မိုးမခမှာ ကူညီပါ

စေတနာရှင်များ၊ မိတ်ဆွေများ သို့ …

 

၂၀၀၃ ဧပြီက စတင်သည့် မိုးမခစာနယ်ဇင်းအဖွဲ့သည် ကိုယ်ထူကိုယ်ထ စေတနာဝန်ထမ်းများနှင့် ဆောင်ရွက်ခြင်းဖြစ်သည်။ မိမိ၏ ကာယ၊ ဉာဏနှင့် ငွေကြေးတို့ စိုက်ထုတ်ပြီး မြန်မာပြည် ဒီမိုကရေစီရေး၊ တရားမျှတလွတ်လပ်မှုနှင့် လူ့အခွင့်အရေးတို့ကို ဦးတည်သော စာနယ်ဇင်းအလုပ်များ ထုတ်လုပ်ဖြန့်ချိခြင်း ဖြစ်သည်။ အခါအားလျော်စွာ စုဆောင်းရရှိသော ငွေကြေး၊ ပစ္စည်းနှင့် နည်းပညာတို့ကို မိမိတို့နှင့် အကျိုးတူမိတ်ဆွေများကို ကူညီလှူဒါန်းမှုများ ဆောင်ရွက်သည်။ မိုးမခ ၀ိုင်းတော်သားများတွင် မိုးမခလုပ်ငန်းက တိုက်ရိုက်ပေးသော လစာနှင့် အကျိုးအမြတ်ခံစားခွင့် လုံးဝမရှိပေ။ ထိုလုပ်အားကို အလှူအဖြစ် အားထုတ်ဆောင်ရွက်ခြင်း ဖြစ်သည်။

 

မိုးမခမှာ ကူညီပါ - စာမူရှင်များ၊ သတင်းသမားများ

 

          စာမူရှင်များနှင့် သတင်းသမားများက စာမူများကို အတတ်နိုင်ဆုံး လှူဒါန်းခြင်းဖြစ်ပါသည်။ စစ်အာဏာရှင်တို့ကို သပိတ်မှောက်သူ စာနယ်ဇင်းသမားများနှင့် မိသားစုတို့ကို အားပေးကူညီသည့် စာမူခများမှာ စာမူတခုလျင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၅ မှ ၁၀ ဒေါ်လာနှင့် တနှစ်စာအဖြစ် အနည်းဆုံး အမေရိကန် ဒေါ်လာ ၁၀၀ မှ ၂၀၀ အထိသာ ပေးနိုင်သေးသည်။

စာမူနှင့် သတင်းလှူသူ ပညာရှင်များအနေဖြင့် မိမိတို့ရမည့်စာမူခတို့သည် ထိုအားပေးကူညီမှုရန်ပုံငွေအတွင်း ထည့်သွင်းသုံးစွဲခြင်း ဖြစ်သည်ဟု မှတ်ယူစေလိုပါသည်။

 

မိုးမခမှာ ကူညီပါ - စာဖတ်သူများ၊ မိုးမခချစ်သူ ပရိသတ်များ

 

          စာဖတ်သူများ၊ မိုးမခချစ်သူ စာဖတ်ပရိသ်များ၏ ၀ိုင်းဝန်းအားပေးဖတ်ရှုမှုများကြောင့်သာ မိုးမခ စာနယ်ဇင်းအဖွဲ့၏ အလုပ်များ၊ စာတမ်းများ၊ သတင်းများ ကမ္ဗည်းတင် မှတ်ကျောက်တင် ခံနိုင်ခြင်း ဖြစ်ပါသည်။ စာဖတ်သူ ချစ်သူပရိသတ်တို့၏ သဘောဆန္ဒနှင့် ခံစားချက်၊ အတွေးအမြင်တို့ကို မိုးမခက ထပ်ဟတ်နိုင်ခြင်း၊ တင်ပြနိုင်ခြင်း၊ ဝေမျှနိုင်ခြင်းတို့ကြောင့် မိုးမခစာနယ်ဇင်းအနေနှင့် ရပ်တည်နိုင်ခြင်းဖြစ်ပါသည်။

မိုးမခချစ်သူ ပရိသတ်များ၊ စာဖတ်သူများက မိုးမခ စာနယ်ဇင်းထုတ်ဝေဖြန့်ချိမှုတို့ကို တယောက် တလက်ဖြင့် တဦးဆီမှ တဦး လက်ဆင့်ကမ်းခြင်း၊ ထပ်ဆင့်ဖြန့်ဝေခြင်း၊ တိုက်တွန်းနိုးဆော် ကြော်ငြာပေးခြင်းဖြင့် ၀ိုင်းဝန်းစောင့်ရှောက်ပေးစေလိုပါသည်။

 

မိုးမခမှာ ကူညီပါ - မိုးမခ မိတ်ဆွေများ၊ စေတနာရှင်များ

 

          မိုးမခ စာနယ်ဇင်းလုပ်ငန်း ယခုထက်ပိုပြီး ရေရှည်ဆောင်ရွက်နိုင်အောင်၊ လုပ်ငန်း၏လိုအပ်နေသောနေရာများ၊ လူများ၊ အသိုင်းအ၀ိုင်းများကို ဆက်လက်၍ ပိုမိုပြီး ကူညီ အားပေး ဆောင်ရွက်နိုင်အောင် စေတနာရှင်များက ကာယအား၊ ဉာဏအား၊ ပညာအား၊ မိတ်သင်္ဂဟအား၊ ငွေကြေး အကူအညီအားတို့ဖြင့် ၀ိုင်းဝန်းအားပေးကြရန်လည်း မေတ္တာရပ်ခံလိုပါသည်။

          မိုးမခမိတ်ဆွေတို့၏ အကူအညီသည် မိုးမခ၏ စေတနာ့ဝန်ထမ်းလုပ်ငန်း ရှေ့ဆက်တိုးမည့် ခြေလှမ်းတိုင်းအတွက် အလှူဒါန ဖြစ်သည်။ မြန်မာပြည်၏ ဒီမိုကရေစီရေး အများဝိုင်းဝန်းသည့် စေတနာဝန်ထမ်း အသင်းအဖွဲ့အလေ့အကျင့်တခု၏ မှတ်ကျောက် ခြေရာလည်း ဖြစ်သည်။ မြန်မာပြည်တွင် နေရာဒေသ၊ ကဏ္ဍအသီးသီး၊ ဒေါင့်အသီးသီးတွင် ပေါ်ထွန်းလာမည့် ဇရပ်အများကြီးထဲက ဇရပ်တခုကို ကူညီသလိုမျိုး ဖြစ်ပါသည်။

          ဖြစ်နိုင်လျင်တော့ ကြွယ်ဝချမ်းသာပေါက်ရောက်သည့် အဖွဲ့အစည်းကြီးများထံက အလှူငွေများ၊ အထောက်အပံ့များနှင့် မိုးမခ စာနယ်ဇင်းလုပ်ငန်းကို မရပ်တည်ချင်ပါ။ မိုးမခမိတ်ဆွေ စေတနာရှင်တဦးချင်းစီက တယောက်တလက်ဝိုင်းဝန်းကြသည့် ငွေကြေးအကူအညီတို့ဖြင့်သာ ယခုစာနယ်ဇင်းအလှူအလုပ်ကို ဆောင်ရွက်လိုပါသည်။ ယခုအချိန်အထိ မိုးမခရပ်တည်နိုင်ခြင်းမှာလည်း စေတနာရှင် ပညာသည်များ၊ သတင်းသမားများ၊ ၀ိုင်းတော်သားများနှင့် ချစ်ပရိသတ်အများ၏ အားပေးကူညီထောက်ပံ့မှုက အဓိကကျပါသည်။

          အားလုံးဆီကလာသည့် စေတနာမိုးရေစက်တို့ဖြင့် မိုးမခစာနယ်ဇင်းလုပ်ငန်း စမ်းချောင်းလေးအဖြစ် စီးဆင်းချင်ပါသည်။ မိုးမခကို ကူညီပါ။

 

မိုးမခကို ကူညီပါ - ဆက်သွယ်ရန်

 

          မိုးမခကို အမေရိကန်ပြည်ထောင်စုတွင် အကျိုးအမြတ်မယူသည့် ပရဟိတ စာနယ်ဇင်းလုပ်ငန်းအဖြစ် မှတ်ပုံတင်ထားပါသည်။ ၂၀၀၄ အောက်တိုဘာကစ၍် သူတို့နိုင်ငံအခေါ် 501 (C) 3 အဖြစ် သတ်မှတ်ခြင်းခံထားရပါသည်။ ထို့အတွက် နှစ်စဉ် ရ-သုံး စာရင်းရှင်းတမ်းကိုလည်း တင်ပြလျက်ရှိပါသည်။ မိုးမခကို လှူဒါန်းသမျှကို အမြတ်ခွန်လွတ်ခွင့်ရှိကြောင်း ဥပဒေအရ သတ်မှတ်ထားသည်ဟု ဆိုပါသည်။

          ဆက်သွယ်ရန်မှာ -  MoeMaKa, PO Box 320-207, San Francisco, CA 94132-0207, USA ဖြစ်ပါသည်။ ဘဏ်စာရင်းအရ ငွေလွှဲလျင် - MoeMaKa သို့ဟူ၍ လိပ်မူနိုင်ပါသည်။

          ဖြစ်နိုင်လျင် - မိုးမခ စာနယ်ဇင်းသို့ ပုံမှန် ဆက်သွယ်လှူဒါန်းသည့် “မိုးမခ၏ စေတနာရှင်မိတ်ဆွေများ” ဟူသည့် စာရင်းကို ကမ္ဗည်းရေးထိုးပြီး “ကောင်းမှုစာမျက်နှာ” တခုလောက် များမကြာမီအတွင်း တင်ဆက်လိုက်ချင်ပါသည်။

 

         

(မိုးမခ။ မတ် ၂၇၊ ၂၀၀၉။ တော်လှန်ရေးနေ့)