ်လမ်းက Dyslexia ရောဂါရှိတဲ့ ကိုးနှစ်သား ချာတိတ်လေး အကြောင်း။ Dyslexia ကို အဘိဓာန် ပြန်ကြည့်တော့ စာဖတ်ခက်တဲ့ ရောဂါတဲ့။ ဥပမာ POT ကို သူဖတ်ရင် စိတ်ထဲမှာ TOP ဖြစ်နေတာမျိုး။ တစ်ခါတစ်လေ စာတွေကို မှန်ထောင်ကြည့်သလို ပြောင်းပြန်မြင် တာမျိုးတဲ့။ ဒီဇာတ်လမ်းထဲမှာလဲ ဇာတ်လိုက် ကလေးလေးက အဲဒီရောဂါရှိတယ်။ ဒါပေမယ့် ကလေးက အနုပညာမှာ အထူးသဖြင့် ပန်းချီဆွဲတာမှာ တော်တယ်။ အမြင်ရှိတယ်။ အရောင်တွေကို ခံစားတတ်တယ်။ ဒါကို အဖေဖြစ်သူ နဲ့ ဆရာတွေက နားမလည်။ စွတ်ရွတ် အော် ငေါက်နဲ့ ကလေးက ဆိုးသထက် ဆိုးလာတာ။ အဲဒီအချိန်မှာ ဆရာတစ်ယောက်က ကလေးလေးကို နားလည်ပြီး ကြိုးစားပေးတဲ့ ဇာတ်လမ်းလေးပါ။ ကာတွန်း အထူးပြုလုပ်ချက်လေးတွေ ပါတာကလွဲလို့ ကျန်တာ အနုပညာပြောင်မြောက်အောင် ရိုက်ကူးသွားတဲ့ ဇာတ်လမ်းပါ။
ကုလားကားတွေ ထုံးစံအတိုင်း စာသင်လဲက၊ ကလေးက မပျော်လဲ သီချင်းဆိုနဲ့ ကျော်ပြစ်လိုက်ဖို့ စိတ်ကူးခဲ့သေးတာရယ်။ ဒါပေမယ့် သီချင်းစာသားတွေကို မျက်လုံးကြီး ပြူးပြဲလိုက်ဖတ်တော့ အတော်ကောင်းတဲ့ ကုလားသီချင်းတွေဘဲလို့ မြန်မာကောင်က နားလည်သင့် သလောက် နားလည်တယ်ပေါ့။ နောက်ပြီး ရောဂါသည်ကလေးလေးကို ဇာတ်လမ်းဆင် ရိုက်ကူးပေမယ့် ကလေးတွေရဲ့ ပညာသင်ကြားရေးမှာ လူကြီးတွေ သတိထားသင့်တဲ့ အရာတွေကို ပါးပါး ပါးပါးလေး လှစ်ပြသွားတယ်။ မိဘတွေက ကိုယ့်ကလေးကို ပါရမီရှင် ဖြစ်စေချင်ကြပြီး သချာင်္ဆိုလဲ ၁၀၀၊ သမိုင်းဆိုလဲ ၁၀၀၊ အင်္ဂလိပ်စာဆိုရင်လဲ ၁၀၀ မှတ်အပြင် ပိုပြီး တော်စေချင်ကြသေးတာ မှန်သလား၊ မှားသလား ပြန်ငဲ့ကြည့်ဖို့ သင့်တယ်ဆိုတဲ့ အသိကို ပေးသွားခဲ့တာ။
ဇာတ်လမ်းကို ကြည့်ပြီး ကျွန်တော်ဖတ်ဘူးတဲ့ ဆရာကိုတာရဲ့ “ဥာဏ်များခြင်း” ဆိုတဲ့ စာအုပ်ကို သတိရလာတယ်။ တစ်လောက ဆရာ့ကို နိုင်ငံရေးမှာ အလိုမကျကြတာနဲ့ဘဲ လူ့မလိုင်တွေဖတ်တဲ့ စာတွေ ရေးတဲ့ သူဌေးစာရေးဆရာလို့ ပုတ်ခတ်ကြတာ ဖတ်လိုက်ရတယ်။ သူ့ဘာသာ ဘာပြောပြော ကျွန်တော်က လူ့မလိုင် မဟုတ်တဲ့ အတွက် ဆရာ့စာတွေက “မလိုင်” စာတွေ မဟုတ်တာတော့ သေချာပြီပေါ့။ ထားပါတော့။
ဆရာ့ရဲ့ အဲဒီစာအုပ်ထဲမှာ လူတွေရဲ့ ဥာဏ်အမျိုးမျိုးရှိတတ်တာကို ရေးပြသွားတယ်။ လူတစ်ချို့က အကွာအဝေးဥာဏ်ကောင်းတယ်တဲ့။ လူတစ်ချို့က သချာင်္ဥာဏ်ကောင်းတယ်။ ဒါပေမယ့် ပန်းချီ၊ ပန်းပု စတဲ့ အနုပညာကို ခံစားတတ်တဲ့ ဥာဏ်ကြတော့ သုညတဲ့။ တစ်ချို့က ဖြတ်ထိုးဥာဏ်ကောင်းတယ်တဲ့။ သေသေချာချာ အစီအစဉ်ချပြီး လုပ်ရမယ့် အလုပ်တွေကြတော့ တလွဲလုပ်ပြန်ရောတဲ့။ တစ်ချို့ က ဘာသာစကား ဥာဏ် တုံးတယ်တဲ့။ ဒါပေမယ့် စကားပြောဖို့ အစီအစဉ်ချတဲ့ ဥာဏ်ကြတော့ ကောင်းနေပြန်ရောတဲ့။ ဒါက ကျွန်တော် မှတ်မိသလောက် ပြန်စဉ်းစားမိတာပါ။ ဆရာ(ကြီး) ကိုတာရဲ့ စာအုပ်ထဲက စာတွေကို ကျွန်တော်လက်ခံတယ်။ အခုလက်ရှိမှာကို နိုင်ငံသာ ဘယ်လို ဆွဲတင်ရမယ်ဆိုတဲ့ ဥာဏ်တွေသာ တုံးကြတာ။ ဘယ်လို ဒုက္ခပေး၊ ဘယ်လို အောက်တန်းကျရမလဲ ဆိုတဲ့ ဥာဏ်တွေ အလွန်ချမ်းသာတဲ့ လူတွေ ရှိမို့လား။
ဇာတ်လမ်းထဲမှာ ကောင်လေးက ဘာသာစကားဥာဏ်၊ သချာင်္ဥာဏ်၊ အရေး အဖတ်ဥာဏ် အတော်ကြီး ချာတယ်။ ချာတူးလန်တယ်ပေါ့။ ဆရာဖြစ်သူက ကလေးရဲ့ စိတ်ကို နားလည်ပြီး ဘယ်လို ဆွဲတင်ရမယ်ဆိုတာ သိတော့ ဇာတ်လမ်းကို ပျော်စရာလေးတွေနဲ့ အဆုံးသတ်နိုင်ခဲ့တယ်။  ဇာတ်လမ်းကို ကြည့်ပြီး တစ်ယောက်ထဲ လွတ်လွတ်လပ်လပ် ကျွန်တော် မျက်ရည်ကြရတယ်။ ငိုတာဟာ ကျန်းမာရေး ကောင်းလို့ ဆိုကြမို့လား။ နှလုံးသား နူးညံ့တဲ့ လူတွေမှာသာ ငိုခြင်းဘာသာရပ်ကို ကောင်းကောင်းနားလည်တယ်လို့ ဆိုကြမို့လား။ ခင်ဗျားမှာလဲ အချိန် နှစ်နာရီခွဲလောက်များ အချိန်ပိုလေး ရှိရင် Youtube မှာသူတို့ ဟင်ဒီတစ်ဝက်၊ အင်္ဂလိပ်စာတစ်ဝက် ဘာသာစကားကို နားမလည်ရင်တောင် စာတမ်းထိုးလေးဖွင့်ပြီး ကြည့်ပါလို့ တိုက်တွန်းပါရစေ။
သြော်..ဇာတ်လမ်းထဲမှာ ကျွန်တော် သေသေချာချာ မှတ်မိလိုက်တဲ့ နေရာရှိသေးတယ်ဗျ။ ကလေးကို အမြဲဆူပူအော်ဟစ် ငေါက်ငမ်းနေတဲ့ အဖေဖြစ်သူကို ဆရာဖြစ်သူက ချေချွတ်တဲ့ အခန်းပါ။ ဆရာပြောသွားတာက..ကျွန်းတစ်ကျွန်းပေါ်က လူမျိုးစုတစ်ခုက ကွင်းပြင်ကျယ်ကျယ် လိုချင်ပြီဆိုရင် သစ်ပင်ကြီးတွေနားကို အားလုံးစုလိုက်ကြတယ်တဲ့။ ပြီးတော့ အားလုံး ၀ိုင်းပြီး သစ်ပင်ကြီးကို အမျိုးမျိုး ကျိန်ဆဲ၊ ဆူပူ ကြိမ်းမောင်းကြတယ်တဲ့။ နောက် ရက်နည်းနည်းကြာတဲ့ အခါမှာ သစ်ပင်က အလိုလို အရွက်၊ အလက်တွေ ညှိုးရော်လာပြီး သူ့အလိုလို သေသွားတယ်တဲ့။ ဆရာဖြစ်သူက ကလေးအဖေကို ဥာဏ်အလင်းပြတယ်ဘဲ ပြောပါတော့။

စာဖတ်သူ ခင်ဗျားလဲ ကျွန်တော်ပြောတဲ့ ဒီဇာတ်လမ်းကို ကြည့်ပြီး ငိုစမ်းပါဗျာ။ ကျိန်ဆဲနေတဲ့ လူမဟုတ်ရင် ပြီးတာပါဘဲ။ သစ်ပင်ကသာ ကျိန်ဆဲရင် သေတတ်တာဗျ။ လူ့ အန္ဓတွေကတော့ ကျိန်ဆဲလေ မာန်ဖီလေဖြစ်တတ်တယ်လေ။ လက်ရှိ အပြန်အလှန်ကျိန်ဆဲနေကြတဲ့ လူတွေထဲ ခင်ဗျားမပါရင်ကိုဘဲ ဘာကောင်မှ မဟုတ်တဲ့ ကျွန်တော်က “ကျေးဇူး ကမ္ဘာဆိုင်ယော” ပါဗျာ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)