Min Kyaw Khine – Me and My Musician Heroes

August 29, 2013

ကျနော်နဲ့ ဂီတသူရဲကောင်းများ
မင်းကျော်ခိုင် (Artist)၊ သြဂုတ် ၃၀၊ ၂၀၁၃
(မိုးမခအတွက် ငြိမ်းချမ်းအေး စုစည်းတင်ဆက်သည်)
 ဝဲမှယာ – ကိုနေဝင်း၊ ခင်မောင်တိုး (၁၉၅၀-၂၀၁၂)၊ ကိုရဲလွင်၊ ကိုမောင်မောင် (၁၉၄၉-၁၉၉၅)
ဓာတ်ပုံ မျှဝေသူ – ခင်ဆွေဝင်း (Artist)
ကျနော် ဆယ်တန်း အောင်ပြီး ဒေသ ကောလိပ် မတက်ခင် အိမ်နီးချင်း သူငယ်ချင်း ကိုကျော်ဇော (ကွယ်လွန်) တို့ ညီအကိုတွေနဲ့ ညဘက်တွေမှာ သမိုင်းဝင်းထဲက မိန်းကလေး အဆောင်တွေရှေ့သီချင်းသွားဆိုကြတာ လိုက်လိုက်သွားတဲ့ အဆောင်ညတွေ… ၁၉၇၉ ခုနှစ်။
ကိုကျော်ဇော အကိုက ကိုအုန်းမြင့် (ခိုင်ထူးနဲ့ တေးမြုံငှက် အခွေမှာ လူစိမ်း သီချင်းဆိုတဲ့ ရီဇော်)၊ ခု သူလည်း ကွယ်လွန်သွားပါပြီ။
လူစိမ်း ၊ သံစဉ်/စာသား – ကိုနေဝင်း၊ တေးဆို – ရီဇော် (၁၉၇၉)
Music Video URL: http://youtu.be/W6gKGPt2shE
၁၉၇၉ ရဲ့ဆောင်းတညမှာ အင်ကြင်းဆောင် နောက်မှာ သီချင်းဆိုကြဖို့ ရောက်သွားတော့ သက္ကလပ် ကောင်းဘွိုင် ဦးထုပ် ဆောင်းထားတဲ့ သူတယောက်က ဂစ်တာ တလက်ကို ကိုင်ထားရင်း “ဟယ်လို… အိုင်ပီ..” လို့ ကိုအုန်းမြင့်ကိုနှုတ်ဆက်တယ်။  “ဟေး… ကိုတိုး” လို့ ကိုအုန်းမြင့်က ပြန်နှုတ်ဆက်ရင်း ကျနော်နဲ့ ကိုတိုးကို မိတ်ဆက်ပေးပါတယ်။  နောက် သူနဲ့ပါလာတာ ကိုရဲ (ကိုရဲလွင်)။
 
Illustrated by Min Kyaw Khine
အဲဒီ ကာလက စာရေးဆရာ ဆရာ မင်းသိင်္ခ နာမည်ကြီးနေချိန်၊ ကိုတိုးက ကိုအုန်းမြင့်ကို “အိုင်ပီ” လို့ အမြဲခေါ်တယ်။  ကိုရဲ နဲ့ မိတ်ဆက်ပေးတော့ ကိုရဲက “မင်းကျော်ခိုင် ဆိုတော့ မိုင်ကျော်ခင်း ပေါ့” ဆိုပြီး စသိကျွမ်းခဲ့ကြတာ။  ကိုရဲက စကားတွေကို သူ့အထာနဲ့ ပြောင်းပြန် ယူယူပြီးပြောတတ်တယ်။  အဲဒီကတည်းက ကျနော့်ကို ကိုရဲက “မိုင်ကျော်ခင်း” လို့ခေါ်ခဲ့တာ။  “လွဲချင်တာ့ ရဲလွင်နဲ့တွေ့တော့တာပေါ့..၊ မုတ်ဆိတ်ထားတာ မိတ်စုတ်တွေနဲ့ မတွေ့ချင်လို့..၊ ကျည်ဆံတွေနဲ့ ကြံစည်နေကြပြန်ပြီ…” အဲလိုစကားတွေပြောတာ။
 
Illustrated by Min Kyaw Khine
အဲဒီ ကာလတုန်းက ကိုတိုးက သူ့ “အဉ္ဇလီအတွက် ဂီတဉ္ဇလီ” သီချင်းခွေ အတွက် အင်ကြင်းဆောင်နောက်မှာ ညစဉ်လာဆိုနေကြ။  ရန်ကုန်လာရင် ကီလီလမ်းက သားထွေးတို့ အိမ်မှာအမြဲတည်းတယ်။  အဆောင်နောက်ကို သားထွေးလည်း လာလာဆိုတယ်။  ကိုယ်ပိုင်သံစဉ်တွေ စပ်ကြ၊ ဆိုကြပေါ့၊  ကျနော်က ဝေလေလေ.. ဂစ်တာလည်း မတီးတတ်၊ ရတဲ့သီချင်းဆို ဝင်ဝင် အော်တာ၊ ပျော်စရာ ကာလတွေပါ။
နောက် ကိုနေဝင်းလည်းရောက်လာတော့ ဝိုင်းကပိုစည်လာတယ်။  ကိုနေဝင်းကို မောင့်လပြည့်ဝန်း ကိုနေဝင်းလို့ လူသိများတဲ့အချိန်၊ သူကလည်း သက္ကလပ်ကောင်းဘွိုင်ဦးထုပ်နဲ့ပဲ။
 
Illustrated by Min Kyaw Khine
ကိုတိုးက စကားနည်းတယ်။  သူ့သီချင်းပဲ စိတ်ထဲထားပြီးဆိုနေတာ။  အင်ကြင်းဆောင် နောက် မှာ တခြားမိန်းကလေး ကျောင်းသူအဆောင်တွေဖြစ်တဲ့ နှင်းဆီ၊ ကံ့ကော်ဆောင်တွေကို ကူးတဲ့ အမိုးနဲ့ ကော်ရစ်ဒါစင်္ကြန် လမ်းတွေရှိတယ်။  ကျနော်တို့ ကိုတိုးတို့ အုပ်စုက အဲဒီစင်္ကြန်လမ်းအမိုးပေါ် တက်ထိုင်ပြီး တီးကြ၊ ဆိုကြတာ။  ကိုတိုး၊ ကိုရဲတို့က အသက်၃ဝ ကျော်။  ကျနော် က ၂ဝ။
ကိုတိုးက ညဦးပိုင်းဆိုရင် အဉ္ဇလီအတွက်ဂီတဉ္ဇလီ၊ စိုးစိတ်စွေစံစားစေ၊ ဒို့ရင်ထဲ၊ လင်းပါလေရှင်နေမင်း..။  ညဥ့်နက်လာမှ သဇင်ည၊ စောင်းကြိုးရှိုက်သံ၊ အရွယ်လွန်ရွေ့လျား…သီချင်းအေးလေးတွေဆိုတာ…။
ကိုတိုး ခဏနားလို့ ကိုရဲဆိုတော့မယ် ဆိုရင် ကိုရဲကို ကျနော်အမြဲ ဂျီကျတယ်။  “ကိုရဲ….အချစ်မဲ့တဲ့သဘော သီချင်း ဆိုဗျာ..ပြီးရင် အင်္ဂလိပ်သီချင်း Let it Be”..။ ကိုရဲက Let it Be သီချင်း အပါအဝင် Beatles သီချင်းတွေ ဆိုတတ်တယ်။
