| 10 Question for Pho Tayoke King from MoeMaKa |
|
|
| မျက်မှောက်ရေးရာ - အင်တာဗျူး | |
| Tuesday, 04 August 2009 | |
|
ကိုဖိုးတရုတ်(စည်းလုံးခြင်းရဲ့အင်အား)အတွက် မေးခွန်း ၁၀ ခု မိုးမခနဲ့ စကားလက်ဆုံ သြဂုတ် ၆၊ ၂၀၀၉
(၁) ၂၀၀၇ သံဃာ့သပိတ် အရေးတော်ပုံတုန်းက ဖိုးတရုတ် ဘလော့ကို မတွေ့မိသေးဘူး။ သို့သော် ၂၀၀၈ နှစ်ဆန်းပိုင်းမှာ ဘလော့ဂ်တွေပေါ်မှာ စ သတိပြုမိပါတယ်။ ပြီးတော့ သန်းရွှေတို့ရဲ့ တိုင်းရင်းသားတွေကို မျိုးဖြုတ် စစ်ဆင်ရေးတွေအကြောင်း ရေးတာတွေကို စပြီး မှတ်မိပါတယ်။ ဟုတ်ပါသလား။ ဟုတ်ပါတယ်။ ကျနော် ကိုဖိုးတရုတ်ဟာ “စည်းလုံးခြင်းရဲ့အင်အား” ဘလော့ဂ် http://photayokeking.blogspot.com ကို ၂၀၀၈ ခုနှစ် မေလ (၁၀) ရက်နေ့က စတင် အကောင်အထည်ဖော် တင်ပြခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မတ်လ (၁၆) ရက်နေ့မှာတော့ ၀က်ဘ်ဆိုဒ် www.photayokeking.org အဖြစ် ပြောင်းလဲ တင်ဆက်ခဲ့ပါတယ်။ ခေတ်ပြိုင်၊ ဧရာဝတီ၊ မဇ္ဈိမနဲ့ မိုးမခတို့ဟာ ကျနော် အသည်းစွဲခဲ့ရတဲ့ ၀က်ဘ်ဆိုဒ်တွေ ဖြစ်ကြပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့  DVB ရုပ်မြင်သံကြားနဲ့ ရေဒီယိုတို့မှာ Interview ခဲ့တဲ့ Christie Island ရှိ လူများအား ဗိုလ်သန်းရွှေက သတ်ပစ်ခိုင်းတဲ့ ဖြစ်စဉ်အပေါ် အထောက်အထား ရယူလိုသူများအတွက် ဗိုလ်မှူးအောင်လင်းထွဋ်ရဲ့ ဆန္ဒအရ ကျနော်က “စည်းလုံးခြင်းရဲ့ အင်အား” မှာ တင်ပြထားခဲ့ပါတယ်။ (၂) ခေတ်ပြိုင်ရဲ့ ဗိုလ်ထက်မင်း ဆောင်းပါးတွေ၊ ဗိုလ်မှူး အောင်လင်းထွဋ် ပေးစာတွေ၊ တပ်မတော် ခေါင်းဆောင်တွေရဲ့ အတွင်းရေးတွေနဲ့ စာဖတ်ပရိသတ်ကို ဗဟုသုတတွေပေးဖို့ ကြိုးစားခဲ့တာကို တွေ့ရပါတယ်။ အဲသလို စခဲ့ရတော့ ဘယ်လို ပရိသတ်ကို အဓိက ဦးတည်ခဲ့တာလဲ။ ဘယ်လိုမျိုး တုံ့ပြန်မှု ရခဲ့သလဲ။ သံသယ အဖြစ်ခံရတာမျိုး ရှိသလား။ တပ်မတော်ပရိသတ်နဲ့ ပြည်သူ့ဘက် ရပ်တည်သော တပ်မတော်သားများ အပေါ် နားလည် ခွင့်လွှတ်လာမယ့် ပြည်သူလူထု ပေါ်ထွက်လာရေးကို အဓိက ဦးတည်ပါတယ်။ တပ်မတော် အတွင်းရှိ အရာရှိ၊ အရာခံ၊ အကြပ်၊ တပ်သားတွေအနေနဲ့ လူထု အုံကြွမှု ဖြစ်ပွားလာပါက ပြည်သူ့ဘက်သို့ ပြတ်သားစွာ ရပ်တည်သွားရေး မဟာဗျူဟာ ထားရှိပါတယ်။ “စည်းလုံးခြင်းရဲ့  အင်အား” ဘလော့ဂ်နှင့် ၀က်ဘ်ဆိုက်ဟာ တပ်မတော်အတွင်းမှာ ဂယက် ရိုက်ခဲ့ပြီး ဗိုလ်ကြီး