Nyein Chan Aye – Time, System and Reflection

August 23, 2013

ခေတ်၊ စနစ် နှင့် သူ ၏ ရောင်ပြန်
ငြိမ်းချမ်းအေး၊ သြဂုတ် ၂၄၊ ၂၀၁၃
ထူးထူးခြားခြားလွမ်းစရာ
ဦးလတ် နှစ်လည် အမှတ်တရ အစီအစဉ်တွေ မိုးမခ မှာ လှိမ့် လုပ်တော့ တချို့ လူတွေက အတော် လောက် လုပ်ပါ ဆိုချင်မလား မသိဘူး။  နောက်ထပ်လည်း တင်ဖို့ အစီအစဉ်တွေ အများကြီး ကျန်သေးတယ်။  ဦးစိုးသိဏ်း၊ ဦးလှိုင် နဲ့ အန်တီ ယမင်းကြိုင် တို့ကို ကျေးဇူးတင်တယ်။  ကျနော် စိတ်ကူးရှိသမျှ၊ လုပ်ချင်သမျှ အမြဲ ဝိုင်းဝန်း မျှပေးနေတဲ့ ကိုအင်ဒရူး၊ ကိုရာဇာ၊ ကိုကျော်လွန်ဆန်း၊ ကိုဒိုနီ၊ ကိုနေမျိုးအောင်၊ ကိုသားငယ် နဲ့ ဂီတချစ်သူ မိတ်ဆွေ အကို တွေကိုလည်း အမြဲ ကျေးဇူးတင်ရတယ်။
ကျနော်က အမှတ်တရတွေ လုပ်နေရတာမှာ အကြောင်းရှိတယ်။  အလွမ်းပြေတို့၊ သတိရခြင်း တို့ ဆိုတာက ကျနော့် အတွက် အဓိက မကျဘူး လို့ ဆိုနိုင်တယ်။  ကျနော် အခု မိုးမခ မှာ တင်ဆက်သမျှ ပုဂ္ဂိုလ်တွေ (စတီရီယို ဂီတ အရေး/အဆို) ရဲ့ သီချင်းတွေက အမြဲတမ်း၊ နေ့တိုင်းလောက် နီးနီး နားထောင်၊ လွမ်းနေရတာ။  နှစ်လည်တွေ ရောက်မှ ထူးထူးခြားခြား လွမ်းပြ စရာ (ကျနော့်အတွက်) မလိုဘူး။  (အခု ဒီစာကို ခင်ဝမ်း ရဲ့ “နှင်း” ကို နားထောင်ရင်း ရေးနေတယ်။)
ကျနော့် အတွက် ဒီ အစီအစဉ်တွေ လုပ်ခြင်း မှာ အဓိက သဘောက မှတ်တမ်းတင်သင့်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အကြောင်းကို ပြောပြနိုင်တဲ့ သူတွေ ရှိနေစဉ် မှာ သူတို့ဆီက ပြောပြချက်တွေကို ယူ၊ မှတ်တမ်းပြုခြင်း၊ ပုံနှိပ်ပြီး မှတ်တမ်းမှတ်ရာ အနေနဲ့ ကိုးကား လို့ ရတဲ့ ဆောင်းပါးဟောင်းတွေကို အွန်လိုင်းမှာ တနေရာတည်း ပြန်လည် ဖော်ထုတ် မှတ်တမ်းပြုခြင်း၊ စတဲ့ မှတ်တမ်း သဘော ကြောင့် လုပ်ရခြင်း ဖြစ်တယ်။  ဒါတောင် ခု ကျနော့် ကို စီစဉ်ခွင့်ပြုတဲ့ မိုးမခ မီဒီယာ က ယူနီကုဒ် မပြောင်း ရသေးဘူး။  ကိုယ်တိုင်လည်း အိုင်တီ သမား ပေမယ့် စာရေးရင်၊ (သူများ ဆောင်းပါးဟောင်း) စာပြန်ရိုက်ရင် အလွယ် ဇော်ဂျီ နဲ့ ပဲ ရိုက်ဖြစ်နေသေးတယ်။  ဒီကိံစ္စလည်း နှစ်ပိုင်း အတွင်းမှာ ပြင်ရမယ်။  ဒါမှသာ  လုပ်သမျှ ရေရှည် Online မှာ မှတ်တမ်းဝင်၊ ပြန်လည် ကိုးကား၊ ရှာဖွေဖို့ လွယ်မယ်။
နောက် ဒီ အစီအစဉ် တွေ အားလုံး တင်ဆက်နေခြင်း မှာ အဓိက အကျဆုံး၊ အရေးကြီးဆုံး သဘောတခု၊ ကျနော် ဦးစားပေး တင်ချင်တဲ့ အကြောင်း၊ အများကို မြင်စေချင်တဲ့ မျက်နှာစာ တခု က သိမြင်၊ အားကျ၊ အတုယူ စေမှု သဘောဖြစ်တယ်။  ဒီခေတ် လူငယ်တွေ ကို သိစေချင်တာ၊ အားကျ စေချင်တာ။  ရှေးက ငါတို့ ဗမာကြီးတွေ ဂီတ အပါအဝင် နယ်ပယ်အသီးသီးမှာ ဒီလို လုပ်ခဲ့ပါ့လား၊ တော်ခဲ့ပါ့လား ဆိုတာ ကို နားလည်စေချင်တာ။  ဗမာပြည်မှာ ဒီလို ထူးချွန်သူတွေရှိခဲ့ပါ့လား ဆိုတာကို သိမြင်၊ ခံစား၊ အတုယူ လိုက်လုပ်စေချင်တာ။  ခေတ်၊ စနစ်အပြောင်းမှာ ဒါတွေ အကုန် ယုတ်လျော့၊ ပျက်စီးခဲ့ရတာပါ့လား ဆိုတာ ကို ဆင်ခြင် နားလည်စေချင်တာ၊ သင်ခန်းစား ယူစေချင်တာ။  အဓိက သဘော၊ အနှစ်က ဒါပါပဲ။
