Nyein Chan Aye – Articles

September 1, 2013

ချို့ယွင်းမှုတွေထဲက အလှတရား
ငြိမ်းချမ်းအေး
စက်တင်ဘာ ၁၊၂၀၁၃


ဒီဇာတ်လမ်းကလေးက စင်္ကာပူ လူငယ်၊ အားကစား နှင့် လူမှုပတ်ဝန်းကျင် ဖွံ့ဖြိုးရေး ဝန်ကြီးဌာန က တင်ဆက်တဲ့ ရုပ်မြင်သံကြား ပညာပေး ကြော်ငြာတိုလေးပါ။  သူတို့ တိုင်းပြည် လူမှုဓလေ့ ရဲ့ ဖြစ်လွယ်၊ ပျက်လွယ်လာတဲ့ အချစ်၊ အိမ်ထောင်ရေး ရေစီးကြောင်းထဲမှာ (တနည်း အားဖြင့် အနောက်တိုင်း ဆန်လာတဲ့ လူနေမှုပုံစံတွေမှာ) မိသားစု တန်ဖိုး၊ ခိုင်မြဲတဲ့ အိမ်ထောင် တည်ထောင်မှု၊ ချစ်ခြင်းမေတ္တာ စတာတွေကို အားပေးစေဖို့အတွက် ရည်ရွယ်ထားတဲ့ ဇာတ်လမ်းတိုလေးပါ။
စင်္ကာပူမှာ နေကြတဲ့ ဗမာတွေကတော့ (သူတို့အခေါ်) “စလုံး” တွေမှာ အနုပညာမရှိဘူး၊ သရုပ်ဆောင် ကောင်းကောင်းမရှိဘူး၊ ဘာမရှိဘူး၊ ညာမရှိဘူး ပြောလေ့ရှိကြတယ်။ မှန်သင့်သလောက် မှန်ပါတယ်။  ဒါပေမယ့် အဓိကတော့ ဗမာတွေ နှစ်ရှည်၊ လများ သူများ ရပ်ရွာသွားပြီး ဒုက္ခဆင်းရဲခံ ဘဝရပ်တည် ရှင်သန် နေရတော့ ပုဂ္ဂလိက ခံစာချက်ကို ကျော်ပြီး စင်္ကာပူ နိုင်ငံသားတွေမှာ ရှိတဲ့ ကောင်းတဲ့အချက်၊ တော်တဲ့အချက်တွေကို  မမြင်နိုင်တာက အဓိကပါ လို့ ယူဆတယ်။ ဒုက္ခ ဆင်းရဲ ဆိုတာကလည်း စိတ်ပိုင်းဆိုင်ရာ ဆင်းရဲမှုပါ၊ ရုပ်ဝတ္ထုအနေနဲ့ စင်္ကာပူ ရောက် ဗမာတွေ အထိုက်အလျောက် လို့ပဲ ပြောပြော ပြည့်စုံကြပါတယ်။  အများစု ကောင်းတဲ့ အချက် ကို မြင်ကြ၊ ပြောကြရင်လည်း ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကိုသာ အသားပေးကြတယ်လို့ ထင်တယ်။
ကျနော်က ဧည့်သည်သာသာ ခဏတာ နေခဲ့ဖူးလို့ အဲ့သလို ယူဆနိုင်တာလည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ နေခဲ့တုန်း အခိုက်အတန့်တော့ သူတို့ရဲ့ အကြောင်းတွေကို လက်လှမ်းမီသလောက် လေ့လာမိတယ်။ ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်တာ၊ လူနေမှုအဆင့်အတန်းမြင့်တာမျိုးတွေကို မဟုတ်ပါ။ သူတို့ ဘယ်လို စိတ်ဓာတ်တွေကြောင့် ဒီလိုတိုးတက်တဲ့ နိုင်ငံ ဖြစ်ခဲ့သလဲ ဆိုတာကို စိတ်ဝင်စားမိတာပါ။
