Maung Luu Pay – Essay

August 30, 2013

နိုင်ငံခြားက ပြန်ခဲ့တယ်
မောင်လူပေ
သြဂုတ် ၃၀၊ ၂၀၁၃


မောင်လူပေတို့  ငယ်စဉ်က နိုင်ငံခြားပြန်ဆိုတာ အတော်ရှားခဲ့ပါတယ်။ အစိုးရဝန်ထမ်း အရာရှိ အချို့ သာ ပညာတော်သင်သွားရင်း နိုင်ငံရပ်ခြား ရောက်ဖူးကြပါတယ်။ သူတို့ ပြန်လာရင် နိုင်ငံခြား အတွေ့ အကြုံတွေ ဖေါက်သည်ချလေ့ရှိပါတယ်။ မိုးမျှော်တိုက်ကြီးတွေ အ ကြောင်း၊ မောင်းသူမဲ့ရထားတွေအကြောင်း၊ လက်မှတ်စစ် မရှိတဲ့ ဘူတာရုံတွေအကြောင်းတွေ ပြောပြရင် မောင်လူပေတို့  တောသား လေးတွေက ပါးစပ် အဟောင်းသားနဲ့  ငေးခဲ့ရဖူးပါတယ်။
ခုများတော့လည်း နိုင်ငံခြားပြန်တွေက ပေါမှပေါ။ ပြည်တွင်း အလုပ်အကိုင်ရှားပါးမှုနဲ့  အဘတွေရဲ့  ကောင်းမှုတွေကြောင့် နိုင်ငံရပ်ခြား တိုင်းတပါးမှာ ရရာအလုပ် ဝင်လုပ်ရေးအတွက် အိမ်ပေါင်၊ ခြံပေါင်၊ ရှိသမျှပေါင်နှံရောင်းချပြီး နည်းလမ်းမျိုးစုံနဲ့  ထွက်လိုက်ကြတာ ပြည်တွင်းမှာ လူမှကျန်သေးရဲ့ လားလို့ တောင် ထင်ရလောက်ပါတယ်။
အဲဒီ အုပ်စုထဲမှာ မောင်လူပေလည်းပါတာပေါ့။ သခင်မျိုးဟေ့၊ ဒို့  ဗမာ ဆိုတာကို ရာဝင်အိုးထဲမှာ (ဟုတ်ပေါင် ယောင်လို့ )ရာဇဝင်ထဲမှာ ထားရစ်ခဲ့ပြီး ရရာအလုပ် ကျွန်ခံလုပ်ဖို့  (မှားပြန်ပြီ) ဝင်ခါလုပ်ဖို့  နိုင်ငံရပ်ခြားကို ထွက်လာခဲ့တာ ဆယ်စုနှစ် နှစ်ခုတောင်စွန်းခဲ့ပါပြီ။
မရောက်တာကြာပြီဖြစ်တဲ့ မွေးရပ်မြေကို ခေတ္တခဏ ပြန်ရောက်တော့ နိုင်ငံခြားပြန်ပီပီ ခေတ်မြောက်မြောက်လေး နေမိတာကို ကြည့်မရ ဖြစ်နေတဲ့ ဇနီးသည် လေဒီပေက မောင်လူပေကို “ဘာတွေ မြောက်ကြွမြောက်ကြွ ဖြစ်နေတာလဲ။ ရှင့်ကိုနိုင်ငံခြားပြန်ဆိုပြီး ဘယ်သူမှ အထင်မကြီးဘူး။ ဒီတလမ်းလုံး နိုင်ငံခြာပြန်တွေ ချည်းပဲ“ လို့  အငေါ်တူးပါတယ်။ သူပြောတာ မမှားပါဘူး။ လမ်းထိပ်အိမ်က ချက်စူတို့  ညီအကိုဆိုရင် ယိုးဒယားကို အိမ်ဦးနဲ့  ကြမ်းပြင်လို တောင်ကျော်သွားနေတာ။ လမ်းအလယ်ပိုင်းက အတူးတို့  တာတီးတို့  ကလဲ မလေး ရှားပြန်တွေ။ ကုန်စုံဆိုင်ပိုင်ရှင် ဦးတရုပ်ကြီးရဲ့ သားတော်မောင် ဖိုးကတုံးက ဂျပန်ပြန်။
