Phoe Htet – Essay

August 27, 2013

အရိုင်း စိတ် ဥပဒေတွေနဲ့ ပျော်ကြရအောင်
ဖိုးထက်
သြဂုတ် ၂၇၊ ၂၀၁၃



ကျွန်တော်က မန္တလေးသားပီပီ အင်တာနက်ပေါ်မှာ မန္တလေး သတင်းတွေကို စိတ်ဝင်တစား စောင့်ဖတ်မိတယ်။ တစ်လောက ဆိုင်ကယ်စီးတဲ့ သူတွေကို လူတစ်စုက အကြောင်းမဲ့ သက်သက် ရန်ငြိုးလဲ မရှိပါဘဲ ဓားနဲ့ အသားလွတ် လိုက်ခုတ်တယ်ဆိုတဲ့ မန္တလေးက သတင်း ဖတ်ရတယ်။
ကျွန်တော်တို့ အထက်တန်းကျောင်းသား ဘ၀တုံးကရော၊ မန္တလေး ဂျီတီအိုင်တက်နေစဉ်ကရော၊ နောက် ဝေလေလေလုပ်နေစဉ်ကရော ညဆိုရင် အချိန်မရှိ၊ အချိန်ရှိမှ အိမ်ကို ပြန်တာဘဲ။ စက်ဘီးတစ်စီးနဲ့ မြို့တစ်ခြမ်းပါတ်နေတယ်လို့ ပြောရမယ်။ တစ်ခါတစ်လေ စိတ်လိုလက်ရရှိရင် တစ်ယောက်တည်းလဲ ကျုံးကို စက်ဘီး ပါတ်စီးချင်စီးနေတာ။ မူးမူးရူးရူးနဲ့ သီချင်း အကျယ်ကြီး အော်ဆို၊ စက်ဘီးက ဘီးပေါက်၊ ဆက်စီးလို့ မရ၊ ဆင်းတွန်းနဲ့ အိမ်ကို ရောက်တဲ့ အချိန်ဆိုရင် သက်ကြီး ခေါင်းချချိန်ကျော်လို့ လင်းကြက်တောင် တွန်ဖို့ အကြောဆန့်စပြုနေပြီ။ အဲဒီလို ညတွေက ဘယ်နှစ်ည၊ ဘယ်နှစ်လဆိုတာ မှတ်ထားလို့ မရလောက်အောင် များတယ်။
အဲဒီလို သန်းခေါင် သန်းလွှဲပြန်ပေမယ့် ဘယ်တော့မှ အန္တရာယ်ရှိတယ်လို့ဖြင့် မခံစားရဘူး ဘူး။ အချိန်တန် အိမ်ပြန်ရောက်မှာဘဲ ဆိုတဲ့ အသိထားပြီး အေးအေးဆေးဆေး အိမ်ကို သီချင်းဆိုလိုက်၊ လေချွန်လိုက်နဲ့ အိမ်ပြန်ရောက်သွားတာဘဲ။ လမ်းမှာလား။ လူပြတ်တာပေါ့ဗျာ။ ဘာပြောကောင်းမလဲ။ တစ်ခါတစ်ရံ မိုးတွေ အရမ်းရွာနေရင် မီးတွေ ပျက်ပြီး (မိုးမရွာလဲ ပျက်တာပါဘဲ) စက်ဘီးရှေ့ ၀ါးတစ်ပြန်လောက်တောင် မမြင်ရလောက်အောင် မှောင်မဲနေတတ်တာ။ လမ်းကို အလွတ်ရနေတဲ့ နေရာတွေ စက်ဘီးနင်း။ မသေချာရင် ဆင်းတွန်းနဲ့ ဘယ်သူမှ ကျွန်တော့်ကို အန္တရယ် မပြုဘူး ဘူး။ သူများတွေ ပြောပြောနေတဲ့ စက်ဘီး ရိုက်လုတာတို့ ၊ ရိုက်သွားတာတို့ ရှိတယ်နော်လို့ သတိပေးကြပေမယ့် ကိုယ်တိုင်လဲ မဖြစ်ဘူးဘူး။ သူများ ဖြစ်တာလဲ တစ်ခါမှ မမြင်ဘူးဘူး။
