Than Win Hlaing – Articles

September 6, 2013

ဒုတိယကမ္ဘာစစ် ဒိုင်ယာရီ
သန်းဝင်းလှိုင်
စက်တင်ဘာ ၆၊ ၂၀၁၃

ဒုတိယကမ္ဘာစစ်ကြီးသည်၁၉၃၉ခုနှစ်တွင်စတင်ဖြစ်ပွားပြီး၁၉၄၅ခုနှစ်တွင်ပြီးဆုံးခဲ့သည်။ စစ်ကြီးပြီးဆုံးခဲ့သည်မှာယခုအခါသက်တမ်းအားဖြင့်နှစ်ပေါင်း၆၈နှစ်အတွင်းသို့ဝင်ရောက်ခဲ့ပြီဖြစ်သည်။  ဤ ၆၈ နှစ်အတွင်း ဒုတိယကမ္ဘာစစ်ကဲ့သို့ တစ်ကမ္ဘာလုံးကို ၀ါးမျိုလောင်မြိုက်သော ကမ္ဘာစစ်ကြီးမျိုးကို လူသားတို့ရှောင်လွှဲနိုင်ခဲ့သည်။ သို့သော် ဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးချိန်မှ မျက်မှောက်ကာလအထိ ကမ္ဘာပေါ်တွင် “ ကန့်သတ် “ စစ်ပွဲပေါင်း အကြိမ် ၂ဝဝ ထက်မနည်းဖြစ်ပွားခဲ့ပြီး လူအသေအပျောက် စုစုပေါင်း သန်း ၅ဝ ခန့် မနည်းရှိခဲ့လေသည်။

“ စစ်ပွဲအားလုံးတို့သည် ယင်းတို့ကို ဖြစ်ပွားစေသော နိုင်ငံရေးစနစ်များနှင့် မကင်းကွာကြချေ။ “ဟု ရုရှား ခေါင်းဆောင်ကြီး “ ဗလာဒီမာလီနင် “ ( ၁၈၇၀ – ၁၉၂၄ ) က ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။ မှန်၏ ။ စစ်ဟူသည်မှာ သူ့အလိုအလျှောက်ပေါ်ပေါက်လာသော အဖြစ်အပျက်မဟုတ်ချေ။ လူတို့ဖန်တီးပြုလုပ်၍သာ ပေါ်ပေါက်ခဲ့ရသော အဖြစ်အပျက်သာ ဖြစ်ပေသည်။

လူသားတို့သည် လူ့ဘဝစတင်ခါမှစပင် အုပ်စုချင်းစစ်ခင်းလာခဲ့ကြသည်။ ထိုမှ တစ်ဖန် လူမျိုးအချင်းချင်း ၊ တိုင်းပြည်အချင်းချင်းစသည်ဖြင့် တစ တစ ကျယ်ပြန့်လာရာ နောက်ဆုံးကမ္ဘာစစ်သို့ ပင်တိုင်ခဲ့သည်။ လူ့ဘောင်လောကကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၅၅ဝဝ အတွင်း စစ်ပွဲကြီးငယ် စုစုပေါင်း ၁၄ဝဝဝ ကျော်တိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ဖြစ်ပွားခဲ့သော စစ်ပွဲများတွင်လည်း အမျိုးမျိုးရှိခဲ့သည်။ လူမျိုးရေး၊ ဘာသာရေး၊ စီးပွားရေး၊ နိုင်ငံရေး အစရှိသဖြင့် အကြောင်းအမျိုးမျိုးကြောင့် စစ်ဖြစ်လာခဲ့ကြသည်။

မည်သည့်အကြောင်းကြောင့် ဖြစ်ပွားခဲ့ကြသည်ဖြစ်စေ၊    စစ်ဟူသည်   လူသားတို့အား ကောင်းကျိုးပေးခြင်းမရှိဘဲ ဆိုးမွေကိုသာ ထားရစ်ခဲ့ကြပေသည်။ စစ်ကြောင့် လူသားတို့သည် သတ္တန္တရကပ် ခေါ် လက်နက်ဘေးဖြင့် သေကျေပျက်စီးရခြင်း၊ ရောဂန္တရကပ်ခေါ် ရောဂါဘေးဖြင့် သေကျေပျက်စီးရခြင်း၊ ဒုဗ္ဘိကန္တကပ်ခေါ် ငတ်မွတ်ခြင်းဘေးဖြင့် သေကျေပျက်စီးရခြင်း များဖြစ်ပွားခဲ့ရသည်။ ထို့ပြင် လူသားတို့၏ စည်းစိမ်ဥစ္စာရတနာ တို့ပါ ပျက်စီးဆုံးရှုံးရသည်သာ မက တစစ တိုးတက်လျှက်ရှိသော လူ့ဘောင်လောကကြီးကိုလည်း တန့်သွားစေခဲ့ပြန်သည်။

၂၀ ရာစု ပထမနှစ်ပေါင်းငါးဆယ်အတွင်း ပြိုင်စံကင်းသော ပျက်စီးပြုန်းတီးမှုအထိဖြင့် ပြွမ်းသည့် ကမ္ဘာကြီး နှစ်ခု ဖြစ်ပွားခဲ့သည်။

၁၉၁၄ ခုနှစ်မှ ၁၉၁၈ ခုနှစ်များအတွင်းဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်ပွဲတွင် လူဦးရေ သန်းပေါင်း ၁ဝဝဝ ပါဝင်သည့် နိုင်ငံပေါင်း၃၆ နိုင်ငံမှ လူသန်းပေါင်း ၇ဝ ပါဝင်ဆင်နွှဲတိုက်ခိုက်ခဲ့ပြီး လူသန်းပေါင်း ၃ဝကျော် သေကျေပျက်စီးခဲ့ရသည်။ ဒုတိယကမ္ဘာစစ်တွင်မူ လူဦးရေသန်းပေါင်း ၁၇ဝဝ တို့ ပါဝင်သည့် နိုင်ငံပေါင်း ၆၁ နိုင်ငံမှ လူသန်းပေါင်း ၁၁ဝ ပါဝင်ဆင်နွှဲ တိုက်ခိုက်ခဲ့ရပြီး လူသန်းပေါင်း ၅ဝကျော် သေကျေပျက်စီးခဲ့ရသည်။

ဒုတိယကမ္ဘာစစ်သည် တကမ္ဘာလုံးရှိ နေရာအနှံ့အပြားသို့ ဂယက်ရိုက်ပြန့်နှံ့သွားသော တကယ့်ကမ္ဘာစစ်ဖြစ်သည်ဟု ဆိုရပေမည်။ ၁၉၁၄ ခုနှစ် မှ ၁၉၁၈ ခုနှစ်တိုင်အောင် ဖြစ်ပွားခဲ့သော ပထမကမ္ဘာစစ်မှာ နိုင်ငံအများအပြား ပါဝင်သည့် စစ်ပွဲကြီးပင်ဖြစ်သော်လည်း ကမ္ဘာစစ်ဟူ၍ စင်စစ်ခေါ်နိုင်လောက်အောင် ကမ္ဘာတစ်ဝန်းလုံးရှိ နိုင်ငံတိုင်း လူမျိုးတိုင်း ကို ထိခိုက်ခြင်း မရှိခဲ့ချေ။ ၁၉၃၉ ခုနှစ် တွင် ဖြစ်ပွားခဲ့သော စစ်ကြီးမှာမူ ကမ္ဘာစစ်ဟူအမည် ပေးနိုင်လောက်အောင် နိုင်ငံတကာသို့ ကူးစက်ပြန့်နှံ့ခဲ့လေသည်။  ထိုစစ်ဘေးမှ ကင်းလွတ်ခဲ့သောနိုင်ငံကား မရှိသလောက်ပင်ရှားလှသည်။ ဒုတိယကမ္ဘာစစ်၏ စစ်မျက်နှာသည် ဆော်လမွန်ကျွန်းမှ စတာလင်ဂရက်အထိလည်းကောင်း၊ အလာစကာပြည်နယ်မှ လစ်ဗျားသဲကန္တာရအထိလည်းကောင်း၊ ကျယ်ပြန့်စွာ တည်ရှိခဲ့သည်။ ကြည်း ၊ ရေ ၊ လေ တိုက်ပွဲများသည် ကမ္ဘာပေါ်ရှိ တိုက်ကြီး ခြောက်တိုက်နှင့် သမုဒ္ဒရာခုနှစ်စင်းတို့ ၌ သဲသဲမဲမဲ မစဲဘဲ ဖြစ်ခဲ့ရသည်။

ဒုတိယကမ္ဘာစစ် စတင်ဖြစ်ပွားသည့်နေ့ကို နာဇီ ဂျာမနီက ပိုလန်နိုင်ငံကို ဝင်ရောက်တိုက်ခိုက်သည့် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ရက်နေ့ ကို စစ်ကြီး စတင်ဖြစ်ပွားရာ နေ့ဟု သမိုင်းဆရာတို့က မှတ်ယူကြသည်။