ဒါတွေကို မတွေးမိပဲ မြောက်နေမိတာလေ။ လေဒီပေက နာမည်တခု စပေးလိုက်ပါတယ်။ ’ဘဝင်ကိုကို’ တဲ့။
ခဏပြန်တဲ့အချိန်မှာ စားချင်တာတွေက အစုံ၊ ကြားနေရတဲ့ သတင်းတွေက တောင်လိုပုံ။ အကြော်အိုးထဲ ရေသန့် ဘူး ထည့်ကြော်တာတို့ ၊ ဆီဟောင်းတွေပြန်သုံးတာတို့ ၊ တရုပ်ကလာတဲ့ ဆီတုတွေအကြောင်းတို့ ၊ ဆိုးဆေး၊ မှည့်ဆေး၊ ပိုးသတ်ဆေး၊ ဓါတ်မြေသြဇာ ရောတာ စတဲ့ သတင်းစုံတွေကြောင့် တခုခု ဝယ်စားရင် မေးရတာကလည်း အမော။ “ဆီသန့် ရဲ့ လား၊ ရေသန့် ရဲ့ လား၊ ဟိုဟာသန့် ရဲ့ လား၊ ဒီဟာသန့် ရဲ့ လား“ နဲ့ ပေါ့။
နားကြာပြင်းကပ်လာပုံရတဲ့ လေဒီပေက မောင်လူပေကို “ဘယ်ဈေးသည်က ရှင့်ကို မသန့် ဘူး၊ မဝယ်နဲ့  ပြောမှာလဲ။ မစားရဲရင် မစားနဲ့ “ လို့  ငေါ့ပါတယ်။ ပြီးတော့ နာမည်တခုထပ်ပေးပြန်ပါတယ်။ ‘သန့် ကိုကို‘ တဲ့ ။
စားချင်တာတွေ အစုံစားတော့ ထုံးစံအတိုင်း သွားပါတော့တယ်။ မရပ်မနား တရစပ်သွားနေတာမို့  လမ်းနောက်နားက ဆေးဆိုင်မှာ ဝမ်းပိတ်ဆေး သွားဝယ်ရပါတယ်။ ပေးလိုက်တဲ့ ဆေးကပ်ကို မတောက်တခေါက် အင်္ဂလိပ်စာလေးနဲ့  ဖတ်ကြည့်တော့ တက်ထရာ ဆိုက်ကလင်း(Tetracycline) ဆေးတွေပါ။ ဒီလို ပိုးသတ်ဆေး(antibiotics) အပြင်းစားတွေကို ဘာဆေးဆိုတာ မပြောပဲ ပေးလိုက်တဲ့အပြင် ဝမ်းရပ်ရင် သောက်စရာ မလိုတော့ဘူး လို့ တောင် ပြောလိုက်ပါသေးတယ်။ မောင်လူပေကြားဖူးတာက ဆေးပတ်လည်အောင် သောက်ရ တယ်တဲ့။ သူပေးလိုက်တဲ့ဆေးတွေ မသောက်ရဲတာနဲ့  အစားဖြတ်ပြီး ဝမ်းရပ်အောင် ကြိုးစားနေတဲ့ မောင်လူပေကိုကြည့်ပြီး မဒမ်ပေက နာမည်တခု ထပ်ပေးပြန်ပါတယ်။ ’ပန်းကိုကို’ တဲ့။
ရောက်တုံးရောက်ခိုက် ခရီးတွေလည်း ထွက်လိုက်ပါသေးတယ်။ ထုံးစံအတိုင်း တန်ခိုးကြီး ဘုရားဖူး ခရီးစဉ်ပေါ့လေ။ အိမ်မှာ ကိုးကွယ်ထားတဲ့ ဒက္ခိဏသာခါ ကိုယ်တော်ကြီးကိုတော့ ဘုရားဖူးသွားမဲ့အကြောင်း မလျှောက်တင်ဝံ့ပါဘူး။“ငါက ဘုရားမဟုတ်လို့ လား“ လို့  မေးတော်မူလိုက်ရင် ဒုက္ခ ပဲလေ။ ဒီဘုရားဖူးခရီးစဉ်မှာ စိတ်ပိန်စရာကောင်းတာက ဘုရားသမိုင်းပြောပြမယ်ဆိုပြီး နောက်က တကောက်ကောက်လိုက်ပြီး ပိုက်ဆံတောင်းကြတဲ့ ကလေးအုပ်ရယ်၊ ကားရပ်တာနဲ့ ပြေးလာပြီး အတင်းရောင်းတဲ့ လက်ပွေ့  ဈေးသည်တွေရယ် ကိုပါ။ ကလေးအုပ်ကလည်း တယောက်ကိုပေးလိုက်ရင် အခြား ကလးတွေက သူတို့  မရသေးဘူးဆိုပြီး ဝိုင်းလိုက်ကြသလို ဈေးသည်တွေကလည်း တဦးကို အားပေးလိုက်ရင် အခြားဈေးသည်များကပါ အတင်းဝိုင်းရောင်းကြပါတယ်။ မဝယ်မချင်း အတင်း တဂျီဂျီနဲ့  ရောင်းနေတော့တာပါပဲ။
ကျောင်းသားအရွယ်လေးများက သူတို့ တွေစာအုပ်ဖိုးလေးမို့  အားပေးပါတို့ ၊ လူကြီးများကလည်း ဒီဟာလေးရောင်းပြီးမှ ဆန်ဖိုးရမှာပါတို့  စသည်ဖြင့် သနားဖွယ်ဖြစ်အောင် ပြောရောင်းကြတာမို့  သနားတတ်တဲ့မောင်လူပေလည်း လိုတာတွေရော မလိုတာတွေပါ အားပေးလိုက်တာ ခရီးစဉ်ပြီးလို့ အိမ်ရောက်တော့ ပစ္စည်းတွေပုံသွားပါတော့တယ်။ နောက်ဆုံးတော့ မသယ်နိုင်တာနဲ့  ထားခဲ့ရပါတယ်။ အင်းလေးလှေဆိပ်မှာလည်း အင်းထဲမှာ မိုးတွင်းမို့ ဇင်ယော်မရှိတာကိုမသိ၊ ဖေါင်တော်ဦးစေတီမှာ အပြင်က ရွှေဆိုင်းကပ်ခွင့်မပေးတာကိုမသိတဲ့ မောင်လူပေတို့ ကို ငှက်စာ၊ရွှေဆိုင်း အတင်းရောင်းလိုက်တာ အားနာပြီးဝယ်လာမိလို့  ငှက်စာကို ငါးစာပြောင်းကျွေးပြီး ရွှေဆိုင်းကို အလှုခံပုံးထဲ ထည့်ခဲ့ရတဲ့ တွေဖြစ်ခဲ့ပါသေးတယ်။လေဒီပေက နောက်ထပ်နာမည်တခုထပ်ပေးလိုက်ပါတယ်။‘လွဲကိုကို‘တဲ့။

အမိမြေကပြန်လာပြီး မကြာမီ တရားပွဲတခုမှာ မောင်လူပေရဲ့  မိတ်ဆွေကြီး ကိုချိုဦး နဲ့  ဆုံဖြစ်ကြပါတယ်။ သူက “ကိုလူပေ နိုင်ငံခြားက ပြန်ရောက်ပြီလား“လို့  နှုတ်ဆက်ပါတယ်။ ဟုတ်သားပဲ။ ကိုယ်က နိုင်ငံရပ်ခြားမှာအနေကြာသူဆိုတော့ အမိမြေက နိုင်ငံခြားဖြစ်နေပြီလေ။ ဒီတော့မှပဲ လေဒီပေက မောင်လူပေ အကြားချင်ဆုံးနာမည်လေးကို ခေါ်လိုက်ပါတော့တယ်။ ‘နိုင်ငံခြားပြန်ကိုကို‘ ပါတဲ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Uncategorized

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်