ကောင်းမွန်တဲ့ သဘောတွေ၊ အကျင့်တွေ၊ ဓလေ့ တွေ နဲ့ လူ ပုဂ္ဂိုလ်တွေဟာ လွန်ခဲ့တဲ့ နှစ် လေးငါးခြောက်ဆယ်ကျော် ကတည်းက တည်ရှိခဲ့တယ်။  အခုလို အချိန်မှာ ပိုတောင် တိုးတက်၊ စနစ်တကျ ရှိသင့်တယ်။  လူတော်တွေ ပိုများလာသင့်တယ်။  ဒါပေမယ့် အခုကျ အခြေတည်ပြီး ဓလေ့ကောင်းတွေ၊ စနစ်တကျ ရှိမှုတွေ၊ ဆက်လက် မကျင့်သုံးနိုင်ကြသလို လူတော်၊ လူချွန်ဆိုတာလည်း များရမယ့် အစား ရှားတောင် လာတယ်။  ဘာကြောင့်လဲ ခေတ်၊ စနစ်ကြောင့်ပဲပေါ့။
အကျင့်၊ စနစ်ရဲ့ သားကောင်
ဂီတလောက နဲ့ပဲ ဥပမာ  ပြပါမယ်။  ခု လတ်တလော အစီအစဉ် ဦးလတ် နဲ့ ဆက်စပ်တာမျိုး ဆိုရရင် သူ့ စိတ်ကူး၊ သူ့ အလုပ်တွေ ဒီဘက်ခေတ်ကို ပါမလာဘူး။  သီချင်းအခွေ ထုတ်ရင် နိုင်ငံတကာ ထုံးစံ၊ စံနှုန်း အတိုင်း သီချင်း တပုဒ်ချင်း အလိုက် Duration မိနစ် အတိအကျ စာရင်း ဖော်ပြတာမျိုး နောက်ပိုင်း အများစု ဆက်မလုပ်ကြဘူး။  သီချင်းစာအုပ်တွေ အများစု စနစ်တကျ မရှိဘူး။  Credit မပြည့်စုံဘူး။  မှတ်တမ်း၊ မှတ်ရာ အတွက် အားကိုးလို့ မရဘူး။  ဘာကြောင့်လဲ။  ရှေ့က လူတောင် ခက်ခက်ခဲခဲကြားက ဖြစ်အောင် လုပ်နိုင်သေးတာ အခုခေတ် လူတွေ ဘာကြောင့် မလုပ်နိုင်ရမှာလဲ။
အဓိက ကတော့ လုပ်ရကောင်းမှန်း မသိတာ၊ တန်ဖိုး နားမလည်တာအပြင် ပြီးစလွယ် သဘော၊ ဝတ္တရား ကျေ အကျင့် က ဒီ နှစ် (၄၀) မှာ တိုင်းပြည် ရဲ့ နယ်ပယ် အသီးအသီး မှာ ဓလေ့ အနေနဲ့ ဝမ်းနည်းဖွယ် တွင်သွားခဲ့တယ်။  ဒါဟာ “အသံမထွက်၊ ဆိတ်ဆိတ်နေ၊ ငြိမ်ဝပ်ပိပြား၊ နာခံ၊ မလုပ်၊ မရှုပ်၊ မပြုတ်” ခေတ်စနစ် ရဲ့ အကျိုး ရလဒ်ပဲလို့ ဆိုရမယ်။
ကျနော် အမြဲ ဆိုလေ့ရှိတယ်။  ကျွန်ပညာရေး မီခဲ့တဲ့သူတွေက အတော်ဆုံးပဲ။  တပိုင်းတစ မီ ခဲ့တဲ့ သူတွေကလည်း မဆိုးသေးဘူး။  မဆလ ခေတ် သမားတွေလည်း နဝတ ခေတ် သမား နဲ့ ယှဉ်ရင် တော်သေးတာပဲ။
အမေ လူထု ဒေါ်အမာ မဆုံးခင် က မကြာခဏ ပြောရှာတယ်။  “အမေ အင်္ဂလိပ်ခေတ် က စလို့ ခေတ်ပေါင်းစုံ ဖြတ်သန်းခဲ့ဖူးတယ်။  ဒီခေတ် (သူ ရှိတုန်းက နအဖ ခေတ်) လောက် လူတွေ ဆင်းရဲမွဲတေ၊ တိုင်းပြည် အရာရာ အောက်ကျ၊ နောက်ကျ နိုင်တာ မရှိခဲ့ဘူး” လို့ ဆိုခဲ့ဖူးတယ်။ 
“နောက်လာတဲ့ မောင်ပုလဲ ဒိုင်းဝန်ထက်ကဲ” တယ်လို့ ဆိုစရာ တခုတည်းပဲ ရှိတယ်။  အုပ်ချုပ်သူ အစိုးရ မင်းများပဲ။  တဆက်ပြီး တဆက် တိုင်းပြည်ကို ဖျက်ဆီးရာမှာ၊ ကိုယ်ကျိုးရှာရာမှာ ရှေ့က သူ ထက် သာတဲ့၊ သူ့ထက်ကဲ ရွှေပြည်စိုး၊ လူစွမ်းကောင်းချည်းပဲ တွေ့ခဲ့ရတယ်။  ပြည်သူလူထု ဟာ တနှစ်ပတ်လုံးနီးပါး နိုင်ငံခြားမှာ အပန်းဖြေ၊ မြင်းလောင်း၊ ဆေးကု တခု ခု နဲ့ တိုင်းပြည် ဘဏ္ဍာ ဖြုန်းတတ်သူ ကို တွေ့ခဲ့ရသလို “စိန်စီသောည” ကိုလည်း ကြည့်ခဲ့ရတယ်။  အုပ်ချုပ်သူ လူတန်းစား တခုကတော့ ခေတ်ဟောင်း ထက် အမြဲ ပို ကောင်းစားတယ်။  အခု ဒီမိုကရေစီ ခေတ်လို့ ပါးစပ်သနခံ ခေါ်ကြရတဲ့ ခေတ်အထိ အတူတူပဲ။  ဒီမိုကရေးစီ အရေခြုံ၊ အမေရိကန် နဲ့ ပေါင်းစား၊ လူတစု နဲ့ စစ်အုပ်စု နာမည်ကောင်းယူရင်း စိတ်ကြိုက် ကိုယ်ကျိုးစီးပွားရှာလို့ရတဲ့ ခေတ်လောက် ကောင်းတာ ဘယ်ရှိပါ့မလဲ။
