Phoe Htet – Essay

September 1, 2013

လူ့အသက်ထက် ပြင်းကြသော အရာများ
ဖိုးထက်
စက်တင်ဘာ ၁၊ ၂၀၁၃


သတ္တ၀ါတွေထဲမှာ လူဆိုတဲ့ သတ္တ၀ါက အသက်အပြင်းဆုံးလို့ ကျွန်တော် ဖတ်ဘူးတယ်။ သူ့ဘာသာ သဘာဝအရ အသက်ထွက်တာ မဟုတ်ဘဲနဲ့ လူတစ်ယောက်ရဲ့ အသက်ထွက်အောင် လုပ်ဖို့ အတော်ကြီး ခဲယဉ်းတယ်လို့ ဆိုတယ်။ ဆိုလိုတဲ့ သဘောက ယဉ်တိုက်မှုတွေ၊ မတော်တဆမှုတွေကနေ အသက်ထွက်သွားတာကို ဆိုလိုဟန် မတူဘူး။ လူတစ်ယောက်ကို သေစေလိုတဲ့ ဆန္ဒနဲ့  သတ်မယ်ဆိုရင် လူ့အသက်က ကျန်တဲ့ သတ္တ၀ါတွေထက် အသက်ပြင်းတယ်လို့ ဆိုလိုဟန်တူတယ်။
ဒါကြောင့်လဲ လူကြီးသူမ အသက်ကြီးသူတွေက “သေမယ်ဆိုလဲဟယ် ခေါက်ခနဲ့ဘဲ သေချင်တယ်။ ရောဂါတွေ ခံစားမနေချင်ဘူး” လို့ ပြောတတ်ကြတယ်။ ဒါပေမယ့် ဆင်တစ်ကောင်ကို သေအောင် သတ်ဖို့နဲ လူတစ်ယောက်ကို သေအောင် သတ်ဖို့ ဘယ်ဟာက ပိုခက်မလဲ။ စောဒက တက်မယ်ဆို တက်ချင်စရာဘဲ။ ထားပါတော့။
ကျွန်တော်တို့ လူ့လောကမှာ မရှိသင့်တော့တဲ့ လူတွေ၊ လူသားမျိုးနွယ်ကို အန္တရယ်ပေးမယ့် လူတွေကို တရား ဥပဒေအရ သေစေလို့ အပြစ်ပေးတတ်ကြတာ ရှိတယ်မို့လား။ အဲဒီလို သေစေတဲ့ နေရာမှာ အပြစ်ပေးခဲ့ရတဲ့ လူကို သက်ညှာတဲ့ အနေနဲ့ အမြန်ဆုံး အသက်ထွက်သွားအောင် လုပ်ကြတယ်။ ကြိုးပေးတယ်။ သေနတ်နဲ့ ပြစ်သတ်တယ်။ လျှပ်စစ်ထိုင်ခုံပေါ်မှာ တင်သတ်တယ်။ ဆေးထိုးသတ်တယ်။
ကြိုးပေးမယ်ဆိုရင် တရားခံရဲ့ အရပ်အမောင်း၊ ကိုယ်အလေးချိန်နဲ့ တွက်ပြီး ကြိုးကို သေချာတွက်ချက်ရတယ်လို့ ဆိုတယ်။ ကြိုးပေးဖို့ အမိန့်ချကတည်းက မသေမချင်းသတ်စေလို့ ရှင်းရှင်းလင်းလင်း ဥပဒေတွေမှာ ရေးထားကြတယ်။ သဘောက လည်ပင်းကို တစ်ခေါက်တည်း ကြိုးကွင်းစွပ်ပေမယ့် မသေနိုင်ခဲတဲ့ လူတွေရှိလို့ ဖြစ်မှာဘဲ။ အဲဒီလို ကြိုးကွင်းစွပ် အသတ်ခံရတဲ့ လူတွေ အသက်ထွက်ဖို့ အနည်းဆုံး တစ်မိနစ်လောက်တော့ ကြာတယ်တဲ့ ။ လည်ပင်းကို ကြိုးကြီး အစ်ပြီး အသက်ရှူမ၀၊ ငါသေတော့မယ်ဆိုတဲ့ အသိနဲ့ အဲဒီတစ်မိနစ်က ခံရသူ တရားခံအတွက် အလွန်ကိုကြာတဲ့ အချိန်အတိုင်းအတာဘဲ ဖြစ်မှာပါ။