ဒုတိယကမ္ဘာစစ်အကြောင်းကို ရေးသားရာ၌ ဂျာမန်ီအာဏာရှင် ဟစ်တလာ၏ အကြောင်းကို ထည့်မရေးက ပြည့်စုံမည်မဟုတ်ချေ။ အဲဒေါ့ဟစ်တလာသည် ၁၉၁၉ ခုနှစ်တွင် နာဇီပါတီကို စတင်တည်ထောင်ခဲ့သည်။ နာဇီ(NAZI) ဟူသော ဝေါဟာရမှာ ဂျာမန်ဘာသာစကားအတိုကောက် “ နတ်ဆီကို“  မြန်မာလို အသံလှယ်၍ ခေါ်ဝေါ်သောအမည်ဖြစ်သည်။  “  နတ်ဆီမှာ “ “ ဂျာမန် အမျိုးသားနေရှင်နယ် ဆိုရှယ်လစ်အလုပ်သမားပါတီ “  ဟူသော ဂျာမန် ဘာသာစကားအတိုကောက်ဖြစ်သည်။ နာဇီပါတီကို အမျိုးသားဆိုရှယ်လစ်ပါတီဟု သမုတ်ခဲ့သော်လည်း ပါတီ၏လမ်းစဉ်မှာ  ဆိုရှယ်လစ်လမ်းစဉ်မဟုတ်ချေ။ ၁၉၂ဝ ပြည့်နှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ထုတ်ပြန်သော ပါတီကြေညာစာတမ်းအရ ရည်ရွယ်ချက်များမှာ စက်မှုလက်မှုလက်ငန်းကြီးများ ၌ အလုပ်သမားတို့က အမြတ်ခွဲဝေခံစားခွင့်ရရှိရေး၊ သက်ကြီးအလုပ်သမားတို့၏ အခြေအနေတိုးတက်ရေး၊ အခြေအနေကောင်းသော လူလတ်တန်းစား ဖန်တီးရေး။  မြေယာပြုပြင်ရေး၊ ပြည်သူ့ကျန်းမာရေး စသည့်အချက်များ ပါဝင်သော်လည်း ကားလ်မတ် ချမှတ်ခဲ့သော ဆိုရှယ်လစ်ဝါဒ ချေမှုန်းတိုက်ဖျက်ရန် ရည်ရွယ်ထားပေသည်။ ထို့ပြင် နာဇီပါတီ၏ ရည်မှန်းချက်တစ်ရပ်မှာ ဂျာမနီနိုင်ငံ၏ စစ်အင်အားကို ကြီးထွားဖွံ့ဖြိုးစေ၍ ကမ္ဘာကို ဂျာမန်လူမျိုးတို့ကသာ လျှင် လွှမ်းမိုးရန်ဖြစ်သည်။ အတိုက်အခံပါတီဟူ၍ မရှိစေဘဲ နိုင်ငံရေး အာဏာကို ပါတီခေါင်းဆောင်တို့၏ လက်၌သာ ထားရှိပြီးလျှင် တစ်နိုင်ငံလုံးကို အာဏာရှင်စနစ်ဖြင့်သာ အုပ်ချုပ်သော စနစ်ကို နာဇီပါတီက အားပေးအားမြှောက် ပြုလေသည်။

ထို့နောက် ဟစ်တလာသည် ၁၉၃၃ ခုနှစ်တွင် ဝန်ကြီးချုပ်ဖြစ်လာပြီးလျှင် ဂျာမန်လူထုကြီး တစ်ရပ်လုံးအား စည်းရုံးလေသည်။ ၁၉၃၉ ခုနှစ်တွင် သူ့အင်အားမှာ ကြီးထွားလာပြီးလျှင် နိုင်ငံပေါင်းချုပ်အသင်းကြီးမှ ဂျာမန်လူမျိုးအား တစ်ဖက်သတ်ချုပ်ချယ်သည်ဟု ဆိုကာနှုတ်ထွက်လိုက်သည်။ ထို့နောက် “ လိုကားနိုး “ ( Locarno )  စာချုပ်ကိုလည်း ဖျက်သိမ်းလေသည်
ဗြိတိသျှဝန်ကြီးချုပ် ချိန်ဗာလိန်ကား မည်သည့်နည်းနှင့် မဆို သူ၏ လက်ထက်တွင် စစ်မဖြစ်အောင်တားဆီး နိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ ထို့ပြင် ဂျာမန်တို့အား မျက်နှာချိုသွေးကာ လေအေးဖြင့် ချော့မြှူလျှင် ရနိုင်မည်ဟုလည်း မျှော်လင့်လေသည်။
မုဆိုလိုနီ ကြီးစိုးနေသော အီတလီ နိုင်ငံသည် အာဖရိကတိုက်ရှိ အဘီဆီးနီးယား နိုင်ငံ ( ယခု အီသီယိုပီးယားနိုင်ငံ ) ကလေးကို အကြောင်းမဲ့ သက်သက်ဝင်ရောက် တိုက်ခိုက်ရာ နိုင်ငံပေါင်းချုပ်အသင်းကြီး အနေဖြင့် ကျူးကျော်သော အီတလီအား စီးပွားရေး ကန့်သတ်ရုံမှ တစ်ပါး မည်သို့မျှ ထိရောက်စွာ အရေးမယူခဲ့ချေ။ ၁၉၃၆ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် အီတလီတပ်များသည် အဘီဆီးနီးယား၏ မြို့တော် အက်ဒစ်အဗာဗာ သို့ ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကြသည်။
ယင်းသို့ နိုင်ငံတစ်ခုကို လက်နက်အားကိုးဖြင့် ကျူးကျော်သိမ်းပိုက်နိုင်ပုံကို မူဆိုလိုနီက နမူနာ ပြလိုက်ပြီး နောက်မကြာမီပင် ဟစ်တလာကလည်း အားကျမခံ ၁၉၃၆ ခုနှစ်မတ်လ ၇ ရက်နေ့တွင် ရိုင်းလန်းနယ် ကို တိုက်ခိုက်သိမ်းပိုက်လိုက်သည်။ သို့သော် နိုင်ငံပေါင်းချုပ်အသင်းကြီးသည် ဟစ်တလာ အား ရှုတ်ချရုံမှ လွဲ၍ မည်သို့မျှ မပြုစွမ်းနိုင်ခဲ့ချေ။
၁၉၃၆ ခုနှစ်တွင် အခြားအရေးကြီးသော အဖြစ်အပျက်တစ်ခုမှာ ဂျာမနီနိုင်ငံနျင့် ဂျပန်တို့ ပူးပေါင်း၍ ကွန်မင်တန် ဆန့်ကျင်ရေး စာချုပ်ပြုလုပ်ခြင်းပင်ဖြစ်သည်။ နောက်တစ်နှစ်တွင် အီတလီသည် ထိုစာချုပ်တွင် ပါဝင်ဆောင်ရွက်လေသည်။
၁၉၃၈ ခုနှစ် ၌ ဂျာမနီက ချက်ကိုစလိုဗက်ကီးယား ပိုင်သော ဆူဒေတန်နယ်ကို တောင်းဆိုသောအခါ ချိန်ဗာလိန်နှင့် ပြင်သစ်ဝန်ကြီးချူပ်တို့သည် ယခင်က မိမိတို့ ကတိများ ကိုလျစ်လျှူရှူလျှက် ဂျာမန်တို့၏ အလိုသို့ လိုက်လျောခဲ့သည်.။ အီတလီ၊ ပြင်သစ်၊ အင်္ဂလိပ် နျင့် ဂျာမန်ခေါင်းဆောင်များသည် မြူးနစ် မြို့တွင် စည်းဝေးကာ မြူးနစ်စာချုပ်ကို ၁၉၃၈ ခုနှစ် စက်တင်ဘာလ ၃ဝ ရက်နေ့တွင် ရေးထိုး၍ ဆူဒေတင်နယ်ကလေးကို ဟစ်တလာ၏ လက်သို့ ထိုးအပ်လိုက်သည်။
ထို့နောက် ဟစ်တလာသည် သြစတြီးယား နိုင်ငံအား ၁၉၃၈ ခုနှစ် မတ်လ ၁၂ ၇က်နေ့တွင် ချီတက်သိမ်းပိုက်ခဲ့ပြန်သည်။