ဆရာကြီး ဦးဖေမောင်တင် ရဲ့ သြဝါဒ က “Human Process လူသား ဖြစ်စဉ် ကြီး တိုးတက်၊ ဖွံ့ဖြိုး၊ မြင့်မား လာစေဖို့ ရာ တပည့်က ဆရာ့ ထက် လက်စောင်းထက် ရမယ်” တဲ့။  အခုတော့ ဗမာပြည်မှာ ဖြစ်ခဲ့ရတာက တခေတ်ထက် တခေတ် ယုတ်လျော့လာ၊ တပည့်တွေက ဆရာတွေထက် ပို ညံ့ ညံ့ လာ၊ သား/သမီး မျိုးဆက်က အဘိုး၊ အဘွား၊ အဖေ၊ အမေ မျိုးဆက် ထက် ပို အရည်အချင်း နည်းလာ ဖြစ်ရတယ်။  ဘာကြောင့်လည်း တိုင်းပြည်ရဲ့ စနစ်ကြောင့်ပဲပေါ့။
၉၀ ခုနှစ်များက ဆရာတင်မောင်သန်း နဲ့ မောင်သစ်ဆင်း တို့ က သူတို့ရဲ့ သင့်ဘဝ မှာ တိုင်းပြည်ရဲ့ အရေးအရာ ပြဿနာကြီးတွေကို ခေါင်းကြီး မျက်နှာဖုံး ဆောင်းပါး အနေနဲ့ လစဉ် တင်တယ်။  အဲဒီမှာ “အချိန်” ကိစ္စ တလ ပါခဲ့တယ်။  အချိန် ကို စီမံခန့်ခွဲခြင်း Time Management သဘော ပါတယ်။  ခေတ်စနစ် ကြောင့် ပြောင်းသွားရတယ် “အချိန်ဓလေ့” အကြောင်းပါတယ်။  နိုင်ငံမှာ နေ့စဉ် အချိန် မမှန်မှု ဖြစ်စဉ်ကြောင့် သန်းပေါင်းများစွာသော လူတွေ ရဲ့ အသက်တွေ သေ သလို၊ သတ်သလို ဖြစ်နေတာ၊ နိုင်ငံ ဘဏ္ဍာ ငွေကြေးတွေ သန်းနဲ့ချီ ဆုံးရှုံးနေရာတာတွေကို လူတွေ မြင်သာအောင်၊ ပုံပေါ်အောင်၊ ကြောက်တတ်အောင် စာရင်း၊ ဇယားတွေနဲ့ သေချာတွက်ပြပြီး မျက်နှာဖုံးဆောင်းပါး ရေး တင်တယ်။  စာရင်း၊ ဇယား တွေ အပြင် ယိုယွင်းလာမှု သဘောကို မြင်သာအောင် ဆောင်းပါးထဲမှာ ယူပြတဲ့ အချက်တခု ကို သဘောကျတယ်။
ဟိုး အင်္ဂလိပ်ခေတ် ဆရာကြီး ရွှေဥဒေါင်း က Sir Arthur Conan Doyle ရဲ့ Sherlock Holmes တွေကို ဗမာမှုပြု မောင်စံရှား လုပ် ဇာတ်အိမ်တည်တော့ မူရင်း ဇာတ်လမ်းပါ “ကြေးနန်းက ဘယ်တုန်းက ရ တာဆိုတော့ ဘယ်နေ့ (အချိန်) က ရိုက်လိုက်တာဖြစ်တယ်”၊  “ဒီအချိန်က ဘယ် ရထား ဆိုက်ချိန်ပဲ”  စတဲ့ အချိန် တိကျမှု နဲ့ ဆက်စပ်တဲ့ ကောက်ချက်တွေတွေကို ဦးစံရှား ဇာတ်လမ်းမှာ မဖြစ်မနေ ထည့်သုံးရာမှ အပြင်လောက ဗမာပြည် နဲ့လည်း “ယုတ္တိမဲ့မှု” မဖြစ်ခဲ့ဘူး ဆိုတာကို ဆောင်းပါး က မြင်သာအောင် ထည့်သွင်း ဖော်ပြခဲ့တယ်။  Doyle  ရဲ့ လန်ဒန် မြို့တော် မှာ အချိန် တိကျ တဲ့၊ သေချာတဲ့၊ အစိုးရတဲ့ ဆက်သွယ်ရေး စနစ် တခု နဲ့ လူမှုဓလေ့ ရှိခဲ့သလို ရွှေဥဒေါင်း ရဲ့ ရန်ကုန် မြို့တော် မှာလည်း အလားတူ စနစ်ကျ၊ အချိန်မှန်၊ အစိုးရတဲ့ စနစ်အဖွဲ့အစည်း၊ အစိုးရ အုပ်ချုပ်မှု ယန္တရားကြီးက လည်ပတ်နေတယ်။  အချိန်လေးစားတဲ့ လူမှု ဓလေ့ ကလည်း အဲဒီခေတ်တုန်းက ရှင်သန်နေတယ်။  အခြေတည်ပြီးသာ စနစ်အဖွဲ့အစည်းနဲ့ ဓလေ့တွေ အကုန် ပြိုလဲ ပျက်စီးတဲ့ ဒီဘက်ခေတ်မှာများ မောင်စံရှား စုံထောက် လုပ်ရရင် တလွဲတွေချည်း ကောက်ချက်ဆွဲ လိမ့်မယ်။
အခြေတည်ခဲ့သမျှ၊ ကောင်းခဲ့သမျှ ဓလေ့၊ ထုံး၊ စနစ်တွေဟာ အုပ်ချုပ်ရေး စနစ်၊ နိုင်ငံရေး စနစ် ပြောင်းလဲခဲ့ခြင်းရဲ့ အကျိုးဆက် အနေနဲ့ အကုန် လဲပြို ပျက်စီး၊ ဆုတ်ယုတ် ဖြစ်ကုန်ရတယ်။