ဒါကြောင့် တစ်ချို့နိုင်ငံတွေက သေနတ်နဲ ပြစ်သတ်တယ်။ သေနတ်နဲ့ ပြစ်ရင်လဲ တစ်လက်ထဲ မပြစ်ဘဲ သေနတ်အများကြီးနဲ့ ပြစ်သတ်တယ်ဆိုတာ မြန်မြန်အသတ်ထွက်စေချင်လို့တဲ့လေ။ ဒီထက်ပိုကောင်းတဲ့ သတ်နည်းကတော့ လျှပ်စစ်ထိုင်ခုံပေါ်မှာ လျှပ်စစ်နဲ့ ရှော့ခ်တိုက်သတ်တာတဲ့။ အချိန်အကြာဆုံး ခံနိုင်သူက ငါးစက္ကန့်ဘဲတဲ့။ လူလူချင်း တရားဥပဒေအရ သတ်တာတောင်မှ လူတွေမှာ ယဉ်ကျေးမှု ရှိတယ်ဆိုတာ ပေါ်လွင်နေတယ်လို့ဘဲ ဆိုရမှာပေါ့။
အခုလဲ ကျွန်တော် The Attack of the 26/11 ဆိုတဲ့ ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ အိန္ဒိယဇာတ်လမ်းကိုကြည့်မိတယ်။ ဇာတ်လမ်းအဆုံးသတ်မှာ တရားခံ Kasab ကို ကြိုးပေးသတ်တာကို ကြည့်ပြီး ဖတ်ခဲ့ဘူးတဲ့ လူ့အသက်ကို သေအောင်သတ်ကြတဲ့ နည်းလမ်းတွေကို ပြန်စဉ်းစားမိနေတာပါ။ ပြီးတော့ ဇာတ်လမ်းကို ကိုယ်မှီသလောက် ပြန်တွေးကြည့်ရင်း ရင်ထဲမှာ မောနေမိတယ်။
ဇာတ်လမ်းက အန္ဒိယနိုင်ငံ မွန်ဘိုင်း ( မြန်မာတွေသိတာက ဘုံဘေ) ဆိုတဲ့ မြို့ကြီးမှာ ၂၀၀၈ နိုဝင်ဘာ ၂၆ ရက်နေ့က အကြမ်းဖက် သမားတွေ ၀င်စီးတာတဲ့ ဖြစ်ရပ်မှန်အပေါ်မှာ အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်း။ အဲဒီတုန်းက ဘုံဘေမှာ နာရီပေါင်း ၆၀ နီးပါးလောက် သေနတ်သမားတွေက ၀င်ပြစ်သတ်ခဲ့ကြတာ။ ဟိုတယ်ကြီးတွေ၊ ဘူတာကြီးနဲ့ ဂျူးယဉ်ကျေးမှုဌာနကို ၀င်ပြီး မည်းမည်းမြင်သမျှ AK-47 မောင်းပြန်သေနတ်တွေနဲ့ တိုက်ပွဲတစ်ခုလို ၀င်စီးခဲ့တာ။ လူပေါင်း ၁၆၆ ယောက် သေတယ်တဲ့။ ၀င်စီးတဲ့ စစ်သွေးကြွ အကြမ်းဖက်သမားက စုစုပေါင်း ဆယ်ယောက်။ တစ်ယောက်ဘဲ အရှင်ဖမ်းမိတယ်။ ဖမ်းမိတဲ့ တစ်ယောက်က Kasab။
ဇာတ်လမ်းက ပေးချင်တဲ့ အချက်အလက်က ရှင်းရှင်းလင်းလင်းပါဘဲ။ ဘာသာရေးကို ခုတုံးလုပ်ပြီး မသိနားမလည်တဲ့ လူတွေကို မှိုင်းတိုက်ပြီး တိရိစ္ဆာန်စိတ် သွင်းပေးခဲ့ကြတာဆိုတာ ပေါ်လွင်စေခဲ့တယ်။ အဲဒီတုန်းက အော်ပရေးရှင်းကို ကိုင်တဲ့ မွတ်ဆလင်ဘာသာဝင် ဘုံဘေ ရဲချုပ် ရဲ့ အမြင်ကို ဗဟိုပြုပြီး ဇာတ်လမ်းဖန်တီးသူတွေက အနုပညာမြောက်အောင် ဖန်တီးခဲ့ကြတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ အိမ်နီးချင်းတွေထဲမှာ ကျွန်တော့်အတွက် အားမလို အားမရ အဖြစ်ဆုံးနိုင်ငံကို