မြင်သာတာကတော့ ဥပဒေကို လေးစားလိုက်နာတာ၊ အလုပ်ကြိုးစားတာ၊ စည်းကမ်းရှိတာ  စတာတွေပါ။ စည်းကမ်းနဲ့ ပတ်သက်လို့ဆိုရင် စင်္ကာပူ အငှား ယာဉ်မောင်း ဆရာတယောက် ပြောဖူးတဲ့  စကားကို အမြဲသတိရတယ်။ သူကပြောတယ်။
“ကျနော်တို့ ဒီလိုသာယာလှပတဲ့ မြို့နိုင်ငံလေး ဖြစ်အောင် နေ့ချင်းညချင်း လုပ်ခဲ့တာ မဟုတ်ဘူး။  မိဘတွေက ကျနော်တို့ကို စည်းကမ်းရှိဖို့ သွန်သင်ခဲ့သလို ကျနော်တို့က ကျနော်တို့ရဲ့ သားသမီးတွေကိုလည်း မွေးကတည်းက စည်းကမ်းတကျ နေထိုင်တတ်အောင်၊ သူတို့ ကလေးတွေရဲ့ စိတ်ထဲ အရိုးစွဲအောင် ကျင့်ပေးခဲ့လိုပါ” ဆိုပြီး ကားဆရာ က ဂုဏ်ယူဝံ့ကြွားစွာ ဆိုတယ်။
ဒါတောင် ကျနော် မြင်ခဲ့ရတာက နိုင်ငံခြားသား အခြေချနေထိုင်မူတွေ များလာလို့ ပျက်စီးစပြုနေတဲ့ စင်္ကာပူပါ။  ဒီအထဲမှာ ဗမာတွေဖျက်လို့ ပျက်တာတွေလည်း ပါတယ်။  ဝေးဝေးမကြည့်ပါနဲ့။  စင်္ကာပူ ရောက် ဗမာ အများစု ကျက်စားရာ မြို့လယ်ခေါင်က Peninsula Plaza တဝိုက် လမ်းဖြတ်ကူးတာ ကိုပဲ ကြည့် သိနိုင်တယ်။
စင်္ကာပူဟာ ဟိုးအရင် ဆယ်စုနှစ်တွေတုန်းက “Fine City (မြို့သာယာ)” ဆိုပြီး ကမ္ဘာမှာ နာမည်ကြီးတယ်။  အဓိကကတော့ သန့်ရှင်းလွန်း လို့ပါ။  “Fine City” မှာ ဒုတိယ အနက် တခုလည်း ရှိသေးတယ်။  စည်းကမ်းမဲ့ အမှိုက်ပစ်မိလို့၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်လို့ စတဲ့ စည်းမဲ့ကမ်းမဲ့ ပြစ်မှုတွေကို အပြစ်ဒဏ် (Punishment/Fine) ပေးတာမှာ ဖိဖိစီးစီး ကြပ်ကြပ်တည်းတည်း ရှိလွန်းလို့လည်း “Fine City” လို့ အမည်တွင်ရတယ်။  အခု အချိန်ထိလည်း ဒီဂုဏ်ဒြပ်တွေကို တတ်နိုင်သလောက် ထိန်းထားနိုင်ပါတယ်။
နောက်တခု ကျနော့်ကို မှင်တက်မိစေခဲ့တာကတော့ စင်္ကာပူကလေးတွေရဲ့ စာဖတ်အားပါ။
ကျနော်ဟာ စင်္ကာပူရဲ့ ပြည်သူ့စာကြည့်တိုက်တွေကိုလည်း တော်တော် အသုံးချခဲ့ဖူးတယ်။ ကြီးကြီးကျယ်ကျယ် စာတွေဖတ်၊ လေ့လာ၊ ကိုးကားဖို့ မဟုတ်ပါ။ အေးအေးဆေးဆေး သက်တောင့်သက်သာ စာဖတ်၊ အင်တာနက်သုံးဖို့ ပါ။ သူတို့ရဲ့ လူထု စာကြည့်တိုက်ကြီးတွေက မြို့နယ် တိုင်းမှာ ရှိပြီးတော့ ဝန်ဆောင်မှုလည်း အင်မတန် ကောင်းလှတယ်။  ရုံးပိတ်ရက်တွေဆို လာစာဖတ်သူ များလို့ လျှပ်စစ်ဓာတ် ဆက်သွယ်လို့ရတဲ့ ပလပ်ပေါက်ရှိတဲ့ ခုံ၊ နေရာတွေ မရတတ်တော့ အဆင်ပြေတဲ့ ခုံနေရာ ရအောင် စောစော သွားရလေ့ရှိတယ်။ ကျနော် ပထမဆုံး စာကြည့်တိုက်မဖွင့်ခင် (နာရီဝက်လောက်) စောရောက်သွားတဲ့ နေ့က မြင်ကွင်းက ကျနော့်ကို အံ့အားသင့်သွားစေခဲ့တယ်။ ကျနော့် ရှေ့မှာ စာကြည့်တိုက်ထဲဝင်ဖို့ စောင့်နေတဲ့ လူတန်းက (၅၀) ကျော်၊ (၁၀၀) နီးပါးရှိတယ်။ အများစုက စင်္ကာပူ နိုင်ငံသား ကလေးတွေနဲ့ ဆယ်ကျော်သက်တွေပါ။  သူတို့အားလုံး စာ တကယ်ဖတ်ဖို့ မဟုတ်ရင်တောင်မှ ဒီလို ပညာရပ်ဝန်းနေရာမျိုးမှာ လူစည်ကားနေတာဟာ နိုင်ငံတနိုင်ငံရဲ့ အနာဂတ် အတွက် ကောင်းတဲ့ လက္ခဏာ ပါ။  ပညာရှာလို့ ရတဲ့ အရပ်ကို ကလေးတွေ လာချင်အောင်၊ ပျော်မွေ့အောင် စီမံပေးထားတဲ့ အကျိုးကျေးဇူးပါပဲ။
ဗမာပြည်မှာတော့ ပညာရပ်ဝန်းကို ဆိတ်သုဉ်းအောင် လုပ်ထားတယ်။  တက္ကသိုလ်တခု အသစ် ဆောက်ဖို့ အတွက် သတ်မှတ်ချက်မှာ တခြား သင်ထောက်ကူပစ္စည်း၊ ဓာတ်ခွဲခန်း၊ စာကြည့်တိုက် စတဲ့ တက္ကသိုလ် အင်္ဂါရပ်တွေ၊ ကျောင်းသား နဲ့ ဆရာ၊ ဆရာမ များ သွားလာ၊ နေထိုင်၊ စားသောက်မှု အဆင်ပြေဖို့ စတဲ့ တက္ကသိုလ်ရပ်ဝန်း စည်ပင်အောင် ကြံဆောင်ထားတဲ့ အစီအစဉ်တွေ ထက် ဦးစားပေးရတဲ့ အချက်က အသစ်ဆောက်မယ့် တက္ကသိုလ် ကို စစ်တပ် က ဘယ်နှစ်နာရီ အတွင်း ချီတက်ပြီး လာဝိုင်းလို့ ရမလဲဆိုတာ ဖြစ်နေတယ်။  တိုင်းပြည် ရဲ့ နယ်မြို့လေးတွေက အစ မြို့ကြီး၊ မြို့ငယ် လမ်းထောင့်တိုင်းမှာ ဘီလိယက်ခုံ နဲ့ ဘီယာဆိုင် လွယ်လွယ်ကူကူ ရှာတွေ့နိုင်ပေမယ့် စာကြည့်တိုက်တော့ တခု၊ တလေတောင် မရှိ ဖြစ်ရတယ်။  ရှိတဲ့ မြို့နယ်စာကြည့်တိုက် ဆိုတာတွေကလည်း အစစ အရာရာ မပြည့်စုံတဲ့ အပြင် အစိုးရဝါဒဖြန့်ချီရေး စာအုပ်တွေသာ အဓိက ထားတယ်။  ဆိုတော့ ဒီလို တိုင်းပြည် နှစ်ခု မျက်မှောက်ခေတ်မှာ မယှဉ်နိုင်သလို အနာဂတ်မှာလည်း ရင်ဘောင်တန်းနိုင်ဖို့ မလွယ်လှပါ။