အဲ…တစ်ခါတော့ ဖြစ်ဘူးတယ်။  အဲဒီအခါက ကိုယ်ကလဲ ဂျစ်တစ်တစ်သွားလုပ်တာလဲ ပါမှာပေါ့။ သူတို့ကလဲ အုပ်စုလေးနဲ့ ဆိုတော့ သောက်မြင်ကတ်ပြီး ဆင်းအုပ်သွားတာပါ။ အဲဒီအချိန်က မန္တလေး တက္ကသိုလ်ထဲကနေ ၆၉ လမ်းဘက်ကို (ထင်တာဘဲ။ လမ်းနံပါတ်တွေ မေ့ပြီဗျာ။ ဆယ်စုနှစ်တစ်စုလဲ ဝေးနေပြီဘဲ။မေ့စပြုနေပါပြီ။) စက်ဘီးတစ်စီး၊ ဆိုင်ကယ်တစ်စီး၊ ဒါမှ မဟုတ်လူတစ်ယောက်သာ ထွက်လို့ရတဲ့ အပေါက်ကလေး ကဖွင့်ထားဆဲ။ အဲဒီနေ့က ကျွန်တော် ကလဲ နည်းနည်းသောက်ထားပြီးရီဝေ ရီဝေ။ စိတ်က မကြည်။ ဒေါသက အလိုလိုထွက်ချင်နေတယ်။ ညက လဲ မီးတွေပျက်ပြီး မှောင်နေပေါ့။ ကျွန်တော်က မိန်းထဲကနေ အဲဒီလမ်းပေါ်ကို အပေါက်ကျဉ်းကျဉ်းလေးကနေ စက်ဘီးစီးပြီး အထွက်။ မန္တလေးသားပီပီ ဘယ်လောက်ဘဲ ထွက်ပေါက်က ကျဉ်းကျဉ်း စက်ဘီးကို ဆင်းမတွန်းဘဲ ထွက်နိုင်တယ်လေ။ လမ်းပေါ်ကနေ မိန်းထဲကို သုံးယောက်ပိုးနဲ့ ဆိုင်ကယ်တစ်စီးကလဲ အ၀င်။ တကယ်ဆိုရင် ကျွန်တော်က ဦးတယ်။ ကျွန်တော့် စက်ဘီးရှေ့ဘီး တစ်ခြမ်းထွက်ပြီးမှ သူတို့ ဆိုင်ကယ်က ၀င်မလို့ အလုပ်။ ရိပ်ခနဲ့ ထွက်လာတဲ့ စက်ဘီးကိုတွေ့တော့ ဆိုင်ကယ်စီးသူက အခြေပျက်သွားတာပေါ့။ လဲမလိုလိုဖြစ်သွားတာ။
အဲဒီအချိန်မှာ ကျွန်တော်ကလဲ ကျွန်တော်။ အရက်အရှိန်လေးနဲ့ သွေးရဲနေတာလဲ ပါမှာပေါ့လေ။ တကယ်တော့ မိုက်ရူးရဲတာပါ။ ငါမှန်နေရဲ့သားနဲ့ ဒီကောင်တွေ ဘာလဲ ဆိုတဲ့ အတွေးနဲ့ ဘာတုံးကွ။ စက်ဘီးထွက်လာတာ မမြင်ဘူးလား။ ဘောကွင်းဘဲတို့။ တာရာဘဲတို့ သွားလုပ်တာပေါ့။
ပြောချင်ရာပြောပြီး စက်ဘီးကို ဆက်နင်းထွက်လာလို့မှ မကြာဘူး။ နောက်ကနေ ဆိုင်ကယ်စက်သံ ကြားလိုက်ရတယ်။ “ငါတို့ကို ဆဲသွားတာ မင်းလားကွ။ မင်း လူမိုက်လား” ဆိုပြီး ကျွန်တော့်စက်ဘီးကို အလယ်လူက လှမ်းကန်တယ်။ ရှောင်လိုက်တော့ ပြစ်သတ်ရက်တော့ မလဲဘူးပေါ့။ လမ်းဘေးကို ထိုးကျပြီး အုတ်နံရံကို သွားတိုက်တယ်။ နောက်တော့ သုံးယောက် တစ်ယောက်ပေါ့။ သူတို့ကလဲ ရန်ဖြစ်ဘူး ဖြစ်စ ရှိဟန်မတူဘူး။ သုံးယောက် တစ်ယောက်ဝုန်းကျပေမယ့် မှောက်သွားအောင် မလုပ်နိုင်ကြပါဘူး။ ဒါဖြင့် နင်က ရန်ဖြစ်နေကြမို့လို့ မထင်ကြနဲ့အုံး။ အမတွေနဲ့ ရန်ဖြစ်ရင်တောင် မျက်ရည်ကျနေကြကောင်။ တကယ်ဆိုရင် သုံးယောက် တစ်ယောက် မပြောနဲ့ တစ်ယောက်ချင်းတောင် ဇရှိချင်တဲ့ကောင်မဟုတ်ဘူး။ စော်ကားလွန်းတယ် ထင်မှသာ ရန်ဖြစ်ရဲတဲ့ကောင်။
အဲဒီအချိန်က ယောက်ဖတော်က ရန်ဖြစ်ရင် လက်သီး မသုံးနဲ့ကွ။ လက်ဝါးအရင်းနဲ့ မျက်နှာကို ခပ်ဆတ်ဆတ်လေး ရိုက်ပေးရတယ်ဆိုပြီး အတတ်ကောင်းတွေ သင်ပေးထားစ အချိန်။ အဲဒီအသိလေး တစ်ချက်ဝင်လာလိုက်တာ ခံသာသွားတယ် ပြောရမှာဘဲ။ အကောင်ခပ်ကြီးကြီး ဇွတ်ပြေးဝင်လာတဲ့ ကောင်ကို အနာခံ အထိုးခံပြီး ရင်ဘတ်အကျီင်္ကို ဆွဲ၊ မျက်နှာကို လက်ဝါးနဲ့ ရိုက်လိုက်တာ ပြာဝေသွားတယ် ထင်ပါရဲ့။ ဘာမှ ဆက်မလုပ်နိုင်တော့ဘူး။ အဲဒီအချိန်မှာ ကျန်တဲ့ နှစ်ယောက်ထဲ က တစ်ယောက်က ကျွန်တော့်ဖင်ကို ဆောင့်ကန်တယ်။ ဘာဖြစ်မှာတုံး။ ရှေ့ကို ဟပ်ထိုး ဟပ်ထိုးဘဲ ဖြစ်တာပေါ့။ မနာပါဘူး။
အလကားပါ..အခုသာ ပြန်စဉ်းစားပြီး ရေးနိုင်သာရယ်။ အဲဒီအချိန်က ငါပြန်မချရင် ငါ့ကိုတွယ်တော့မှာဆိုတဲ့ အသိကြောင့်သာ လာကပ်လာတဲ့ကောင်ကို အကျီင်္ဆွဲ မျက်နှာကို လက်ဝါးနဲ့ ပိတ်ရိုက်။ ဘယ်ကလာ…နင်မခံရဘူးလား မထင်နဲ့။ ဘေးနားက လ္ဘက်ရည်ဆိုင်ထဲက ကျောင်းသားတွေ ပြေးထွက်လာတော့ ကျွန်တော့် မျက်နှာမှာလဲ မှောင်မဲနေပြီ။ နှာခေါင်းသွေးတွေက မြင်မကောင်းတော့ဘူး။ နောင် တစ်လလောက်အထိ မျက်နှာပေါ်က အညိုအမဲတွေက မပျောက်ဘူး။
အဲဒီသုံးယောက်လဲ လူတွေ ၀ိုင်းဆွဲတာနဲ့ သူတို့ ဆိုင်ကယ်လေး သူတို့ယူပြီး ပြန်ထွက်သွားပေါ့။ ကျွန်တော်ကတော့ ဖိနပ်တွေ၊ လွယ်အိတ်တွေ ၀ိုင်းကူရှာပေးကြတာ ယူပြီး အိမ်ပြန်ခဲ့ရတယ်။ အဲဒီတုန်းက အဲဒီသုံးယောက် အခု ပြန်တွေ့ရင် လုံးဝကို မမှတ်မိနိုင်ဘူး။ အခုမှ မဟုတ်ပါဘူးလေ။ ရန်ဖြစ်ပြီး နောက်တစ်ပါတ်လောက်နေ အဲဒီလမ်းသွားမြဲသွားတာဘဲ။အဲဒီအချိန်က ပြန်တွေ့ရင်တောင် သူတို့က ကိုယ့်မှတ်မိ မှတ်မိမှဘဲ။ သူတို့ကို မှတ်မိစရာ အကြောင်းကို မရှိဘူး။ ဘာလို့လဲ ဆိုတော့ ကိုယ်မှ တစ်ခါမှ မမြင်ဘူးတဲ့ လူတွေကိုး။ ကိုယ့်ကို မှတ်မိနိုင်တယ်ဆိုတာ စက်ဘီးလေး ပေစုတ်စုတ်၊ မျက်နှာအဆီပြန်ပြန်၊ လူက ပေစုတ်စုတ်ဆိုတော့ အဝေးက မြင်နိုင်ပါသည်ဘဲလေ။ ကျွန်တော့်ဘ၀မှာ တရုတ်သိုင်းသမားလိုလို ဘာလိုလိုနဲ့ သုံးယောက် တစ်ယောက် ဘာရန်ညှိုးမှ မရှိဘဲ အဲဒီတစ်ခါဘဲ အသားလွတ်တွယ်ဘူးတာ။
ရန်ဖြစ်တယ်၊ လူတစ်ဖက်သားကို ထိခိုက်နာကျဉ်အောင် လုပ်မယ်ဆိုတာ ဖျတ်ခနဲ့ ဖြစ်သွားတဲ့ ဒေါသ၊ ဒါမှ မဟုတ် မာန်မာနကို ထိခိုက်လိုက်မှ ပြုသူကို ကိုယ်ထိလက်ရောက် နာစေလို၊ နာစေချင်တဲ့ စိတ်နဲ့ ကိုယ်ကာယပါပြီး ပြုမူကြတာပါ။ အခု ဘာရန်ညှိုးမှ မရှိဘဲ အကြောင်းမဲ့ သက်သက် ဓားနဲ့ လိုက်ခုတ်တယ်ဆိုတော့ တစ်ယောက်ခံလိုက်ရခါစက ဟုတ်ပါ့မလားလို့တောင် သံသယ၀င်မိသေးတာ။ နောက်တစ်ယောက်၊ နောက်တစ်ယောက်ဆိုမှ ပြည်သူ့ဝိုင်းတွေ ရဲလိုက်ပြီဆိုမှ သြော်..ဖြစ်မှ ဖြစ်ရလေလို့ သိလိုက်ရတယ်။
ဖမ်းမိတဲ့ လူတွေလဲ ကြည့်ပါအုံး။ အကြီးဆုံးကောင်က ၁၉ နှစ်တဲ့။ ၁၄ နှစ်သားတောင် ပါသေးရဲ့။ ငါ ၁၇၊ ၁၈ လောက်က ဘာတွေ လုပ်နေလဲလို့ ပြန်ငဲ့တွေးမိတယ်။ မထူးပါဘူး။ ဒတ်စတာလို့ ခေါ်တဲ့ သံလက်သီး လွယ်အိတ်ထဲမှာ အမြဲလိုလို ရှိတယ်။ အထူးပြုလုပ်ထားသော တုတ်တစ်ချောင်းကို လူမြင်သာအောင် စက်ဘီးမှာ ချိတ်တယ်။ နောက်မှသာ အောင်တော်မူက ကောင်တွေ ၀ိုင်းလိုက်လို့ ထွက်ပြေးဘူးတာ။ လူကတော့ ဖိုက်တာလိုလို၊ လူမိုက်လိုလို လုပ်နေရတာကို စိတ်ထဲ ကျေနပ်ချက်တော့။ ကိုယ်တစ်ယောက်ထဲလားဆိုတော့ မဟုတ်ပါဘူး။ ပါတ်ဝန်းကျင်က မန္တလေးသား သူငယ်ချင်းတွေလဲ ဘယ်မှာ ချိန်းရိုက်တာတို့၊ သံလက်သီးနဲ့ ထိုးတာ ရဲခနဲ့ဘဲတို့၊ လေးခွနဲ့ ပြစ်တာ အဲဒီကောင် ဖြတ်တောင် မသွားရဲတော့ဘူးတို့ ဟုတ်တာရော၊ မဟုတ်တာရော စုံစိနေအောင် ကြားဘူးပေါ့။
