မာတိကာ
Tuesday, 09 February 2010
 
 
Main Menu
မာတိကာ
မျက်မှောက်ရေးရာ
လူမှုရှုခင်း
စာပဒေသာ
သောင်းပြောင်းထွေလာ
သမိုင်းနှင့်အစဉ်အလာ
ပင်တိုင်များ
တင်မိုး
ကြေးမုံဦးသောင်း(အောင်ဗလ)
မောင်စွမ်းရည်
မောင်သာရ
မာမာအေး
ဝင်းဖေလက်ရာများ
ဇာဂနာ့ အခန်း
အောင်ဝေး စာ
မိုးမခအခြားပင်တိုင်များ
မိုးမခ - ၀န်ဆောင်မှုများ
ရွာဆော်ကြီးပြက္ခဒိန်
မိုးမခ စုတုပြု
မိုးမခ - ရုပ်သံဘဏ်တိုက်
မဂ္ဂဇင်းဂဵာနယ် - ဒိုင်ဂဵက်
မိုးမခ - စေဵးဆိုင်
မိုးမခမှာ ဖုံးခေါ်ပါ
မိုးမခ မြန်မာလမ်းညွှန်
မိုးမခ e စာကြည့်တိုက်
မိုးမခ အထူး
၂၀၀၈ နာဂစ်အရေးအခင်း
၂၀၀၇ သံဃာ့အရေးတော်ပုံ
လုထုဒေါ်အမာ ၉၃ နှစ်
၈၈ အရေးတော်ပုံ
ဗိုလ်ချုပ်အောင်ဆန်း
ဟံသာဝတီဦးဝင်းတင်
ဒေါ်အောင်ဆန်းစုကြည်
မေလရဲ့မိုးစက်များ
၂၀၀၇ သင်္ကြန်
Other MoeMaKa
Burmese Helping Burmese
MoeMaKa Dot Org (English)
MoeMaKa Dot Net (Videos)
MoeMaKa Blog Spot
MoeMaKa Word Press
MoeMaKa Dot Info
MoeMaKa e Newspaper PDF
MoeMaKa Face on the Book
Be One of MoeMaKa
မိုးမခမှာ ဈေးဝယ်ပါ
Who's Online
We have 35 guests online
မိုးမခနဲ့အတူ
MoeMaKa Heling Burmese

အလခြံကိုယ်စားလယ်ြမဵား၏ ပန်ုကားခဵက်

အခမဲ့ အီးမေးသတင်းလွှာ

သင့်စာတိုက်လိပ်စာသိုႚ အရောက် နေႚစဉ် ပိုႚပေးပၝမည်။






မိုးမခမှာ ဖုံးခေါ်ပါ
 
 /></a> </div><div align=
Than Soe Hlaing - Nargis Story - 8 Print E-mail
User Rating: / 0
PoorBest 
မိုးမခ အထူးအစီအစဉ် - နာဂစ်အရေးအခင်း
Monday, 13 July 2009

သတင်းထောက်တဦး၏ နာဂစ်ဒိုင်ယာရီ - ၈

သန်းစိုးလှိုင်
ဇူလိုင် ၁၄၊ ၂၀၀၉


(Photo - Nargis Victims evicted from the temporary shelter in one Pagoda compound by the Burmese regime)

လပွတ္တာနှင့် နာဂစ်ကယ်ဆယ်ရေး

နာဂစ်သည် သိန်းသန်းချီသည့် လူအများ၏ ဘ၀တွေကို ဇောက်ထိုး မှောက်ခုံ ဖြစ်စေခဲ့သလို ငါးရာ့ငါးဆယ် နိပါတ်တော်ထဲမှ မယ်ပဋာထက် ဆိုးဝါးသည့် ဘ၀ပေါင်းများစွာသည်လည်း နာဂစ်တိုက်ခတ်ပြီးနောက် ဧရာဝတီမြစ်ဝကျွန်းပေါ်တွင် တွေ့ရှိခဲ့ရသည်။ ဆွေမျိုးသားချင်းမိသားစု နှစ်စု သုံးစု စုပေါင်းပြီးနေထိုင်ကြသည့် လူဦးရေ ၁၈ ယောက်ရှိသည့် အိမ်တအိမ်မှာ တယောက်သာ အသက်ရှင်ကျန်ရစ်သည့် အဖြစ်မျိုး တွေ့ရသလို၊ ဇနီးမယားများ နာဂစ်ထဲအသက်ဆုံးရှုံး ခဲ့ကြရပြီး မုဆိုးဖိုဖြစ်သွားကြသူ ၁၄ယောက် နာဂစ်ဖြစ်ပြီးကာစ နေစရာ အမိုးအကာ တခုထဲအောက် အတူနေခဲ့ကြရသည့် အဖြစ်လည်း ကြားသိခဲ့ရ၏။

