Soe Thane – Min Min Latt

August 25, 2013

မင်းမင်းလတ် (သို့မဟုတ်) အနာဂတ် ကို ကြိုသွားချင်တဲ့ လူ

စိုးသိဏ်း၊ သြဂုတ် ၂၆၊ ၂၀၁၃

(သြဂုတ်၊ ၂၂၊ ၂၀၁၃ တွင် (၁၆) နှစ် ပြည့်သွားခဲ့သည့် မင်းမင်းလတ် ကွယ်လွန်ခြင်း နှစ်ပတ်လည် မင်းမင်းလတ် အမှတ်တရ ရက်သီတင်းပတ် မိုးမခ အစီအစဉ်) မိုးမခ

မင်းမင်းလတ် (၁၉၄၈-၁၉၉၇)

ဓာတ်ပုံ မျှဝေသူ – ခင်မြတ်မူ (အဆိုတော်)

မင်းမင်းလတ် နဲ့ စတင် ခင်မင်ရင်းနှီးဖို့ ဖြစ်ခဲ့ရတဲ့ “More Hits” အင်္ဂလိပ်သီချင်း စာအုပ် အမှတ် (၁)

ဒီဇိုင်း – မင်းမင်းလတ် + ဦးနီ

ဓာတ်ပုံမျှဝေသူ – စိုးသိဏ်း

“More Hits” အင်္ဂလိပ်သီချင်းစာအုပ် အမှတ် (၄) “Now Hits” အတွင်း ရှေ့ နဲ့ နောက်ကျောဖုံး ဒီဇိုင်း အတွက် ကျွန်တော် ရေးဆွဲခဲ့တဲ့ လတ်ကြီး Caricature

ဓာတ်ပုံမျှဝေသူ – စိုးသိဏ်း

မင်းမင်းလတ် နဲ့ သိခဲ့ဖူးသမျှကို အရင် ဆောင်းပါးတွေမှာ စုံအောင် ရေးခဲ့ပြီးပါပြီ။  အခု မိုးမခ မင်းမင်းလတ် နှစ်ပတ်လည် အစီအစဉ် အတွက် မင်းမင်းလတ် အမှတ်တရ စကားစု လေးတခု မိုးမခ Online စာဖတ်ပရိသတ် အတွက် ရေးပေးလိုက်ပါတယ်။  မင်းမင်းလတ် အမှတ်တရ ဆောင်းပါး ဟောင်း တပုဒ်ကိုလည်း ပြန်လည် ဖော်ပြဖို့ ခွင့်ပြုပါတယ်။

စိုးသိဏ်း @ Soe Thane

၂၁၊ သြဂုတ်၊ ၂၀၁၃

ဓာတ်ပုံ – အလင်္ကာ၊ မျှဝေသူ – Doney MP

မင်းမင်းလတ် (သို့မဟုတ်) အနာဂတ် သို့ ကြိုသွားနှင့်သူ

စိုးသိဏ်း

(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈၊ တွင် ပုံနှိပ်ဖော်ပြခဲ့သည်။

သြဂုတ်၊ ၂၂၊ ၂၀၁၃ တွင် (၁၆) နှစ် ပြည့်သွားခဲ့သည့် မင်းမင်းလတ် ကွယ်လွန်ခြင်း နှစ်ပတ်လည် အမှတ်တရ ရက်သီတင်းပတ် အစီအစဉ် အဖြစ် မိုးမခ က ပြန်လည် တင်ဆက်သည်။)

“လတ်ကြီး”၊ “Marshall ကြီး”၊ “ကိုလတ်ကြီး” စသည်ဖြင့် ခင်မင်ရင်းနှီးသူတွေက ခေါ်ကြတဲ့ “မင်းမင်းလတ်” နဲ့ ကျွန်တော် တွေ့ခဲ့ကြပုံ၊ ခင်ခဲ့ကြပုံ၊ သူနဲ့ လက်တွဲ လှုပ်ရှားခဲ့ကြပုံ တွေကို အလင်္ကာဂီတ ဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၇) နဲ့ အမှတ် (၈) မှာ ဖော်ပြခဲ့တဲ့ ကျွန်တော့် ရဲ့ “ပေါ့ပ်ဂီတ သံစဉ်များကြားမှ စီးဆင်းဖြတ်သန်းခြင်း” ဆိုတဲ့ ဆောင်းပါးမှာ ထည့်ရေးခဲ့ပြီးသား ဖြစ်ပါတယ်။

ဒါကြောင့် … ဒီမှာတော့ လတ်ကြီး ရဲ့ ထူးထူးခြားခြား လုပ်ဆောင်မှုလေးတွေ အကြောင်းရေးချင်ပါတယ်။ 

အဲဒီဆောင်းပါး မဖတ်လိုက်ရသူတွေ အတွက် အတိုချုံးပြီး ပြောရရင်တော့ လတ်ကြီးရဲ့ More Hits ဆိုတဲ့ အင်္ဂလိပ်သီချင်း စာအုပ်လေး ထုတ်ခါနီးမှာ အင်္ဂလိပ် သီချင်း စာသားတွေ လိုချင်တယ် ဆိုလို့ ကျွန်တော့် ကျောင်းနေဘက် သူငယ်ချင်း ဇော်ထွန်းမောင် က သူနဲ့ ကျွန်တော့် ကို မိတ်ဆက်ပေးရာက သိကျွမ်းရင်းနှီးခဲ့ကြတာပါ။  ကျွန်တော်က လတ်ကြီး More Hits မလုပ်ခင်က သူများတွေ ထုတ်ခဲ့တဲ့ အင်္ဂလိပ်သီချင်း စာအုပ်လေးတွေ အကုန် ဝယ်တယ်၊ နောက်ပြီး ပြည်ပ မဂ္ဂဇင်း စာစောင်တွေမှာ ပါတဲ့ သီချင်းစာသားဆိုရင် တပုဒ်ရရ၊ နှစ်ပုဒ် ရရ ကူးထားတယ်၊ နောက်ပြီး ကိုယ်ကြိုက်တဲ့ သီချင်းတွေကို ရေဒီယိုကလာရင် တိပ်ရီကော်ဒါ နဲ့ ကူးပြီး၊ စာသားတွေ ပြန်ရေးချထားတယ်၊ အဲဒီ သီချင်းတွေကို ဗလာ စာအုပ် တအုပ် နဲ့ ကိုယ့်ဘာသာ ပန်းချီ ဒီဇိုင်း အလှဆင်ပြီး၊ သီချင်း စာအုပ်လေးတွေ အဖြစ် ဖန်တီးထားတယ်လေ။