ပြပါဆိုရင် အိန္ဒိယကို လက်ညှိုးထိုးရမှာဘဲ။ အခုအချိန်ထိ ပုဆိုးနဲ့ လုံချည်ဝတ်တဲ့ အလေ့အထကြီး ရှိနေအောင် သူတို့ရဲ့ ယဉ်ကျေးမှုက ကျွန်တော်တို့အပေါ် အတော်ကြီး လွှမ်းမိုးခဲ့တယ်။ မြန်မာတွေရဲ့ လက်ရှိယဉ်ကျေးမှု၊ ကြိုက်တတ်တဲ့ အစားအသောက်တွေ အားလုံးမှာ အိန္ဒိယရဲ့ အရိပ်ကြီးက အလွန်ကြီးပါတယ်။ သို့ပေသိ ပြဿနာပေါင်း သောင်းခြောက်ထောင်နဲ့ ရှေ့မတိုးနိုင်ဖြစ်နေတဲ့ အင်အားကြီးနိုင်ငံကြီး ဖြစ်နေတာကို ကျွန်တော် နှမြောမိတယ်။ လက်ရှိမှာ မုဒိန်းမှုတွေနဲ့ ဒီပြင်နိုင်ငံခြားသားတွေ လက်ညှိုးထိုးစရာဖြစ်နေတာ သူတို့ မပြောနဲ့ သံယောဇဉ်ရှိတဲ့ ကျွန်တော်တောင် ကြားက မျက်နှာပူတယ်။ ရှင်းလို့ မပြီးနိုင်။ အဖတ်ဆယ်လို့ မရဖြစ်နေတာ စိတ်ညစ်စရာကြီးပါဘဲလေ။
ဆရာမြသန်းတင့် ဘာသာပြန်တဲ့ သုခမြို့တော်ထဲက ဇာတ်ကောင် ဟာရီစပါးလို ကိုယ့်သွေးသားကိုယ် ပြန်ရောင်းစားပြီး အသက်ဆက်ကြရတဲ့ လူတွေ အများကြီး ရှိနေသေးတယ်လို့ ဆိုကြတယ်။ သူတို့က ကျွန်တော်တို့ထက် ရှေ့ကျပြီး အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့တယ်။ ကျွန်တော်တို့ထက် နောက်ကျပြီး လွတ်လပ်ရေးရတယ်။ အင်္ဂလိပ်ကိုလိုနီ ဖြစ်ခဲ့ကြတာခြင်းမှာလဲ တူတယ်။ ဂန္ဒီကြီးလို အပြစ်ကင်းတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးကို တန်ဖိုးမထားတတ်ခဲ့ဘဲ လုပ်ကြံပြစ်ခဲ့ကြတဲ့ လူတွေ ရှိတာမှာလဲ ကျွန်တော်တို့နဲ့ လာတူနေသေးတယ်။
နောက်ဆုံး ဘာသာရေး ပရိပက္ခတွေကလဲ ရှိနေတာလဲ တူတယ်။ သူများရှူးတိုက်ရင် အားရပါးရ ကိုက်ခဲကြမယ့် လူ့တိရိစ္ဆာန်တွေ ရှိတာမှာလဲ လာတူသေးတယ်။ အကျင့်ပျက်ချစားတဲ့ စနစ်၊ ဥပဒေတွေ ရှိတာမှာလဲ တူနေပြန်ရော။ ရှေ့ကို အင်နဲ့ အားနဲ့ မတိုးနိုင်ဘဲ တရွတ်တိုက်ဆွဲသွားနေရတဲ့ နာတာရှည်ရောဂါသည်ကြီးနဲ့ နာတာရှည် ရောဂါသည်လေးဘဲ ကွာတဲ့ သဘောပါဘဲ။
တကယ်တော့ ကျွန်တော်က နိုင်ငံတွေ၊ လူမျိုးတွေ ခွဲပြီး တွေးနေမိတာပါ။ လူစိတ်မရှိတဲ့ လူတွေကတော့ ဘယ်နိုင်ငံမှာ မဆိုရှိကြတာပါဘဲ။ အပြစ်ကင်းတဲ့ လူတွေကို အတွေးအခေါ်အဆိပ်ခပ်ပြီး လူသားတွေကို ဒုက္ခပေးချင်ကြတဲ့ လူတွေကလဲ ကိုယ်တွေမှာလဲ အများကြီး။ ဒီပြင်နိုင်ငံတွေမှာလဲ အများကြီး။