သြစတြီးယားကို သိမ်းပိုက်ပြီးနောက် နာဇီ၊ ဟစ်တလာသည် ချက်ကိုစလိုဗက်ကီးယား ဖက်သို့ တည်လှည်ပြန်သည်။ ဟစ်တလာ ချက်နိုင်ငံကို သိမ်းပိုက်ရန် အကြောင်းအမျိုးမျိုးရှာဖွေ၍ ရန်စနေလေသည်.။ ဗြိတိသျှ ၀န်ကြီးချုပ် ချိန်ဗာလိန် သည် သုံးကြိမ်တိုင်တိုင် ဟစ်တလာ နှင့် စေ့စပ်ဆွေးနွေးခဲ့သည်။ ၁၉၃၈ ခုနှစ် မတ်လ ၁၅ ၇က်နေ့တွင် ချက်ကိုစလိုဗက်ကီးယား ကို သိမ်းပိုက်လိုက်သည်။
ချက်ကိုစလိုဗက်ကီးယား ကိုသိမ်းပိုက်ပြီးနောက် နာဇီတပ်ဦးသည် ပိုလန်ဖက်သို့ လှည့်သွားပြန်သည်။ သို့ရာတွင် ဂျာမန်တို့သည် ချက်ခြင်း ဝင်ရောက်မတိုက်သေးချေ။ ဗြိတိန်နှင့် ပြင်သစ်တို့ကလည်း ပိုလန်ကို ဟစ်တလာ တိုက်လျှင် ပိုလန် ဖက်မှ ၀င်ရောက်ကူဦးမည်ဟု ကတိပေးထားကြသည်။ ထိုအတောအတွင်း ဂျာမနီသည် ဆိုဗီယက်ပြည်ထောင်စုနှင့် မကျူးကျော်ရေးစာချုပ်ကို ၁၉၃၉ ခုနှစ်၊ သြဂုတ်လ ၂၃  ရက်နေ့တွင် ချုပ်ဆိုခဲ့သည်။ ယင်းနောက် ၁၉၃၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့တွင် ပိုလန်ကို ရုတ်တရက် ဝင်ရောက်တိုက်ခိုက်လေသည်။ ထို့နောက် နှစ်ရက်အကြာတွင် ဗြိတိတ် နှင့် ပြင်သစ်တို့သည် ဂျာမနီ အား စစ်ကြေညာခဲ့လေသည်။ ဤသို့ဖြင့် ဒုတိယကမ္ဘာစစ်ကြီး  စတင်ဖြစ်ပွားခဲ့လေသည်။
၁၉၃၉ ခုနှစ်တွင် ဂျာမန်က ပိုလန်ကို ၀င်ရောက်သဖြင့် မိမိ၏ နယ်မြေနှင့် နီးလာသောကြောင့် ဆိုဗီယက်တပ်များကလည်း စစ်သဘောအရ ပိုလန်ကို ရှေ့ဘက်မှ ဝင်ရောက်ခဲ့လေသည်။ ပိုလန်အရှေ့ပိုင်း သို့ ၀င်ရောက်ပြီးနောက် ဆိုဗီယက်ပြည်ထောင်စုသည် အက်စတိုးနီးယား၊ လတ်ဗီယား လစ်သွေးနီးယား အစရှိသော ဘောလတစ် နိုင်ငံများနှင့် စာချုပ်ကာ ထိုနိုင်ငံများသည် ဆိုဗီယက် ကြည်း၊ ရေ၊ လေ တပ်စခန်းများ ချထားခဲ့လေသည်။ ဖင်လန် နိုင်ငံနှင့်လည်း အထက်ပါ စာချုပ်မျိုး ပြုလုပ်ရန်အတွက် ဖင်လန်အစိုးရနှင့် စေ့စပ်ပြောဆိုရာ ဖင်လန်က သဘောမတူသဖြင့် ဆိုဗီယက်နှင့် ဖင်လန်တို့၏ ဆက်ဆံရေး အခြေအနေဆိုးရွားလာကာ ၁၉၃၉ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ယခင်က ချုပ်ဆိုခဲ့သော ဆိုဗီယက် နှင့် ဖင်လန် နိုင်ငံ မကျုးကျော်ရေးစာချုပ် မှာ ပျက်သွားပြီဟု ဆိုဗီယက် အစိုးရက ကြေညာခဲ့လေသည်။ ထိုနောက် နိုဝင်ဘာလ ၃ဝ ရက်နေ့တွင် ဆိုဗီယက်နှင့် ဖင်လန်တို့ စစ်ဖြစ်ပွားခဲ့သည်။ ယင်းနောက် ၁၉၄ဝ ပြည့်နှစ် မတ်လ ၁၃ ရက်နေ့တွင် စစ်ပြေငြိမ်းရေး စာချုပ်ချုပ်ဆိုခဲ့သည်။
ဆိုဗီယက်၊ ဖင်လန် စစ်ကြီးပြီးဆုံးခါနီးတွင် ယခင်က ငြိမ်သက်နေသော နောက်ဖက်စစ်မျက်နှာမှာ ရုတ်တရက် လှုပ်ရှားလာသည်။ အထူးသဖြင့် နော်ဝေး နိုင်ငံ တ၀ိုက်တွင် ပိုမိုလှုပ်ရှားလာ၏။ နော်ဝေး နိုင်ငံမှာ မည်သည့်ဖက်ကမှ မပါသော ကြားနေ နိုင်ငံဖြစ်လာသည်။ ပြည်ထောင်စု အချင်းချင်း ဥပဒေအရ နော်ဝေးကမ်းခြေမှ သုံးမိုင်အတွင်း ၌ မည်သည့် စစ်ဆင်မှုမျှ ပြုလုပ်ခွင့်မရချေ။ သို့ရာတွင် ဂျာမနီတို့သည် ဥပဒေကို ချိုးဖောက်၍ နော်ဝေးသဘောင်္ာဆိပ်ကမ်းဖြစ်သော နာဗစ်မြို့ မှ သံများကို သယ်ယူလျှက်ရှိသည်။ ထိုအခါ ဗြိတိသျှတို့သည် နော်ဝေး ရေလက်ကြားကို ပိတ်ဆို့ရလိမ့်မည်ဟု သတိပေးလိုက်သည်။ ထိုအချက်ကို အကြောင်းပြု၍ ဂျာမန် တို့သည် ၁၉၄၀ ပြည့်နှစ် ဧပြီလ ၄ ရက်နေ့တွင် နော်ဝေး နိုင်ငံကို ၀င်ရောက်တိုက်ခိုက်ခဲ့သည်။ နော်ဝေးကို သိမ်းပိုက်သည့်နေ့မှာ ပင် ဂျာမန်တို့သည် ဒိန်းမတ်ကို သိမ်းယူလိုက်ကြသည်။
ဂျာမန်လက်တွင်းသို့ နော်ဝေး နိုင်ငံကျဆုံးသွားရခြင်းမှာ မဟာမိတ်နိုင်ငံများ အဖို့ ကြီးစွာသော ဆုံးရှုံးခြင်းဖြစ်သည်။ နော်ဝေးကို လက်လွတ်ရပြီးနောက် မဟာမိတ်တို့သည် ဆက်ကာ  ဆက်ကာ အရေးနိမ့်လျှက်ရှိသည်။ ၁၉၄ဝ ပြည့်နှစ် မေလ ၁ဝ ရက်နေ့တွင် ဂျာမန်များက နယ်သာလန် နိုင်ငံကို တိုက်ခိုက်လေသည်။ ထို့နောက် မေလ ၁၄ ရက်နေ့ တွင် နယ်သာလန်နိုင်ငံကို ဂျာမန်တို့ သိမ်းပိုက်လိုက်သည်။
ဘယ်လ်ဂျီယံ ကျပြီးနောက် ဂျာမန်တပ်များသည် ဒန်းတတ် မြို့ကို ၀ိုင်းကြပြန်သည်။ အင်္ဂလိပ်တို့လည်း ဂျာမန်များကို ခုခံရန် တပ်ဆယ်တပ် ကို ထားခဲ့ပြိး နောက် ဒန်းကတ်မှ အပြင်းဆုတ်ခွာကြရသည်။ ဗြတိသျှတပ်များ ဒန်းကတ် မှ အပန်းတကြီးဆုတ်ခွာလာပြိးနောက်တွင် ဗြိတိန်တစ်မျိုးသားလုံး၏ စိတ်ဓါတ်မှာ ယခင်ကထက် တိုး၍ လှုပ်ရှားတက်ကြွလာလေသည်။ ဗြိတိသျှဝန်ကြီးချုပ် မစ္စတာ ချာချီကလညး တိုင်းသူပြည်သားများအား စိတ်ဓါတ်မပျက်ပြားစေရန် သြ၀ါဒစကားပြောကြားခဲ့သည်။ သို့ရာတွင် ပြင်သစ်အစိုးရ၏ စိတ်ဓါတ်မှာ ပျက်ပြားလျှက်ရှိသည်။ ပြည်သူလူထုကြိးမှာ တစ်ရှုံးတည်းရှုံးနေသဖြင့် စိတ်ပျက်အားငယ်ကာ မည်သူ့ကို အားကိုးရမှန်းမသိရှာတော့ချေ။ စိတ်ဓါတ်ပျက်ပြားသော ပြင်သစ်တပ်များကို ပြန်လည်စည်းရုံးမိအောင် ဗိုလ်ချုပ်မက်ဇင်းဝေးဂန်း က ကြိုးစားသေးသည်။ သို့သော်လည်း ဂျာမန် ယန္တရား တပ်များ၏ ဒဏ်ကို မတွန်းလှန်နိုင်ချေ။ ထိုကဲ့သို့ အရေးကြီးသည့်အချိန်တွင် အီတလီပြည်သည်  စစ်ထဲသို့ ၀င်ရောက်လာပြီးလျှင် ပြင်သစ်နိုင်ငံ၏ နောက်ကျောကို ဓါးနှင့် ထိုးလေသည်။ ၁၉၄ဝ ပြည့်နှစ် ဇွန်လ ၁၄ ရက် နေ့တွင် ပြင်သစ်တို့ ပါရီမြို့တော်မှ ဆုတ်ခွာသွားသဖြင့် ဂျာမန်တို့လည်း မပင်ပန်းဘဲ ပါရီမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြသည်။