နောက်ဆုံး ပြောရရင်တော့ ဒီ လူ က ဒီဘူတာပဲ ဆိုက်တယ် (တချို့) ဆိုချင်မယ်။  အဲဒီ ဘူတာ က အရေး ကြီးလို့ စာတွေ ရေးတိုင်း ထည့် ဆိုက်ရတယ်။  ခေတ်စနစ် က လူတွေရဲ့ အကျင့်၊ အကြံ၊ အတွေးအခေါ် နဲ့ စာရိတ္တ ကို အကြီးအကျယ် ပြုပြင်တယ်၊ သက်ရောက်တယ်။  ဒါကြောင့် မကောင်းတဲ့ စနစ်ဆိုး တခု ရဲ့ အပြုအပြင် ခံလူတွေကို “စနစ်ရဲ့ သားကောင်များ” “The Victims of the System” လို့ ခေါ်ကြတာပေါ့။
လူအများစု ရဲ့ ကာယ၊ စိတ္တ နှစ်ခု စလုံး ရဲ့ အဆိုး၊ အကောင်း၊ အကျိုး၊ အကြောင်း က ခေတ်၊ စနစ်ရဲ့ ရောင်ပြန်တွေပဲ။  (ခြွင်းချက်တွေ မပါ။  ထူးခြားဖြစ်စဉ်တွေ မပါ။  လူတစု မပါ။  ‘အလိ’ တွေ မပါ။  ယေဘုယျ သဘော၊ လူထု အများစု အခြေခံ ကို ဆိုလိုတယ်။)
ဒါကြောင့် လယ်သမား လယ် လုပ်စရာ မရှိ ဖြစ်ရတာ၊ အလုပ်သမား ထမင်းမဝ တာ အစ၊ ပညာမတတ်တာ အလယ်၊ ရောဂန္တရကပ် ဆိုက် တာ အဆုံး ပြဿနာ အားလုံးကို ခေတ်၊ စနစ် မှာ အဖြေ ရှာမှ တွေ့မယ်။
လက္ခဏာတွေကနေ ရောဂါကို ဆိုက်ရောက်ဖို့
လမ်းပေါ် ရေလျှံတာ၊ အင်တာနက် လိုင်း နှေးတာ၊ ဖုန်းခေါ်ဆိုခ ဈေးကြီးတာ၊ ဆေးရုံတွေမှာ အခွံချည်း ပဲ ရှိတာ၊ မြင်မြင်သမျှ ပါမောက္ခ နဲ့ တွေ့သမျှ လူ ပါရဂူ ဖြစ်နေတာ စတဲ့ အကြောင်းအရာတွေဟာ ခေတ်၊ စနစ် က ဖန်တီးလိုက်တဲ့ ရောဂါ ရဲ့ အပေါ်ယံ သွင်ပြင် လက္ခဏာ Symptoms တွေ မျှသာ ဖြစ်တယ်။  ရောဂါ ဇစ်မြစ် မဟုတ်ပါ။  သူ့ကို ဖြစ်စေတဲ့၊ ပိုအလေးပေးကုရမယ့် နောက်ခံအကြောင်း Underlying Cause ဆိုတာ ရှိတယ်။  အဲဒါက ဆိုခဲ့တဲ့ ခေတ်၊ စနစ်။  တနည်းအားဖြင့် နိုင်ငံရေး စနစ်၊ နိုင်ငံစနစ်က ဖန်တီးလိုက်တဲ့ ခေတ်၊ စနစ်။
Symptom ဆိုတဲ့ အင်္ဂလိပ်စကား အခု ထည့်သုံးရတာ အကြောင်းရှိတယ်။  Symptom ရောဂါလက္ခဏာ ကို စကားပြေ အနေနဲ့ Paraphrase ပြန်ခွဲရင် ရောဂါ တခုခု ကြောင့် ရုပ်ပိုင်းဆိုင်ရာ (သို့မဟုတ်) စိတ်ဓာတ် ပိုင်းဆိုင်ရာ ပြောင်းလဲမှု၊ ဖျားနာမှု၊ ခံစားရမှု ဆိုပြီး ရတယ်။  ရောဂါဖြစ်ရင် စိတ်၊ ရုပ် နှစ်ခုစလုံး ထိခိုက် ပြောင်းလဲစေတယ် ဆိုတာကို ပေါ်လွင်စေချင်လို့ ဒီစကားလုံး ထည့်သုံးခြင်း ဖြစ်တယ်။
ဒါ့အပြင် ရောဂါလက္ခဏာ သဘောဆိုတာကို ရှင်းအောင် မြင်စေချင်တယ်။  ရောဂါ တခုခုကြောင့် လူဟာ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲ မှု ဖြစ်တယ်။  ဥပမာ – ဖောသွပ်သွပ် ဖြစ်၊ ဖောရောင်ကိုင်း လာတယ် ဆိုပါစို့။  အရောင်ကျဆေး ပေးတာ၊ အရောင်ကျဆေး လူးတာ ဟာ ဖောရောင်မှု ရောဂါလက္ခဏာ Symptom ကိုသာ သက်သာစေတယ်။  နောက်ခံ Underlying Cause ရောဂါ ဇစ်မြစ်ကို မပျောက်စေဘူး။  ခု အစိုးရ နဲ့ လူတချို့ အရေးမပါ၊ အရာ မရောက်တဲ့ ကိစ္စတွေကို အရေးပေးနေမှုကို “မရောင်ရာဆီလူးနေကြတယ်” ဆိုပြီး ထောက်ပြကြရတယ်။  တကယ်တမ်းပြောရရင် ရောင်ရာဆီလူး လည်း အလုပ် ဖြစ်မှာ မဟုတ်သေးဘူး။  ရောင်ခြင်း ကို ဖြစ်စေတဲ့ ပင်မ ရောဂါ ဇစ်မြစ် ကို အမြစ်ပြတ် ပြုတ်အောင် ကုသမှသာ တိုင်းပြည် ဟာ မဖောသွပ်၊ မရောင်၊ မဖျားနာ တော့မှာ ဖြစ်တယ်။  အဓိက ရောဂါ ဇစ်မြစ် ဖြစ်တဲ့  တိုင်းပြည်အုပ်ချုပ်တဲ့ စနစ်၊ ကျင့်သုံးတဲ့ စနစ်၊ နိုင်ငံ့ စနစ်၊ နိုင်ငံရေး ကို ကုစားရမယ်။
