sydonym – No Min Min Latt

August 23, 2013

မင်းမင်းလတ်ကတော့ မရှိတော့ဘူး
ဆူဒိုနင်
(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈၊ တွင် ပုံနှိပ်ဖော်ပြခဲ့သည်။ မိုးမခ က မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် (သြဂုတ်၊ ၂၂၊ ၂၀၁၃)  နှစ်လည် အထိမ်းအမှတ် အမှတ်တရ ပြန်လည် တင်ဆက်သည်။ မိုးမခ)
မင်းမင်းလတ် (၁၉၄၈-၁၉၉၇)
ခေါင်းစဉ် ဓာတ်ပုံ – အလင်္ကာ၊ မျှဝေသူ – Doney MP
မင်းမင်းလတ် ဝဲပုံ – မျှဝေသူ ယမင်းကြိုင် (နေနေလှိုင်းဇင်) (မင်းမင်းလတ် ၏ ဇနီး)
မင်းမင်းလတ် ယာပုံ – မျှဝေသူ နေမျိုးအောင်
၁း၁
၁၉၆၇ ခုနှစ်က ကျွန်တော် ငါးတန်းပါ။  Tape Recorder လို့ ခေါ်တဲ့ အသံသွင်းကြိုးခွေ ဖွင့်စက်ကြီးနဲ့ ကျွန်တော့် ဦးကြီးက သီချင်းတွေ ဖွင့်တတ်ပါတယ်။  သေနတ်သံတွေနဲ့အတူ အကော်ဒီယံအုန်းကျော်ရဲ့ “ရေခြား.. ဝေးမြေ၊ မနေမနား ပြေးနေ”ဆိုတဲ့ သီချင်းကို ကြားဖူးခဲ့ပါတယ်။
အသံသွင်းကြိုးခွေနဲ့  ဦးကြီး ဖွင့်လေ့ ရှိတဲ့ တခြား သီချင်းတွေကတော့ ရေဒီယိုမှာ ကြားဖူးထားတဲ့ သီချင်းတွေ၊ ရုပ်ရှင်ထဲမှာ ကြားဖူးထားတဲ့ သီချင်းတွေပါ။  အကော်ဒီယံ အုန်းကျော်ရဲ့ သီချင်းတွေကတော့ ရေဒီယိုမှာရော၊ ရုပ်ရှင်မှာပါ မကြားဖူးသေးတဲ့ သီချင်းတွေပါ။
၁း၂
၁၉၆၈ ခုနှစ်ကျတော့ ကျွန်တော်တို့ မိသားစု ရန်ကုန်ကို ပြောင်းလာကြပါပြီ။  ဦးကြီးနဲ့လည်း အနေဝေးခဲ့သလို ကျွန်တော်တို့ အိမ်မှာလည်း အသံသွင်း ကြိုးခွေ ဖွင့်တဲ့စက် မရှိပါဘူး။  National ရေဒီယိုကြီးတလုံးပဲ အိမ်မှာ ရှိတာမို့ သီချင်းအသစ်တွေနဲ့ ဝေးနေပါတယ်။  ရေဒီယိုက လာတဲ့ သီချင်းတွေသာ စောင့်နားထောင်ရတဲ့ အနေအထားပါ။
၁း၃
၁၉၆၉ ခုနှစ်ကျတော့ ရန်ကုန်မြို့ထဲက လမ်း ၄၀ ကို ကျွန်တော်တို့ ပြောင်းနေကြပါတယ်။
တရက်မှာတော့ မြို့လည်က ရဲရင့်ရုံ (အခု“ဆကုရ” မျှော်စင် အဆောက်အအုံ နေရာ) နားကို ဖြတ်အသွားမှာ ဝင်းဦးရဲ့အသံနဲ့ “မာမီရယ် ရှာပေးကွယ် ရည်းစား လိုချင်တယ်”ဆိုတဲ့ သီချင်းသံကို ကြားလိုက်ရပါတယ်။
ဝင်းဦးကို အတော်ကြိုက်တဲ့ ကျွန်တော်က တခါမှ မကြားဖူးတဲ့ ဝင်းဦး သီချင်းကို အဲဒီ့အနားမှာ ရစ်သီရစ်သီ လုပ်ရင်း နားထောင်ကြည့်နေလိုက်ပါတယ်။
အဲဒီ့မှာက BRC ဆိုတဲ့ ရေဒီယိုတွေ၊ အသံသွင်းခွေ ဖွင့်စက်တွေကို ပြင်တဲ့ဆိုင် ရှိပါတယ်။ အဲဒီ့ဆိုင်က သီချင်းဖွင့်ထားတာပါ။  သေချာ နားစိုက်ထောင်တော့ ဝင်းဦးနဲ့ အသံလုံးချင်း ခပ်ဆင်ဆင် တခြားတယောက် ဆိုထားမှန်း သိလာပါတယ်။
သည်လောက်ပါပဲ။
၁း၎
လမ်း ၄၀ ကို ရောက်တော့ ကျွန်တော့် ပတ်ဝန်းကျင်က ပြောင်းသွားပါပြီ။
အိမ်ဘေးခန်းမှာက အသံသွင်းကြိုးခွေ ဖွင့်စက်တွေ ရှိပါတယ်။ သီချင်း ဖွင့်ရင်လည်း ခပ်ကျယ်ကျယ် ဖွင့်ကြပါတယ်။ အဲဒီ့အိမ်မှာက မောင်နှမတွေကလည်း များတော့ သီချင်းသံတွေကလည်း စဲတယ်ကို မရှိပါဘူး။
ကျွန်တော်တို့အခန်းကနေ အတိုင်းသား ကြားနေရပါတယ်။ စောစောက “မာမီရယ် ရှာပေးကွယ်”ကိုလည်း သူတို့အိမ်က မကြာခင်မှာ ဖွင့်လာတဲ့ အတွက် ကျွန်တော်လည်း ကောင်းကောင်း ရသွားပါတယ်။
“မာမီရယ် ရှာပေးကွယ်” တင်မက “ဖြေလည်းမပြေပေ… မင်းကို ချစ်ရ လွန်းလို့ အလွမ်းတွေ လွမ်းမကုန်နိုင်အောင်လေ…” တို့လို သီချင်းတွေကိုပါ အဆစ် တတ်လာပါတယ်။
သီဆိုသူ “တက္ကသိုလ်ထွန်းနောင်”ဆိုတာကိုပါ သိလာရပါတယ်။
၁း ၅
ကျွန်တော်တို့အခန်း အောက်ထပ်မှာက ကျွန်တော့်ထက် နှစ်တန်းကြီးတဲ့ တရုတ် အမျိုးသားတယောက် ရှိပါတယ်။
သူက “ဂစ်တာ” ဆိုတဲ့အရာကို ကျွန်တော့် ဘဝထဲ စတင်ယူဆောင်လာသူပါ။
သူက ဂစ်တာကို တဗျန်းဗျန်း ခေါက်ပြီး သီချင်းတွေ ဆိုတတ်ပါတယ်။  ကျွန်တော်တို့ ဘေးခန်းက ကြားရတဲ့သီချင်းမျိုးတွေပါ။