ကျနော် စင်္ကာပူက စာအုပ်အရောင်းဆိုင်ကြီးတွေလည်း အမြဲလိုလို ရောက်ဖြစ်ခဲ့တယ်။  အဲဒီမှာလည်း စင်္ကာပူ လူငယ်လေးတွေ အားရပါရ ထိုင်ပြီး စာဖတ်နေကြတာ အမြဲ တွေ့ရလေ့ရှိတယ်။ မြေနေရာ ရှာပါး၊ ဈေးကြီးတဲ့ တိုင်းပြည်ဖြစ်ပေမယ့် ပုဂ္ဂလိက စာအုပ်အရောင်းဆိုင်တွေမှာလည်း လူအများ စိတ်အေးလက်အေး စာဖတ်နိုင်အောင် စီမံပေးထားတယ်။  အတု ယူသင့်တဲ့ အချက် ဖြစ်တယ်။
စင်္ကာပူဟာ အာရှမှာ အင်္ဂလိပ်လိုထုတ် စာအုပ် အရောင်းရဆုံးနိုင်ငံ ဖြစ်တယ်။  ဒါကြောင့်လည်း အမေရိကန်၊ ဂျပန် စတဲ့ နိုင်ငံတကာက စာအုပ်တိုက်ကြီးတွေ လာဖွင့်ထားကြတယ်။  အရှေ့တောင်အာရှ မှာ အကြီးဆုံး စာအုပ်တိုက်ကြီးတွေ စာင်္ကာပူ မှာ ရှိနေတယ်။
ဗမာ အစိုးရ စနစ်၊ အဖွဲ့အစည်းတွေအနေနဲ့ စင်္ကာပူ ဆီက အသင်ယူသင့်ဆုံး အချက်တခုကတော့ လူ့အဖွဲ့အစည်းမှာ လူမျိုးမတူ၊ ဘာသာကွဲတဲ့ လူအုပ်စုတွေ ဘယ်လို သင့်တင့်မျှတ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရင်းနဲ့ တိုင်းပြည် တည်ငြိမ် ငြိမ်းချမ်း တိုးတက်အောင် ကြံဆောင်သလဲ ဆိုတာပါပဲ။  (စကားချပ် – သူတို့ ဘယ်လိုတွေ စီမံထားသလဲဆိုတာ ဆောင်းပါးတွေမှာ အလျဉ်းသင့်သလို ထည့်ရေးဖူးပါတယ်။)
တိုတိုဆိုရရင် သူတို့မှာ ပြည့်စုံကုံလုံ၊ စံမီ၊ ပြည့်ဝ တဲ့ ဒီမိုကရေစီ စနစ် မဟုတ်ပေမယ့် အရည်အချင်းပြည့်၊ ကောင်းမွန်တဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှု ရှိပြီး တိုင်းသူပြည်သား အပေါ် တာဝန်ကျေတဲ့ အစိုးရကောင်း တရပ် ရှိတယ်။  အစိုးရ က ပြည်သူလူထု ကို လူလို တန်ဖိုးထား ဆက်ဆံတယ်။  တာဝန်ကျေဖို့ ကြိုးစားတယ်။  တာဝန်ကျေနိုင်ဖို့ ဘယ်လောက် ကြံစည်ထားသလဲဆိုရင် တခါက လူမသွား သလောက် ပြတ်တဲ့ လူသွား လမ်းကြား ဖြတ်လမ်းတိုလေး တခုပေါ်က လူကူး တံတား လမ်းပေါ်မှာ “သတိ မိုးရွာနေပါက ချောသည်။  သတိထား လမ်းလျှောက်ပါ။” ဆိုတဲ့ ဆိုင်းဘုတ်တခု ကို တွေ့ခဲ့ရဖူးတယ်။ ဆိုတော့ သူတို့ရဲ့  မြို့ပြတည်ဆောက်မှု စီမံကိန်းစနစ် ရဲ့ စနစ်ကျ ကောင်းမွန်မှုကို ချီးမွန်းမိသလို လူထု အပေါ် အလေးဂရုပြု တာဝန်ကျေမှု ကိုလည်း အသိအမှတ်ပြုရတယ်။  မှန်ကန်၊ မျှတ၊ ဘက်မလိုက်၊ လူတိုင်းအတွက် တပြေးညီ အခွင့်အရေး ရှိတဲ့ တရားဥပဒေ တည်မြဲ စိုးမိုးတဲ့ တိုင်းပြည် ဖြစ်တဲ့ အတွက် ဆိုခဲ့သလို သတိပေးထားခြင်းဟာ ပြည်သူလူထု