အခုလဲ ဒီကလေးတွေ ပြုမူတဲ့ အပြုအမူဟာ ဘယ်လိုမှ လက်သင့်ခံစရာ မရှိဘူးလို့ မြင်တာဘဲ။ ခေတ်ကြီးက ကလေးတွေအတွက် စာကြည့်တိုက်တွေ၊ ကစားကွင်းတွေ မရှိလို့လို့ စောဒက တက်ချင်ပေမယ့် သူတို့ထက် ပိုပြီး ဆင်းရဲတဲ့ ကလေးတွေ ဘ၀ကို ကြုံသလို ရုန်းနေရတာ အများကြီးမို့လား။ သူတို့ ပြုခဲ့တဲ့ အပြုအမူအတွက်၊ မိုက်ပြစ်အတွက် ဒီကောင်လေးတွေ ပေးဆပ်ရတော့မှာပေါ့။ ဒါပေမယ့် ဥပဒေအတိုင်းဘဲ ဖြစ်သင့်တာဘဲ မဟုတ်ဘူးလား။ ထောင်ဒဏ် အမြင့်ဆုံးချမလား။ ဒါမှ မဟုတ် ငွေဒဏ်ရော ထောင်ဒဏ်ရော ရောချမှာလား။
ဒါပေသိ ဒီကိစ္စကြီးနဲ့ ပါတ်သက်ပြီး လူတွေရဲ့ မှတ်ချက်တွေ ဖတ်ရတာ လုပ်တဲ့ ကောင်လေးတွေထက်တောင် အရိုင်း အစိုင်း စိတ်တွေ များနေတယ်လေ။ ကားနဲ့ ကြိတ်သတ်တို့။ လက်ကို ဓားနဲ့ ပြန်ခုတ်တို့။ တကယ့် ဟန်မူရာဘီတွေပါဘဲလား။ တကယ်ဆိုရင် အဲဒီလို ပြောတဲ့ သူတွေ သူတို့ အသက် ၁၈၊ ၁၉ လောက်ကရော အဲဒီလို စောင့်ကြွား၊ စောင့်ကြွားနဲ့ တွေ့ကရာလူကို ဖဲ့လိုက်မယ်ဟဲ့ ဆိုတဲ့ စိတ်ကလေးတွေ မရှိခဲ့ကြဘူးလား။ ထားပါတော့လေ။ နောက်ဆုံး ပြန်တွေးရရင် ဂျာအေး သူ့အမေရိုက် ဒီဘူတာဘဲ လာဆိုက်တယ်မို့လား။
လူတွေက တရားဥပဒေကို လုံးဝယုံကြည်လို့ မရဘဲ နေလာတာ ရာစုနှစ် တစ်ဝက်နီးပါး ရှိလာခဲ့ကြပြီ။ ပိုက်ဆံရှိရင် ထောင်ကျတယ်ဆိုပြီး အပြင်က မိန်းမဆီတောင် ပြန်လာလို့ ရသေးမို့လား။ ဘယ်လူကြီးသားကွ၊ ဘယ်အဘ လူကွ ဆိုပြီး ရဲကို ပါးရိုက်လို့ရမို့လား။ တရားဥပဒေဆိုတာ မတရားဘူးလို့ သိထားခဲ့ကြတဲ့ စိတ်တွေကို အပြစ်တင်လို့တော့ မရဘူး ထင်တာဘဲ။ လူတွေရဲ့ ယဉ်ကျေးမှု အမြင့်ဆုံး တရားတဲ့ တရားဥပဒေကို မယုံရဘူးဆိုရင် ကျောက်ခေတ်အရိုင်းက တောစိတ်၊ တောင်စိတ်ကိုဘဲ ပြန်မွေးကြမှာဘဲ။