ဟိုး လွန်ခဲ့ (၂) နှစ်၊ (၃) နှစ် က ဆရာ အော်ပီကျယ် သူ့ သားလေး တယောက် လက်မှတ်စစ်က တွန်းချသလို ဖြစ်လို့ Bus ပေါ်က ကျ ထိခိုက်ဒဏ်ရာ ရတော့ စာပေဟောပြောပွဲ တခု မှာ ထည့် ပြောတယ်။  သူ ယာဉ်နောက်လိုက် (လက်မှတ်စစ်) ကို အပြစ်မမြင်ပါဘူး။  ဒီလို မဟားတရား လုပ်မှ ထမင်းဝ မယ့် ခေတ်ကိုပဲ အပြစ်တင်ချင်တယ် ဆိုတဲ့ သဘော ဆိုသွားခဲ့တယ်။  အဲဒီတုန်းက ကျနော် ဆရာ့ ကို စာလှမ်းရေးတယ်။  ခက်ခဲ့တဲ့ အခြေအနေ၊ စိတ်ခံစားမှု ရှိတဲ့ အချိန်မှာတောင် ဆရာ က အခုလို ရောဂါ အမှန်၊ အကြောင်းအရင်း အမှန်ကို မြင်နိုင်တာ လေးစားပါတယ် ဆိုပြီး ရေးမိတယ်။ 
ဟိုးလွန်ခဲ့တဲ့ (၃)၊ (၄) နှစ် ကပဲ ပြည်ပအခြေစိုက် ရေဒီယိုလိုင်း တခု နဲ့ ဆရာ ညီပုလေး နှစ်လည် တခု (ရှစ်လေးလုံးထင်တယ်) အထိမ်းအမှတ် ပြောရင်းနဲ့ ဆရာ က ထည့်ဆိုတယ်။  “သူတို့က တိုင်းပြည်ကို စနစ်တကျ ဖျက်ဆီးခဲ့တာဗျာ”.. တဲ့။  ကျနော် ချက်ချင်းပဲ ဆရာ့ ဆီ စာရေးဖြစ်တယ်။  “စနစ်တကျ” ဆိုတဲ့ စကားလုံး အသုံး ကို သဘောကျလို့။  “စနစ်တကျ” “Systematically” အရာရာ ကို ဖျက်ဆီးခဲ့တာ အမှန်ပဲ။  စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့၊ အနုသုခုမ၊ လူမှု၊ စီးပွား၊ ပညာ၊ ကျန်းမာ၊ ဂေဟစနစ် တခုမှ မကျန်ဘူး။
အရင် စာတွေမှာ အကျယ် ထည့် မပြောရသေးတဲ့ အနုသုခုမ ကိစ္စ ကို အခု တချက် ကြည့်ရအောင်ပါ။
စိတ်အတွက် အဟာရ၊ ဓာတ်စာ ခေါင်းပါး ကန္တာရ
စနစ်ဆိုး၊ ခေတ်ဆိုး ကို ဖြတ်သန်းခဲ့တဲ့ နှစ်ပေါင်း (၅၀) ကျော်အတွင်းမှာ နိုင်ငံတကာ အဆင့်မီတဲ့ ရုပ်ရုင်ခြံ စတူဒီယိုကြီးတွေ မရှိတော့ဘူး။  အဆင့်တန်းမီတဲ့ ရုပ်ရှင် တွေ မတွေ့ရတော့ဘူး။  ခေတ်မီ၊ ရှေ့ဆောင်၊ လမ်းပြတဲ့ စာအုပ်တိုက်ကြီးတွေ မရှိတော့ဘူး။  ရသစာပေကောင်း ဆိုတာတွေ ရှားကုန်ပြီ။  ခပ်ပေါပေါတွေကို လူတွေခမျာ အဟုတ်လုပ် ကြည့်နေ၊ ဖတ်နေရတယ်။  ကလေး စာပေ၊ သိပ္ပံ စာပေ ဘယ်လောက် တိုးတက် ထွန်းကားလာလဲ။  ခေတ်မီတဲ့ နိုင်ငံတကာ နဲ့ တပြေးညီ သုတ၊ ရသ ဘာသာပြန်စာပေ ဘယ်လောက် တွင်ကျယ် နေပြီလဲ။  ဒါတောင် ခေတ်နည်းပညာ က ခလုတ် တချက် နှိပ်ရုံ နဲ့ အရာရာ မျက်စိ ရှေ့ ကျလာစေတဲ့ နည်းပညာ ခေတ်ကြီး။
အရည်အချင်း ကို အသာထား၊ အရေအတွက် ကို ပဲကြည့်ပါမယ်။  သန်း (၆၀) ကျော် လူဦးရေ ရှိတဲ့ တိုင်းပြည်မှာ သတင်းစာ၊ မဂ္ဂဇင်း၊ ဂျာနယ်၊ ဝတ္ထု စောင်ရေ ဘယ်လောက် ရိုက်နှိပ်ထုတ်ဝေ နေရသလဲ။  စာဖတ်နိုင်သူ အရေအတွက် ဘယ်လောက် ရှိသလဲ။  စာတတ်သူကို ဆိုလိုတာ မဟုတ်။  စာကို အရေးတယူ လုပ် ဖတ်နိုင်သူ အရေအတွက် ကို ဆိုလိုတာ။
အနုသုခုမ စိတ္တ အာဟာရတွေကို အချိန်ပေး၊ ငွေပေး ခံစား စားသုံးနိုင်ဖို့ အများစု လူထု မှာ ဘယ်လောက် အခွင့်အရေး ရှိနေသလဲ။