တခြား အဆောင် ကျောင်းသားတွေလည်း သီချင်းလာဆိုကြတယ်။  ကျောင်းသားလူငယ်တို့ သဘာဝ ကြူကြတာ၊ ကြိုးစာနေဆဲသူတွေ၊ အဖြေစောင့်နေတဲ့သူတွေ၊ သမီးရည်းစားဖြစ်ခါစတွေ အမျိုးမျိုးပေါ့။  ဒါပေမယ့် တဖွဲ့နဲ့တဖွဲ့ အလှည့်ကျဆိုကြတာ၊ စည်းကမ်းရှိကြတယ်။  တချို့ကျောင်းသားတွေကလည်း အပြင်မှာ သောက်စားလာကြပြီး အဆောင်အပြန် မိန်းကလေးအဆောင်သူတွေကို လှမ်းအော်ပြီး စကြ၊ နောက်ကြတာတွေရော အစုံပေါ့။  ကျောင်းသားတွေအများစုက ပုဆိုးတွေခြုံပြီး လွတ်လွတ်လပ်လပ် သွားလာနေနိုင်ကြတဲ့ကာလတွေ။  ကျောင်းသူအဆောင်တွေနဲ့ ကျောင်းသားအဆောင်တွေဖြစ်တဲ့ ခပေါင်း၊ ဒူးယား၊ အုန်းတော၊ ပုပ္ပါး အဆောင်တွေကြားမှာ မိုးလင်းဖွင့်တဲ့ စားသောက်ဆိုင်တန်းရှိတယ်။  ကိုတိုးတို့ ကိုရဲတို့ က စက်မှုတက္ကသိုလ်က ဆရာ (နံမည်မမှတ်မိတော့ဘူး) ဖွင့်ထားတဲ့ ကန်သာယာ စားသောက်ဆိုင်မှာ ထိုင်ဖြစ်ကြတာများတယ်။
ကိုတိုးတို့ကို အဲဒီတုန်းက လူသိနည်းသေးတယ်။  နာမည်မကြီးသေးခင်ကိုး။  ကိုရဲကိုတော့ ဘေ့စ်ကိုရဲလွင်၊ ကိုနေဝင်းကိုတော့ မောင့်လပြည့်ဝန်း၊ ကိုမောင် ကတော့ အဉ္ဇလီမောင်မောင် နာမည်တွေ သိကြပေမယ့် သူတို့ဘယ်သူတွေဆိုတာ လူနဲ့နာမည်တွဲ မသိတဲ့သူများတယ်။   စိုင်းထီးဆိုင်ရဲ့ မောင့်လပြည့်ဝန်းပါတဲ့ စိတ္တဇအလွမ်း၊ ခိုင်ထူးရဲ့ အဉ္ဇလီ အခွေတွေထွက်ပြီးတဲ့ ကာလတွေပါ။
ကိုမောင်မောင် ၏ နာမည်ကြီး “အဉ္ဇလီ” နှင့် “အဉ္ဇလီအတွက် ဂီတဉ္ဇလီ”၊ ခိုင်ထူး၊ ခင်မောင်တိုး (၁၉၈၀)
Music Video URL: http://youtu.be/ofPFRs7faAo
 
Illustrated by Min Kyaw Khine
တည ကိုမောင်(အဉ္ဇလီမောင်မောင်) ရောက်လာတယ်။  အဲဒီည စင်္ကြန်အမိုးပေါ်မတက်ဖြစ်ကြဘူး။  အမိုးအောက်ကနေပဲ သီချင်းဆိုကြတဲ့ည။  အင်ကြင်းဆောင်နောက်ဘက် အခန်းတခန်းက ကျောင်းသူတယောက်က သူ့အခန်းမီးပိတ်ပြီး တညလုံးနားထောင်တယ်။  ကျနော်က စာရွက်တရွက်မှာ စာရေးပြီး စက္ကူမြား လုပ်ပြီး သားရေကွင်းနဲ့ ပစ်တင်လိုက်တယ်။  ကျောင်းသားလူငယ်တို့ဘာဝပေါ့။  အဲဒီမှာတင်ပဲ ကိုမောင်က ကိုရဲကို “ရဲကြီး၊ အဆောင်ရှေ့သွားတီးရအောင်” ဆိုပြီး ထ ထွက်သွားပါရော။  ကိုရဲက ဘာမှ မပြောသေးဘဲ ကျနော့်ကို ကြည့်ပြီး “မင်းကျော်ခိုင် ခုနက စာပစ်တင်လိုက်တဲ့ ကောင်မလေးက မောင်မောင့်ညီမအရင်းပဲ” တဲ့။
နောက်ပိုင်း ကျနော်တို့ ခင်စရာကောင်းတဲ့ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြတယ်။  ကိုမောင့် ညီမကို မျက်မှန်နဲ့မို့ ကျနော်က ပြာလောင် လို့ခေါ်တယ်။  ကိုမောင်ကလည်း ဘိုင်ကျရင် သူ့ညီမဆီ သွားသွား ပိုက်ဆံဆွဲလေ့ရှိတယ်။  အင်ကြင်းဆောင်က ဘာနဲ့ တူသလဲဆိုတော့ ခုခေတ် ကွန်ပြူတာ Flat မော်နီတာနဲ့တူတယ်။  အခန်းနံပါတ်တွေက ရှေ့မျက်နှာစာမှာဆိုရင် ဘယ်ဘက်ကစပြီး ‘စုံ’ ဂဏန်းတွေ  ၂, ၄, ၆, ၈ …. အဲလိုစသွားတယ်။  နောက်ဘက် အခြမ်းကျတော့ ‘မ’ ဂဏန်းတွေ၊ ဘယ်ဘက်ကစ ရင်  ၁, ၃, ၅, ၇….။
ဒေသ ကောလိပ်တွေမှာ သင်္ချာနဲ့ ဇီဝဗေဒ အဓိကမေဂျာ နှစ်ခုပဲရှိတယ်။  ဆေးကျောင်း သွားချင်ရင် ဇီဝဗေဒကိုယူ၊ အင်ဂျင်နီယာ ကျောင်းသွားချင်ရင် သင်္ချာကိုယူ။  ဒေသကောလိပ် ၂ မှာ ကျနော်က သင်္ချာယူထားတော့ မနက် ၇ နာရီ ကျောင်းတက်ရတယ်။  မနက်ပိုင်း မတက်ဖြစ်တာများပါတယ်။  အတန်းထဲမှာ သူငယ်ချင်းအသစ်တွေရလာတယ်။  ဗဟန်းကနေ ကျောင်းလာတက်တဲ့ ဂစ်တာတီးတဲ့ မိုးကျော်၊ တောင်ကြီးက ညီညီ (ကွယ်လွန်)၊ ပုသိမ်က ခင်မောင်စိုး၊ မြင်းခြံက မောင်နီ။
 
Illustrated by Min Kyaw Khine