တွေးလက်စနဲ့ အစ်ကိုတစ်ယောက်ပြောဘူးတာ ကို ပြန်တွေးမိတယ်။ သူတို့ခေတ် ၁၉၈၀ ခုနှစ်လောက်က ရန်ကုန်က အသက်မွေးဝမ်းကျောင်း တက္ကသိုလ်ကြီး တစ်ခုမှာ ညတိုင်း ညတိုင်း အဆောင်က ကျောင်းသားတွေရဲ့ လှမ်းထားတဲ့ အ၀တ်အစားတွေ ပျောက်ပျောက်နေတယ်တဲ့။ တစ်ရက်တော့ သူခိုးကို ချောင်းဖမ်းကြတော့ မိတယ်။ တစ်ယောက်တစ်ချက် ၀ိုင်းတွယ်ကြ။ ကန်ကြ ထိုးကြပေါ့။ သူခိုးကလဲ ခိုးတုံးကသာ ခိုးတာ ဒီလောက် ကျောင်းသားအုပ်ကြီးထဲမှာ မျက်နှာငယ်နဲ့ ရှစ်ခိုး တောင်းပန်ရှာတယ်။ ကျောင်းသားတွေထဲ က တစ်ချို့တစ်လေကလဲ နည်းနည်းပါးပါး ဆုံးမပြီးရင် အဆောင်မှုးကိုခေါ်ပြီး အပ်လိုက်ဖို့ တိုက်တွန်းကြတယ်။ ဒါပေမယ့် မရပါဘူး။ သူခိုးကို သုံးထပ်ထိ ခေါ်သွားပြီး တွန်းချလိုက်ကြတယ်။ မှော်ကွန်းထိန်းတွေ၊ အဆောင်မှူးတွေအလုပ်ရှုပ်ကုန်တာပေါ့။ လက်သည်ကလဲ သိနေပေမယ့် ဘယ်လိုမှ ဖော်လို့မဖြစ်။ နောက်တော့ ရဲစခန်းကဘဲ “သူခိုးသည် ကျောင်းသားများကို ကျောက်ရွံ့ထွက်ပြေးရာမှ လိမ့်ကျသေဆုံးခဲ့သည်” ဆိုတဲ့ လီဆယ်ထားတဲ့ ရီပို့လုပ်ပေးလိုက်ရတယ်တဲ့။ တကယ်ဆိုရင် အဲဒီကျောင်းက မြန်မာနိုင်ငံမှာ လူတော်တွေ စုနေတဲ့ နေရာ။ ပညာတတ်တွေ ရှိတဲ့ နေရာ။ ဒါပေသိ အားလုံးရဲ့ စိတ်ထဲမှာ သီးမခံချင်စိတ်၊ မခံမရပ်နိုင်ဖြစ်စိတ်၊ အကျင့်ပျက် မျက်နှာပြောင်တိုက်နေတာတွေ ဘယ်လိုမှ ကြည့်မရစိတ်တွေ များနေခဲ့ကြတယ်လို့ဘဲ တွေးပေးရမှာလား။
ထားပါတော့ဗျာ။ အခုတော့ အဖွားကြီး အကျယ်ချုပ်က လွှတ်ခါစက မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု လိုအပ်တယ်လို့ တိုတိုနဲ့ ထိထိမိမိ ပြောသွားတာ ကြာလေ သဘောပေါက်လေပါဘဲ။ လူမိုက်ကလေး ကိုးယောက်ကို အပြစ်တင်ရမှာပါ။ အပြစ်ပေးရမှာပါ။ မှတ်မှတ်သားသား ဖြစ်အောင် လုပ်ပြစ်ရမှာပါဘဲ။ ဒါပေသိ သူတို့ ဘ၀ကြီး တုံးလောက်အောင် လုပ်ပြစ်သင့်လား၊ မလုပ်သင့်ဘူးလား သေချာစဉ်းစားဖို့ လိုလာပြီလေ။ လူ့အသတ်ကို သတ်တာ အပြစ်အကြီးဆုံးဆိုရင် လူတွေများစွာရဲ့ အသတ်ကို သတ်ပြစ်ခဲ့ကြတဲ့ လူတွေကိုရော ဘာလုပ်ကြမှာလဲ။ အနာဂတ်ဆိုတဲ့ အလင်းရောင်ကို သူတို့နားလည်အောင် မလုပ်သင့်ဘူးလား။ အခွင့်အရေး မပေးချင်ကြတော့ဘူးလား။