လတ်ကြီး ရဲ့ More Hits အတွက် ကျွန်တော်ရဲ့ လက်ရေးသီချင်းစာအုပ်ထဲက ကြိုက်ရာ သီချင်းတွေ ရွေးသုံးဖို့ ငှားလိုက်တယ်။  ၁၉၇၀ ပြည့်နှစ်မှာ သူ့ရဲ့ More Hits ထွက်တယ်ဆိုရင်ပဲ ရောင်းလို့ ကုန်သွားတာနဲ့ ဒုတိယအကြိမ် ထပ် ရိုက်ခဲ့ရတယ်။  More Hits မျက်နှာဖုံး ဒီဇိုင်းကို လတ်ကြီး နဲ့ သူ့ဦးလေး ဦးနီ တို့ ဖန်တီးခဲ့တာပါ။  သူများတွေ ထုတ်တဲ့ အင်္ဂလိပ် သီချင်းစာအုပ်တွေ ထက် အပြင်အဆင်၊ ပုံနှိပ်စာလုံး စသဖြင့် အားလုံး သပ်ရပ်သားနား နေလို့ အောင်မြင်သွားတာပဲ။  အဲဒီတုန်းက လူကြိုက်များတဲ့ BBS ရဲ့ Local Talents အဆိုတော်တွေရဲ့ ဓာတ်ပုံတွေကိုလည်း ဖော်ပြပေးခဲ့တယ်။  စတီရီယို အဆိုတော် မဖြစ်သေးတဲ့ Tony Hundley (ဘိုဘိုဟန်)၊ Victor ခင်ညို၊ April ချစ်ခင်၊ ကျော်ဆွေဟန် စသူတို့ရဲ့ ပုံတွေ ပါတယ်။

လတ်ကြီးရဲ့ More Hits 4 ကို နာမည်ပြောင်းထားတဲ့ Super Now Hits 4 ကို ထုတ်ဝေချိန်မှာပဲ သူ သီချင်း စ ဆို ဖြစ်တယ်။  ဆံရှည်မလေး၊ အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း တို့ပါတဲ့ ပထမဆုံး စီးရီးပါ။

(စကားချပ် – အဲဒီတုန်းက “စီးရီး” ဆိုတဲ့ စကားလုံး မပေါ်သေးဘူး။  ဇော်မင်း ရဲ့ “ဂစ်တာဥယျာဉ်” သီချင်း စာအုပ်လေးတွေ မှာ အဆိုတော် ဘယ်သူ၊ ဘယ်ဝါ ရဲ့ ဘာ “စီးရီး” မှ သီချင်းများ ဆိုပြီး သူက တခွေစာ စာသား နဲ့ ကော့(ဒ်) တွေ ဖော်ပြပေးခဲ့ရာက တေးသံသွင်းဆိုင်တွေက အဲဒီ စကားလုံး ယူသုံးခဲ့ကြတယ်။  အဲဒီကနေ ဒီ စကားလုံး တွင်ကျယ်၊ တည်မြဲ ခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။)


မင်းမင်းလတ် ၏ ပထမ တေးစု (၂၇-မေလ-၁၉၇၁)

ဓာတ်ပုံ မျှဝေသူ – နေမျိုးဆေး (ပန်းချီဆရာ၊ တေးရေး/တေးဆို)

လတ်ကြီး အဆိုတော် လုပ်မယ်၊ သီချင်းသွင်းမယ် လို့ သိရတော့ ကျွန်တော် အံ့အားသင့် သွားပါတယ်။  ကျွန်တော့် အိမ်ကို လာပြီး သူ အချိန်ရသလောက် ကျွန်တော့် ကို ဂစ်တာ တီး သင်ပေးခဲ့ပါတယ်။  ဂစ်တာ တီး သင်ပေးတဲ့ အခါမှာ သူ သီချင်း ဘယ်တော့ မှ မဆိုဘူး၊ သူ တီးတီး၊ ကျွန်တော် တီးတီး ကျွန်တော်ပဲ ဒိုင်ခံ ဆိုရင်း သင်ရပါတယ်၊ ကျင့်ရပါတယ်။

သူ့ အသံက ဘယ်သံဖြစ်ကြောင်း၊ သီချင်းဆိုလို့ မရကြောင်း၊ ဆိုရင်လည်း ဟာမိုနီ ဆိုရာမှာ Second သံမျိုးပဲ ရကြောင်း သူပြောတယ်။  ရှက်လို့ပဲလား မပြောတတ်ဘူး။

အဲဒီလူက မြန်မာစတီရီယို သီချင်းတွေ ဆိုမယ် ဆိုတော့ ကျွန်တော် သူ့ ရှေ့မှာ ရယ်မိသေးတယ်။  နောက်နေတာ မှတ်လို့။

ဒါပေမယ့် သူ့ စီးရီး (ဖတ်ရလွယ်အောင် စီးရီးလို့ပဲ ဆက်သုံးသွားပါရစေ) ကို ရှိ နှင့်ပြီးသား တီးဝိုင်းတွေ နဲ့ အသံမသွင်းဘဲ “Electronic Machine” ဆိုတဲ့ ဝိုင်းတည်ထောင်ပြီး သွင်းယူခဲ့တယ်။  Lead Pierpont Morgan၊ Rhythm လှသိန်း၊ Bass ကျော်နိုင်၊ ကျော်ဆွေဟန် တို့ ပါဝင်တယ်။  သီချင်းတွေ “ကော်ပီ” လုပ်တော့လည်း သူများတွေက Beatles တို့၊ Presley တို့၊ Pat Boone တို့၊ Cliff Richard စသူတို့ရဲ့ သီချင်းတွေကို ကော်ပီ လုပ်နေကြချိန်မှာ သူက BBC တို့၊ VOA တို့ မှာ လွှင့်နေတဲ့ Top 10 စာရင်းဝင် သီချင်းအသစ်တွေကိုမှ ရွေးပြီး ကော်ပီလုပ်ဆိုခဲ့တယ်။  C.C.R ပါတယ်၊ Dawn ပါတယ်၊ Santana ပါတယ်။

“ကျွန်တော့် သီချင်းတွေကို ဦဘသိန်း စတူဒီယိုမှာ သွင်းတာဗျာ။  သူ့ရဲ့ Ampex စက်ကြီးတွေက ထွက်တဲ့ အသံ Quality က အရမ်းကောင်းတယ်။  တခြား စတူဒီယိုတွေနဲ့ မတူဘူးဗျ၊ သူ့ စက်ကြီးတွေက ခင်ဗျား အရပ်ထက်မြင့်တယ်၊ ကျွန်တော့် တီးဝိုင်းနာမည်ကို Electronic Machine လို့ ပေးထားတာလည်း အကြောင်း ရှိတယ်။  ဒီသီချင်းတွေကို လူတွေ တီးခတ်တာ မဟုတ်ဘဲ အီလက်ထရွန်းနစ် ယန္တ      ရားကြီး တခု နဲ့ ဖန်တီး ထုတ်လုပ်ထားတဲ့ သဘောမျိုး၊ အရသာမျိုး ပရိသတ် ကို ပေးချင်လို့ဗျာ” လို့ လတ်ကြီး က သူ့ရဲ့ ပထမ ဆုံး စီးရီး သွင်းပြီးခါစက ကျွန်တော့်ကို တက်ကြွစွာ ပြောခဲ့ဖူးတယ်။

ကွန်ပျူတာ တွေနဲ့ ဖန်တီးတဲ့ Techno ဂီတ ဆိုတာ အခုမှ ခေတ်စားတာပါ။  လတ်ကြီး က အဲဒီ ကတည်းက ဂီတ ကို စက်ယန္တရား နဲ့ ဖန်တီးဖို့ စိတ်ကူးနေခဲ့တာနော့။