အဆင့်မှသည် စစ်ရုံးရှိ ဗိုလ်ချုပ်များအထိ ကြည့်ရှုနေကြကြောင်း၊ တပ်မှူးများက သူ့တို့ရဲ့ တပ်များ အကြောင်း ပါဝင်လာမည်ကို စိုးရိမ်တကြီး ဖြစ်နေကြကြောင်း၊ စစ်အာဏာရှင်တွေက ဖိုးတရုတ် ၀က်ဘ်ဆိုက်ကို မကြည့်ဖို့ လက်အောက်သို့ ညွှန်ကြားထားကြောင်းများကိုလည်း သိရှိရပါတယ်။ ကျနော့်အနေနဲ့ တပ်မတော်အတွင်းမှာ ဖိလစ်ပိုင်နိုင်ငံက ဗိုလ်ချုပ်ကြီး ရာမို့စ်လို သူရဲကောင်း ပေါ်ပေါက်ဖို့ စည်းရုံးသွားမယ် ဆိုတဲ့ မဟာဗျူဟာ ရည်မှန်းချက်လည်း ထားရှိပါတယ်။ ဗိုလ်ကြီးအုံးကျော်မြင့်တို့ ဗိုလ်ကြီးမြင့်ထူးတို့ ဗိုလ်ကြီးစိုင်းဝင်းကျော်တို့လို ဒီမိုကရေစီ သူရဲကောင်းတွေ ရှိခဲ့ပါတယ်။ ဗိုလ်မှူးချုပ် ဇော်ထွန်းတို့ ဗိုလ်မှူးကြီး ခင်မောင်ကြည်တို့လို တိုင်းပြည်ကို အမှန်တကယ် တိုးတက်စေချင်တဲ့ အမှန်တရားအတိုင်း ဖြစ်စေလိုတဲ့ နိုင်ငံကို ချစ်မြတ်နိုးသူ တပ်မှူးကြီးတွေ ရှိခဲ့တာကိုလည်း ဖော်ထုတ် တင်ပြခဲ့ပါတယ်။ ပြည်သူလူထုရော တပ်မတော်သားတွေကပါ ချစ်ခင်မြတ်နိုး လေးစားကြတဲ့ ဗိုလ်ချုပ်ကြီး သူရတင်ဦးလို တခေတ်မှာ တစ်ယောက်သာ ပေါ်ထွန်းတဲ့ စစ်ခေါင်းဆောင်မျိုးကိုလည်း သူ့ဘ၀ ဖြစ်စဉ်နဲ့တကွ စာဖတ်ပရိသတ်များကို ကျွန်တော့်ဆိုဒ်မှာ တင်ပြ ပေးခဲ့ပါတယ်။ အခက်အခဲတွေကြားက ဖြတ်ကျော်ခဲ့ရာမှာလည်း ဘလော့ဂ် တည်ထောင်ကာစက သံသယ အဖြစ်ခံခဲ့ရပေမယ့် မယုံကြည်မှုမျိုးစုံကို အချိန်က စကားပြောလာအောင် အလုပ်နဲ့ သက်သေပြ ကြိုးစား အားထုတ်ခဲ့ရပြီး ယုံကြည်မှုကို တည်ဆောက်ခဲ့ပါတယ်။ ဗိုလ်သန်းရွှေဟာ စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေးမှာတော့ တကယ် တော်ပါတယ်။ ဒါကြောင့် သူ့ကိုလည်း တန်ပြန် စိတ်ဓာတ်စစ်ဆင်ရေးနဲ့ ၀ါဒဖြန့်ချိရေးနည်း သုံးပြီး တိုက်ခိုက်ဖို့ အထူး လိုအပ်ပါတယ်။ နောက်ဆုံး ရုရှားက သင်တန်းတက်နေတဲ့ အရာရှိတချို့ စစ်အာဏာရှင်တွေ လက်အောက်မှာ မနေလိုဘဲ ထွက်ပြေးကြတာဟာ ကျနော်တို့ရဲ့  အောင်မြင်မှုဖြစ်သလို ပြေးလို့မရလို့၊ ဘယ်သူ့ ဦးဆောင်မှု အောက်မှာ ဘာလုပ်ရမှန်း မသိလို့၊ ငြိမ်ခံနေရတဲ့ အရာရှိတွေရဲ့ ဘ၀ကိုလည်း နားလည်နိုင်ကြပြီ ဖြစ်ပါတယ်။ ဒီနေရာမှာ ကျွန်တော်ပြောချင်တာ တခုက စေတနာမှန်ဖို့ အရေးကြီးတယ် ဆိုတာပါ။ ကျနော့်အနေနဲ့ ပြည်ပကို ရောက်လာခဲ့တဲ့ နှစ်အနည်းငယ် အချိန်အတောအတွင်းမှာ ပြည်တွင်းမှာ အမှန်တကယ် ခံစားနေရတဲ့၊ နောက်ဆုံး အခြေအနေအရ လုပ်သင့် လုပ်ထိုက်တာကို အထိရောက်ဆုံး လုပ်ကိုင်သွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ (၃) ၀က်ဆိုက်လိပ်စာတွေ မျိုးစုံပြောင်းပြီး ရပ်တည်ခဲ့တာကို တွေ့ရတယ်။ ဘလော့ဂါတွေ သုံးလေ့ရှိတဲ့ လိပ်စာတွေမှာလည်း ၀င်ယူထားတာ အများကြီးပဲ။ ဥပမာ - ဘလော့စပေါ့၊ ၀ဒ်ပရက်စ်၊ မြန်မာဘလော့ဂါ စသည်ဖြင့်။ ပြီးတော့ အခု ကိုယ်ပိုင် ဒိုမိန်းနံမယ်နဲ့ပေါ့နော်။ ဆိုတော့ အဲသလို အတည်တကျ မဖြစ်တာက ဖိုးတရုတ်အင်တာနက် စာမျက်နှာ ရပ်တည် မှုနဲ့ ရှင်သန်နိုင်ရေးအတွက် အခက်အခဲတွေ ဖြတ်ကျော် နေရတာမျိုးလား။ ကြုံတွေ့ရတဲ့ အကြီးမားဆုံး အခက်အခဲ ၂ ခု ကတော့ နည်းပညာပိုင်းဆိုင်ရာ အခက်အခဲနှင့် ငွေကြေး အခက်အခဲပဲ ဖြစ်ပါတယ်။ စစ်အာဏာရှင်စနစ် ပြုတ်ကျရေးကို “ခိုင်မာတဲ့ စိတ်ဓာတ်”နဲ့ လုပ်နေကြတာဖြစ်လို့ နိုင်ငံတကာမှာ ရောက်ရှိနေကြတဲ့ တပ်မတော်၊ အရာရှိ၊ အရာခံ၊ အကြပ်တပ်သားတွေကလည်း ကျနော်တို့ကို အထိုက်အလျောက် ငွေကြေးပိုင်း ဆိုင်ရာ ကူညီ ပံ့ပိုးပေးခဲ့တာကိုလည်း ထုတ်ဖော် ပြောကြားလိုပါတယ်။ ဒါ့အပြင် ပြည်တွင်းက မိမိရဲ့  အမာခံလူများနဲ့ နိုင်ငံတကာရောက် တပ်မတော်သားတွေရဲ့ ပြည်တွင်းရှိ အမာခံလူများကို ချိတ်ဆက်ပေးပြီး ကွန်ယက်များ တည်ဆောက်ကာ အုံကြွမှု ဖြစ်ပေါ်လာပါက တပ်မတော် အနေနဲ့ လူထုနဲ့ ပူးပေါင်းပါဝင်ဖို့ မဟာဗျူဟာ ရည်မှန်းချက်ထားရှိခဲ့ကြပါတယ်။ ပြည်သူ့ဘက် ရပ်တည်တဲ့ တပ်မတော်သားတွေ၊ လူပုဂ္ဂိုလ်တွေရဲ့အားပေးကူညီမှုကလည်း ကျနော်တို့အတွက် အားတက်စရာ ဖြစ်စေခဲ့ပါတယ်။ ကိုယ့်ခြေထောက်ပေါ်ကို စတင် ရပ်တည်ခဲ့ရပြီး ယုံကြည်ချက်နဲ့ လုပ်ဆောင်ခဲ့ရာမှာ ရပ်တည်ရေးနဲ့ ရှင်သန်ရေး အတွက် ခက်ခက်ခဲခဲ ကျော်လွှား ခဲ့ရပါတယ်။ လိုအပ်ချက်အရ စစ်တပ်ဆိုင်ရာ ဒီဘလော့ဂ်ကို ထူထောင်ဖို့ ဆုံးဖြတ်ခဲ့ရာမှာ အင်တာနက်ပညာကို အွန်လိုင်းပေါ်မှတဆင့် သင်ယူခဲ့ရပြီး VOA က ကျွန်တော့်ကို ဘလော့ဂ်ဂါ တယောက် အနေနဲ့ စတင် Interview ခဲ့ပါတယ်။ ကျနော်ရဲ့ ၀က်ဘ်ဆိုက်မှာ ဆောင်းပါးတွေ တင်တဲ့အခါ ကျနော့်ရဲ့  ပြည်တွင်းမှ တပ်အတွင်းရှိ ဒီမိုကရေစီ ဘက်တော်သားများရဲ့ လုံခြုံရေးကို ထိခိုက်ကုန်တဲ့ အနေအထားနဲ့၊ တချို့လည်း သတိထား စောင့်ကြည့်ခံရတဲ့ အနေအထားမျိုးတွေ တွေ့ကြုံခဲ့ရတာမို့ - တချို့ကို ကျနော့်ဝက်ဘ်ဆိုက်မှာ မတင်ဖို့ ဆုံးဖြတ်ချက် ချခဲ့ရတာမျိုးလည်း