ပြင်သစ်အစိုးရသည် ဗောဒိုးသို့ ပြောင်းရွေ့သွားရသည်။ ၀န်ကြီးချုပ်ရေဒိုး နှုတ်ထွက်၍ မာရှယ်ပေတိန်း တက်လာသည်။ ပေတိန်းသည် အင်္ဂလန်- ပြင်သစ် စာချုပ်ကို ဖောက်ဖျက်ကာ ဂျာမန်နှင့် စစ်ပြေငြိမ်းရန် စေ့စပ်သည်။ ထို့နောက် ဂျာမန်တို့၏ တောင်းဆိုချက်များကို လိုက်လျောကာ ၁၉၄ဝ ပြည့်နှစ်၊ ဇွန်လ ၂၅ ရက်နေ့တွင် ဂျာမနီနှင့် စစ်ပြေငြိမ်းလိုက်သည်။ ဤသို့ဖြင့် ဥရောပ တိုက်တွင် လက်နက်နိုင်ငံကြီး တစ်ခုဖြစ်သော ပြင်သစ်တို့သည် ရက်သတ္တပတ် အနည်းငယ်အတွင်း နာဇီတို့၏ လက်တွင်းသို့ လုံးဝကျရောက်  သွားရလေသည်။
ယင်းနောက် ဂျာမနီ အာဏာရှင် ဟစ်တလာသည် ဗြိတိန်နိုင်ငံကို ဝင်ရောက် တိုက်ခိုက်ရေးနှင် ပတ်သက်၍ စူးစမ်းလေ့လာထားရန် အမိန့်ထုတ်ပြန်ခဲ့သည်။ ထို့နောက် ၁၉၄ဝ ပြည့်နှစ်၊ သြဂုတ်လ ပထမပတ် အတွင်း ဗြိတိန် နိုင်ငံကို ၀င်ရောက်တိုက်ခိုက်နိုင်ရန် အဆင်သင့် ကြိုတင်ပြင်ဆင်ပြီး ဖြစ်နေသည်။ သို့ဖြင့် ၁၉၄ဝ ပြည့်နှစ်၊ သြဂုတ်လ ၁၂ ရက်နေ့တွင် ဂျာမန်လေတပ်သည် အင်္ဂလန်ပြည်ရှိ အချက်အချာမြို့ကြီိးများကို စတင်၍အပြင်းအထန် ဗုံးကြဲလေသည်။ ဤ သည်မှစ၍ ဗြိတိန် တိုက်ပွဲကြီးစတင်ခဲ့လေသည်။ ဂျာမန်တို့သည် ထောင်ပေါင်းများစွာသော လေယာဉ်များဖြင့် တစ်သုတ်ပြီး တစ်သုတ် ဗြိတိသျှ လေယာဉ်ပျံကွင်းများ ၊ စက်ရုံများ၊ ခံတပ်များ၊ မြို့ကြီးများ ကို ဗုံး ကြဲတိုက်ခိုက်ကြသည်။ သို့ရာတွင် ဗြိတိသျှတို့ကို အလွယ်တကူနှင့် မအောင်နိုင်ချေ။ ဗြိတိသျှလေတပ်ကလည်း မိမိထက် အရေအတွက်များသော ဂျာမန်လေယဉ်များကို အောင်မြင်စွာ ခုခံဖျက်ဆီးလေသည်။ စက်တင်ဘာလ ၂ ရက်နေ့တွင် ဗြိတိန်နိုင်ငံကို လာရောက်တိုက်ခိုက်သော ဂျာမန်လေယာဉ်ပျံပေါင်းမှာ ၆၅ဝ ခန့်ရှိလေသည်။ ၁၉၄၀ ပြည့်နှစ် သြဂုတ်လမှ အောက်တိုဘာလထိ အပျက်အစီးမှာ ဂျာမန်လေယာဉ်- ၁၇၃၃ စင်း ဆုံးခဲ့ပြီး ဗြိတိသျှတိုက်လေယာဉ် ၉၁၅ စင်း ဆုံးရှုံးမှု ရှိခဲ့သည်။ ဂျာမန်လေတပ်သည် လေယာဉ်အရေအတွက် ဗြိတိသျှ လေတပ်ထက် သာလွန်သော်လည်း လေယာဉ် အမျိုးအစားနှင့် လေသူရဲတို့၏ စွမ်းရည်တွင်မူ ဗြိတိသျှ လေတပ်က သာပေသည်။
ဗြိတိသျှ လေသူရဲတို့၏ စွမ်းဆောင်မှုကို ချီးကျူးအမွှမ်းတင်သော အားဖြင့် ထိုစဉ်က ဗြိတိသျှဝန်ကြီးချုပ် ဝင်စတန်ချာချီက လူ့လောကတွင် ဖြစ်ပွားခဲ့သော စစ်ပွဲများအနက် ဤမျှ နည်းပါးသူ ( လေသူရဲ) များကို ဤမျှ များပြားသူ (ဗြိတိန်နိုင်ငံသား) များက ကျေးဇူး တင်အပ်ဖွယ်ကောင်းသည့် အဖြစ်မျိုးမှာ မရှိဟု ပြောကြားခဲ့သည်။
နောက်ဆုံးတွင် ဂျာမန်တို့သည် ဗြိတိန်နိုင်ငံအား လေကြောင်းမျ အပြတ်အသတ်တိုက်ခိုက်မည့် ပင်လယ်ဖျံ စစ်ဆင်ရေးကို လက်လျော့လိုက်ကြရသည်။
ဗြိတိန်အား လေကြောင်းမှ တိုက်ခိုက်ရန် အကြံကို လက်လျော့ရပြိးနောက် ဟစ်တလာသည် နောက်ထပ် အကြီးအကျယ် ထိုးစစ်ဆင်ရန် မကြိုးစားတော့ချေ။ ဆိုဗီယက်ပြည်ထောာင်စုမှာ ထိုအချိန်အထိ ဟစ်တလာနှင့် မဟာမိတ်စာချုပ် ချုပ်ဆိုထားသော်လည်း မူလကတည်းက နာဇီဝါဒအား မုန်းတီးသောစိတ်ကို ကြာရှည်စွာ လှို့ဝှက်မထားနိုင်ကြချေ။ ထိုအချက်ကို ကောင်းစွာသိသော ဟစ်တလာသည် ရှေးဦးစွာ ဆိုဗီယက် ပြည်ထောင်စုကိုနှိမ်နှင်း ပြီးလျှင် ဥရောပတိုက် တစ်တိုက်လုံးကို စိုးမိုးရန် ကြံရွယ်ထားလေသည်။
ဟစ်တလာသည် ကြားနေနိုင်ငံကြီး နှစ်နိုင်ငံဖြစ်သော အမေရိကန် ပြည်ထောင်စု နှင့် ဆိုဗိယက် ပြည်ထောင်စုတို့၏ အင်အားစုကို ဖြိုခွဲရန် အတွက် အီတလီ၊ ဂျပန်တို့နှင့် ပူးပေါင်းထားလေသည်။ သို့ဖြင့် ၁၉၄ဝ ပြည့်နှစ်၊ စက်တင်ဘာလ ၂၇ နေ့တွင် ဝင်ရိုးတန်းနိုင်ငံများ ဟူ၍ ပေါ်ပေါက်လေသည်။ ယင်းစာချုပ်အရ ဥရောပတိုက်တွင် ဂျာမနီ နှင့် အီတလီ တို့၏ ဦးဆောင်မှုကို ဂျပန်တို့က အသိအမှတ်ပြုကြရသည်။ မဟာမိတ်တစ်နိုင်ငံအား ပြင်ပရန်သူများ က တိုက်ခိုက်ခဲ့သော် တစ်ဦးကို တစ်ဦး ကူညီရန် သဘောတူညီကြသည်။