သူ့ရဲ့ ပထမဆုံး စီးရီး ကြော်ငြာ ပုံကလည်း အတော့်ကို ထူးခြားပါတယ်။  အဲဒီတုန်းက တခြား အဆိုတော်တွေ မလုပ်သေးတဲ့ ပုံစံပါ။  ကြေးမုံမှာ မျက်နှာဝက် နေရာယူပြီး ဒီဇိုင်းဆရာ (ဦး) ညွန့်ဝေ ရဲ့ ဒီဇိုင်း နဲ့ ကြော်ငြာတာ။  သူ့ရဲ့ Super Now Hits စာအုပ် ကြော်ငြာ နဲ့ သူ့ စီးရီး ကြော်ငြာ တွဲထားတယ်။  သူက “ဟစ်ပီ” ဖက်ရှက် ဝတ်ထားတယ်၊ ခေါင်းလောင်း ဘောင်းဘီဝတ်ပြီး ဖိနပ် လုံးဝ စီးမထားဘဲ ခြေ နှစ်ဖက် ကား၊ ခါးထောက် ရပ်နေတယ်။  အဲဒီ ကြော်ငြာက အတော်လေး ‘လှုပ်’ သွားပါတယ်။  ဒါနဲ့ သူ့စီးရီးလည်း အခု ခေတ် စကားနဲ့ ပြောရရင် ‘ပေါက်’ သွားတယ်ပေါ့။

စတီရီယို ဂီတသစ် ရဲ့ ခေတ်ဦး ကာလ မှာ “မင်းမင်းလတ်” ဆိုတဲ့ အဆိုတော် အသစ် တယောက် နေရာ ရ သွားတယ် ဆိုပါစို့။  သူ့သီချင်းတွေ ဘာလို့ လူကြိုက်များသွားသလဲ။  ကော်ပီလုပ်ထားတဲ့ မူရင်း အင်္ဂလိပ် သီချင်းတွေက Top 10 သီချင်းတွေ၊ E. Machine ကလည်း မူရင်း နဲ့ အနီးစပ်ဆုံး တူအောင် ကော်ပီတီးထားတယ်။  ပုသိမ်မောင်စိမ်းသူ ရဲ့ စာသားတွေကလည်း ကောင်းတယ်။  လတ်ကြီး ဆိုပုံကလည်း သူများနဲ့ မတူဘူး။  မူရင်း အဆိုတော် အော် သလို သူက အသံပြဲကြီးနဲ့ အော် ဆိုတယ်၊ ညှစ်ဆိုတယ်၊ ‘ဖွင့်’ ဆိုတယ် ပေါ့လေ။  သူ့ အရင် လူတွေက နားဝင်ချိုအောင် ‘ဖော့’ ဆိုတယ်၊ အသံပါးပါး၊ ချိုချိုလေးတွေနဲ့ပေါ့။

ဒါကြောင့် မင်းမင်းလတ် နဲ့ သူ့ သီချင်းတွေဟာ လူတွေ ပါးစပ်ဖျားမှာ ပြောစရာ အကြောင်းတခု ဖြစ်သွားတယ်။  ဒါပေမယ့် သူ့သီချင်းတွေကို လူကြီးတွေက မကြိုက်ဘူး၊ နားမခံသာဘူး။  သီတင်းကျွတ်၊ တန်ဆောင်တိုင် မှာ ဖြေဖျော်တဲ့ သူ့ စတိတ်ရှိုးတွေ မကြာခဏ ပါမစ်ပိတ်ခံရတယ်။  ပွဲပါမစ်တော့ ပေးမယ်၊ ဒါပေမယ့် ပုဆိုးနဲ့တိုက်ပုံ ဝတ်ဆိုရမယ် ဆိုတဲ့ ကန့်သတ်ချက်တွေ လုပ်တယ်။  အဲဒီအချိန်က အစ ပထမ ဆိုတော့ စတိတ်ရှိုး ဟေ့ ဆိုရင် လူတွေ ကြိတ်ကြိတ်တိုးတာချည်းပဲ၊ တိုးကြရာကနေ ရန်ဖြစ်ကြ၊ ရိုက်ကြ၊ နှက်ကြ နဲ့ ပွဲပျက်တာကလည်း မဆန်းတော့ဘူး။

E. Machine နဲ့ လတ်ကြီး လမ်းခွဲပြီးတော့ ၁၉၇၃ ခုနှစ်မှာ King တီးဝိုင်းကို ထူထောင်ပြန်တယ်။  Lead ကျော်နိုင်၊ Bass ဂျောမီ (Jommi)၊ Drums အတူး၊ Rhythm လတ်ကြီး ကိုယ်တိုင် တီးကြတယ်။  နောက်တော့ အောင်ကိုလတ်၊ စိုးပိုင် တို့ နဲ့ 6064 တီးဝိုင်းမှာ တီးခဲ့တဲ့ “မူဆာ” ခေါ် ဒိုမီနိုတင်မောင် လည်း King ကို ရောက်လာတယ်။  ကျော်နိုင် က Playboy ဝိုင်းထဲ ရောက်သွားတော့ မူဆာပဲ Lead ဆက်တီးတယ်။

E. Machine မှာ ကတည်းက ကျွန်တော်လည်း သီချင်းဝင်ဆိုခဲ့ပါတယ်။  သီချင်းမတိုက်ဖြစ်တဲ့အတွက် အဆင်ပြေအောင် စတိတ်ရှိုးကျရင် လတ်ကြီး မဆိုတဲ့ သူ့ စီးရီးထဲက သီချင်း သုံးလေးပုဒ် ရဲ့ မူရင်း အင်္ဂလိပ်သီချင်းတွေပဲ တက် ဟဲ ပစ်လိုက်တာပေါ့။  ပရိသတ် နားစွဲပြီးသား သီချင်းရဲ့ Original သီချင်းကို ဆိုပြတော့ သူတို့ သဘောကျတယ်လေ။  သူတို့ မကြားဖူးတဲ့ အင်္ဂလိပ်သီချင်း အသစ်တွေ ဆိုပြရင် အဆင်ပြေချင်မှ ပြေမှာ။

King အဖွဲ့ (၁၉၇၃/၇၄)

ဝဲမှယာ – Bass ဂျောမီ (Jommi) (ကွယ်လွန်)၊ စိုးသိဏ်း (အဆို)၊ Rhythm မင်းမင်းလတ် (မျက်နှာဖုံးတပ်လျက်) (ကွယ်လွန်)၊ Lead ကျော်နိုင်

ဓာတ်ပုံ မျှဝေသူ – စိုးသိဏ်း

(မှတ်ချက် – မင်းမင်းလတ် သည် စင်မြင့် ဖျော်ဖြေ ပွဲများတွင် ပထမဦးဆုံး မျက်နှာဖုံးတပ် ဖျော်ဖြော်ခဲ့သူလည်း ဖြစ်သည်။)

King နဲ့ အတူ ကျွန်တော် သီချင်းလိုက်ဆိုတဲ့ ကာလ၊ ၁၉၇၃ ခုနှစ် ကုန်ခါနီးမှာ ပြည်လုံးကျွတ် မဲဆန္ဒ ခံယူပွဲ အထိမ်းအမှတ် အတွက် ရပ်ကွက်တိုင်းက စတိတ်ရှိုးတွေနဲ့ ဧည့်ခံနေကြတယ်။  မြေနီကုန်း က လမ်းတလမ်းမှာ ကျွန်တော်တို့ ဖြေဖျော်ခါနီး ကျမှ ဘောင်းဘီ မဝတ်ရ၊ ‘ဘို’ သီချင်း မဆိုရ ဆိုပြီး သက်ဆိုင်ရာ ကန့်သတ်လာတယ်။  အားလုံး အဆင့်သင့် ဖြစ်နေပြီးမှ ဒီလိုညွှန်ကြားလာတာကြောင့် လတ်ကြီး နဲ့ ဝိုင်းသားတွေ ခမျာ ရရာ ပုဆိုးတိုက်ပုံ ငှားဝတ်ပြီး စင်ပေါ်တက်လိုက်ကြရတယ်။  အဲဒီညက ကျွန်တော် ကတော့ စင်အောက်မှာပဲ ထိုင်နေလိုက်တယ်။
ဝဲမှယာ – Bass ဂျောမီ (Jommi) (ကွယ်လွန်)၊ စိုးသိဏ်း (အဆို)၊ Rhythm မင်းမင်းလတ် (ကွယ်လွန်)

(၁၉၇၄)

ဓာတ်ပုံ မျှဝေသူ – စိုးသိဏ်း

အဲဒီအချိန်က တီးဝိုင်းတွေမှာ ‘ဘို’ သီချင်းဆိုတဲ့ လူက အရမ်းရှားပါးနေပြီ။  Playboy မှာ ပုလဲက မြန်မာ လိုရော၊ ‘ဘို’ လိုပါ ဆိုတယ်၊ ပုလဲ ရဲ့ မောင် Terry လည်း ‘ဘို’ လို ဆိုတယ်။  နောက် Elf မှာတော့ Darlington Din ရှိတယ်။  Ricky Latt က နောက်ပိုင်း ပြည်ပ ထွက်သွားတယ်။

‘ဘို’ သီချင်းတွေကို မြန်မာ စာသား သွတ်ပြီး ကော်ပီ လုပ်လာကြတဲ့ “စတီရီယိုသီချင်း” ဆိုတာတွေက အရှိန်ကောင်းနေပြီကိုး။

တခြား စတီရီယို အဆိုတော်တွေနဲ့ လတ်ကြီး လုံးဝ ခြားနားတာတခုက သူဟာ ကော်ပီ လုပ်ဖို့ သီချင်း အသစ် တွေကိုသာ အမြဲ ရှာဖွေ ရွေးချယ်လိုသူ ဖြစ်ခြင်းပါပဲ။

ဆေးဆိုးပန်းရိုက်မျက်နှာ၊ တေးရေး – မောင်ဆွေနွယ် + မင်းမင်းလတ်၊ တေးဆို – မင်းမင်းလတ် (၂၈-နိုဝင်ဘာ-၁၉၇၁)

Original: “Joy to the World” by “Three Dog Night” (1971, February).

Music Video URL: http://youtu.be/QhhwkXHMLS4

မယ်သီတာခိုးတာဘယ်သူလဲ၊ တေးရေး – မောင်ဆွေနွယ်၊ တေးဆို – မင်းမင်းလတ် (၂၈-နိုဝင်ဘာ-၁၉၇၁)

Original: “Love Grows (Where My Rosemary Goes)” by “Edison Lighthouse” (1970, January).

Music Video URL: http://youtu.be/C0Khjdg-WOc

သူ အင်္ဂလိပ်သီချင်း စာအုပ်တွေ ထုတ်ဝေချိန် နဲ့ အဲဒီ မတိုင်ခင်က BBC, VOA, Australia Radio တို့က လွှင့်ခဲ့တဲ့ Top 10 အစီအစဉ်တွေ နားထောင်ခဲ့တယ်။

သူ အဆိုတော် ဖြစ်လာတော့၊ နာမည်ကြီးလာတော့ အဲဒီအတွက် သူ့ မှာ အချိန် သိပ် မရတော့ဘူး။  ဒီတော့ သူ ဆိုဖို့ သင့်လျော်မယ့် သီချင်းတွေကို ကျွန်တော်က တိပ်ရီကော်ဒါ နဲ့ ရေဒီယို ကနေ ကူးထားပေးတယ်။  သူ စီးရီး လုပ်ခါနီးရင် ကျွန်တော့် အိမ်မှာ လာ နားထောင်တယ်၊ ပြီးရင် သီချင်းရေး ဆရာ၊ တီးဝိုင်းတွေကို ပေးနားထောင်ပြီး စီးရီးသွင်းလိုက်ကြတာပဲ။  ရေဒီယိုက ဖမ်းရတာ ဆိုတော့ အသံ မကြည်လင်ဘူး၊ အနှောင့်အယှက် အသံဗလံတွေလည်း ပါတာပဲ။  ဓာတ်ပြား Quality ကူးလို့ရတဲ့ ဆိုင်က အဲဒီတုန်းက မောင်ထော်လေးလမ်း (ဗိုလ်ဆွန်ပက်) လမ်းထဲက “မိသားစုတေးသံသွင်း” လောက်ပဲ ရှိတယ်။  အင်္ဂလိပ်သီချင်း အစုံဆုံး ဆိုင်လေးပဲ။  (ယင်းမာ တေးသံသွင်းလည်း နောက်မှ အဲဒီလမ်းမှာ စဖွင့်တာ။)

လတ်ကြီးဟာ အဲဒီလို Latest သီချင်းတွေကို လိုက်စားတာကြောင့် ‘ကော်ပီ’ လုပ်ရာမှာ သူက အမြဲတမ်းလက်ဦးတယ်။  Heavy Rock ကော်ပီလုပ်တာလည်း သူ အရင်ဆုံးပဲလို့ ပြောရမှာပဲ။  သူ့ရဲ့ ဒုတိယ နဲ့ တတိယ စီးရီးတွေမှာကတည်းက ဟဲဗီးဘိုးအေကြီးတွေ (Heavy Rock မျိုးစေ့ချပေးသူတွေ) ဖြစ်တဲ့ Free တို့၊ Led Zeppeline တို့၊ Black Sabbath တို့၊ Iron Butterfly တို့ရဲ့ သီချင်းတွေကို သူ ကော်ပီ ဆိုနေပြီ။  C.C.R သီချင်းတွေလည်း သူ အစောဆုံး ပြန်ဆိုခဲ့တာပဲ။  နောက်မှ လူတိုင်း C.C.R C.C.R နဲ့ ဖြစ်လာတာ။  အဲဒီလို စောလွန်းလို့ သူ့ သီချင်းတွေက ဒီက ပရိသတ် နဲ့ သိပ် အစပ်အဟပ် မတည့်တာလည်း ရှိတယ်။  အဲ.. သူ ကော်ပီ လုပ်ခဲ့တဲ့ မူရင်း သီချင်းတွေကို နှစ်အတော်ကြာမှ တခြား အဆိုတော်တွေက စာသားပြောင်းပြီး ဆိုလိုက်တော့ အကြီးအကျယ် ပေါက်သွားတယ်။  ဥပမာ – C.C.R ရဲ့ “Down on the Corner” ကို လတ်ကြီးက “ချောကလက်” လို့ ဆိုတုန်းက သိပ် မဖြစ်လိုက်ပေမယ့် ဘိုဘိုဟန်က “ပွမ်ပွမ်မြည်တဲ့ အသည်းလေး” ဆိုပြီး ပြန်ဆိုတော့ ပေါက်သွားတာမျိုးပေါ့။