ရှိခဲ့ပါတယ်။ ဥပမာ တခုပြောရရင် “ကပစ” စက်ရုံများရဲ့ တည်နေရာနဲ့ အနေအထားတွေကို ကျနော် တင်ပြလိုက်တဲ့အခါမှာ ကျနော်နဲ့ တင်ပြသူကို လုံခြုံရေး ခြိမ်းခြောက်တဲ့ အီးမေးလ်တွေ၊ တယ်လီဖုန်းတွေ ရရှိခဲ့ပါတယ်။ ကျနော့်အနေနဲ့ အခက်အခဲ အကြပ်အတည်း မျိုးစုံ ကြားထဲက မိသားစုရဲ့ကူညီအားပေးမှု၊ ပြည်တွင်းပြည်ပ၊ စစ်ဘက် နယ်ဘက် မိတ်ဆွေများရဲ့ အားပေး ပံ့ပိုးခဲ့မှုတွေကြောင့် ယခုလို ရှင်သန်ခဲ့ရတာ ဖြစ်ပါတယ်။ (၄) တပ်မတော် ပရိသတ်ကို ဦးတည်ပြီး စကားပြောနေတယ်လို့ ခံယူပါသလား။ ဘယ်လို ပရိသတ်မျိုး ခွဲခြားထားတာ ရှိသလဲ။ ဥပမာ - တပ်နဲ့ ထောက်လှမ်းရေး သဘောချင်း ကွဲတယ် ဆိုတာမျိုး၊ အရာရှိတွေနဲ့ တပ်သားတွေ၊ ဗိုလ်ချုပ်တွေနဲ့ တပ်မတော်အရာရှိတွေ၊ ပြည်တွင်းက တပ်မတော်သားတွေ၊ ပြည်ပက တပ်မတော်သားတွေ၊ အငြိမ်းစားတွေ၊ အနားယူလိုက်ရသူတွေ၊ အရေးယူခံခဲ့ရသူတွေ စသည်ဖြင့် ခွဲခြား သုံးသပ်တာမျိုး ရှိသလား။ မေးခွန်း ၂ ရဲ့ အဖြေမှာ ဖော်ပြခဲ့သလို တပ်မတော် ပရိသတ်နဲ့ ပြည်သူဘက် ရပ်တည်လာတဲ့ တပ်မတော်သားများအပေါ် နားလည်ခွင့်လွှတ်တဲ့ လူထုပရိသတ် ဆိုပြီး ရှိရာမှာ မေးခွန်း ၄ ပါ အတိုင်း ခွဲခြားတာမျိုးထက် အဲဒီ ပရိသတ် နှစ်မျိုးစလုံးကို ဟန်ချက်ညီ ချိတ်ဆက်ပေးဖို့ အဓိကထားပါတယ်။ ထိပ်ပိုင်း အာဏာရှင် တစ်စုကို ခွဲထုတ်ဖို့ ပစ်မှတ်ထားပါတယ်။ စစ်အာဏာရှင်နဲ့ ပြည်သူ့ဘက် ရပ်တည်တဲ့ စစ်သားအစစ်အမှန်ကိုသာ အဓိကထားခွဲခြား သုံးသပ်ပါတယ်။ (၅) ဖိုးတရုတ်မှာ ရေးနေသူတွေက တပ်မတော်နဲ့ဆက်နွယ်သူ၊ ဆက်နွယ်ခဲ့ဖူးသူ တွေလား။ ဟုတ်တယ်ဆိုရင် မြန်မာစာဖတ် ပရိသတ်ကို တပ်မတော်နဲ့ ပတ်သက်ပြီး ဘယ်လို မျှော်လင့်ချက်ကို ပေးချင်တာလဲ။ ဥပမာ - နယ်စပ်ဒေသက တိုင်းရင်းသား တွေဆိုရင် တပ်မတော်ကို ဗမာတပ်တွေ ဆိုပြီး တော်တော် မုန်းတယ်လို့ ဆိုတယ်။ စစ်ဖက် ထောက်လှမ်းရေးတွေ ဆိုရင် အရေးတော်ပုံက ကျောင်းသားလူငယ်တွေ၊ ပါတီဝင်တွေကို နှိပ်စက် ညှင်းပန်းသူတွေ အဖြစ် မြင်ကြတယ်။ မြို့ပေါ်က တပ်တွေဆိုရင် လမ်းပေါ်က ဆန္ဒပြ သူတွေကို ပစ်သတ်သူ အဖြစ် မြင်ကြတယ်။ အဲဒါမျိုးတွေ အထိကို ထုတ်ဖော်ရေးသားဖို့ ဆန္ဒ ရှိပါသလား။ ရေးသားနေသူတွေဟာ တပ်မတော်နဲ့ ဆက်နွယ်သူတွေများပေမဲ့ အမှန်တရားအတွက် မြန်မာ့ ဒီမိုကရေစီအရေး အတွက် ဆိုရင် အားလုံးကို လက်ကမ်း ကြိုဆိုလျှက်ပါ။ ဒီနေရာမှာ မှန်တိုင်းလည်း