ဂျာမန်တို့သည် ဆိုဗီယက်ပြည်ထောင်စုအား ထိုးစစ်ဆင်နွှဲရန် ၁၉၄ဝ ပြည့်နှစ် နွေရာသီကပင် စတင် ပြင်ခဲ့ပြီး ဆောင်းဦးကာလတွင် အသေးစိတ် စီစဉ်ခဲ့လေသည်။ ဟစ်တလာသည် ဒီဇင်ဘာလ ၁၈ ရက်နေ့တွင် ဘာဘာရိုဆာ စစ်ဆင်ရေး အမိန့်အမှတ်  ၂၁ ကို ထုတ်ပြန်ခဲ့ပြိး ဆိုဗီယက်ပြည်ထောင်စုကို အလျှင်အမြန်ချေမှုန်း တိုက်ခိုက်ရေးအတွက် ဂျာမန်တပ်များကို အသင့်ပြင်ထားရန် ညွှန်ကြားခဲ့သည်။
ထို့နောက် ဂျာမန်တို့သည် ၁၉၄၁ ခုနှစ် ဇွန်လ ၂၂ ရက် နေ့တွင် ဆိုဗီယက် ပြည်ထောင်စုကို စစ်ကြောင်းသုံးကြောင်း ဖြင့် လျှပ်တပြက် ထိုးစစ်ဆင်နွှဲခဲ့ကြသည်။ ဂျာမန်တပ်များသည် အောင်ပွဲများ ဆက်တိုက်ရရှိကာ တစ်နေ့လျှင် မိုင် ၂ဝ နှုန်း မျှ ချီတက်သိမ်းပိုက်နိုင်ခဲ့သည်။ ၁၉၄၁ ခု နှစ် ဒီဇင်ဘာလဆန်းတွင် ဂျာမန်တပ်များသည် မော်စကိုမြို့ ဆင်ခြေဖုံး အထိရောက်ရှိခဲ့ကြသည်။ မော်စကိုမြို့၏ မြောက်ဘက် နှင့် တောင်ဘက်တွင် တိုက်ပွဲများြ့ပင်းထန်ခဲ့သည်။ သို့သော်လည်း ဆိုဗီယက် တို့၏ ကြံ့ခိုင်မှုကြောင့် ဂျာမန် တို့၏ ထိုးစစ်မှာ့ ရပ်တန့်သွားခဲ့ရသည်။
ဂျာမန်တို့၏ ထိုးစစ်ရပ်တန့်သွားပြီး နောက်တစ်နေ့ ( ဒီဇင်ဘာလ ၆ ရက်) နေ့မှာ ပင် ဆိုဗီယက်ဗိုလ်ချုပ်ကြီး ဇူးကော့ဗ် (နောက်တွင် မာရှယ်) သည် ဆောင်းရာသီ အထွေထွေ ထိုးစစ်ကြီး တစ်ရပ်ကို တန်ပြန်ဆင်နွှဲခဲ့သည်။ ထို့ကြောင့် ဂျာမန်တပ်များ နောက်ဆုတ်ခဲ့ရပြိး ဂျာမန် တပ်များ၏ အခြေအနေ ဆိုးသွားခဲ့သည်။ ဟစ်တလာသည် ဒီဇင်ဘာလ  ၈ ရက် နေ့တွင် မော်စကိုစစ်မျက်နှာ နှင့် သက်ဆိုင်သော အစည်းအဝေးတစ်ရက်ခေါ် ယူ ကျင်းပခဲ့ပြိး အခြေအနေဆိုးရွားနေသော မော်စကို ကို သိမ်းပိုက်ရေးအစီအစဉ် ကို ရပ်ဆိုင်း ရန် အမိန့်ထုတ်ပြန်ခဲ့သည်။
ရက်ပေါင်း ၂ဝ ကြာ မော်စကို ကို သိမ်းပိုက်ရေး တိုက်ပွဲတွင်  ဂျာမန်စစ်သည်ပေါင်း ၁၅၅ဝဝဝ သေကြေဒဏ်ရာ ရရှိခဲ့ပြီး တင့်ကားပေါင်း ၈ဝဝ အမြှောက်ပေါင်း ၃ဝဝဝ နှင့် လေယာဉ်ပေါင်း ၁၅ဝဝ ခန့် ပျက်စီး ဆုံးရှုံးခဲ့သည်ဟု ဆိုသည်။
ဟစ်တလာ သည် ၁၉၄၂ ခုနှစ် သြဂုတ်လ တွင် အရှေ့ဘက် စစ်မျက်နှာ၌ ထိုးစစ်သစ် တစ်ရပ် ဆင်နွှဲခဲ့ပြန်သည်။ ဆိုဗီယက် ပြည်ထောင်စု၏ အနောက်တောင်ဘက်ဖြစ်သော ကော့ကေးရှပ်ဒေသမှ ရေနံများ ရယူလိုသဖြင့် ထိုးစစ်ဆင်ခြင်းဖြစ်သည်။ ထိုစစ်ဆင်ရေးတွင် စတာလင် ဂရက် တိုက်ပွဲသည် ကြီးကျယ်ထင်ရှားသည်။
စတာလင်ဂရက်မြို့သည် ဗော်လီဂါဖြစ် ကမ်းပေါ်တွင် အလျားလိုက် တည်ရှိနေသော မြို့ဖြစ်သည်။ လူဦးရေ ငါးသိန်းခန့် နေထိုင်၍ စစ်လက်နက် ပစ္စည်း ထုတ်လုပ်သော စက်ရုံအလုပ်ရုံကြိးများလည်း ရှိသည်။ ဂျာမန် အမှတ်- ၆  တပ်မတော်သည် ၁၉၄၂ ခုနှစ် စက်တင်ဘာလ ၁၅ ရက်နေ့တွင် စတာလင်ဂရက်မြို့ ကို ထိုးစစ်ဆင်နွှဲရာ တစ်ပတ်လုံးလုံး တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီး ဂျာမန်တပ်များ မြို့လယ်အထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ သို့သော်လည်း ဆိုဗီယက်တပ်များ ကြံကြံခံ ခုခံပြိး ဂျာမန်တို့ကို ပြန်လည် တိုက်ထုတ်ပစ်နိုင်ခဲ့သည်။
သို့ဖြင့် ဟစ်တလာ သည် တိုက်ပွဲနည်းဗျူဟာကို ပြောင်းလဲပစ်လိုက်ပြိး စတာလင်ဂရက်မြို့ကို အပြင်မှ ၀ိုင်းထားပြိး အမြှောက်ကြီးများ၊ ဗုံးကြဲလေယာဉ်များဖြင့် စနစ်တကျ ပစ်ခတ်ဗုံးကြဲ ဖျက်ဆီးရန် အမိန့်ပေးထားခဲ့သည်။ ဂျာမန်နှင့် ဆိုဗီယက် တို့သည် အပျက်အစီးများအကြား လမ်းကြိုလမ်းကြား မြေပေါ် မြေအောက် အနှံ့ တစ်အိမ်တက်ဆင်းတိုက်ခိုက်ကြရာ မြေကြွက်စစ်ပွဲ “ ( Rat War ) ဟူ၍ပင် အမည်တွင်သွားသည်။
အလယ်ပိုင်း စစ်မျက်နှာတွင် ဆိုဗီယက် ပြည်ထောင်စု၏ စစ်တပ်များ ထိုးစစ်ဆင်နေစဉ် တစ်ကမ္ဘာလုံး မမျှော်လင့်သော အဖြစ်အပျက်တစ်ခု ပေါ်ပေါက်လာသည်။ ထိုနေ့ကား ၁၉၄၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့ တွင် ၀င်ရိုးတန်း နိုင်ငံတစ်ခုဖြစ်သော ဂျပန်နိုင်ငံသည် စစ်မကြေညာဘဲ အမေရိကန် ပြည်ထောင်စုပိုင် ဟာဝိုင်ရီကျွန်းရှိ  “  ပါးဟာဗာခေါ် “ ပုလဲဆိပ်ကမ်း” ကို ရုတ်တရက် ဗုံးကြဲတိုက်ခိုက်သည်။ ထိုသို့ စတင် တိုက်ခိုက်ပြီး နောက် နာရီပေါင်း များစွာကြာမှ ဂျပန်အစိုးရက အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်ကို စစ်ကြေညာလေသည်။ ဒီဇင်ဘာလ ၈ ရက်နေ့တွင် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့ကလည်း ဂျပန်အား ပြန်၍ စစ်ကြေညာလေသည်။  ဂျာမနီနှင့် အီတလီတို့ကလည်း အမေရိကန်ပြည်ထောင်စုအား စစ်ကြေညာ၍ အမေရိကန် ပြည်ထောာင်စုကလည်း ချက်ခြင်း တုန့်ပြန်သည်။ ဤ သို့ဖြင့် ဒုတိယ ကမ္ဘာစစ်ကြီးမှာ တစ်ကမ္ဘာလုံးသို့  ပြန့်နှံသွားလေသည်။ အဆိုပါ ပုလဲဆိပ်ကမ်းတိုက်ပွဲတွင် အမေရိကန်တို့ဘက်မှ တိုက်သင်္ဘောကြီး ငါးစီး နစ်မြုပ်သွားပြိး နှစ်စီး ပျက်စီးသွားသည်။ ခရုဇာသင်္ဘောငယ်သုံးစီး၊ ဖျက်သင်္ဘော သုံးစီး နှင့် အရန်သင်္ဘော အများအပြား နစ်မြုပ်ပျက်စီးသွားခဲ့သည်။ လေယာဉ် ၁၈၈ စင်း ဆုံးရှုံးပြီး အစင်း ၃ဝဝ ပျက်စီးသွားခဲ့သည်။ အရာရှိနှင့် စစ်သည် ၂၃၄၃ ယောက်သေဆုံးပြိး ၁၂၇၂ ယောက်ဒဏ်ရာရကာ ၁ဝဝဝ ကျော် ပျောက်ဆုံးခဲ့သည်။ ဂျပန်တို့ဘက်မှ  လေယာဉ် ၂၉ စင်း၊ ရေငုပ်သင်္ဘောကြိးတစ်စီး နှင့် ရေငုပ်သင်္ဘောငယ် ငါးစီး ဆုံးရှုံးခဲ့သည်။