တနေ့လုပ်မှ တနေ့စား၊ ရရာ စားစား “Hand-to-Mouth” ဘဝ လူအများစု အတွက် အနုသုခမ ဆိုတာ ဖျော်ဖြေ ရေး အဆင့် အနေနဲ့တောင် အမြဲတမ်း မလွယ်ဘူး။  ဟိုးအရင် ဗွီဒီယို ရုံခေတ် မှာ (၂) ကျပ် ပေးပြီး နေထက်လင်း နဲ့ ဘဝ အမောတွေ ဖြေရတယ်။  သီဟတင်စိုး နဲ့ အတူ မကျေနပ်မှုတွေ ပေါက်ကွဲရတယ်။  ဒွေးမျက်နှာကို ကြည့်ပြီး ဘဝကို ကျေနပ်ရတယ်။  အခုခေတ်မှာတော့ ခိုးကူး VCD အချပ် တတိယတန်းစား ဗွီဒီယို၊ သီချင်းခွေ တွေ ကို တရုတ်စက်တွေမှာ ဖွင့်ရင်း ဘဝ ကို ဖြတ်သန်းရတယ်။  သရုပ်ဆောင်တွေက ရုပ်တည်ကြီးတွေနဲ့ အလွမ်းဇာတ် ကို ဟာသ ရသ မြောက်စေလည်း အခြေခံ လူထု ဘဝတွေ အတွက် ဘာပဲဖြစ်ဖြစ် အားဆေးပဲ။  ဘုရားစူး အဆိုတော် တွေ ကိုပဲ အားပေးရတယ်။  လွန်းထားထား ဝတ္ထု ထဲက နုဖတ်လှတဲ့ မြေမနင်း ဇာတ်ရုပ်တွေရဲ့  သမီးရည်းစားဘွဲ့ ဟာ မရေရာ တဲ့ အနာဂတ် အပြည့်နဲ့ လူထု အများအတွက်တော့ ခဏတာ စိတ်ကူးယဉ် ကျေနပ်စရာပဲ။
ပေါပါပေ့၊ ရူးပါ့ကွာ ပြောလို့ မရဘူး။  ဖန်တီးသူ၊ ခံစားသူ နှစ်ဘက်စလုံး အပြစ်တင်လို့ မရဘူး။
ဒီလို လူမှု၊ စီးပွား၊ နိုင်ငံရေး၊ ခေတ်၊ စနစ် နောက်ခံ အနေအထား မှာ အများစု အတွက် ရေစီးကြောင်း ကို ဒီထက်ပို လို့ မိတ်ဆွေ ဘာ ပို မျှော်လင့်ချင်သလဲ။  ဘာ ပို မျှော်လင့်နိုင်မလဲ။  အရည်အချင်းတွေ၊ အရည်အသွေးတွေ၊ စံနှုန်းတွေ၊ အတွေးအခေါ်တွေ၊ စိတ္တ အာဟာရ ပြည့်မှုတွေ သတ်မှတ်ချင်လို့ ရမလား။  ဒါတွေဟာ အများစု အတွက် မဖြစ်နိုင်ဘူး။
စားဖို့ မပူရတဲ့ လူတစု ကတော့ Post Modernism ကို ဆွေးနွေးနိုင်မယ်။  အာရပ်နွေဦး ကို စောင့်ကြည့်နိုင်တယ်။  အော်စကာ တန်းဝင် နိုင်ငံတကာ ရုပ်ရုပ်တွေကိုကြည့်ပြီး ခံစား၊ ဝေဖန်၊ သုံးသပ်နိုင်တယ်။  ဂန္တဝင် ကဗျာရှည်ကြီးတွေကို ရွတ်နိုင်မယ်။  Classical Music ကို နားထောင်နိုင်တယ်။  ခင်ဝမ်း ရဲ့ နှင်း ကို ခံစားနိုင်တယ်။  အခုလို စိတ် အချဉ်ပေါက်မှုတွေကို စကားလုံးတွေ နဲ့ ချ ဖော်ထုတ်နိုင်တယ်။
ထမင်းအတွက်၊ မြေအတွက်၊ ရေအတွက်၊ အိမ်အတွက် နေ့စဉ် ဗျာပါရ ကြောင့်ကြ နေရတဲ့ လူထု လူအများစုအတွက်တော့ အနုပညာ မလိုဘူး၊ ရသ မလိုဘူး၊ စိတ္တ အာဟာရ မလိုဘူး၊ အတွေးအခေါ် မလိုဘူး၊ လွတ်လပ်မှု မလိုဘူး။  စားဝတ်နေရေး ဖြေရှင်းဖို့ က လက်တွေ့ ပိုအရေးကြီးတယ်။  ဒီလို ဖြေရှင်းရာမှာ အသုံးပိုတည့်မယ့်၊ ဘဝ အမောကို ခဏတာ ပြေစေမယ့် ပေါ့ပေါ့ပါးပါး ဖန်တီးမှုတွေ၊ သဘောတွေက လူအများတွက် ပို လိုအပ်သလို ဖြစ်ရတယ်။
အမှန်တော့ လူအများလည်း လူတစု လိုပဲ အလေးအနက်တွေ၊ အနှစ်တွေ၊ ရသဂုဏ်မြောက်တာတွေ ခံစားချင်တာပေါ့။  ဒါပေမယ့် ဘဝကမှ အခြေအနေ မပေးတာ။
မြန်မာပြည်မှာ အိပ်၊ စား၊ ကာမအဆင့်ကနေ တဆင့်တက်ဖို့