မကောင်းသလို စစ်အာဏာရှင်တွေ သွေးခွဲထားသလို မဖြစ်ဖို့ ဂရုစိုက်ရန် လိုပါတယ်။ မေးခွန်းပါအတိုင်း ပြောနေရင် စည်းရုံးရာ မကျဘဲ တပ်မတော်ကို နအဖနဲ့ ပူးပေါင်းပေးလိုက်သလို ဖြစ်မသွားဖို့တော့ သတိထားရပါမယ်။ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ သင်ပုန်းချေရေး၊ အာဃာတ တရား ရှင်းလင်းရေး ဆိုတာတွေကို အော်နေပြီး၊ တကယ်တမ်း လက်တွေ့မှာတော့ တပ်ကို အားလုံး သိမ်းကျုံးပြီး ပုတ်ခတ်တာမျိုး မဖြစ်ဖို့ လိုပါတယ်။ ဒါပေမဲ့ ဖြစ်ရပ်မှန်တွေကိုတော့ ကွန်တော့် ၀က်ဆိုဒ်မှာ ဖော်ပြခဲ့ရာမှာ - နယ်စပ်က တိုင်းရင်းသားတွေကို အနိုင်ကျင့်တဲ့ “ပန်းကောင်း အညွန့်ကျိုး” ဆိုတဲ့ ဆောင်းပါးမျိုးတွေ၊ ထောက်လှမ်းရေးတွေ နှိပ်စက် ညှင်းပန်းတာ ခံခဲ့ရတဲ့ ဗိုလ်ကြီးမြင့်ထူးလို “သပြေတစ်ခက် ကြွေရက်ကယ်စော” ဆိုတဲ့ ဆောင်းပါးမျိုးတွေ မြို့ပေါ်တပ်တွေက ဆန္ဒပြသူတွေကို ပစ်သတ်တဲ့ ဆရာတော် ဦးသြဘာသရဲ့  ရွှေဝါရောင် တော်လှန်ရေး ကိုယ်တွေ့ ဆောင်းပါးတွေကို တင်ပြပေးခဲ့တာတွေ ရှိပါတယ်။ မြန်မာ စာဖတ် ပရိသတ်ကို နိုင်ငံအပေါ် တကယ်ချစ်တဲ့ ပြည်သူ့တပ်မတော်သား အစစ်အမှန်တွေ ရှိတယ် ဆိုတာရယ်၊ တပ်အတွင်းကို ထိုးဖောက် စည်းရုံးဖို့လိုတယ် ဆိုတာရယ်၊ စစ်အာဏာရှင်တစ်စုက စစ်တပ်ကို အသုံးချပြီး မဟုတ်မမှန် ၀ါဒဖြန့်ကာ - တပ်နဲ့ ပြည်သူကို သွေးခွဲထားတယ် ဆိုတာရယ်ကို သိစေချင်ပါတယ်။ အဲဒါမျိုးတွေကိုလည်း ကျနော့်ဆိုဒ်မှာ ထုတ်ဖော်ရေးသားခဲ့ကြပြီး ဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ စစ်အာဏာရှင်တွေကို ကာကွယ်ပေးနေတာ မဖြစ်သင့်တော့ဘဲ ပြည်သူ့ဘက်ရပ်တည်ဖို့ အချိန်တန်နေပြီ၊ သား ၃ သားထဲက သား ၂ သား (ဘုရားသားနဲ့ ကျောင်းသား) တာဝန်ကျေခဲ့ပြီး စစ်သားက တာဝန်ကျေဖို့ လိုတယ်ဆိုတာနဲ့ ကျင့်ဝတ် (၆၀) တွေမှာ ပြည်သူလူထုအပေါ် ထာဝစဉ် သစ္စာရှိရတယ် ဆိုတဲ့အချက်ကို နှိုင်းယှဉ်ထောက်ပြ စည်းရုံးသွားမှာ ဖြစ်ပါတယ်။ (၆) အခုဆိုရင် အတိုက်အခံစာနယ်ဇင်းမှာ ဒီမိုကရေစီဘက်သားတွေချည်း စစ်အုပ်စုကို တိုက်ခိုက်တာ၊ ဝေဖန်တာတင်မဟုတ်တော့ဘဲ ဖိုးတရုတ် အင်တာနက်စာမျက်နှာလို စစ်အာဏာရှင်ဆန့်ကျင်သူ တပ်မတော်သား အာဘော်တွေကို တွေ့လာရတယ်။ တဆက်တည်းပဲ စစ်အုပ်စုအတွင်းက စာရွက်စာတမ်းတွေ၊ မှတ်တမ်းတွေကလည်း ထွက်ပေါ်လာနေတယ်။ အဲသည်အခါမှာ စာဖတ်သူတွေက ဒီအဖြစ်အပျက်တွေကို