အဲဒီ့အထဲမှာ “အပေါ်ထပ်နဲ့ အောက်ထပ် ဇာတ်လမ်း” ဆိုတဲ့ သီချင်းမျိုးတွေလည်း ကြားနေရပါပြီ။
အဲဒါ “မင်းမင်းလတ်” ဆိုတဲ့ အသိတခုလည်း ရလာပါပြီ။  မသိချင်လို့လည်း မရပါဘူး။  အဲဒီ့အချိန်က သီချင်းကြော်ငြာတွေဟာ နေ့စဉ် သတင်းစာတွေထဲမှာ စာမျက်နှာဝက်တွေ ကြော်ငြာလေတော့ ကျွန်တော်တို့အတွက် “မင်းမင်းလတ်” ဆိုတဲ့ ဆံပင်ရှည်ရှည်၊ ခေါင်းလောင်းဘောင်းဘီ၊ ကော်လာ ရှည်ရှည်နဲ့ လူတယောက်ကို သတင်းစာထဲမှာ မြင်ဖူးထားပါတယ်။
သီချင်း နားထောင်ရာမှာ ခံစားချက် သီချင်းတွေကိုသာ နားအရသာခံတတ်၊ အသံချိုတွေကိုမှ နာပျော်တတ်တဲ့ ကျွန်တော့်အတွက် သူ့သီချင်းတွေဟာ နားဝင် ကြမ်းနေခဲ့ပါတယ်။  ခဏခဏ ကြားရဖန်များလွန်းလို့ သူ့သီချင်း စာသားအတော်များများကို အလွတ်နီးနီး ရနေပေမယ့် ကိုယ်တိုင်တော့ တခါမှ စွဲစွဲလမ်းလမ်း မဆိုဖြစ်ခဲ့ဘူး။
စိုးပိုင်တို့၊ တက္ကသိုလ်အေးမောင်တို့ရဲ့ သီချင်းတွေကိုသာ ကျွန်တော် စွဲလမ်းခဲ့ပါတယ်။
ကျွန်တော် မစွဲလမ်းမိပေမယ့် သူ့သီချင်းတွေကိုမှ စွဲစွဲလမ်းလမ်း ဆိုကြ၊ တီးကြသူတွေ ကျွန်တော့်ပတ်ဝန်းကျင်မှာ အများကြီး တွေ့ခဲ့ရဖူးတယ်။
၁း၆
မင်းမင်းလတ် သီချင်းထဲမှာ ကျွန်တော် သဘောကျတဲ့ သီချင်းတပုဒ်တော့ ရှိတယ်။  ပြောင်တောင်တောင် နောက်တောက်တောက် သီချင်းတွေထဲက တပုဒ်ပါ။  ခေတ်ဟောင်း သီချင်းသွားတွေထဲမှာ ခပ်နောက်နောက် စာသားတွေ သွတ်သွင်းပြီးဆိုတဲ့ သီချင်းစုထဲကပါ။
“မိန်းမယူခါနီးရင် စဉ်းစားဖို့လိုတယ်…
အရေးကြီးတာတွေ တပုံကြီး သတို့သားလောင်းတို့ရယ်…
ယောက္ခမ ဘူဒါကြီးတွေ လိုက်နှောက်ယှက်နေမယ်…
ဧဝ အာဒံတို့များ ယောက္ခမ မရှိကြတယ်…
ဟင်းတွေ ချက်ကောင်းမှ ဖြစ်မယ်…
ဝယ်စားကြရရင် ကြားမကောင်းပါကွယ်…
အဝတ်တွေ ကုလားမနဲ့ငှားကာ လျှော်ခိုင်းလို့ ရှိရင် ဝိုင်းကဲ့ရဲ့မယ်…
ယောက်ဖတွေပါလာရင် အိမ်မှာရှုပ်ပါတယ်…
ခယ်မလေးတွေ ပါလာခဲ့ရင် အပျင်းလည်းပြေမယ်…”
ဆိုတဲ့သီချင်းကို ကျွန်တော် တော်တော် ခံတွင်းတတွေ့ အော်ခဲ့ဖူးပါ တယ်။  မောင်တင်မောင်ရဲ့ “ဇွတ်ချစ်မယ်” ခေတ်ဟောင်း သီချင်းအလိုက်ကို ဖျက်ပြီး အတည်ပေါက်ကြီးနဲ့ သူဆိုခဲ့တာပါ။
မိန်းမမယူနဲ့မဟုတ်ဘူး.. ယူယူ၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၂-နိုဝင်ဘာ)
Music Video URL: http://youtu.be/xQI31FAmtF8
၁း၇
နောက်တခါ မင်းမင်းလတ်ကို အမှတ်ထားမိစေခဲ့တာက သူ့ရဲ့ “လမ်းဘေးက ဝေါဟာရများ” စာအုပ်ပါ။  အဲဒါကလည်း အဲဒီ့အချိန်က သူ့သီချင်းတွေလိုပဲ ထူးခြားပါတယ်။
သေချာတာတခုကတော့ အဲဒီ့စာအုပ်ဟာ ယနေ့အထိ မြန်မာပြည်ရဲ့ ပထမဆုံးနဲ့ တခုတည်းသော ဗန်းစကားအဘိဓာန် (Dictionary of Slangs) ဖြစ်နေတာပါပဲ။
၁း ၈
မြန်မာပြည်မှာ ကက်ဆက်ခွေ အငှားဆိုင် လုပ်ငန်း တခုကို စတင်ခဲ့တာလည်း မင်းမင်းလတ်ပဲ ဆိုရင် မမှားပါဘူး။
ဆူးလေဘုရားလမ်းနဲ့ မလှမ်းမကမ်း အနော်ရထာလမ်းပေါ်မှာ သူ့ရဲ့ “အရှေ့-အနောက်”ဆိုတဲ့ ကက်ဆက်ခွေ အငှားဆိုင်တစ်ဆိုင် ပေါ်ထွန်းခဲ့ဖူးတာကို ကျွန်တော် ကောင်းကောင်း မှတ်မိနေခဲ့ပါတယ်။
 
ဓာတ်ပုံ မျှဝေသူ – Doney MP
၁း၉
အဲဒီ့ “အရှေ့-အနောက်” ကပဲ အင်မတန် ထူးခြားတဲ့ အလုပ်တခုကို လုပ်ဖူးခဲ့သေးတယ်။  မြန်မာပြည်ရဲ့ အကောင်းဆုံး သီချင်းစာအုပ်တအုပ်ကို ထုတ်လုပ်ခဲ့တာပါ။  သီချင်းတွေက ကျော်ဟိန်းရဲ့ပထမဆုံး သီချင်းခွေထဲက သီချင်းတွေ ချည်းပါ။  “မျက်ရည်ငှက်များ နားစေသတည်း” ဆိုတဲ့ ကျော်ဟိန်းရဲ့ ပထမဆုံး သီချင်းခွေပါ။  ကျွန်တော် တက္ကသိုလ် တက်နေချိန် ၁၉၇၆/၇၇ခုနှစ်လောက်ကလို့ ထင်ပါတယ်။
ပုသိမ်မောင်စိမ်းသူတို့၊ မောင်စစ်ငြိမ်းတို့က အဲဒီ့အချိန်မှာ အလွန် ကျော်ကြားတဲ့ နိုင်ငံခြားသီချင်းသွားတွေထဲမှာ စာသားတွေ သွင်းပေးခဲ့တာပါ။