Maslow က လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) ကျော် က လူတွေရဲ့ လိုအင်ဆန္ဒ တွေ အတွက် ဦးစားပေး အဆင့်တွေ ကို Pyramid ပုံစံ သီအိုရီ ထုတ်ခဲ့တယ်။  အခြေခံ အကျဆုံး၊ အကျယ်ပြန့် ဆုံး၊ လူတွေ အဓိက ဦးစားပေး ပြည့်စုံအောင် ရှာဖွေတဲ့ လိုအင်ဆန္ဒ ကတော့၊ တနည်းအားဖြင့် လိုအပ်မှု ကတော့ စားဝတ်နေရေး၊ ဘဝ လုံခြုံမှု၊ အိပ်စားကာမ ပဲ။  ဒါတွေပြီးမှာ ကျင့်ဝတ်၊ သီလ၊ သမာဓိ၊ သိက္ခာ၊ လူအချင်းချင်းလေးစားမှု၊ ချစ်ကြည်ရင်းနှီးမှု၊ မိတ်ဆွေသဟာဖြစ်မှု ကိစ္စတွေလာမယ်။  Pyramid ရဲ့ ထိပ်ဆုံးမှာရှိ နေရာ အနည်းဆုံး ယူထားတာကတော့ ဖန်တီးမှု စွမ်းရည်၊ ခံစားမှု စတဲ့ စိတ္တဗေဒ ပိုင်းဆိုင်ရာတွေ ဖြစ်တယ်။
ဆိုတော့ လူ့ အခြေခံ လိုအပ်ချက် ပြည့်စုံအောင် ဖန်တီး မထားတဲ့ တိုင်းပြည်ရဲ့ ခေတ်၊ စနစ်မှာ လူအများစု အတွက် တခြား ဘာ ကို ကျော် လိုချင်လို့ ရမလဲ။  တခြား ဘာကို ပို မျှော်လင့်လို့ ရမလဲ။
ဒီလို ပြောတော့ ခေတ်၊ စနစ် က ဖန်တီး ပြုပြင်တဲ့ အနေအထား ကို ကျေနပ်နေရမယ် လို့ လုံးဝ ဆိုလို တာ မဟုတ်ဘူး။  ပြဿနာ ရဲ့ ရင်းမြစ် ဟာ နိုင်ငံရဲ့ ခေတ်၊ စနစ် ဆိုတာကို မြင်တတ်ဖို့ ကို ဆိုလိုခြင်းသာ ဖြစ်တယ်။  ခေတ်၊ စနစ်ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နယ်ပယ်တိုင်းကို ပြောင်းလဲသက်ရောက်မှု၊ ပုံဖော်မှု သဘောကို သိမြင်ခံစား၊ အမှန်တကယ် နားလည်ဖို့ လိုတယ်။
ဒီလိုဆိုတော့ လူတချို့က ပြန်ပြောချင်မယ်။  သိပါတယ် ကွာ၊ မြင်ပါတယ်၊ ခင်ဗျား က ဒါတွေပဲ အပ်ကြောင်းထပ်နေပါပြီ လို့ ဆိုချင်ကြမယ်။  မြင်တဲ့သူ၊ သိတဲ့ သူ ရှိတယ် ဆိုတာ လက်ခံတယ်။  အများစုလည်း အပေါ်ယံ သဘော အားဖြင့် နားလည် သဘောပေါက်တယ် ဆိုတာ သိတယ်။  ဒါပေမယ့် အခြေခံကျကျတော့ နားလည်ဖို့ မကြိုးစားဘူး။  ဒါမှမဟုတ် နားလည်လည်း ခေတ်၊ စနစ်ကို ပြောင်းလဲရမယ် ဆိုတဲ့ အတွေးအခေါ် ကို အလေးအနက် မမူဘူး။
အခု လူအများ၊ နိုင်ငံရေးသမားများ အားလုံးလိုလိုဟာ ဘာကိုပဲ သွား အလေးအနက်ပြုနေသလဲ ဆိုတော့ ခေတ်၊ စနစ်က ဖန်တီး ပေးလိုက်တဲ့ သွင်ပြင် လက္ခဏာ တွေကိုပဲသွား အရေးတယူ လုပ်နေတယ်။  လမ်းတွေ မကောင်းတာ ကို မြင်တယ်၊ ပြောတယ်၊ လူတွေ မွဲနေတာ ကို သိတယ်၊ စာမတတ်တာ ကို မြင်တယ်၊ ရောဂါဘယ ထူပြောတာကို မြင်တယ်။  ခေတ်၊ စနစ်ရဲ့ ရောင်ပြန်တွေ ကိုပဲ အလေးထား ကုချင်နေကြတယ်။  ဒါတွေကိုပဲ ကွက်ကုရင် ဆောင်းပါး အစ မှာ ဆိုခဲ့တဲ့ အရောင်ကျဆေး လူးတာနဲ့ အတူတူပဲ။  ပင်မ ရောဂါ အမြစ် မပြတ်သမျှ ဆေးလူးတဲ့ အချိန် အရောင် ခဏ ပဲ ကျ မယ်။  ပြီးရင် ပြန်ရောင်လာမှာပဲ။  ဒါ့အပြင် ရောဂါတာရှည်လေ အတွင်းနက်လေ၊ လှိုက်စားလေ၊ ပို အမြစ်တွယ်လေ၊ ပို ကုဖို့ ခက်လေ ဖြစ်မှာပဲ။
အခုတော့ ဖြစ်ရတာက မစားရ၊ ဝခမန်းတွေ နဲ့ ဒီမိုကရေစီ မှော်ရုံတော မှာ ရွှေသမင် အလိုက်မှား ဖြစ်ရတယ်။  ဒီမိုကရေစီ မလိုဘူး၊ လွတ်လပ်မှု မလိုချင်ဘူး၊ လူ့ အခွင့်အရေး အရေးမကြီးဘူး၊ အမျိုး၊ ဘာသာ၊ သာသနာ နဲ့ တိုးတက်ဖွံ့ဖြိုးမှု ပဲ လိုချင်တယ်ဆိုတဲ့ ကြောက်စရာ အတွေးအခေါ်တွေတောင် လူအများကြီး ဝမ်းနည်းဖွယ် ရေပန်းစား လာနေတယ်။  နိုင်ငံရေး ကို ဇောင်းမပေးဘဲ စီးပွားရေး တခုတည်းကိုပဲ ဇောင်းပေးချင်နေတယ်။  ဖုန်းဈေးလေးတွေ ကျ တော့ ပြုတ်မနူး၊ မကျက်တကျက် လူတန်းစားများ ဝမ်းသာအားရ ဖြစ်၊ အကောင်းမြင်ကြတယ်။  နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပို ဝင်လာပြီး အလုပ်အကိုင် အခွင့်အလမ်း၊ ဆက်သွယ်ရေး၊ ပို့ဆောင်ရေး အဆင့်အတန်းတွေ အခုထက် ပို ကောင်းလာရင် လူတွေ ပိုလို့တောင် စိတ်ကူးယဉ် ကြဦးမယ်။
