
လင်းသစ်နီ ● အခန်းကျဉ်းထဲက ကမ္ဘာ (မိုးမခ) မတ်လ ၁၂၊ ၂၀၁၈ ပြတင်းပေါက်တည့်တည့်ပေါ် မိုးခါးရေလိုက်သောက်နေတဲ့အရိပ်က ဘယ်သူ့အသက်ရှူစိတ်များလဲ မီးလောင်နေတဲ့တံခါးကို အမှောင်ထဲမှာပြန်ချောင်းကြည့်တော့ မျှော်လင့်ချက်ငွေ့ငွေ့က ယိမ်းနွှဲ့လို့ စာနာမှုတွေ ပြန်စာမလာဘူး ဒီမှာတော့ တကိုယ်ရေအသံက ကျဉ်းကျပ်လို့ သေသွားတဲ့ဝါကျတကြောင်းကိုရယ်မော တွန့်ကြေနေတဲ့အတိတ်ကို အဝတ်စအစုတ်လေးနဲ့ပွတ်တိုက် နေ့အထပ်ထပ်ညထဲ ပိတ်လှောင်ထားဆဲပါတဲ့ ရယ်သံတွေကိုကျားကန်ဖို့ အရက်တစခွက် တောက်တချက်နဲ့ အနာဂါတ်ကို သွေးအေးတိတ်ဆိတ်ပေးရတာ ဝင်္ကပါ အိမ်မက်ထဲ ဘယ်လိုဘာသာစကားများလဲ စိတ်ကူးတွေသက်တန့်မြစ်ကိုခူးဖို့ ကိုယ့်နှလုံးသားထဲကအသံ ပြန်မကြားရတာလည်းဝေဒနာတစ်ခန်းရပ်ပါပဲ ပျော်ချင်ယောင်ဆောင်ရင်းရူးလို့ ရူးချင်ယောင်ဆောင်ရင်း ပျော်ရွှင်နေရတာ အသွေးအသားတွေက ဗြိစ္ဆရာသီဖွားလိုဖြစ်ခဲ့ရပါကြောင်း။ လင်းသစ်နီ Tags: လင်းသစ်နီ
Recent Comments