သူ့ စီးရီးအတွက် Recording လုပ်ခါနီးရင် မူရင်း သီချင်းနဲ့ တူအောင် တီးနိုင်ဖို့ လိုအပ်တဲ့ တူရိယာ ပစ္စည်းနဲ့၊ ဂီတ ပညာရှင်တွေကိုလည်း သူ့ဘာသာ လိုက်ရှာပြီး ထည့်သုံးခဲ့တယ်။  ဟိုတုန်းက Tambourine လေး တခု ရဖို့တောင် သိပ်မလွယ်ဘူး။  Conga သံ ထည့်ချင်တော့ ကုလားဗုံတီးတဲ့သူ သွားခေါ်လာတယ်။  Organ မရှိတော့လည်း ကုလားတွေတီးတဲ့ သေတ္တာ ပုံ အဖုံးလေး အဖွင့်၊ အပိတ် လုပ်ပြီး တီးရတဲ့ အကော်ဒီယံလို တူရိယာမျိုး သုံးလိုက်တယ်။  မြန်မာပြည်မှာ Electric Piano တို့၊ Synthesizer  တို့ ရောက်လာတော့လည်း မူရင်း သီချင်းမှာပါရင် သူ့ စီးရီးမှာ ထည့်တီးစေခဲ့တယ်။  ကျွန်တော် သိသလောက်တော့ အဲဒီ တူရိယာတွေကို စီးရီးထဲ ထည့်သုံးတာလည်း သူ အစောဆုံးပဲ။

စတီရီယို ခေတ်ဦးတုန်းက “ကက်ဆက်ကာဗာ” ဆိုတာ မရှိသေးဘူး။  တေးသံသွင်းလုပ်ငန်းဟာ တိပ်ခွေကနေ ကက်ဆက်ခွေကို ကူးပြောင်းခါစ အချိန်၊ A/B ကဒ်လေးတွေနဲ့ပဲ သီချင်းစာရင်းကို ဆိုင်တွေက ရေးပေးကြတယ်။  သီချင်း စာအုပ်၊ ပိုစတာ လည်း မရှိဘူး။  တချို့က သတင်းစာမှာ ကြော်ငြာတယ်။   တယောက်စ၊ နှစ်ယောက်စ ပိတ်ကား ပိုစတာ ဘုတ် ထောင်ကြတယ်။

လတ်ကြီး ရဲ့ “ယုဇနပင်နဲ့ဖဲကြိုးဝါ” စီးရီး နဲ့ စိုးပိုင် ရဲ့ “မိလွယ်” စီးရီးကို မိသားစုတေးသံသွင်းက ဟီတာချီ စီ-၆၀ ခွေ နဲ့ တခြမ်းစီ တွဲထုတ်တော့ သူတို့ နှစ်ယောက် ဓာတ်ပုံ တွဲရိုက်၊ မောင်မောင်သိုက် ဒီဇိုင်းဆွဲ၊ အတ်ပေပါ နဲ့ ကာဗာ ထွက်လာတယ်။  အရောင်က အညိုရောင် တရောင်တည်း။  (ဘလောက် နဲ့ ရိုက်တာ။)  ကာဗာ ရဲ့ နောက်ကျော (အတွင်းမှာ) သီချင်း စာရင်းကို မိနစ်၊ စက္ကန့် အတိအကျ နဲ့ သပ်ယပ်စွာ ဖော်ပြတယ်။  ကာဗာ ကိစ္စကိုလည်း လတ်ကြီးပဲ စီစဉ်တာလို့ သိရတယ်။


၁၇- ဇူလိုင်လ-၁၉၇၃ ထုတ် မင်းမင်းလတ် ၏ သတ္တမ တေးစု (စိုးပိုင် ၏ မိလွယ် နှင့် တခြမ်းစီ) မျက်နှာဖုံး

မျှဝေသူ – စိုးသိဏ်း

(စကားချပ် – ကြုံတုန်း ပြောပါရစေ။  အခု အချိန် အထိ ကက်ဆက်ကာဗာပေါ်မှာ သီချင်းစာရင်းတွေနဲ့ အတူ မိနစ် စက္ကန့်တွေ ဘယ်သူကမှ ဂရုတစိုက် မဖော်ပြကြဘူး။  သူများ နိုင်ငံတွေမှာ စီဒီ ခေတ်မတိုင်ခင် ပလတ်စတစ် ဓာတ်ပြားခေတ် ကတည်းက သီချင်းတိုင်းမှာ မိနစ်စက္ကန့် ဖော်ပြကြတယ်။  စတီရီယို ဂီတ သက်တမ်း နှစ် အစိတ်ကျော် သွားပေမယ့် သီချင်းစာအုပ်တွေက ဘာမှ ထူးမလာဘူး။  ခဲစာလုံး အစား ကွန်ပျူတာ နဲ့ စီတယ်။  ရိုးရိုး ပုံနှိပ် စက် အစား အော့(ဖ်)ဆက် နဲ့ ရိုက်တယ်။  ၆” × ၄” စာမျက်နှာ တဖောင်စာ၊ (၁၆) မျက်နှာ ခွ ချုပ် ချုပ်မယ်။  ဒါလောက်ပဲ။  လေးဖြူ ရဲ့ “ပါဝါ” စီးရီး နဲ့  “ကမ္ဘာသစ်တေး” စီးရီးတွေ တုန်းကလို သီချင်း စာအုပ်၊ သီချင်းစာရွက် ကိစ္စ ဆန်းသစ်တီထွင်သူက ရှားတယ်လေ။)

လတ်ကြီးရဲ့ စီးရီးတွေထဲမှာ ထူးခြားတဲ့ စီးရီးလေး တခု ရှိသေးတယ်။  အဲဒါက သူ့ ဇနီး နဲ့ တွဲ ဆိုတဲ့ စုံတွဲ စီးရီးပါ။  စီးရီး ခေါင်းစည်းတော့ မရှိပါဘူး။  ၁၉၇၂ ခုနှစ် မှာ ထုတ်တာ။  ပြည်လှဖေ၊ မေရှင်၊ ဦးတင်မောင် တို့ရဲ့ နာမည်ကျော် ခေတ်ဟောင်း စုံတွဲတေး သီချင်းတွေကို ခေတ် နဲ့ အညီ စာသားတွေ အသစ် ပြောင်းလဲ ရေးစပ်ပြီး သီဆိုထားတာလေ။  (ဥပမာ – “ရှေးရေစက်” ကို “ညှပ်ခေါက်ဆွဲရေစက်” လို့ ပြန်ဆိုခဲ့တာမျိုး။) အဲဒီ စီးရီးဟာလည်း စတီရီယို သီချင်းတွေကို သရုပ်ပျက် သီချင်း၊ လမ်းသရဲ သီချင်း လို့ ရှုတ်ချနေကြတဲ့ ကာလမှာ တမျိုး၊ တပုံစံ ထွက်လာတာမို့ လူကြိုက်များခဲ့ဖူးတယ်။


၂၂-နိုဝင်ဘာ-၁၉၇၂ တွင် ထွက်ရှိခဲ့သည့် မင်းမင်းလတ် ၏ ဆဋ္ဌမ တေးစု (ခေတ်ဟောင်းတေးသံစဉ်များ စာသားပြောင်းသီဆိုမှု တေးစု) ပါ နာမည်ကြီး “ညှပ်ခေါက်ဆွဲ ရေစက်” သီချင်း စာသား။  ဤ သီချင်း စာရွက် မှာ သီချင်း ထပ်မံ ပါဝင်ခဲ့သည့် ၁၉၇၉ ဇွန် ထုတ် New Version လက်ရွေးစင် “ကလေးကြိုက်” တေးစု မှ ဖြစ်သည်။