ဇာတ်လမ်းထဲမှာ ရဲချုပ်က တရားခံကို ရင်ခွဲရုံထဲမှာ သူနဲ့ အတူလာခဲ့တဲ့ လူတွေရဲ့ အလောင်းကိုးလောင်းကို ပြပြီး ပြောတဲ့ စကားတွေက ဇတ်လမ်းရဲ့ အထွတ်အထိပ်ပါဘဲ။ ဘာသာတရားကို ကိုယ်လိုချင်တဲ့နေရာလေးကို ကွက်ပြီး ကိုယ်နားလည်ချင်သလို နားလည်ကြတယ်ဆိုတာ မွတ်ဆလင်တစ်ခု ထဲမှ မဟုတ်တာဘဲ။ ခရစ်ယာန်မှာလဲ ရှိခဲ့ကြတယ်။ ရှိတယ်။ ဗုဒ္ဓဘာသာမှာလဲ ရှိနေကြတယ်။ ကိုယ့် အတွင်းစိတ်နဲ့ ကိုယ့်လိပ်ပြာ တိုးတက်အောင် ကျင့်ကြံကြဖို့ တိုက်တွန်းတဲ့ နေရာမှာ အလ္လာလဲ ပြောတယ်။ ထာဝရဘုရားသခင်လဲ ဟောတယ်။ ဗုဒ္ဓကလဲ လမ်းပြခဲ့တယ်။ ဒါပေမယ့် လူက လူဘဲလေ။ လောဘ၊ ဒေါသ၊ မာနတွေနဲ့ ယှဉ်လိုက်ရင် ဘာသာတရားဆိုတာ ဘယ်ချောင်ရောက်လို့ ရောက်သွားမှန်း  ဖြစ်တတ်ကြပါတယ်။
ကျန်တဲ့ ဘာသာတရားတွေမှာတော့ အဲဒီ အဆိုးတွေကို ဘယ်လိုကျော်လွှားကြမယ်ဆိုတာ ဘုရားရှင်တွေက ရှင်းရှင်းလင်းလင်း မပြောခဲ့ဘူးလို့ ကျွန်တော် (ကျွန်တော်) ထင်မိတယ်။ ဂေါတမ ဗုဒ္ဓကတော့ နိဗ္ဗာန်မယူခင်လေးမှာ “အပ္ပမာဒေန သမ္ပာဒေထ” “ မမေ့မလျော့ နှလုံးသွင်းကြ” လို့ မှာခဲ့ရှာသေးတယ်။ တစ်ထွာ တစ်မိုက် ဘာသာရေး ဗဟုသုတလေးနဲ့ ကျွန်တော် တွေးမိပေမယ့် ကြိုးပေးခံခဲ့ရတဲ့ Kasab ကို သနားမိတယ်။

လူတွေသေမှ၊ လူတွေ အသေဆိုးနဲ့ သေကြမှ ကိုယ့်ဘာသာတရားက ရှေ့ရောက်မယ်ဆိုတဲ့ အတွေးအခေါ်မျိုးကတော့ ဘယ်လူသားမှာမှ မဖြစ်သင့်ဘူးလို့ အားလုံးသိကြပါတယ်။ အသိက အသိဘဲပေါ့။ လေ့ကျင့်ဖို့ကြတော့ အလ္လာလဲ မကယ်နိုင်။ ရေရှူခရစ်နဲ့ ဗုဒ္ဓလဲ မကယ်နိုင်ပါဘူးလေ။ ကိုယ်စိုက်ပျိုးသမျှ ကိုယ်ရိတ်သိမ်းခဲ့ရတဲ့ Kasab ကို ကြိုးပေးသတ်သင့်မှန်း ကျွန်တော် လက်ခံပေမယ့် သူ့ထက်ပိုပြီး ဆိုးရွားတဲ့ လူတွေ ကျွန်တော်တို့ ကမ္ဘာကြီးမှာ အများကြီး ရှိနေဆဲဘဲမို့လား။ ဒီလူတွေ သေအောင် သတ်ဖို့ကတော့ ကြိုးလဲ မရ။ သေနတ်လဲ မရ။ လျှပ်စစ်ထိုင်ခုံလဲ မရ။ သူတို့ ကိုယ်သူတို့ ပြန်သတ်ဖို့ မကြိုးစားဘဲ ဘယ်သူမှ မသတ်နိုင်ပါဘူးလေ။ လူ့အသက်က အသက်ပြင်းတယ်ဆိုတာ ကျွန်တော် ယုံပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်