“ဆူပါစတားတီးဝိုင်း”(ကြယ်ပွင့်လေးများ)ရဲ့ ပထမဆုံး တီးခတ်တဲ့ လက်ရာလည်း ဖြစ်ပါတယ်။
When I Need You, Sailing, Stairway to Heaven, The First Cut is the Deepest အစရှိတဲ့ သီချင်းများကို မြန်မာစာသား ကောင်းကောင်းလေးတွေနဲ့ ဆိုစေခဲ့တာပါ။
အဲဒီ့အခွေထဲက သီချင်းတိုင်းလိုလိုဟာ တော်တော့်ကို ကောင်းခဲ့ပါတယ်။ သီချင်းစာအုပ်ကလည်း အဲဒီ့အချိန်က ကျပ်၂၀လား၊ ပေးရပါတယ်။  (အဲဒီ့အချိန်က ငွေ ၂၀ ဆိုတာ မန္တလေးဘီယာ ပုလင်းကြီး နှစ်ပုလင်း  ဝယ်နိုင်ပါတယ်။)
စာအုပ်ရဲ့ စာမျက်နှာတိုင်းကို ကြွေစက္ကူချောနဲ့ ရိုက်နှိပ်ထားပြီး ကျော်ဟိန်းရဲ့ ရောင်စုံဓာတ်ပုံအမျိုးမျိုးက စာမျက်နှာတိုင်းမှာ ပါသလို သီချင်း စာသားတွေကိုလည်း အဲဒီ့ပုံတွေပေါ်မှာ နင်းပြီး ရိုက်ခဲ့တာပါ။  ခေတ်က မင်းသားကျော်ဟိန်း လျှမ်းလျှမ်းတောက်နေတဲ့ အချိန်ဆိုတော့ ၂၀တန် သီချင်းစာအုပ်ဟာ ပြိုက်ခနဲ ကုန်သွားခဲ့တာကို မှတ်မိနေပါတယ်။
ဒါလည်း မင်းမင်းလတ်ရဲ့ စိတ်ကူးတွေပါပဲ။
၁း၁၀
နောက်တော့ “အရှေ့-အနောက်” ကက်ဆက်ခွေ အငှားဆိုင် ပျောက်သွားတယ်။  ရန်ကုန်မြို့ရဲ့ နေရာအနှံ့မှာ ကက်ဆက်ခွေ အငှားဆိုင်တွေ တအား ပေါလာတယ်။  ကျွန်တော့် အိမ်မှာတောင် တဆိုင် ဖွင့်ခဲ့ဖူးပါသေးတယ်။  (တခါက ရနံ့သစ်မဂ္ဂဇင်းမှာ ကျွန်တော်ရေးခဲ့ဖူးတဲ့ “ဆံဒို” ဆိုသူ ကျွန်တော့် သူငယ်ချင်းရဲ့ဆိုင်ကို ကျွန်တော့် စာအုပ်အငှားဆိုင်နဲ့ တွဲပြီး ဖွင့်ခဲ့တာပါ။  ၁၉၇၉ မှာ ဖြစ်ပါတယ်။)
အဲဒီ့အချိန်မှာ အနော်ရထာလမ်းပေါ်မှာပဲ မင်းမင်းလတ်ရဲ့ ထမင်းဆိုင် ပေါ်လာပြန်တယ်။ သည်တခါတော့ မဟာဗန္ဓုလပန်းခြံလမ်းနဲ့ ၃၅ လမ်း ကြားမှာပါ။
“ရွှေအိမ်စည်” ဆိုတဲ့ အအေးခန်း မြန်မာထမင်းဆိုင်ပါ။
မြန်မာလူမျိုးတွေအတွက် အအေးခန်းထဲကို မှန်တံခါး တွန်းပြီး ဝင်စားဖို့ဆိုတာ (အဲ့တုန်းက) တော်တော့်ကို မလွယ်ကူတဲ့ကိစ္စပါ။
အဲဒါကို မင်းမင်းလတ်က ထိုးဖောက်ပြီး စတင်လုပ်ဆောင်ခဲ့တာပါ။
၁း ၁၁
ရွှေအိမ်စည်က သိပ်မကြာလိုက်ပါဘူး။  အဲဒီ့ ရွှေအိမ်စည် နောက်မှာ “မင်းမင်းလတ်” ဆိုတဲ့အသံကို သိပ်မကြားမိတာ တော်တော် ကြာသွားပါတယ်။
နှစ်တွေ နည်းနည်း ခြားသွားပြီး ၈၀ ပြည့်လွန်နှစ်များရဲ့ အလယ်ပိုင်း ကာလမှာ မင်းမင်းလတ် ဆိုတဲ့ နာမည်ကို ပြန်ကြားရပြန်ပါတယ်။
ဆံဒို့ အဒေါ်ရဲ့ယောက်ျား ကိုအေးမြင့် (မြန်မာ့ရုပ်သံမှ အငြိမ်းစားယူလိုက်သူ) ဆီကနေ ကြား၊ ကြားနေရတာပါ။  ကိုအေးမြင့်က ဆံဒို့ အိမ်ရှေ့က ဆိုင်တန်း (အခု ဆရာစံ လမ်းပေါ်က YKKO ကြေးအိုးဆိုင်) မှာ ဗှီဒီယိုခွေ အငှားဆိုင် ဖွင့်ပါတယ်။  မင်းမင်းလတ်နဲ့ မြန်မာ ဗွီဒီယို ဇာတ်လမ်းခွေတွေ ရိုက်နေတယ်ဆိုတဲ့ စကားကို သူ့ဆီက ကြားရတယ်။  အဲဒီ့အချိန်က မြန်မာ ဗွီဒီယို ဇာတ်လမ်းခွေတွေကို ဘယ်သူမှ မရိုက်သေးပါဘူး။  ကျွန်တော့်မှာ ဗွီဒီယို ဖွင့်စက် မရှိတဲ့အတွက် သည်ကိစ္စကို ကျွန်တော် သိပ်စိတ်မဝင်စားပါဘူး။
နိုင်ငံခြားကားတွေကို ဗွီဒီယိုခွေနဲ့ ကူးယူ ဖြန့်ချီတဲ့လုပ်ငန်းတွေ ကပ်သင့် ကြတဲ့အခါတွေမှာလည်း “မင်းမင်းလတ်” ဆိုတဲ့ နာမည်တလုံးကို ကြားခဲ့ရဖူးပါတယ်။  ဒါလည်း သာမန်ကာလျှံကာပါ။
၂း၁
အဲဒီ့ မင်းမင်းလတ်နဲ့ ကျွန်တော်နဲ့ တနေ့မှာ သိကျွမ်း ရင်းနှီးခွင့်ရလိမ့်မယ်လို့ တခါမှ မတွေးခဲ့ဖူးပါဘူး။
၂း၂
၁၉၈၈ ခုနှစ်မှာ ကျွန်တော်ဟာ ဥရောပဘုံဈေးအဖွဲ့ (အခု ဥရောပသမဂ္ဂ) ရဲ့ ဘာသာပြန်နေရာမှာ အလုပ်ဝင်ခဲ့ပါတယ်။  ဥရောပဘုံဈေးအဖွဲ့က မြန်မာပြည်မှာ ရုံး သီးခြား မရှိတာမို့ ကျွန်တော့်ရုံးကို ကမ်းနားလမ်းမှာ ရှိတဲ့ ဗြိတိသျှ သံရုံးမှာ တွဲပေးထားပါတယ်။