ကျွန်တော် တွေးမိတာတွေ ပြန်ကြည့်တော့ ဘယ်သူ့ကိုမှ အပြစ်မတင်ရသလိုကြီး ဖြစ်မနေဘူးလား။ အပြစ်တင်ရမှာပေါ့။ အသားလွတ် ဓားစွမ်းပြတဲ့ မိမဆုံးမ ဖမဆုံးမ အဲဒီကောင်လေး ကိုးယောက်ကိုလဲ အပြစ်တင်ကြပေါ့။ အသားလွတ် ဒီပဲရင်းမှာ ၀ိုင်းရိုက်သတ်ကြတဲ့ လူတွေကိုလဲ အပြစ်တင်ကြပေါ့။ မုဒိန်းမှုကျူးလွန်တဲ့ လူတွေကိုလဲ အပြစ်တင်ကြပေါ့။ တရားဥပဒေတွေ ဘာတွေ လုပ်မနေပါနဲ့လေ။ အပြစ်ကျူးလွန်ရင် လူလယ်ကောင်မှာ အပေါင်၊ အလက် ဖြတ်သတ်ကြတာပေါ့။ နောက်ဆုံးမှာတော့ မတရားတဲ့၊ သံသယအများကြီး ဖြစ်စရာရှိတဲ့ တရားဥပဒေတွေ အများကြီး ရှိတဲ့ မြန်မာနိုင်ငံသားဖြစ်နေတဲ့ ဒီစာကို ရေးတဲ့ အကောင်ကိုလဲ အပြစ်တင်ကြ။ ခင်ဗျားကိုယ်ခင်ဗျားလဲ အပြစ်တင်ပေါ့။ ခင်ဗျားလဲ မြန်မာစာဖတ်တတ်နေမှဘဲဟာ။ အပြစ်တွေ အပြန်အလှန်တင်ကြရင်း တောစိတ်၊ တောင်စိတ်တွေ မွေးကြတာပေါ့လေ။ ပျော်ဖို့ ကောင်းပါတယ်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဖိုးထက်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊ အချိန်မီ ထွက်ပါပြီ

By

  မိုးမခလစဉ်မဂ္ဂဇင်း ဇွန် ၂၀၁၈ ၊ တွဲ ၅၊ မှတ် ၂၊...

Read more »

ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ

By

  ရဲဘော် မောင်တူးရဲ့ သက်ရှိပန်းချီ  (မိုးမခစာအုပ်စင်) မေ ၃၊ ၂၀၁၈ ခေါင်းစဉ်...

Read more »

မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ

By

  မိုးမခမဂ္ဂဇင်း မေ ၂၀၁၈၊ အတွဲ ၅၊ အမှတ် ၁ ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်