တစုံတခု ထိခိုက်မိပါက အစိုးရအပေါ် (လမ်း၊တံတား ဌာနအပေါ်) တရားစွဲဆိုမှု မဖြစ်အောင် ကြိုတင် ကာကွယ်ထားခြင်းမျိုးလည်း ဖြစ်တယ်။ တိုးတက်ဖွံ့ဖြိုးပြီး နိုင်ငံကြီးတွေရဲ့ မြို့ကြီးတိုင်းမှာ တွေ့ရလေ့ရှိတဲ့ စည်းစနစ်ကျမှု၊ လူထု အတွက် ကဏ္ဍာ ပေါင်းစုံမှာ ဝန်ဆောင်မှု ကောင်းမှု၊ အစစ အရာရာ လွယ်ကူ လျင်မြန် ချော့မွေ့စေအောင် စီမံထားမှု စတာတွေ အားလုံး သူတို့ဆီမှာ ရှိနေတယ်။
စင်္ကာပူရဲ့ အခြား မျက်နှာစာ တဖက်မှာတော့ အပြည့်အဝ လွတ်လပ်တဲ့ ဒီမိုကရေစီ စနစ် အလုံးစုံ မထွန်းကားခြင်း ရဲ့ ရလဒ်၊ နိုင်ငံရေး အရ လွတ်လပ်တဲ့ စနစ်မဟုတ်ခြင်း အကျိုးတွေ ကြောင့် စင်္ကာပူ လူ့အဖွဲ့အစည်းမှာ အားနည်းချက်တွေ အများကြီး ရှိတယ်။  နိုင်ငံရေးသင်းကွပ်ခံရတဲ့ တိုင်းပြည်တခုရဲ့ လူမှု၊ စီးပွား၊ ပညာ၊ အနုသုခုမ၊ ယဉ်ကျေးမှု ကဏ္ဍာ အသီးသီးမှာ ချွတ်ယွင်း မှုတွေ ရှိတယ်။ မြင်သာတခု ဆိုရရင် စင်္ကာပူ လိုပဲ မူလ အာရှ ကျား (၄) နိုင်ငံ စာရင်းဝင် ပိုမို လွတ်လပ်တဲ့ လူ့အဖွဲ့အစည်း တခု ဖြစ်တဲ့ ထိုင်ဝမ် ဟာ စွန့်ဦးတီထွင်မှု၊ ခေတ်သစ် နည်းပညာ နဲ့ အိုင်ဒီယာ အခြေခံ နည်းပညာဝန်ဆောင်မှု လုပ်ငန်းတွေ၊ နည်းပညာ ထုတ်ကုန်တွေ နဲ့ တိုင်းပြည်စီးပွားကို မောင်းနှင် ကမ္ဘာ့ နည်းပညာ ဈေးကွက်ထဲမှာ ဝင်ဆန့်နေနိုင်ပေမယ့် စင်္ကာပူ မှာတော့ ခေတ်နည်းပညာ ဆန်းသစ်မှု နဲ့ အတွေးအခေါ် အခြေခံ ထုတ်ကုန် ဝန်ဆောင်နိုင်မှု အားနည်း ဖြစ်ရတယ်။  (စကားချပ် – စင်္ကာပူ ကို စံနမူနာ မယူသင့်တဲ့ အကြောင်းတွေ ဆောင်းပါး သပ်သပ်ရေးပါ့မယ်။)
ဒါကတော့ စင်္ကာပူ ရဲ့ အားသာချက်၊ အားနည်းချက် ယေဘုယျ သဘော၊ အကျဉ်းပါ။
ဆောင်းပါး အစမှာ ပျိုးခဲ့တဲ့ ရုပ်ရှင်ဇာတ်လမ်းတို အကြောင်း ပြန်ကောက်ရရင် ကျနော်ဟာ စင်္ကာပူ အစိုးရက ရိုက်တဲ့ ဝါဒဖြန့် ကားခေါ်ခေါ်၊ ပညာပေးကားလို့ ဆိုဆို ခုရေးမယ့် ဇာတ်လေးလို ဇာတ်ကားတိုလေးတွေကို  လက်လှမ်းမီသလောက် ဂရုတစိုက်ကြည့်ဖြစ်တယ်။ သူတို့ ဇာတ်ကားတွေဟာ ပြည့်စုံ၊ စံမီ၊ အနုပညာရသ မြောက်လှတယ်လို့ မဆိုနိုင်ပေမယ့် တင်ပြပုံတွေ ကောင်းပါတယ်။