ဓာတ်ပုံ မျှဝေသူ – ဇင်ဝေလတ် (သားငယ်)

လတ်ကြီး ဟာ အဆိုတော် အဖြစ် နာမည်ရလာပြီးတဲ့နောက် အင်္ဂလိပ်သီချင်း စာအုပ် ဆက်မထုတ်တော့ဘဲ “ဂစ်တာတီးနည်း” တို့၊ “ဂစ်တာသင်္ကေတ” တို့ လို မြန်မာစာ နဲ့ ရေးသားပြုစုတဲ့ စာအုပ်တွေ စီစဉ် ထုတ်ဝေခဲ့ပြန်တယ်။

 

မင်းမင်းလတ် ၏ ဂီတ သင်္ကေတ (၁၉၇၂) မျက်နှာဖုံး

မျှဝေသူ – ကျော်လွင်ဆန်း

လူငယ်တွေ ဂစ်တာ ရောဂါထစ အချိန်မှာ သူ့ရဲ့ “ဂစ်တာတီးနည်း” စာအုပ်လေးက ကွပ်လပ်တခု ဖြည့်ပေးခဲ့တယ်။  “ဂစ်တာနည်းပြ” စာအုပ်တွေ ထုတ်ကြတဲ့ အထဲမှာ သူ့ စာအုပ်က ပထမဆုံးပဲ၊ “ဂစ်တာသင်္ကေတ” ကတော့ လူကြိုက်များတဲ့ စတီရီယို သီချင်းတွေကို စာသား နဲ့ ဂစ်တာကော့(ဒ်)တွေ ပူးတွဲ ဖော်ပြပေးတဲ့ (၁၀) ချိုးဆိုဒ် စာအုပ်ပါ။  မျက်နှာဖုံးကို ထူးခြားအောင်လို့ သူ့ ဓာတ်ပုံနဲ့ တွဲပြီး၊ စုံထောက် မဂ္ဂဇင်း မျက်နှာဖုံးတွေ လစဉ် ရေးဆွဲသူ ပန်းချီ ဆရာကြီး ဦးစန်းလွင်ကို သရုပ်ဖော် ခိုင်းခဲ့တယ်။

မင်းမင်းလတ် ပြုစုသည့် ဂီတာတီးနည်း စာအုပ် မျက်နှာဖုံး

ဓာတ်ပုံ – မင်းမင်းလတ် Facebook Group

သူ့ရဲ့ “လမ်းပေါ်မှ ဝေါဟာရများ” စာအုပ်လေးကတော့ အတော် ဂယက်ရိုက်သွားတဲ့ စာအုပ်ပဲ။

မင်းမင်းလတ် ပြုစုသည့် “လမ်းပေါ်မှ ဝေါဟာရများ” စာအုပ် မျက်နှာဖုံး ကော်ပီ

မျှဝေသူ – စိုင်းဝင်းမြင့် (ကဗျာဆရာ)

နောက်ပြီး သူ့ အတ္ထုပတ္တိ ဆန်ဆန် စာအုပ်ဖြစ်တဲ့ “မင်းမင်းလတ်နဲ့ မင်းမင်းလတ်” ကလည်း ထူးခြားတယ်။  မျက်နှာဖုံးကို အနက်ရောက် တရောင်တည်းနဲ့ ရိုက်တယ်။  အတွင်းမှာ စာစီပုံကလည်း ဘယ်သူနဲ့မှ မတူဘူး။  အဲဒီအချိန် (၁၉၇၃) အထိ သူ့ရဲ့ ထွက်ပြီးသား သီချင်းတွေကို စီးရီးလိုက် စာသားရော၊ ကော့်(ဒ်)တွေပါ အစီအစဉ် တကျ ဖော်ပြပေးထားသေးတယ်။  သူ့ရဲ့ Super Now Hits 4 စာသားအားလုံးကို အင်္ဂလိပ်အက္ခရာအကြီး (Block Letters) လုံးဝ မသုံးဘဲ အက္ခရာ အသေးလေးတွေနဲ့ ချည်း စာစီ ပုံနှိပ်ခဲ့သေးတယ်။

 

မင်းမင်းလတ် နဲ့ မင်းမင်းလတ် စာအုပ် မျက်နှာဖုံး

မျှဝေသူ – လူသာကျော်

သူ စာအုပ်ထုတ်ရာမှာ သူ့ရဲ့ စာပေတိုက် နာမည်လေးတွေကလည်း ခပ်ဆန်းဆန်းချည်းပဲ။  “လွန်တာပေါ့စာပေ” တဲ့၊ “စောင်းဖြောင့်စာပေ” တဲ့။  (ဂစ်တာ Neck က စောင်းလို မကောက်ဘဲ ဖြောင့်နေလို့ ဂစ်တာကို စောင်းဖြောင့်လို့ သူ ရည်ညွှန်းတာတဲ့လေ..။)

 

“လွန်တာပေါ့” စာပေ ထုတ် မင်းမင်းလတ် စာအုပ် မျက်နှာဖုံး

မျှဝေသူ – ထွန်းထွန်း

သူနဲ့ နေနေလှိုင်းဇင် တို့ ရဲ့ “တိုက်ရိုက်ဘာသာပြန်သီချင်းများ” စီးရီးမှာတော့ အင်္ဂလိပ်သီချင်းတွေကို သံစဉ် (တေးသွား) ကော်ပီ လုပ်ရုံ မကဘဲ စာသားတွေပါ တိုက်ရိုက်ဘာသာပြန်ပြီး သီဆိုခဲ့တာကြောင့် ပရိသတ် အတော် စိတ်ဝင်စားခဲ့တယ်။  နောက်ပြီး အခွေထုတ်တော့လည်း မြန်မာသီချင်းနဲ့ မူရင်းအင်္ဂလိပ်သီချင်းတွဲပြီး စီပေးထားသေးတယ်။  (လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ဒီပုံစံမျိုးကို မေဆွိ ရဲ့ “ချစ်သူရဲ့သီချင်း” စီးရီးမှာ လုပ်ခဲ့တယ်။  ဒါပေမယ့် စာသားတွေက ဘာသာပြန် မဟုတ်ဘူး။)

အဲဒီ ဘာသာပြန် စီးရီး လုပ်မယ်ဆိုတော့ မူရင်း အင်္ဂလိပ် စာသားတွေကို ကျွန်တော်က အရင် ရှာရတယ်။  အဆင် သင့်မရနိုင်တဲ့ စာသားတွေကို ကက်ဆက်ဖွင့်ပြီး လိုက်ကူးရတယ်။  ပြီးတော့ ဘာသာပြန်တယ်။  အဲဒီ ဘာသာပြန်ထားတဲ့ စာသားကို ပုသိမ်မောင်စိမ်းသူ နဲ့ မောင်စစ်ငြိမ်း စသူတွေက ဆိုလို့ အဆင်ပြေအောင် ကာရန်တို့၊ ဘာတို့ ပြန်ညှိပေးခဲ့ကြရတယ်။

ဂျင်းပင်အဟောင်းလေး၊ ဘာသာပြန် – စိုးသိဏ်း၊ တေးဖွဲ့- မောင်စစ်ငြိမ်း + ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ်၊ တိုက်ရိုက်ဘာသာပြန်သီချင်းများ (၁၉၇၆)

Original English Song: Jeans On by David Dundas (1976).