နောက်ပိုင်း မိုးကျော်ပါ အဆောင်မှာ ဂစ်တာလာလာတီးတယ်။  သူနဲ့ကျနော် ကျောင်းမှာ အတွဲများလာတယ်။  သူ ညဘက် အင်ကြင်းဆောင်ကို ဂစ်တာလာတီးရင် ကိုဗစ် (ကိုဆလိုင်းဇာလျန်း) ပါ တခါတခါ ပါလာတတ်တယ်။  အဲလိုညမျိုးဆို ဘေ့စ်ဂစ်တာသမားနှစ်ယောက် ကိုရဲနဲ့ ကိုဗစ်တို့ဆုံကြတဲ့ညတွေ၊ သူတို့လက်သွေးကြတာတွေ နားထောင်မဝခဲ့ဘူး။  မိုးကျော်က လိဒ်ဂစ်တာသမားပီပီ ဂစ်တာကို ဆလိုက်ဒ် ဆွဲပြီး တီးတတ်တယ်။  တိတ်ဆိတ်တဲ့ အဆောင်ညတွေမှာ ဂီတသံစဉ်တွေနဲ့ မူးယစ်ကြတဲ့ အမှတ်တရညတွေပါ။
ကိုရဲ (၆) မိုင် က “ခရမ်းပြာ” လို့ လူသိများလာမယ့် “ရတနာမြိုင်” အဆောင်ကို ပြောင်းပြီး လာနေတော့ ကျနော်နဲ့အတူ မိုးကျော်လည်း လိုက်လိုက်လည်တတ်တယ်။  ဒါပေမယ့် ကိုရဲတို့နဲ့ မိုးကျော် သိပ်မတွဲဖြစ်ကြပါဘူး။  မိုးကျော်က အဲဒီအချိန် တေးပန်းချီ (The Aces) မှာ တီးနေပြီ။  မေ စတူဒီယိုမှာ တီးဖြစ်တာ များတယ်။  တဂျူတီကို ၇၅ ကျပ် သူရတယ်။  လ္ဘက်ရည်တခွက် ၁ ကျပ်၊ ဒူးယား ၃ လိပ် ၁ ကျပ်ခေတ်။
ကိုရဲလွင် ၏ နာမည်ကျော် “ပန်းခရမ်းပြာ” (ရာပြည့် (၁၉၈၄)၊ ခင်ဝမ်း (၁၉၈၆)၊ ကိုရဲလွင် (၂၀၀၀ ခုနှစ်များ))
Music Video URL: http://youtu.be/gcB0aN52i4I
ရတနာမြိုင် အဆောင်က ရှေ့မျက်နှာစာက နှစ်ထပ်တိုက်ကြီး၊ နောက်က သွပ်မိုး၊ ဝါးကျူထရံကာနဲ့ နှစ်ထပ်ဘော်ဒါဆောင်မှာ ကိုရဲက အောက်ထပ်က တခန်းမှာနေတယ်။  အဆောင် အပေါ်ထပ် ညာဘက်အစွန်းခန်းမှာ ကျောက်ပန်းတောင်းက ဂစ်တာသမား ကိုဇော်ဇော်နေတယ်။  အောက်ထပ် ညာဘက်အစွန်အခန်းမှာ ရုပ်ရှင်သရုပ်ဆောင် မဲဇာ၊ နောက်ဘယ်ဘက် ကပ်လျက် အခန်းတွေ ဆက်သွားရင် ရုပ်ရှင်သရုပ်ဆောင် ကိုမျိုးသန့်  (သမန်းကျား) ခုတော့ကွယ်လွန်သွားရှာပြီ၊ နောက်ခု ရုပ်ရှင်ဒါရိုက်တာလုပ်နေတဲ့ ကိုဟိန်းစိုး၊ နောက် ကိုနေဝင်းနဲ့ ကိုမောင်မောင်တို့ အခန်း၊ ပြီးရင် ကိုရဲနဲ့ ကိုတိုးတို့အခန်း၊ တိုက်ကြီးအပေါ်ထပ်မှာက ကိုထီး (စိုင်းထီးဆိုင်) တို့ နေကြတယ်။  ကိုထီးနဲ့ကျနော် မရင်းပါ။  ဘေ့စ်တီးတဲ့ ကိုဂျက် (စောဂျက်ဆင်)၊ လိဒ်တီးတဲ့ ကိုမျိုးတို့ကျ ပြောမနာ၊ ဆိုမနာရင်းနှီးတယ်။  အဆောင်မှုးက ဒေါ်ပြုံး အားလုံးနဲ့တရင်းတနှီးရှိကြတယ်။
၁၉၈ဝ ထဲမှာပဲ ရတနာမြိုင် အဆောင်ကို ဘိုတင့် (ရာပြည့်)၊ ရစ်ချတ် (သက်နိုင်ဦး) တို့ မကြာမကြာရောက်လာကြတယ်။  ဘိုတင့်(ရာပြည့်) က သူနဲ့ သက်နိုင်ဦး နှစ်ယောက်ပေါင်းထုတ်မယ့်အခွေ “ကြယ်ကြွေချိန်ညလေးတည” အတွက်လုံးပမ်းနေတဲ့အချိန်။
(တင်ဆက်သူ မှတ်ချက် –  ၁၉၈၀ ထဲ ဆိုပါက သက်နိုင်ဦး + ရာပြည့် တို့ ၏ “ကြယ်ကြွေချိန်ညလေးတည” တေးစု (၁၉၇၇/၇၈) ထွက်ပြီးချိန် ဖြစ်ပါမည်။)
ကြယ်ကြွေချိန်ညလေးတည၊ သံစဉ်/စာသား – ကိုနေဝင်း၊ တေးဆို – သက်နိုင်ဦး (Richard) (၁၉၇၇/၇၈)
Music Video URL: http://youtu.be/_Dw5MYMBBzM
အဆောင်မှာ ကျနော်က အမြဲသူတို့နဲ့ နေနေတော့တာ၊ အိမ်နီးပေမယ့် အိမ်လည်းပြန်ချင်မှပြန်တာ၊ ရန်ကုန်တက္ကသိုလ် ပန်းချီခန်းမမှာအိပ်တဲ့အခါ အိပ်တယ်။  ကိုတိုး၊ ကိုရဲ၊ ကိုမောင်တို့နဲ့ တချို့ရက်တွေဆို ငှက်ပျောသီးတလုံးနဲ့ လ္ဘက်ရည်တခွက်ဟာ တနေ့လုံးအတွက်ပဲ။  တခါတလေ သင်္ဘောသားတချို့သားသမီးတွေက ကိုရဲတို့ အုပ်စုကိုလေးစားလွန်းလို့ဆိုပြီး သူတို့အိမ်ကို သူတို့ကားနဲ့ အလည်ခေါ်ပြုစုတတ်တဲ့အခါတွေလည်းရှိတယ်။  အဲလိုနေ့ဆို သူတို့က ကျနော့ကိုပါ ကိုရဲတို့နဲ့ရောပြီး တလေးတစား ဂစ်တာတွေထိုးထိုးပေးတတ်ကြတယ်၊ မတီးတတ်ပေမယ့် ခပ်တည်တည်ရောယောင်နေလိုက်ရတဲ့ အကြိမ်ပေါင်းလည်းမနည်းတော့။  ကိုရဲ၊ ကိုတိုး၊ ကိုမောင်၊ ကိုနေဝင်းတို့က ကျနော့်အပေါ် ညီငယ်လို ဆက်ဆံကြတာလည်းပါပါတယ်။  ဘယ်တော့မှ မင်းနဲ့ငါနဲ့မပြောကြဘူး။  ကိုယ်တို့ သွားကြမလို့ မင်းကျော်ခိုင် လိုက်ခဲ့ပါလား..ဘာဘာညာညာပေါ့၊ အဲလိုကျနော့်အပေါ် ဆက်ဆံကြတဲ့သူတွေပါ၊