မိန်းကလေးတွေရဲ့ ကာမကို လှည့်ဖြား၊ သွေားဆောင်၊ လိမ်လည်ယူတတ်တဲ့ ကာမမုဆိုးတွေ အကြောင်းကို ရိုက်ထားတဲ့ ပညာပေး ဇာတ်ကားတခုမှာဆို ဗီလိန် လူဆိုး ကာမမုဆိုး အနေနဲ့ သရုပ်ဆောင် သူက ကျနော် စာသင်ခဲ့တဲ့ အတန်းမှာ အဆင့်မြင့် စီးပွားရေးပညာ၊ ဈေးကွက်မြှင့်တင်ရေး ပညာတွေ သင်နေတဲ့ ဆရာ ဖြစ်နေတယ်။ သူက ဝါသနာပါလို့ အခမဲ့ ပညာပေး ရုပ်သံဇာတ်လမ်းတိုမှာ လူဆိုး နေရာက သွား သရုပ်ဆောင်ထားတာကိုး။ ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်နိုင်တော့ အစ မှာ သူ့ကို မမှတ်မိဘူး။ တဖြည်းဖြည်း ကြည့်ရင်းနဲ့ ဒီပုဂ္ဂိုလ် ငါမြင်ဖူးပါတယ် ဆိုပြီး စိတ်ထဲ စနိုးစနောင့် ဖြစ်လို့ သူ့ကို ကိုယ်တိုင်မေးကြည့်တော့မှ သူဖြစ်ကြောင်းအမှန်သိခဲ့ရတယ်။
ဆိုချင်တာက စင်္ကာပူလည်း စင်္ကာပူ အတိုင်းအတာနဲ့တော့ သူတို့ရိုက်တဲ့ ရုပ်ရှင်တွေ၊ ဇာတ်လမ်းလေးတွေမှာ အနုပညာပါ တယ်။ တင်ဆက်ပုံ၊ သရုပ်ဆောင်တွေ အထိုက်အလျောက် ကောင်းတယ်။  နည်းပညာ အကူအညီ ပံ့ပိုးနိုင်မှု ကတော့ ဖွံ့ဖြိုးပြီး တိုင်းပြည်ဖြစ်လို့ အထူး ထည့်ပြောစရာ မလိုပါ။
ဆိုခဲ့တဲ့ အချစ်၊ အိမ်ထောင်ရေး ပညာပေး ဇာတ်လမ်းတိုကလေးကို အများစုလည်း သိပြီး၊ ကြည့်ပြီး ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ 
ဇာတ်လေးနာမည်က “အသုဘ အခမ်းအနား” ပါ။
အသုဘအခမ်းအနား တခုမှာ ကွယ်လွန်သူရဲ့ ဇနီးသည်ကို အမှတ်တရ စကားပြောဖို့ ခေါ်တော့ ဇနီးသည် ပြောသွားတဲ့ စကားတွေက ဇာတ်လမ်းရဲ့ ကျောရိုးပါ။
“ကျွန်မ ဒီနေ့ ကျွန်မယောက်ျားရဲ့ တော်ကြောင်း၊ ကောင်းကြောင်းတွေကို ပြောမှာ မဟုတ်ပါဘူး။ သူ ဘယ်လောက် ကောင်းကြောင်းကိုလည်း မိတ်ဆွေတွေ ပြောပြီးပြီ ဖြစ်တဲ့အတွက်  ကျွန်မ ထပ်ပြီး ပြောစရာ မလိုတော့ပါ။”
“အဲ့ဒါတွေ အစား ကျွန်မ ပြောချင်တဲ့ အကြောင်းအရာက မိတ်ဆွေတွေ အဖို့ နားထောင်ရတာ တမျိုး ဖြစ်ကောင်း ဖြစ်နေပါလိမ့်မယ်။”
“ကျွန်မပြောမှာက အိပ်ရာထဲမှာ ဘာဖြစ်ခဲ့သလဲ ဆိုတဲ့ အကြောင်းပါ…။”
“မနက် မနက်.. အိမ်မှာ ကားစက်နှိုး မရတဲ့ ဒုက္ခတွေ ကြုံဖူးပါသလား။”