Music Video URL: http://youtu.be/-6On7F9lPME

ဘာသာပြန် (၂) ကို နာမည်ပြောင်းလိုက်တဲ့ “ရော့(ခ်)အင်ရိုး(လ်)သီချင်းများ” စီးရီးကျတော့ မြန်မာပြည် မှာ ပထမဆုံး အနေနဲ့ ရိုးရိုးကာဗာ အပြင် ဗူးခွံအစွပ်နဲ့ပါ ထုတ်လုပ်ဖြန့်ချီခဲ့တယ်။

 

“ရော့(ခ်)အင်ရိုး(လ်)သီချင်းများ” တေးစု (၁၉၇၇) မျက်နှာဖုံး (၁)

မျှဝေသူ – သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်) (ကဗျာဆရာ၊ တေးရေးဆရာ)

 

“ရော့(ခ်)အင်ရိုး(လ်)သီချင်းများ” တေးစု (၁၉၇၇) မျက်နှာဖုံး (၂)

မျှဝေသူ – သိဒ္ဓတ္ထလှိုင် (နောင် သုခမိန်လှိုင်) (ကဗျာဆရာ၊ တေးရေးဆရာ)

အဲဒီ စီးရီး နဲ့ သိပ္ပံ၏ရုပ်ကြွင်း စီးရီး ရဲ့ ကာဗာတွေ အတွက် အဲဒီအချိန်က အနောက်နိုင်ငံတွေမှာ ခေတ်စားနေတဲ့ Fantasy Art နဲ့ သရုပ်ဖော်ဒီဇိုင်းဆင်ဖို့ ကျွန်တော်က လတ်ကြီး ကို အကြံပေးခဲ့တယ်။  သူက လုပ်ချင်တယ် ဆိုတော့ သိပ္ပံ ဝတ္ထု သုံးလေးအုပ် ကျွန်တော် သွားရှာပြီး သူက တဆင့် ပန်းချီ (ကို) တင်ဝင်း ကို ပေးလိုက်တယ်။  မျက်နှာဖုံး သုံးလေးခုထဲက လိုချင်တာတွေ ပေါင်းစပ်ယူပြီး ကိုတင်ဝင်း က ရေဆေး နဲ့ အနုစိတ် ခြယ်မှုန်းပေးခဲ့တယ်။

“ရော့(ခ်)အင်ရိုး(လ်)” စီးရီးမှာ သီချင်းစာအုပ် မရိုက်ဘဲ စာရွက်ခေါက်ကလေးနဲ့ သီချင်းစာသားတွေကို ကက်ဆက်ခွေထဲ ထည့်ပေးခဲ့တယ်။  ဒီလို သီချင်းစာရွက် ခေါက်ထည့်ပေးတာလည်း လတ်ကြီး ပထမဆုံး လုပ်တာပဲ။  အဲဒီ နောက်ပိုင်း သူများတွေ လိုက်မလုပ်ကြပေမယ့် မကြာမီကမှ သီချင်းစာသားပါတဲ့ ၅ ခေါက်ချိုး၊ ၈ ခေါက်ချိုး ကက်ဆက် ကာဗာ နဲ့ အခွေ ထုတ်လုပ်မှုတွေ ရှိလာတယ်။

ပထမတုန်းက “လူပြိန်းကြိုက်သီချင်းများ” လို့ နာမည်ပေးထားပြီးမှ “ကလေးကြိုက်သီချင်းများ” လို့ ပြောင်းခဲ့တဲ့ လတ်ကြီး ရဲ့ စီးရီးက သူ့ရဲ့ သီချင်းဟောင်းတွေကို ပြန်ဆို၊ ပြန်တီး၊ အသံ ပြန်သွင်းထားတာပါ။  တီးဝိုင်းက Superstar ပါ။  အဲဒီတုန်းက လက်ရွေးစင် စီးရီးထုတ်တာတို့၊ ကိုယ့်သီချင်းဟောင်း ပြန်ဆိုတာတို့ သိပ် ခေတ်မစားသေးဘူး။  ဒီနေ့ကျတော့ ပြန်ဆိုတေးသံသရာထဲမှာ တဝဲလည်လည် ဖြစ်နေကြပြီ။

ကလေးကြိုက် တေးစု (New Version လက်ရွေးစင်) (၁၉၇၉-ဇွန်) ကက်ဆက်တိတ်ခွေ အဖုံး

မျှဝေသူ – ကိုကျော်

“ကလေးကြိုက်” စီးရီးရဲ့ ကက်ဆက်ကာဗာမှာ သူ့သားနဲ့ သမီးငယ် တို့ရဲ့ ဓာတ်ပုံ နဲ့ ဒီဇိုင်းဆင်ခဲ့ပြီး သီချင်းစာအုပ်ကျတော့ နှစ်ဘက်ဖုံး၊ ပန်းချီ မောင်မောင်လှမြင့် ရဲ့ လူကြိုက်များတဲ့ ကလေးရုပ်ပုံလေးတွေနဲ့ သရုပ်ဖော်ထားတယ်။  တအုပ်လုံး အော့(ဖ်)ဆက်နဲ့ ရိုက်တဲ့ အဲဒီ စာအုပ်အတွင်းမှာလည်း မောင်မောင်လှမြင့်ရဲ့ ကလေးပုံတွေကို ရေဆေးနဲ့ သရုပ်ဖော်တယ်။  သီချင်းစာသား စာလုံးတွေကို လတ်ကြီး ကိုယ်တိုင် ဖြတ်ညှပ်ကပ် ဒီဇိုင်းဆင်တယ်။  ခေါင်းစီးစာလုံးတွေကိုတော့ ကျွန်တော် ဆွဲပေးရပါတယ်။  လတ်ကြီးက အဆိုတော် မဖြစ်ခင် ပန်းချီလည်း နည်းနည်းပါးပါး ဆွဲခဲ့ဖူးသူပါ။

စီးရီးထုတ်ရင် သီချင်းစာအုပ်ထဲမှာ ဖြစ်စေ၊ ကက်ဆက်ကာဗာမှာ ဖြစ်စေ၊ ဘယ်သူကဖြင့် ဘယ်တူရိယာ တီးတယ်၊ ဘယ်သူတွေက ဟာမိုနီ ဆိုတယ်၊ ဘယ်သူက အသံဖမ်းတယ် စသဖြည့် Credit တွေကို စနစ်တကျ ဂရုတစိုက် အမြဲတမ်း ဖော်ပြပေးလေ့ရှိသူဟာ လတ်ကြီး ပါပဲ။  စတီရီယို သက်တမ်း အနှစ် (၂၅) ကျော်ကျော်မှာ အဲဒီ Credit ကိစ္စ ကို အဆိုတော်တွေ၊ ထုတ်လုပ်သူတွေ က အလေးမထားခဲ့ကြပါဘူး။  ပြီးခဲ့တဲ့ နှစ်နှစ်၊ သုံးနှစ် လောက်ကမှ နည်းနည်းပါးပါး လုပ်လာကြတယ်။  လတ်ကြီးလို ဂရုတစိုက် လုပ်တတ်သူက ဇော်ဝင်းထွဋ် တယောက် ရှိတယ်။  တကယ်တော့ ဒီကိစ္စက “စီစဉ်သူ” ဆိုတဲ့ ပုဂ္ဂိုလ်တွေရဲ့ အလုပ်ပါ။