တခါတော့ ကိုရဲက “မိုင်ကျော်ခင်း ဂစ်တာတီးသင်ရင်ကောင်းမယ်” ဆိုပြီးပြောလာတော့ ကျနော်ကလည်း “ဒါဆို ကိုရဲ နောက်သီချင်းရေးရင် ကော့ဒ် လွယ်လွယ်နဲ့သံစဉ်ထည့်ပေး၊ ဒါဆိုဂစ်တာတီးသင်မယ်” ဆိုတော့ တကယ်ပဲ “နဒီမင်္ဂလာ” သီချင်းနဲ့ ကျနော့ကို သင်ပေးခဲ့ပါတယ်။
အဆောင်မှာ ကိုမောင်သီချင်းတပုဒ်ရေးနေတာ တော်တော်ကြာပြီ။  ဂစ်တာကို Classic တီးကွက်တွေ စမ်းစမ်းပြီးရှာရင်း “မေရယ်….အနားလာပါကွယ်…..အရိုးသားဆုံးပြောရရင်….” (အဲဒီအချိန် သီချင်းခေါင်းစဉ်မသိသေးဘူး)၊ နောက်မှ “ဒဏ္ဍာရီ” လို့ သူ ခေါင်းစဉ်ပြောပြတာ။  “ကိုမောင် ကျနော် ကြည့်နေတာ ဒီသီချင်းရေးနေတာတော်တော်ကြာပြီ ‘အရိုးသားဆုံးပြောရရင်’ ကနေကို ဆက်မတက်တော့ဘူး” လို့သူ့ပြောတော့ ရယ်ပြီး “သီချင်းကောင်းတပုဒ်ဆိုတာဒီလိုပဲ”…တဲ့။  အဲဒါကို ကိုနေဝင်းကြားတော့ “မင်းကျော်ခိုင်ရေ..ကိုယ်ပြောပြမယ်၊ ‘အတတ်ပညာ’ နဲ့ ‘အနုပညာ’ ဆိုတာရှိတယ်။ အတတ်ပညာ ဆိုတာက နိုင်ငံခြားသီချင်းတပုဒ်ကို ကော်ပီသီချင်းလုပ်မယ်ဆိုရင် သူ့သံစဉ်ရှိပြီးသားမို့ ကိုယ်တတ်ထားတဲ့ စကားလုံး ကြွယ်ဝမှုတွေကို သံစဉ်အတိုင်း လိုက်ထည့်သွားတာပဲ။  ကြာလှ နာရီဝက်ပေါ့၊ သီချင်းတပုဒ်ကို။  ဒါပေမယ့် ကိုယ်ပိုင်သံစဉ်၊ ကိုယ်ပိုင်စာသားနဲ့ ကျတော့ တရက်ကြာချင်ကြာမယ်၊ တနှစ်ကြာချင်ကြာမယ် အချိန်ကာလ သတ်မှတ်လို့မရဘူးလေ၊ တန်ဘိုးလည်း ဖြတ်လို့မရဘူး..အဲဒါ အနုပညာပဲ” လို့ ရှင်းပြတယ်။
ဒီလိုနဲ့ တရက် ကိုရဲတို့ အခန်းမှာ ကျနော်တို့ စုထိုင်နေကြတုန်း မိုးကျော်က သူ့မိတ်ဆွေတယောက်နဲ့ ရောက်လာတယ်။  ကိုရဲ၊ ကိုတိုး၊ ကိုနေဝင်း၊ ကိုမောင်တို့နဲ့ မိတ်ဆက်ပေးတယ်၊ သူကတော့ တခြားသူမဟုတ်၊ တချိန်မှာ အောင်မြင်တဲ့ တေးသံရှင်၊ တော်လှန်ရေးဂီတသမားဖြစ်လာမယ့် မွန်းအောင် (Dennis) ပါပဲ….။
 
Illustrated by Min Kyaw Khine
မွန်းအောင်က အနုပညာ ဝါသနာကြီးလွန်းလို့ ပြည် မြစ်ကြီးနားကနေ ရန်ကုန်ကို ဆင်းလာတာ၊ သူနဲ့အတူ သူ့ သူငယ်ချင်း ဂစ်တာသမားတွေလည်းပါလာတယ်။  ကျနော် မှတ်မိတာ နော်ဂျာ၊ ဂွတို (ဂွတိုက ဘေ့စ်ဂစ်တာတီးတယ်၊ ခု သူက ကချင်ပြည်နယ်လွတ်မြောက်ရေးတပ်မတော်ရဲ့ အကြီးအကဲ ဗိုလ်ချုပ်ဂွမ်မော်)။
ယုံကြည်တတ်ပါ၊ သံစဉ်/စာသား – ခေါ်ရမ်း + မွန်းအောင်၊ တေးဆို – မွန်းအောင် (၁၉၈၄)
Music Video URL: http://youtu.be/oUYcqYBHwC8
ကိုရဲတို့ အုပ်စုကသူ့အပေါ် အများကြီးအကူအညီပေးခဲ့တယ်။  အဓိက ကိုရဲ၊ သူ့ အပေါ် စေတနာအပြည့်နဲ့ ဆိုပုံ၊ ဆိုနည်း အစစ ညီလို၊ သူငယ်ချင်းလို သင်ပြပေးခဲ့တယ်။  ကျနော်မှတ်မိတယ် ကိုရဲ မွန်းအောင်ကို တော်တော်မောင်းခဲ့တာ၊ တော်ရုံလူဆို စိတ်ဓါတ် တော်တော်ကျသွားနိုင်တယ်။  ဒါပေမယ့် မွန်းအောင်က ဇွဲကောင်းတယ်၊ သူ့အတွက် ကောင်းစေချင်တဲ့စေတနာနဲ့ မောင်းတာမှန်းသိလို့ သူတော်တော်ကြိုးစားခဲ့တယ်။  နောက်ပိုင်း မိုးကျော်နဲ့ မွန်းအောင် အရမ်းတွဲဖြစ်ကြတယ်။  မွန်းအောင် ငှားနေတဲ့ ၆ မိုင်ခွဲက အိမ်မှာ မိုးကျော် သူ ကွယ်လွန်ခါနီးအထိ နေသွားတယ်။
ဒီလိုနဲ့ ကျနော်တို့ ဒေသကောလိပ်က ပထမနှစ် စာမေးပွဲ အတွက်ဖြေကြရပြီ။  မိုးကျော်နဲ့ ကျနော်က ဘာစာမှ မရဘူး။  ကျောင်းမှ မှန်အောင်မတက်ခဲ့ကြတာ။  ဒါပေမယ့် မေးခွန်းတွေက သူငယ်ချင်း တယောက်ဆီက ရထားတယ်။  ဒါနဲ့ နှစ်ယောက်သား စာခိုးချဖို့ Field Jacket တထည်စီ ဝတ်ပြီး ဂျာကင်အိပ် အများကြီးထဲ စာတွေ ဖြဲထည့်ပြီးခိုးချဖို့ လုပ်ကြတယ်။  ဖြေရတာက သူနဲ့ ကျနော်က ရှေ့ခုံ နောက်ခုံ၊ ဖြစ်ချင်တော့ စာမေးပွဲခန်းထဲ နွေခေါင်ခေါင် Field Jacket ကြီးတွေနဲ့ ချွေးတွေပြန်ပြီး ဘယ်မေးခွန်းရဲ့ အဖြေက ဘယ်အိပ်ထဲ ထည့်ထားမှန်းမသိနဲ့ နှစ်ယောက်သား အောင်မြင်စွာ စာမေးပွဲကျကြလေသတည်းပေါ့ဗျာ။  ကျန်တဲ့သူငယ်ချင်းတွေ ညီညီတို့ မောင်နီတို့က ကျောင်းတက်မှန်ပြီး အောင်သွားကြတယ်။
အဉ္ဇလီအတွက် ဂီတဉ္ဇလီ သီချင်းခွေထွက်တော့ ခွေက ထင်သလောက်မပေါက်ခဲ့ဘူး။  အခွေက “လှိုင် တေးသံသွင်း” ကနေဖြန့်တာ။  ခွေထွက်ပြီး မကြာခင် ကိုအုန်းမြင့် (ရီဇော်) က ခွေ ၂ ဒါဇင်ယူလာတယ်။  “မင်းကျော်ခိုင်ရေ၊ ကိုတိုးအခွေတွေ ဒို့ ဝိုင်းဖြန့်ရအောင်” ဆိုပြီးလာပေးတယ်။  ဒါနဲ့ ကိုရဲရယ်၊ ကျနော်ရယ် ခွေတွေယူပြီး ဘယ်သူ့ကို စ ရောင်းမလဲပေါ့။  ကျနော်က အင်ကြင်းဆောင်က ဂျီဂျီး (ကိုမောင့်ညီမ) ကိုပဲ စ ရောင်းတာပေါ့ ဆိုပြီး ဂျီဂျီးဆီသွားရောင်းတယ်။  ဂျီဂျီးက ၂ ခွေ ကို တခွေ ၂၅ ကျပ်နဲ့ ဝယ်လိုက်တယ်။  အဲဒီအရင်းနဲ့ တခြားနေရာတွေ ခရီးဆက်ကြတာပေါ့။  ရန်ကုန် ဆူးလေ ဟိုင်းလက်ကားတွေ တယောက် တကျပ်ဆွဲတဲ့အချိန် ကက်ဆက်ပါတဲ့ ကားရွေးပြီး ရှေ့တန်းမှာထိုင် ဒရိုင်ဘာကို ကိုတိုးအခွေပေးပြီး ကြော်ငြာအနေနဲ့ဖွင့်ခိုင်း..အဲလိုစ ဖြန့် ကြတယ်။
တောင်ဥက္ကလာဘက်ဆို ခွေငှားဆိုင်တွေက ဈေးမပေးဘူး၊ အဆိုတော် အသစ်ဆိုပြီး ထားခဲ့လေ နောက်တပါတ်လာကြည့်ပေါ့၊ ဒါမျိုးတွေ တချို့ဆိုင်တွေကို ၁၅ ကျပ်နဲ့ ရောင်းခဲ့ရတာတွေရှိတယ်။  နာမည်မကြီးသေးရင် ဒီလိုပဲ မျက်နှာငယ်ရတယ်။  (မွန်းအောင်ကိုယ်တိုင် သူ့အခွေအတွက် အဲလိုအဖြစ် သူကိုယ်တိုင်ကြုံခဲ့ရတယ်)၊ ခွေရောင်းရတဲ့ ပိုက်ဆံတွေကလည်း လမ်းစရိတ်၊ စားတာသောက်တာနဲ့ ငွေခေါင်းကွဲတော့တာပေါ့၊ ဝန်ခံရရင် ငွေစာရင်းမရှင်းနိုင်ဖြစ်ကုန်တယ်၊ ကံကောင်းတယ်ပဲပြောရမလားပဲ။  ခွေတွေကို တာဝန်ခံယူလာတဲ့ ကိုအုန်းမြင့်က စိတ် တခါတခါဖေါက်တတ်တယ်။  အဲဒီအချိန်သူ စိတ်ထဖေါက်တော့ တေးသံသွင်းဆိုင်ကလည်း ဘာမှလုပ်လို့မရဘူးဖြစ်ရော။  တေးသံသွင်းဆိုင်က ပိုင်ရှင်ရဲ့သား (နံမည်မေ့နေတယ်) တာဝန်ခံပြီး ကိုအုန်းမြင့်ကိုထုတ်ပေးခဲ့တာဆိုတော့ သူ့အဖေက သူ့သားကို အိမ်ပေါ်ကနှင်ချလိုက်တယ်ကြားတယ်။  ဒါလည်းခဏပါပဲ၊ သားအဖကိုး၊ သူ့သားက ကိုတိုးတို့ ကိုရဲတို့အပေါ် သံယောဇဉ်ကြီးတယ်၊ အောင်မြင်စေချင်တယ်လေ၊ အဲဒီ အဉ္ဇလီအတွက် ဂီတဉ္ဇလီသီချင်းခွေ ကာဗာက ပန်းချီကျော်ကျော်ဝင်း (ကွယ်လွန်) ရေးခဲ့တာ။  ကျနော်က ဒီဇိုင်းတခုရေးပြီး ရောင်စုံစာကူးစက်နဲ့  (Electronic Wax နဲ့ရေးတဲ့ဒီဇိုင်း) A4 ဆိုဒ်ထုတ်ပြီး ရန်ကုန် အင်းစိန် ဘတ်စ်ကားတွေရော၊ ဟိုင်းလက်ကားတွေရော ဘေးမှာကပ် ကပ်ပေးလိုက်တာ၊ ပြန်တွေးကြည့်တော့ အသုဘပို့တဲ့ ဘတ်စ်ကားတွေဘေးမှာ ဦးဘယ်သူ၊ ဒေါ်ဘယ်သူ အသက်ဘယ်နနှစ် ဆိုပြီး ကပ်တဲ့စာတွေလိုဖြစ်သွားတာ။
အခွေထွက်ပြီး နည်းနည်း ကြာတဲ့အချိန် ကျနော်တို့ ဘားလမ်းထဲက မုတ်ဆိတ် လ္ဘက်ရည်ဆိုင်မှာထိုင်ကြရင်း ကိုမောင်က စကားစ လာတယ်။  “တိုးကြီး ဒီလိုသာဆိုရင် ဘယ်တော့မှ အောင်မြင်တဲ့အဆိုတော် ဖြစ်လာမှာမဟုတ်ဘူး…” လို့လည်း ပြောရော ကိုရဲက “မောင်မောင် အဲလိုမပြောသင့်ဘူး၊ ဘာပဲဖြစ်ဖြစ် တိုးကြီးအောင်မြင်ဖို့ ဒို့သူငယ်ချင်းတွေမှာတာဝန်ရှိတယ်၊ မဖြစ်ဖြစ်အောင်ဝိုင်းလုပ်ရမယ်” ဆိုပြီး ပြောတယ်။  ကျနော်သိတယ်၊ ကိုမောင်ကလည်း ကိုတိုးကို အောင်မြင်စေချင်တယ်၊ ကရုဏာဒေါသောနဲ့ပြောခဲ့တာပါ။  တကယ်တန်းကျ သူတို့ သူငယ်ချင်းချင်း သိပ်ချစ်ကြတာ။  သူတို့သီချင်းတွေကို ကိုတိုးအတွက်ပဲ ရေးစပ်ခဲ့ကြတာ။  ကိုရဲက ကိုတိုးအပေါ် ဘယ်လောက် သံယောဇဉ်ကြီးတယ်ဆိုတာ ကျနော်သိတယ်။  ကိုရဲနဲ့ ကျနော်နှစ်ယောက်တည်း အရက်သောက်ကြတဲ့အချိန်ဆို ကိုရဲအမြဲပြောတယ်။  “တိုးကြီး တနေ့ လုံးဝ အောင်မြင်ရမယ်၊ ကိုယ်တို့ အစွမ်းကုန်ကြိုးစားပေးရမယ်…” ဒါ သူအမြဲ နှလုံးသွင်းထားတဲ့စကားတွေ။
ဒီကြားထဲ မဆီမဆိုင် ကျနော့် ကိုပါလာပြီး “မင်းကျော်ခိုင် နာမည်ကိုလည်း ‘တိုး’ ပါတဲ့နာမည်တခုပြောင်းပါလား” တဲ့၊ “ဟာ… ဘာဆိုင်လို့လဲ ကိုရဲရာ” ဆိုတော့ “ကိုယ်က ‘တိုး’ ဆိုရင်ချစ်တယ်ကွာ” တဲ့။  ချစ်မှာပေါ့ သူ့ငယ်ချစ်နာမည်က “တိုးတိုး” လေ။