ထိုသို့သော နာဂစ်၏ ကြေကွဲဘွယ်ရာ အဖြစ်များထဲတွင် လပွတ္တာမြို့နယ်သည်လည်း အပါအ၀င်ဖြစ်သလို အခြားသော ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ ကွမ်းခြံကုန်းတို့ထက် နာဂစ်ဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့သည့် မြို့နယ်တခုလည်းဖြစ်သည်။

လပွတ္တာမြို့နယ်သည် ရန်ကုန်မြို့နှင့် ကုန်းလမ်းခရီးအားဖြင့် ဆက်သွယ်မှုရှိသော်လည်း လမ်းကျဉ်းပြီးကျောက်သားလမ်းက မိုင်၇၀ ၀န်းကျင်ရှိနေသဖြင့် အနည်းဆုံး ၈နာရီ ၉နာရီခရီးရှိပြီး ရေလမ်းဖြင့် ဆိုလျင်သည့်ထက်ပိုနာရီပိုပြီး စီးနင်းရသည်ဟု ဆိုသည်။

လပွတ္တာ မြို့နယ်တွင်းရှိ ကျေးရွာအုပ်စုများ၊ ပြင်စလူကဲ့သို့သော တိုက်နယ်ခွဲများတွင် ရေလုပ်ငန်း၊ ဆားချက်သည့်လုပ်ငန်းနှင့် လယ်ယာစိုက်ပျိုးရေးတို့ဖြင့် စီးပွားရေး ကောင်းမွန်သည့် မြို့နယ်တခုဖြစ်ကာ လူဦးရေလည်း သိပ်သည်းသည့်အတွက် နာဂစ်ဆိုင်ကလုန်း၏ ဒုတိယအပြင်းဆုံး အနေအထား တိုက်ခတ်ခံခြင်း ခံရရာတွင် အသက်ပေါင်း သောင်းနှင့်ချီဆုံးရှုံးခဲ့ရသည်။

နာဂစ်ဖြစ်ပြီး နောက်၂ပတ်အကြာတွင် လပွတ္တာမြို့သို့ အကူအညီသွားမည့် အရပ်သားအဖွဲ့ တဖွဲ့နှင့် လိုက်ပါဖြစ်ခဲ့သည်။ ရန်ကုန်မှ နံနက် ၄နာရီခွဲခန့် ထွက်ခွာခဲ့ကြသည်။ သွားရောက်ကြသည့် သူများမှာ လပွတ္တာ ဇာတိဖြစ်ကြပြီး လက်ရှိတွင်မူ ရန်ကုန်မြို့တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ကိုင်နေကြသူများဖြစ်ကြသည်။

နာဂစ်ကူညီရေးအတွက် နီးစပ်ရာမိတ်ဆွေ၊ လုပ်ဖေါ်ကိုင်ဖက်များအကြား နှိုးဆော်စုဆောင်းထားသည့် သောက်ရေသန့်၊ ဆန်၊ အ၀တ်အစား၊ မုန့်ခြောက်များကို ၁တန်ခွဲ ဒိုင်နာကားပေါ်တင်ဆောင်ပြီး စေတနာ့ဝန်ထမ်း လုပ်ကိုင်ရန် လိုက်ပါမည့်သူများက ဆန်အိတ်များ၊ အ၀တ်အစားအိတ်များပေါ်တွင် ဖြစ်သလိုထိုင်ပြီး လိုက်ပါကြရသည်။

မနက်အာရုံမတက်မီကတည်းက မိုးမှာ ဖွဲဖွဲရွာလိုက် သည်းလိုက်နှင့် ရှိနေခဲ့သည်။ ရန်ကုန်-ပုသိမ်ကားလမ်း အတိုင်း ထွက်ခဲ့ပြီး ဒါးက တံတားကိုဖြတ်ပြီး မြောင်းမြလမ်းခွဲအတိုင်း ဆက်လက်မောင်းနှင်ခဲ့သည်။ ဒါးက ရောက်တော့ နံနက် ၈နာရီဝန်းကျင် ရှိနေပြီး မိုးကလည်း မစဲသေးပေ။ ရန်ကုန်-ပုသိမ်ကားလမ်းမှ ခွဲထွက်ကတည်းက လမ်းမှာ ပိုမိုကျဉ်းသွားပြီး ကျောက်ကြမ်းခင်းထားသဖြင့် ခပ်မှန်မှန်သာမောင်းနှင် နေရသည်။ လမ်းတွင် ကြိုးတံတားတခုကို ဖြတ်သန်းခဲ့ပြီး မုန်တိုင်းဒဏ်ကြောင့် သစ်ပင်များ လဲနေ၊ ကျိုးပြတ်နေသည့် ရှုခင်းများကိုမှု မြင်တွေ့ရသည်။

မြောင်းမြမြို့သို့ နံနက် ၁၀ နာရီဝန်းကျင်တွင် ရောက်ခဲ့သည်။ မြောင်းမြမြို့မှာ ကံကောင်းထောက်မစွာပင် ဆိုင်ကလုန်းဒဏ်ကို ဆိုးရွားစွာမခံစားခဲ့ရပေ။ အိမ် ခေါင်မိုးလန်ခြင်း၊ သစ်ပင်ပြိုလဲခြင်းတို့လောက်မှ လွဲပြီး အပျက်အစီး အသေအပျောက် သိသိသာသာမရှိပေ။ မြစ်ကမ်းတလျှောက် ဆန်စက်များနှင့် စီးပွားရေးအရ စည်ကားသည့် မြို့တမြို့အဖြစ်မြင်တွေ့ရသည်။

မြောင်းမြမှ လပွတ္တာသို့ မိုင်၅၀ လျော့လျော့ခရီးကျန်ရှိသေးပြီး ထိုလမ်းခရီးမှာ ကတ္တရာလမ်း ထက်မြေသားလမ်းက ပိုများသည်ဟု ဆိုသည်။ ဒုတိယ ကမ္ဘာစစ်ကျန် ချက်ဗလက် ဗိုက်ပူကားများ လပွတ္တာနှင့် မြောင်းမြပြေးဆွဲနေသည်ကိုလည်း မြင်တွေ့ ရသည်။ မြောင်းမြမြို့ကို ထွက်ပြီး မကြာမီပင် ကျောက်ခင်းလမ်း ကုန်ဆုံးသွားပြီး မြေသားလမ်းသက်သက် ပေါ်ရောက်သွားပြီး ခပ်နိမ့်နိမ့်ကုန်းကလေးများကို တက်လိုက်၊ ကွေ့လိုက်ပတ်လိုက်နှင့် ပတ်ဝန်းကျင်တွင်တော့ ၀ါးရုံများ၊ သစ်ပင်ချုံနွယ်များ၊ ကွမ်းသီးကွမ်းရွက်ခြံများကို မြင်တွေ့ရသည်။

ဒေသခံများ အနက် ကရင်လူမျိုးများပြားသည်ကို လည်းသတိပြုမိသည်။ နေရောင် တချက်တချက် ပွင့်လာသော်လည်း မိုးကလည်း ပြတ်တောင်းပြတ်တောင်း ရွာနေခဲ့သည်။ လမ်းက အနိမ့်အမြင့်နှင့် ကမူများ အကွေ့အကောက်များလှ သဖြင့် ကားပေါ်ပါရှိလာသည့် မုန့်ခြောက်ထုပ်များ ကို ခါချသလိုဖြစ်ကာ စက္ကူပုံးများကလည်း မိုးစိုသဖြင့်ကွဲထွက်ပြီး ကားနောက်ပိုင်း မိုးကာကြားမှ မကြာခဏ ထွက်ကျသဖြင့် ကားကိုရပ်ကာ မုန့်ခြောက်ထုတ်တွေ လိုက်ကောက်၊ ပြန်လည်ထုပ်ပိုးနှင့် ခရီးက နောက်ကျဖို့ အခြေအနေမျိုးဖြစ်သည်။

(Photo - one vehicle used by WFP members in Latputta)

ထိုအထဲတွင် ခရီးဖင့်ဖို့ကြုံလာသည့် အဖြစ်တခုကတော့ ဧရာဝတီတိုင်းတွင် နာဂစ်ကယ်ဆယ်ရေး တာဝန်ပေးခံရသည့် မက်စ်မြန်မာ ကုမ္ပဏီပိုင် ၁၂ဘီး ကားကြီးတစီး နိုင်ငံတကာမှ ပေးသည့် အကူအညီပစ္စည်းများကို တင်ဆောင်ထားလျက် ကုန်းဆင်းတခုကို ပြန်အတက်တွင် လမ်းချော်ကာ ကန့်လန့်ပိတ်ဆို့နေခြင်း ပင်ဖြစ်သည်။

လမ်းက ကားနှစ်စီးရှောင်သာရုံသာ ရှိသည့် လမ်းဖြစ်ပြီး ၁၂ဘီးကားကြီးက ရွှံ့သားပေါ် ချော်ပြီး တစောင်းအနေအထားဖြင့် ပိတ်ဆို့လိုက်သည့် သဘောဖြစ်နေသည်။ ရှေ့သို့လည်းတက်မရ၊ နောက်ပြန်ဆုတ်လျင်လည်း လမ်းချော နေသဖြင့် မထိန်းနိုင်လျင် တိမ်းမှောက်မည့် အန္တရာယ်ရှိသဖြင့် ထိုအနေအထားတိုင်း ရပ်ထားရသည်။ မိနစ်အနည်းငယ်အတွင်း မြောင်းမြမှ လာသည့်ကားရော၊ မြောင်းမြသို့သွားမည့်ကားများပါ တန်းစီပြီး ထိုထရပ်ကား ဖယ်ရှားပြီးချိန်ကို စောင့်ရတော့မည့် အခြေအနေဖြစ်သည်။

ထော်လာဂျီများနှင့် ကိုယ်ပိုင်ကားငယ်များကတော့ အနည်းငယ်ကျန်ရှိနေသည့် ရွှံ့သားလမ်းပေါ်မှ ဖြတ်မောင်းရန်ကြိုးစားကြသည်။ အောင်မြင်သည်လည်းရှိသည်၊ မအောင်မြင်ပဲ ဗွက်ထဲ ဘီးနစ်ကာ ၄၊ ၅၀ မျှရှိသည့် လူအုပ်က ၀ိုင်းတွန်းပေးပြီးမှ ကျော်ဖြတ်နိုင် သွားသည်လည်း ရှိသည်။

ထိုနေရာတွင်ပင် ၂နာရီခွဲ ၃နာရီမျှ အချိန်စောင့်နေခဲ့ရပြီး နေအနည်းငယ် ပြန်ပွင့်လာပြီးနောက် ရွှံ့မြေသားလမ်း အနည်းငယ်မာစ ပြုချိန်တွင် မြေသားပေါ် စပါးခွံများဖြူးကာ ကန့်လန့်ခံနေသည့် ထရပ်ကားကြီးကို နောက်ပြန်ဆုတ်နိုင်ခဲ့သည်။

ထိုထရပ်ကားပေါ်တွင်တော့ ဂျပန်နိုင်ငံလုပ် ဘထ္ထရီအိုးကြီးများ နှင့် မီးစက်များတင်ဆောင်လာသည်ကို စက္ကူပုံးများကို မြင်တွေ့ရသဖြင့် သိရသည်။ သို့သော် ထိုပစ္စည်းများ လပွတ္တာရောက်သော်လည်း သာမန်လူထုနှင့် ဒုက္ခသည်များ မီးလင်းသည်ကို အတော်အတန်ကြာသည်အထိ မမြင်တွေ့ရပဲ စစ်တပ်က စောင့်ရှောက်သည့် ပစ္စည်းသိုရာ ဘောလုံးကွင်းကြီးများနှင့် စစ်တပ်စခန်းချရာ ကွပ်ကဲရေးရုံးများသာ မီးစက်သစ်များဖြင့် ထိန်လင်းနေခဲ့သည် ကိုနောက်ပိုင်းတွင်သိရ၏။

ကံကောင်းထောက်မ သဖြင့်သာ ၃နာရီခန့်အကြာတွင် လမ်းပြန်ပွင့်သွားခဲ့ပြီး လပွတ္တာသို့ ခရီးဆက်ခဲ့နိုင်သည်။ လပွတ္တာရောက်ခါနီးလေ လမ်းဘေးတလျှောက်တွင် တွေ့ရသည့် လယ်တဲများ အိမ်များလုံးဝပြိုလဲနေသည့် မြင်ကွင်းပိုတွေ့လာရသည်။

ရွှံ့မြေသားလမ်းပြီးဆုံးသွား ပြီးနောက်တွင်တော့ ကွင်းပြင်များကို ဖြတ်လျက်ဖေါက်လုပ်ထားသည့် လမ်းမှာ ကားနှစ်စီးရှောင်သာရုံလမ်းကျဉ်းလေး ဖြစ်ပြီး လမ်းခင်းကျောက်ကြမ်းများနှင့် ချိုင့်ခွက်ကလည်း ပေါ်များလှသဖြင့် ကားပေါ်စီးလာသူများမှာ စကောထဲမှာ လှိမ့်ခံနေရသည့် ဇီးဖြူသီးများသဖွယ်ဖြစ်နေသည်။ စီးနင်းလိုက်ပါသူတိုင်း ကိုင်စရာ ကားအမိုးဂိုင်းများကို မိမိရရဆုပ်ကိုင်ပြီး လွှဲခါနေသည့် ကိုသက်သာအောင် နေကြရသည်။ ၄၆မိုင်မျှ ရှိသည့် လပွတ္တာနှင့် မြောင်းမြကို မောင်းနှင်ချိန်သက်သက် ၂နာရီခွဲမှ ၃နာရီကြား ကြာမြင့်ခဲ့သည်။

ထိုမျှသွားလာရေး ခက်ခဲသည့် လပွတ္တာမြို့ကို ညနေ ၄နာရီသာသာတွင် ဆိုက်ရောက်ခဲ့သည်။ ကျဉ်းမြောင်းလှသည့် လမ်းသွယ်များဖြင့် တည်ဆောက်ထားသည့်မြို့သည် ပြိုလဲနေသည့် အိမ်၊ ခေါင်မိုးတခုလုံး ပွင့်နေသည့်အိမ်၊ ထက်ပိုင်းကျိုးနေသည့် အုန်းပင်၊ သစ်ပင်စသည်တို့ဖြင့် တန်ဆာဆင်ထားသည် ကိုတွေ့ရသည်။


(Photo - Nargis Victims evicted from the temporary shelter in one Pagoda compound by the Burmese regime)

လပွတ္တာမြင်ကွင်း

          မြို့ပျက်ထဲမှာ စည်ကားနေသည့် ဒုက္ခသည်များ၊ မြို့အ၀င် ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားစေတီများလည်း ပျက်စီး ကျိုးပဲ့နေသည်ကို တွေ့ရသည်။ မြို့၏ စည်ကားသည့် ဈေးလမ်းပေါ်သို့ ကားဝင်ရောက်လာရာ လမ်းပေါ်တွင် ဘုရားဈေးပွဲတော်အလား လျှောက်သွားနေသည့် လူအုပ်များကို ပထမဆုံး မြင်တွေ့လိုက်ရသည်။

အ၀တ်အစားကနွမ်းနွမ်း ခြေထောက်တွင် ဗလာ၊ ညှိုးငယ်နေသည့် မျက်နှာများဖြင့် ကလေးငယ်များကို ချီသည့်သူကချီ၊ လက်မှဆွဲသူကဆွဲသွားနှင့် လူစည်ကားနေသည့် ပျက်စီးနေသည့် မြို့ပျက်ဟု ခေါ်ဆိုက မှားမည်မထင်။

တည်းခိုရာအိမ်တွင် ပစ္စည်းများချပြီးနောက် မဝေးလှသည့် ဘုရားဝင်းဘက်သို့ လျှောက်ပြီး ရွာများဘက်မှ ခိုလှုံလာ ရောက်ရှိလာသည့် ဒုက္ခသည်များဆီ သွားကြည့်ခဲ့သည်။ အမိုးမရှိတော့သည့် စေတီ တန်ဆောင်း အင်္ဂတေခင်းပေါ်တွင် ရရာ ပလပ်စတစ်စများကို ၂ပေ၊ ၃ပေ အမြင့်ရှိသည့် တဲများ အဖြင့်မိုးပြီး နေထိုင်နေကြရသူ များကိုတွေ့ လိုက်ရသည်။ ကလေးငယ်များကတော့ လောက တလောကလုံး ဘာဖြစ်နေသည်ကို သိရှိပုံမပေါ် နီးစပ်ရာ အချင်းချင်း အုပ်စုဖွဲ့ ပြေးဆော့နေကြသည်။

အမိုးအကာကျန်သေးသည့် ဘုရားတန်ဆောင်း တခုအတွင်းတော့ နိုင်ငံတကာ အန်ဂျီအိုတခုမှ ဖွင့်ထားသည့် အခမဲ့ဆေးခန်းတွင်လည်း စောင့်နေသူများ အပြည့်။ ဆေးခန်းဆိုသဖြင့် အကာအရံနှင့် ဘာနှင့်မဟုတ်၊ ဘုရားတန်ဆောင်း အတွင်း ဟာလာဟင်းလင်းတွင် ကုလားထိုင်နှင့် စားပွဲချကာ လူနာများကိုကြည့်ရှု ပေးနေခြင်းသာ ဖြစ်သည်။

အသက် ၄၀ကျော်အရွယ် လသား ကလေးငယ်ကိုချီထားသည့် အမျိုးသား တဦးကို စကား စ ကာ မေးကြည့်တော့ သိပ္ပံကုန်းကြီး ကျေးရွာအုပ်စုမှ ရေလုပ်ငန်းဖြင့် အသက်မွေး တဦးဖြစ်ပြီး ဇနီးနှင့် ကလေး၃ယောက် ရှိသူဖြစ်သည်။

သူ့အမည်မှာ ကိုတင်နု ဖြစ်ပြီး မုန်တိုင်းထဲတွင် မိသားစုဝင်တဦးမှ အသက်မဆုံးရှုံး ခဲ့ရသော်လည်း မုန်တိုင်း တိုက်သည့် ညအဖြစ်အပျက်ကို ပြန်ပြောပြသည့်အခါတွင် နာဂစ်မုန်တိုင်းသည် သူတို့အတွက် တသက်တွင်တခါသာ ကြုံဖူးသည့် ခြောက်အိမ်မက်ကြီး တခုသဖွယ်ဖြစ်နေသည်ကို သိရှိလိုက်ရသည်။

မုန်တိုင်းညက အမှောင်နှင့်မဲမဲ မြင်ကွင်း၊ နာရီနှင့်ချီပြီး ရေထဲမျောပါနေသည့် အတွေ့အကြုံ၊ မိုးသောက်ပြီးသည့်အခါ ပြန်လည်မြင်တွေ့ရသည့် အလောင်းများ၊ သူနေထိုင်ရာရွာနှင့် ပျက်စီးသည့် အိမ်များ စသည့် စိတ်ခြောက်ခြားဘွယ်ရာ မြင်ကွင်း၊ ခံစားမှုတို့နောက်တွင် အသက်ရှင်ကျန်ရစ်ဖို့ ရေနှင့်စားစရာကလည်း အရေးတကြီး လိုအပ်လာနေသဖြင့် ထိုအရာတို့ ရရှိနိုင်မည့် မြို့သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်ဟု ပြောသည်။

သူ၏ မျက်နှာပေါ်တွင်ဖေါ်ပြနေသည့် သူ့ခံစားချက်များအရ ထိုအတွေ့အကြုံသည် မည်မျှ ထိတ်လန့်ခြောက်ခြားစရာ ကောင်းသည်ကို တဘက်သားနားလည်နိုင်သလို၊ သူ့ရွာသို့ ပြန်မနေလိုတော့ဆိုသည့် သူ့ဆန္ဒကိုလည်း နှစ်ကြိမ် သုံးကြိမ်မျှမက ဖွင့်ဟပြောဆိုသည်။

လေးစားကြည်ညိုကိုးကွယ်သည့် ရွာမှ ဘုန်းတော်ကြီးများပင် အသက်ဆုံးရှုံးကြ၊ ရေကျသွားပြီးနောက် တင်ကျန်ရစ်ခဲ့သည့် အလောင်းများနှင့် ဖုံးလွှမ်းနေသည့် ရွာသည် သုဿန်ထက်ပင် ခြောက်ခြားဖွယ်ကောင်း နေသည်ဟု ဆိုသည်။

သူ့နှင့် စကားပြောဆိုနေစဉ် အနားမှ ဖြတ်သွားသည့် အသက် ၂၀၊ ၄၀ အရွယ် အမျိုးသမီးတဦးကို ညွှန်ပြပြီး ထိုကလေး အမေဖြစ်သူမှာ သူ့သားနှစ်ဦး မုန်တိုင်းထဲတွင် အသက်ဆုံးရှုံးခဲ့ရသည်ကို ယခုအချိန်ထိ မယုံကြည်နိုင်ဖြစ်ပြီး စိတ်ဝေဒနာ ခံစားနေရသည်ဟု ဆိုသည်။ သူတို့ တရွာထဲသားချင်းဖြစ်ပြီး မိခင်ဖြစ်သူမှာ ဆုံးရှုံးသွားသည့် သားနှစ်ယောက်ကို နေမကောင်းသဖြင့် ဆေးကုနေရသည်ဟုသာ လူတွေ့တိုင်းပြောဆိုနေပြီး ခင်ပွန်းဖြစ်သူက သူ့ကိုလိုက်လံ စောင့်ကြည့်နေရသည်ဟုလည်း သိရသည်။

ထိုဘုရားတန်ဆောင်းဝင်း အတွင်းနေထိုင်သူ ၂ထောင်ကျော် ၃ထောင်နီးပါးရှိပြီး လပွတ္တာမြို့ရှိ အခြားသော ဘုန်းကြီးကျောင်းများ၊ တန်ဆောင်းများ၊ မွတ်ဆလင်ဘာသာဝင် ဗလီများတွင် လူရာဂဏန်းမှ ထောင်ဂဏန်း အထိ အသီးသီး ခိုလှုံနေနေကြသည်ဟု လည်းသိရှိရသည်။ လေးထပ်ကျောင်း ဘုန်းတော်ကြီးကျောင်း တကျောင်းထဲတွင် ဒုက္ခသည်ပေါင်း ၄ထောင် ၀န်းကျင်ခိုလှုံနေထိုင်နေကြသည်။ ကျောင်းဝင်းအတွင်းရှိ စင်္ကြန်များပေါ်၊ ကျောင်းဆောင်များအပေါ်၊ အဖီများအောက်၊ နောက်ဆုံး ပြိုလဲသည့် အုန်းပင်များကိုခင်းကာ အပေါ်မှာ တာပေါ်လင် အပြာစဖြင့်မိုးထားသည့် ယာယီ တဲနိမ့်နိမ့်များ ထဲတွင်ပါ ဖြစ်သလိုနေထိုနေကြရပြီး ကျောင်းရှိ ဆရာတော်အပါအ၀င် ဘုန်းတော်ကြီး ၆ပါး ၇ပါးမှာ အခန်းတခန်းထဲတွင်စုပြီး သီတင်းသုံးကြ ရသည်။

ကျောင်းပေါ်မှ အဆောင်တိုင်းတွင်၊ ၀ရန်တာတိုင်းတွင် မိမိပိုင်ဆိုင်သည့် အနည်းငယ်မျှသော အ၀တ်အစားများနှင့် ရေသုံးစရာ ပလပ်စတစ်ဘူးလွတ်၊ ခွက်လွတ် အနည်းငယ်တို့ဖြင့် နေထိုင်နေကြသည်ကို မြင်တွေ့ခဲ့ရသည်။


(Photo - Nargis victim, a mother and a child in temporary shelter at Latputta's Sudaungpyi Pagoda compound before evicted out of the town by the Burmese regime)

အာဏာပိုင်တို့၏ အထောက်အပံ့

နာဂစ်ဖြစ်ပြီး ၂ပတ်အကြာ မေလလယ်တွင် လပွတ္တာမြို့ပေါ်၌ ဒုက္ခသည်ပေါင်း ၂သောင်းမှ ၃သောင်းကြား ရှိသည်ဟုသိရသည်။ ထိုမျှသော သောင်းနှင့်ချီသည့် ဒုက္ခသည်တို့၏ စားဝတ်နေရေး တာဝန်ကို ဒေသဆိုင်ရာ အာဏာပိုင်၊ ကယ်ဆယ်ရေးကော်မတီ၊ ကွပ်ကဲရေးဌါနချုပ်တို့က တာဝန်ယူထားမည်ဟု ထင်လျင် တက်တက်စင်အောင် မှားပါလိမ့်မည်။

စစ်တပ်က ချုပ်ကိုင်ထားသည့် ကယ်ဆယ်ရေးကော်မတီနှင့် မြို့နယ်အေးချမ်းသာယာရေး ကောင်စီတို့မှာ ရန်ကုန်မှပို့လာသည့် နိုင်ငံတကာ အကူအညီပစ္စည်းများကို လပွတ္တာမြို့ဘောလုံးကွင်းကြီး အတွင်း ထည့်သွင်းထားပြီး အစောင့်အကြပ် တင်းတင်းကျပ်ကျပ်ဖြင့် ချုပ်ကိုင်ထားရုံသာ ရှိပြီး ဒုက္ခသည်များမှာ နိုင်ငံတကာမှ အကူအညီပစ္စည်း တခုတလေသော်မျှ လက်ခံရရှိခြင်း မရှိသေးပေ။

ဘုန်းတော်ကြီးကျောင်းများနှင့် သာသနာရေးအဖွဲ့အစည်းများ၊ တသီးပုဂ္ဂလိကအလှူရှင်များ၊ နိုင်ငံတကာ ကယ်ဆယ်ရေး အန်ဂျီအိုများနှင့် ကုလသမဂ္ဂတို့မှသာ သောက်သုံးရေ၊ ဆေးဝါး၊ အစားအသောက်တို့ကို ထောက်ပံ့လျက်ရှိသည်ကို တွေ့ရသည်။

မယက မှ လူစာရင်းလာမေးခြင်းမျိုး၊ သက်ဆိုင်ရာ တိုင်းကို တာဝန်ကျသည့် လယ်ယာစိုက်ပျိုးရေး ၀န်ကြီး ဖြစ်သည့် ဗိုလ်ချုပ်ဌေးဦးက ဘုန်းတော်ကြီးကျောင်းသို့လာ ကြည့်သော်လည်း ဆန်အိတ်အချို့နှင့် အာလူး၊ ကြက်သွန်မှလွဲပြီး အခြားသော အကူအညီများ မရရှိဟု လည်း ဘုန်းတော်ကြီးများက ပြောဆိုသည်။

ထို့ထက်ဆိုးဝါးသည့် ကိစ္စရပ်မှာ ဒုက္ခသည် စခန်းဖြစ်သည့် ဘုန်းတော်ကြီးကျောင်းများတွင် လယ်ယာစိုက်ပျိုးရေး ၀န်ကြီးဌါနက တာဝန်ပေးသည့် ၀န်ထမ်းများက အခြေခံဥပဒေ ဆန္ဒခံယူပွဲအတွက် အသက်၁၈ နှစ်ပြည့်ပြီးသူ စာရင်းလာကောက်ခြင်း ပင်ဖြစ်သည်။

လူတွေ၏ နေရေး စားရေးသောက်ရေးတို့ထက်ကို ဆန္ဒခံယူပွဲ လူဦးရေးစာရင်းက ပိုအရေးကြီးနေသည်ကို ဘုန်းတော်ကြီး ကြားသိရသဖြင့် စိတ်ဆိုးမိရသည်ဟု လည်းပြောဆိုခဲ့သည်။

ထိုစဉ်က တာဝန်အရှိဆုံးသူ၊ နိုင်ငံ၏ အုပ်ချုပ်ရေး အာဏာကို ကိုင်ထားသူတို့မှာ လူအများ သေရေးရှင်ရေး တမျှဒုက္ခပင်လယ်ဝေနေသည့် အဖြစ်ကိုလက်ပိုက်ကြည့် နေခဲ့ကြပြီး နိုင်ငံတကာက ပေးလာသည့် အကူအညီများကို ဂိုဒေါင်များထဲ ထည့်သွင်းပြီး၊ မေလ ၁၀ရက်နေ့ကျင်းပရန် စီစဉ်ထားသည့် ဆန္ဒခံယူပွဲ ရွှေ့ဆိုင်းလိုက်ရသည့် အတွက်ရော ၊ ၂၄ရက်နေ့တွင် ကျင်းပမည့် နောက်ဆက်တွဲ ဆန္ဒခံယူပွဲအတွက်ကိုသာ စိတ်စောနေခဲ့ကြသည်။

အောက်ခြေနှင့် အလယ်အလတ်အဆင့် အာဏာပိုင်အများစုမှာ အထက်ကပေးသည့် အမိန့်ကို အကောင်အထည်ဖေါ်ဖို့ရာ လူသား တယောက်တွင်ရှိသည့် ကိုယ်ချင်းစာတရားကို စိတ်မသက်မသာဖြင့် မျက်ကွယ်ပြုနေခဲ့ကြရသည်။ ထိုပြစ်မှုအတွက် သူတို့ဘ၀ တသက်တာတွင် ပြန်စဉ်းစားမိတိုင်း လိပ်ပြာမသန့်ဖြစ်နေတော့မည်မှာ ဧကန်ပင်။

တခုသော အဖြစ်အပျက်တွင် နာဂစ်ဒဏ်ခံရသည့် ကျေးရွာများသို့ လှည့်လည်သည့် ၀န်ကြီးခရီးစဉ်လိုက်ပါလာသည့် ၀န်ကြီး၏ ကိုယ်ရေး အရာရှိက ကျေးရွာသားများကို အနားကပ်ပြောဆိုသည်မှာ

“လူကြီးတွေ သွားပြီးတာနဲ့ အဲဒီစားစရာတွေ မြန်မြန်စားလိုက်ကြ၊ နို့မဟုတ်ရင် သူတို့ ပြန်သိမ်းသွားလိမ့်မယ်”

ဟု ဆိုသည်။ ထိုအဖြစ်အပျက်ကို ကြည့်ခြင်းအားဖြင့် ၀န်ကြီးရော သူ့အဖွဲ့သားများပါ ဒုက္ခသည်များကို သက်ဆိုင်ရာက အကူအညီပေးနေသည် ဆိုသည့် လုပ်ဇတ်ကြီးတွင် ပါဝင်ကပြနေကြရသည်ကို ကိုယ်တိုင် သဘောပေါက်ထားကြသည်မှာ သေချာသည်။

လူသားတယောက်တွင် ပင်ကိုယ်ရှိသည့် သူ့လိပ်ပြာကိုယ်တိုင်က နှိုးဆွသဖြင့် ယခုလို စကားမျိုးကို ထုတ်ပြောခဲ့ခြင်း ဖြစ်သည်ဟု နားလည်လိုက်မိသည်။

(ဆက်လက်ဖေါ်ပြပါမည်)

(ဓာတ်ပုံ စာ - လပွတ္တာမြို့ ဆုတောင်းပြည့်တန်ဆောင်းမှ ဖယ်ရှားခံရသူ နာဂစ်ဒုက္ခသည်များ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်က မော်တော်ကား )

 
< Prev   Next >
မိုးမခရွာဆော်ကြီးက ဖိတ်လိုက်ပါတယ်
HDI Soultion - quality cables manufactured only in USA & Japan

www.CamCables.com
HDI Solutions Inc.
2378C Walsh Avenue, Santa Clara, CA 95051, USA.

High Quality Industrial Imaging CCD Camera Cables & Cable Assemblies

We manufacture custom cables and accessories for the Electronics Communication and Medical Industries. 

Only Made in the USA and Japan!

We will ship our products worldwide


အဆင့်မြင့် စက်မှုလုပ်ငန်းသုံး စီစီဒီကင်မရာကေဘယ်များနဲ့ ကေဘယ်ပစ္စည်းများ

လျပ်စစ်ဆက်သွယ်ရေးနဲ့ ဆေးပစ္စည်းလုပ်ငန်းခွင်သုံး ကေဘယ်များ၊ အရန်ပစ္စည်းများ ထုတ်လုပ်ခြင်း

ယူအက်စ်နှင့် ဂျပန်တွင်သာ ထုတ်လုပ်သည်။ နိုင်ငံတကာသို့ ပို့ပေးသည်။

 
 
Top! Top!