ပူဆွေးနေတဲ့ ဇနီးသည်က “ခူးခူး.. ဂီးဂီး.. ဂွားဂွား”  ဆိုပြီး ကားစက်မနိုးတဲ့ အသံလုပ်ပြပါတယ်။  အသုဘရှု ပရိသတ်တွေလည်း မထိန်းနိုင်ဘဲ စရယ် ကြပါတယ်။
“အဲဒီ အသံတွေက ကျွန်မယောက်ျား ရဲ့ ဟောက်သံတွေပါ။ ညအိပ်ရင် အမြဲကြားရပါတယ်။ တခါတခါဆို သူ့ရဲ့ ဟောက်သံက သိပ်ကျယ်တော့ သူကိုယ်တိုင် လန့်နိုးပြီး ‘ဘာသံတွေလဲဟေ့’ လို့ ကျွန်မကို မေးတတ်ပါတယ်။”
ပရိသတ်တွေရဲ့ ရယ်သံ ပို ကျယ်လာပါတယ်။
“ကျွန်မက ‘အိမ်ဘေးက ခွေးဟောင်တာပါ၊ ရှင် ကောင်းကောင်း ဆက်အိပ်ပါ’ လို့ ပြန်ပြောရလေ့ရှိတယ်။”
“ရောဂါ ဝေဒနာ အဆိုးဆုံး ခံစားနေရတဲ့ သူရဲ့ နောက်ဆုံး အချိန်တွေမှာ သူ့ရဲ (ဆိုခဲ့သလို ကျယ်လောင်တဲ့) ဟောက်သံတွေဟာ ကျွန်မ အတွက် သူ အသက်ရှင်နေသေးတယ် ဆိုတဲ့ အသိကို ပေးတဲ့ သတိပေးသံတွေ ဖြစ်လာခဲ့ရပါတယ်။”
“သူ့ရဲ့ ဟောက်သံတွေနဲ့ နေသားတကျ အိပ်တတ်နေတဲ့ ကျွန်မ အခု သူရဲ့ ဟောက်သံတွေ ထပ် ကြားခွင့်မရှိတော့ပါဘူး။”
ပထမ ရယ်နေတဲ့ ပရိသတ်တွေလည်း ဇနီးသည် ပျိုးလာခဲ့တဲ့ သဘောကို စတင်နားလည်စပြုလာပြီး မျက်နှာတွေဟာ ခံစားမှုနဲ့ တည်ငြိမ်၊ လေးနက်လာပါတော့တယ်။
“အဲသလို မပြည့်စုံတဲ့၊ အားနည်းချက်တွေလို့ထင်ရတဲ့ အသေးအမွှားလေးတွေဟာ ဘ၀မှာ နောက်ဆုံး တချိန်ကျ မမေ့နိုင်တဲ့၊ လူတ ယောက်ကို ပြီးပြည့်စုံစေတဲ့ အကောင်းဆုံး အရာတွေ ဖြစ်လာတတ်ပါတယ်။”
“ကျွန်မရဲ့ ချစ်စရာကောင်းတဲ့ သားနဲ့သမီးတွေကို ပြောချင်တယ်။ တနေ့နေ့မှာ လှပပြီး မပြည့်စုံမှုတွေ ရှိတဲ့ (ချို့ယွင်းမှုတွေရှိပေမယ့် ပြီးပြည့်စုံစေတဲ့ အလှတရား ရှိတဲ့) ‘ကျွန်မရဲ့ ဒေးဗစ်’ လို ဘ၀လက်တွဲဖော်တွေကို ရှာဖွေနိုင်ကြပါစေ…။”
ဒီသဘောကို အချစ်ရေး၊ အိမ်ထောင်ရေး မှာတင်မက လူမှုဆက်ဆံရေးမှာပါ ကျင့်သုံးနိုင်တယ်။  ဒီ အကြောင်းအရာ၊ သဘော ကို ချဲ့တွေးရင် တွေးနိုင်သလောက် ချဲ့နိုင်၊ ဘဝ သင်ခန်းစာ နဲ့ ခံယူချက် အဖြစ် အသုံးချနိုင်တယ်။  ချို့ယွင်းချက် အနာအဆာလေးတွေ ရှိပေမယ့် အပေါ်ယံ မမြင်သာဘဲ ဖုံးကွယ်နေတတ်တဲ့ ကောင်းကွက်၊ စစ်မှန်တဲ့ အလှတရား၊ တန်ဖိုး ကိုရှာတတ်ရင်၊ မြင်တတ်ရင်၊ ကြည့်တတ်ရင် ခံစား၊ သိမြင်နိုင်မှာပါ။
လူတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ တိုင်းပြည်တွေ၊ စနစ်၊ ဓလေ့တွေမှာ ဘယ်အရာမှာမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိပါဘူး။ ချို့ယွင်းချက်၊ အားနည်းချက်တွေ အနည်းအများ ရှိကြစမြဲပါပဲ။  ဒီလို ချို့ယွင်းမှုတွေထဲက ကောင်းမွန်မှု အလှတရား ကို ရှာဖွေ၊ သိမြင်၊ တန်ဖိုးထားတတ်ဖို့ နဲ့ အတုယူတတ်ဖို့က အဓိက စံထား၊ ခံယူရမယ့် သဘောပါပဲ။  ဗမာပြည် အတွက်တော့ အရာရာမှာ ချို့ယွင်းမှု အားနည်းချက်တွေ အများအပြား ပါပဲ။  ဒါပေမယ့် ဒီလိုအားနည်းမှုကို မြင်တတ်သလို တခြားတဖက်ကလည်း ကောင်းမွန်တဲ့ အလှတရားကိုလည်း သိမြင်ခံစား တတ်ဖို့ လိုပါတယ်။  “ချို့ယွင်းမှုတွေထဲက အလှတရား” ကိုလည်း တန်ဖိုးထားတတ်ဖို့ လိုအပ်လှပါတယ်။  ဒါမှသာ ခက်ခဲ ကြမ်းတမ်းလှတဲ့ လူမှုဘဝ၊ စနစ်တွေကို ကျော်ဖြတ်နိုင်ဖို့၊ ပြင်နိုင်ဖို့ ခံယူချက် လမ်းမှန်၊ ကမ်းမှန် ဖြစ်မယ်လို့ ထင်ပါတယ်။
ငြိမ်းချမ်းအေး
၀၁၊ စက်တင်ဘာ၊ ၂၀၁၃

မှတ်ချက်။  ။ ဗမာ့ဓလေ့၊ စနစ်၊ ထုံးတမ်းတွေထဲက ကောင်းကွက်၊ ဆိုးကွက်တွေကို ဆောင်းပါးတွေမှာ ရေးခဲ့ဖူးပါတယ်။  အလျဉ်းသင့် တဲ့ အခါ နောင်မှာ “အဆိုးထဲက အကောင်းရှာ” တဲ့ စာတချို့ ထပ်ရေးနိုင်ဖို့ ကြိုးစားကြည့်ပါမယ်။  အခု ဆောင်းပါးပါ စင်္ကာပူ က ရုပ်သံ ဇာတ်လမ်းတိုကလေးကို အောက်မှာ ကြည့်နိုင်ပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ငြိမ်းချမ်းအေး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း သြဂတ်စ် ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ

By

မိုးမခမဂ္ဂဇင်း ဇွန်လထုတ် အသစ် ဝန်ဇင်းမှာ ဝယ်ယူနိုင်ပါပြီ (မိုးမခစာအုပ်စင်) ဇွန် ၉၊ ၂၀၁၇...

Read more »

မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ

By

    မိုးမခ မဂ္ဂဇင်း မေလထုတ် အသစ် ဝန်ဇင်းတွင် ရပြီ (မိုးမခ) မေ...

Read more »

စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့် ကြမ်းကြမ်းတမ်းတမ်း ဘဝလမ်းများ” စာအုပ်

By

  စိုးလွင် (၂၁၁) (ဝမ်ခ) ရဲ့ “ဝမ်ခ (ဟောင်း) တိုက်ပွဲ နှင့်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်