ဒါကြောင့် သူ့သီချင်းတွေမှာ “တိုး” ဆိုတဲ့စကားလုံး အမြဲပါတာ။
၁၉၇၉ လောက်ကနေ ၁၉၈၃ လောက် ကာလတွေတုန်းက ရန်ကုန်တက္ကလိုလ်ထဲမှာ ကဗျာရူး စာရူးတွေ တော်တော်ပေါတာ။  တကယ့် ကဗျာဆရာ ဖြစ်သွားတဲ့သူတွေလည်းရှိခဲ့ပါတယ်။  ပုဆိုးတိုတိုဝတ်၊ ဆေးပေါ့လိပ်ကိုခဲ၊ လ္ဘက်ရည်ဆိုင်ထိုင်၊ ကိုယ့်ကိုယ်ကို ဘဝ သမား၊ ဘဝကဗျာဆရာ၊ ဘဝသရုပ်ဖေါ်စာရေးဆရာ ကဗျာဆရာတွေပေါ့လေ..အဲလိုပုံစံတွေခေတ်ထခဲ့တယ်။
ကျနော်က အရက်ပဲသောက်တတ်တာ၊ ဆေးလိပ်မသောက်တတ်သေးဘူး။  ကိုတိုး၊ ကိုရဲ၊ ကိုမောင်၊ ကိုနေဝင်း၊ ဘိုတင့်(ရာပြည့်)၊ မိုးကျော်တို့က အဲဒီကာလ ခေတ်စကားနဲ့ပြောရရင် ဆင်ကြိုက်တယ်၊ ဆင်စီးတယ်ပေါ့။  ဆေးပေါ့လိပ်က နှင်းဆီ၊ နောက် သဇင်ကြိုက်ကြတယ်။  သဇင်ဆိုတာက သိတယ်မဟုတ်လား..။
ကိုရဲလွင် ၏ နာမည်ကျော် “သဇင်ည”၊ တေးဆို – ခင်မောင်တိုး (၁၉၈၀)၊ ခင်ဝမ်း (၁၉၈၆)
Music Video URL: http://youtu.be/b6Ro3wxfyS
မိုးကျော်က အရက်နဲ့မတည့်ဘူး။  ကိုရဲကျတော့ အရက်ကို ရေမရောဘဲ သောက်တတ်တာ။  ဒါပေမယ့် သောက်ခဲတယ်။  သူတို့က ‘အငြိမ်’ ကြိုက်ကြတဲ့သူတွေ၊ သူတို့ကိုကြည့်ပြီး အားကျလေးစားကြတဲ့ လူငယ်တွေအတုယူမှားကြတာက အဲဒီ ရီဝေတဲ့ စတိုင်ဖမ်းပြီး အနုပညာသမားကြီးတွေလို လ္ဘက်ရည်ဆိုင်တွေမှာ ရေနွေးတအိုးပြီး တအိုးမှာ သောက်ကြရင်း စတိုင်ထုတ်ကြတာပဲ။  ကိုရဲတို့အုပ်စုက အဲလိုမဟုတ်ဘူး။  သူတို့ ကောင်းနေပြီဆိုရင် ဂစ်တာကိုကိုင် ကီး (Key) တွေစမ်း၊ သံစဉ်တွေရှာ၊ စကားလုံးတွေနဲ့ သီချင်းရေးတတ်ကြတယ်။ ပတ်ဝန်းကျင်မှာကြားရတဲ့ ကျေးငှက်သံတွေ၊ သစ်ရွက်လေတိုးသံတွေဟာ သူတို့အတွက်က သံစဉ်တွေပဲလေ။  တခါတလေ သမိုင်းဝင်းထဲက မိန်းကလေးအဆောင်တွေ မသွားဖြစ်တဲ့ ညတွေ အင်းလျားကန်ဘောင်ပေါ် ဂစ်တာတီးကြရင်း အင်းလျားရေပြင်ရဲ့လှိုင်းပုတ်သံတွေဟာလည်း သူတို့အတွက် လှပတဲ့သံစဉ်တွေပဲလေ။
လှည်းတန်းဘက်ကနေလာရင် ခရမ်းပြာ အဆောင် မရောက်ခင် ပြောရရင် အင်းလျားလမ်းနဲ့ ပြည်လမ်းထောင့်က ပတ္တမြားခြံရှိတယ်။  အဲဒီမှာ IFL(French) တက်နေတဲ့ကျောင်းသားတယောက်ရှိတယ်။  သူ့နာမည်က ကိုငွေဝင်း။  သူ့ဆီလာလည်နေ ကျက ဖိုးချို။  ဖိုးချိုနဲ့ကလည်း ကျနော် ကိုနေဝင်းနဲ့ ပတ်သက်ပြီး ခင်တာ။
ဖိုးချို ပြန်ဆိုသည့် ကိုနေဝင်း ၏ နာမည်ကြီး “ကြယ်ကြွေချိန်ညလေးတည” (၁၉၈၂) (မူရင်း သက်နိုင်ဦး ဆို)
Music Video URL: http://youtu.be/78_Np6lGrhQ
ဖိုးချိုက အဲဒီအချိန် သူ့ အခွေ “ပိုင်စီုးမှုဧကရီ” နဲ့ ပေါက်ထားတဲ့အချိန်၊ ခင်တော့ခင်တယ်။  ဒါပေမယ့် တခါတခါ ကျနော်နဲ့ အယူအဆမတူတဲ့အခါ ခဏခဏငြင်းကြရတယ်။  သူနေတဲ့ လမ်းမတော် ညောင်ပင်လေးဈေးနားက အပေါ်ထပ် သူ့ အိမ်ခန်းကို အလည်ခေါ်လို့ လိုက်လည်ဖူးတယ်။  သူကလည်း သူ့ အနုပညာမာနနဲ့ပဲ။  သိပ် အောင်မြင်ချင်လွန်းတဲ့ ဆန္ဒတွေများတယ်။  နောက်တခုက သူ ကောင်းတာက များလွန်းတယ်၊ အလွန်အကျွှံကောင်းနေတာ။  ဒါတွေလည်း ပါတယ်။  သူစောစောနဲ့ ကြွေခဲ့ရတဲ့ အကြောင်းက။  ကျနော့် အမြင်ပြောရင် သူက အောင်မြင်ခြင်းရဲ့ဒဏ်၊ ကျော်ကြားမှုရဲ့ဒဏ် သူမခံနိုင်ခဲ့တာပဲ။  အောင်မြင်ကျော်ကြားမှုအပေါ် သာယာမှုလွန်ကဲသွားခဲ့တာလို့ပဲ ပြောချင်တယ်။  ဘာလို့လည်းဆိုတော့ ရန်ကုန်တက္ကသိုလ်ဝင်းထဲက သီရိဆောင် ရဲ့ ကျောင်းသူတွေ နှုတ်ဆက်ညစာစားပွဲမှာ သီချင်းဆိုပေးဖို့ သူ့ကို ပြောတော့ သူတောင်းတဲ့ဈေးက မတရားများနေတယ်။  ဖိုးချို ဒါ ကျောင်းသူတွေရဲ့အဆောင် သူတို့က လက်မှတ်ရောင်းပြီး စီးပွားရှာတာမဟုတ်ဘူး။  ရံပုံငွေနဲ့ လုပ်ကြတာလို့ ပြောပေမယ့် မရဘူး။