လူတစု ဂုတ်ခွစီး အကျိုးအမြတ် ပိုယူ နိုင်ဖို့ အတွက် မသဒ္ဓါရေစာ မဖြစ်ညစ်ကျယ် ပေးတဲ့ အခွင့်အရေးလေးတွေကို အဟုတ်မှတ်ကြတယ်။ 
အမြစ်ပြတ်အောင် လုပ်ကြစို့
ဒီလို နဲ့ စစ်အုပ်စု နဲ့ အပေါင်းအပါ လူတစု အကျိုး အတွက် စိတ်တိုင်းကျ ဖန်တီးထားတဲ့ ခေတ်၊ စနစ်၊ လူ့ အဖွဲ့အစည်း က တိုင်းပြည်မှာ ရေရှည် အမြစ်တွယ် သက်ဆိုးရှည်တော့မယ်။  နင်းပြား လူထု လူအများ ဘဝမှာတော့ ပြား သထက် ပြား၊ ကျောတွေလည်း မွဲ သထက် မွဲ၊ ပြောင် သထက် ပြောင် ဒုံရင်းက ဒုံရင်း ပဲ ဖြစ်ရတယ်။  အခြေခံကျတဲ့ နိုင်ငံရေး စနစ်၊ သဘော မပြောင်းလဲမှုကြောင့် အခြား လူမှု၊ စီးပွား၊ ကျန်းမာ၊ အနုသုခုမ ရောဂါ သွင်ပြင် လက္ခဏာ များဟာလည်း ရောင်တလှည့်၊ ကျတလှည့်၊ ပိန် တချီ၊ ဖောင်း တခါ နဲ့ အခြေတကျ၊ လမ်းကြောင်းမှန်၊ ရှေရှည် ဖွံ့ဖြိုး တိုးတက်မှု ဆီ မရောက်နိုင် ဖြစ်ရတယ်။
နိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ အမြစ်တွယ်လာခဲ့တဲ့ ယိုယွင်းပျက်စီးမှု တွေကို ဆေးမြီးတိုတွေ နဲ့ပဲ ကုချင်လို့ အလုပ်မဖြစ်နိုင်ပါ။  အခြေခံကျတဲ့ ရောဂါ ဇစ်မြစ် နိုင်ငံရေး စနစ် ကို အမြစ်ပြတ် ကု မှ သာ အလုပ်ဖြစ်ပါမယ်။  အခု ပြောင်းနေပြီလေလို့ လူအများ ဆိုချင်ကြမယ်။  အဆိုးမြင်တယ်ပဲ ပြောပြော မျက်မှောက် အနေအထားဟာ ဘယ်ဘက်ကနေ ဘယ်လိုပဲ အကောင်းမြင်ကြည့်ကြည့် အခြေတကျ အတွင်းသဘော ပါတဲ့ နိုင်ငံရေး စနစ် ပြောင်းလဲမှု လို့ ဘယ်လိုမှ မြင်ကြည့်လို့ မရပါ။
ဆိုတော့ ဗမာပြည် အနာဂတ် ဟာ အတိတ်က ဗမာပြည် လိုပဲ လာ လတ္တံ့ လို့ပဲ ဆိုရပါမယ်။
စစ်အုပ်စု ရဲ့ ဗမာ့နည်း၊ ဗမာ့ဟန် မဆလ ဆိုရှယ်လစ် အရေခြုံ ခေတ်ပြောင်း တော်လှန်ရေးကြီး (၂၆) နှစ် ခံခဲ့တယ်။  အခု စစ်အုပ်စု ရဲ့ ဗမာ့နည်း၊ ဗမာ့ဟန် ဒီမိုကရေစီ အရေခြုံ ခေတ်ပြောင်း တော်လှန်ရေးကြီး နှစ်ပေါင်း ဘယ်လောက် ခံ မလဲ။  သက်တမ်း ရှည် သလောက် တိုင်းပြည်လည်း ရေရှည် နစ်နာမှာ ဖြစ်တယ်။
ဒါကြောင့် ခေတ်၊ စနစ် နဲ့ သူ့ ရဲ့ ရောင်ပြန် မှာ၊ ရောဂါ ဇစ်မြစ် နဲ့ သူ့ ရဲ့ လက္ခဏာ မှာ ရောင်ပြန်တွေ၊ လက္ခဏာ တွေကို အဓိက မထားဘဲ ပင်မ ရောဂါ နိုင်ငံရေး စနစ် ကိုသာ ဇောင်းပေး တိုက်ဖို့ အရေးတကြီး၊ မရှိမဖြစ် လိုအပ်ပုံကို လူအများ မြင်သာအောင် ထပ်မံ တင်ပြ ဆွေးနွေးလိုက်တယ်။
ငြိမ်းချမ်းအေး
၂၃ ၊ သြဂုတ် ၊ ၂၀၁၃
(Illustation Art by art: Donald Pass )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Nyein Chan Aye, Op-Ed

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments