Min Min Latt –

August 20, 2013

မင်းမင်းလတ် လျှောက်ခဲ့ဖူးတဲ့ ခြေတလှမ်း
မင်းမင်းလတ်
(အလင်္ကာ၊ အတွဲ (၁)၊ အမှတ်(၁)၊ အောက်တိုဘာ၊ ၁၉၉၄ တွင် မူရင်း ပုံနှိပ်ခဲ့သည်။
မိုးမခ က မင်းမင်းလတ် ကွယ်လွန်ခြင်း (၁၆) နှစ်ပြည့် (သြဂုတ်၊ ၂၂၊ ၂၀၁၃)
နှစ်လည် အထိမ်းအမှတ် အမှတ်တရ ပြန်လည် တင်ဆက်သည်။)
မင်းမင်းလတ် (၁၉၄၈-၁၉၉၇)  ဓာတ်ပုံ မျှဝေသူ – လူသာကျော်
ဘာလိုလိုနဲ့ သီချင်းဆိုခဲ့တာ (၂၃) နှစ်ကြာခဲ့ပါပြီ။  ဒီနှစ်တွေ ကြားထဲမှာ ဂီတနဲ့ ပတ်သတ်ပြီး မျိုးစုံအောင် သိနေရ၊ ကြားနေရ၊ မြင်နေရပါတယ်။  ကမ္ဘာနဲ့ ချီပြီးပြောရရင် ဘာမှ မတိုးတက်သေးပေမယ့် ကျွန်တော်တို့ရဲ့ ဗမာ အမြင်နဲ့ပြောရရင် တော်တော်ကလေး ပြောင်းလဲ လာနေပါပြီ။
ဗမာ့ ဂီတပြင်ဟာ လက်ဆင့်ကမ်း ပညာပေးတာတွေ နည်းနေတယ်။  ဒါကြောင့် ကျွန်တော် ဂီတရဲ့ တခြား ကဏ္ဍတွေ အကြောင်းမပြောဘဲ လက်ဆင့်ကမ်း ပညာရပ်အနေနဲ့ ကျွန်တော် ဖြတ်ကျော်ခဲ့တုန်းက အတွေ့အကြုံလေးတွေကိုပဲ ပြောပါရစေ။
ကျွန်တော် ပြောတဲ့အချိန် (၂၃) နှစ် ဆိုတာ က ၁၉၇၁ ကို ပြောတာပါ။  အဲဒီအချိန်မှာ မြန်မာသံ ရိုးရိုး ကနေ ခွဲထွက်ပြီး ခေတ်ဆန်လာတဲ့ သီချင်းတွေအများကြီးရှိနေပါပြီ။  အင်္ဂလိပ်သီချင်းကို Copy ဆိုတာ တွေလည်းရှိနေပါပြီ။  (ဥပမာ – ဝင်းဦးရဲ့ သီချင်းများ)
ဒီ့ပြင် အများကြီးပေါ့လေ။  “တိမ်ပြာသောနေ့တနေ့” တို့၊ “ဂျိမ်းဖောပွဲတော်”၊ “ခေါက်ထီးလေး”၊ “ရည်းစားလိုချင်တယ်”၊ အဲဒါမျိုးတွေ အများကြီး ပေါ်နေပါပြီ။  ဒါပေမယ့် “စတီရီယို” ဆိုတာတော့ မပေါ်သေးပါဘူး။
အဲဒီလို ပြောတော့ “စတီရီယိုဆိုတာ ဘာ ကိုသတ်မှတ်တာလဲ” တွေ ဘာတွေလာ မငြင်း ကြပါနဲ့ဦး။  “စတီရီယို” ဆိုတာ ကို ထပ်ရှင်း မပြတော့ပါဘူး။  ဘာလို့လည်း ဆိုတော့ အားလုံး နားလည်ပြီးသားဖြစ်လို့ ရှုပ်အောင် ထပ် မရှင်းချင်တော့ပါဘူး။
တခုပဲ ပြောစရာရှိတယ်။  စတီရီယိုရှေ့ပြေးတို့၊ မိုနိုအပျက် တို့ အဲဒါကိုပဲ ခင်ဗျားတို့ ဘာသာ ရှင်းကြပါ။