သီရိဆောင် ရံပုံငွေ Fan Fair အကြောင်းပြောမှ ရှင်းမှာ။  ၁၉၈၁ ခုနှစ်မှာ သီရိဆောင်က Hall Tutor ဒေါ်ချိုချို (မမချို)က သူငယ်ချင်း ကျော်ညွန့်အောင်ကနေ တဆင့် အကူအညီတောင်းလို့ သူတို့အတွက် ရံပုံငွေရှာပေးဖူးတယ်။  ဘယ်လိုရှာလဲဆိုတော့ ရန်ကုန်သားပီပီ လောင်းကစားပေါ့ဗျာ။  သီရိဆောင်ရဲ့ မောင်နှမအဆောင်က ရွှေဘိုဆောင်။  ဥပဒေကျောင်းသား/ ကျောင်းသူတွေ မောင်နှမဆောင်ပေါ့၊  သူတို့က ဘူးသီးကြော်၊ ငှက်ပျော်ကြော်၊ မုန့်ဟင်းခါးတို့ ရောင်းတာ။
ကျနော်က ၃ ပေ ပတ်လည် သံဇကာ တချပ်ဝယ်ပြီး ပင်ပေါင်ဘောလုံး (Table Tennis Ball) ၃ လုံးနဲ့ သံဇကာပေါက်ထဲ ဝင်အောင်ပစ်၊ ပင်ပေါင်ဘောလုံး ၃ လုံး ၁ ကျပ်၊ တလုံးဝင်ရင် တဆ လျော်မယ်။  ၃လုံး စလုံး ဝင်ရင် ၃ ဆ လျော်မယ်ပေါ့။  ဒါက ဟန်ပြ။  တကယ် ကစားမှာက အဲဒီ ပင်ပေါင်ဘောလုံး ၃ လုံး ၁ ကျပ်ဆိုတဲ့ ပိုစတာကို ပြောင်းပြန် ပြန်လှန်လိုက်ရင် Lucky Seven အံစာ ၂ တုံးနဲ့ အကွက်ချထားတဲ့ဇယား။  အလယ် အကွက်က နံပါတ် ၇ တလုံးတည်း။  ဘေးဘက် ဘယ်နဲ့ ညာမှာက ဘယ်ဘက်မှဆိုရင် ၂ ကနေ ၆၊ ညာဘက်မှာက ၈ ကနေ ၁၂၊ ဘယ်ဘက်အကွက်နဲ့ ညာဘက်အကွက်ကျရင် ၁ ဆ စီလျော်မယ်၊ အလယ် ၇ ကျရင် ၇ ထိုးတဲ့သူကို ၃ ဆ လျော်မယ်။  အဲလိုကစားတာ။
ပွဲမစ ခင်ကတည်းက ဆရာမ မမချိုကို တောင်းထားတာက အရင်းငွေ ၂ဝဝ ကျပ်၊ နောက် ငွေသိမ်းပေးဖို့ သီရိဆောင်ရဲ့ အချောဆုံး ကျောင်းသူနှစ်ယောက်။  ဆရာမကလည်း သဘောတူတယ်။  အဲတော့ မင်းကျော်ခိုင်တို့ ဘေးမှာ အချောဆုံး ကျောင်းသူ အလှပဂေး နှစ်ယောက်ခြံရံလျက်ပေါ့ဗျာ။  အဲဒီတော့ သူတို့ကို ပိုးနေကြတဲ့ ရွှေဘိုဆောင်က ကောင်တွေက ကျနော့်ကို မျက်စောင်းတခဲခဲပေါ့။  ပွဲစလို့မှ မကြာသေးဘူး။  ဘေးက မရွှေချောနှစ်ယောက် ‘ပြာ’ လာပြီ။  ပြာဆို အံစာတုန်းက ‘သေ’ သလားမမေးနဲ့။  အသေး အကွက် ၂ နဲ့ ၆ ကြား ချည်းပဲ ကျနေတော့ သူတို့ လှိမ့်လျော်နေရတယ်။
မင်းကျော်ခိုင် ကြည့်လုပ်ဦး။  အရင်း ငွေ ၂ဝဝ ကုန်တော့မယ်။  ကျနော်ကလည်း အေးပါ၊ မပူပါနဲ့ အေးဆေးပါ ဆိုပြီး ကြံဖန်ရတော့တာပေါ့၊  လောင်းကစားသမားတွေ ငွေလျော်၊ ငွေစားကို အာရုံစိုက်နေကြတုန်း ကျနော်က အံစာခွက်ကို မခလောက်တော့ဘဲ အံစာတုန်း ၂ ခုပေါင်း နံပါတ် ၇ လုပ်ထားလိုက်တယ်။  ပြီးမှ ကဲ အားလုံးလက်ရှောင်ကြ၊ အိုကေ..နောက်တပွဲ စ မယ် ဆိုပြီး အံစာခွက်ကို အသာချထားလိုက်တယ်။  ထိုးသား မောင်ကျောင်းသားတွေကလည်း ဟေး ဒီတခါ အသေးပဲကွ၊ တချို့ကလည်း အကြီးကျမှာကွနဲ့ ထိုးကြပါလေရော။  ကျနော်က ခပ်တည်တည်နဲ့ အိုကေ နံပါတ် ၇ ဘယ်သူမှ မထိုးဘူးလား ဖွင့်တော့မယ်နော်ဆိုပြီး အံစာတုန်းကာထားတဲ့ ခွက်ကို အပေါ်တည့်တည့်၊ ဖြည်းဖြည်းလေးမ ပြီးမှ ညာဘက် အသာလေးဆွဲဖွင့်လိုက်တယ်။  ထိုးသားတွေ အတွက်က အသည်းတယားယားပေါ့ဗျာ။  ဟာ…….နံပါတ် ၇။  အဲဒီမှာ သူတို့ထိုးထားတာတွေ အကုန်စားတော့ပဲ။  အဲလိုမျိုး ၃ ခါ တခါ လောက် ဆင်ပြီးကစားတော့ ဒိုင်စားပေါ့။  အံမယ် ကျနော့် အလှ ပဂေးနှစ်ယောက်များမြူးလို့…။
နေ့လည်ထမင်းစားချိန်နားတော့ မမချိုက မှာထားတယ်။  ဂျပ်ဆင် Canteen မှာအတူစားကြမယ်တဲ့။  ကျနော့် မရွှေချောတွေက ‘နိုးဝေး’ ပဲတဲ့။  မြတ်တယ် ဒီတော့ ကုက္ကိုင်း က တရုတ် ဘုံကျောင်း စားသောက်ဆိုင်မှာ သွားစားကြမယ်ဆိုပြီး ၃ ယောက်သား လေးဘီးတက္ကစီငှားပြီး သွားစားကြတာ ၁၅၀ ကျပ်ကျတယ်။  မမချို မျက်လုံးပြူးသွားတော့။  မမရယ် သမီးတို့ ၂ ထောင်ကျော်တောင် မြတ်နေတာ ဒီလောက်တော့စားရမှာပေါ့ဆိုတော့ ငြိမ်သွားတယ်။
ညနေ ပွဲသိမ်းတော့ မရွှေချောတွေက မင်းကျော်ခိုင် နင် ငါတို့ကို ဂျပ်ဆင် Canteen ကြံရည်ဆိုင်မှ စောင့်နေဆိုလို့ စောင်နေခဲ့တယ်။  အံမယ် သူတို့က ပိုက်ဆံသိမ်းတဲ့ လွယ်အိတ် အထဲမှာ အတွင်းဇစ် လုပ်ထားတာကိုး။  ဇစ်ပိတ်ပြီး ပိုက်ဆံတွေ လွယ်အိတ် ကို ခါချပြပေမယ့် ဇစ်အိတ် ထဲက ဒိုင်ထားတဲ့ ပိုက်ဆံတွေက မကျဘူးလေ။  ရော့ နင့်အတွက် ခွဲတမ်း ၅ဝဝ ကျပ်။  နင် ဘယ်သူ့မှ လျှောက်မပြောရဘူးနော် ဆိုပြီး နှုတ်ပိတ်သွားသေးတယ်။  ပွဲက ၂ ရက်ဆိုတော့ တယောက် တထောင်စီပေါ့ဗျာ။  လ္ဘက်ရည် တခွက် ၁ ကျပ်ခေတ်နော်၊ မှန်းကြည့်။