နောက်ပြီး Credit တွေကို ‘ဘို’ လို ဖော်ပြရာမှာ စာလုံးပေါင်းသတ်ပုံတွေ ဂရုစိုက်ကြဖို့တော့ လိုတယ်ဗျာ။  (Guitar ကို Guiter လို့ ဖော်ပြတာမျိုး၊ Rhythm ကို Rythum လို့ ဖော်ပြတာမျိုးတွေ မကြာခဏတွေ့နေရလို့ပါ။)

လတ်ကြီး နဲ့ “King” တီးဝိုင်းရဲ့ နောက်ဆုံးပွဲက ကျွန်တော်တို့တွေ မမေ့နိုင်တဲ့ ပွဲပါပဲ။  ၁၉၇၆ ခုနှစ်က တေးရေးဆရာ သုခမိန်လှိုင် စီစဉ်တဲ့ပွဲပါ။  ပြည်မြို့မှ ဖြေဖျော် ရတာပါ။  ယင်းမာ တေးသံသွင်း ပိုင်ရှင်တွေ ဖြစ်တဲ့ ချစ်ခင်တို့၊ ကျော်မြင့်တို့က “King” အတွက် လိုတဲ့ စရိတ်တွေ စိုက်ပေးခဲ့တယ်။  ပွဲက အရှုံးပေါ်လို့ King ဝိုင်းသားတွေရော၊ အဆိုတော်တွေ အားလုံး ဆိုခ၊ တီးခ တပြားမှ မရလိုက်ကြဘူး။  ကိုယ့် စရိတ် နဲ့ ကိုယ် ရန်ကုန်ပြန်လာခဲ့ကြရတယ်။

အဲဒီနောက်ပိုင်း King တီးဝိုင်း ဟာ မကြေငြာဘဲနဲ့ အလိုလို ပျက်သွားတော့တယ်။  လတ်ကြီးက စီးပွားရေး ဘက် အာရုံစိုက်လာတယ်။  ကဗျာ ပို့(စ်)စကဒ်လေးတွေ ထုတ်တာတို့၊ ရုပ်ပြစာအုပ် ထုတ်တာတို့။

အဲ… ပြည် ကို သွားလိုက်တာ သူ့ အဖို့ အရှုံးထဲက အမြတ်တခု ထွက်သွားတယ်လို့ ဆိုရမလားပဲ။  တမနက်မှာ ပြည်မြို့ ဈေးထဲ လျှောက်ကြည့်ကြတုန်း ကက်ဆက်ခွေ အငှားဆိုင်လေး တဆိုင်တွေ့လို့ လတ်ကြီးတို့ လင်မယားစပ်စုဖြစ်ကြတယ်။

၁၉၇၆ ခုနှစ်ကုန်ခါနီးမှတော့ အနော်ရထာလမ်းနဲ့ ဆူးလေ ဘုရားလမ်းထောင့်က ကျုံဝှာ စားသောက်ဆိုင် နဲ့ ဝါဇီ လက်ဘက်ရည်ဆိုင်ဘေးက အခန်းမှာ “အရှေ့အနောက်ကက်ဆက်ခွေအငှားဌာန” ဆိုပြီး ရန်ကုန်မြို့ရဲ့ ပထမဆုံး ကက်ဆက် ခွေ အငှားဆိုင်လေးကို ဖွင့်ခဲ့ကြတယ်။  မြန်မာပြည်ရဲ့ ပထမဆုံးဆိုင် မဟုတ်ပါဘူး။ 

ကမ္ဘာ့အရှေ့ခြမ်းက မြန်မာသီချင်းတွေနဲ့ အနောက်ခြမ်းက အင်္ဂလိပ်သီချင်းတွေ ငှားပြီး နားထောင်နိုင်မှာ မို့ ကျွန်တော်က “အရှေ့အနောက်” ဆိုတဲ့ နာမည်လေး စဉ်းစားပေးလိုက်တော့ လတ်ကြီးတို့ လင်မယားလည်း ကြိုက်သွားတယ်။  အဲဒီတုန်းက ဟီတာချီခွေနဲ့ချည်းသွင်းတယ်။  စပေါ်က တခွေ (၄၀) ကျပ်။  ငှားခ က တရက် (၃) ကျပ်။

ဓာတ်ပုံ မျှဝေသူ – Doney MP

အဲဒီ ဆိုင်လေးက တကယ် အောင်မြင်ပါတယ်။  အဲဒီ ဆိုင်ဖွင့်ရင်း လတ်ကြီးတို့ လင်မယား ဘာသာပြန် (၁)၊ (၂) စီးရီးကနေ သိပ္ပံ၏ရုပ်ကြွင်း စီးရီး အထိ ထုတ်ဖြစ်ခဲ့သလို သူများ စီးရီးတွေလည်း ဖြန့်ချီပေးခဲ့တယ်။  ကက်ဆက်ဇာတ်လမ်းခွေတောင် ပါသေးရဲ့။

၁၉၈၀ ပြည့်နှစ်မှာ အဲဒီဆိုင်ကို သူတို့ဖြုတ်ပြီး “ရွှေအိမ်စည်” ဆိုတဲ့ နာမည်နဲ့ အဆင့်မြင့် မြန်မာထမင်းဆိုင် ကို သူတို့ ဖွင့်ကြတယ်။  အဲဒီဆိုင်ဖွင့်ဖို့ သူတို့ကြိုးပမ်းနေတုန်းမှာ ငွေရေးကြေးရေး ကိစ္စလေး တခုနဲ့ ပတ်သက်လို့ ကျွန်တော်နဲ့ သူတို့ လင်မယား စကားများတယ်။  လတ်ကြီးရဲ့ မကုလားမ နဲ့ ကျွန်တော် တယ်လီဖုန်းထဲကနေ ရန်ဖြစ်ကြတာပါ။  ဒါနဲ့… ကျွန်တော်နဲ့ သူတို့ လင်မယား လမ်းခွဲလိုက်တယ်။ 

သူတို့ လင်မယား နိုင်ငံခြားက ပြန်လာပြီးတော့ “Paper Moon” ဗွီဒီယို ထုတ်လုပ်ဖြန့်ချီရေး လုပ်ငန်းလုပ်ကြတယ်။  အဲဒါလည်း အောင်မြင်တာပဲ။  ၁၉၈၉ ခုနှစ်မှာ ပေပါမွန်း က ထုတ်လုပ်ပြီး ပန်းချီဒီဇိုင်းဆရာ မောင်မောင်လှမြင့် က ဒါရိုက်တာ အဖြစ် ဖန်တီးမယ့် ဇော်ဝင်းထွဋ် ရဲ့ “ရွက်လွှင့်ခြင်း” ဂီတဗွီဒီယို ခွေ စတင်ရိုက်ကူးမှု မိတ်ဆက်တွေ့ဆုံပွဲလေးကို ကမ်းနားဟိုတယ်မှာ လုပ်ကြတယ်။  တေးရေးဆရာ သုခမိန်လှိုင်လည်း ပါတယ်။  ကျွန်တော့် လက်ထဲ ဖိတ်စာ ရောက်လာတယ်။  အဲဒီပွဲကျမှပဲ… လတ်ကြီးတို့ လင်မယား နဲ့ ကျွန်တော် ပြန်ပေါင်းစည်းဖြစ်သွားတယ်။

စိုးသိဏ်း @ Soe Thane

(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Min Min Latt, Portraits

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)