Pathein Maung Sein Thu – Min Min Latt

August 21, 2013

မင်းမင်းလတ် သမိုင်းအပိုင်းအစများ
ပုသိမ်မောင်စိမ်းသူ
(ရင်ခုန်သံ မဂ္ဂဇင်း၊ အမှတ် ၁၁၊ နိုဝင်ဘာ၊ ၁၉၉၀ တွင် မူရင်း ပုံနှိပ်ခဲ့သည်။
မိုးမခ က မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် (သြဂုတ်၊ ၂၂၊ ၂၀၁၃)
နှစ်လည် အထိမ်းအမှတ် အမှတ်တရ ပြန်လည် တင်ဆက်သည်။)
ဓာတ်ပုံ – ရင်ခုန်သံ မဂ္ဂဇင်း၊ မျှဝေသူ – နေမျိုးအောင်
အမျိုးသားစာပေဆု လေးကြိမ်ရသူ မိုးမိုး (အင်းလျား) ရဲ့ ခင်ပွန်း ကိုမျိုးညွန့် (စာပေလောက) ရယ်၊ စတီရီယို အဆိုတော် စိုးပိုင် ရယ်၊ မင်းမင်းလတ် ရယ် တို့ဟာ ကျောင်းနေဖက် သူငယ်ချင်းတွေပါ။  ရန်ကုန်မြို့၊ မအူကုန်း လမ်းကျယ် မှာ ရှိခဲ့ဖူးတဲ့ စိန်မိုင်ကယ် ကျောင်းမှာ ကိုမျိုးညွန့်ရဲ့ ကျောင်းနာမည်က ဟင်နရီညွန့်၊ မင်းမင်းလတ်ရဲ့ ကျောင်းနာမည်က မာရှယ်လ်လတ်၊ စိုးပိုင် နာမည်က ရော်ဘင်ရင်။
စိုးပိုင် နဲ့ မင်းမင်းလတ် တို့က မျိုးညွန့် ကို နာမည် မခေါ်ဘဲ ခေါင်းကြီး လို့ ခေါ်ကြတယ်။  အခုထိလဲ ခေါင်းကြီးလို့ ခေါ်တုန်းပဲ။  ခေါင်းကြီးလို့ နောက်ပြောင်ပြီး ခေါ်တဲ့ အကြောင်းကတော့ အဲဒီခေတ် သူတို့ ကလေးအရွယ်တုန်းက ထုတ်ဝေတဲ့ ကာတွန်းစာအုပ် တအုပ် မှာ အောင်မြင်ကျော်ကြားနေတဲ့ ဇာတ်ကောင် တကောင် ဖြစ်တဲ့ ဟင်နရီခေါင်းကြီးကို အစွဲပြုပြီး မျိုးညွန့် ကို ခေါင်းကြီး လို့ ခေါ်ကြတာပါ။  တကယ်တော့ မျိုးညွန့်ခေါင်းက မကြီးပါဘူး။ ခေါင်းမကြီးပေမယ့် ဦးနှောက်ကြီးသူ တယောက်ပါ။ 
စိုးပိုင်ကိုတော့ စိုးပိုင်ရဲ့ အဖေ ဖြစ်သူ နိုင်ငံကျော် မြင်းစီးကျွမ်းကျင်သူ ဂျော်ကီ ဦးဘရင်လေးကို အစွဲပြုပြီး ဘရင် လို့ ခေါ်ကြတယ်။
သူတို့ သုံးယောက်မှာ စိုးပိုင် နဲ့ မင်းမင်းလတ် တို့က အဆိုကျော် ဖြစ်လာခဲ့ကြပြီး မျိုးညွန့်ကတော့ အဆိုတော် ဖြစ်မလာဘဲ စာအုပ်လောက မှာ ထင်ရှားတဲ့ စာအုပ်တိုက် တတိုက် ဖြစ်တဲ့ စာပေလောက စာအုပ်တိုက်ကို ဦးဆောင်သူ ဖြစ်လာခဲ့ပါတယ်။
စိုးပိုင်ဟာ မူလ ငယ်စဉ်ကတည်းက အဆိုတော် ဖြစ်ဖို့ ရည်ရွယ်ချက်ထက် အတီးသမားဖြစ်ဖို့ အားသန်တဲ့သူပါ။  မူလ ရည်ရွယ်ချက်နဲ့ ဝါသနာ ပါရာ အတီးဘက်ကို အားပြုရင်းက နိုင်ငံကျော် အဆိုတော် အမှတ်မထင် ဖြစ်ပေါ်လာပြီး အဆိုသမားကောင်း တယောက် အဖြစ် ဘဝကို ရပ်တည်နေပါတယ်။
မင်းမင်းလတ် ဟာ သူ့ သမိုင်း ကို သူ သူမွေးဖွားတဲ့ နေ့ ၁၁၊ စက်တင်ဘာ၊ ၁၉၄၈ က နေ ၁၉၇၂ အထိ အကြောင်း “မင်းမင်းလတ် နဲ့ မင်းမင်းလတ်” ဆိုတဲ့ စာအုပ်ထဲမှာ တင်ပြခဲ့ပြီးပါပြီ။  မင်းမင်းလတ်ကို ကျွန်တော် စတင် မြင်ဖူးတာကတော့ စာပေလောက စာအုပ်တိုက်မှာပါ။  စာပေလောက စာအုပ်တိုက်က ဟိုတုန်းက ၂၉ လမ်းမှာ။
၁၉၆၆/၁၉၆၇ ခုနှစ် ကျွန်တော် နဲ့ မျိုးညွန့် နေ့ည၊ မခွဲဘဲ တတွဲတွဲ နေတဲ့ အချိန်။  မျိုးညွန့် သူငယ်ချင်း မင်းမင်းလတ်ဟာ မျိုးညွန့် ဆီ ခဏ ခဏ လာတယ်။  အဲဒီတုန်းက သူ မေမြို့ စက်မှုကျောင်းတက်နေဆိုလားပဲ။  မင်းမင်းလတ် က သူ လုပ်တဲ့ ကျောင်းနံရံကပ် စာစောင် အကြောင်း မျိုးညွန့်ကို ပြောပြတယ်။  ကျွန်တော်က ဘေးမှာ ရှိနေတော့ သူ ပြောတာတွေ ကြားနေရတယ်။
ကျွန်တော် နဲ့ မျိုးညွန့် ဟာ လက်ဖက်ရည် မကြိုက်ဘဲ လက်ဖက်ရည်ဆိုင် ထိုင်တဲ့ အကျင့်ကို ကြိုက်တဲ့ သူတွေပါ။  ရန်ကုန် တမြို့လုံး အနှံ့ အေးအေးဆေးဆေး ထိုင်လို့ရတဲ့ လက်ဖက်ရည် ဆိုင်မှန်သမျှ ကျွန်တော်တို့ မထိုင်ဖူးတဲ့ လက်ဖက်ရည်ဆိုင်ရယ်လို့ ခပ်ရှားရှားရယ်။  လက်ဖက်ရည် မကြိုက်ဘဲ လက်ဖက်ရည်ဆိုင် ထိုင်တာ ကြိုက်တဲ့ အကျင့်ချင်းတူသူတွေမို့ ကျွန်တော်တို့ချင်း တွေ့လိုက်ရင် အလျင်ဆုံး လက်ဖက်ရည်ဆိုင် သွားဖို့ ကြိုးစားတာပဲ။  ဒါပေမယ့် တခု ထူးထူးခြားခြား မှတ်မိတာက အဲဒီတုန်းက မင်းမင်းလတ် ရယ်၊ ကျွန်တော် ရယ်၊ မျိုးညွန့် ရယ် သုံးယောက်တွဲ ပြီး တခါမှ လက်ဖက်ရည်ဆိုင် မထိုင် ဖြစ်ခဲ့ကြဘူး။
မင်းမင်းလတ် နဲ့ တွဲရင်း ပေါင်းရင်း ကျွန်တော် သိလာတဲ့ အချက်က မင်းမင်းလတ် ဟာ လက်ဖက်ရည်၊ ကော်ဖီ လုံးဝ မသောက်တတ်ဘူး၊ မကြိုက်ဘူး။  အချိုရည်၊ အအေး ပဲ သောက်တယ်။  ရေခဲကို အရမ်း ကြိုက်တယ်။  အပူ နဲ့ သူနဲ့ လုံးဝ သဟဇာတ ဖြစ်ပုံ မရဘူး။  ချွေးထွက်မှာ ကိုလည်း သိပ်ကြောက်တယ်။  မလိုင်လုံးလို၊ ပုသိမ် ဟာလဝါလို၊ မန္တလေး ထိုးမုန့်လို၊ အချို မျိုးကို နှစ်သက်စွဲလမ်းတယ်။  ဘဲကင်တို့၊ ကြက်သားကြော်တို့ လိုဟာမျိုး စားရင်လည်း တောက်ပံတို့၊ ခေါင်းတို့ကို ပိုပြီး အာရုံထားတယ်။  အသားတွေ ကိုတော့ ကျွန်တော်တို့ပဲ စားရတယ်။  ပေါင်းလို့ သင်းလို့ ကောင်းလိုက်တာနော်။
မင်းမင်းလတ် စီစဉ်တဲ့ အင်္ဂလိပ် သီချင်းစာအုပ် “More Hits” ကို စာပေလောက စာအုပ်တိုက် ကနေ ထုတ်ဝေဖို့ မျိုးညွန့် နဲ့ တိုင်ပင်တယ်။  စာအုပ် အဖုံးကို မင်းမင်းလတ် ရယ်၊ ဘာသာပြန် စာရေးဆရာ စိုးသိဏ်း ရယ်၊ မြန်မာပြည်သိန်းတန် ဖြစ်လာမယ့် သိန်းတန် ရယ် တိုင်ပင် ရေးဆွဲကြတယ်။  စာအုပ် အဖုံး ပုံ သဏ္ဌာန် က မြန်မာပြည် မှာ ဘယ်သူမှ စာအုပ် အဖုံး အဖြစ် အသုံးမပြုဖူးသေးတဲ့ ပန်းချီ ဒီဇိုင်းနည်း စနစ် အသစ်ဖြစ်တဲ့ Psychedelic Cover အဖြစ် ကြိုးပမ်းတယ်။  မင်းမင်းလတ် လိုချင်တာက ရှေ့ဖုံး၊ နောက်ဖုံး နှစ်ဖက်စလုံးမှာ ပါဝင် ဖြတ်ညှပ်ကပ်ထားတဲ့ ရုပ်ပုံလေးတွေကို သုံးရောင်ခြယ်ချင်တယ်။  ဘလောက်တုံး ပြုလုပ်ရာမှာ အခက်တွေ့ရလို့ သူ့ အစီအစဉ် မဖြစ်မြောက်ဘဲ နောက်ခံ ကို လေးထောင့် ကျားကွက် သဏ္ဌာန် ဝါ၊ စိမ်း၊ ပြာ၊ ပန်း ရောင်တွေ ရိုက်နှိပ်ပြီး အရုပ်ကလေးတွေကို အနက်နဲ့ ရိုက် လိုက်ရတယ်။
သူ လိုချင်တာ မရပေမယ့် စာအုပ်အဖုံးတွေ ကြားမှာ ထူးခြားတဲ့ အဖုံး တခုတော့ ဖြစ်သွားခဲ့တယ်။  စာအုပ် အဖုံးကြောင့်၊ သစ်လွင် လတ်ဆတ်တဲ့ Pop သီချင်းတွေပါတာကြောင့်၊ နောင် တချိန်မှာ စတီရီယို တေးဂီတ ပညာရှင်တွေ ဖြစ်လာမယ့် သူတွေရဲ့ Local Talent ဓာတ်ပုံတွေ ပါဝင်တာကြောင့် ပထမ အကြိမ် အုပ်ရေ (၁၀၀၀) နှိပ် ရာမှာ ရက်ပိုင်း အတွင်း ကုန်သွားခဲ့တယ်။
မင်းမင်းလတ်က ဒီ စာအုပ်ကို အုပ်ရေ (၃၀၀၀) ရိုက်ချင်တယ်။  မရိုက်ဖြစ်ဘဲ (၁၀၀၀) တည်းသာ ရိုက်ခွင့်ရလို့ မချင့်မရဲ ဖြစ်သွားတယ်။  စာအုပ် ကုန်သွားတယ် ဆို ရင်ပဲ မောင်တိုး (ဆန်းသစ် စာပေ) ကို ဒုတိယ အကြိမ် ပြန်ရိုက်ခွင့် ချက်ချင်း ပေးလိုက်တယ်။  ဒီ စာအုပ်ကိစ္စဟာ မင်းမင်းလတ် ရဲ့ ဘဝ တသက်တာ အတွက် ပထမဆုံးသော အောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။
မင်းမင်းလတ် ဘယ်လောက် အထိ စိတ်မြန်သလဲ ဆိုရင် သီချင်း စာအုပ်ကို ပထမ အကြိမ် ရိုက်နှိပ်နေတုန်း ကျွန်တော် နဲ့ မျိုးညွန့် က Proof ဖတ်ရပါတယ်။  Galley Proof  ထွက်လာတဲ့ အချိန် ကျွန်တော်နဲ့ မျိုးညွန့် တို့ မရှိကြဘူး။  မင်းမင်းလတ် ဟာ Proof ဖတ်တတ်တဲ့ ကျွန်တော်တို့ ပြန်လာတဲ့ အထိ မစောင့်နိုင်၊ မအောင့်နိုင်ဘဲ အင်္ဂလိပ်လို ထုတ်ဝေထားတဲ့ Proof ဖတ်နည်း စာရွက်ကို ကြည့်ပြီး သူ့ ဟာ သူ Proof ပြင်ထားတယ်။  ဒီလောက် အထိကို စိတ်မြန်တယ်။
မင်းမင်းလတ် ဟာ စာပေလောက စာအုပ်တိုက်ကို ဝင်လိုက်၊ ထွက်လိုက်၊ ကျွန်တော်ကလည်း စာပေလောက မှာ ရှိနေတာမို့ သူနဲ့တွေ့လိုက်၊ မတွေ့လိုက် ပါပဲ။  သူ နဲ့ ကျွန်တော် နဲ့ က ရင်းနှီးတယ်လည်း မဟုတ်ဘူး၊ မရင်းနှီးဘူးလည်း မဟုတ်ဘူး။  မျိုးညွန့် နဲ့ ကျွန်တော် တွဲသလိုမျိုး မတွဲ ဖြစ်တာတော့ အမှန်ပဲ။  သူနဲ့က တပူး တတွဲတွဲ နေစရာ အကြောင်းကလည်း ရှိမှ မရှိဘဲ ကိုး။
ဒီလိုနဲ့ သူနဲ့ စတင် တွေ့ဆုံဖူးပြီး နှစ်နှစ်အကြာ (၁၉၇၀) ပြည့်နှစ် အကုန်ပိုင်းမှာ လူတွေရဲ့ နားထဲကို ဇွတ်အတင်း ကန့်လန့် တိုးဝင်တဲ့ သီချင်းသံတွေ ကြားလာရတယ်။ မာမီရယ် ရှာပေးကွယ် ရည်းစား လိုချင်တယ် တဲ့။  ဘယ်လိုကြီးပါလိမ့်နော်။  ကြားသာ နေရတယ်။  ကျွန်တော် လုံးဝ ဘဝင် မကျဘူး။  ကျော်ဟိန်းကလည်း နှစ်ကျပ်ဖိုး နဲ့ သိန်းထီထိုး တော်ကြာ သူများ ဦးသွားမှာစိုး သတဲ့။  အကော်ဒီယံ ကိုအုန်းကျော်က လမ်းသရဲ က စုတ်စုတ်ပြတ်ပြတ်နဲ့ ပုံမလာတယ် ဆိုပြီး လော်စပီကာတွေမှာ ကြားနေရတယ်။
ကျွန်တော်တို့လို ရေဒီယို သီချင်း၊ ဓာတ်ပြားသီချင်း ရေးသူတွေ အတွက် ကိုထွန်းနောင်တို့၊ ကိုကျော်ဟိန်းတို့၊ ကိုအုန်းကျော် တို့ ရဲ့ သီချင်းစာသားတွေ ရေရွတ်ရင်း ဦးနှောက်စားစ ပြုလာတယ်။
ဘယ်လို စာသားတွေလည်း၊ ဘယ်လို အကြောင်းအရာတွေလည်းလို့ စိတ်ပျက် ညည်းတွားရင်းနဲ့ ဒီသီချင်းတွေ ခဏနေရင် ပျောက်သွားမှာပဲရယ်လို့ ထင်မှတ်နေတဲ့ ကြားထဲကနေ ပျောက်မသွားခဲ့ဘဲ တက္ကသိုလ်ထွန်းနောင် ရဲ့ သီချင်းကြော်ငြာ ဓာတ်ပုံတွေက ကြေးမုံ သတင်းစာမှာ မကြာခဏ မျက်နှာဝက် နီးပါး ပါနေတယ်။  ၁၉၇၁ ခုနှစ် သင်္ကြန်ရက် နီးတော့ အလားတူ သီချင်းမျိုး သင်္ကြန်သီချင်းတွေ ထွက်ဦးမယ် ဆိုတာ သိရတယ်။  ရုပ်ရှင်မင်းသား ဝင်းလှိုင်တို့၊ စတီရီယို အဆိုတော် ဖြစ်လာမယ့် ကိုဇော်တို့ ဆိုထားတယ်။  သီချင်းရေးတဲ့ သူတွေက ကိုလေးလွင်တို့၊ မောင်ဆွေနွယ်တို့ ဆိုပါလား။  တို့လူတွေလည်း ဒီ သီချင်းတွေ ဝင်ရေးနေကြပါပကောလား။  အေး… ကောင်းတယ်ဗျာ။
၁၉၇၁ ခုနှစ် သင်္ကြန်ရက်အတွင်း ကျွန်တော် မိသားစုနဲ့ အတူ မော်လမြိုင် ကို အလည်ရောက်နေတယ်။  တလ နီးပါး ကြာကြာပဲ။  မေလထဲမှာ ရန်ကုန်ကို ပြန်ရောက်လာတယ်။  ရန်ကုန်ကို ပြန်ရောက်ပြီး မြို့ထဲ ကို မထွက်ဖြစ်သေးဘူး။  တခြား ကိစ္စတွေနဲ့ အလုပ်ရှုပ်လို့ ကောင်းနေတုန်း။  ကျွန်တော့်ရဲ့ ညီအစ်ကိုတော်သူ ရေဒီယို အဆိုတော် ကိုစိုးသစ် က ရေးခိုင်းတာနဲ့ နိုင်ငံခြား ဓာတ်ပြား၊ သီချင်းဖွင့်ပြီး ယနေ့ စတီရီယို သီချင်းရယ်လို့ ဖြစ်လာမယ့် သီချင်းပုံစံမျိုး သီချင်းတပုဒ် ရေးဖြစ်လိုက်တယ်။  သီချင်းနာမည်က ဆံတိုမလေး လို့ ထင်ပါရဲ့။  ကျွန်တော်ရဲ့ လက်ဦး ပထမ စတီရီယိုတေး တပုဒ် ပါပဲ။  ဆံတို စာသားတွေ ခေတ်စားနေချိန်မို့ ဆံတို စာသား ရေးမိသလားတော့ မပြောတတ်ပါဘူး။
မှတ်မှတ်ရရ သီချင်းရေးတဲ့ နေ့က စနေနေ့။  ရေးတဲ့ အိမ်က တွံတေးသိန်းတန် အိမ် ဓာတ်စက်မှာ။  နောက်နေ့ တနင်္ဂနွေနေ့ ဘယ်မှ မသွားဖြစ်ဘူး။  တနလာင်္နေ့ အိမ်ကနေ မနက်ပိုင်း အိမ်က ထွက်ပြီး နေ့လည် တနာရီ ထိုးလောက်မှာ အိမ်ပြန်လာတယ်။  အိမ်ပြန်ရောက်လို့ အိမ်ပေါ်လည်း တက်လိုက်ရော မုန့်လုံးရေပေါ် ပန်းကန်လေး ရှေ့မှာ ချပြီး ထိုင်နေကြတဲ့ မျိုးညွန့် နဲ့ မင်းမင်းလတ် ကို တွေ့လိုက်ရပါတယ်။
ကျွန်တော့် မိန်းမက ကျွန်တော့် ကို ဧည့်သည်တွေကို ဘာမှ ကျွေးစရာမရှိလို့ လာတဲ့ ဈေးသည်ခေါ် မုန့်လုံးရေပေါ် ကျွေးပြီး ဧည့်ခံထားရတဲ့ အကြောင်း ပြောပါတယ်။  ခရီးရောက် မဆိုက် မျိုးညွန့်က ကျွန်တော့် ကို မင်းမင်းလတ် သီချင်းဆိုမယ့် အကြောင်းနဲ့ ကျွန်တော်က သီချင်းရေးပေးရမယ့် အကြောင်း စကား စတယ်။  “ဘယ်လို သီချင်းမျိုးလဲ” လို့ မျိုးညွန့်ကို မေးတဲ့ အခါ မှာ မျိုးညွန့်က ဒီနေ့ လော်စပီကာမှာ ကြားနေရတဲ့ သီချင်းပုံစံမျိုးလို့ ပြောမလို့ ဟန်ပြင်နေတုန်း၊ မင်းမင်းလတ် က ကြားဝင်ပြီး သူ့ပုံစံ၊ သူ့ ပုံဟန် သဏ္ဌာန် အတိုင်း “ကျွန်တော်ဆိုမှာက ထွန်းနောင်တို့၊ ကျော်ဟိန်းတို့၊ အကော်ဒီယံ အုန်းကျော် တို့ သီချင်းမျိုး မဟုတ်ဘူး။  Pop သီချင်းတွေချည်းပဲဗျာ။  ဘယ်သူနဲ့မှ မတူစေရဘူး။  သီချင်းတွေထဲမှာလည်း Effect တွေ ထည့်သုံးမယ်” လို့ အားရပါရ ပြောပါတော့တယ်။
ကျွန်တော်က “ဘယ်တော့ ရေးမှာလဲ၊ ဘယ်နေ့ရေးမှာလဲ၊ အေး.. အေးကွာ၊ ရေးဆိုလည်း ရေးတာပေါ့ ကွာ” လို့ ခပ်ပေါ့ပေါ့ပဲ ဖြေလိုက်မိတယ်။  မင်းမင်းလတ်က စိတ်မြန်၊ ကိုယ်မြန် ထုံးစံအတိုင်း သူ့ဟန် သူ မဖျောက်နိုင်ဘဲ “အခု ရေးမယ်ဗျာ” တဲ့။  မြန်လိုက်တာမှ ဂျက်လေယာဉ် အရှုံးပေးရမယ့် အမြန်အတိုင်းပဲ။  အဲဒီမှာ ကျွန်တော် တော်တော် ခွကျသွားတယ်။  “ဖြည်းဖြည်းပေါ့” လို့ ဘယ်လို ပြောရမှန်း မသိတော့ဘူး။
မင်းမင်းလတ်က “လာဗျာ ကိုစိမ်းသူ၊ အခု ခေါင်းကြီး အိမ်သွားပြီး ရေးကြတာပေါ့” လို့ ဆိုပြီး ချက်ချင်း လောဆော် လိုက်တဲ့ အခါ ကျွန်တော့် ကိုယ် ကျွန်တော် ဘာလုပ်ရမှန်း မသိအောင် ဖြစ်သွားတယ်။
မင်းမင်းလတ် က ခေါင်းကြီး လို့ ခေါ်တဲ့ မျိုးညွန့် အိမ်က ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ဟင်္သာတ လမ်းမှာ။  ကျွန်တော့် အိမ်က သင်္ကန်းကျွန်း၊ နှင်းဆီကုန်း မှာ။  သွားရေး၊ လာရေး ကိစ္စ သိပ်မလွယ်ကူဘူး။  အသွား၊ အပြန် မြို့ထဲ သွားမယ့် မီးရထား ရှိ၊ မရှိ ထည့်တွက်ရသေးတယ်။  မျိုးညွန့်က “ကိုစိမ်းသူကလည်း လာပါဗျာ။  မာရှယ်လ့် မှာ သီချင်းသံစဉ်တွေ အသင့် ရှိနေပါတယ်” တဲ့။  ကျွန်တော်က “မျိုးညွန့် မင်း အိမ်မှာ ဓာတ်စက်လည်း မရှိဘဲနဲ့ ဘာနဲ့ သွားရေးမှာလဲ” လို့ ပြန်ပြောလိုက်မိတယ်။  ဟုတ်တယ်လေ။  ကျွန်တော် မနေ့တနေ့က ဒီသီချင်း ပုံစံမျိုး ရေးခဲ့တုန်းက ဓာတ်စက်ဖွင့်ပြီး ရေးခဲ့တာပဲ။
မင်းမင်းလတ် က “ဓာတ်စက်ဖွင့်ပြီး ရေးစရာမလိုပါဘူး။  ရေးမယ့် သီချင်းတွေ အကုန်လုံး ကျွန်တော် အလွတ် ရတယ် ဗျာ။  ကျွန်တော် တပုဒ် ပြီး တပုဒ် ဆိုပြမယ်။  ကိုစိမ်းသူက စာသားတွေ ထည့်ပေးပြီးရင် ပြီးပြီ။  သီချင်းတပုဒ်တောင် ခေါင်းကြီး စာသား ထည့်ထားတာ ရှိသေးတယ်။  အဲဒါ ကျန်တဲ့ သီချင်းတွေ ကိုစိမ်းသူ ဆက်ရေးပါ” တဲ့။
ဒါနဲ့ ကျွန်တော်လည်း ခေါင်းညိတ်သလို မညိတ်သလို၊ ငြင်းတာလည်း မဟုတ်ဘဲနဲ့ သူတို့ နှစ်ယောက် ထ ထွက်ရာ နှင်းဆီကုန်း မီးရထား ဘူတာကို လိုက်ပါခဲ့မိတယ်။  အဲဒီ အချိန်အထိ စတီရီယို သီချင်း မျိုးစေ့ ကျွန်တော့် ရင်ထဲမှာ မရှိသေးတာ အမှန်ပဲ။
ရန်ကုန်ဘူတာကြီးက အထွက် စမ်းချောင်းကို သွားဖို့ အမှတ် (၁၂) ကား စီးရမှာ ဖြစ်တယ်။  (၁၂) ကားစီးဖို့ ၃၈ လမ်း ဈေးကို အဖြတ် အထမ်းဈေးသည် တယောက် သီဟိုဠ်စေ့တွေ ရောင်းနေတာတွေ့တာနဲ့ မင်းမင်းလတ် က (၂၀) သားလောက် ဝယ်လိုက်တယ်။  (၁၂) ဟီးနိုးကားပေါ်မှာ သီဟိုဠ်စေ့ စားရင်း စမ်းချောင်း ဟင်္သာတလမ်း၊ မျိုးညွန့် အိမ်ကို ရောက်ခဲ့ကြတယ်။
မျိုးညွန့် အိမ် ရောက်တော့ မင်းမင်းလတ် က သူ စာသား ထည့်ချင်တယ် ဆိုတဲ့ အင်္ဂလိပ် သီချင်းတွေ တပုဒ်ပြီး တပုဒ် ဆိုပြပါတော့တယ်။
ကိုယ် မကျွမ်းကျင်တဲ့ အလုပ်၊ ကိုယ့် အတွက် စိမ်းနေတဲ့ ကွင်းမှာ ခြေစွမ်းပြဖို့ သိပ်မလွယ်ဘူး ဆိုတာ သီချင်းတွေ နားထောင်းရင်း သိလိုက်တယ်။  ဒီသံစဉ်တွေ ကြားမှာ ကျွန်တော် ဘယ်လို စာသားမျိုးတွေ ထည့်ရပါ့မလဲ။  လက်ရှိ အောင်မြင်နေတဲ့ ကိုအုန်းကျော်တို့၊ တက္ကသိုလ်ထွန်းနောင်တို့ ကြားမှာ သူတို့ကို ကျော်လွှား သွားနိုင်မယ့် ဘယ်လို အကြောင်းအရာမျိုးတွေနဲ့ ဖြတ်သန်းသွားရပါ့မလဲ။  ကျွန်တော် အကြီးအကျယ် ဦးနှောက်ခြောက် ရပါပြီ။
မင်းမင်းလတ်က စာသား တကြောင်း ဆိုပြလိုက် ကျွန်တော်က မြန်မာ စာသား တလုံး ထည့်ကြည့်လိုက်။  ကိုယ် မကျွမ်းကျင်တဲ့ သံစဉ် နားထောင်လိုက်နဲ့ အချိန် အနည်းငယ် အတွင်းမှာ ကျွန်တော် စိတ်ညစ် ခေါင်းကိုက် လာပါတော့တယ်။  သီဟိုဠ်စေ့ စားထားတဲ့ အရှိန်ကလည်း ကျွန်တော့်ကို နှိပ်စက်စ ပြုလာတယ်။  သံစဉ်တွေက စိမ်းရွှေရွှေ၊ သီဟိုဠ်စေ့က မူးဝေဝေ။
မျိုးညွှန့် နှစ်ကြောင်း ရေးထားပြီးတဲ့ Knock Three Times သီချင်း ဆက်ရေးရင်း စိတ်ရှုပ်လာတာနဲ့ နောက်တပုဒ် ထပ်ဆိုပြစမ်းပါဦး ဆိုပြီး ခိုင်းရပြန်တယ်။  ဒီလိုနဲ့ ဟိုသီချင်းစပ်စပ် စပ်စပ်၊ ဒီသီချင်း ဆိုပြခိုင်းနဲ့ ညနေလည်း စောင်းလာပြီ။  သီချင်းတပုဒ် ဟုတ်တိပတ်တိ မဖြစ်သေးဘူး။
နောက်ဆုံး Come Together (အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း) သီချင်းတပုဒ်တော့ အတော်လေး အဆင်ပြေပြေနဲ့ ပြီးဆုံးသွားတယ်။  သီချင်းတပုဒ် လှလှပပ၊ ချောချောမွေ့မွေ့ ပြီးဆုံးသွားတဲ့ အခါမှာတော့ ခေါင်းကိုက်တာတွေလည်း ပျောက်၊ ကိုယ့် ကိုယ် ကို အများကြီး အားတက်လာတယ်။  “အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း” သီချင်းရဲ့ အချ စာလုံး အဆုံးဖြစ်တဲ့ ‘ဇာတ်သိမ်းခန်း’ ဆိုတဲ့ စာသားဟာ မင်းမင်းလတ် အကူအညီနဲ့ ဖြစ်ပေါ်လာတဲ့ စာသားပါ။
ဒီသီချင်းဟာ လူ အကဲ့အရဲ့ လွတ်အောင် ကာရန်တွေက အစ အချီညီ၊ အချညီ စည်းကမ်းရှိရှိ ရေးလိုက်ရလို့ ကျွန်တော် ဝမ်းသာ ပီတိ ဖြစ်နေမိတာ ခုထိပါပဲ။
အပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၁-မေ)
Music Video URL: http://youtu.be/N9dp9Qg0aU4
မျိုးညွန့်အိမ်မှာ ကျွန်တော်တို့ သီချင်း ငါးရက်လောက် ရေးလိုက်ရတယ်။  မိုးမိုး (အင်းလျား) ရယ်လို့ ဖြစ်ပေါ်လာမယ့် ဒေါ်စန်းစန်းဟာ ကျွန်တော်တို့ အုပ်စု တရုန်းရုန်း လုပ်နေတာတွေ၊ နားမခံသာစရာ အသံစိမ်းတွေကြားထဲမှာ သည်းခံပြီး ချက်ပြုတ် ကျွေးမွေးရှာပါတယ်။
ဒီအချိန်မှာ ထူးထူးခြားခြား တိုက်ဆိုင်မှုလေး တခုကတော့ အလွန် အောင်မြင် ကျော်ကြားနေတဲ့ တက္ကသိုလ်ထွန်းနောင်ဟာ ကျွန်တော်တို့ သီချင်းရေးနေ၊ တိုက်နေကြတဲ့ မျိုးညွန့် အိမ်နဲ့ မျက်စောင်းထိုး အိမ်မှာ နေတယ် ဆိုတာ သိရတဲ့ အချက်ပါပဲ။  ကိုထွန်းနောင်ဟာ သူ့အိမ်ကနေ လမ်းထိပ်မှာ စီးကရက် ထွက်ဝယ်တာကို လမ်းလျှောက် မသွားဘဲ သူ့ မော့စ်ဗစ်ကားလေး ကိုယ်တိုင် မောင်းပြီး ထွက်ဝယ်တယ်။  တက္ကသိုလ်ထွန်းနောင် ဆိုတာ သူပေါ့ လို့ သိလာတဲ့ အချိန်မှာ ကျွန်တော် သက်ပြင်းချမိတယ်။  ငါတို့ သူ့ကို ကျော်လွှားနိုင်အောင် လုပ်ရမှာပါလား။  ကိုထွန်းနောင်ရဲ့ ကြီးမားတဲ့ အရှိန်အဟုန်ကို ကျွန်တော်တို့ ကျော်လွှားနိုင်ကြပါ့မလား။
မင်းမင်းလတ် ရင်ထဲမှာ ဘယ်လို ခံစားနေရတယ်တော့ မသိဘူး။  ကျွန်တော့် ရင်ထဲမှာတော့ ရှိနေလျက်သားနဲ့ ငုပ်လျှိုးနေတဲ့ သိစိတ်တွေ ကုတ်ခြစ်ပစ်လို့ မရအောင် ယားယံလာတယ်။  ကိုထွန်းနောင်ကိုသာ ဒီလို မတွေ့ရဘူး ဆိုရင် ကိုယ်လုပ်နေတဲ့ အလုပ်ဟာ ကိုယ့် အလုပ် ကိုယ် ဆက်လုပ်ရင်း ပြီးသွားမှာ သေချာတယ်။  ဘာမှလည်း ခံစားရမှာ မဟုတ်ဘူး။  ခုတော့ ကသိကအောက် ဖြစ်ရတယ်။  မရင့်ကျက်သေးတဲ့ ကျွန်တော့်ရဲ့ စိတ်တုန်လှုပ်တတ်မှု လို့ပဲ ဆိုရမယ်။
ကျွန်တော်တို့ရဲ့ မင်းမင်းလတ် သီချင်းတွေ ထွက်လာတဲ့ အခါမှာ ဒီ့ပြင် ဆိုင်တွေ ရောင်းပေမယ့် ကိုထွန်းနောင်ရဲ့ ဆိုင် (ကံ့ကော်တော) ကို မရောင်းဖြစ်ဘူး။  ကိုထွန်းနောင်ဟာ သူနဲ့ အပြိုင် ဖြစ်လာတဲ့ မင်းမင်းလတ် သီချင်းတွေကို ဝယ်မှာ မဟုတ်ဘူးဆိုတဲ့ တဖက်သတ် သံသယ ကျွန်တော်တို့အားလုံးမှာ ရှိနေကြတယ်။  ဒါကြောင့်လည်း ကံ့ကော်တော ဆိုင်မှာ မင်းမင်းလတ် ရဲ့ စီးရီး မရောင်းဖြစ်ခဲ့ကြဘူး။  အမှန်က ကျွန်တော်တို့ အားလုံးရဲ့ အမှားပါ။  ကိုထွန်းနောင်က ကိုထွန်းနောင် ဖြစ်ပြီး ကံ့ကော်တော တေးသံသွင်းက စီးပွားရေး လုပ်ငန်းတခု ပဲဟာ။  စီးပွားရေး ဈေးကွက်ဝင်အောင် ကျော်ကြားလာတဲ့ မင်းမင်းလတ် စီးရီးကို မဝယ်စရာ အကြောင်း ဘာမှ မရှိဘူးဆိုတာ ကျွန်တော်တို့အားလုံး မတွေးဖြစ်ကြဘူး။  ငွေ ၂၀၀ လောက် နစ်နာ သွားတာပေါ့။  အဲဒီတုန်းက ငွေကြေး ၂၀၀ ဆိုတာ တီးဝိုင်း တဝိုင်းစာ လုပ်အားခ ရှင်းလို့ ရတယ်။
မင်းမင်းလတ်က ဒီ အပေါ်ထပ်နဲ့အောက်ထပ် ပထမ စီးရီး အတွက် သီချင်းရေးခကို ဒုတိယ စီးရီး လုပ်နေရင်း ပေးတယ်။  တနေ့ ကျွန်တော်ရယ်၊ မျိုးညွန့်ရယ်၊ မင်းမင်းလတ်ရယ် သုံးယောက် လေဟာပြင်ဈေး မောင်စိန်ဆိုင်မှာ ဝက်သား မျိုးစုံနဲ့ တရုတ်ထမင်းစားကြရင်း Parker 45 ဖောင်တိန် တချောင်းရယ်၊ ငွေ (၃၅) ကျပ်ရယ် ကို အမှတ်တရ ဆိုပြီး မင်းမင်းလတ်က ပေးတယ်။  စာရေးနေပြီး တသက်လုံး မကိုင်ခဲ့ဖူးတဲ့ ပတ်ကာ ဖောင်တိန် ရတဲ့အခါမှာ ကျွန်တော် သိပ်ပျော်သွားမိတာ အမှန်ပဲ။  ဒီကနေ့ အချိန်အထိ ဒီဖောင်တိန် ကျွန်တော့်မှာ ရှိနေသေးတယ်။ 
ဒီ ငွေကြေး နဲ့ ဖောင်တိန်ဟာ မျိုးညွန့်ကြောင့် ကျွန်တော် ရတာပါ။  မင်းမင်းလတ် ဆိုတဲ့ ကောင်က ငွေရှာ တတ်သလောက် အသုံးအစွဲလည်း ကြမ်းတယ်။  သူလုပ်ချင် ကိုင်ချင်တာ မှန်သမျှ အကောင်းဆုံးကိုချည်း သုံးဖို့ ခေါင်းထဲက စဉ်းစားတယ်။  သူက စီးရီးသာ ထုတ်တာ အသံသွင်းခ၊ တီးဝိုင်းခ၊ သီချင်းရေးခတွေကို ပေးရကောင်းစေရယ်လို့ ခေါင်းထဲမှာ သိပ်အလေးထား မှတ်မထားဘူး။  သူ့ကိုလည်း အမှတ်ထားတာ သိပ်ကြိုက်ဟန် မတူဘူး။  သူများအတွက်လည်း ခပ်ပေါ့ပေါ့ပဲ။  သူ လုပ်တဲ့ အလုပ်တခု ပြီးသွာပြီဆိုတာနဲ့ ပြန် လှည့်မကြည့်တော့ဘူး။  သူက “ရှေ့သို့သမား” မဟုတ်လား။
သီချင်းရေးခ အတွက် မျိုးညွန့်က သတိပေးလိုက်ဟန် တူပါတယ်။  ဒါကြောင့် သူ ကျွန်တော့် ကို ပေးတာပါ။  နို့မို့ဆို သတိတောင်ရမှာ မဟုတ်ဘူး။  သူ့ ပထမ စီးရီး ကို တီးပေးကြတဲ့ ကပြားကြီး မော်ဂန်တို့၊ ကျော်နိုင်တို့၊ လှသိန်း နဲ့ နစ်ကီဇင် တို့ ဆိုရင် အပျော်တမ်းလိုလိုနဲ့ ပြီးသွားကြတယ်။  ကျော်နိုင်၊ လှသိန်း၊ နစ်ကီ၊ မော်ဂန်၊ မင်းမင်းလတ် အပါအဝင် အားလုံး လူပျို၊ လူလွတ် ချည်းမှန်ပေမယ့် ကပြားကြီး မော်ဂန်က သူ့ အိမ်အတွက် စီးပွားရေးကို ထိန်းကျောင်းပေးနေရသူမို့ အထိုက်အလျောက် လိုချင်ရှာပါလိမ့်မယ်။  အဲဒီတုန်းက ကျွန်တော့်မှာလည်း ကလေးနှစ်ယောက် နဲ့ အိမ်ထောင်ရှင်မို့ မျှော်လင့်မိတာ အမှန်ပဲ။
မင်းမင်းလတ်က နှမြောတွန့်တိုမှု မရှိ၊ နောက်ကြောင်း မရှိသူမို့ အချိန်ကာလကို အမှတ်တမဲ့ ဖြတ်သန်းနိုင်ပေမယ့် ကျွန်တော်တို့က မဖြတ်သန်းနိုင်ခဲ့ဘူး။  သူ အပျော်တမ်း ကြိုးပမ်းနေတဲ့ အလုပ်က ကျွန်တော်တို့ အတွက် ဝမ်းရေး ဖြစ်နေတယ်။  သူ ငွေ ၁၀၀ လောက် ပစ်စလက်ခတ် သုံးစွဲနေတာ မြင်ရင် ငါ့ကို သီချင်းရေးခ ပေးရင် ကောင်းမှာပဲလို့ စိထ်ထဲမှာ ဖြစ်မိတယ်။
မင်းမင်းလတ် ရဲ့ ပထမ စီးရီးဟာ ဘာပဲပြောပြော အောင်မြင်တယ်။  ထိုက်သင့်သလောက် ပိုက်ဆံရသွားတယ်လို့ ဆိုရမယ်။  ဒီအခါမှာ ဒုတိယ စီးရီးဟာ အခြေအနေ ကောင်းပြီပေါ့။  တေးသံသွင်းဆိုင်တွေကလည်း မင်းမင်းလတ် စီးရီး ဘယ်တော့ ထွက်ဦးမလဲ လို့ မျှော်လင့်လာကြပြီ။  ဒုတိယစီးရီးအတွက် ပထမစီးရီးထက် သာအောင် ကျွန်တော်တို့ အားလုံး ကြိုးပမ်းကြပါပြီ။
ပထမ စီးရီး အတွက် ကြေးမုံ သတင်းစာ မျက်နှာဝတ် ကြော်ငြာပါ မင်းမင်းလတ်ရဲ့ ခေါင်းလောင်း ဘောင်းဘီ ငွေခြည်ထိုး လက်ပွ အင်္ကျီ ဂယက်ဟာ ဂီတကောင်စီ နှစ်ပတ်လည် အစည်းအဝေး စက်မြင့်ပေါ်အထိ အသံတွေ ထွက်လာတယ်။
မောင်မောင်မျိုးညွန့် ရဲ့ အစီအစဉ် (၁) အပြီးမှာ အစီအစဉ် (၂) အတွက် သီချင်းတွေ ရွေးကြ၊ ရေးကြ နဲ့ တကယ် အသံသွင်းတဲ့ နေ့မှာ အသံဖမ်း ဆရာ ဦးဘသိန်းက ယခင် ပထမ စီးရီးတုန်းက တစီးရီးလုံးကို ၅၀၀ နဲ့ အပြတ် သွင်းပေမယ့် ဒီစီးရီး အတွက် တပုဒ်ကို ကျပ် ၅၀ ပေးရမယ်လို့ တောင်းလာပါတယ်။  ဘယ်တတ်နိုင်မလဲ ပေးတာပေါ့။  အဲဒီတုန်းက အကောင်းဆုံး စတူဒီယို ဆိုလို့ ဦးဘသိန်း တဦးတည်း ရှိတာပဲဟာ။
ပထမ စီးရီးတုန်းက မင်းမင်းလတ် အသံ မပီလို့ စာသားတွေ နားမလည်ဘူး ဆိုတာကြောင့် ဒုတိယ စီးရီးမှာ မင်းမင်းလတ်က စာသားတွေ ပီသအောင် ကြိုးစားပြီး ဆိုတယ်။  ပထမ စီးရီးသွင်းတုန်းက တီးလုံး အသံထွက် အင်အား (၆၀) ရာခိုင်နှုန်း၊ အဆို (၄၀) ရာခိုင်နှုန်း အသုံးပြုထားတာကို အဆို (၅၀) ရာခိုင်နှုန်း၊ အတီး (၅၀) ရာခိုင်နှုန်း ပြုပြင်လိုက်တယ်။
အသံသွင်းပြီး နောက်နေ့ တေးသံသွင်းဆိုင်တွေမှာ သွားပြန်ဖွင့် နားထောင်၊ လူအများ ဝေဖန်မှု ခံလိုက်ရတဲ့ အခါမှာ အများစုက မကြိုက်ကြတာနဲ့ အတီး (၆၀)၊ အဆို (၄၀) ပြန်ဖြစ်အောင် အသံတခါ ထပ်သွင်းကြရပြန်တယ်။
ဒုတိယ စီးရီးထဲက ချောရယ်၊ ကပ္ပလီ၊ ချောကလက်၊ အမွှာညီအမ သီချင်းတွေဟာ အောင်မြင်တဲ့ သီချင်းတွေ ဖြစ်လာတယ်။ ချောရယ် သီချင်း ဆိုရင် ဒီကနေ့ အထိ နေရာပေါင်းများစွာ၊ လူပေါင်းများစွာက နှစ်ခြိုက် အသိအမှတ် ပြုတာကို တွေ့ရှိရပါတယ်။
ချောရယ်၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၁-ဇူလိုင်)
Music Video URL: http://youtu.be/Eu2_1kTG9EU
ဒုတိယ စီးရီး ထွက်ပြီးတဲ့ အခါမှာ ကျွန်တော်လည်း တွံတေးသိန်းတန် အတွက် ဓာတ်ပြား သီချင်းတွေ ရေးနေရတာနဲ့ တွံတေးသိန်းတန်အိမ် အရောက်များပြီး မင်းမင်းလတ် နဲ့ ကင်းကင်းကွာကွာ ဖြစ်လာပါတယ်။  အဲဒီ အခါမှာ မင်းမင်းလတ်က ကျွန်တော့်ကို နည်းနည်း ငြိုငြင်မှု ရှိလာပါတယ်။  သူ ငြိုငြင်တဲ့ အကြောင်းကိုလည်း သူ့ စိတ်ထဲမှာ ရှိတဲ့ အတိုင်း သူကိုယ်တိုင် ရေးသားတဲ့ “မင်းမင်းလတ် နဲ့ မင်းမင်းလတ်” စာအုပ်ထဲမှာ ဒီလို ရေးသားခဲ့ပါတယ်။
“…ဒီကြားထဲ အရင်က အဆိုတော် တွံတေးသိန်းတန် နဲ့ ပြန်တွဲပြီး ဓာတ်ပြားသီချင်းတွေ ရေးတယ်။  ဒီအချိန်ကျတော့ ကိုစိမ်းသူ စတီရီယို ကို နည်းနည်း ရှောင်ချင်သလိုလို၊ နှုတ်ဆက်ချင်သလိုလို စိတ်တွေ မမှန်တော့ဘူး။  သူနဲ့ ကျွန်တော် အနေဝေးတဲ့အတွက် သဘောတရား ရေးရာမှာလည်း အယူလွဲပုံ ပြနေတယ်။  ကျွန်တော်ကတော့ ဘယ်တော့မှ ပုံ မပြောင်းဘူး ဆိုတာ လူတွေ အများကြီး သိပါတယ်။  နေ့တိုင်း လမ်းလျှောက်၊ ဟိုလူ့ ရယ်ပြ၊ ဒီလို့ ရယ်ပြ…”
မင်းမင်းလတ်က သူ့ရဲ့ “မင်းမင်းလတ် နဲ့ မင်းမင်းလတ်” စာအုပ်ထဲမှာ အထက် ဖော်ပြပါ အတိုင်း ကျွန်တော့်ကို သုံးသပ်ထားပါတယ်။  မှန်ပါတယ်။  သူ နဲ့ ကျွန်တော် နဲ့ဟာ သီချင်းစီးရီး နှစ်ခု တပူးတွဲတွဲ လုပ်ကိုင်နေရင်းကနေ ကျွန်တော် ဝမ်းရေးအတွက် ကျွန်တော့် လမ်းကြောင်းပေါ် ကျွန်တော် ပြန်လျှောက်နေတဲ့ ကာလအတွင်း သူ နဲ့ ကင်းကွာ နေမိခဲ့တယ်။
သူက ကျွန်တော်နဲ့ ကင်းကွာနေတဲ့ ဒဏ်ကို ခံနိုင်ဟန် မတူဘူး။ ယောက်ျားချင်း ကျွန်တော့်ကို စွဲလန်းတဲ့ သဘောတွေ ရှိတယ်။  ကျွန်တော့်ကို သိပ်သဘောကျတယ်။  ကျွန်တော် သူ့အတွက်ရေးတဲ့ သီချင်းအရေးအသား ကို နှစ်ခြိုက်ပြီး သူ့ “မင်းမင်းလတ် နဲ့ မင်းမင်းလတ်” စာအုပ်ထဲမှာ ဒီလို ရေးသားခဲ့ပါတယ်။
“… ပုသိမ် မောင်စိမ်းသူ ဆိုတဲ့ ပုဂ္ဂိုလ်နဲ့ ကျွန်တော် ၁၉၆၇ ခုနှစ် မတိုင်ခင်ကတည်းက သိနေကြပြီ။  သူနဲ့ ကျွန်တော့် ကြားမှာ ဖြစ်လာတဲ့ ဇာတ်လမ်းက ရိုးရိုးနေ့တိုင်း လူတွေရဲ့ ဇာတ်လမ်းမျိုးပါပဲ။  ပထမ သီချင်းတွေကို ရေးပေးဖို့ လုပ်တုန်းက သူ အကုန် ရေးပေးတယ်။  ကျွန်တော် သူ့ စာသားတွေကို ဆိုလိုက်တော့ လူ နည်းနည်း ကြိုက်လာတယ်။  ကျွန်တော် နာမည် ထွက်လာတာနဲ့ ကျွန်တော့် စာသားရေးသူကိုလည်း စိတ်ဝင်စားလာကြတယ်။  သူနဲ့ ရေးဘက် တချို့ကတော့ သူတို့ကိုယ် သူတို့ လူလိမ္မာလို့ ကင်ပွန်းတပ်ချင်လို့ ကိုစိမ်းသူကို လူမိုက်လို့ ပြောချင်၊ မြင်ချင်လာကြတယ်။  လောကကြီးမှာ ဘယ်သူမှ မမိုက်ဘူး၊ ဘယ်သူမှ မလိမ္မာဘူး ဆိုတာ မစဉ်းစားမိဘူး ထင်တယ်။  ဒီလို အပြောမျိုး သန့်သန့်ကြားရတော့ ကိုစိမ်းသူ ရှက်တယ်၊ သိက္ခာ ကျတယ်ပေါ့။  ဒါပေမယ့် ဆက်ရေးပါတယ်။  သူတောင့်ထားတယ်။  ယုံကြည်ချက်။…”
မင်းမင်းလတ် ကျွန်တော့် ကို သုံးသပ်ခဲ့တာကို သူ့စာအုပ်ထဲမှာ အထင်အရှား တွေ့ရပါတယ်။
“… သူ စာသား စပ်ပုံ အတွေးအခေါ်တွေကိုတော့ ကျွန်တော် အကြိုက်ဆုံး၊ ဘယ်သူတွေ ဘာပြောပြော ကျွန်တော်နဲ့ ကိုစိမ်းသူ အကြောင်းအရာ တွေက သိပ်ရှင်းတယ်။  သိပ်ပြီး ရိုးသားပါတယ်။  အကွန့်တွေ၊ အတွန့်တွေ တတ်နိုင်သလောက် ရှောင်တယ်။  ‘လိုက်တော့ ပြေးတယ်’ စာသား မျိုးဟာ မှန်သလား။  ကျွန်တော်က ဒါမျိုးတွေ သိပ်ကြိုက်တယ်။  သူနဲ့ ကျွန်တော် သီချင်းရေးကြပြီဆိုရင် အရှင်းဆုံးစကားပြောကြတယ်။  ဒီ စာသား ဖြစ်မလားလို့ မေးရင် ကျွန်တော်က မကြိုက်ဘူး။  ဒါမှမဟုတ် သိပ်ကောင်းတယ်၊ ဆိုကို ဆိုမယ်၊ ဒီလိုပဲ ပြောကြတယ်။  ပြင်ရေးပါ လို့ ပြောရင်လည်း သူ စိတ်မဆိုးဘူး။  မျက်နှာမမဲ့ဘဲ လုပ်တတ်တယ်။  သူရေးပေးတဲ့ စာသားတွေကြောင့် ကျွန်တော် နာမည်ရတယ်။  ကျေးဇူးပဲ ကိုစိမ်းသူရေ…။”
ပုသိမ် မောင်စိမ်းသူ
(ရင်ခုန်သံ မဂ္ဂဇင်း၊ အမှတ် ၁၁၊ နိုဝင်ဘာ၊ ၁၉၉၀)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Min Min Latt, Portraits

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ကြပါစေ …

မိုးမခ လစဉ်ထုတ်မဂ္ဂဇင်း စက်တင်ဘာ ၂၀၁၇ ထွက်ပြီ

မိုးမခမှာ ကြော်ငြာပါ

မိုးမခကို အိမ်အရောက် ပို့ပေးမည်

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ

By

မိုးမခထုတ် မောင်စွမ်းရည်စာအုပ် WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

မိုးမခ သြဂတ်စ် ထွက်ပြီ

By

မိုးမခ သြဂတ်စ် ထွက်ပြီ သြဂတ်စ် ၁၅၊ ၂၀၁၇ ပြည်တွင်း ပြည်ပ ကလောင်ရှင်တွေရဲ့...

Read more »

မိုးမခ ဇူလိုင် ထွက်ပါပြီ …

By

မိုးမခ ဇူလိုင် ထွက်ပါပြီ … (မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၇ မိုးမခ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

Maung Swan Yi Myanmar Now ကချင် ကမ်လူဝေး ကာတွန်း Joker ကာတွန်း OKKW ကာတွန်း ကိုခေတ် ကာတွန်း ဇာနည်ဇော်ဝင်း ကာတွန်း ညီပုချေ ကာတွန်း ညီထွေး ကာတွန်း မိုးသွင် ကာတွန်း သွန်းခ ကာတွန်း ဆွေသား ကာတွန်း ရွှေဗိုလ် ကာတွန်း ရွှေလူ ခက်ဦး စိုးနေလင်း ဆန်ဖရန် ဇင်လင်း ဇာနီကြီး ထက်ခေါင်လင်း (Myanmar Now) ထင်အောင် ဒီလူည နရီမင်း မင်းကိုနိုင် မာမာအေး မိုးသွင် ရခိုင် လင်းခါး လင်းသက်ငြိမ် သွန်းခ အင်တာဗျူး အရှင်စန္ဒိမာ (မွန်စိန်တောရ) အိချယ်ရီအောင် (Myanmar Now) ဦးကိုနီ ကျော်မောင် (တိုင်းတာရေး) ဆောင်းဖြူ နေ၀န်းနီ (မန္တလေး) မောင်စိုးချိန် မောင်ဥက္ကလာ မောင်မောင်လတ် (ရွှေအင်းလေးစာပေ) သောင်းပြောင်းထွေလာ ပြည်တွင်းစစ် ၂၁ ရာစု ပင်လုံ ဖြိုးသီဟချို (Myanmar Now)
ကဏ္ဍများအလိုက် မာတိကာစဉ်