ထိုတိုက်ပွဲကြောင့် အမေရိကန် ၊ ပစ္စိဖိတ် ရေတပ်သည် သုံးမရအောာင် ပျက်စီးသွားခဲ့ပြိးနောက် ရေတပ်အင်အား ဆုံးရှုံးမှုမှာ ပထမကမ္ဘာစစ် အတွင်းက ဆုံးရှုံးမှုထက် သာလွန်ခဲ့သည်။ ပုလဲဆိပ်ကမ်း ဗုံးကြဲချိန်နှင့် တစ်ပြိုင်တည်းမှာပင် ပစ္စိဖိတ် အနောက်ပိုင်းဒေသကို တိုက်ခိုက်ခဲ့ရာ ခြောက်လအတွင်း ပစ္စိဖိတ် အနောက် ပိုင်း တစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အင်အားကြီးများစွာဖြင့် အိန္ဒိယ နယ်စပ်အထိ ခြိမ်းခြောက်လာနိုင်ခဲ့သည်။ ဤသို့ဖြင့် ရေနံထွက်ရာ ဒတ်ခ်ျ အရှေ့ အိန္ဒိယ ကျွန်းစုကို ရရှိရုံမျှမက ဂျပန်သို့ ရေနံတင်ပို့ရာ ပင်လယ်ရေကြောင်းလမ်းကိုလည်း ဖွင့်ထားနိုင်ခဲ့သည်။
ဂျပန်တို့ သိမ်းပိုက်မိထားသော ဒေသကြီးမျာ များစွာ ကျယ်ပြန့်လှသဖြင့် စစ်ကာလ ခြောက်လ ကျော်လာချိန်တွင် ဂျပန်နိုင်ငံသည် မိမိ၏ စစ်အင်အားကို အစွမ်းကုန်ဖြန်ံကျက်မိနေပြီဖြစ်သည်။ ဂျပန်၏ အောင်ပွဲအဓွန့်ရှည် တည်တံ့ရေးသည် ဥရောပ စစ်မျက်နှာမှ မဟာမိတ် ဟစ်တလာ၏ အောင်မြင်မှုအပေါ်တွင် တည်မှီနေရာ ဟစ်တလာ၏ ဂျာမနီ မလွဲမသွေပျက်စီးတော့မည့် အခြေအနေတွင် ဂျပန်တို့၏အောင်ပွဲရက်များ လည်း အကန့်အသတ် ရှိလာခဲ့သည်။ ဂျပန် တို့သည် စစ်မျက်နှာ ကျယ်ပြန့်စွာ တိုက်နေရပြီး လေကြောင်း စိုးမိုးနိုင်မှု မရှိသဖြင့် နေရာ အတော်များများတွင် အားနည်း ကာ ကျိုးပေါက်ခဲ့ရသည်။
အမေရိကန် စစ်ဦးသည် ဂျပန်ပြည်မ ကျွန်းစုဆီသို့လည်းကောင်း၊ ဒတ်ခ်ျ အရှေ့အိန္ဒိယကျွန်းစု ဆီသို့လည်းကောင်း ဖြန့်ကျက် လျှက် ဦးတည်၍ တိုက်ခိုက်ခဲ့သည်။ ပထမပိုင်းတွင် အမေရိကန် တို့သည် ဂျပန်တို့အား အရေးကြီးဆုံးသော ဒေသများတွင် တိုက်ပွဲများ ဆင်နွှဲခဲ့သည်။
၁၉၄၄ ခုနှစ်အတွင်းမှာပင်  အမေရိကန်တပ်များသည် ပစ္စိဖိတ်နောက်ပိုင်း ဒေသသို့လည်း ထိုးစစ်များဆင်နွှဲခဲ့ရာ စက်တင်ဘာလ လယ်တွင် ဒတ်ခ်ျ အရှေ့အိန္ဒိယကျွန်းစု သို့ ချဉ်းကပ်လာမိပြိး အေက်တိုဘာလ ၂၀ ရက် နေ့တွင် လေတီ ( Layte ) ကျွန်း တိုက်ပွဲဖြင့် ဖိလစ်ပိုင်ကျွန်း စုသို့ ချဉ်းကပ်လာခဲ့သည်။  ၁၉၄၅ ခုနှစ်၊ ဇန်န၀ါရီလ ၉ ရက်နေ့ တွင် လူဇုံကျွန်း “ Luzon “ တိုက်ပွဲဖြင့် ပစ္စိဖိတ် အနောက်ပိုင်း ဒေသ၌ ဂျပန်တို့၏ စိုးမိုးမှုကို ချိုးဖျက်နိုင်ခဲ့သည်။
ပစ္စိဖိတ်သမုဒ္ဒရာဖက်တွင် အမေရိကန်နှင့် ဂျပန်တို့ သဲသဲမဲမဲ တိုက်ခိုက်နေစဉ် ဥရောပတိုက် တွင် ဂျာမနီ များသည် ဆိုဗီယက် ပြည်ထောာင်စုကို နွေရာသီ ထိုးစစ်ဆင်လျှက်ရှိသည်။ ဆိုဗီယက် နိုင်ငံခြားရေး ဝန်ကြီး မိုလိုတော့ သည် ၁၉၄၂ ခုနှစ် မေလတွင် လန်ဒန်နှင့် ၀ါရှင်တန် မြို့တော်များကို သွားရောက်ပြိးလျှင် ဒုတိယ စစ်မျက်နှာဖွင့်လှစ်ရေး ကို ဆွေးနွေးသည်။
၁၉၄၂ ခုနှစ်က စ၍ ဗြိတိသျှလေတပ်မတော်သည် ဂျာမန်စက်မှုလက်မှု အလုပ်ရုံ့ကြီးများ ကို အပြင်းအထန်ဗုံးကြဲစပြုလေသည်။ မေလတွင် ကိုလုန်းမြို့ ပေါ်သို့ လေယာဉ် ၁ဝဝဝ ကျော်ဖြင့် သွားရောက် ဗုံးကျဲဖျက်ဆီးသည်။ တစ်နေ့လုံးပင် ဗြိတိသျှလေတပ်သည် ဂျာမန်စစ်စခန်းများ၊ အလုပ်ရုံ စက်ရုံများကို စနစ်တကျ ဗုံးကြဲ တိုက်ခိုက် ဖျက်ဆီးသည်။
၁၉၄၂ ခုနှစ် နိုဝင်ဘာလတွင် ဆိုဗီယက်တို့သည် တန်ပြန်ထိုးစစ်ဆင်ပြိးလျှင် စတာလင်ဂရက်နှင့် မော်စကိုမြို့အကြား ရှိ ဂျာမန်စစ်ကြောင်းကို ၀ိုင်းမိကာ ချေမှုန်းပစ်နိင်လေသည်။ ဂျာမန်တို့သိမ်းပိုက်ထားသော မြို့များစွာကိုလည်း ပြန်လည်ရရှိသည်။ ၁၉၄၂ ခုနှစ်တွင် စမိုလင့်၊ ခါခေါ့ စသော မြို့ကြိးများကို ဂျာမန်တို့ လက်မှ ပြန်လည်ရရှိလေသည်။
၁၉၄၄ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် အမေရိကန်ဗိုလ်ချုပ် အိုင်စင်ဟောင်းဝါး အုပ်ချုပ်သော မဟာမိတ်တပ်ပေါင်းစုသည် ပြင်သစ်နိုင်ငံ နော်မန်ဒီကန်းခြေမှ ဥရောပတိုက်ပေါ်သို့ တက်ရောက်ကြသည်။ ထိုနေ့ကား ကမ္ဘာ့သမိုင်းတွင် ဒီဒေး  ( D- Day ) ဟု ထင်ရှားလေသည်။ ဤ အချိန်မှသာ ဒုတိယ စစ်မျက်နှာပေါ်ပေါက်လာတော့သည်။ ကိုးလုန်း မြို့ကျဆုံးပြိးနောက် ဂျာမန်တပ်များမှာ နောက်သို့ တစ်ဆုတ်တည်း ဆုတ်နေကြရသည်။ နောက် သုံးပတ်မျှကြာသောအခါ အမေရိကန် နှင့် ပြင်သစ်တပ်များသည် မြေထဲပင်လယ်ကမ်းခြေမှ နေ၍ ပြင်သစ်နိုင်ငံ ပေါ်သို့ တက်ရောက်ကြပြီးလျှင် သြဂုတ်လ ၂၅ ၇က် နေ့တွင် ပြင်သစ်မြို့တော် ပါရီမြို့ကို သိမ်းပိုက်မိကြသည်။
မဟာမိတ်တပ်ပေါင်းစုသည် ဆုတ်ခံလျှက်ရှိသော ဂျာမန်တပ်များကို လိုက်လံတိုက်ခိုက်ယင်း ရှေ့သို့တွင်တွင်ကြီး ချီတက်လျှက် ဘဲလ်ဂျီယံ၊ လူဇင်ဘတ်၊ ဟော်လန် စသော နိုင်ငံများကို ဂျာမန်တို့လက်မှ ကယ်တင်လိုက်သည်။ အင်္ဂလိပ် ရေလက်ကြားကြိးကိုလည်း ပြန်လည်စိုးမိုးနိုင်လေသည်။ ဂျာမန်တပ်များမှာ ပြင်သစ်နိုင်ငံမှ တစ်ဖြေးဖြေး မောင်းထုတ်ခြင်းခံနေရသည်။  ၁၉၄၅ ခုနှစ်ဆန်းစတွင် ဆိုဗီယက်တပ်များက ပိုလန်နှင့် ဗော်လတစ်နိုင်ငံများကို ဂျာမန်တို့လက်မှ ကယ်ထုတ်နိုင်ခဲ့သည်။ ယူရုဆလားဗီးယား တွင် ကားမား ရှယ်တီးတိုး ခေါင်းဆောင်သော ပြောက်ကျား တော်လှန်ရေးတပ်များသည် ဖက်ဆစ်တို့ ကို တွန်းလှန်လျှက်ရှိသည်။ ဂရိနိုင်ငံကိုလည်း ၁၉၄၄ ခုနှစ် နိုဝင်ဘာလတွင် ကယ်လိုက်သည်။
၁၉၄၅ ခုနှစ် နွေဦးတွင် မဟာမိတ်တပ်ပေါင်းစုသည် ဂျာမနီတွင် အပြင်းထိုးစစ်ဆင်ကာ ရိုင်းမြစ်ကို ဖြတ်ကူး၍ ဂျာမန်မြို့ကြီးများကို သိမ်းယူလေသည်။ ဧပြီလ ၂၁ ရက်နေ့တွင် အရှေ့ဖက်မှ အောင်ပွဲဆင်လျှက်ရှိသည့် ဆိုဗီယက်တပ်နီတော်သည် ဘာလင်မြို့တော်ထဲသို့ ပထမဆုံးဝင်ရောက်ခဲ့သည်။ သို့ရာတွင် ဟစ်တလာကား လက်မလျော့သေး။ ကြွင်းကျန်နေသေးသော အင်အားစုနှင့် ခုခံလျှက်ရှိသေးသည်။ အရှေ့ဖက် သို့ ချီတက်လျှက်ရှိသော အမေရိကန်တပ်များ နှင့် အနောက်သို့ ချီတက်လျှက်ရှိသော ဆိုဗီယက်တပ်များသို့ အယ်လ်ဘီမြစ်ကမ်းပေါ်ရှိ တော်ဂို မြို့၌ ၁၉၄၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့ တွင် တွေ့ဆုံမိကြသည်။
ထိုနှစ် ဧပြီလ ၂၈ ရက်နေ့တွင် အီတလီ ဖက်ဆစ်တော်လှန်ရေး သမားများက အာဏာရှင် မူဆိုလိုနီအား သုတ်သင်လိုက်ကြသည်။ မေလ ၁ ရက်နေ့တွင်မူ  ဟစ်တလာ သေဆုံးပြီဆိုသော သတင်းကို ဂျာမန် ရေဒီယို က ကြေညာသည်။ နောက်တစ်နေ့တွင် ရုရှား တပ်နီတော်က ဘာလင်မြို့တော်ကို လုံးဝ စီးမိပြီး နေက်ငါးရက်မျှအကြာ ၁၉၄၅ ခုနှစ် မေလ ၇ ရက် နေ့တွင် နာဇီ ဂျာမနီတို့ ခြွင်းချက်မရှိ လက်နက်ချလေသည်။ သို့ဖြင့် ဥရောပ စစ်ပွဲကြိးကား ပြီးဆုံးသွားလေသည်။ ကမ္ဘာစစ်မျက်နှာတွင်ဖက်ဆစ် ဂျပန်တစ်ဦးတည်း သာကျန်ရစ်လျှက်ရှိသည်။
ဥရောပ စစ်မျက်နှာတွင် ဟစ်တလာ၏ တပ်များ လက်နက်ချပြီးနောက် အမေရိကန် သမ္မတ၊ တရုတ်သမ္မတ နိုင်ငံ နေရှင်နယ်လစ်အစိုးရ၏ သမ္မတ၊ ဗြိတိန်ဝန်ကြီးချုပ်နျင့် ဆိုဗီယက် ဝန်ကြီးချုပ်တို့သည် ပို့စဒမ်ကွန်ဖရင့် ကျင်းပခဲ့သည်။ ထို ကွန်ဖရင့်က ၁၉၄၅ ခုနှစ် ဇူလိုင်လ ၂၆ ရက်နေ့ တွင် ပို့စဒမ် ကြေညာချက် ထုတ်ပြန်ကာ ဂျပန်နိုင်ငံအား လက်နက်ချရန် တောင်းဆိုခဲ့သည်။ ကြေညာချက်ကို အမေရိကန် သမ္မတ၊ တရုတ် သမ္မတ နှင် ဗြိတိန်ဝန်ကြီးချုပ် တို့ လက်မှတ်ရေးထိုးခဲ့သည်။
ဂျပန်နိုင်ငံအနေနှင့် စစ်နိုင်ရန် မျှော်လင့်ချက်မရှိသော်လည်း ဂျပန်နိုင်ငံသည် အာဏာပိုင် အသိုင်းအဝန်း တွင် ပို့စဒမ် ကြေညာချက်အား လက်ခံရေး လက်မခံရေး အငြင်းပွားနေခဲ့သည်။ ထိုသို့ နှောင့်နှေးနေစဉ် ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ ရက်နေ့ နံနက် ၉ နာရီ ၁၅ မိနစ်တွင် ဂျပန်နိုင်ငံ ဟွန်ရှူကျွန်း ပေါ်ရှိ ဟီရိုရှီးမား မြို့ပေါ် ကို အမေရိကန်က အဏုမြူဗုံး တစ်လုံး ကြဲချခဲ့သည်။ အဆိုပါ ဗုံးကြောင့် ဟီရိုရှီးမား မြို့တွင် နေထိုင်သူ လူဦးေ၇ – ၃၄၄ဝဝဝ ရှိသည့်အနက် သေဆုံးသူနှင့် ပျောက်ဆုံးသူ ဦးရေ ၇၁ဝဝဝ နှင့် ဒဏ်ရာ ရသူ ၆၈ဝဝဝ ရှိခဲ့သည်။
နောက် သုံးရက်အကြာ သြဂုတ်လ ၉ ရက် နေ့ နံနက် ၁၁ နာရီ ၃၀ မိနစ်တွင် ဂျပန်နိုင်ငံ ကျူရှူကျွန်း ပေါ်ရှိ နာဂါဆကီ မြို့ပေါ်သို့ အမေရိကန် အဏုမြူ ဗုံး နောက်တစ်လုံး ကြဲချခဲ့ပြန်သည်။ ဒုတိယ ဗုံးကြောင့် လူပေါင်း ၃၅ဝဝဝ သေဆုံးပြိး ၆ဝဝဝဝ ဒဏ်ရာ ရခဲ့သည်။ အနုမြူဗုံးဒဏ်ကြောင့် ဒဏ်ရာရသူများမှာ ယနေ့ထိ သားစဉ် မြေးဆက် ခံစားနေကြရဆံဖြစ်သည်။
ဆိုဗီယက်ပြည်ထောင်စုကလည်း ဆိုဗီယက် ၊ အမေရိကန် နှင့် ဗြိတိန် ကြီး ၃ ကြိး သဘောတူညီချက်အရ သြဂုတ် ၈ ရက်နေ့တွင် ဂျပန်တို့ စစ်ကြေညာပြီး ဆိုဗီယက်တပ်များသည် ဂျပန် လက်အောက်ရှိ မန်ချူးရီးယား ကို ၀င်ပြီး ဖက်ဆစ်တို့လက်မှ ကယ်တင်ခဲ့သည်။ မဟာမိတ် လေယာဉ်များသည် ဂျပန်နိုင်ငံကို သြဂုတ်လ ၁၃ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ပြန်သည်။ ထို့နောက် သြဂုတ် ၁၄ ရက် နေ့တွင် ဂျပန် ဧကရာဇ် ဘုရင် ဟီရိုဟီတို သည် အစိုးရနှင့် စစ်ဘက်အကြီးအကဲများကို အစည်းအဝေးခေါ်ယူပြီး တိုင်းပြည် ဆက်လက် မနစ်နာစေရန် ပို့စဒမ် ကြေညာချက်ကို လက်ခံရမည်ဖြစ်ကြောင်း ဆုံးဖြတ်ချက်ချခဲ့သည်။ ထိုနေ့ည ၁၁ နာရီတွင် ဂျပန်အစိုးရသည် မဟာမိတ် လေးနိုင်ငံသို့ ပို့စဒမ် ကြေညာချက်ကို ခြွင်းချက်မရှိ လက်ခံကြောင်း အကြောင်းကြားခဲ့သည်။ ထို့နောက် ၁၉၄၅ ခုနှစ် သြဂုတ်လ ၁၅ ရက်နေ့ တွင် ဂျပန် ဧကရာဇ်ဘုရင် က တိုင်းပြည်သို့ လက်နက်ချကြောင်း အသံလွှင့် ကြေညာခဲ့သည်။ လက်နက်ချ စာချုပ်ကို စက်တင်ဘာလ ၂ ရက်နေ့တွင် ဂျပန်ပင်လယ်ရှိ အမေရိကန် စစ်သင်္ဘော မစ်ဆူရီ ပေါ်၌ ကျင်းပခဲ့သော ဗိုလ်ချုပ်ကြီး မက်အာသာ နှင့် မဟာမိတ်များ ရှေ့မှောက်၌ ဂျပန်ဗိုလ်ချုပ်ကြီး အူမဲဇူ က လက်နက်ချစာချုပ် ကို လက်မှတ်ရေးထိုးခဲ့သည်။  ယင်းနေ့ကို  “ ဗွီဂျေဒေး “ ( VJ- Day )  ခေါ် ဂျပန်ကို အောင် နိုင်သောနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ ဤ သို့ဖြင့် ၁၉၃၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့တွင်  စတင်ခဲ့သော  ဒုတိယကမ္ဘာစစ်ကြီးသည် ၁၉၄၅ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တွင် လုံးဝ ပြီးဆုံးသွားလေသည်။
ကမ္ဘာစစ်ကြီး ပြီးဆုံးပြီးနောက် ဆန်ဖရန်စစ္စတိုမြို့တွင် ၁၉၄၅ ခုနှစ် ဧပြီလ ၂၅ ရက်နေ့မှ ဇွန်လ ၂၆ ရက်နေ့အထိ ကျင်းပခဲ့သော နိုင်ငံတကာ အဖွဲ့အစည်း တစ်ရပ်ဖွဲ့စည်းရေးဆိုင်ရာ ကုလသမဂ္ဂ ကွန်ဖရင့် ၌ နိုင်ငံပေါင်း ၅ဝ မှ ကိုယ်စားလှယ်များက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းကို ရေးဆွဲခဲ့ကြသည်။ ၁၉၄၄ ခုနှစ် သြဂုတ်လ နှင့် အောက်တိုဘာလ တို့တွင် ဒမ်ဘာတင်အုပ်စု၌ တရုတ်ပြည်၊ ဆိုဗီယက်ပြည်ထောင်စု၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စု တို့ ပူးပေါင်း အဆိုပြုခဲ့ကြသည့် အချက်အလက်များကို ကိုယ်စားလှယ်များ သည်စဉ်းစားသုံးသပ်ခဲ့ကြသည်။ ထို့နောက် ဇွန်လ  ၂၆ ရက်နေ့တွင် ပဋိညာဉ်စာတမ်းကို ကိုယ်စားလှယ်များက လက်မှတ်ရေးထိုးကြသည်။ ကွန်ဖရင့်တွင် ပါဝင်ခြင်းမရှိခဲ့သော ပိုလန်သည်လည်း နောက်ပိုင်း၌ လက်မှတ်ရေးထိုးခဲ့သောကြောင့် မူလ ၅၁ နိုင်ငံတွင် ပါဝင်ခဲ့လေသည်။ ကုလသမဂ္ဂအဖွဲ့ကြီးသည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် တရားဝင်ရှိလာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၆၈ နှစ် အတွင်း သို့ ချဉ်းနင်းဝင်ရောက်ခဲ့ပြီးဖြစ်သည်။ ကုလသမဂ္ဂဖွဲ့စည်းစက အဖွဲ့ဝင် နိုင်ငံ ၅၁ နိုင်ငံသာ ရှိခဲ့သော်လည်း ၂၀၁၂ ခုနှစ်၊ ၄၇ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့် အချိန်အထိ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံ ရှိလာခဲ့သည်။
ကုလသမဂ္ဂသက်တမ်း နှစ် (၆၈) နှစ်အတွင်း အဓိကရည်မှန်းချက်ကြီး နှစ်ရပ်ဖြစ်သော အနာဂတ်လူသား မျိုးဆက်များအားစစ်မက်ဘေးဆိုးမကြုံရလေအောာင်ကယ်တင်စောင့်ရှောက်ရန်နှင့်လူမှုဖွံ့ဖြိုးတိုးတက်ရေး၊သဘာဝဘေးဒဏ်ကာကွယ်ရေး၊ကျန်မာရေး၊လူ့အခွင့်ရေးကာကွယ်စောက်ရေး၊စစ်ပြေးဒုက္ခသည်များကူညီရေးနှင့် ပိုမိုကောင်းမွန်သော ဘဝအဆင့်အတန်း ဖန်တီးရေးကို မြေတောင်မြှောက်ပေးရန် ဟူသော သန္နိဌာန် ကြီးများကို အောင်မြင်တန်သ၍ အောင်မြင်စွာ ဖြည့်စွမ်း နိုင်ခဲ့သည်ဟု ဆိုနိုင်ပေသည်။သို့ သော် ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးချိန်မှယနေ့ တိုင်တတိယစစ်ပွဲကြိးမဖြစ်ပွားစေရန်ကာကွယ်ထိန်းသိမ်းထားနိုင်သော်လည်းကန့်သတ်စစ်ပွဲများ၊ဒေသန္တရစစ်ပွဲများ ကို မူမဟန့် တားနိုင်ခဲ့ချေ။ထို့ ပြင်ဗီတိုအာဏာပိုင်ကြီးငါးကြီး(တရုပ်၊ရုရှား၊ဗြိတိန်၊ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုတို့သည်သူတလူငါတမင်းပြုမူလျက်လူ့အခွင့်အရေး၊ဒီမိုကရေစီရေးနှင့်စစ်အာဏာရှင်ဖယ်ရှားရေးကိစ္စတို့တွင်ညှိနှိုင်း မရဘဲ မိမိတို့ ၏အကျိုးစီးပွားကိုသာလျှင်ရှေ့တန်းတင်ကာသူဖြူလျှင်ငါမည်းပမာပြုမူလျက်ရှိနေသည်ဝမ်းနည်းစရာပင်ဖြစ်သည်။
မည်သို့ဆိုစေ….စစ်၏ခါးသီးသောအတွေ့အကြုံများကိုသင်ခန်းစာယူကာကမ္ဘာ့ငြိမ်းချမ်းသာယာဝပြောရေးရရှိစေရန် ထာဝရ ကြိုးပမ်းရွက်ဆောင်ရန်အစဉ်ကြိုးပမ်းနေရမည်ဖြစ်ပေသည်။

သို့ မှသာ  နောက်ထပ် ကမ္ဘာစစ်ကြီးများမဖြစ်ပွားစေရန် တားဆီးနီုင်မည်မဟုတ်ပါလော။။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်