ဘယ်လို သဘောထားကြသလဲ။ ဘယ်လို သဘောထားကြမှာလဲ။ ဘယ်လိုမျိုး သဘောထားစေချင်သလဲ။ ဒါတွေဟာ ကောင်းသော အလားအလာ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီ အရေးမှာ တပ်အတွင်းက ပါမှ ရမယ်ဆိုတာကို စာဖတ်သူတွေ သဘောပေါက်စေလိုပါတယ်။ စာဖတ်သူတွေ အနေနဲ့ တပ်မတော်အတွင်းမှာ မကျေနပ်ချက်တွေဟာ ထိပ်ပိုင်းစစ်ရုံးက အတွင်းစည်းဖြစ်တဲ့ ရုံး staff တွေအထိ ရှိလာနေပြီလို့ သုံးသပ်လာနိုင်ကြပြီး၊ ပြည်သူ့ဘက် ရပ်တည်ဖို့ ဆန္ဒပြင်းပြမှုကို သက်သေပြတာပဲလို့လည်း သဘောထားကြတယ်လို့ သိရပါတယ်။ (၇) ၂၀၀၈ အခြေခံဥပဒေတို့၊ ၂၀၁၀ ရွေးကောက်ပွဲတို့၊ အင်အယ်ဒီရဲ့ အနာဂတ် ရပ်တည်ချက်တို့၊ တတိယအုပ်စုတို့ စသည်ဖြင့် နိုင်ငံရေးမေးခွန်းတွေ၊ ရပ်တည်ချက်တွေ၊ သဘောထားတွေကို ထုတ်ဖော်ဖို့၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ပြီး အကြံပေးတာတို့တွေ လုပ်တာမျိုး စာမျက်နှာမှာ ရှိခဲ့ပါသလား။ လုပ်ဖို့ ဆန္ဒရှိ ပါသလား။ ၂၀၀၈ အခြေခံဥပဒေနဲ့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်တော့်ဆိုဒ်မှာ အဖက်ဖက်က သုံးသပ်တင်ပြခဲ့ပြီး၊ တိုင်းရင်းသားများရဲ့အရေးကိုလည်း ရှေ့တန်းတင်ကာ ဗိုလ်မှူးအောင်လင်းထွဋ်နဲ့ ဗိုလ်ထက်မင်းတို့မှ တင်ပြပေးခဲ့ပြီး ဖြစ်ပါတယ်။ တချို့ ၀က်ဘ်ဆိုက်တွေ ဘလော့ဂ်တွေမှာ တင်ပြထားပြီးသား ဖြစ်နေလို့ ရှု့ထောင့်အမျိုးမျိုးကို ပရိသတ်တွေ ရစေချင်တဲ့သဘောနဲ့ ကျန်တာတွေကိုလည်း တင်ပြဖို့ ဆန္ဒရှိပါတယ်။ အားလုံး စည်းစည်းလုံးလုံးနဲ့ တက်ညီလက်ညီလုပ်မှ ရမယ်လို့ မြင်ပြီး ငါလုပ်မှ သူလုပ်မှ ဆိုတာမျိုးနဲ့တော့ အောင်မြင်မှာ မဟုတ်တာကို ကျနော်ပြောချင်ပါတယ်။ မြန်မာ့နိုင်ငံရေးပြဿနာကို ငြိမ်းချမ်းစွာ မကြမ်းမဖက်ဘဲ ဆန္ဒပြတဲ့ နည်းဗျူဟာဟာ အလုပ် မဖြစ်တော့ကြောင်း ဘာလော့ဂ် ထူထောင်ခါစ၊ ဆွေးနွေးခန်းတွေမှာ ဖော်ပြပါရှိခဲ့ပြီး ဖြစ်ပါတယ်။ နအဖဟာ လူထုကို လူထုနဲ့ ထိန်းကွပ်တဲ့ မဟာဗျူဟာ ချမှတ်ထားရာ ကျနော်တို့က တပ်ကို တပ်နှင့် ထိန်းတဲ့ တန်ပြန်မဟာဗျူဟာ ချမှတ် အကောင်အထည် ဖော်သင့်ကြောင်း အသေးစိတ် ဆွေးနွေး တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ (၈) တပ်မတော်က ထိပ်သီးစစ်ဗိုလ်တွေရဲ့ မိသားစုတွေ၊ ကွန်ယက်တွေ၊ အရင်းအနှီးတွေ၊ လုပ်ငန်းတွေကို စာရင်းပြူစုဖို့၊ ထုတ်ဖော်ဖို့၊ အထောက်အထားတွေ ပြဖို့ ပြီးတော့ အဲဒီ အကြောင်းအရင်းတွေ တင်ပြပြီးတော့ ပြည်သူက စားသုံးသူသပိတ်၊ စီးပွားရေး သပိတ်တွေနဲ့ ကန့်ကွက် သပိတ်မှောက်ကြဖို့ကို တိုက်တွန်းချင်တာမျိုး၊ တိုက်တွန်းနိုင်တာမျိုးကို စဉ်းစားပါသလား။ လမ်းပေါ်ထွက်ပြီး ဆန္ဒပြ သပိတ်မှောက်ကြဖို့ကို ဦးတည်လိုပါသလား။ ဒါ သိပ်ကောင်းပါတယ်၊ လုပ်သင့်ပါတယ်။ လုပ်ဖို့လည်း ကျနော် တိုက်တွန်းပါတယ်။ ကျနော့်အနေနဲ့ အခြေအနေ အချိန်အခါ ပေးလာရင် လုပ်ဖို့လည်း ဆန္ဒရှိပါတယ်။ သို့သော် ပြည်သူကို ရှေ့တန်းတင် သပိတ်မှောက်ကြဖို့ မလုပ်သင့်တော့သလို ပြည်သူတွေကလည်း တာဝန်ကျေပြီးဖြစ်လို့ ပင်ပန်းနေပါပြီ။ ပြည်သူလူထုကို ဦးဆောင်ဖို့ ကျောင်းသား၊ စစ်သား၊ ဘုရားသားနဲ့ အပစ်ရပ်တွေအပါအ၀င် “တိုင်းရင်းသား” စတဲ့ သား ၄ သားကို စည်းရုံးလှုံ့ဆော်ဖို့ ပစ်မှတ်ထားရပါမယ်။ အဲဒီလို သား ၄ သားထဲက အနည်းဆုံး သားနှစ်သား အုံကြွလာရင်တောင် ပြည်သူလူထုက အလိုအလျောက် ကြွတက်ပါလာမဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ ဒီအတိုင်းတော့ ပြည်သူလူထုဘက်က စဖို့တော့ သိပ်မလွယ်ဘူးလို့ ထင်ပါတယ်။ (၉) အနာဂတ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးမှာ တပ်မတော်ကို ဘယ်လိုအခန်းကဏ္ဍကနေ ပါစေချင်ပါသလဲ။ အဲသည်မှာကော၊ အခုမှာပါ တပ်မတော်သားတွေ ရင်ဆိုင်ရမယ့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အခက်အခဲတွေ၊ သင်ပုန်းချေရမယ့် အရာတွေကို စဉ်းစားမိတာမျိုး၊ ကြိုတင်ပြီး အသိပေး တင်ပြချင်တာမျိုးတွေ ရှိသလား။ အသွင်ကူးပြောင်းရေး ကာလအတွင်း ဒီမိုကရေစီ အရပ်သားအစိုးရနှင့် တပ်မတော်တို့ ပူးတွဲ အုပ်ချုပ်မှုကာလဟာ အချိန်အတိုင်းအတာတခုသာ ထားရပါမယ်။ အထူးသဖြင့် အပစ်ရပ် အဖွဲ့တွေလည်း ပါဝင်လာကာ နိုင်ငံ တည်ငြိမ်လာပါက အရပ်သားအစိုးရကို အပြည့်အ၀ အာဏာလွှဲပြောင်းပြီးရင် တပ်မတော်အနေနဲ့ မူလတာဝန်ဖြစ်တဲ့ ကာကွယ်ရေး တာဝန်ကို ပြန်လည်ထမ်းဆောင်ရပါမယ်။ ဒီအချိန်မှာ အရပ်သားအစိုးရက စစ်တပ်ကို ဖွဲ့စည်းပုံ ပြင်ခိုင်းတာမျိုး၊ အာဃာတ တရားရှိစေတဲ့ စစ်တပ်အတွင်း ၀င်ရောက် စွက်ဖက်မှုမျိုးတွေကို မလုပ်ဖို့ သတိပြုသင့်သလို၊ စစ်တပ်ကလည်း နိုင်ငံအတွင်း ဒီမိုကရေစီစနစ်အရ ဆန္ဒပြတာမျိုး ပေါ်ပေါက်ခဲ့ရင်တောင် အာဏာသိမ်းခြင်းထက် ရဲတပ်ဖွဲ့ကပဲ တာဝန်ယူ ထိန်းသိမ်းခိုင်းတာမျိုး ညှိနှိုင်း လုပ်ဆောင်သင့်ပါတယ်။ စစ်ခေါင်းဆောင်တွေ ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေဟာ လုံးဝ တရားမျှတမှုမရှိဘဲ အများလက်မခံနိုင်တဲ့ အခြေခံဥပဒေသာ ဖြစ်ပါတယ်။ နိုင်ငံရေး ပါတီတွေကို လွတ်လွတ်လပ်လပ် ဘာမှလုပ်ပိုင်ခွင့်မပေးဘဲ “ပေးပေး မပေးပေး ငါ့ရွှေခွက်ပေး” ဆိုတဲ့ ရွှေမန်းတင်မောင်ဇာတ်ထဲက လောဘကြီးတဲ့ ရွဲကုန်သည်လို “ပေးပေး မပေးပေး ငါ့အာဏာပေး” ဆိုပြီး အတင်းကြီး ရယူထားတာကြောင့် အနာဂတ်မှာ ဒီမိုကရေစီ နိုင်ငံတော် တည်ဆောက်ရေး ဆိုတာဟာ အိပ်မက်ပမာသာ ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်ထဲမှာ အခုလို ပြည်သူ့ဘက် ရပ်တည်လိုတဲ့စိတ်တွေ စစ်သားစိတ်တွေ ပိုမို ပေါ်ထွက်လာမယ်လို့ သုံးသပ်မိပါတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ သင်ပုန်းချေရေး စတာတွေကို အတိုက်အခံတွေက တောင်းဆိုနေသလို ကျနော်တို့ကလည်း တိုက်တွန်းသွားမှာဖြစ်ပေမယ့်၊ စစ်ခေါင်းဆောင်တွေ အနေနဲ့ လုံးဝ လက်ခံခြင်း မရှိပါ။ ဒါကြောင့် တခုတည်းသော ထွက်ပေါက်ဖြစ်တဲ့ တပ်မတော် အတွင်းက စစ်မှန်တဲ့ ခေါင်းဆောင်ကောင်း ပေါ်ထွက်ဖို့နဲ့ တပ်မတော်သားများ ပြည်သူ့ဘက် ရပ်တည်ဖို့ ဦးတည် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ (၁၀) အခုအချိန်မှာ ခင်ဗျားကို ၀ိုင်းပြီး တိုက်ခိုက်နေကြတယ်လို့ ဆိုပါတယ်။ အင်တာနက်နည်းပညာ မျိုးစုံနဲ့ တိုက်ခိုက်နေကြတယ်လို့ တွေ့ရပါတယ်။ စစ်အုပ်စုဟာ အင်တာနက်ပေါ်က ၀ါဒဖြန့်ချိရေး၊ ပြန်ကြားရေး စစ်မျက်နှာမှာ ဘယ်လောက် အထိ ထိုးစစ်ဆင်မှာလဲ။ ဘယ်လောက်အထိ ပြင်ဆင်ထားသလဲ။ ခင်ဗျားကကော ပြန်ပြီး တိုက်မှာလား။ ကျနော်တို့အနေနဲ့က အမှန်တရားကို ကာယကံရှင်တွေ အနေနဲ့ ထုတ်ဖော်နေတာဖြစ်လို့ အောက်လမ်းနည်းနဲ့ ဖျက်ဆီး တိုက်ခိုက်ခံနေရခြင်းကို ခုခံဖို့ ပြင်ဆင်ထားသလို၊ ပိုမို ထိရောက်တဲ့ တပ်အတွင်း စည်းရုံးရေး နည်းလမ်းများနှင့်သာ တန်ပြန် တိုက်စစ်ဆင်သွားမှာ ဖြစ်ပါတယ်။ တချို့ကိစ္စတွေကို ကာယကံရှင်များရဲ့လုံခြုံရေး အရ ပြောမပြနိုင်တာတွေကိုလည်း စာဖတ် ပရိသတ်များ နားလည် ခွင့်လွှတ်နိုင်လိမ့်မယ်လို့ ယုံကြည် ယူဆပါတယ်။ ဒီမိုကရေစီရေးအတွက် မီဒီယာ လက်နက်နဲ့ တိုက်နေသူများ အားလုံးကို အထူးပင် လေးစား ဂုဏ်ယူပါကြောင်း ပြောကြားအပ်ပါတယ်။ |
|
| < Prev | Next > |
|---|



