သည်အခါ နာတာလူး ပွဲတော်လို၊ နှစ်သစ်ကူးပွဲတော်လို အခမ်းအနားမျိုးတွေမှာ တက်ရောက်လာတတ်တဲ့ မင်းမင်းလတ်ကို တွေ့တွေ့နေတတ်ပါတယ်။
ဗြိတိသျှသံရုံးရဲ့ မြန်မာတိုင်းရင်းသား ဝန်ထမ်းတစ်ယောက်နဲ့ ပတ်သက်ပြီး ကျွန်တော်ဟာ မင်းမင်းလတ်ကို စတင်သိကျွမ်းခဲ့ပါတယ်။  သိပ် ရင်းရင်းနှီးနှီးတော့လည်း မဟုတ်ပါဘူး။  သိကျွမ်းတယ်ဆိုတဲ့ အဆင့်မှာပါ။
၂း၃
၁၉၉၁ ခုနှစ်ကုန်မှာ ကျွန်တော် အလုပ်ပြောင်းပါတယ်။  ဗြိတိသျှသံရုံးနဲ့ လမ်းတလမ်းသာ ခြားတဲ့ ဩစတြေးလျသံရုံးရဲ့ ပြန်ကြားရေးဌာနကို ပြောင်းလိုက်တာပါ။
အဲဒီ့နှစ် နာတာလူး ပွဲတော်ကျတော့ မင်းမင်းလတ်က ပေါ်လာပြန်ပါ တယ်။  ပျော်ပျော်နေတတ်တဲ့ မင်းမင်းလတ်ဟာ ပျော်စရာနောက်ကို လိုက်ရင်း ကျွန်တော်နဲ့ တနည်းတဖုံ ပတ်သက်လာရပြန်ပါတယ်။
ကျွန်တော်အလုပ်လုပ်တဲ့ သံရုံးက နာတာလူးပွဲတော်ကို သူတို့ရဲ့ ဝန်ထမ်းများ အပန်းဖြေရိပ်သာမှာ ကျင်းပပါတယ်။  မြန်မာဝန်ထမ်းများကိုလည်း လက်မှတ် ရောင်းပါတယ်။  မြန်မာဝန်ထမ်းများက တာဝန်ယူပေးနိုင်တဲ့ တခြားမြန်မာမိတ်ဆွေများကိုလည်း လက်မှတ်ရောင်းပေးပါတယ်။
အဲဒီ့အချိန်က အခုအချိန်လို Night Club တွေ၊ ဘာတွေရဲ့ ခေတ်မရှိသေးတော့ သံရုံးတွေက လုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေကိုသာ ပျော်တတ်သူများ က တစေ့တစောင်း စောင့်နေရတတ်ခဲ့တဲ့ကာလပါ။
ကျွန်တော့် အိမ်သူရဲ့တူ လူငယ်လေးတယောက်ကလည်း အဲလိုပွဲမျိုးဆို အလွန်ပျော်ချင်ပါတယ်။  အဲတော့ ကျွန်တော့်ကို လက်မှတ် ဝယ်ခိုင်းတတ်တယ်။
ဖြစ်ချင်တော့ သူက မင်းမင်းလတ်ရဲ့ သားအကြီးဆုံး “ဓိဓိ” (အဓိက)နဲ့ ပြောမနာ ဆိုမနာ သူငယ်ချင်းတွေပါ။  သည်အခါ သူ လက်မှတ်ဝယ်ခိုင်းတဲ့ အခါတိုင်းမှာ မင်းမင်းလတ်အတွက်ပါ ဝယ်ခိုင်းတာတွေ ကြုံရပါတယ်။
သည်အထိလည်း  သိပ်အရင်းနှီးကြီး ဖြစ်မလာသေးပါဘူး။
၂း၎
၁၉၉၂ ခုနှစ်ထဲမှာ ပန်းချီရေးတဲ့ မသိင်္ဂီနဲ့ ကျွန်တော်နဲ့ တော်တော် ခင်လာပါတယ်။
မသိင်္ဂီကို အကြောင်းပြုပြီး မသိင်္ဂီနဲ့ အလွန်ခင်တဲ့ မင်းမင်းလတ်ကိုလည်း ပိုပြီး အတွေ့စိပ်လာပါတယ်။
တပြုံးပြုံးနဲ့ နေတတ်တဲ့ မင်းမင်းလတ်၊ စကားနည်းပေမယ့် ပြောလိုက်ရင်လည်း ချက်ကျလက်ကျနဲ့  ရွှတ်ရွှတ်နောက် နောက်နေတတ်တဲ့ မင်းမင်းလတ်ကို ကျွန်တော် ခဏချင်းမှာပဲ ခင်မင်သွားပါတယ်။
ဘီယာကို မက်မက်ခြိုက်ခြိုက် သောက်တတ်တာ၊ အစားကောင်းကို ဝါသနာပါတာ၊ ငွေရေးကြေးရေးနဲ့ ပတ်သက်ရင် ကိုယ်ကလည်း သူ့ကို အားမနာရ၊ သူကလည်း ကိုယ့်ကိုအားနာ မနေရအောင် ခုရှုပ်မှ နောင်ရှင်း သဘောနဲ့ ကိုယ့်အတွက်ကိုယ် ရှင်းဖို့ဖြစ်စေ၊ အားလုံး ညီတူမျှတူ စုထည့်ကြပြီး ပျော်ပျော်ပါးပါး သုံးစွဲကြဖို့ဖြစ်စေ လောဆော်တတ်တာတွေနဲ့ တွဲပြီး မင်းမင်းလတ်ကို ကျွန်တော် ပိုသိလာပါတယ်။
ချစ်စရာကောင်းတာတခုက မင်းမင်းလတ် မူးပြီး ရမ်းတယ်ဆိုတာ တခါမှ မတွေ့ဖူးတာပါပဲ။  သူနဲ့ကျွန်တော်နဲ့ အရက်ဝိုင်းတွေမှာ ခဏခဏ ဆုံဖူးပါတယ်။  ကျွန်တော်သာ မူပျက်တတ်ပေမယ့် မင်းမင်းလတ်ကတော့ တချက်ကလေးမှ ဟန်မပျက်သူပါ။  ကျွန်တော် တွေ့မိခဲ့သလောက် သူ အရမ်း သောက်တာ၊ အလွန်အကျွံ သောက်တာမျိုး မရှိပါဘူး။
၂း၅
၁၉၉၄ ခုနှစ်ထဲမှာ ရန်ကုန်-မန္တလေး အဝေးပြေးလမ်းမပေါ်မှာ ကျွန်တော် ယာဉ်တိုက်မှု အကြီးအကျယ်ဖြစ်ပြီး အိပ်ရာပေါ်မှာ နှစ်ရှည်လများ နေခဲ့ရပါတယ်။
အဲဒီ့အခါ မင်းမင်းလတ်နဲ့ သူ့ဇနီးက ကျွန်တော့်အတွက် ဖွယ်ဖွယ်ရာရာ၊ စားစရာတွေလုပ်လုပ်ပြီး  ကျွန်တော့်ဆီကို လူမမာမေး ရောက်လာတတ်ကြပါတယ်။
ကျွန်တော့်အိမ်ကို အဲသလို ရောက်လာပေမယ့် သူကတော့ ကျွန်တော်တို့နဲ့ သိပ်စကားများများမပြောပါဘူး။  ကျွန်တော်တို့ ပြောဆိုနေသမျှကို သူ့မူပိုင် “မြိန့်မြိန့်ပြုံး” ကြီးနဲ့ နားထောင်နေရင်း တချက် တချက်မှာမှ ဝင် ‘သော’ တတ်စမြဲပါ။
၂း ၆
ကျွန်တော် နာလန်ထူတဲ့အချိန်ကျတော့ သူ့ဆီက ဗှီဒီယိုခွေတွေ သွားသွား ယူပြီး ငှားကြည့်တတ်လာပါတယ်။
သူက အဲဒီ့အချိန်မှာ နိုင်ငံခြားကားတွေကို ကူးယူ ဖြန့်ချိတဲ့အလုပ်ကို လုပ်နေတာမို့ သူ့ဆီမှာ အခွေတွေ ပေါပါတယ်။  သူ့ဆီက အခွေဟောင်းတွေကို ငှားကြည့်ရတာ ကော်ပီတွေလည်း ကောင်းသလို သူကိုယ်တိုင်က ဘယ်ကားကဖြင့် ကောင်းတယ်၊ ဘယ်ကားဖြင့် ကလေးတွေနဲ့ အတူမကြည့်အပ်ဘူး စသဖြင့် တင်တင်ကြိုကြို ပြောပေးတတ်ပါတယ်။
၂း ၇
ကျွန်တော့်ပါးစပ်က ကျွန်တော့်ဦးနှောက်ထက် အဆပေါင်းများစွာ ပိုမြန်၊ ပိုသွက်တတ်ပါတယ်။
တခုခု မပြောခင် တကနေ တဆယ်အထိ ရေကြည့်ပြီးမှ ပြောဖို့ ကျွန်တော့်ကို တိုက်တွန်းဖူးသူ ဘဝမှာ နှစ်ယောက် ရှိခဲ့ဖူးပါတယ်။  တယောက်ကတော့ အင်္ဂလိပ်-မြန်မာ အဘိဓာန်ကို ပြုစုခဲ့သူ ဒေါက်တာဘဟန်ရဲ့ မြေး၊ ကို Kevin ဆိုတဲ့ ဦးအောင်တင်သိန်းပါ။  သူ ပြောတာ ၁၉၈၀ ပြည့်လွန် နှစ်များမှာပါ။
နောက်တယောက်က သည်စာကို ချရေးနေတဲ့ သည်ကနေ့ ၁၉၉၇ခု ဩဂုတ်လ၂၆ ရက်နေ့မှာ ပြောတာပါ။  ပြောသူက Ken ဆိုတဲ့ ဦးအုံးခိုင်ပါ။  တချိန်က မြန်မာ့အသံလေလှိုင်းရဲ့ အင်္ဂလိပ်ပိုင်းအစီအစဉ်မှာ ကြားခဲ့ရတဲ့ Read by Ohn Gaing ပါ။
သူတို့ကလည်း ပြောပါတယ်၊ ကျွန်တော်ကလည်း ဘယ်တော့မှ အမှတ် မရှိပါဘူး။  ကျွန်တော့်နှုတ်ကို လူအတော်များများက လန့်ကြပါတယ်။  ကျွန်တော်ကလည်း မကောင်းမှန်း သိလျက်နဲ့ ဆင်ခြင်နိုင်စွမ်း တစက်မှ မရှိပါဘူး။
ပန်းချီရေးတဲ့ မသိင်္ဂီကလည်း ကျွန်တော့်ကို ပြောဖူးပါတယ်။  အဲဒီ့ နှုတ်ကိုသာ ထိန်းနိုင်မယ်ဆိုရင် ကျွန်တော်ဟာ တော်တော် ကောင်းတဲ့လူ တစ်ယောက် ဖြစ်လာနိုင်ချေ ရှိတယ်တဲ့။
ဟုတ်ကဲ့၊ ကျွန်တော်ကဖြင့် သည်အကျင့်ကို သေမှ ဖျောက်လို့ ရတော့မယ်လို့သာ ထင်ပါတယ်။
ကျွန်တော့်ရဲ့ ညံ့ဖျင်းမှုတခုလို့ပဲ ဆိုကြပါစို့ရဲ့။
အဲဒီ့ ညံ့ဖျင်းမှုကို အရက်မူးတာနဲ့ ပေါင်းလိုက်တဲ့အခါမှာတော့ ကျွန်တော့် ပါးစပ်မှာ ဘရိတ်မပါတော့ပါဘူး။  ဒါကြောင့် တချီမှာ မင်းမင်းလတ်ရဲ့ဇနီးသည်က ကျွန်တော့်ကို အကြီးအကျယ် စိတ်ကွက်ပြီး မခေါ်နိုင်၊ မပြောနိုင်အဆင့်တွေ ရောက်ကုန်ပါတယ်။
ကျွန်တော် ထင်ပါတယ်၊ ၁၉၉၅ ခုနှစ် နှစ်လယ်လောက်မှာပါ။
ဒါပေမယ့် မင်းမင်းလတ်နဲ့ ဟိုနား၊ သည်နား ဆုံတဲ့အခါ သူက “မြိန့်မြိန့်ပြုံးကြီး” နဲ့ပါပဲ။
၃း၁
၂၉ ဇူလိုင် ကပါ။  နိုင်ငံခြားသံရုံး အမှုထမ်းတယောက်ရဲ့ အိမ်က ပုဂ္ဂလိက ဧည့်ခံပွဲလေးမှာ လူအတော်စုံပါတယ်။
အဲဒီ့ပွဲမှာ မင်းမင်းလတ်ကို ဆုံရပြန်ပါတယ်။  သူက ထုံးစံအတိုင်း မြိန့်မြိန့်ကြီး ပြုံးနေဆဲပါပဲ။
တချက်မှာတော့ သူက ကျွန်တော့်ကို ပြောပါတယ်။
“ခင်ဗျား အမျိုးသမီးကို ပြောလိုက်ဗျာ၊ မင်းမင်းလတ်က အားပေးတယ်လို့၊ အပြတ်ကို အားပေးတယ်လို့ ပြောဖြစ်အောင် ပြောလိုက်စမ်းပါ” တဲ့။
၃း၂
သည်နေရာမှာ ကျွန်တော် မလုပ်ချင်ဆုံး အလုပ်တခုကို မလွှဲသာ မရှောင်သာ လုပ်ရတော့မှာပါ။  ကျွန်တော် မလုပ်ချင်ဆုံးဆိုတာက  ကျွန်တော် ရေးတဲ့စာထဲမှာ ကျွန်တော့် စီးပွားရေးလုပ်ငန်းအကြောင်းကို ကြော်ငြာသလို ထည့်ရေးတဲ့ အလုပ်မျိုးကိုပါ။
အခုတော့ လုပ်ရပါတော့မယ်။ မင်းမင်းလတ် အကြောင်း ပြောတဲ့အခါ သည်ကိစ္စပါလေမှ ပြည့်စုံမယ် ထင်လို့ပါ။
ကျွန်တော့် အိမ်သူက “အိမ့်ရှင်မ” အိမ်မှုကိစ္စ အထောက်အကူပြုလုပ်ငန်း ဆိုတဲ့ ဝန်ဆောင်မှုလုပ်ငန်း တရပ်ကို ဦးစီးပြီး လုပ်ကိုင်နေပါတယ်။
အဲဒီ့လုပ်ငန်းက မြန်မာပြည်မှာ တခါမှ မလုပ်ဖူးသေးတဲ့ လုပ်ငန်းသစ်တခုပါ။  အိမ်တွေမှာ လိုအပ်တဲ့ လျှော်ဖွပ်၊ မီးပူတိုက်တဲ့ အလုပ်ကိုပဲ ဖြစ်ဖြစ်၊ သန့်ရှင်းရေး အလုပ်ကိုပဲဖြစ်ဖြစ် ဝန်ထမ်းအင်အား သုံးစွဲပြီး အချိန်ပိုင်းနဲ့ သွားဖြေရှင်းပေးတဲ့ လုပ်ငန်းမျိုးပါ။  အိမ်ဖော်ပွဲစားလို လူတဦးချင်း လွှတ်ပေးတာမျိုးမဟုတ်ဘဲ လုပ်သား လေး၊ ငါး၊ ဆယ်ယောက်နဲ့ တချိန်တည်း တပြိုင်တည်း ဝင်ရောက်ပြီး အချိန်တိုတိုနဲ့ သပ်သပ်ရပ်ရပ် ပြီးသွားအောင် လိုက်လံဆောင်ရွက်ပေးတဲ့ ဝန်ဆောင်မှု လုပ်ငန်းမျိုးဖြစ်တော့ လုပ်ငန်း စတင်ခဲ့တာ တနှစ်လောက်ရှိပြီဖြစ်ပေမယ့် မြန်မာပရိသတ်နဲ့က ယနေ့ ထက်တိုင် စိမ်းနေဆဲပါ။
သည်အလုပ်ကို ရည်ရွယ်ပြီး မင်းမင်းလတ်က သတိတရနဲ့ တလေးတနက် ပြောပါတယ်။  ပြီးတော့လည်း… “အဲဒါ ခင်ဗျား စိတ်ကူး မဟုတ်လား”လို့ ကျွန်တော့်ကို မေးပြော၊ ပြောပါသေးတယ်။
ကျွန်တော့်မှာ အဲဒီ့ကိစ္စက ရှင်းရပေါင်း များလှပါပြီ။  ကျွန်တော့်ကို သိကြသူ အားလုံးလိုလိုက သည်လုပ်ငန်းဟာ ကျွန်တော့်စိတ်ကူးက ပေါ်ပေါက်လာခဲ့တယ်လို့ချည်း ထင်တတ်ကြပါတယ်။
တကယ်က မဟုတ်ပါဘူး။  ကျွန်တော့် အိမ်သူရဲ့ စိတ်ထဲမှာ သည်လုပ်ငန်းကို စိတ်ကူးနေတာ ၄-၅ နှစ် ကြာခဲ့ပါပြီ။  အိမ်မှာ အိမ်ဖော်ထားလို့ အဆင်မပြေလေတိုင်း သည်စိတ်ကူးကို ကျွန်တော့်အိမ်သူက တရရ ပြောတတ်ပါတယ်။
မနှစ်ကတော့ ကလေးတွေလည်း ကျောင်းနေတဲ့အရွယ် ရောက်လာပြီမို့ ဇနီးသည်ကို အလုပ်တစ်ခုခု လုပ်စေချင်လာရတာနဲ့ သူစိတ်ပါတဲ့ သည်လုပ်ငန်းကို လုပ်ပေရော့ဆိုပြီး အားပေးလိုက်တာပါ။
သူ့စိတ်ကူးကို ကျွန်တော့် ငွေအား၊ လူအား၊ ဉာဏ်အားတွေ ဖြည့်စွက်ပေးပြီး မတည်ခဲ့တာမှန်ပါတယ်။  ဒါပေမယ့် လုပ်ငန်း စိတ်ကူးရှင် အစစ်အမှန်ကတော့ ကျွန်တော့်ဇနီးသည်သာ ဖြစ်ပါတယ်။
သည်မှာတင် လမ်းရိုးဟောင်းကို မလိုက်ချင်ဘဲ လမ်းသစ်ဖောက်ဖို့ကိုသာ အစဉ်တစိုက် ထက်သန်တတ်ခဲ့တဲ့ မင်းမင်းလတ်က တခုတ်တရနဲ့ လှိုက်လှိုက်လှဲလှဲ အားပေးစကား ပြောလာတာပါပဲ။
၃း၃
အဲဒီ့နေ့က ဧည့်ခံပွဲအပြီး အိမ်ကို ပြန်ရောက်ရောက်ချင်းမှာ ကျွန်တော့် အိမ်သူကို မင်းမင်းလတ် ပါးလိုက်တဲ့စကား ပြန်ပြီး ပြောလိုက်မိရပါတယ်။
ကျွန်တော့်အိမ်သူက အတော့်ကို ဝမ်းသာသွားပါတယ်။
“ကိုလတ်ကြီးတယောက်ပဲ အားပေးဖော်ရတယ်နော်” လို့လည်း ပြောပါတယ်။
အမှန်တော့ ကျွန်တော့်အိမ်သူက မေ့နေလို့ပါ။  သည်လုပ်ငန်း စတင် တည်ထောင်ချိန်မှာ ကိုလတ်ကြီးဆိုတဲ့ မင်းမင်းလတ်လိုပဲ လှိုက်လှိုက်လှဲလှဲနဲ့ သူ့ကို အားပေးခဲ့သူ နောက်တယောက် ရှိပါသေးတယ်။
သူကတော့ သရဖူ မဂ္ဂဇင်းကို အားကြိုးမာန်တက် စီစဉ်ခဲ့တဲ့ ကိုငြိမ်းအေး ဆိုတဲ့ စာရေးဆရာ “ငြိမ်းအေးအိမ်”ပါ။  ကိုငြိမ်းအေးကလည်း မင်းမင်းလတ် လိုပဲ သူ့ကို တကယ့်ကို သည်းလှိုက်အူလှိုက် အားပေးခဲ့သူပါပဲ။
သေချာတာတခုကတော့ ကိုငြိမ်းအေးလည်း မင်းမင်းလတ်လိုပါပဲ၊ လမ်းရိုးအတိုင်း မလိုက်ချင်ဘဲ လမ်းသစ်ကို စွန့်စား ဖောက်ထွက်ချင်တဲ့ စိတ်အခံ အရင့်အမာနဲ့ပါ။
၃း၎
ပြီးခဲ့တဲ့အပတ် ဩဂုတ်လ ၂၁ ရက်နေ့မှာ စာပေလောက တိုက်အုပ် ဦးမျိုးညွန့်ဆီကို ကျွန်တော် ဖုန်းဆက်ပါတယ်။
သူ့ကို ကျွန်တော် ဝစ္စကီ တိုက်မယ်လို့ ချိန်းထားတဲ့ ပွဲတပွဲကို ဖျက်တာပါ။  ဦးမျိုးညွန့်က ဖျက်ရကောင်းလား ဖြစ်မသွားတဲ့အပြင် ဝမ်းတောင် သာသွားတဲ့ပုံပါပဲ။
“အရက်သောက်ရမှာ လန့်နေတယ်ဗျ၊ မင်းမင်းလတ် တယောက်တော့ အခု ဦးနှောက်နဲ့အာရုံကြောကို ရောက်နေတယ်။  အခြေအနေမကောင်းဘူးတဲ့။  သည်နေ့ ညနေ ငါးနာရီမှ သတိလည်မလာဘူးဆိုရင် သွားပြီလို့ ပြောတယ်။  အဲဒါ ကိုထိန်ဝင်းနဲ့ တနေ့ကပဲ Cutty Sark (ဝစ္စကီ)နဲ့ ဘဲကင် မြည်းပြီးတဲ့နောက် ဖြစ်သွားတာဆိုပဲ၊ ကိုထိန်ဝင်း ပြောတာ၊ ကျွန်တော်လည်း အရက်သောက်ရမှာ ခပ်လန့်လန့်ပဲ…”။
ကျွန်တော် အတော် စိတ်မကောင်း ဖြစ်သွားပါတယ်။  မကြာသေးခင်ကပဲ ပြုံးပြုံးကြီးနဲ့ လတ်လတ်ဆတ်ဆတ်ကြီး တွေ့ခဲ့ရတဲ့သူတယောက် အခုလို ဆေးရုံပေါ် ရောက်နေတယ်လို့ ကြားရတဲ့အခါ အတော် ထိတ်ပျာသွားပါတယ်။
ချက်ချင်းပဲ ကျွန်တော့် အိမ်သူကို လှမ်းဖုန်းဆက်ပြီး အကြောင်းကြားလိုက်မိရပါတယ်။ ကျွန်တော့်အိမ်သူလည်း ဟင်ခနဲပါပဲ။
၃း၅
အဲဒီ့နေ့ ညနေမှာပဲ ဆေးရုံကို ကျွန်တော်တို့လင်မယား သွားကြည့်ပါတယ်။
ခွဲစိတ်ခန်းအထွက်က နာလန်ထအခန်းရဲ့ကုတင်ပေါ်မှာ ကိုလတ်ကြီး တယောက်ကို သတိကင်းမဲ့စွာ တွေ့ရပါတယ်။
သူ့ကို ကြည့်ရတာဟာ ဘာကိုမှ ခံစားနေရပုံ မပေါ်တော့ပါဘူး။  သူ့ ရင်ဘတ်ကြီး နိမ့်လိုက်၊ မြင့်လိုက်ဖြစ်နေတာ၊ သူ့ကိုယ်နဲ့ ဆက်ထားတဲ့ ကြိုးတွေက တစ်ဆင့် ပြနေတဲ့ ခေတ်မီစက်များအရ သူ့နှလုံး ခုန်နေသေးတာ၊ သူ့သွေးပေါင်ချိန် မူမမှန်လှစွာ တက်လိုက်၊  ကျလိုက်ဖြစ်နေသေးတာတို့ကိုပဲ တွေ့နေရပါတယ်။
မကြည့်ရက်တော့တာနဲ့ သိပ် ကြာကြာမနေဘဲ အခန်းပြင်ကို ထွက်ခဲ့ပါတယ်။
ဆေးရုံအောက်ကို ရောက်တဲ့အခါ သူ့သား “ဓိဓိ”ရဲ့သူငယ်ချင်းလေးတွေကို တွေ့ရတယ်။ ခွဲစိတ်ပြီး ၂၄ နာရီကျော်တဲ့ ခုချိန်အထိ သတိမလည်သေးဘူးဆိုရင်တော့ အခြေအနေ မကောင်းဘူးပေါ့နော် လို့ ကျွန်တော့်ကို တယောက်က ပြောပါတယ်။
ကျွန်တော်က “လောကမှာ ဘာကိုမှ တထစ်ချ ပြောလို့ မရပါဘူးကွာ၊ သူ့ကံ ရှိရင်တော့ နေရမှာပေါ့” လို့သာ ဖြေလိုက်ပါတယ်။
၃း၆
အဲဒီ့နေ့က သူ့ကို ကျွန်တော် ခဏပဲ သွားကြည့်ခဲ့ပေမယ့် သူ ရှိနေတဲ့ ဆေးရုံ ပရဝုဏ်ထဲမှာတော့ နာရီပေါင်းများစွာ နေဖြစ်ခဲ့ပါသေးတယ်။
နောက်တရက်မှာလည်း သူ့ဆီကို ကျွန်တော့်စိတ်က ရောက်ပါတယ်။  လူကတော့ မရောက်နိုင်တော့ပါဘူး။ ကျွန်တော့်ရုံးအလုပ်က မနက်ရှစ်နာရီ က ညနေ လေးနာရီ အထိပါ။  ရုံးဆင်းတာနဲ့ အတန်း နှစ်တန်းကို စာသင်ပေးရတဲ့ နေ့လည်း ဖြစ်နေပါတယ်။  ညရှစ်နာရီမှ အလုပ်သိမ်းတာမို့ အဲဒီ့နေ့က သူ့ဆီကို စိတ်ရောက်ပေမယ့် လူမရောက်ဖြစ်တော့ပါဘူး။
ပထမအတန်းမှာက ၂၀ ကျော်အရွယ် တက္ကသိုလ်ကျောင်းသားလေးတွေ ကို သင်ပေးရတာပါ။  သူတို့လေးတွေထဲက တချို့က ဂစ်တာတီးကြပါတယ်။
မင်းမင်းလတ် ဆေးရုံတက်နေရတဲ့အကြောင်းကို စာသင်နေရင်း စိတ်မကောင်းခြင်းကြီးစွာ ပြောပြဖြစ်တော့ သူတို့က မင်းမင်းလတ် ဆိုတာကို သိပ်မသိကြပါဘူး။
ဇော်ဝင်းထွဋ်ရဲ့ “ဆေးဆိုးပန်းရိုက်မျက်နှာ”သီချင်းခွေ တခွေလုံးကို မင်းမင်းလတ် ဆိုခဲ့တာပေါ့လို့ ပြောပြတော့မှ ယောင်ဝါးဝါးနဲ့ ခေါင်းညိတ်ကြပါတယ်။
ကျွန်တော်လည်း စာသင်ချိန်မှာ သိပ်ရှည်ရှည်ဝေးဝေးတွေ မပြောချင်လှတာနဲ့ အဲလောက်ပဲ ထားလိုက်ပါတယ်။
၃း၇
နောက်တနေ့ စနေနေ့မှာ ကျွန်တော့်အိမ်သူက ကျွန်တော့်ကို ပြောပါတယ်။
“ကိုလတ်ကြီးဆုံးပြီတဲ့၊ သတင်းစာထဲမှာ ပါလာတယ်…”
အဲဒီ့စကားကို ဆိုပြီးတဲ့နောက် ကျွန်တော့်အိမ်သူ မျက်ရည်ကျပါတယ်။
ကျွန်တော် သူ့လို ထိထိခိုက်ခိုက် ဖြစ်မသွားရပေမယ့် စိတ်ထဲတော့ အတော့်ကို မကောင်းပါဘူး။
ဝးဝ
၄၉ နှစ် ပြည့်ဖို့ တလလောက် လိုသေးတဲ့အချိန်မှာ သူ ကွယ်လွန်သွားတာမို့ သက်တမ်းစေ့နေသွားတယ်လို့ ဘယ်လိုမှ ပြောလို့မရပါဘူး။
ဝင်းဦးတုန်းကလည်း အဲသလိုပဲ သိပ်အသက်မကြီးသေးခင်မှာ သေသွားခဲ့တာပါပဲ။  ဝင်းဦးဆိုတာကလည်း မြန်မာပြည်ကို Spanish Guitar လို့ခေါ်တဲ့၊ ကနေ့ လူငယ်တွေ တမ်းမက်စွာ ကိုင်တွယ်တီးခတ်နေတဲ့ ဂစ်တာကို မြန်မာလူငယ်တွေနဲ့ စတင်မိတ်ဆက်ပေးခဲ့သူပါ။
အခု မင်းမင်းလတ်က ကျတော့လည်း ယနေ့လူငယ်တွေ သိပ်နှစ်သက် လက်ခံနေကြတဲ့ ဂီတသစ် စစ်စစ်ကို မြန်မာပရိသတ်နဲ့ စတင်မိတ်ဆက်ပေးခဲ့သူပါပဲ။
သူ့အရင် ဝင်းဦးမှသည် တက္ကသိုလ်အေးမောင်တို့၊ တင်အောင်မိုးတို့၊ စိန်လွင်တို့အထိက အသံချိုများနဲ့ ခံစားချက် (sentimental) သီချင်းများကိုသာ သီဆိုခဲ့ကြတာပါ။
သူ့ကျတော့မှ Rock စစ်စစ်ကို မြန်မာသီချင်းအဖြစ် စတင်ကြားရတယ်လို့ ဆိုနိုင်ပါတယ်။  နောက်ပြီးသီချင်းဆိုရာမှာ အသံကောင်းဖို့ထက် အဆိုတတ်ဖို့ လိုတယ်ဆိုတဲ့ သဘောတရားသစ် တခုဟာလည်း မြန်မာဂီတနယ်မှာ မင်းမင်းလတ်နဲ့ကျမှ ပေါ်လာတယ်လို့ ဆိုနိုင်ပါတယ်။
နောက် မင်းမင်းလတ် စတင် မိတ်ဆက်ခဲ့ပြီး ယနေ့ထက်တိုင် ဘယ်သူကမှ ဆက်မလုပ်သေးတဲ့ အရာတခုက ဗန်းစကား အဘိဓာန်ပါ။
မင်းမင်းလတ် စတင် မိတ်ဆက်ခဲ့တဲ့ ဂီတသစ်လိုပဲ သူကပဲ စတင်မိတ် ဆက်ခဲ့ပြီး တအားပျံ့နှံ့သွားခဲ့တာတစ်ခုကတော့ ကက်ဆက်ခွေ အငှားဆိုင်တွေပါပဲ။  ဒါကိုလည်း မင်းမင်းလတ်က စခဲ့တာပါ။
“မျက်ရည်ငှက်များနားစေသတည်း”လို မြန်မာသီချင်းစာအုပ်အကောင်း စားကိုလည်း တခါမှ ထပ်မတွေ့ဖူးသေးတာအမှန်ပါ။  ဒါလည်း မင်းမင်းလတ် စီစဉ်ခဲ့တာပါပဲ။
သေချာတာတခုကတော့ အထက်မှာ ပြောခဲ့တဲ့အတိုင်း မင်းမင်းလတ်ဟာ လမ်းရိုးဟောင်းမှာ ငြိမ့်ငြိမ့်ညောင်းညောင်း၊ အေးအေးသက်သာ လိုက်ဖို့ထက် ခက်ခဲ ပင်ပန်းတဲ့ လမ်းသစ်ဖောက်ခြင်းအလုပ်ကို သူ့ သက်တမ်းတလျှောက်လုံးမှာ တစိုက်မတ်မတ်နဲ့ ထက်ထက်သန်သန် အားထုတ်သွားခဲ့တယ်ဆိုတာပါပဲ။  သူကိုယ်တိုင် အားထုတ်ရုံတင်မက အဲသလို လမ်းသစ် ထွင်ဖို့ ကြိုးစားသူများကိုလည်း လှိုက်လှိုက်လှဲလှဲ အားပေးတတ်ခဲ့တာကို ကျွန်တော်ကတော့ ကိုယ်တွေ့ ကြုံခွင့်ရလိုက်ပါသေးတယ်။
နယ်ပယ်တစ်ခုခုရဲ့သမိုင်းကို ပြောကြရချိန်မှာ မင်းမင်းလတ်ဟာ တခုထက် ပိုတဲ့နေရာမှာ မလွဲမသွေ ရှိနေတော့မှာပါ။
ဂီတသစ်သမိုင်းမှာ မင်းမင်းလတ်ကို ချန်ထားလို့မရပါဘူး၊ အဘိဓာန်သမိုင်းမှာလည်း မင်းမင်းလတ်ကို လက်ရှောင်လို့ မဖြစ်ပါဘူး၊ အိမ်တွင်း စီးပွားရေးလုပ်ငန်း တစ်ခုဖြစ်တဲ့ ကက်ဆက်ခွေ အငှားဆိုင်တွေရဲ့သမိုင်းမှာလည်း မင်းမင်းလတ် ရှိနေပါတယ်။
ဒါတင်လား…
ပုံနှိပ် ထုတ်ဝေမှု သမိုင်းမှာရော မင်းမင်းလတ်ကို မေ့လိုက်လို့ဖြစ်ပါ့ မလား။  မြန်မာ ထမင်းဆိုင်သမိုင်းမှာ ဆိုရင်လည်း မင်းမင်းလတ်ရဲ့ မှတ်တိုင်တခုတော့ ရှိနေခဲ့ပါသေးတယ်။
မြန်မာဗှီဒီယိုခွေ သမိုင်းမှာရော သူ့ကို ဘယ်လိုမှ ထားခဲ့လို့ မရပါဘူး။  ဒါတောင် သူက ၄၉ နှစ် မပြည့်တပြည့်လောက်ပဲ နေသွားလို့သာပါ။  (ကျွန်တော် မသိလိုက်တာတွေလည်း အများကြီး ကျန်ချင်ကျန်နိုင်ပါသေးတယ်။)
သည့်ထက်များ ပိုနေခွင့်ရမယ်ဆိုရင် သူဘာတွေများ ထပ်ပြီး လုပ်ဖြစ်ခဲ့ဦးမယ်မသိဘူး။
ဝး၁
ကျွန်တော်တို့၊ ခင်ဗျားတို့ကရော၊ သည်အတိုင်း လမ်းရိုးဟောင်းမှာ ရေစုံ မျှောလိုက်နေရင်း ထမင်းကြမ်း ယပ်ခတ်စားနေရတာလေးနဲ့ ရောင့်ရဲနေကြတော့မှာလား။
မင်းမင်းလတ်ဟာ ခင်ဗျားတို့၊ ကျွန်တော်တို့လိုပဲ မွေးဖွားခြင်းက စတင်ပြီး သေဆုံးခြင်းနဲ့အဆုံးသတ်သွားတဲ့ ဘဝခရီးသွားတဦးပါပဲ။  တနည်းအားဖြင့် သူလည်း ပုထုဇဉ်၊ သာမန်လူသားတဦးပါပဲ။
သူ့စိတ်ကူး သေးသေးလေးတွေကနေ အကြီးကြီးတွေ ဖြစ်ခဲ့ပါတယ်။  ခင်ဗျားတို့၊ ကျွန်တော်တို့မှာရော အကြီးကြီး ဖြစ်နိုင်တဲ့ စိတ်ကူးသေးသေးလေးတွေ မပေါ်လာနိုင်ဘူးလို့ ထင်လား။
ကျွန်တော်ကတော့ မင်းမင်းလတ်ကို သိပ်အားကျတယ်ဗျာ။
ခင်ဗျားတို့ရော …..။
ဆူဒိုနင် @ အတ္တကျော် @ Aung Thein Kyaw
၂၇၊ ၀၈၊ ၁၉၉၇ (ဝ၀း၁၀နာရီ)
(အလင်္ကာ၊ အတွဲ (၃)၊ အမှတ်(၇)၊ ဖေဖေါ်ဝါရီ၊ ၁၉၉၈)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

Related posts

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Min Min Latt

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments