| Police Chief Khin Yi be reassigned as Deputy Minister to Religious Affairs |
|
|
| မျက်မှောက်ရေးရာ - သတင်းဖတ်စာ | |
| Tuesday, 10 November 2009 | |
|
မိုးမခ အထောက်တော်၊ ရန်ကုန် နိုဝင်ဘာ ၁၁၊ ၂၀၀၉ ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင် အကျယ်ချုပ်နဲ့ စစ်ဆေးခံနေရစဉ်မှာ တိမ်းရှောင်သွားခဲ့တဲ့ အဖြစ်ကြောင့် သူ့ရဲ့ အနေအထားပါ မရေရာဘူး လို့သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီကို ခန့်မှန်းတွက်ဆကြတဲ့အတိုင်းပဲ ရဲချုပ်ရာထူးနေရာမှနေ လုပ်ပိုင်ခွင့်အရ အရေးမပါလှတဲ့ သာသနာရေး ၀န်ကြီးဌါနမှာ ဒုဝန်ကြီးအဖြစ် ရောက်သွားပြီလို့ နေပြည်တော်နဲ့နီးစပ်တဲ့ တပ်မတော် အရာရှိဟောင်း တဦးကပြောပါတယ်။
အဆိုပါ ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ကို စစ်ဆေးနေစဉ်မှာ အကျယ်ချုပ်နဲ့ ထားရှိဖို့ စီစဉ်တာရော၊ တိမ်းရှောင်သွားဖို့ လမ်းဖွင့်ပေးရာမှာပါ ရဲချုပ်ရဲ့ ပူးပေါင်းဆောင်ရွက်မှုပါဝင်ခဲ့တဲ့လို့ နီးစပ်တဲ့ အသိုင်းအ၀ိုင်း ကပြောဆိုကြပါတယ်။ အဲဒီလို မလုပ်ဆောင်ပဲ ရဲမှူးကြီး ၀င်းနိုင်ကို ဆက်လက်စစ်ဆေးမယ် ဆိုရင် တနွယ်ငင် တစင်ပါဆိုသလို အခြားဝန်ကြီးတွေပါ ပါလာလိမ့်မယ် လို့လည်း အထက်ပါ သတင်းရပ်ကွက်များက ပြောဆိုကြပါတယ်။ ရန်ကုန်တိုင်း ရဲမှူးကြီး ၀င်းနိုင်ဟာ ၂၀၀၇ ခုနှစ် စက်တင်ဘာ သံဃာ့အရေးအခင်း ကာလမှာ ရန်ကုန်မှာ ဒုတိုင်းရဲမင်းကြီး အဖြစ်တာဝန်ယူခဲ့သူ ၂၀၀၈ ခုနှစ်ဆန်းပိုင်း စိမ်းလဲ့ကန်သာလမ်း ၅လောင်းပြိုင်လူသတ်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုများမှာ တာဝန်ယူခဲ့သူ၊ ယခုနှစ်ဆန်းပိုင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တော ရေကူးပြီး ဒေါ်အောင်ဆန်းစုကြည် အိမ်သို့ဝင်ရောက်မှု နောက်ပိုင်း အဖြစ်အပျက်တွေမှာ တာဝန်ယူခဲ့ရသူ တဦးဖြစ်ပါတယ်။ ၅လောင်းပြိုင်လူသတ်မှုကို ဆက်လက် စုံစမ်းစစ်ဆေးမှု မပြုလုပ်တော့ဖို့ နအဖ အထက်ပိုင်းက တိုက်ရိုက်အမိန့်ပေးခဲ့တာ၊ အဆိုပါ အမှုနဲ့ ပတ်သက်လို့ စုံစမ်းသိရှိခဲ့ရသမျှ မှတ်တမ်းတွေကို ကာကွယ်ရေး ၀န်ကြီးဌါနမှ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်ဘိုက လာရောက်သိမ်းဆည်းသွားခဲ့တာ တွေဟာ အထက်ပါအမှုနဲ့ ပတ်သက်လို့ ထပ်မံဖေါ်ထုတ်တာကို နအဖ အထက်ပိုင်းက မနှစ်သက်ဘူးလို့ ရန်ကုန်တိုင်းမှာ တာဝန်ယူနေတဲ့ အမည်မဖေါ်လိုသူ ရဲအုပ်တဦးက ပြောဆိုပါတယ်။ ထို့အတူပဲ ဂျွန်ယက်တော ရေကူးဝင်ရောက်တဲ့ ကိစ္စမှာလည်း နအဖ အစိုးရက ပါဝင်ပတ်သက်မှု ရှိမရှိ ဆိုတာတွေနဲ့ ပတ်သက်ရင် ရန်ကုန်တိုင်း ရဲမှူးကြီးလုပ်တဲ့သူက အသိရှိဆုံး ဖြစ်မှာပါ။ ထိုသို့သော အချက်အလက်တွေဟာ ရဲမှူးကြီး ၀င်းနိုင်ကို ပေးတိမ်းရှောင်စေလိုက်တာလား၊ ရဲချုပ်ကို အခြားနေရာရွေ့စေသွားတာလား ဆိုတာစဉ်းစားစရာပါလို့ ရန်ကုန်မြို့ခံတဦးက သုံးသပ်ပြောဆိုပါတယ်။ |
|
| < Prev | Next > |
|---|


