ကျွန်တော် သီချင်းဆိုခါနီး အချိန်မှာ ကမ္ဘာကြီးမှာ Rolling Stones တို့၊ Cream တို့၊ Beatles တို့နဲ့ ကမ္ဘာကြီးရဲ့ ဂီတပြင် တခုလုံးဟာ တုန်လှုပ် ပြောင်းလဲလို့ နေပြီ။  ဝတ်စားဆင်ယင်မှု တွေလည်း ပြောင်း၊ ဆံပင်ပုံစံ တွေလည်း ပြောင်း၊ စိတ်ဓာတ် တွေလည်း ပြောင်းနေပြီ။  ဂစ်တာ ခေါက်ပြီး လမ်းထိပ် အော်နေတဲ့ အချိန်ကနေ အဲဒီ ကမ္ဘာကြီးရဲ့ “ဝုတ်ခနဲ” ပြောင်းလဲသွားတာ ကိုလည်း ကျွန်တော်တို့ ဗမာပြည် ကဘယ်သူမှ မသိကြဘူး၊ ပြောင်းလဲလာတဲ့ ဂီတကိုလည်း ဘယ်သူမှ မသိကြဘူး၊ ဘယ်သူမှ မသိကြဘူးဆိုတဲ့ အနက်အဓိပ္ပာယ်က တချို့သိတယ်လို့ ပြောတာပါ။
အဲဒီတချို့ သိတဲ့ လူထဲမှာ ကျွန်တော်လည်း နည်းနည်းပါးပါး ပါခဲ့ပါတယ်။  ခုခေတ်လို ခေတ်မီအောင် ဆိုင်ပြေးပြီး ဇော်ဝင်းထွဋ် အခွေပေးပါ၊ ပိုးဒါလီ အခွေပေးပါ ဆိုပြီး ဝယ်လို့ မရပါဘူး။  သီချင်းဆိုတာ (အင်္ဂလိပ် သီချင်းကို ပြောတာ) ဒီနေ့ ဗမာ့ အသံ အင်္ဂလိပ်ပိုင်းက အခု စာရေးချိန် အထိလာ နေသလိုပဲ နှစ် (၅၀)၊ နှစ် (၁၀၀) သီချင်းပဲ ကြားနေခဲ့ရတာ။  ကျွန်တော်တို့ အဲဒီ ၁၉၇၁ အချိန်တွေမှာ သီချင်းအသစ်ဆိုတာ ရှားပါးကုန်ပဲ။
အဲဒီအချိန်တုန်းက ခေတ်အမီဆုံး၊ အဖြစ် နိုင်ဆုံး ကြားနိုင်တဲ့ သီချင်းကတော့ ဦးအံ့ကြီး သီချင်းပါ။  ဦးအံ့ကြီးလည်း ကောင်းပါတယ်။  ဒါပေမယ့် စတီရီယို သီချင်းမဟုတ်သေးဘူး။  RollingStones တို့၊ Beatles တို့ မပေါ်ခင်က Presley တို့၊ Cliff Richard တို့၊ Ricky Nelson တို့ ဆိုတာလည်း ရှိခဲ့တာပဲ၊ အများကြီးပေါ့ဗျာ။  Presley လည်း Rock ပါပဲ။  ဒါပေမယ့် မတူပါ။
လာပါ၊ ဗမာပြည် ပြန်သွားကြပါစို့ ။
ကျွန်တော် သီချင်းဆိုခါနီး အချိန်မှာ ဗမာပြည်မှာ Open-reel Tape လို့ ခေါ်တဲ့ တိပ်ခွေ
ကြီးပဲ ရှိပါတယ်။ Cassette ဆိုတာ ဗမာပြည်ကို မရောက်သေးပါဘူး။ လက်ဖက်ရည်ဆိုင် တွေကလည်း အခုမှ လမ်းဘေး ပလက်ဖောင်းဘေးတွေပေါ်မှာ ပေါ်လာတာကိုး။
သီချင်းနားထောင်ချင်ရင် ဘာ လုပ်မလဲ။  သီချင်းအသစ်ကို ပြောတာနော်။
ဘယ်မှာမှ မရှိဘူး။  Radio ပဲရှိတယ်။
Radio နဲ့ နိုင်ငံခြားကို လှမ်း ဖမ်း နားထောင်ရတာပါ။  ခုခေတ်လို အရင်တုန်းက ဗမာပြည်မှာ နိုင်ငံခြားပြန် ဆိုတာလည်း ဖောဖောသီသီ မရှိဘူး။  ဒီတော့ နိုင်ငံခြား သီချင်းဆိုလို့ အသစ်ကို ကြားချင်ရင် ရေဒီယိုကိုပဲ ဖမ်း နားထောင်ခဲ့ပါတယ်။  ရေဒီယိုဆိုတော့ သိတဲ့အတိုင်း အသံက လေလှိုင်းသံများတော့ သီချင်းတပုဒ်ရဲ့ သံစဉ်ကိုရော၊ ဂီတကိုရော၊ စာသားကိုပါ နားထောင် ရတာ အရမ်း ခက်ခဲပါတယ်။  ကျွန်တော် ကတော့ ဒီလိုပဲ သီချင်းအသစ်တွေ နောက်ကို လိုက်ခဲ့ပါတယ်။