အဆောင် Dinner မှာ ကျနော့် ကို အဆောင်က ဂုဏ်ပြုလက်ဆောင် ၅ ကျပ်တန် လက်ကိုင်ပဝါ နှစ်ထည်ပေးပါသဗျာ အမှတ်တရပေါ့။
ဒါပေမယ့် နောက်နေ့မှာ ကျောင်းသားတွေက မော်ကွန်းထိန်းကို သွားတိုင်ကြတယ်။  သူတို့ အိမ်ကပို့လိုက်တဲ့ ကျောင်းလခတွေ၊ စာအုပ်ဖိုးတွေ သီရိဆောင် ဈေးရောင်းပွဲမှာ ကျနော့် အံစာ ကစားဝိုင်းကြောင့် ကုန်ပါပြီဆိုပြီး….။  ဒါတော့ သူတို့ကို ဘယ်သူမှ လာကစားပါလို့ မခေါ်ခဲ့ပါဘူး။  သူတို့ဘာသာ သူတို့ လောဘနဲ့လာ ကစားတာကိုး…။  ကျနော့် အတွက်တော့ ကျောင်းထဲ ဦးချစ်ဆိုင်သွားတဲ့အခါ အဆောင်က မောင်ကျောင်းသားများရဲ့ သြဘာပေးမှုကို ခံရပါတယ်၊ လူလိမ်ကြီး တဲ့……။
အဲဒီဈေးရောင်းပွဲက ရံပုံငွေတွေ အားလုံးပေါင်းပြီး ညစာစားပွဲအတွက် တီးဝိုင်းနဲ့ အဆိုတော်တွေငှားဖို့ ကျနော့် ခေါင်းပဲ ကျပါတယ်။  မမချိုက မင်းကျော်ခိုင်က ကိုရဲလွင်တို့နဲ့ ရင်းနှီးတယ်ဆိုပြီး အဆောင်ကျောင်းသူတွေ ဂျီကျတာခံရပါတယ်။  ဖိုးချို၊ ကိုင်ဇာ၊ စိုးပိုင်၊ ပလေးဘွိုင်သန်းနိုင် ခေါ်ပေးဆိုပြီး လုပ်ကြလို့ ကျနော်လည်း ကိုရဲ နဲ့ မိုးကျော်ပဲ အကူအညီတောင်းရတော့တာပေါ့၊
အဲဒီအချိန်က  ကိုင်ဇာ၊ မေဆွိ၊ ဖိုးချို နံမည်ကြီးနေချိန်..။  ကိုင်ဇာက ကျနော့် ထက် RC 2 မှာ တနှစ်စောရောက်တယ်။  မသိကြဘူး။  မိုးကျော်နဲ့လည်း မရင်းဘူး။  သူ နဲ့ ဆက်သွယ်ပြီး သီရိကျောင်းသူ အဆောင်အတွက်ပါ ဆိုတော့ သူကလည်း ဖိုးချိုအတိုင်းပဲ ဈေးက Play Boy တီးဝိုင်းထက် တောင်များနေတယ်။  အဲဒီမှာ သူ့ Success တီးဝိုင်းမှာ Organ တီးတာက သိန်းဆွေ။  သိန်းဆွေ ညီမ ချစ်ချစ် ကတော့ ကျနော့် သူငယ်ချင်းပါပဲ။  သိန်းဆွေနဲ့ ဂျပ်ဆင် Canteen မှာ တခါမှ မတွေ့ဖူးကြဘဲ ချိန်းပြီး ဈေးစကားပြောတော့လည်း အဆင်ကမပြေ။
ဒါနဲ့ပဲ မြန်မာပြည် အကောင်းဆုံးတီးဝိုင်းဖြစ်တဲ့ သမန်းကျား တီးဝိုင်းပဲ ငှားပေးလိုက်တော့တယ်။  သမန်းကျား ကိုမြင့်၊ ရုပ်ရှင်သရုပ်ဆောင် အရှည်ကြီး (ဘေ့စ်) သူတို့ဝိုင်းပေါ့ဗျာ။
ကိုစိုးပိုင်ကို သွားဖိတ်ဖို့ ကိုရဲကို အကူအညီတောင်းရတယ်။  သူနဲ့က ဟိုး E Machine မှာကတည်းက သူငယ်ချင်းတွေကိုး။
မောင်သစ်မင်း ၏ ကဗျာ ကို ကိုရဲလွင် တေးသံစဉ် ဖွဲ့၍ စိုးပိုင် ဆိုခဲ့သည့် နာမည်ကြီး “ဘာလိုသေးလဲ” (၁၉၈၂)
Music Video URL: http://youtu.be/n_oKIkiwrjc
ဒါနဲ့ ကျနော်နဲ့ ကိုရဲ ကိုစိုးပိုင်နေတဲ့ ကျောက်မြောင်း ရပ်ကွက်ထဲ လိပ်စာ မသိဘဲ သွားရှာကြတာပေါ့။  ကိုစိုးပိုင် အိမ်မတွေ့ဘဲ “ရိုင်းတဲ့ဇင်ယော်” သီချင်းဆိုခဲ့ဖူးတဲ့ အောင်ဘိုဘို နဲ့ သွားတွေ့တယ်။  အောင်ဘိုဘိုကလည်း ကိုရဲကို နံမည်နဲ့တင် လေးစားနေတဲ့ သူဆိုတော့ သူ့အိမ်အတင်းခေါ်၊ ပြုစုပြီးမှ ကိုစိုးပိုင်ဆီ လိုက်ပို့ ပေးခဲ့တယ်။  ကိုစိုးပိုင် အိမ်ရှိတဲ့ လမ်း နာမည်တော့ မမှတ်မိတော့ဘူး။  အဲဒီတုန်းက ကိုစိုးပိုင်အိမ်က ပျဉ်ထောင်နှစ်ထပ်အိမ်၊ သူက အပေါ်ထပ်မှာနေတယ်။  သူ့ဇနီးက မညို အရမ်းသဘောကောင်းတယ်။  ကိုရဲကို တွေ့တာနဲ့ “ရဲကြီး ဘယ်ကဘယ်လိုရောက်လာတာလဲ” ဆိုပြီး ဝမ်းသာအားရ ဧည့်ခံတယ်။  မတွေ့တာ ကြာပြီဖြစ်တဲ့ သူတို့နှစ်ယောက်ကိုကြည့်ပြီး ကျနော် ကြည်နူးခဲ့ရတယ်။  သြော်… သူငယ်ချင်း ဆိုတာကို ပြောတာပါ…..။  ကိုရဲက လူချစ်လူခင် များတယ်…။
 (ဆက်ပါဦးမည်။)
 မင်းကျော်ခိုင် @ Min Kyaw Khine (Artist)
သြဂုတ်၊ ၂၆၊ ၂၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Portraits

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)