ခုပြောနေတာတွေက သီချင်းအသစ် နောက်ကို ဘယ်လိုလိုက်တယ်ဆိုတာ ကိုပြောနေတာနော်။  ကျွန်တော်သီချင်း မဆိုရသေးဘူး။  ဆိုချင်ရင် ခုခေတ်လို မလွယ်ဘူး။  ဘာမှ မလွယ်ဘူး။  ဂစ်တာကြိုး (Electric) တချောင်းကအစ၊ ဂစ်တာတို့၊ Drums တို့၊ Recording စက်က အစ ဘာဆို ဘာမှ မရှိသေးတဲ့ အကြောင်းတွေ နောက်ကျမှ ပြောမယ်။
စောစောက ပြောသလို ကျွန်တော် နားထောင်နေကျ သီချင်းတွေ အများကြီးထဲကနေ သီချင်း (၁၀)ပုဒ် လောက်ကို ရွေးလိုက်တယ်။  အဲဒါကို စာသားတွေ ထည့်တယ်ပေါ့။  Tune ကို အတိအကျ သိပေမယ့် Music ကို ကျွန်တော်တို့ မသိခဲ့ကြပါ။  အတိအကျလဲ မတီးနိုင်ခဲ့ကြပါဘူးလေ။
အပြိုင်အဆိုင် ကျွန်တော့်မှာ တယောက်မှ မရှိခဲ့ဘူး။  ထွန်းနောင်တို့ ဆိုတာကလည်း ကျွန်တော့်လို ဒါရိုက် Copy မဟုတ်ဘူး မဟုတ်လား။  အုန်းကျော် ဆို ဝေလာ ဝေးပဲ။  တချို့က အဲဒီလို ပြောရင် ကြိုက်မှာ မဟုတ်ဘူး။  ဒါပေမယ့် အဲဒီလို အချိန်တုန်းက ကျွန်တော့်ရဲ့ သီချင်းသံ ကြားတော့ အကုန်လုံး စိတ်ညစ်သွားကြတယ်၊ လန့် သွားတယ်။
အဲဒီ နှစ်အစိတ် နီးပါးတုန်းက ကျွန်တော့်ရဲ့ ကြော်ငြာပါပြီးတော့ နောက်ဆို စတီရီယို ကြော်ငြာဆို အကုန်ပိတ်တော့တာပဲ။  အဲဒီတုန်းက တခုတော့ ချောင်တယ်။  စာသားတွေကို ဘယ်သူမှ ပြစရာမလိုပါဘူး။  စာသားက တော့ လွတ်လပ်ပါတယ်။ ဘာရေး ရေး ရပါတယ်။  ထုံးစံအတိုင်း ကျွန်တော်တို့ ဘက်က နိုင်ငံရေး ကင်း ရတာပေါ့လေ။
စတီရီယို ဆိုတာ ဘာမှန်းမသိသေးတဲ့ အချိန်ဆိုတော့ တေးရေးဆရာရှာပြီး စာသား ထည့်ရတာက အစ ခွကျလှပါတယ်။  တေးရေးဆရာကလည်း ခုခေတ်လို မပေါများပါ။  အဲဒီတော့ ကျွန်တော် တွေ့ထားတဲ့ တေးရေးဆရာ၊ ကဗျာဆရာ ပုသိမ်မောင်စိမ်းသူ ကို အတင်း ခေါ်၊ အတင်း ဆွဲပြီး၊
အတင်း ရေးခိုင်း ခဲ့ရတယ်။
ဖတ်ပြီးမှတော့ မထူးရင် သည်းညည်း ခံဆက် ဖတ်ကြပေတော့။  ကျွန်တော်လည်း စောစောကလို အတင်းခေါ်၊ အတင်းရေး ခိုင်းလို့ ရေးနေရတော့ စာတွေကလည်း ဟိုရောက်၊ ဒီရောက် ဖြစ်နေမှာမို့ပါ။ Sorry နော်။  စာမရေးတာဆိုရင်လည် ၂၃၊၂၄နှစ် လောက်ရှိပြီ။  ထားပါတော့။
ထုံးစံအတိုင်း ပထမသီချင်းရှာတယ်။  ပြီးတော့ စာသား ရေးတယ်။  ပြီးတော့ တီးဝိုင်း ဖွဲ့တယ်။  ခုခေတ်လို Emperor ကို ငှား၊ Iron Cross ကိုငှား၊ ထရမ်းပက် ဝင်းဦး ကိုငှား၊ အဲဒီလို လုပ်လို့ မရဘူး။  လုပ်ရင် ဘာဖြစ်လဲ၊ သိလား။  လုပ်ရင် ကျွန်တော် လိုချင်တဲ့ အသံမထွက်နိုင်ဘူး။  ဒါကြောင့် တီးဝိုင်း က အစ ကိုယ့်ဟာကိုယ် ထောင်ရတယ်၊ လူလိုက်စုရတယ်၊ သိပြီးသား ထဲကရယ်၊ ထပ်လိုတဲ့ Guitar သမား၊ Drums သမားတွေကို ဟိုမေး၊ ဒီမေးနဲ့ စုရတယ်။  ဒီလိုပဲ ပေါ့လေ။
လူစုလို့ ရတော့ တီးဝိုင်းဖြစ်ပြီပေါ့။  တီးဝိုင်းဖြစ်မှ ကျွန်တော် သီချင်းတွေဆိုမယ်။  တီးကြမယ် ဆိုကြမယ်ပေါ့။  နာမည် ကြီးမယ့် အလုပ်ဆိုတော့ အားလုံးကလည်း မညည်း မညူ လုပ်ပေးကြပါတယ်။  လုပ်ပေးတယ်ဆိုတာ သီချင်းတိုက်တာ ကိုပြောတာပါ။  အဲဒီနှစ် (၂၀) ကျော်တုန်းက ဗမာပြည်မှာ Electric Guitar ဆိုတာ ဗမာ ဖြစ်တွေတော့ စပြီး လုပ်နေကြပါပြီ။ တပြည်လုံး ရှိမှ သုံးလေးလုံး ပေါ့။
ဒီတော့ ကျွန်တော်တို့ အများ ပြည်သူတွေကတော့ ကိုယ် ကိုယ်တိုင်လုပ် ElectricGuitar တွေကို ထွင်ကြတယ်။  ကိုယ်တိုင် လုပ်ဆိုတာလည်း ကိုယ် ကိုယ်တိုင် ကိုက လက်သမားမဟုတ်တော့ သစ်ဝယ်၊ ပုံစံဆွဲ၊ လက်သမား ဆရာ ဆီမှာ အပ်ပေါ့၊  ပြီးတော့ ကားဆေးမှုတ်တဲ့ နေရာမှာ ဒီ သစ်သား ဘော်ဒီကြီးကို ဆေးမှုတ်၊ သိပ် ပျော်စရာကောင်းတယ်။  ပြီးတော့ Electric Guitar ဆိုတာမှာ ပါတဲ့ Pick-up ဆိုတာကို Radio ပြင်တဲ့သူတွေဆီမှာ သွားပြီးပတ်ရတယ်။  ပတ်တာက အစ လိုအပ်တဲ့သံလိုက်တုံး ကို ရှာရတာ ခက်ခဲခဲ့တယ်။  ခုခေတ်တော့ သူတို့ကို ပြောရင် Electric Guitar တလုံး ရှာပေးပါဆိုရင် တနေရာက နေ ဖတ်ခနဲ ငှားပြီး လာပေးလိမ့်မယ်။  ဘယ်သူ ကမှ ဂစ်တာ တလုံးကို အစ၊ အဆုံး လုပ်ကြတော့မှာ မဟုတ်ဘူး။  ဗမာပြည်မှာ လုပ်တာ ဆိုတော့ ပစ္စည်းကတော့ နိုင်ငံခြားကို ဘယ်မီမလဲ၊ ခပ်ညံ့ညံ့ပေါ့။  အသံကလည်း မကောင်း၊ လက်ကွက် တွေက လည်း ဖိရင် နာသေးတယ်၊ အစုံပါပဲ။
ကျွန်တော်တို့ လှမ်းခဲ့တဲ့ ခြေလှမ်းတွေက ကြမ်းတမ်းခဲ့ပါတယ်။  စတီရီယို အစပိုင်း ဘယ်သူ့ ကို မေးမေး ခက်ထန်ခဲ့ပါတယ်။  အဲ့ဒါကလည်း ဟိုတုန်းက ပြောပြီးခဲ့ပါပြီ။  ခုလို ပြန်ပြောရတော့လည်း ပြန်ပြီး သတိရ ပျော်ရွှင်နေခဲ့ရပြီ။
ခက်ခဲခဲ့တာတွေ အများကြီးပါ။  စောစောက Guitar လိုပဲ၊ လေးကြိုးတပ် Bass Guitar ဆိုတဲ့ ပြဿနာက ပိုလို့ ကြီးခဲ့တယ်။  လေးကြိုးသာ ပြောတယ် အဲဒီလေးကြိုးကို ဘယ်လို လုပ် ပြီးရမလဲ။  ဖြစ်သလို ကျွန်တော်တို့ စဉ်းစားပြီး အကောင်းဆုံး ထင်တဲ့ စန္ဒယားကြိုးတွေကို ရှာထည့်ခဲ့ကြတယ်။  ဘယ်သူ့ ကိုမှ သွားမေးလို့ ရမှာမဟုတ်ဘူးလေ။
ကျွန်တော်တို့ ဟိုကြောင့်၊ ဒီကြောင့်နဲ့ ဟော.. ခုတော့ ဂီတပြင်ကြီးက တယ်ဟုတ်နေပြီ။  CD တွေထွက်၊ အသင့်သွင်းပြီး Cassette တွေထွက်၊ ရောင်းတဲ့လူက ရောင်း၊ ဝယ်တဲ့ လူကဝယ်၊ ဖွင့်တဲ့လူကဖွင့်၊ ဒီကြားထဲခိုးတဲ့လူကတော့ ဟိုတုန်းက တည်းက ရှိခဲ့တာပေါ့လေ။  သီချင်းတပုဒ်ကို ဘယ်လောက်ဆိုပြီး အခု Producer တွေက ဝယ်တာမဟုတ်ဘူး။  သီချင်းတခွေကို ဘယ်နှစ်သိန်းဆိုပြီး ဝယ်နေကြပြီ။
ကျွန်တော်တို့ တုန်းကတော့ သီချင်းတပုဒ် ဘယ်လောက်၊ ဆယ်ပုဒ်ဆိုရင်ဘယ်လောက်ပေးပါ ဆိုပြီး ရောင်းခဲ့တယ်။  အဲဒီအချိန် အမြင့်ဆုံးဈေးက တပုဒ် (၅၀) ကျပ်ရတယ်နော်၊ မဆိုးဘူး။  ဘာလို့လဲ ဆိုတော့ ရွှေတကျပ်သား ဝယ်ရင် (၄၅၀) ပဲဆိုတော့ ဈေးနည်းတယ် ပြောလို့ ဘယ်ရမလဲ။
ဂစ်တာ တီးတာကို သရုပ်ပျက် ဆိုပြီး အများ လက်ခံခဲ့တာ နှစ်ပေါင်း (၆၀-၇၀) ကြာပြီ ဆိုတော့ တော်တော် ကြာပြီပဲ။  အဲဒီ လူကြီး တွေကို လက်ခံဖို့ တဖြည်းဖြည်း လေ့ကျင့် ပေးခဲ့တာလည်းမရဘူး။  ဒါကြောင့် ကျွန်တော်တို့ ကိုယ်တိုင် နေရာဝင်ယူပြီး လက်ခံပေးမှ ခင်ဗျားတို့နေရာရလာကြတာပါ။  ရှုပ်ပါတယ်။  ခုခေတ် အကြောင်း ပြောရတာ အရသာမရှိဘူး။
အဲဒီတုန်းက တီးဝိုင်းမှာ လိုတဲ့ Drum Set ဆိုတာ တကယ့်ကို ရှားတယ်၊ ဂစ်တာထက်ပိုရှားတယ်။  ဗမာဖြစ် နဲ့ ကလည်း အသံထွက်တွေက မဖြစ်ဘူး။  ငှားတဲ့နေရာဆိုတဲ့ ဌာန ကလည်း အဲဒီတုန်းက မရှိသေးဘူးလေ။  တရုတ် မသာ ပွဲတွေမှာ တီးတဲ့ Drum ကတော့ မသင့် တော်ဘူး။
ခဏလောက် နားဦးမယ်၊ အားလုံး လျှောက်ရေးနေရင် နှစ် (၄၀) ကျော်စာ ဇာတ်လမ်းဆိုတော့လည်း ပြီးမှာမဟုတ်ဘူး။  ဒါကြောင့် နောက် တခါ ထပ်တွေ့ ရင် ပြောကြ၊ ရေးကြ သေးတာပေါ့။
“၂၇၊ မေ၊ ၁၉၇၁” ထွက်ရှိခဲ့သည့် မင်းမင်းလတ် ၏ ပထမ တေးစု ပါ တေးသီချင်း တချို့
(သီချင်းအများစုမှာ ၁၉၇၁ ခေတ်ကာလ နိုင်ငံတကာ တွင် အသစ်ဖြစ်၊ ထိပ်တန်းရောက် Hit ဖြစ်နေသည့် သီချင်း အသစ်၊ ဂီတ ပုံစံ အသစ်များသာ ဖြစ်သည်။)
မူယာမာယာမိုး၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၁-မေ)

Original English Song: I’ll be there by Jackson 5 (1970, Aug).
Music Video URL: http://youtu.be/Wlsofmz1RYI
အိမ်လိုက်ခဲ့ပါရည်းစားချော၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၁-မေ)

Original English Song: Knock Three Times by Dawn (1970, Nov).
Music Video URL: http://youtu.be/hMeD2q1WoqU
ဆံရှည်မလေး၊ တေးရေး – ပုသိမ်မောင်စိမ်းသူ၊ တေးဆို – မင်းမင်းလတ် (၁၉၇၁-မေ)

Original English Song: Have You Ever Seen the Rain by CCR (1971, January).
Music Video URL: http://youtu.be/yb_jUnhncRM


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
No tags for this post.

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Min Min Latt, Portraits

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခမာတိကာစဉ်

%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

 ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ

By

ဦးခင်မောင်လတ်(MA) နဲ့ ဒေါ်ခင်မျိုးချစ် – အင်္ဂလိပ်စာတတ်လိုသော် စာအုပ် ထွက်ပြီ (မိုးမခ) ဖေဖော်ဝါရီ ၅၊...

Read more »

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ 

By

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ  မိုးမခစာပေက ထွက်ပါပြီ။...

Read more »

ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ

By

  ရခိုင်ပြည်မြောက်ပိုင်းအရေး မိုးမခဆောင်းပါးများ ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၇ ယခုစာအုပ်မှာ...

Read more »

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ

By

မိုးမခမဂ္ဂဇင်း နောက်ဆုံးထုတ်ကို WE မှာ ဝယ်ပါ (မိုးမခ) စက်တင်ဘာ ၂၀၊ ၂၀၁၇...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်